Thursday, October 30, 2008

I'm in Love....


Into the Darkness I am gazing at,
Without you, everything is so meaningless.

Hope to hear the ring from my cell,
Feel like my heart is burning to hell.

On youtube, I listened to "Keep Bleeding"
Leona, do you mean that she will be leaving?

Oh, please stop it and come back to me
Can't afford you trying to flee.

Mornings came and evenings are gone
The days without you, my days are torn.

C'mon, honey, it's not a joke
Can't even help myself gulping a coke.

Rice or curry I lost interest
Just murmuring "My Love, My Love"

Look around you, who else do you have?
Me, myself and my heart to be hijacked.

Look, honey, a leaf is falling
Wish you will be with me tomorrow morning.

Oh yeah, baby, I'm not a poet
But, please know that I'm in love.

YKN

Oops! I did it again.... :)

What's uppppp, guys!

Forgive me for not being able to post around these days.

First, I have been super-busy with my daily activities.

Second, I am missing her soooo much. :)

Third, my laptop was infected with some hard-to-kill viruses.

Fourth, I'm sooooooooooooo maddddd.

hat hat hat..

Yeah! It's really a frustrating experience. Just think about it, man!
Your precious files are gone...

Especially, her picutres... :((((((

"Her pictures" by that I mean my mom's pictures....

:D

Furthermore, I hate blogging in English. I don't know why.
Before blogging in Burmese, it was ok to write in bilingual ways.

But, after being in touch with myanmar blogger community to an extent, I have been quite estranged from blogging in English. I'd prefer writing in Burmese. Sometimes, I feel like composing in English, but I decided I'd rather post it on my English blog instead of on my "yanaung.net".

What am I doing now, huh?

I'm scanning my virus-infected computer while I was writing this post with an outdated laptop.

You might be wondering why I didn't download Zawgyi font and keyboards so that I can still write up a burmese post.

Straight answer?

I just don't wanna do it, man!

Give me a break. :))))

Lazybone or bonelazy or whatsoever you wanna dub me!
I don't care.

Hat hat hat..

Just pulling your legs, guys...

My other computer totally crashed and I am now trying to recover the system. Hope it will be back to normal by tomorrow morning, or NOT.

At this moment, I'm just crossing my fingers, my toes, my hands, my feet and whatever I can cross to make it work. LOL!

Anyway, I gotta stop my complaint right here.

You guys have fun!!!! OK?

Y.

Thursday, October 23, 2008

အိတ်စ်ကွတ်မီနဲ့ ဆမ်းသင်းမ်လောင်း.....

တစ်ခါတုန်းကပေါ့ဗျာ. ကျွန်တော် တရုတ်တန်းက မြန်မာဆရာဝန်တစ်ယောက်ဆီ ဓာတ်မှန်သွားရိုက်ပါတယ်.

ဓာတ်လှေကားထဲကို ၀င်တော့ အထဲမှာ လူတွေလည်း တော်တော်များနေပါပြီ. တံခါးက ပိတ်လုပိတ်ခင်မှာပဲ.

“အိတ်စ်ကွတ်မီ. အိတ်စ်ကွတ်မီ..”

အသံကြားတဲ့ဖက်ကို လှမ်းကြည့်လိုက်တော့ လူလတ်ပိုင်းအရွယ် တရုတ်မတစ်ယောက် စလင်းဘတ်နဲ့ ဒေါက်မြင့်ဖိနပ်နဲ့ စကတ်အတိုလေးနဲ့ ခြေကားယား လက်ကားယား အမောတကော ပြေးလာတာကို တွေ့လိုက်ရပါတယ်.

အဲဒါနဲ့ပဲ တံခါးနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ကျွန်တော်လည်း ဓာတ်လှေကားတံခါးကြားထဲ လက်ကို အသာထည့်လိုက်လို့ တံခါးပြန်ဖွင့်စေလိုက်ပါတယ်.

တရုတ်မလည်း အထဲကို သုတ်သုတ်သုတ်သုတ်နဲ့ ၀င်လာပြီး ကျွန်တော့်ဘေးမှာ လာရပ်ပါတယ်.

လူတွေအများကြီးရှိနေတာက တစ်ကြောင်း၊ မိန်းကလေးမို့ နည်းနည်းအိုက်တင်ခံနေတာက တစ်ကြောင်းကြောင့် သူ မောနေတာကို လူမသိအောင် အသက်မျှင်းမျှင်းလေး ရှူလိုက်ထုတ်လိုက် လုပ်နေပါတယ်. ဓာတ်လှေကားထဲမှာလည်း ဖြစ်ပြန်၊ ကျွန်တော့်နားလည်း ကပ်ပြီး ရပ်နေတာလည်း ဖြစ်ပြန်တာကြောင့် အကုန်လုံး ကြားနေရတာပေါ့ဗျာ.

ဘေးကလူတွေကလည်း မိန်းကလေးဆိုလို့ တစ်ယောက်တည်းပဲ ပါလာတဲ့သူ့ကို မသိမသာရော သိသိသာသာရော ဂေါ်ရှိုးရှိုးနေကြတာပေါ့.

အဲဒီ့အချိန်မှာပဲ ဓာတ်လှေကားက တက်နေရင်း တန်းလန်း တုန့်ခနဲ ရပ်သွားပါလေရော.

ရပ်ရမယ့် အထပ်မှာ ရပ်သွားတာမဟုတ်ဘဲ တက်နေရင်းကနေ မီးပျက်သလို ရပ်သွားတာဆိုတော့ အားလုံးလန့်သွားတာပေါ့.

အဲဒီ့အထဲမှာ ကျွန်တော်ကတော့ နှစ်ခါပြန်လန့်ခဲ့ရတယ်.

ဘာလို့လဲဟုတ်လား.

ခုနက တရုတ်မရယ်ပေါ့.

ဓာတ်လှေကားလည်း အဲလိုရပ်သွားရော ကျွန်တော့်ကို ဆတ်ခနဲလှည့်ကြည့်၊ လက်ထဲမှာ ကိုင်ထားတဲ့ စလင်းဘတ်ကို သူ့ခြေထောက်နှစ်ချောင်းကြားထဲ ဖတ်ခနဲ ထိုးထည့်၊ ခေါင်းလေးကို စောင်းလို့ ဘာပြောလိုက်သလဲဆိုတော့…

“အုပ်စ်… ဆမ်းသင်းမ်လောင်း?” တဲ့…

ဘေးလူတွေကလည်း ကျွန်တော့်ကို လှမ်းကြည့်၊ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိသွားတယ်.

ဩော်. ငါဝတ်ထားတာ ဘာတွေများ မသေမသပ်ဖြစ်နေလဲလို့ပေါ့လေ.

ဟတ်ဟတ်ဟတ်..

တကယ်တော့ တရုတ်မက “Oops! Something’s wrong?” လို့ ပြောချင်တာပါ.
ကျွန်တော့်ကိုကြည့်ပြီး မပီကလာ ပီကလာနဲ့ ပဲလေးများပြီး တရုတ်သံဝဲ၀ဲလေးနဲ့ ပြောလိုက်တော့ ….

ခုတော့..

ခုတော့..

ကျွန်တော် အားကြီးစိတ်ညစ်တယ်.

ဘာရယ်တော့မဟုတ်ဘူး. ကျွန်တော် တရုတ်တန်းဖက်ကို ရောက်ဖြစ်တိုင်း အိတ်စ်ကွတ်မီနဲ့ ဆမ်းသင်းမ်လောင်းလေးကို မျှော်နေမိခဲ့တယ်.

မှတ်ချက်။

ဒီဇာတ်လမ်းလေးကို ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရတာမဟုတ်ပါဘူး. မိတ်ဆွေတစ်ယောက် ပြောပြတာကို ပြန်ပြီး ဖောက်သည်ချထားတာပါ. ဘလော့ဂါဆိုတော့လည်း ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ဖတ်ကောင်းအောင် ခြယ်ရတာပေါ့ဗျာ. တရုတ်မကတော့ တကယ့်ဖြစ်ရပ်မှန်ပါ. ကျွန်တော်သာ ဇာတ်လိုက်နေရမှာ မဟုတ်ခဲ့တာလေ. :D

Tuesday, October 21, 2008

မ-၃ (သို့မဟုတ်) လွမ်းလို့ရေးတဲ့စာ



မ…

သတိရလိုက်တာ “မ” ရယ်.

ကျွန်တော် အရမ်းလွမ်းလို့ မနေနိုင်တာနဲ့ ဒီစာလေးကို ကောက်ရေးဖြစ်လိုက်တာ.
မတွေ့ရတာလည်း ကြာပြီ. အသံလေးလည်း မကြားရတာ အတော်ကြာပြီနော်.

အင်းဗျာ. တစ်ခါတစ်လေတော့လည်း ကျွန်တော်လေ ဒီစည်းမျဉ်းဘောင်ကနားတွေနောက်မှာ ပိတ်မိနေတဲ့ ကျွန်တော့်ရဲ့ အချစ်တွေကို သနားမိတယ်.

ကိုယ့်ကိုယ်ကို သနားနေတာလားလို့ ပြန်မလှောင်ပါနဲ့နော်.

တကယ်ချစ်မိသွားရင် ပျော်နေရတဲ့ အချိန်တွေထက် အလိုလိုနေရင်း ၀မ်းနည်းနေရတဲ့ အချိန်တွေ ပိုများတတ်တာကို “မ” တစ်နေ့တော့ သိလာပါလိမ့်မယ်.

သိပြီးသားလည်း ဖြစ်မှာပေါ့လေ. မပြောလိုက်ချင်ဘူး. ဟုတ်တယ်.

ကိုယ့်ချစ်သူက ကိုယ့်ကို အမြဲ ဂရုစိုက်ကြင်နာနေစေချင်တာပေါ့.

ကတောက်ကဆဖြစ်ရပြီ ဆိုရင် ရန်ဖြစ်နေတုန်းသာ အနိုင်ယူချင်စိတ်နဲ့ ငြင်းခုန်နေမိပေမယ့် မတွေ့ရတော့တဲ့ အချိန်ကျမှ “ဩော်. ငါမှားလေခြင်း. သူ့ကို အနိုင်ယူမိလေခြင်း. သူများ နာကြင်သွားလေမလား. ခံစားသွားရလေမလား” ဆိုတဲ့ နောင်တတွေ၊ ပူပင်ခြင်းတွေကို ရင်မှာ ပိုက်ထွေးရင်း “မ” နဲ့ ပြန်ဆုံတွေ့နိုင်မယ့် အချိန်လေးကို ပြန်လည်တမ်းတမိနေတာ ကျွန်တော် “မ” ကို ပြောပြချင်ပါရဲ့…

ဘာလိုလိုနဲ့ ကျွန်တော် “မ” နဲ့ ရင်းနှီးခဲ့တာ … နှစ်တောင် ရှိခဲ့ပြီနော်.

ကြာပြီလို့ ပြောလို့ရသလို မနေ့တစ်နေ့ကမှ သိခဲ့ကြသလိုပဲလို့လည်း ပြောလို့ရပါတယ်.

ကြာပြီဆိုတာက “မ” နဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားက သံယောဇဉ် နက်ရှိုင်းလွန်းနေခဲ့တာကို ကိုယ်စားပြုတာပါ.

မနေ့တစ်နေ့ ဆိုတာကတော့ ဒီလောက်ကြာကြာ သိခဲ့ပေမယ့်လည်း အခုချိန်ထိ လန်းဆန်းသစ်လွင်နေတဲ့ အချစ်တွေ စက္ကန့်မခြား ပေါက်ဖွားနေဆဲဖြစ်နေတာကို ပြောချင်တာပါ.

ဟော..

“မ” ပြုံးနေတာ ကျွန်တော် တွေ့နေရတယ်...

တကယ်ပြောနေတာပါဗျာ.

စကားတတ်တိုင်း၊ လျှာမှာ အရိုးမရှိတိုင်း လျှောက်ပြောနေတာ မဟုတ်ရပါဘူး.

ရင်ထဲမှာ အချစ်ဆိုတာ ဖြစ်လာရင် စစ်ဘုရင်တွေတောင် ကဗျာတွေ စာတွေ စပ်ဆိုကြရတဲ့ အထိ ဖြစ်ခဲ့ရတာ နတ်သျှင်နောင်တို့၊ ပြည်န၀ဒေးတို့ သက်သေပါပဲ “မ” ရယ်.

ကျွန်တော်လည်းလေ “မ” ကိုချစ်မိသွားတဲ့ အချိန်ကစပြီး ကဗျာတွေ စာတွေ ရေးတတ်လာခဲ့တယ်.

တကယ်တော့ “မ”ဟာ ကျွန်တော့်ရဲ့ အနုပညာဈာန်ကို ကြွဝင်စေတဲ့ နတ်ဘုရားမ တစ်ပါး (သို့မဟုတ်) ကျွန်တော့်ရဲ့ Muse လေးတစ်ယောက်ပါပဲ “မ” ရယ်..

“မ” နဲ့ပတ်သက်လာရင်လေ ကျွန်တော် ဘယ်သူ့ဘယ်ဝါစကားကိုမှ ပုံတူကူးချခဲ့ခြင်း မရှိပါဘူး. ကျွန်တော် “မ” ကို ချစ်မိတဲ့ အကြောင်းတွေကို ဟောင်းနွမ်းနေတဲ့ စကားလုံးတွေ၊ လူတကာယူသုံးထားတဲ့ ကဗျာစာပိုဒ်တွေနဲ့ ဖော်ပြရတာထက် ကျွန်တော့်ရင်ထဲက အလိုလို စီးကျလာတဲ့ ခံစားချက်တွေကို ကဗျာလေးတွေ အဖြစ်နဲ့ ကိုယ်တတ်သလောက် မှတ်သလောက် ရေးချ ပြောပြတတ်တာကို ပိုအားရတယ်.

ဟုတ်တယ်. “မ”

ကျွန်တော့်ကဗျာတွေကို ပြန်ဖတ်ကြည့်…

“မ” ကို ကျွန်တော် ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်. စွဲလမ်းတယ်. ရင်ခုန်တိမ်းမူးတယ်. ဆိုတာကို တွေ့ရပါလိမ့်မယ်.

ကျွန်တော် ပရော်ဖက်ရှင်နယ် စာရေးဆရာတစ်ယောက် မဟုတ်ခဲ့ရပါဘူး.

ကလေးငယ်တစ်ယောက်ကို ချော့သိပ်နေတဲ့ မိခင်တစ်ယောက်ဟာ သီချင်းဂီတကို ဘယ်လိုဆိုညည်းရမယ် ဆိုတာကို အထူးတလည် သင်ယူနေစရာ မလိုဘဲ မိဘမေတ္တာဖြင့် သင်ကြား တတ်မြောက်လာတတ်တယ်.

ဒီလိုပါပဲလေ. ချစ်တဲ့ “မ”ကို ဘယ်လောက်ထိ မြတ်နိုးရပါကြောင်း ဖွင့်ဟပြောပြချင်နေတဲ့ ကျွန်တော့်ရင်ထဲက ခံစားချက်တွေအတွက် ချစ်ခြင်းဖွဲ့စာကဗျာတွေကို ကျွန်တော် အလိုအလျောက် ရေးတတ်ဖွဲ့နွဲ့တတ်လာခဲ့တယ် “မ” ရယ်…

ကျွန်တော် “မ” နဲ့တစ်နေ့တော့ ဆုံစည်းခွင့် ရနိုင်မှာပါနော်.

ရင်နာတယ် “မ” ရယ်.

ပြန်ဆုံရင်တောင် ကံက ကုန်နေပြီးသားဖြစ်နေတော့
ခေါင်းမော့နိုင်စွမ်း မရှိတဲ့ ဒီ ရင်ဘတ်ထဲက အချစ်တွေကို
ဟော ဟိုမှာ မြင်နေရတဲ့ ဟဒ်ဆန်မြစ်ထဲ နှစ်ခဲ့ရပေါင်းလည်း များပါပြီ.

ပြောရင်းနဲ့ကို ကဗျာသံစဉ်တွေ ကခုန်လာကြပြီ “မ” ရေ..

ရင်နာတယ်ဗျာ.

တကယ်ကို ရင်နာတယ်.

ဘာလို့ “မ” နဲ့ ကျွန်တော် အစောကြီးကတည်းက ဆုံတွေ့ခွင့် မရခဲ့ကြတာလဲ..

ဘာလို့….

ဘာလို့.

ဘာလို့..

တော်ပြီ. “မ” ရယ်.

ကျွန်တော် ငိုရလွန်းလို့ မျက်ရည်တောင် မကျန်တော့ဘူး.

နောက်ဆုံးတော့လည်း ဘာမှ မလုပ်နိုင်မယ့် အတူတူ တစ်ခုပဲ ပြောတော့မယ်.

ကျွန်တော် “မ” ကို သိပ်ချစ်တယ်.

သိပ်ကိုချစ်ရပါတယ် “မ” ရယ်..

အိပ်ပြီဗျာ. စိတ်ဓာတ်ကျတယ်.

p.s

နက်ဖြန် အပြင်သွားဖြစ်ရင် ကားကောင်းကောင်းမောင်းနော်.
အနွေးထည်လေးဘာလေးလည်း ဆောင်သွားဦး. ရာသီဥတုက ချက်ချင်းပြောင်းနေတာ.
အိမ်မှာနေရင်လည်း အင်္ကျီထူထူထဲထဲလေး ၀တ်ထား. ရှိုးပြမနေနဲ့. ဖြစ်တော့ ကိုယ်ပဲ ခံရမှာ.

ဦးထီးသီချင်းထဲကလိုပေါ့.

“နာနေဖျားနေရင် ဘယ်သူက လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ “မ” ရယ်”

ရယ်မနေနဲ့. မပြောလိုက်ချင်ဘူး.
ကလေးလည်း မဟုတ်. ကုလားလည်း မဟုတ်. တရုတ်လည်း မဟုတ်.
ကျွန်တော့်စကားဆို ဘယ်တော့မှ အလေးအနက်မထားဘူး.

မှာနေတာနဲ့ပဲ p.s က စာတစ်စောင် ဖြစ်ရော့မယ်.

