Monday, March 19, 2007

စောင်လေးတစ်ပိုင်းကပေးတဲ့ သံဝေဂ


တစ်ခါတုန်းက ဂျပန်ပြည်မှာပေါ့လေ ထုံးစံတစ်ခုရှိတယ်တဲ့.
အသက်ကြီးလာတဲ့ အဘိုးကြီး အဘွားကြီးတွေကို တောထဲက ဂူတစ်ဂူထဲမှာ သွားထားရသတဲ့ဗျာ. ဆင်းရဲလို့ ပါးစပ်အပိုတစ်ပေါက်ကို မကျွေးနိုင်တဲ့ သဘောပေါ့ဗျာ..

အဲ. ရွာတစ်ရွာမှာပေါ့လေ. သားလုပ်တဲ့သူကို သူ့ရဲ့ မိန်းမက ငြူစူစောင်းမြောင်းသတဲ့. သူ့ရဲ့ အိုမင်းချိနဲ့နေတဲ့ အဖေဖြစ်တဲ့သူကို တောထဲမှာ သွားမပစ်ဘဲ အိမ်ပေါ်မှာ ခေါ်တင်ပြီးကျွေးထားလို့ သူတို့ ဆင်းရဲနေရတာပေါ့… သိတယ်မဟုတ်လား. နားမီးတောက်အောင်ကို နားပူနားဆာလုပ်တာပေါ့ဗျာ.

နောက်ဆုံးမှာတော့ သားဖြစ်တဲ့သူလည်း မခံနိုင်တော့တာနဲ့ အဖေအိုကြီးကို တောထဲမှာ သွားပစ်ဖို့ ကြံရတော့တာပေါ့. အစားအသောက်တစ်ချို့နဲ့ လိုလိုမယ်မယ်သုံးနိုင်မယ့် ပစ္စည်းလေးတွေကို သေသေချာချာထုတ်ပိုးပြင်ဆင်နေတာပေါ့ဗျာ…

အဲဒီ့အချိန်မှာ အဘိုးကြီးဟာ သူ့ရဲ့ မြေးလေးနဲ့ ဆော့နေရှာသတဲ့. ဒါပေမယ့် သူ့ရဲ့ ကံကြမ္မာကို သူရိပ်မိသွားတဲ့ အချိန်မှာတော့ မျက်ရည်ဝဲနေတာပေါ့ဗျာ. သူချစ်တဲ့ မြေးလေးနဲ့ တစ်သက်လုံး ခွဲရတော့မယ်လေဗျာ..

မြေးလေးက အဘိုးကိုမေးတာပေါ့. အဘိုးလုပ်တဲ့သူကလည်း ကြည့်ကောင်းအောင်ဖြေရှာသတဲ့. အဘိုးဆီက ကျေနပ်လောက်တဲ့ အဖြေကို မရတော့ မြေးလုပ်တဲ့သူကလည်း သူ့ရဲ့ အဖေဆီကိုသွားပြီးမေးတာပေါ့.

“ဖေဖေ.. ဖိုးဖိုးကို တောထဲမှာ သွားပြီး တစ်ယောက်တည်းထားခဲ့မလို့ဆို…”

အဖေလုပ်တဲ့သူကလည်း မျက်နှာမကောင်းလျက်က ခေါင်းညိတ်ပြရှာသတဲ့.
ကလေးငယ်လည်း တစ်ချက်မှိုင်သွားသတဲ့.
ကလေးငယ်က သူလည်း အဖိုးကို လိုက်နှုတ်ဆက်ချင်တယ်လို့ ခွင့်တောင်းပြီး တောထဲကို အတူလိုက်ခဲ့သတဲ့..

***************************

ဒီလိုနဲ့ သားအဖသုံးယောက်လည်း တောထဲကို ထွက်သွားကြသတဲ့
အဖိုးလုပ်တဲ့သူကို ထားခဲ့မယ့်နေရာကိုလည်းရောက်ရော ကလေးငယ်ရဲ့ အဖေဟာ နေရာထိုင်ခင်း သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ရှင်းလင်းသုတ်သင်သတဲ့. ပစ္စည်းတွေကို နေသားတကျ ထားပြီးတဲ့နောက်မှာတော့ အဖိုးအတွက် အိပ်ယာကို ကလေးငယ်ရဲ့ အဖေလုပ်တဲ့သူဟာ သေသေချာချာ ပြင်ဆင်ပေးသတဲ့. နောက်ဒီလိုလုပ်ခွင့်မှ မရှိတော့တာကိုး.

ဂွမ်းစောင်လေးတစ်ထည်ကို သပ်သပ်ရပ်ရပ်လေး ဖြန့်ခင်းနေတာကို ကလေးလေးက မြင်လိုက်တဲ့ အချိန်မှာ ဒီလိုပြောသတဲ့…

“ဖေဖေ. အဲဒီ့ဂွမ်းစောင်ကြီးကို တစ်ပိုင်းပိုင်းထားလိုက်ပါလား..”

“ဘာလို့လဲ သားလေးရဲ့…”

“သားတို့မိသားစုက ဆင်းရဲတယ်လေ. အဖိုးအတွက်လည်း ဒီလောက်ကြီးတဲ့ စောင်ကြီး မလိုလောက်ပါဘူး။ တစ်ပိုင်းကို ဖြတ်ပြီး သားအတွက် သိမ်းထားပေးရင် သားကြီးလာတဲ့နောင်တစ်ချိန် အဖေ့ကို တောထဲမှာ ဒီလိုလာထားရင် အသုံးဝင်မှာပေါ့…”

အဖေလုပ်တဲ့သူဟာ ဘာမှ မပြောနိုင်ရှာတော့ပဲ မျက်ရည်တွေ တွင်တွင်ကြီးသာ ကျလာတော့သတဲ့…..

အဲဒီ့နောက်မှာတော့ သူဟာ ကလေးငယ်ရဲ့ လက်ကိုဆွဲ. အဖိုးကို ကျောပိုးပြီး ခိုင်မာပြတ်သားတဲ့ ခြေလှမ်းတွေနဲ့ အိမ်ကို ပျော်ပျော်ပါးပါး ပြန်လာခဲ့ကြပါတော့တယ်…


မှတ်ချက်။
=====
စာသားများ မတိကျပါ. ဖတ်ခဲ့ဖူးသော ပုံပြင်လေးအား မိမိကိုယ်ပိုင်ဟန်ဖြင့် ပြန်လည် တင်ပြထားခြင်းသာဖြစ်ပါသည်…

ရန်အောင်…