ကျွန်တော့်ဆီမှာ သိပ်ကို ညဉ့်နက်နေပြီဗျ.

“မ” ကို ညတိုင်းစောင့်ရလွန်းလို့ မျက်တွင်းထဲမှာတောင် ဟာဘယ်လ်စပေ့စ်မှန်ပြောင်း ထည့်ထားလို့ ရနေပြီ.

သိဘူးဗျာ.

စိတ်ညစ်တယ်.

“မ” ကိုချစ်ရတာ စိတ်ညစ်တယ်.

သီတင်းလည်းကျွတ်ပြီ.

မသိဘူးးးးးးးးးးးးးးးးးးးး “မ” ရယ်.

အိပ်ပြီ..

မွ……………..

အော်.. မေ့လို့.

မနက်ဖြန် မေးလ်ဘောက်စ်ထဲကို မောနင်းနုတ်စ်လေး ခါတိုင်းလိုပဲ ပို့ပေးထားမယ်နော်.

ဟော. ကြည့်. သူရယ်သွားပြီ.

ပျော်ရွှင်ပါစေ “မ” ရယ်.. ဖုန်းဆက်လို့ရရင် သိပ်ကောင်းမှာပဲနော်. အသံလေးအလွမ်းပြေ ကြားချင်လို့ပါ.

“မ” ကို သိပ်ချစ်တဲ့.

YKN

Monday, October 20, 2008

ပျံလေတော့ ရွှေဟသာင်္....

မနေ့က အလုပ်အပြီးမှာ လူတစ်ယောက်အတွက် အမှတ်တရ ရည်ရွယ်ပြုလုပ်တဲ့ ရှိုးပွဲလေးတစ်ခုကို ရောက်ဖြစ်ခဲ့ပါတယ်.

တရုတ်တန်းနားမှာ ပထမတော့ ယောင်လည်လည်နဲ့ လိပ်စာကို ရုတ်တရက် ရှာမရ ဖြစ်နေခဲ့သေးတယ်. နောက်ကျတော့မှ ပေးထားတဲ့ လမ်းညွှန်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ပြီး တက်စီသမားတစ်ယောက် အနားလာတာနဲ့ လမ်းမေးလိုက်ပါတယ်.

ဩော်. ပေးထားတဲ့ လမ်းညွှန်နဲ့ ကျွန်တော်သွားနေတဲ့ လမ်းက တစ်ခြားစီဖြစ်နေတာကိုး..

ဖီလော်တစ်ခုတောင် ခေါင်းထဲ လက်ခနဲ ထွက်သွားလိုက်သေးတယ်.

လမ်းက မှန်နေပေမယ့် လိုက်တဲ့သူက လွဲနေရင် လမ်းပြသူက အပြစ်မဟုတ်. ကိုယ့်အပြစ်ပါပဲလားလို့ရယ်လေ…


တစ်ဖက်က ပြန်လှည့်တွေးလိုက်တော့လည်း လမ်းပြသူက ရှင်းအောင်မှ မပြတာကိုး. အခုကျတော့ လမ်းသိတဲ့ တက်စီသမားကလည်း ပြရော တစ်ချက်တည်းနဲ့ တွေ့သွားတယ်.

နောက်ဆုံးကျတော့လည်း ကွန်ကလူးရှင်းကို မျှမျှတတလေးပဲ ဆွဲလိုက်ပါတယ်.

လမ်းလည်းပြတတ်ဦးမှ. လိုက်လည်းလိုက်တတ်ဦးမှလို့ရယ်လေ..

ဟတ်ဟတ်. လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး. ဆောရီး..

ရှိုးပွဲလုပ်တဲ့နေရာက ဟိုက်စကူးကျောင်းတစ်ကျောင်းမှာပါ. ဘေးနားမှာ Williamsburg တံတားကြီးလည်း ရှိတယ်. ၀ါသနာပါရင် တံတားပေါ်ကနေ ဟက်ဒ်ဆင်မြစ်ရှုခင်းတွေကို ငေးမောတွေးတောလို့ ရသေးတယ်. ကျွန်တော်ကတော့ အချိန်နည်းနည်းနောက်ကျနေတာနဲ့ ကျောင်းဖက်ကိုပဲ အရင်ရောက်အောင် လာခဲ့လိုက်တယ်.

ကျောင်းအပေါက်ဝနားရောက်တော့ ကျွန်တော်နဲ့ သိပ်ရင်းနှီးနေတဲ့ မျက်နှာပေါက်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်.

တော်တော်ကိုရင်းနှီးနေတာပါ. အဖြူရောင် Dress လေးပေါ်မှာ အနက်ရောင် အကျီင်္လေးနဲ့ တော်တော်လေးကို ချစ်စရာကောင်းပါတယ်.

အနားနားရောက်တော့ သူက ကျွန်တော့်ဖက်ကို တစ်ချက်လှည့်ကြည့်ပါတယ်.

ကျွန်တော်ကပဲ အရင်ပြုံးပြလိုက်ပါတယ်.

“နေကောင်းလား အစ်မ” ဆိုပြီး ခေါင်းတစ်ချက်ဆတ်ရင်း နှုတ်ဆက်လိုက်ပါတယ်.

သူမကလည်း ပြန်ပြီး ပြုံးပြပါတယ်. သူမဘေးနားက ပါလာတဲ့ အမျိုးသမီးနှစ်ယောက်ကလည်း ဖော်ရွေရင်းနှီးစွာနဲ့ ပြန်ပြုံးပြပါတယ်..

ဩော်. ဘယ်သူလဲ ဟုတ်လား…

မီမီဝင်းဖေပါ..

ဟတ်ဟတ်ဟတ်..

ကျောင်းအပေါက်ဝနားရောက်တော့ ဒီပွဲကိုလာဖို့ ခေါ်ထားတဲ့ ကျွန်တော့်မိတ်ဆွေ ဇနီးမောင်နှံကို လှမ်းဖုန်းဆက်ဖြစ်ပါတယ်. သူတို့က ထွက်လာနေပြီတဲ့. ကားတွေကြပ်နေလို့ ဆိုတာနဲ့ ကျွန်တော်လည်း တံခါးဝနား ခဏရပ်ရင်း လေညှင်းခံနေလိုက်ပါတယ်.

ပြိုးပြိုးပျက်ပျက် လင်းလက်တဲ့ အရောင်တွေနဲ့ အစိမ်းရောင် Dress လေးဝတ်လို့ ဆံပင်ရှည်လေးတစ်ယောက် ၀င်လာပါတယ်.

ဒီတစ်ခါတော့ ပြုံးပြီး ခေါင်းတစ်ချက်ဆတ်လို့ နှုတ်ဆက်လိုက်ပါတယ်. သူမကလည်း ပြန်ပြုံးပြရင်း အခန်းထဲကို ၀ံ့ကြွားလှပစွာနဲ့ ဆံရှည်လေးတရမ်းရမ်းလုပ်ကာ ၀င်သွားပါတယ်.

ရတနာဦးပါ...

အထဲကို ၀င်သွားလိုက်တော့ လက်မှတ်ကောင်တာနားမှာ ကျွန်တော့်အသိတွေ အများကြီး တွေ့လိုက်ရပါတယ်.

“ကိုရန်အောင် တစ်ယောက်တည်းလား” ဆိုတော့..

“ဟီးးးးးး” လို့တော့ ရယ်မပြလိုက်ပါဘူး..

ခပ်တည်တည်ပဲ နေရတာပေါ့ဗျာ…

ပြောရင်းနဲ့တောင် ငိုချင်လာပြီ. ..

“ဟုတ်. တစ်ယောက်တည်းပါပဲ. အလုပ်ကအပြန် လှည့်ဝင်လာတာမို့ပါ.”

ဒီလိုပဲ ပြောရတာပဲလေ. အလုပ်က မလာဘဲ အိမ်ကနေ ထွက်လာရရင်လည်း တစ်ယောက်တည်းက တစ်ယောက်တည်းပါပဲဗျာ.

“၀ါးးးးးးးးးးး”

ငိုတာမဟုတ်ပါဘူးးးးး

လူတစ်ယောက်ပုံလေးကို အမှတ်တရ ရေးထိုးထားတဲ့ တီရှပ်အကျီင်္နက်လေးနဲ့ အရမ်းလှနေတဲ့ အစ်မကြီးတစ်ယောက် အထဲကို ၀င်လာလို့ပါ..

“ဟာ. အစ်မ. လှပနေပါလား” ဆိုတော့..

“သိုင်းကျူး မောင်လေး” ဆိုပြီး တက်ကြွလန်းဆန်းစွာနဲ့ အထဲကို ၀င်လာသူကတော့ …

မေဆွိပါ…

…..

အဆိုတော်တွေ အထဲကို ၀င်သွားတော့ ကျွန်တော်လည်း ကျွန်တော့်မိတ်ဆွေတွေကို စောင့်ရင်း လက်မှတ်ကောင်တာနားမှာ စားပွဲလေးခင်းပြီး ရောင်းနေတဲ့ စီဒီခွေလေးတွေကို လိုက်ကြည့်နေမိပါတယ်.

ဘေးနားမှာ ချထားတဲ့ လက်ကမ်းစာစောင်လေးကို အမှတ်တရအနေနဲ့ တစ်စောင်ယူလိုက်ပါတယ်.

မျက်နှာဖုံးမှာ ရေးထားတာကတော့..

A Benefit For Burma
Musical Evening 2008
“ရင်ထဲက စိုင်းထီးဆိုင်”



ဩော်. လွမ်းစရာပါပဲလား ဦးထီးရယ်..




မျက်နှာဖုံးနောက်ကျောမှာ ရေးထားတဲ့ သတင်းလေးကို ဖတ်ကြည့်မိတော့ ပိုပြီး လွမ်းစရာလေးတွေ ဖြစ်သွားခဲ့တယ်.

ဒီဗွီဘီ၊ ၁၀ မတ် ၂၀၀၈

နာမည်ကျော် တေးသံရှင် စိုင်းထီးဆိုင် (အသက် ၅၈ နှစ်) ဒီမနက်ကွယ်လွန်ပါတယ်..


.

“အရမ်းဝမ်းနည်းတာပေါ့ဗျာ။ မြန်မာ့အနုပညာ ရေစီးကြောင်းမှာ တအားလျော့သွားတဲ့ သဘော ရှိသွားပါတယ်။ ဗိုလ်ထီးတို့ဆိုတာ ခိုင်မာစွာ ရပ်တည်လာတဲ့ အဆိုတော်တွေပါ။ သူ့သီချင်းတွေက အမြဲတမ်း ရိုးမသွားမယ့် သီချင်းမျိုးတွေပါလေ။ ခိုင်တဲ့သီချင်းတွေပေါ့။ အဲဒါကြောင့် သူ့သီချင်းတွေအပေါ်မှာ ကျွန်တော် အမြဲတမ်း သတိရနေမှာပါ..”

ကိုခင်မောင်တိုးရဲ့ ၀မ်းနည်းစကားကို ဖတ်ကြည့်မိပြီး ကျွန်တော့်ရင်ထဲမှာလည်း ပဲ့တင်ထပ်နေခဲ့တယ်.

“ဟုတ်တယ်. ဦးထီး… ကျွန်တော်တို့ ခင်ဗျားကို အမြဲတမ်း သတိရလွမ်းဆွတ်နေမှာပါ…”

…..

အရောင်ဆိုးတတ်တဲ့ ပတ်ဝန်းကျင်မှာ မတတ်သာလို့ အရောင်တွေ ခြယ်ခဲ့ရတဲ့ ဦးထီးရဲ့ ဘ၀နှောင်းပိုင်းတွေမှာ အရင်ကလောက် ပရိသတ်ရဲ့ တခဲနက် ကြည်ညိုအားပေးမှုကို မရတော့ပေမယ့် ဦးထီးကို ကျွန်တော် အနုပညာသမားတစ်ယောက်အနေနဲ့ပဲ အကဲဖြတ်လေးစားမိပါတယ်.

ကျွန်တော်ငယ်စဉ်ကတည်းက ဦးထီးရဲ့ သီချင်းတွေနဲ့ ရင်းနှီးကြီးပြင်းလာခဲ့တာပါ.
လေညာအရပ်ကအချစ်၊ မေမြို့မိုး၊ အချစ်ထောင်၊ မောင့်လပြည့်ဝန်း၊ အချစ်ကိုဦးစားပေးခဲ့သူ၊ မန္တလေးရောက် ရှမ်းတစ်ယောက်၊ ခွဲစိတ်ခန်းက ဆရာမလေးသို့၊ ခြင်္သေ့လည်ပြန်၊ ဘီးနံပါတ် OK 0122 L၊ သဘာဝရဲ့ ရင်သွေးငယ်တွေ……

အများကြီးမှ အများကြီးပါ..

ဒီလိုမျိုး သီချင်းအများကြီးဆိုနိုင်သလို ဆိုတဲ့ သီချင်းတော်တော်များများကလည်း နာမည်ကြီးပေါက်မြောက်ခဲ့တဲ့ အဆိုတော်မျိုး ရှားပါတယ်.

အခုနေ ဂစ်တာကို ကောက်ကိုင်လို့…

“မင်းပြောတဲ့ စကားများ. နားကြားများ လွဲသလား.
လေသံက တစိမ်းဆန်နေပြီ..
ကြင်နာတာ နာကြင်တာ နေရာလဲခဲ့…”

ဆိုညည်းကြည့်..

သံစဉ်တွေ လန်းဆန်းနေမြဲ. စကားလုံးတွေ အားကောင်းခိုင်မာနေမြဲပါ..

ဒါ ကိုယ်ပိုင်သံစဉ်ရဲ့ အနှစ်သာရ. အစမ်းသပ်ခံနိုင်တဲ့ သဘာဝ. အချိန်ကာလရွေ့လျောပေမယ့် မပြောင်းလဲတဲ့ ရင်ခုန်သံတွေပါပဲ..

ကျွန်တော် ဦးထီးရဲ့ သီချင်းတွေ၊ ဆရာ စိုင်းခမ်းလိတ်ရဲ့ စကားလုံးတွေကို အရမ်းလေးစားမိတယ်. ဘ၀အတွေးအခေါ်တွေ အများကြီးပါသလို သံစဉ်လေးတွေကလည်း လှပငြိမ့်ညောင်းလွန်းပါတယ်…

အိမ်ကို တကူးတကလှမ်းမှာထားတဲ့ စိုင်းထီးဆိုင် တေးပေါင်းချုပ် စာအုပ်လေးကို ကျွန်တော် ခဏခဏ ဖွင့်ဖတ်ဖြစ်ပါတယ်. ဂစ်တာတီးတိုင်း ဖွင့်ကြည့်မိသလို ဂစ်တာမတီးပေမယ့်လည်း သီချင်းတွေကို ကဗျာတစ်ပုဒ်အနေနဲ့ ခံစားဖတ်ရှုတဲ့အခါတွေလည်း ရှိပါတယ်.

“နင်ဟာ အတောင်ပါတဲ့ ငှက်ပါ.
ငါက လွင့်ပါးတဲ့ ရော်ရွက်ဝါ.
အဆင်ပြေ လေလာတုန်းအခိုက်မှာ
ကြည်နူးမြူးခဲ့ရတယ် တရံတခါ..”

“ပျံသန်းတဲ့ ငှက်ကို သူတို့မို့ ဖမ်းချင်တာ.
ရွှေလှောင်အိမ်မှာ ပျော်လို့ မရပါ.
ချစ်တဲ့ ကောင်းကင်ရဲ့ လွတ်လပ်မှုကိုရှာ..”

“ဘာသာမတူ လူမျိုးမခွဲဘဲချစ်တာ
ကိုယ်တို့နှစ်ယောက်ရဲ့ အပြစ်လား.
ဘယ်သူတွေ ဘာပြောပြော ကိုယ်ကတော့ ဂရုမစိုက်နိုင်ပါ.
ချစ်ပြီးမှတော့ကွာ..”

“ဆုံနိုင်မဆုံနိုင်မှန်း မသိဘဲ ချစ်တာ
ကိုယ်တို့နှစ်ယောက်ရဲ့ အပြစ်လား.
ဘယ်သူတွေတားတား ကိုယ်ကတော့ နောက်မဆုတ်နိုင်ပါ.
ဆက်ပြီးတော့ ချစ်မှာ…”

ဆိုတဲ့ အချစ်ကဗျာလှလှလေးတွေကို ကျွန်တော်ခံစားနားထောင်မိခဲ့သလို..

“လမ်းပေါ်မှာ အရက်သမားတစ်ယောက် မူးလဲနေတယ်.
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စ ညည်းညူနေတယ်.
လောကကြီးရဲ့ မတရားပုံလား လောကသားရဲ့ မှားပုံလား
နှစ်ခုစလုံးများလား မပြောတတ်တယ်.
ငါမမူးသေးဘူး ငါမမူးသေးဘူး
မန္တလေးကျုံးရေ မခမ်းသမျှတော့…”

“ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင်အမျိုးမျိုး စွန်းထင်းနေပြီ
ဆန္ဒလွန်ကဲ စိတ်အလိုလိုက်လွဲ
အသုံးမ၀င်တဲ့ နောင်တတွေ လှုံ့ဆော်ကာ ကြေကွဲနေ
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရချင်သေးတယ်…”

“လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ
လိုချင်လို့တော့ မရဘူးရယ်.
ဒွန်တွဲတဲ့ ဆိုးကွက်လည်းပါမယ်.
အံဝင်ဂွင်ကျ ဆုတောင်းသမျှ ပြည့်စုံအောင်
ဘယ်ဘုရားကမှ မစွမ်းနိုင်ဘူး
နီးစပ်တာနဲ့ ရောင့်ရဲကြရတာလည်း
မင်းအသိပါပဲ…”

ဆိုတဲ့ ဘ၀အတွေးအခေါ်လေးတွေပါတဲ့ သီချင်းကဗျာလေးတွေကိုလည်း ကျွန်တော်ခံစားမိတတ်ခဲ့တယ်.

ဦးထီးရဲ့ သီချင်းတွေ အမှတ်တရ စုစည်းထားတဲ့ Mp3 စီဒီခွေလေးတစ်ချပ် ကျွန်တော် ၀ယ်ဖြစ်ခဲ့တယ်. စီဒီခွေလေးကို လက်ထဲပိုက်ထားတဲ့ ကျွန်တော့်နားထဲမှာ လေညာအရပ်ကအချစ်တွေ စီးဆင်းလာသလို မောင့်လပြည့်ဝန်းဟာလည်း ထက်ကောင်းကင်မှာ သာမြဲသာနေခဲ့တယ်…

ကျွန်တော့်မိတ်ဆွေ ဇနီးမောင်နှံနဲ့ အတူတူ ခန်းမထဲကို ၀င်လာခဲ့လိုက်တော့ မျှော်လင့်ထားသလို ပရိသတ် အများကြီး မတွေ့ရပါဘူး.




အင်း. မျိုးဆက်တွေလည်း ပြတ်ခဲ့ပြီပဲလေ. ကျွန်တော်ကတော့ ကြားမျိုးဆက်လို့ ပြောရမလား မသိ. ဒါမှမဟုတ်. ကျွန်တော်ကိုယ်တိုင်ကပဲ အရင်ခေတ်က သီချင်းတွေကို တန်ဖိုးထားနားထောင်တတ်လို့ ရယ်ပဲလားမသိ. ကျွန်တော့်မှာ သီချင်းကြီးတွေ စုထားတာ ရှိသလို ခေတ်ပေါ်သီချင်းတွေလည်း ရှိပါတယ်. ဦးထီးရဲ့ သီချင်းတွေကို လူငယ်တွေ နားထောင်စေချင်၊ ခံစားစေချင်ပေမယ့်လည်း ခေတ်က ပြောင်းခဲ့ပြီကိုး..

ပရိသတ်ရဲ့ အရွယ်တွေကလည်း လူလတ်ပိုင်းတွေနဲ့ လူကြီးပိုင်းတွေ များပါတယ်.

အဆင်ပြေတဲ့ တစ်နေရာမှာ ၀င်ထိုင်လိုက်ရင်း စင်မြင့်ပေါ်ကို ကြည့်လိုက်တော့ မီမီဝင်းဖေက အဖွင့်သီချင်းဆိုနေပါပြီ..

ဦးထီးရဲ့ The Wild One အဖွဲ့ထဲက လိဒ်ဂစ်တာတီးသူ ကိုဗုံဗုံကိုလည်း စင်မြင့်ပေါ်မှာ တွေ့ရပါတယ်. ပြီးတော့ ဆရာဦးစောဘွဲ့မှူးရဲ့သား Blade တီးဝိုင်းက လိဒ်တီးတဲ့ ကိုဘွဲ့ကိုလည်း တွေ့ရပါတယ်. ဒရမ်မာကတော့ ကိုညီပု၊ ဘေ့စ် ကိုအောင်အောင်၊ ကီးဘုတ်ဒ် ကိုချစ်ခိုင်နဲ့ ပါကပ်ရှင်း ကိုတင်ကိုလတ်တို့ လက်စွမ်းပြတီးခတ်နေကြပါတယ်.

မီမီဝင်းဖေရဲ့ အေးဆေးငြိမ့်ညောင်းတဲ့ အသံလေးတွေကြားမှာ ဆရာစိုင်းခမ်းလိတ်ရဲ့ စကားလုံးတွေ လှပစွာ ကခုန်နေကြသလို ဦးထီးရဲ့ ဆိုဟန်အငွေ့အသက်တွေလည်း လွှမ်းမိုးစီးမျောနေကြတယ်.

အဲဒီ့အချိန်မှာ ကျွန်တော် အရမ်းတမ်းတနေတဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုလိုက်ရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော်ဆန္ဒပြုနေမိခဲ့တယ်.

မီမီဝင်းဖေက ဒီသီချင်းလေးကို ဆိုပါရစေလို့လည်း ခွင့်တောင်းကြေညာလိုက်ရော. ကျွန်တော့်ပါးစပ်က “၀ို့” ခနဲတောင် လွှတ်ခနဲ ထွက်သွားမိပါတယ်.

“ရာသီပြောင်းချိန်မှာ အဖော်ကွာလို့
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင်..
ရယ်သံတိတ်ဆိတ်လို့ သက်မဲ့တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် စိတ်ဖြေသာပြီ..”

အဲဒီ့သီချင်းလေးကို VCD အနေနဲ့ ကြည့်ဖူးခဲ့တာပါ. ခုလိုမျိုး အဆိုတော်ကိုယ်တိုင်က ဆိုပြနေတာတွေ့ရတော့ ကျွန်တော့်ရင်ထဲ ပီတိတွေ ဖြစ်နေမိခဲ့တယ်..

သီချင်းစာသားလေးတွေကို ကျွန်တော့်ပါးစပ်ကလည်း ခပ်တိုးတိုးလေး လိုက်ညည်းနေခဲ့မိတာပေါ့ဗျာ...

နောက်တော့ ဘေးကလူတွေကို အားနာလာတာနဲ့ ထိုင်ရာကထပြီး ဟိုးနောက်ဆုံးတန်းကို ကျွန်တော် ပြောင်းထိုင်လိုက်ပါတယ်. ဘေးနား ခပ်လှမ်းလှမ်းမှာတော့ ကျွန်တော်နဲ့ စိတ်ကူးတူတဲ့ အစ်ကိုကြီးတစ်ချို့လည်း ထိုင်နေကြတာ တွေ့လိုက်ရပါတယ်.




တင်းမာနေတဲ့ ကြွက်သားတွေကိုလျှော့၊ ဘ၀အမောတွေကို ခေတ္တမေ့ဖျောက်ထားလိုက်ပြီး ဦးထီးရဲ့ သီချင်းတွေကို အားရပါးရ လိုက်ဆိုနေချိန်မှာ ကျွန်တော့်မျက်ဝန်းတွေ စိုစွတ်နေခဲ့လေရဲ့…

အဲဒီ့အချိန်မှာပဲ မေဆွိက မောင့်လပြည့်ဝန်း သီချင်းလေးကို စဆိုလိုက်ပါတယ်.

ပရိသတ်က “ဟေး” ခနဲ အြော်ပီး လက်ခုပ်တွေ တဖြောင်းဖြောင်း တီးကြပါတယ်.

ကျွန်တော့်ပါးစပ်ကလည်း “မိုက်တယ်ကွာ.” ဆိုပြီး လွှတ်ခနဲ ထွက်သွားပြန်ပါတယ်.




ဟုတ်တယ်. ကျွန်တော် အရာရာကို မေ့လျော့သွားခဲ့ပြီ.

ကျွန်တော် အဲ့ဒီအချိန်မှာ တစ်ခုပဲ သိတယ်.

ကျွန်တော် ဦးထီးသီချင်းတွေကို ခံစားချက်အပြည့်နဲ့ စိတ်လွတ်ကိုယ်လွတ် ဆိုချင်နေခဲ့တယ်..

“ချစ်၍ စွန့်သွားတဲ့ မင်းကို
ဩော်. စွန့်၍ ချစ်သွားမယ်လေ…”

“မျှော်လင့်ခြင်းတွေ ရင်မှာ ပြန်ရှင်သန်လာ
မာန်မာနတွေ ရင်မှာ ပြန်ခိုင်မာလာ
ဒီဘ၀ကို အရှုံးမပေးတော့ဘူးလို့…”

“မျက်လုံးကလေး မှိတ်ပြီးရင် ခေါင်းလေးမော့ထားပါ
နောက်ဆုံးအနမ်းလေးတစ်ချက်တော့ ယူသွားပါရစေ..”

ကျွန်တော် အနုပညာကို ဒီလောက်တောင် စွဲစွဲလမ်းလမ်း ခံစားနှစ်သက်မိနေတတ်မှန်း ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့မိဘူး.

ဟုတ်တယ်. ကျွန်တော်သိတာက ကျွန်တော်ဟာ စက်ပစ္စည်းတွေ၊ နည်းပညာတွေကို စိတ်ဝင်စားတဲ့ လူတစ်ယောက်၊ လက်တွေ့သမားတစ်ယောက်လို့ ထင်ထားခဲ့တာ.

တကယ်တော့ ကျွန်တော့်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားတစ်နေရာမှာ အနုပညာကို ချစ်မြတ်နိုးစိတ်တွေ၊ ကိုယ်တိုင်ဖန်တီးခံစားချင်စိတ်တွေ အများကြီး ရှိနေခဲ့တာပဲ..

နောက်ဆုံးခုံတန်းမှာ ထိုင်ရင်း သီချင်းတွေကို စင်မြင့်ပေါ်က အဆိုတော်တွေနဲ့အတူတူ လိုက်ဆိုနေခဲ့တဲ့ ကျွန်တော် မနေ့ညက သိပ်ကို ပျော်ပါးလွတ်လပ်နေခဲ့တယ်…




တီးဝိုင်းသိမ်းချိန် အပြင်ဖက်ထွက်လာတော့ ကျွန်တော့်ခေါင်းထဲမှာရော ရင်ထဲမှာရော ရှင်းနေသလိုပဲ.

မွန်းကြပ်နေတဲ့ ခံစားချက်တွေကို စိတ်လွတ်လက်လွတ် ဖောက်ခွဲသီဆိုလိုက်ရလို့လားတော့ မသိ…

တံတားကြီးပေါ်ကနေ ကားလေး တရိပ်ရိပ်ပြေးနေတဲ့အချိန်မှာ ညာဖက်ကို ခေါင်းငဲ့ကြည့်မိတော့ လမင်းကြီးက ရွှန်းရွှန်းပပ သာနေခဲ့တယ်.

“ဒီတစ်ညမှာ
မြင်ရခဲတဲ့..
မောင့်လပြည့်ဝန်း…”

ဦးထီး ကောင်းရာသုဂတိလားပါစေ….


အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Wednesday, October 15, 2008

ဝါလကင်းလွတ် သီတင်းကျွတ်...

မနေ့က သီတင်းကျွတ်လပြည့်နေ့ပေါ့ဗျာ.

အစကတော့ ပို့စ်လေးဘာလေး ရေးမလား အားခဲထားတာ အိမ်ပြန်ရောက်တော့ စောစောစီးစီးပဲ ဖလက်ပြသွားတယ်. ထမင်းစားနေရင်းနဲ့ကို ထမင်းစေ့တွေ တစ်စေ့ကနေ နှစ်စေ့၊ နှစ်စေ့ကနေ လေးစေ့ ဖြစ်ကုန်တာ. အဲဒါနဲ့ အစောကြီး အိပ်ပျော်သွားတယ်

ဒီညကျတော့ မရေးတော့ဘူးလုပ်နေတာ. ဒါပေမယ့် အလုပ်ကနေ အိမ်အပြန် သစ်ပင်ရိပ်လေးတွေထဲကနေ ရုတ်တရက်လှမ်းတွေ့လိုက်ရတဲ့ လမင်းကြီးကို ငေးကြည့်မိပြီး အတွေးတွေက တဖွားဖွား၊ လက်တွေက တယားယား ဖြစ်လာတာနဲ့ ဒီပို့စ်လေးကို အန်ချလိုက်တယ်ဗျာ….

……

သီတင်းကျွတ်ဆိုတာကို အရင်ဦးဆုံး ရင်းနှီးမိတာကတော့ ကျောင်းပိတ်ရက်တွေနဲ့ ပတ်သက်ပြီးတော့ပါပဲ…

သီတင်းကျွတ်မှာ ကျောင်းတစ်ပတ်ပိတ်တာကို စွဲစွဲမြဲမြဲ မှတ်မိနေသေးတယ်. ပြီးတော့ သက်ကြီးရွယ်အို လူကြီးသူမတွေကို ကန်တော့တာ၊ မုန့်ဖိုးပြန်ပေးတာ၊ ဘုရားတွေမှာ ဓမ္မစကြာရွတ်တာ၊ အအေးတိုက်တာ၊ ဩော်… ကျန်သေးတယ်… ဘာမှတ်လဲ… ခင်ဗျားတို့သိပါတယ်ဗျာ…

သီတင်းကျွတ်ဆိုတာ ဘယ်ကစခဲ့တာလဲ အနက်အဓိပ္ပါယ်လေးနဲ့တကွ ပြောရရင်တော့

မြန်မာနှစ်ရဲ့ (၇)လမြောက် သန်တူ (သီတင်းကျွတ်)ဟာ စက်တင်ဘာလ - အောက်တိုဘာလမှာ ကျရောက် ပါတယ်။ `သန်´က စပါးပင်ကို ရည်ညွှန်းတယ်။ `တူ´ဟာ ထူဖြစ်ပြီး စပါးပင်များ ထူထူ ထောင်ထောင် ပေါက်ရောက်လျှက်ရှိပြီလို့ ဆိုလိုတယ်။ အဲ့ဒီလို အပင်တွေ အောင်မြင်လို့မို့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ အခု သီတင်းကျွတ် ခေါ်တာဟာ ရဟန်းသံဃာတွေ ၀ါဆိုကြရာက ပြီးဆုံးပြီလို့ အဓိပ္ပာယ် ရပါတယ်။ ဒီလရဲ့ အထိမ်းအမှတ်က ကြာဖြူ (Nymphaea lotus) ဖြစ်ပါတယ်။

(မြန်မာသမိုင်းပုံ၊ ခေတ်ဦး မြန်မာ ပြက္ခဒိန်) (တောင်ကြီးချယ်ရီမြေမှာ တင်ထားတဲ့ ဒီပို့စ်လေးကို ကိုးကားပါတယ်.)

ကျွန်တော်တို့ ဗုဒ္ဓဘာသာ အစဉ်အလာအရ ပြောရရင်တော့ ဂေါတမဗုဒ္ဓမြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်မှာ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဓမ္မစကြာ အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည်ကို ပြန်လည်ကြွမြန်းလာခဲ့ခြင်း ဖြစ်ပါတယ်. အဲဒါကို ကြိုဆိုဖူးမြော်တဲ့အနေနဲ့ လူ့ပြည်က လူသားတွေက ဆီမီးထိန်ထိန်ထွန်းညှိကာ ဆီးကြိုပူဇော်ကြခြင်းပဲ ဖြစ်ပါတယ်.

(အမှားပြင်ဆင်ချက်. ဓမ္မစကြာတရားတော်မြတ်နေရာတွင် အဘိဓမ္မာတရားတော်မြတ်ဟု ပြင်ဆင်ဖတ်ရှုပါရန်. ကော်မန့်တွင် အမှားပြင်ဆင်ပေးသော မဗေဒါရီကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ..)

ဘုရားတွေမှာဆိုရင်တော့ ဓမ္မစကြာဝတ်ရွတ်အသင်းတွေ အသုတ်လိုက် ရွတ်ကြတာရှိပါတယ်. ဒါ့အပြင် ညဖက်ဆိုရင်တော့ ဆီမီးကိုးထောင် ပူဇော်ပွဲ၊ ဆီမီးငါးထောင်ပူဇော်ပွဲ စသည်ဖြင့် ဆီမီးခွက်လေးတွေကို ဘုရားရင်ပြင်တော်ပေါ်မှာ ပုံဖော်ထွန်းညှိလေ့ရှိပါတယ်. အအေးလည်းတိုက်ပါတယ်. ကျွန်တော်တို့ ကလေးတွေဘ၀ကတော့ ဘာပျော်သလဲမမေးနဲ့ဗျာ.

ကျွန်တော် သုံးလေးတန်း အရွယ်လောက်တုန်းက ဆူးလေဘုရားလမ်းနားမှာ နေခဲ့ဖူးတယ်. သီတင်းကျွတ်မရောက်ခင် တစ်ရက်ကတည်းက အမေက အိမ်ရှေ့ဝရန်တာမှာ ဖယောင်းတိုင်တွေ ထွန်းပါတယ်. ကျွန်တော်ကလည်း ၀ိုင်းကူထွန်းတာပေါ့. ဖယောင်းတိုင်ကို အထွန်းခံအောင်လို့ သီတင်းကျွတ်မတိုင်ခင်ကတည်းက ရေစိမ်ထားပါသေးတယ်. :)

အဲဒီ့ဖယောင်းတိုင် ရေစက်လက်လေးတွေကို အောက်ဖက်ကို မီးနဲ့ တစ်ချက်တို့ပြီး ၀ရန်တာပေါ်မှာ ညနေစောင်းကတည်းက စီရီနေအောင် လိုက်ထောင်ပါတယ်. ညနေမှောင်ရီပျိုးတာနဲ့ အမေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော်တို့ မောင်နှမတွေရယ် ဖယောင်းတိုင်လေးတွေကို မီးလိုက်ညှိပါတယ်. ဆုတွေကလည်း တောင်းရတာ အမော. အတန်းတင်စာမေးပွဲကြီးမှာ ပထမဆုရပါစေ. အစ်မတွေကလည်း ဘာသာစုံဂုဏ်ထူးပါပါစေ. ဘလာဘလာဘလာပေါ့…

အဲ. အပြင်မှာ ထွန်းပြီးရုံနဲ့ မပြီးသေးဘူးဗျ. အမေက အထဲကိုပါဆက်ခေါ်သွားပါတယ်. ရေချိုးခန်းထဲမှာ ထွန်းပါတယ်. အိမ်သာပေါ်မှာ ထွန်းပါတယ်. ကျောက်ပြင်ပေါ်မှာ ထွန်းပါတယ်.

ဘာလို့ အဲလိုထွန်းတာလဲဆိုတော့ အိမ်စောင့်နတ်၊ ကျောက်ပြင်စောင့်နတ်တွေကို ပူဇော်တာတဲ့.

အိမ်သာရေချိုးခန်းကျတော့ရောလို့..

အိမ်သာစောင့်နတ်၊ ရေချိုးခန်းစောင့်နတ်တွေကို ပူဇော်တာပေါ့တဲ့..

မြေကြီးပေါ်မှာ ထွန်းတာကရောလို့..

မြေစောင့်နတ်ကို ပူဇော်တာပေါ့ သားရယ်တဲ့…

ကျွန်တော်လည်း ရွှေဥာဏ်တော်စူးရောက်မိလိုက်ပါသေးတယ်.

“ဟာဗျာ. ဒါဆိုရင် သားတို့ အိမ်သာတက်နေရင် နတ်ကြီးက ကြည့်နေတာပေါ့. ရှက်စရာကြီး” လို့လေ … ဟတ်ဟတ်ဟတ်..

ပြီးလည်းပြီးရော. အိမ်အောက်ကိုဆင်းကြပါတယ်. မိသားစုအလိုက် ဘုရားဖူးသွားရတာ ပျော်စရာပါ. ဘုရားမှာ ဆီမီးတွေ ထွန်းထားတာတွေကို လိုက်ကြည့်၊ အမှတ်တရ ဓာတ်ပုံရိုက်နဲ့ ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေဟာ ခုတော့လည်း လွမ်းမောစရာတွေပါပဲဗျာ…

ဆီမီးတွေ ငြိမ်းနေတာတွေ့ရင်လည်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် လိုက်ပြီး ပြန်ညှိပေးပါသေးတယ်. အိမ်လည်းပြန်ရောက်ရော ကျွန်တော်တို့တွေ ပွဲကြမ်းတော့တာပါပဲ.

အိမ်အောက်ကို ပြေးဆင်း. ရပ်ကွက်ထဲက ဘော်ဒါတွေစုပြီးတော့ မီးပုံးကားလေးတွေဆွဲ၊ မီးရှုးတွေလွှတ်၊ ဗျောက်အိုးတွေဖောက်ကြတော့တာပဲ..

မီးပုံးကားလေးတွေဆိုတာက ဘီးတပ်ထားတဲ့ ယုန်ရုပ်လေးတွေ၊ ငှက်ရုပ်လေးတွေထဲမှာ ဖယောင်းတိုင်လေးထွန်းလို့ တွန်းပြီး လှည့်ပတ်ဆော့ကစားကြတာလေးတွေကို ပြောတာပါ. သိတဲ့သူတွေ သိကြမလားပဲ. တစ်ချို့တတ်နိုင်သူတွေကျတော့ ကားရုပ်အကြီးကြီးတွေနဲ့ပေါ့.

ကျွန်တော်တို့တွေ ဘယ်လောက်ဆိုးလဲဆိုရင်လေ မိန်းကလေးတွေမြင်ရင် စကတ်အောက် ထမီအောက်ထဲကို ဗျောက်အိုးတွဲတွေကို ပစ်ထည့်တာဗျ. ပြီးတော့ ထွက်ပြေးကြတာ. မိန်းကလေးတွေအောက်မှာ ဗျောက်အိုးတွေ ထပေါက်တော့ ကောင်မလေးတွေက ထခုန်၊ တစ်ချို့က ရှက်လို့ စိတ်တို၊ တစ်ချို့ကတော့ ငို၊ တစ်ချို့ကတော့ ထမီကျွတ်ကျ.. ဟဟဟ.. (ရက်ပ်နေတာ မဟုတ်ဘူးနော်. :) )

အဲ. ကိုယ့်အစ်မတွေကို အဲလိုလုပ်တဲ့ကောင်ကျတော့ ကျွန်တော် လက်သီးနဲ့ လိုက်ထိုးတာ မှတ်မိသေးတယ်. အဲဒါပဲဗျာ. သဘာဝတရားကြီးက ပြောပြတဲ့ Justice ဆိုတာ. ဟတ်ဟတ်ဟတ်.

ကျွန်တော်က ငယ်ငယ်ကတည်းက လောကကြီးကို စူးစမ်းလေ့လာခဲ့တယ် ဆိုပါတော့. အက်ဒီဆင်အကြောင်း စာအုပ်ထဲမှာ သင်ခဲ့ရကတည်းက ငါကြီးလာရင် အက်ဒီဆင်လို ဖြစ်အောင်ကြိုးစားမယ် ဆိုပြီး ဘာပဲလုပ်လုပ် စူးစမ်းကြည့်တယ်. ကလိကြည့်တယ်.

ဟော. ကြည့်ဗျာ.

ဗျောက်အိုးကို ဒီတိုင်း မဖောက်ဘဲ မီးညှိပြီး အပေါ်ကနေ နို့ဆီခွက်နဲ့ အုပ်လိုက်တယ်.

“ဖုံး” ဆို ဗျောက်အိုးလည်းပေါက် နို့ဆီခွက်လည်း မြောက်တက်သွားတာပေါ့. အဲဒီ့မှာ နို့ဆီခွက် ဘယ်လောက်မြောက်တက်သွားလဲ ဆိုတာကို ကြည့်ပြီး ဘယ်တံဆိပ် ဗျောက်အိုးက ယမ်းအားပိုကောင်းတယ်လို့ ကျွန်တော်တို့က ဆုံးဖြတ်တာ. ဟတ်ဟတ်ဟတ်.

ပြီးတော့လည်း မီးရှုးတွေလွှတ်ကြပါသေးတယ်. မီးပန်းနဲ့ မီးရှူးမတူဘူးနော်. မီးပန်းဆိုတာကျတော့ အခဲလေးတွေကို အခိုင်လိုက် ချည်ထားတာလေးတွေကို ကျွန်တော်တို့ ၀ယ်ရပါတယ်. အစည်းလေးကို ဖြည်ချပြီးတော့ တစ်ခုချင်းကို မီးနဲ့ မြှိုက်ရပါတယ်. အချိန်ကြာကြာလေး မြှိုက်ပြီးတဲ့အခါမှာ မီးပန်းလေးက မီးပွားလေးတွေ တဖွားဖွားတဖောင်းဖောင်းနဲ့ ဖြစ်လာပါတယ်. အဲဒီ့အခါကျမှ မီးပန်းလေးကို လက်ကကိုင်ပြီး လှည့်ပြီး ပတ်ပြေးတာပါ. အရမ်းးးးးးလှပါတယ်.

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ မီးပန်းလှည့်ရင်းကနေ ကိုယ်ပေါ်ကို ကျလို့ မီးလောင်ပြီး ဆေးရုံရောက်သွားပါသေးတယ်. ဒါကြောင့် အဖေက ကျွန်တော်တို့ကို မီးရှူးနဲ့ ဗျောက်အိုးပဲ ဖောက်ခိုင်းပါတယ်. မီးပန်းမဆော့ခိုင်းပါဘူး.

အဲ. ပြီးတော့ လူကြီးတွေကို ကန်တော့တာပေါ့. တစ်ချို့အိမ်တွေကဆိုရင် အပေါ်ကနေ ပိုက်ဆံတွေဘာတွေ ကြဲချပါသေးတယ်.

မှတ်မှတ်ရရ မိတ္ထီလာမှာ သီတင်းကျွတ်တော့ ပထမလမ်းမတော်မှာ ရှိတဲ့ သူဋ္ဌေးအိမ်တွေက တံခါးတွေလုံအောင်ပိတ်ပြီး အပေါ်ထပ်ကနေ ဖလားအကြီးကြီးတွေကိုင်လို့ ပိုက်ဆံတွေ ကြဲတာပါပဲ. အိမ်ရှေ့မှာ လူတွေလူတွေဆိုတာ ခဲနေတာပဲ.

သီတင်းကျွတ်မှာ ရင်ခုန်ကြတာကတော့ အပျိုကြီး လူပျိုကြီးတွေပါပဲ.

နံပါတ်မရှိသေးတဲ့ လူပျိုကြီးတွေ အပျိုကြီးတွေအတွက်တော့ သီတင်းကျွတ်ဆိုတာ မျှော်မောဟတ်ကော့ကြီးပေါ့ဗျာ.

မတွေ့လိုက်နဲ့. တွေ့လိုက်တာနဲ့. “ဘယ်တော့ စားရတော့မှာလဲ..” လို့မေးတာက မေးသူမရှက်ပေမယ့် ဖြေရသူခမြာမှာတော့ ရှိရင်ကောင်းသား မရှိရင်တော့ ရှက်ပြုံးလေး ပြုံးရင်းနဲ့ “ဟင်းဟင်းဟင်း... ဟိုဟာပေါ့နော်. ဘယ်လိုပြောရမလဲပေါ့နော်. အင်းပေါ့လေ.. အဲဒါပေါ့.. နောက်နှစ်မှ....ဟင်းဟင်းဟင်း. ”

ကျွန်တော် ဆယ်တန်းတုန်းက စာကျက်နေတုန်း သီတင်းကျွတ်ပြီး နောက်တစ်ရက်ထင်ပါတယ်. အိမ်ရှေ့ကို ဘောက်ဆတ်ဘောက်ဆတ်နဲ့ အစ်မကြီးတစ်ယောက် ရောက်လာပါတယ်.

ဟိုး.. ဆုံးအောင်ဖတ်နော်.

ကျွန်တော့် အစ်မသူငယ်ချင်းပါ..

“ဟယ်... ဘယ်ကလှည့်လာတာလဲ..”

“ဒီကိုပဲ လာတာ.”

“စားရတော့မှာလား”

“ဟင်းဟင်း. ဟုတ်တယ်. အဲဒါ. ဖိတ်စာလာပေးတာ.”

“သတို့သားရော. သူနဲ့ပဲလား”

“ဟင့်အင်း. ဟုတ်ဘူး.”

ကျွန်တော် ဖတ်လက်စ ရေသည်ပြဇာတ်စာအုပ် ဘုတ်ခနဲ လွတ်ကျသွားတယ်. အပြင်ဖက်ကို ရေသောက်သလိုထွက်ရင်း နည်းနည်းပါးပါး ရှိုးကြည့်တာပေါ့ဗျာ.

ခဏနေတော့ သူ့ရဲ့ သတို့သားလောင်း နောက်ကနေ လိုက်လာပါတယ်. ပြီးတော့ အထဲမှာ ၀င်ထိုင်ကြတာပေါ့ဗျာ.

သူနဲ့အတူတူထိုင်နေတဲ့ လူကြီးရုပ်က နာလိုက်တာဗျာ. အစ်မကြီးက လှရက်သားနဲ့. အဲ. သတို့သားမှာ ကားတော့ပါတယ်ဗျ. :)

တစ်ခုတော့ရှိတယ်. အဲဒီ့အစ်ကိုကြီးက ပိုက်ဆံရှိပြီး အေးမယ့်ပုံပဲ. အစ်မကြီးကတော့. နာမည်ကြီးပေါ့ဗျာ. ဟတ်ဟတ်ဟတ်.

အစ်မကလည်း ဆက်မမေးတော့ပါဘူး. ကျွန်တော်လည်း အခန်းထဲ ပြန်ဝင်ဖို့ အလှည့်မှာ..

“ဟယ်. အဲဒါနင့်မောင်လေးလား.. ကြီးလာလိုက်တာ ကြည့်စမ်း.”

ဗုဒ္ဓေါ!!!

လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်အနှောင့်မှာ ချွေးစေးတွေ ချက်ချင်း ကပ်သွားသလို ခံစားလိုက်ရတယ်.

ပြန်လှည့်ရယ်ပြလိုက်ရင်း..

“ဟာ. အစ်မ. ဘယ်တုန်းက ရောက်တာလဲ..”

“ခုပဲ ရောက်တာ မောင်လေးရဲ့. ဘယ်လိုလဲ. စာတွေပိုင်နေပြီလား. All D လား. ကြိုးစားနော် မောင်လေး.”

ရွှန်းရွှန်းဝေအောင် ပြောသွားတဲ့ သူ့စကားနောက် ကျွန်တော်မလိုက်နိုင်တော့ပါဘူး. ခေါင်းသာ တွင်တွင်ငြိမ့်ပြနေလိုက်မိပါတော့တယ်. တော်သေးတာပေါ့. ဆယ်တန်းပဲ ရှိသေးလို့.

သူနဲ့အတူတူထိုင်နေတဲ့ အစ်ကိုကြီးကလည်း ခေါင်းတွေငြိမ့် ခေါင်းတွေငြိမ့်...

အစ်မကလည်း ခေါင်းတွေငြိမ့် ခေါင်းတွေငြိမ့်...

ဟတ်ဟတ်ဟတ်..

အဲဒီ့ကတည်းက ကျွန်တော် မိန်းမတွေကို စိတ်နာသွားလိုက်တာ ရည်းစားရတဲ့အထိပဲ ဆိုပါတော့ဗျာ. ဟတ်ဟတ်..

ဩော်. ဘုရားဖူးကြတယ်လို့ ပြောတာပါ. လိပ်ဥကတော့ Ketchup လေးနဲ့ တို့စားတာပေါ့.

ကျန်သေးတယ်. “ဆားနဲ့ပါ ဘုရား”

ဟတ်ဟတ်..

ညနေစောင်းတော့ အင်းလျားကန်စောင်းမှာ ထိုင်ရင်း ထက်ကောင်းကင်မှာ သာနေတဲ့ တက္ကသိုလ်က ငွေလမင်းကြီးကို ငေးမောကြည့်လို့… အချစ်အကြောင်းကို လေ့လာသင်ယူခဲ့တာ ခုဆို ခုဆို… နှစ်ပေါင်း လေးဆယ်တောင် ကြာခဲ့ပြီ…

(အဲ. ဘွာတေးဗျာ. ဟေမာနေ၀င်းရဲ့ ပေါ်လစီသီချင်းတစ်ပုဒ်နဲ့ ရောသွားတယ်.)

ဒါနဲ့. ကျွန်တော် ဘာပြောနေတာလဲဟင်..

ဩော်. ၀ါလကင်းလွတ်သီတင်းကျွတ် အကြောင်းပါနော်.

ဟတ်ဟတ်ဟတ်.. စတာပါဗျာ.

ခုတော့လည်း ဟိုး ရေခြားမြေခြားမှာ ကြုံသလို ကျင်လည်လှုပ်ရှားရင်း ကိုယ့်ဝမ်းကိုယ်ကျောင်းနေခဲ့ရပြီလေ…

အေးချမ်းဆိတ်ငြိမ်လှတဲ့ ညချိန်ခါမှာ ပြတင်းတံခါးကနေ အပြင်ဖက်ကို မျှော်ကြည့်ရင်း ကောင်းကင်ထက်မှာ တုနှိုင်းမဲ့စွာ သာချင်တိုင်းသာနေတဲ့ လမင်းကြီးကို ငေးကြည့်နေခိုက် ကျွန်တော် တစ်စုံတစ်ရာကို ကြားယောင်နေမိတယ်… တမ်းတမှန်းဆနေမိတယ်ဆိုရင် ပိုမှန်မလားပဲ…


“ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိဂေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု.. စက္ခုံ ဥဒပါဒိ ဥာဏံဥဒပါဒိ၊ ပညာဥဒပါဒိ၊ ၀ိဇ္ဇာဥဒပါဒိ အာလောကော ဥဒပါဒိ……..”


အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Monday, October 13, 2008

အရည်ပျော်နေတဲ့ နံနက်ခင်း...



အကွက်ချထားပြီးသား တာဝန်တွေနဲ့
နံနက်ခင်းဟာ ထုံးစံအတိုင်း ငါ့ဆီ ဆိုက်ရောက်လာခဲ့တယ်.
အရှိန်နဲ့ လိမ့်ဆင်းနေတဲ့ လူအုပ်ကြီးထဲ
ခပ်သုတ်သုတ်နဲ့ ပြေးသွားနေဆဲငါ
ဘယ်အရာအတွက် အလျင်လိုနေခဲ့တာလဲ?...

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်
ငါတိုက်ယူနေခဲ့တာ ဘာလဲ.
ဘ၀ဆိုတာ ရုန်းကန်ခြင်းဆိုရင်
ငါ ဘာအတွက် ရုန်းကန်နေခဲ့တာလဲ..

မျှော်လင့်ခြင်းပေါင်းများစွာ
ငါ့အတ္တကို ခိုင်းစေခဲ့ဖူးပြီ.
သက်မဲ့ကိန်းဂဏန်းတွေဟာလည်း
ဖြူစင်ခြင်းတွေကို ရေငုံနှုတ်ပိတ်စေခဲ့ပြီ..

ဟိုးအရှေ့ကို မျှော်ကြည့်လိုက်တော့
အလင်းရောင်မှိန်ပျပျအောက်မှာ
ထုံးဖြူတစ်စက် တောက်ပနေခဲ့တယ်.
ဒါတောင် သစ်ကိုင်းတွေကြားထဲကနေ
မနည်းအားယူကြည့်ရပေလို့သာပေါ့..

ငါနဲ့အနီးဆုံးမှာတော့
ခေါင်းတမော့မော့ လည်တိုင်ကြော့နဲ့
ပွဲခင်းရှိရာဆီ ပြေးလွှားနေကြတဲ့
နဖားကြိုးနဲ့ လူတွေတွေ့ရတယ်.
ဒီလမ်းမကြီးကတော့ မီးတွေ ထိန်လင်းလို့ပါလား

ပိုးဟပ်တစ်ကောင်ရဲ့ ဦးမှင်တွေလို
ဆင်တစ်ကောင်ရဲ့ နှာမောင်းတွေလို
ခြေကုပ်ရှာနေတဲ့ ပိုးကောင်တစ်ကောင်ရဲ့ ခြေလှမ်းတွေလို
စမ်းတမ်းစမ်းတမ်း
မှန်းတန်းရမ်းတန်းနဲ့
လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ငါ
ပင့်သက်လှိုင်းကမ္ဘာထဲမှာ အိပ်မောကျနေခဲ့ပြီလား..

တချက်ချက်မြည်နေတဲ့ စက်သံနဲ့
အရည်ပျော်ကျနေတဲ့ နာရီတစ်လုံးကတော့
မျှော်လင့်ခြင်းတွေနဲ့ ငါ့ကို ပြုံးကြည့်နေလေရဲ့…

အကွက်ချထားပြီးသား တာဝန်တွေနဲ့
နံနက်ခင်းဟာ ထုံးစံအတိုင်း ငါ့ဆီ ဆိုက်ရောက်လာခဲ့တယ်.
အရှိန်နဲ့ လိမ့်ဆင်းနေတဲ့ လူအုပ်ကြီးထဲ
ခပ်သုတ်သုတ်နဲ့ ပြေးသွားနေဆဲငါ
တစ်စုံတစ်ရာအတွက်တော့ အလျင်လိုနေခဲ့တယ်…

(ရေခဲငှက်)

Sunday, October 12, 2008

ဝတရှိနော ဗရုတ်သုတ်ခ ဒေး



“ချစ်သူရေ…
လွမ်းတယ်ဆိုတိုင်းသာ
မျက်ရည်ကျရမယ်ဆိုရင်
ကိုယ် ဒီတစ်သက် မျက်ကပ်မှန် မတပ်တော့ဘူး…”


ခွီးးးးးး

ကိုယ့်ကဗျာ ကိုယ်ပဲ ပြန်ရယ်လိုက်တော့တယ်ဗျာ…

မ၀ါဝါခိုင်မင်း နဲ့ မီးလေးဇာ တို့က ကျွန်တော့်ရဲ့ ဗရုတ်သုတ်ခ အကျဆုံးနေ့ကို သိချင်တယ်တဲ့လေ..

ဒီတော့လည်း ရေးမလို့ အားခဲနေတဲ့ ရတနာပုံနေပြည်တော်အကြောင်းကို ခေတ္တ ပို့စ်စပုန်း (postpone) လုပ်ပြီးသကာလ ဗရုတ်သုတ်ခအကျဆုံးနေ့လေးအကြောင်း ပြန်ပြောင်းတွေးတော ရေးမိပါသကောဗျာ….

ကျွန်တော်ဆိုတဲ့ကောင်ကလည်းလေ ငယ်ငယ်တုန်းက သိပ်ကိုအေးတာဗျ. (အခုမှ ရွတယ်လို့မပြောနဲ့နော်. တည်ငြိမ်လာတာ. ဟတ်ဟတ်ဟတ်. ပြောရင်းနဲ့ ထရယ်တော့မှပဲ အတည်ပြောသမျှ ဟာသဖြစ်တော့မှာပဲ..)

ဒီလိုရှိတယ်ဗျာ. ကျွန်တော်က ငယ်ငယ်တုန်းက လူတွေနဲ့ သိပ်မပေါင်းဘူး. (သတ္တ၀ါတွေနဲ့ သွားပေါင်းတာလားလို့ မတွေးနဲ့ဦး. ခက်တော့တာပဲလေ. စကားကို အကောင်း မပြောရတော့ဘူး)

လူတွေနဲ့ သိပ်ပြီး hang out မလုပ်ခဲ့တော့ social ပိုင်းဆိုင်ရာမှာ ကမောက်ကမဖြစ်တာလေးတွေ၊ အဆင်မပြေတာလေးတွေ ဖြစ်ခဲ့ဖူးတယ်ဗျ. တော်တော်လည်း များပါတယ်. ဒါကြောင့် ဗရုတ်သုတ်ခ အဖြစ်ဆုံး ဖြစ်ရပ်လေးရွေးပြပါဆိုတော့ ဘာကိုရွေးရမှန်း မသိတော့ဘူး. များလွန်းလို့လေ. အဲဒါနဲ့ပဲ ကျွန်တော်နဲ့ သူမအကြောင်းကို ရေးဖြစ်သွားတယ်…
(LOL… ဘာဆိုင်လို့လဲ မတွေးနဲ့ဗျာ. စကားကတော့ ပလ္လင်ခံလိုက်တာပဲ. ဒါပေမယ့် မဆီလျော်ဘူးဖြစ်နေတယ်. ပြောချင်လွန်းလို့. ဟတ်ဟတ်ဟတ်)

ကဲ. စမယ်ဗျာ. ဇာတ်လမ်းလေးနဲ့ပဲ ပြောသွားတော့မယ်နော်. ကျွန်တော့်ချစ်သူက မိန်းကလေးမို့လို့ “မ” လို့ပဲ ခေါ်လိုက်တော့မယ်နော်. ကဗျာတွေရေးတာတောင် “မ-၁”၊ “မ-၂” လို့ Series လိုက် ရေးနေတာသာ ကြည့်တော့. လာဦးမယ်. “မ-၁၀၀၁”. ဟတ်ဟတ်ဟတ်.


….

“ချစ်သူရေ..
ပုခက်လွှဲသောလက်ဟာ ကမ္ဘာကို ပိုင်စိုးတယ်တဲ့.
မင်းရဲ့ ရင်ခွင် ပုခက်ထဲမှာ ကို ထာဝရ အိပ်စက်ပါရစေ
ချစ်ခြင်းအားဖြင့် လွှဲတော်မူပါနော်…”

အဲဒီ့နေ့က မှတ်မှတ်ရရ အာဇာနည်နေ့..

ဇူလိုင် (၁၉) မှာ ဥဩသံတွေ မကြားရတော့တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အလုပ်တွေ ပိလို့ ပင်ပန်းနွမ်းလျနေခဲ့တဲ့ သူမအတွက်တော့ ကျွန်တော် အဲဒီ့နေ့က ဥဩဆွဲဖြစ်ခဲ့တယ်. ချစ်ခြင်းတရားနဲ့ သီကြွေးအပ်သော ဥဩပေါ့…

ကျွန်တော် အဲဒီ့နေ့က Guide သင်တာတွေ နားပစ်လိုက်တယ်၊ သူမကလည်း ရုံးပိတ်တယ်ဆိုတော့ ရွှေတိဂုံဘုရားသွားမယ်၊ ပြီးတော့ အပန်းဖြေ ရုပ်ရှင်သွားကြည့်ဖို့ အစီအစဉ်ဆွဲပါတယ်.

အဲဒီ့နေ့က ကျွန်တော် ဆိတ်ခွန်ပုဆိုး အပြာရောင်လေးနဲ့ ရှပ်အကျီင်္အဖြူရောင်လေးကို ၀တ်ဖြစ်ပါတယ်. ဖြူစင်ခြင်းနဲ့ အေးချမ်းခြင်းကို ကိုယ်စားပြုတာပေါ့. တကယ်ဖြူစင်လား အေးချမ်းလားတော့ ကျွန်တော်မသိဘူး. အဲဒီ့ညက အိမ်ပြန်လာတော့ ကျွန်တော့်အင်္ကျီနဲ့ ပုဆိုးမှာ အင်းလျားကန်ဘောင်က မြက်တွေ ကပ်ပါလာတယ်. (ဟတ်ဟတ်ဟတ်)

ဒဂုံစင်တာရှေ့ (၃) ကားဂိတ်မှာ မနက် (၈) နာရီလောက်ကတည်းက ကျွန်တော် ရောက်နေခဲ့ပါတယ်.

မနက်ခင်းနေက တဖြည်းဖြည်းနဲ့ အရှိန်ရလာပါတယ်. ကျွန်တော်လည်း အရိပ်ရမယ့်နေရာလေးတွေ လိုက်ရှာရင်း သူမစီးလာမယ့် ကားကိုမျှော်နေခဲ့ပါတယ်. လှည်းတန်းဖက်က ကားတွေ တ၀ီးဝီးနဲ့ ပြည်လမ်းမပေါ်ကို လိမ့်ဆင်းလာကြတယ်. မီးပွိုင့်တစ်ခါလွှတ်တိုင်း သူမ ပါလာပြီလားလို့ လည်တဆံ့ဆံ့နဲ့ မျှော်နေခဲ့ရတဲ့နေ့မှာ ကျွန်တော် ချွေးစေးတွေ စပြန်လာခဲ့ရပါတော့တယ်.

၈ နာရီ ၅ မိနစ်…

အင်း. ဒီလောက်တော့ နောက်ကျမှာပေါ့.

၈ နာရီ ၁၀ မိနစ်..

ဟော. ဟို မီးပွိုင့်မှာ ရပ်နေတဲ့ (၄၅) ကားပေါ်မှာ သူမ ပါလာကောင်းရဲ့..

ဝူး……..

(၅၀) ကားကြီးက မီးပွိုင့်မှာ ကွေ့ပြီး ဒဂုံစင်တာရှေ့ဖက်ကို လှိမ့်ခါလှိမ့်ခါနဲ့ လိမ့်ဆင်းလာတယ်. (ဦးလှဝင်း ဘောလုံးသတင်း ကြေငြာနေတယ်လို့ မထင်နဲ့နော်.)

အလှဆုံး မိန်းကလေးမြင်တိုင်း သူမလားလို့ လိုက်ကြည့်ရတာလည်း အမော. (ဟတ်ဟတ်)

၈ နာရီ ၂၅ ဗျာ…

ချွေးတွေပြန်လိုက်တာ.. ခပ်လှမ်းလှမ်းမှာ တင်ထားတဲ့ ဂျာနယ်ဆိုင်က ဂျာနယ်တွေကို မသိမသာ ခိုးဖတ်နေမိတယ်.

“ပြည်သူ့ အကျိုးပြု ဆောင်းပါးများကို ဦီးစားပေး ဖော်ပြသွားမည့် ရွှေမောင်းသံ ဂျာနယ်” တဲ့..

ခွီးးးးးးးး

ချောင်းသီးလိုက်တာ..

အချစ်ဂျာနယ်ဆိုပါလား…

မော်ဒယ်လ်ဂဲလ်အသစ်လေးတွေ ကော့ကန်ကားပြနေလိုက်တာ. ဘာတွေမှန်းကိုမသိဘူး. မျက်စိနောက်တယ်.. (အိမ်ကျမှပဲ အေးဆေးဖတ်တော့မယ်လေ. ဟတ်ဟတ်)

ဟာ….

၈ နာရီ ၃၅ ……….

ပိုက်ထားတဲ့ လက်က ပိုပြီး ကျစ်လျစ်မာကျောလာသလိုပဲ…

ဘာလဲကွာ. အချိန်ကို မလေးစားဘူး. နောက်ကျမယ်ဆိုလည်း ဖုန်းလေးဘာလေး ဆက်ပါလား..

၈ နာရီ ၄၅…

မြေနီကုန်း ပန်းခြံရေပန်းလေးဘေးနားကနေ ကွေ့ပတ်လျှောက်လာတဲ့ သူမကို ခပ်တည်တည်နဲ့ ကျွန်တော် စိုက်ကြည့်ပစ်လိုက်တယ်…

သူမမျက်နှာကလည်း ဇီးရွက်သာသာလောက်ပဲ ရှိပါတော့တယ်. ဒါတောင် ဇီးရွက်ထက်သေးတဲ့ အရွက် ရှာမတွေ့လို့.

ကျွန်တော်စိတ်တိုနေမှန်းသိလို့ သူမလည်းမျက်နှာ အကြီးအကျယ် ပျက်နေတယ်…

“ကားတွေ မရလို့ မောင်ရယ်..” တဲ့.

(ပို့စ်ဖတ်နေတဲ့သူတွေ အသည်းတွေ ယားသွားတာ ကျွန်တော်ခံစားမိလိုက်တယ်. ဟတ်ဟတ်)

ကျွန်တော့်ရဲ့ တုတ်ခဲပြီး ယောင်္ကျားပီသလှတဲ့ လက်မောင်းအိုးကြီးကို အသာကိုင်ပြီး ခေါင်းမော့ရင်း အသနားခံသလို ပြောလာတဲ့ သူမကို ကြည့်ပြီးတော့ ကျွန်တော်လည်း သနားသွားတယ်. ဟုတ်တယ်ဗျာ. ကိုးတောင်ဝတ် ယောင်္ကျားမဟုတ်လား..

(အဲ. တစ်ခုခုတော့ လွဲနေပြီဗျ. ကိုးတောင်ဝတ်လား. အတောင်နှစ်ဆယ်ဝတ်လား. ကိုးတောင်ဝတ်နဲ့ ကိုးတောင်ကျားနဲ့များ ကျွန်တော်လွဲပြောနေမိပြီလားမသိ. ခင်ဗျားတို့ဖာသာ ပြင်ဖတ်လိုက်ကြတော့ဗျာ. လောလောဆယ် ကျွန်တော်ကတော့ ကိုးတောင်ပဲ. ဟတ်ဟတ်)

“စောစောထွက်ပါလား…”

“ထွက်တာပဲ. လှည်းတန်းမီးပွိုင့်မှာ အကြာကြီးရပ်နေရတယ်. ပြီးတော့ စိုက်ပျိုးရေး မှတ်တိုင်ထိ တောက်လျှောက် ကားတွေကြပ်နေတာ…”

ကျွန်တော်လည်း ဘာမှ ဆက်မမေးချင်တော့ဘူး. သူမမှာ ဆင်ခြေတွေသာမက ဆင်လက်၊ ဆင်ဦးနှောက်၊ ဆင်နှာမောင်း၊ ဆင်နားရွက်တွေပါ အဆင်သင့်သယ်လာတာကိုးဗျ.

ဒါနဲ့ပဲ သက်ပြင်းရှည်တစ်ချက်ကို “အင်းးးးးးးးး” ခနဲ ချလိုက်ပြီး…

“ဘာစားပြီးခဲ့ပြီလဲ…”

“အဆောင်အောက်က လက်ဖက်ရည်နဲ့ အီကြာကွေး မှာစားလိုက်တယ်.”

“ထီးပါခဲ့လား. ဒီနေ့ မိုးရွာနိုင်တယ်နော်. ဇူလိုင် (၁၉) က အမြဲတမ်း မိုးရွာတတ်တယ်.”

“ပါပါတယ် မောင်ရဲ့. မောင့်အတွက် ရေဗူးနဲ့ အာလူးကြော်တောင် ၀ယ်လာခဲ့သေးတယ်.”

ကဲ. ကျွန်တော် ဘာဆက်ပြောရဦးမှာလဲဗျာ… ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတော့…

သူမရဲ့ နဖူးလေးကို မနာအောင် ခပ်ဖွဖွ လှမ်းထိုးလိုက်ပါတယ်. သူမကလည်း ကျွန်တော့်ကို ပြန်တွန်းထိုးပြီး ဗိုက်ကြောကို ဆွဲလိမ်ပါတယ်.

“အ”

အသံတောင်ထွက်သွားတယ်လို့ ပြောတာပါ..း)

……………

(၃) ကားတစ်စီး ဆိုက်လာပါတယ်. (၃) ကားက အ၀ါနဲ့ အစိမ်းရှိတယ်. ခင်ဗျားတို့ ရန်ကုန်ကလူတွေ သိမှာပေါ့. (၃) အ၀ါက ကြည့်မြင်တိုင် ညဈေးဖက်ကလာတာ၊ (၃) အစိမ်းက အလုံဖက်က လာတာ. နှစ်စီးလုံးကတော့ ရွှေတိဂုံကိုရောက်တယ်လေ. မြို့ထဲကျမှ ဂိတ်ထိုးတဲ့နေရာ ကွဲသွားတာမဟုတ်လား..

(၃) အ၀ါတစ်စီး ဆိုက်လာပါတယ်. စပယ်ယာက အတွဲမြင်ရင် သိတယ်မဟုတ်လား..

“ရှေ့ခန်းရမယ်. ရှေ့ခန်းရမယ်”

သူမက ကျွန်တော့်လက်ကို ဆွဲထားပါတယ်.

“နေပါစေမောင်. မသွားနဲ့. စီးရမှာက ခဏလေးရယ်. ရှေ့ခန်းက ဈေးကြီးတယ်.”

“နောက်မှာ နေရာမှ မရှိတော့တာ..”

“ပိုက်ဆံကုန်ပါတယ် မောင်ရယ်. မုန့်ဝယ်စားမှာပေါ့. ရွှေတိဂုံနဲ့ မြေနီကုန်း လမ်းတောင်လျှောက်လို့ ရသေး..”

အင်း. သူမ ပြောတာလည်း ဟုတ်သား..

ပုံမှန် (၂၀) ပဲ ပေးရတဲ့ လိုင်းကားတွေ အာဇာနည်နေ့မှာ ဆီမရလို့ဆိုပြီး (၅၀) တောင်းပါတယ်. ရှေ့ခန်းက နှစ်ဆဆိုတော့ (၁၀၀) ပေါ့. နှစ်ယောက်ဆိုတော့ (၂၀၀). ဒါတောင် ကားသမားတွေက ခရီးတိုသမားတွေကိုပဲ ရှေ့ခန်းမှာ တင်ချင်တာ. အလုံကနေ လိုက်လာမယ်ဆိုရင် မြေနီကုန်းထိပဲ တင်ချင်တယ်. ဒါမှ မြေနီကုန်းကနေ ဘုရားထိ ရှေ့ခန်းမှာ လူထပ်တင်လို့ ရမှာကိုး. ပြီးတော့ ဘုရားကနေ ဂိတ်ဆုံးထိ လူထပ်တင်မယ်လေ. အတွဲတွေက ဘုရားသွားတာများတော့ သူတို့က အတွဲတွေမြင်ရင် ရှေ့ခန်းမှာ သိပ်တင်ချင်တာ. ပြီးတော့ ကောင်လေးတွေကလည်း ကောင်မလေးတွေအတွက်ဆို ပိုက်ဆံအကုန်ခံပြီးသားလေ. ခင်ဗျားတို့သိပါတယ်.

ကျွန်တော့်ရဲ့ သူမကတော့ ကျွန်တော့်ကို ညှာပါတယ်. မလိုအပ်ဘဲ ပိုက်ဆံအကုန်မခိုင်းပါဘူး. ဒါကြောင့်လည်း သူမကို ကျွန်တော်က……

ခုနက ကျွန်တော်ဘာပြောနေတာလဲ မသိဘူးနော်…း)

ဩော်… အင်း.. သတိရပြီ…

း)))))))

အဲဒါနဲ့ပဲ (၃) ကားအ၀ါနားပြေးကပ်သွားလိုက်ပါတယ်. ကားပေါ်က ဆင်းလာမယ့်သူတွေတောင် အောက်မရောက်သေးဘူး. လူအုပ်ကြီးက ကားပေါ်ကို တိုးဝှေ့တက်နေကြပါပြီ…

“ဟဲ့. သောက်ခွေး… ဆင်းပါရစေဦး. တကတည်း ဘယ်လိုဖြစ်နေကြတာလဲ…”

အပေါက်ဆိုးမယ့်ပုံရတဲ့ အဖွားကြီးတစ်ယောက်က ဗျစ်တောက်ဗျစ်တောက်ပြောရင်း ကားပေါ်က ဆင်းလာပါတယ်.

ပြီးတော့ ကောင်မလေးတစ်ယောက် ဆံပင်တွေ အကြေကောက်ကောက်ထားသလား ထင်ရတယ်. ပိုသီပတ်သီနဲ့ ကားပေါ်က ဆင်းချလာတယ်. အံမယ်. အောက်ဖက်ကိုရောက်တော့ စလင်းဘတ်အိတ်ထဲက ခေါင်းဖြီးကို ထုတ်ပြီး လူရှေ့သူရှေ့ မရှက်ဘဲ ဖြီးနေလေရဲ့.. ကျွန်တော်နဲ့ သူမလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြတယ်. ဘယ်လိုလဲပေါ့..ရှေ့ခန်းကို လှမ်းကြည့်လိုက်တော့ လူရသွားပြီ.

အခြေအနေမဟန်တာနဲ့ နောက်ကိုဆုတ်လိုက်ကြတယ်. နောက်တစ်စီးစောင့်မှာပေါ့.

(၃) အစိမ်း…

ပြီးတော့ (၃) အ၀ါ…

ပြီးတော့ (၃) အစိမ်း..

ကားသုံးစီးလောက်ထိ နေရာမရတော့ ကျွန်တော်လည်း စိတ်မရှည်ချင်တော့ဘူး. ဒီနားဟိုနားလေးသွားဖို့ အဲလောက်တောင် စောင့်နေရတာမဟုတ်တော့ဘူးဗျာ. (၉) နာရီတောင် ခွဲတော့မယ်.

“လမ်းလျှောက်သွားမလား မောင်..”

“ခဏစောင့်ပါဦး.. မ ပင်ပန်းနေမှာစိုးလို့” (တစ်မှတ်)

သူမက ကျွန်တော့်လက်မောင်းကို သူမနှုတ်ခမ်းလေးတွေနဲ့ အသာဖိကပ်ထားပြီး (၃)ကားလာမယ့် ဖက်ကို မျှော်နေပါတယ်. သူမ အားကိုးတကြီးနဲ့ ဖိကပ်ထားလွန်းလို့ ကျွန်တော့်လက်မောင်းတောင် အဲဒီ့နေ့က အိမ်ပြန်လာတော့ နည်းနည်းပိန်သွားသလိုပဲ…

လာပါပြီ…

ဒီတစ်ခါတော့ နှစ်ယောက်သား ခပ်သုတ်သုတ်နဲ့ ကားနားပြေးကပ်သွားလိုက်ကြတယ်.

လူတွေဆင်း. လူတွေတက်နဲ့ သူမကို အထဲမရောက်ရောက်အောင် တွန်းထည့်လိုက်တယ်. အထဲရောက်တော့ နေရာမရပါဘူး. အလယ်ခုံမှာ လူတွေပြည့်နေပြီ. ပြန်ဆင်းဖို့လည်း အဆင်မပြေတော့ဘူး. ကျွန်တော်က ယောင်္ကျားလေးဆိုတော့ တွယ်စီးရတာ ပြဿနာ မဟုတ်ပေမယ့် သူမကျတော့ အထဲမှာ ကုန်းကုန်းကွကွနဲ့ ဘယ်ကြည့်ကောင်းမှာလဲ…

ကားကဘီးစလှိမ့်ပါပြီ. ကျွန်တော်လည်း နောက်ကလက်တန်းကို မီအောင်လှမ်းတွယ်စီးလိုက်ပါတယ်. သူမကတော့ ကျွန်တော့်ရှေ့နားမှာ အသာလေး ထိုင်ချလိုက်ပါတယ်. ထိုင်ခုံရှိလို့မဟုတ်ဘူးနော်. ဆောင့်ကြောင့်ထိုင်ချလိုက်ရတာ. (သနားပါတယ်.)

ကယ်တင်ရှင်ပေါ်လာပါတယ်. နေရာကနေ ထပေးတာကို ပြောတာမဟုတ်ဘူးနော်.

“သမီး. ဒီပေါ်ထိုင်ပါလား”

ကြည့်လိုက်တော့ နွားနို့ရောင်းတဲ့ ကုလားမကြီး…

တကယ်ပြောတာ. မနောက်ဘူး. နွားနို့ပုံးကြီးကို ပေါင်ကြားထဲမှာ ညှပ်ထားပြီး အလယ်ခုံမှာ ထိုင်နေတဲ့ ကုလားမကြီးရယ်ပေါ့. နဖူးမှာတောင် အနီစက်လေးတို့ထားလိုက်သေးတယ်. နှာခေါင်းမှာလည်း ကွင်းတွေနဲ့. (အမလေး.. အသည်းယားလိုက်တာဗျာ…)

သူမလည်း ရှက်သွားတယ်. ကျွန်တော်လည်း အာစေးမိထားသလို ဘာပြောရမယ်မသိ..

“လာပါ. ခဏနေဆင်းရတော့မှာပဲ. ဒီတိုင်းကြီးထိုင်နေတာ ကြည့်မကောင်းပါဘူး.”

ပြောပြောဆိုဆိုနဲ့ နို့ပုံးကြီးကို ဘေးဖက်ကို အသာတွန်းရင်း သူမပေါင်ပေါ်ကို လာထိုင်ဖို့ ဖိတ်ခေါ်နေပါတယ်.

သူမက ကျွန်တော့်ကိုလှမ်းကြည့်ပါတယ်. ဘယ်လိုလဲပေါ့.

ကျွန်တော်လည်း ရယ်နေရင်းက ခေါင်းတစ်ချက်ဆတ်ပြလိုက်ပါတယ်.
(မိန်းမဆိုတာ အဲလိုထိန်းတတ်ရတယ်ဗျ. ဟတ်ဟတ်ဟတ်)

ကုလားမကြီးပေါင်ပေါ် တက်ထိုင်နေတဲ့သူမ ကားတစ်ချက်ခုန်လိုက်တိုင်း ခေါင်းမဆောင့်အောင် ခေါင်းငုံ့ထားရင်း၊ ကျွန်တော်ကလည်း သူမ မယိုင်သွားအောင် သူမလက်ကလေးကို ထိန်းကိုင်ထားရင်း၊ ဘေးလူတွေက ပြုံးစိပြုံးစိကြည့်နေကြရင်းနဲ့ ရွှေတိဂုံတောင်ဖက်မုခ်မှာ ကျွန်တော်တို့ ဆင်းလိုက်ကြပါတယ်.

……….

“ရိုးရိုးလေးသာ ၀တ်ခဲ့ပါကွယ် အေးမြလို့..
တူနှစ်ကိုယ် တောင်ဖက်မုခ်က လှေကားထစ်တွေ
တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့…”

လှေကားကတက်ရင်ညောင်းလို့ အဲဒီ့နေ့က ဓာတ်လှေကားနဲ့ပဲ ဘုရားပေါ် တက်ဖြစ်ခဲ့ကြတယ်ဗျာ.

ဘုရားပေါ်မှာ ၀တ်ပြု၊ ရေသပ္ပါယ်၊ အလှူငွေထည့်၊ ပုတီးစိပ်၊ လက်ယာရစ်တစ်ပတ်ပတ်ပြီး အရှေ့မုခ်ကနေ ကားပြန်စီးပါတယ်.

အရှေ့မုခ်ကနေ သမ္မတ ရုပ်ရှင်ရုံဖက်ကို စီးလာခဲ့ကြတာပေါ့. ဒီတစ်ခါကျတော့ ဘုရားမှာ ဆင်းတဲ့သူတွေ များလို့လားမသိဘူး. နေရာရတယ်ဗျ. ဘုရားကနေ ကားစီးရင် စမတ်ကျကျ စီးတတ်ဖို့လိုတယ်. တော်တော်များများက တောင်ဖက်မုခ်ကနေ ကားစောင့်ကြတယ်. နေရာမရတတ်ကြဘူး. လူများတာကိုး.. ၀ိဇယ ဘုရားဖက်က လူတွေဆင်းလာမယ်. Happy World ဖက်က လူတွေထွက်လာမယ်. ဘုန်းကြီးကျောင်းဖက်က လူတွေ လာတာရှိမယ်. ဈေးသည်တွေ ရှိမယ်. နေရာရဖို့ ခဲယဉ်းတယ်. ဒါကြောင့် ဘုရားဖက်ကနေ မြို့ထဲကိုသွားချင်ရင် အရှေ့မုခ်မှာ စီးတာ အကောင်းဆုံးပဲ. (Tips တွေပေးနေတာနော်. ဟတ်ဟတ်ဟတ်)

ဆောက်လုပ်ရေးမှတ်တိုင်မှာ ဆင်းတယ်. ယောက်လမ်းဖက်ကို လမ်းလျှောက်လာခဲ့ကြတယ်. သမ္မတရုံရှေ့ ရောက်ပါပြီ…

ကားကတော့ ကောင်းပါတယ်.

လွင်မိုး၊ ဒွေးနဲ့ ထွန်းအိန္ဒြာဗို..

“မောင့်မူပိုင်ရှင်” တဲ့..

မကောင်းတာက ကျွန်တော့်မှာ ကြိုတင်လက်မှတ်မရှိဘူး..း(

ဝယ်တာပဲ. မရတာလည်းပါတယ်လေ… သိတယ်မဟုတ်လား. အားလပ်ရက်လည်းဖြစ်တယ်၊ ရုပ်ရှင်ကလည်းကောင်းတယ်ဆိုတော့ မှောင်ခိုသမားတွေက ရုပ်ရှင်လက်မှတ် အရောင်းသမားတွေနဲ့ ညှိပြီး လက်မှတ်တွေ အကုန်ဖြတ်ဝယ်ထားတာ. (မယုံမရှိနဲ့နော်. လက်မှတ်စာရေးကိုယ်တိုင် ပြောပြတာ. သူတို့လည်း ကော်မရှင်ရတာကိုး)

ပုံမှန် ၁၅၀ တန်းကို ဘယ်လောက်ခေါ်တယ်မှတ်လဲ…

၄၅၀ တဲ့ဗျာ…

ထပ်သရီး… စိတ်တိုလိုက်တာ..

အပေါ်ထပ် ဒီစီဆိုရင်တော့ ပြောမနေနဲ့တော့. ထောင်ကျော်ပြီ…

ကျွန်တော်ကတော့ မကြည့်ချင်တော့ဘူး. ဟုတ်တယ်ဗျာ. ဒီလောက်တောင် ဈေးတင်လွန်းတယ်. အဓိပ္ပါယ်ကို မရှိဘူး.

ညနေပွဲကြည့်မယ်ဆိုပြီး လက်မှတ်ကောင်တာကို သွားမေးတော့လည်း ကုန်ပြီတဲ့..

နောက်နေ့မှ ကြည့်မလား သွေးတိုးစမ်းကြည့်တော့ သူမ မျက်နှာ ညှိုးသွားပြန်တယ်.

ပိုက်ဆံကတော့ ပါပါတယ်. မလိုအပ်ဘဲ မတန်ဘဲ မပေးချင်လို့ပေါ့ဗျာ. Guide လစာက ထုတ်ထားတာ မကြာသေးဘူးလေ.

ရုံအပြင်ဖက်မှာ ယောာင်လည်လည်ရပ်နေရင်း ၁၂ နာရီလည်း ခွဲခါနီးပါပြီ.

မှောင်ခိုလက်မှတ်သမားတွေတောင် ရောင်းလို့ကုန်သွားလို့ အလျှိုအလျှို ထွက်သွားကြပြီး ထောင့်လေးတွေမှာ ပိုက်ဆံတွေ ထုတ်ရေနေကြတာကို စိတ်တိုစရာကောင်းလောက်အောင် တွေ့နေရပါတယ်.

ခုနက ကျွန်တော်တို့ကို လက်မှတ်လာရောင်းတဲ့သူကလည်း ကျွန်တော်တို့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့.

သူ့ဆီကို လာဝယ်တဲ့သူတွေ ရှိပါတယ်. ဒါပေမယ့် ၃ ယောက် ၄ ယောက်သမားတွေ ဖြစ်နေတယ်. သူ့မှာက နှစ်စောင်ပဲ ကျန်တော့တာလေ. သူကလည်း ကျွန်တော်တို့ကိုပဲ ရောင်းချင်နေတယ်.

“ညီလေး. စတော့မှာနော်..”

“နေရာကောင်းတယ်နော်. ညီမလေး..”

“နောက်ပွဲအတွက်လည်း လက်မှတ်တွေ ကုန်နေပြီ. နေရာကောင်းတွေမို့ ပေးနေတာ.”

“မ၀ယ်တော့ဘူးဆိုရင်လည်း ဟိုဖက်က အုပ်စုကိုပဲ ရောင်းလိုက်တော့မယ်နော်.”

ချော့ခါတစ်မျိုး၊ ခြောက်ခါတစ်လှည့်နဲ့ နောက်ဆုံးမှာ ကျွန်တော့်ရဲ့ ပိုက်ဆံ (၈၀၀) ကို သူအောင်မြင်စွာ ပိုက်သွားခဲ့ပါတယ်.

သူမလက်ကို ဆွဲလို့ ရုပ်ရှင်ရုံထဲ ၀င်လာခဲ့တဲ့ ကျွန်တော်ရယ်လေ နပိုလီယံဘုရင်မင်းမြတ် စစ်အောင်တာထက်တောင် ပိုပြီး ၀င့်ကြွားနေသလိုပဲ…

ရုံထဲကိုရောက်တော့ အထဲက ၀န်ထမ်းက လက်မှတ်ကို ဓာတ်မီးနဲ့ ထိုးကြည့်ပြီး “လာ. ဒီဖက်” ဆိုပြီး ခေါ်သွားပါတယ်.

သွားပါတယ်… သွားပါတယ်..

ဆက်သွားပါတယ်. ဆက်သွားပါတယ်.

သွားနေတုန်းပါပဲ. သွားနေတုန်းပါပဲ..

ရောက်ပါပြီခင်ဗျာ.

မှောင်ခိုသမားပြောတဲ့ နေရာကောင်းလေးကို..

ဟိုးးးးးး အရှေ့ဆုံးက ခုံနှစ်ခုံပါ.

တကယ်ပါ. ရှေ့မှာ စင်မြင့်ပဲ ရှိတော့တယ်.

အားးးးးး

စိတ်တိုလိုက်တာ..

ထိုင်ချလိုက်တော့ ကြော်ငြာတွေတောင် စပြနေပါပြီ..

ဖင်ပူအောင်တောင် မထိုင်ရသေးပါဘူး. နိုင်ငံတော်အလံလွှင့်ပါတယ်. အဲဒါနဲ့ ပြန်ထ အလေးပြု..

ပြန်ထိုင်…

ပိတ်ကားကြီးကို အနီးကပ်မော့ကြည့်ရတာလောက် ဖီးလ်ငုပ်တာ မရှိခဲ့ဖူးဘူး..

လူရုပ်ကြီးတွေက ပိုပြီး ကြီးနေသလိုလို၊ နှာခေါင်းကြီးတွေက ပိုပြီးတော့ ရှေ့ကို ရောက်နေသလိုလို၊ မိန်းမဆိုရင်လည်း ကိုယ်လုံးကြီးတွေက ဘေးဖက်ကို ကားထွက်နေသလိုလိုနဲ့ ဆယ့်ငါးမိနစ်လောက် ကိုယ့်မျက်စိကို ကိုယ်ပြန်ပြီး Adjust လုပ်ယူရပါတယ်.

“နေရာလေးက ကောင်းလိုက်တာနော်” လို့ ပြောတော့ သူမက ရယ်ပါတယ်.

ဒီလိုလေးလေ…

“ခစ်ခစ်ခစ်… မောင်ကလည်းလေ….” တဲ့…

အဲဒီ့နေ့က ရုပ်ရှင် ဘယ်လိုဘယ်ပုံ ပြီးသွားတယ်တောင် မသိလိုက်ပါဘူး..

ဟိုးထား ဆရာ… တစ်မျိုးမတွေးနဲ့…

ခေါင်းတွေမူးလာလို့ ရုပ်ရှင်ကြည့်ရတာ စိတ်ကို မရှည်ဘူးဖြစ်လာတာကို ပြောတာပါဗျာ. ခင်ဗျားတို့ကလည်းလေ….

ရည်းစားနဲ့ ရုပ်ရှင်ကြည့်ပါတယ်ဆိုမှ ဘာမှတ်နေတာလဲ..

အင်းလေ… ရုပ်ရှင်ကြည့်တာပေါ့လို့…

“ချစ်သူရေ…
နီးစပ်ခဲ့ဖူးတဲ့ ဖြစ်ရပ်လေးတွေကို
အဝေးဆုံးကို ရောက်သွားကြတော့မှ ပြန်တမ်းတနေမိတာ
ရုပ်ရှင်တစ်ကားကို ရှေ့ဆုံးက ထိုင်ကြည့်နေရသလိုပါပဲ.
ရင်ထဲမှာ သိပ်မူးတယ်…

……..

ကဲ. ပို့စ်လည်း တော်တော်လေးရှည်သွားပြီဗျာ. လက်တွေ့တာနဲ့ စွတ်စပ် ရေးပစ်လိုက်တာ. လက်မတွေ့ရင်လည်း စာတစ်ကြောင်းတောင် ရေးချလို့ မရဘူး..

ပြန်တက်ဂ်မယ်ဗျာ.နော်.

ဒီပို့စ်လေးကို ဖတ်ပြီး “ကိုရန်ကြီးက အရမ်းရယ်ရတာပဲ” လို့ စိတ်ထဲတွေးနေမိသူတွေ အားလုံးကို တက်ဂ်တယ်.

ဒီပို့စ်လေးကို ဖတ်ပြီး “ပေါရဲလိုက်တာ” လို့ တွေးမိသူတွေကတော့ ရေးကိုရေးရမယ်.

ဒီပို့စ်လေးကို ဖတ်ပြီး “ဩော်… သူက ဒီလိုကိုး” လို့ တွေးပြီး ၀မ်းနည်းပက်လက်ဖြစ်သွားသူတွေ အားလုံးကိုတော့ ……
….


..
.

အာဘွားးးးးးး

ဟတ်ဟတ်ဟတ်…

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Friday, October 10, 2008

လွမ်းမိပါသေးတော့သည်...



“တစ်ရောင်တည်းမခြယ်
အရောင်ဝဲလည်
တောနှင့်တောင်စွယ် လယ်ယာတလင်း
ရှုခင်းတွေက စုံလင်ပေတယ်
ရှေးမူမပျက်တယ် ဆေးကူချက်ကယ်
စိမ်းမြမြ ယိမ်းကသလိုနှယ်
ပင်ပျိုပင်အိုတို့အလယ်
ရှုလေ ချစ်သော ခရီးသည်...”


ကျွန်တော် ရှစ်တန်းနှစ်မှာ မိတ္ထီလာကို ကျွန်တော်ရယ်၊ အမေရယ်၊ အစ်မရယ် ပြောင်းလာခဲ့ကြတယ်.

ကျွန်တော်ကျောင်းတက်တော့ ခြင်္သေ့ကြီးနှစ်ကောင်ကျောင်းမှာပေါ့ဗျာ.

ဟတ်ဟတ်. နာမည်ကြားတာနဲ့တင် တစ်မျိုးကြီးပဲလို့ တွေးနေမိပြီထင်တယ်.

ဘာလို့ အဲလိုခေါ်တာလဲဆိုတော့ ကျွန်တော်တက်တဲ့ အ.လ.က (၁) ကျောင်းရှေ့မှာ ဘုရားတစ်ဆူရှိတယ်. ဘုရားရှေ့မှာ ခြင်္သေ့ကြီးနှစ်ကောင်က မားမားမတ်မတ်ကြီး ထိုင်နေလို့ပေါ့. အဲဒီ့ခြင်္သေ့ကြီးနှစ်ကောင်ကို အစွဲပြုပြီး ဘုရားကိုလည်း ခြင်္သေ့ကြီးနှစ်ကောင် ဘုရားလို့ ခေါ်ကြတယ်.

အဲ… ဘုရားနဲ့ ကပ်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ စာသင်ကျောင်းလေးကိုလည်း ခြင်္သေ့ကြီးနှစ်ကောင်ကျောင်းလို့ ခေါ်တာ ဒီလောက်ဆို နားလည်ပြီ ထင်ပါရဲ့ဗျာ.

ဟုတ်တယ်ဗျ. ကျွန်တော်တို့ကျောင်းက ဘုန်းကြီးကျောင်းပိုင် မြေကွက်ပေါ်မှာ ဆောက်ထားတာ. ဒါကြောင့် ကျောင်းထဲဝင်ရင် ကျောင်းသားတွေရော၊ ဆရာဆရာမတွေရော ဖိနပ်ချွတ်ရပါတယ်.

စာသင်ခန်းထဲရောက်မှ ပြန်စီးပေါ့.

ဒါကြောင့်လည်း ကျွန်တော်တို့ ကျောင်းသားတွေကို တစ်ခြားကျောင်းက ကျောင်းသားတွေက မခံချင်အောင်နောက်ပါတယ်.

“ဘုန်းကြီးကျောင်းသားတွေ…” တဲ့လေ…

:D

……..

ကျွန်တော် ဘုန်းကြီးကျောင်းသားအဖြစ် တစ်နှစ်နေခဲ့ရတဲ့ ရှစ်တန်းကျောင်းသား ဘ၀လေးဟာ ကျွန်တော့်ရဲ့ ဘ၀မှတ်တမ်းဒိုင်ယာရီထဲမှာ စာမျက်နှာပေါင်းများစွာ နေရာယူထားခဲ့ကြတယ်. အဲဒီ့စာမျက်နှာလေးတွေထဲကမှ ကျွန်တော် ဒီည ထူးထူးခြားခြား သတိရနေမိတာကတော့ အဖိတ်ဥပုသ်နေ့နဲ့ ဆွမ်းလောင်းပွဲလေး အကြောင်းပါပဲ.

ကျွန်တော်တို့ ကျောင်းဝတ်စုံလေးတွေဝတ်ပြီး စီတန်းလို့ ကထိန်လှည့်ခဲ့ဖူးတယ်. သိတယ်မဟုတ်လား. ကထိန်သင်္ကန်းတွေ၊ ရေခွက်၊ ပိုက်ဆံချပ်တွေ အစီအရီ ချိတ်ဆွဲထားတဲ့ စင်ကြီးကို မလို့ ဟိုဖက်ယိမ်းထိုး၊ ဒီဖက်ယိမ်းထိုးနဲ့ ပျော်ပျော်ပါးပါး ကခုန်ကြတာ၊ တစ်တန်းနဲ့တစ်တန်း၊ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် ပြင်ဆင်ကြတာ တကယ့်ကို ပျော်စရာ၊ ကြည်နူးစရာပါ.

ကထိန်သင်္ကန်းစင်အတွက် သစ်သားစင်တွေကို ကျောင်းအုပ်ဆရာမကြီး ရုံးခန်းထဲမှာ သိမ်းထားပါတယ်. အဲဒါကို တစ်တန်းကို တစ်စင်ခွဲပေးပါတယ်. ကျွန်တော်က ရှစ်တန်းနှစ်မှာ ဘယ်သူမှ မခန့်ထားတဲ့ မော်နီတာပေါ့ဗျာ. ဟတ်ဟတ်..

ဟုတ်တယ်. ဘယ်သူမှ မခန့်ဘူး. အခန်းထဲမှာ လုပ်စရာတစ်ခုခုရှိတိုင်း ကျွန်တော်က ၀င်ဝင်ပါတတ်တော့ နောက်ပိုင်း ကျွန်တော်က မော်နီတာလိုလို ဘာလိုလို ညာလိုလို ဖြစ်သွားတာပေါ့. (အဲလိုပဲ. ကျွန်တော်က ငယ်ငယ်ကတည်းက ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ပါတတ်တာ ကြီးမှပဲ အပြောခံရတော့တယ်ဗျာ.. ဟတ်ဟတ်. စကားချပ်ပါဗျာ.)

အဲဒါနဲ့ပဲ ကျွန်တော်တို့ ရှစ်တန်းနှစ်အတွက် သင်္ကန်းစင်တွေ ရှာတာ၊ စာအိတ်လေးတွေထဲ အလှူပိုက်ဆံတွေထည့်တာ၊ သင်္ကန်းတွေ ချိတ်ဆွဲတာကို တစ်ခြားကျောင်းသား ကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ အတူတူ ကူလုပ်ပေးရပါတယ်. ပြန်တွေးလိုက်တိုင်း တော်တော့်ကို ကြည်နူးဝမ်းမြောက်မိပါတယ်.

ဝါတွင်းရောက်ရင် ကျွန်တော်တို့ ကျောင်းပိတ်ရက်က စနေတနင်္ဂနွေ မဟုတ်တော့ပါဘူး. အဖိတ်ဥပုသ်ကို ကျောင်းပိတ်ပါတယ်. စိတ်ဝင်စားဖို့ကောင်းပါတယ်. ဈေးဆိုရင်လည်း အဖိတ်ဥပုသ်ပိတ်ပါတယ်. ချစ်စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှုလေးတစ်ခုပါ.

ဘုရားတွေမှာဆိုရင် အလှူတွေလုပ်တာ၊ မုန့်တွေကျွေးတာ ခဏခဏပါပဲ. ကျွန်တော်ဆို စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာ. အသွားအများဆုံးကတော့ ရွှေအုန်းပင် စားသောက်ဆိုင်နားမှာ ရှိတဲ့ ဆုတောင်းပြည့်ဘုရားပေါ့.

အဲဒီ့ဘုရားနားမှာ ကျွန်တော်တက်တဲ့ အင်္ဂလိပ်စာ ကျူရှင်ရှိတယ်. သင်တန်းချိန် နည်းနည်းစောနေရင် ဘုရားထဲမှာ လျှောက်သွားပြီး နံရံတွေပေါ် ကပ်ထားတဲ့ ဇာတ်တော်တွေကို လိုက်ဖတ်ကြည့်နေတတ်တယ်. (ပြောရင်းနဲ့ ငယ်ဘ၀ကို လွမ်းသွားပြီဗျာ.)

အသံမစဲ ပဋ္ဌာန်းရွတ်နေတာနဲ့ ကြုံရင်လည်း ရွတ်ဆိုနေတဲ့ ဘုန်းကြီးနားမှာ သွားထိုင်ပြီး ကြည့်နေတတ်တယ်.

ဖြတ်ပြောလိုက်ဦးမယ်ဗျ.

အသံမစဲ ပဋ္ဌာန်းက တကယ်ကို အသံမစဲအောင် ရွတ်ရတာနော်. ဘုန်းကြီးတစ်ပါးနဲ့တစ်ပါး အကူးအပြောင်းမှာ. “ကဲ. ကိုယ်တော်. တပည့်တော် အလှည့်ပြီးပြီ. ကိုယ်တော့်အလှည့်” ဆိုပြီး ထသွားလို့ မရဘူး.

နောက်ထပ် တာဝန်ယူရွတ်ဆိုမယ့် ဘုန်းကြီးက အရင်ရွတ်နေတဲ့ ဘုန်းကြီးနားမှာ ကပ်ထိုင်ပြီး ရောက်နေတဲ့ စာပိုဒ် (သို့) သုတ္တန်တစ်ခုခုကို အတူတူလိုက်ရွတ်ရတယ်. အဲလို လိုက်ရွတ်နေရင်းနဲ့မှ အရင်ရွတ်နေတဲ့ ဘုန်းကြီးက ဘုရားကို ၀တ်ပြုလို့ နောက်ကို အသာအယာယို့ပြီး လက်အုပ်ချီရင်း ထွက်သွားရတာ… ဒါကြောင့် အသံမစဲပဋ္ဌာန်းလို့ခေါ်တာ.

မိုးတွေရွာနေချိန်၊ ဖားတွေ အုံးအွမ်အုံးအွမ်နဲ့ အော်နေချိန်မှာ ကြားတစ်ချက် မကြားတစ်ချက် လေထဲလွင့်လာတဲ့ အသံမစဲ ပဋ္ဌာန်းတရားတော်အသံဟာ တကယ့်ကို အေးချမ်းလွန်းလှပါတယ်.

လွမ်းလိုက်တာ အညာမြေရယ်….

…..

“စေတီပုထိုး ဂူအမျိုးမျိုး
တို့ဘိုးဘွားတည်ထားပါတယ် ရှေးအခါကကွယ်
ရွှေဘုံရွှေမင်း ရွှေကိုယ်လင်း ရွှေသူဋ္ဌေးတို့ လှူခဲ့ပါတယ်
ဝင့်ပါလို့ထည်..
ဘယ်ဧည့်သည်ငေးမဆုံး တွေးမဆုံးဖွယ်
ကုန်းကမူကလေးထက်မယ်
ထုံးအဖြူလေး မပြယ့်တပြယ်..”

အဲ. နောက်ထပ် ကြုံရတာကတော့ ဆွမ်းလောင်းပွဲပါ.

မိတ္ထီလာမှာ အဖိတ်နေ့ဆိုရင် ဆွမ်းလောင်းပွဲ လုပ်ပါတယ်. သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့က ဦးဆောင်ပြီး ဘုန်းကြီးတွေ စီတန်းလို့ မြို့ထဲကို လှည့်လည်ပြီး ဆွမ်းဆန်စိမ်း အလှူခံတာပါ.

ကုန်းဆင်းကုန်းတက်၊ လျှိုမြောင်ချိုင့်ဝှမ်း၊ အနိမ့်အမြင့်လေးတွေ ပြည့်နှက်နေတဲ့ မိတ္ထီလာမြို့လေးထဲမှာ စီတန်းလှည့်လည်လာတဲ့ ဆွမ်းလောင်းပွဲ မြင်ကွင်းလေးဟာ တွေ့ကြုံမိသူတိုင်းကို ရင်ထဲ ပီတိဖြစ်စေနိုင်ပါတယ်. တစိမ့်စိမ့် ကြည်နူးဝမ်းမြောက်စေနိုင်ပါတယ်.

ဆွမ်းလောင်းပွဲဆိုတာ မနက်ခင်းတွေမှာ ကြွတတ်တဲ့ ဆွမ်းခံပွဲနဲ့ မတူဘူးနော်. ဆွမ်းလောင်းပွဲဆိုတာ ဆွမ်းဆန်စိမ်းအလှူခံတာပါ. အိမ်တွေက ဆွမ်းဆန်စိမ်းတွေ ထွက်ထွက်ပြီး လှူကြတာပါ. ဖြတ်သွားဖြတ်လာ ခရီးသွားများကလည်း မိမိတို့ တတ်နိုင်သမျှ ငွေကြေးဝတ္ထုလေးတွေ ကပ်လှူတတ်ကြပါသေးတယ်.

ဆွမ်းလောင်းပွဲတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရင် များသောအားဖြင့် ဒီလိုပုံစံလေးတွေ တွေ့ရလိမ့်မယ်ဗျ. ရှေ့ဆုံးမှာ စာတမ်း အလံကိုင်ထားတဲ့ လူငယ်တွေ ရှိတယ်. ဘယ်ကျောင်းတိုက်၊ ဘယ်ဘုရားကပေါ့ဗျာ. ပြီးတော့ ဘုန်းကြီးတွေ စီတန်းလို့ ကြွတယ်. အဲဒီ့နောက်မှာ အသံချဲ့စက်တင်ထားတဲ့ ဆိုက်ကားရှိတယ်. အဲဒီ့နောက်မှာမှ မိုက်ကိုကိုင်လို့ ဂေါပကအဖွဲ့ဝင်လူကြီးတစ်ယောက်ယောက်က နိဗ္ဗာန်ဆော်လုပ်တာပါ. အဲဒီ့နောက်မှာ တစ်ခါ တီးဝိုင်းတွေ၊ အဆိုတော်တွေ၊ ဒိုးပတ်အိုးစည်အဖွဲ့တွေ ပါတတ်သေးတယ်. ဆိုက်ကားပေါ်မှာ အော်ဂင်၊ ဗုံ၊ မောင်းတွေ တင်ထားပြီး ဆိုက်ကားကို တစ်ယောက်ကတွန်းနေချိန်မှာ တူရိယာပညာရှင်တွေက ဘေးကနေ တီး၊ အဆိုတော်က ဆိုနဲ့ အားပါးပါး… တကယ့်ကို မြန်မာဆန်လှတဲ့ မြန်မာ့ ယဉ်ကျေးမှုတစ်ခုပါပဲဗျာ… တကယ့်ကို မြန်မာသံစဉ်တွေ ဆိုတာနော်. နားထောင်လို့လည်း တော်တော်ကောင်းတယ်.

ကျွန်တော်စိတ်အ၀င်စားဆုံး တူရိယာက ဗုံကို တီးတဲ့ အတံလေးနှစ်ချောင်းနဲ့ “တောက်..တောက်..တောက်..တောက်..” ဆိုပြီး အနောက်ကနေ လမ်းလျှောက်ရင်း လိုက်တီးရတဲ့ တူရိယာလေးပါ.

ကျွန်တော် မိတ္ထီလာမှာ နေခဲ့စဉ်တုန်းက အဲဒီ့ဆွမ်းလောင်းပွဲတွေနဲ့ ခဏခဏကြုံရပါတယ်. တွေ့တိုင်းလည်း ၅ ခါမှာ ၂ ခါလောက်ကတော့ ကျွန်တော့်မုန့်ဖိုးလေးထဲကနေ ထည့်လှူတတ်ပါတယ်.

ကျွန်တော်တို့ စာသင်ကျောင်းလေးတိုးချဲ့ဖို့အတွက် ရန်ပုံငွေလိုတော့ ဖောင်တော်ထိပ်ဘုရားနားမှာ အလှူခံမဏ္ဍပ်ထိုးပြီး အလှူခံကြပါသေးတယ်.

အဲဒီ့တုန်းက ကျောင်းစိမ်းဝတ်စုံလေးနဲ့ အလှူခံထွက်ခဲ့တဲ့ ကျွန်တော်တစ်ယောက် အလှူခံဖလားကို စားပွဲပေါ် တင်လို့ ခဏခဏ ပုဆိုးပြင်ဝတ်ခဲ့ရတာ ဆရာမတွေက လှမ်းနောက်တဲ့ အထိပါပဲ…

ဟုတ်တယ်လေဗျာ. စဉ်းစားကြည့်… ဒီဖက်ကနေ စက်ဘီးဆိုင်ကယ်တွေ ၀ီးခနဲ ဖြတ်သွားတယ်. ဖလားကို မြှောက်ခါမြှောက်ခါနဲ့ အလှူလှမ်းခံရတယ်. စက်ဘီးသမားတွေကတော့ အေးအေးဆေးဆေးလေးပဲ ဖလားထဲကို လှမ်းထည့်သွားတတ်ကြပေမယ့် ဆိုင်ကယ်သမားတွေကျတော့ တစ်ချို့တွေက အရှိန်သိပ်မလျှော့ပေးဘူး. ရှောင်ရတယ်. ရှားရတယ်. သူတို့က ခပ်လှမ်းလှမ်းရောက်မှ ပိုက်ဆံကို ချခဲ့ရင် သွားပြေးကောက်ရတယ်. ဒီကြားထဲ ချခဲ့တဲ့ ပိုက်ဆံပေါ်ကို ကားက ဖြတ်မောင်းသွားရင် လေနဲ့အတူ အဝေးကို လွင့်သွားပြန်ရော… အဲဒါလိုက်ကောက်ရတယ်. ပြီးတော့ ကိုယ့်နေရာကို ပြန်ပြေးလာပြီး နောက်ထပ်ဖြတ်လာမယ့် လူတွေကို လှမ်းမျှော်ရတယ်.

ပုဆိုးမကျွတ်ဘဲနေမလားလို့…

ဆရာမတွေကလည်း ကြင်နာပါတယ်.

“ဟဲ့. ရန်အောင်. နင် ဟိုဖက်သွားတာ. ဒီဖက်က လူနှစ်ယောက် လွတ်သွားပြီ…” တဲ့လေ..

ဟတ်ဟတ်ဟတ်…

အားးးးး

ကျွန်တော် အရမ်းလွမ်းသွားတယ်ဗျာ… ပြောရရင် ပြောစရာတွေက ထွက်ပြီးရင်းထွက်လာတော့တာပဲ… ဒီပို့စ်လေးကို အဆုံးသတ်နိုင်မှာကို မဟုတ်တော့ဘူး.

မြို့လေးက သိပ်မကြီးလှပေမယ့် သူ့ဟာနဲ့သူ ပြည့်စုံကြွယ်ဝနေတဲ့ အေးချမ်းတဲ့ မြို့လေးတစ်မြို့ပါ. စာရေးဆရာမ ဂျူးရဲ့ “ကျွန်မချစ်သော မြို့တစ်မြို့” ဆိုတာလေးကို သွားသတိရမိတယ်.

ကုန်းဆင်းကုန်းတက် လမ်းသွယ်လေးတွေ၊ မြင်းလှည်းလေးတွေ၊ စက်ဘီးဆိုင်ကယ်လေးတွေနဲ့ အတူတူ ညနေခင်း ဆည်းဆာ တိမ်တောက်ချိန်မှာ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှတဲ့ မိတ္ထီလာကန်တော်ကြီးရဲ့ မြင်ကွင်းလေးတွေ…..

နဂါးရုံဘုရားနားမရောက်ခင် ကန်စပ်နားမှာ ရှိတဲ့ ဗူးသီးကြော်ဆိုင်လေးတွေ..

အဲဒါတွေကို ကျွန်တော်အခု ထူးထူးခြားခြား လွမ်းဆွတ် သတိရနေမိတယ်ဗျာ….

….



နဂါးရုံဘုရား၊ မိတ္ထီလာကန်တော်နှင့် ရေလယ်ဘုရား



“တန်ဆောင်းပြသာဒ် ကျောင်းဇရပ်တွေနဲ့
ကောင်းမြတ်မနသီ ရွှင်ကြည်မနောဝယ်
ရေကြည်လျှမ်းမြ ကန်စ၀ယ်
ညနေယူ...
နှမမေပျို ရေချိုခပ်တယ်
အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်ညောင်းလို့ရယ်..”


ဘယ်အရာမှတော့ အပြစ်ကင်းစင်တယ်ဆိုတာ မရှိပါဘူးလေ…

ကျွန်တော်ချစ်တဲ့ မြို့လေးမှာလည်း ကောင်းတဲ့လူတွေ ရှိသလို ဆိုးတဲ့လူတွေလည်း ရှိတာပဲပေါ့. ဒါပေမယ့် အားလုံးခြုံကြည့်လိုက်ရရင် ကျွန်တော် ထီလာမြေကို ချစ်တယ်. အေးချမ်းတယ်. စီးပွားရေး ဖွံ့ဖြိုးတယ်. ဘာသာရေးကိုင်းရှိုင်းကြတယ်. ပညာရေးကောင်းမွန်တယ်. ကြိုးစားအားထုတ်မှုနဲ့လည်း ပြည့်စုံတယ်.

အဲ…. လူမိုက်လည်း ပေါတယ်…း)

မန္တလေးသင်္ကြန်မှာ တစ်ခါ လည်တုန်းက ကျုံးဘေးနားမှာ ရန်ပွဲတစ်ပွဲနဲ့ သွားကြုံတယ်. ဟိုဖက်က တုတ်ကြီးကိုင်ပြီး လိုက်ရိုက်တဲ့ကောင်က ဘာပြောတယ်မှတ်လဲ…

“မိတ္ထီလာသားကွ…” တဲ့လေ…

….

အခုဆိုရင် ၀ါတွင်းပေါ့…

အရင်လို ဆွမ်းလောင်းပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပစည်ကားနေမြဲ ရှိနေမလား…

တော်သလင်းလမှာ ကျင်းပမြဲဖြစ်တဲ့ လှေပြိုင်ပွဲအတွက် မိတ္ထီလာကန်တော်ထဲမှာ လှေလှော်ကျင့်နေကြမှာလား..

ဒီနှစ် ဖောင်တော်ဦးဘုရားပွဲကရော အရင်လို စည်ကားသိုက်မြိုက်နေဆဲပဲလား..

နောက်ပေါက်လူငယ်တွေ လူကြီးနေရာတွေကို ၀င်ယူလို့ ချစ်စရာကောင်းလှတဲ့ မြန်မာ့ယဉ်ကျေးမှုလေးတွေကို လက်ဆင့်ကမ်း သယ်ယူသွားကြလေမလား…

ကျွန်တော်ချစ်တဲ့ မြို့လေးကရော အရင်လိုပဲ အေးချမ်းတည်ငြိမ်နေမလား…

အဲဒီ့အတွေးလေးတွေနဲ့အတူ ကျွန်တော်တစ်ယောက် ချစ်စရာကောင်းလှတဲ့ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းလေးတွေအကြောင်းကို အမိမြန်မာပြည်နဲ့ အလှမ်းကွာခြားလှတဲ့ ဟိုးအဝေးကြီးတစ်နေရာကနေ လွမ်းဆွတ်တမ်းတနေမိခဲ့တယ်ဗျာ….


“ဘယ်သူတွေဖျက် မပျက်ခဲ့ပါ ကမ္ဘေကမ္ဘာ၀ယ်
အလှူရေစက် လက်နဲ့မကွာ စေတနာကြွယ်
မြန်မာတို့ရင်ထဲ သဒ္ဒါမချို့လေတယ်.
ပသာဒတွေ မယွင်းမစောင်း…
သဘာဝအခြေ အတင်းမပြောင်း….
အသင်းအပေါင်း ကြည့်လေကွယ် ကြည့်လေကွယ်. သိစေမယ်.
ဟန်မတင်း…
မာန်မပြင်း…
ဖန်ဆင်းသည့် ပရိယာယ်မရှိတယ်..
လာလော့ဧည့်သည် ရှုလော့ဧည့်သည်…
ကမ္ဘာတူတွင်း…
ဗမာပျူရင်း
မြန်မာရှုခင်း
မြန်မာစိတ်ရင်း အစင်းသိရမယ်…”


(နောက်တစ်ခေါက်ကျရင် မန္တလေးအကြောင်းရေးမယ်ဗျာ. :) )

The pictures are the courtesy of National Geographic Magazine and Travel.webshots.com.

Thursday, October 09, 2008

မ - ၂



“မ”…

လွမ်းတယ်ဆိုတာ လုပ်ယူလို့ မရစကောင်းပေမယ့်
ချစ်သူကို အူတိုအောင်တော့ “မ” က လုပ်တတ်နေတယ်နော်.

ရယ်လိုက်စမ်းပါ
ထုံးစံအတိုင်း ဟတ်ဟတ်ပက်ပက်နဲ့ပေါ့
ပြောလိုက်စမ်းပါ
ကျွန်တော် ဘယ်လိုနေမလဲ ကလိချင်လို့ ဆိုပြီးတော့ပေါ့
ခနဲ့လိုက်စမ်းပါ
ဒီလိုစကားမျိုး ဘယ်နှစ်ယောက်ကို ပြောပြီးပြီလဲလို့…

ရင်ထဲက ဖြစ်တည်လာတဲ့ အချစ်
နေ့စဉ်နေ့တိုင်း “မ” အတွက် ဆန်းသစ်နေမြဲပါ.
ဆီမထည့်ထားတဲ့ လှည်းဝင်ရိုးလို တအီအီအသံထွက်ပြီး
တီတီတာ စကားတွေနဲ့
အရှက်မရှိ မချွဲနွဲ့တတ်ဘူး.
ဆယ်မိနစ်တစ်ခါ ချစ်လှပါချည်ရဲ့ ဆိုပြီး
အော့ဖ်လိုင်း မက်ဆေ့ခ်ျတွေ ထားတတ်တဲ့ ပလေယာ
ကျွန်တော် မဟုတ်ခဲ့ပါဘူး..
တစ်ပွဲတစ်လမ်း အကဲစမ်းလို့
ပေါက်တော့လည်း စံ မပေါက်တော့လည်း ကံဆိုပြီး
ရွှေထီးဆောင်းရကောင်းနိုး မျှော်ကိုးရင်း
“မ” အနား ချဉ်းကပ်ခဲ့တာလည်း မဟုတ်ဘူး…

တစ်နေ့လုံး ခွဲခွာ အလုပ်မှာ စိတ်ကိုနှစ်လို့
လစ်ဟာချိန်တောင် မရှိတဲ့ ကျွန်တော့်အတွက်
တစ်ရက်တာရဲ့ အဆုံး နေလုံးကြီး ကွယ်ပျောက်ခါမှ
“မ” ကို တင်းပြည့်ကြပ်ပြည့် လွမ်းမောခွင့် ရတာပါ.

ဒါတွေကို မသိလို့ပဲလား
မသိချင်ခဲ့တာလား
ကျွန်တော့် ရင်ထဲ ဘယ်လိုနေမယ် သူ မစာနာ
တစ်ခြားယောင်္ကျားသားတွေ အကြောင်း ပြောပြရင်း ခဏခဏ ကလိတတ်တဲ့
“မ” ကိုလေ….
ကျွန်တော်က…
တစ်ခါတစ်လေ လက်သီးနဲ့ ပိတ်ထိုးလိုက်ချင်သလို
တစ်ခါတစ်လေမှာတော့ ရင်ခွင်ထဲ ထွေးဖက်ပြီး
ဆံနွယ်လေးတွေကို မြတ်နိုးစွာနဲ့ ပွတ်သပ်ပေးနေချင်တယ်…
အဲဒီ့ တစ်ခါတစ်လေ နှစ်ယောက်
ကမောက်ကမ ခဏခဏဖြစ်ရတာလည်း မရေတွက်နိုင်အောင်ပါပဲလေ.

ဘာပဲဖြစ်ဖြစ်ပါ…
သူများတကာလို အချိန်ပြည့် ချစ်သူနား မရှိနေနိုင်ခဲ့ပေမယ့်
နေခြည်ဖြိုးဖြောက် မိုးသောက်ချိန်မှာတော့
“မ” ရဲ့ မေးလ်ဘောက်စ်လေးက
မောနင်းနုတ်စ်လေးတစ်ခုကို သိမ်းပေးထားနေမှာပါ.

“မောနင်း “မ”
ညက အိပ်ပျော်ရဲ့လား..
စောင့်နေသေးတယ်.
ကားကောင်းကောင်းမောင်းနော်.
အလုပ်မှာ အဆင်ပြေပါစေ…
သတိရနေပေးပါ
လွမ်းနေမယ်နော်…

..
.”

လွမ်းမောစရာ ညနေခင်းတွေမှာတော့
“မ” ရဲ့ ဖုန်းလေးက မက်ဆေ့ခ်ျတစ်ခုကို ရနေမှာပါ.

“I miss you sooooo much, Ma….
Can’t help missing you…
Wish u were here…
Can’t wait to talk to u soon…
...
..
.”

ဟုတ်တယ် “မ” ရယ်…

ချစ်တယ်ဆိုတာ သူ့အလိုလို ဖြစ်လာတတ်ပေမယ့်
ချစ်သူကို ချစ်စိတ်တွေ တဖွားဖွား
အင်နဲ့အားနဲ့ ဆက်လက်ဖြစ်ပေါ်နေအောင်တော့
“မ” ဆိုတဲ့…
ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူက
ပြုစားတတ်နေစွမ်းခဲ့တယ်…

တစ်ခါတစ်လေတော့လည်း စိတ်မကောင်းဘူး
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကို လွမ်းရတာတောင်
ဟန်ဆောင်ပန်ဆောင် ထိန်းသိမ်းနေရတယ်.
ဇီးကွက်တစ်ကောင် အော်လိုက်တိုင်း
“ကြည့်ကွက်! ကြည့်ကွက်!” လို့ ကြားမိနေသလို
“မ” ကို ကျွန်တော် လွမ်းနေတာ
ဘယ်သူကများ ရိပ်မိသွားပြီလဲ
မလုံမလဲနဲ့ ကွက်ကြည့်ကွက်ကြည့် လှည့်ပတ်ကြည့်နေရတာပါ.
ဒါကိုမှ “မ” က အလိုက်မသိ
ချဉ်းကပ် ပတ်သက်လာတဲ့ ပျားပိတုန်းတွေအကြောင်း
မြိန်ရည်ယှက်ရည် ဖောက်သည်ချတော့
နှလုံးသားဟောင်းလောင်းပေါက်နဲ့ နားထောင်နေရတဲ့ ကျွန်တော်ရယ်လေ…
ကိုယ့်ပါးကိုတောင် ယောင်ပြီး ရိုက်မိလိုက်သလိုပဲ.

ဟော..
ရယ်ပြန်ပြီ…
ရယ်ပါ ချစ်သူရယ်
ရယ်လိုက်စမ်းပါ…


လွမ်းတယ်ဆိုတာ လုပ်ယူလို့ မရစကောင်းပေမယ့်
ချစ်သူကို အူတိုတတ်အောင်တော့ “မ” က လုပ်တတ်နေစွမ်းတယ်…
လွမ်းလိုက်ရတာ “မ” ရယ်……

(ရေခဲငှက်)

Tuesday, October 07, 2008

Pagemaker, InDesign နှင့် ဇော်ဂျီ...

Pagemaker မှာ ဇော်ဂျီဖောင့် သုံးလို့ ရမရ တစ်ယောက်ကမေးလာတာကြောင့် ကျွန်တော် pagemaker ကို ဒေါင်းလုပ်ချပြီး စမ်းကြည့်ပါတယ်. အဆင်မပြေပါဘူး. နောက်ဆုံး အကြံကုန်လာတာနဲ့ Alpha Mandalay က ဦးရဲမြတ်သူဆီကို အီးမေးလ်ပို့ပြီး မေးမြန်း အကူအညီတောင်းကြည့်ပါတယ်. ကျွန်တော့်အထင် ၁၅ မိနစ်လောက် အတွင်းမှာပဲ ဦးရဲမြတ်သူဆီက စာပြန်လာပါတယ်.

ကျွန်တော်တစ်ယောက်တည်းအတွက်သာမက အများအတွက်ပါ အကျိုးများစေနိုင်မယ့် သိမှတ်ဖွယ်ရာ ဗဟုသုတလေးတွေ ပါနေတာကြောင့် ဦးရဲမြတ်သူဆီက ခွင့်တောင်းပြီး အားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ.

တတ်သိနားလည်သူများအနေနဲ့ ကော်မန့်မှာ ပါဝင်အကြံပြုဆွေးနွေးပေးဖို့လည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်.

မင်္ဂလာပါ ကိုရန်အောင်


Pagemaker ဟာ ကျွန်တော်တို့မှီသမျှပြောရရင် windows 3.1 တုန်းက ပိုင်ရှင်တစ်ဦးပါ။ ဒီအရင်ကတော့ apple မှာ ဘဲရှိပါတယ်။aduld လားမသိပါ။ နောက် adobe ကနေဝယ်လိုက်ပါတယ်။ adobe ဟာ pdf တွေ photoshop တွေ ထုတ်တဲ့ software ဆရာကြီးပါ။ နောက်ပြီးသူ့လက်ထဲမှာ Pagemaker ဆိုတဲ့နာမည်နဲ့ version အသစ်မထုတ်ဘဲ InDesign ဆိုပြီးထုတ်ပါတယ်။ InDesign ဟာ Pagemaker file ကို ဖတ်ပါတယ်။ unicode လဲ support လုပ်ပါတယ်။

ခင်ဗျားမှတ်မိသေးလားတော့မသိဘူး အရင်က foxpro ကို တော်တော်သုံးခဲ့ကြရာက Microsoft က ဝယ်တယ် ပြီးတော့ access ကို ဆွဲတင်ပြီး fox ကိုထားခဲ့ပါတယ်။ ဒီလိုဘဲ wordperfect ကို corel draw ကဝယ်တယ် xera ကို ဝယ်တယ်။ market ဝေစုပြိုင်ကြပေါင်းကြ လုကြတာပါ။

ဆိုလိုချင်တာက VB6 မှာတုန်းက MS လည်း unicode support မလုပ်ပါဘူး dotnet ခေတ်ကျမှလုပ်ပါတယ်။ Pagemaker လည်း သူ့ခေတ်မှာ unicode မရှိပါဘူး unicode ခေတ်ကောင်းလာတာ မကြာသေးဘူးလို့ပြောလို့ ရပါတယ်။ Microsoft တောင် အရင် office တွေ မှာ windows မှာ multilanguage အတွက် unicode မသုံးပါဘူး၊ အခြား encode standard တွေရှိပါတယ်။ ဒီတော့ Pagemaker ဟာ unicode ကို အဲဒီနာမည်သုံးစဉ် support မလုပ်ဘူးဆိုနိုင်ပါတယ် adobe လက်ထဲရောက်တော့ Pagemaker အမည်ကနေ InDesign လို့လဲပြောင်းရော မြန်မာတွေက လိုက်မသုံးကြတော့ပါဘူး အစွဲအလန်းကြီးတယ်လေ။

တကယ်လို့သာ Pagemaker 10 တို့ ဘာတို့ဆိုပြီးထုတ်ရင်တော့ သုံးကြမယ်လို့ထင်ပါတယ်။ InDesign ဟာ world Publishing လောကရဲ့ပြောင်းလဲလာတဲ့ trend အတွက်ထုတ်တာဖြစ်လို့ မြန်မာနဲ့ ကိုက်ချင်မှကိုက်ပါမယ်။ သူ့မှာ font converter ကအစ script management တွေအဆုံး အရမ်းကောင်းတာတွေပါပေမဲ့ software အလကားရနေတာတောင် စမ်းသုံးခံရတာ နည်းနေပါသေးတယ်။

ဇော်ဂျီနဲ့ပတ်သက်လို့ကတော့ ဇော်ဂျီဟာ ကျွန်တော်ပိုင်မဟုတ်ဘဲ သုံးစွဲသူများအားလုံးပိုင်တဲ့ web 2.0 ပစ္စည်းတခုပါ။ အားလုံးကောင်းဖို့ ဝိုင်းလုပ်ကြတာကို ချီးကျူးပါတယ်။
ကျွန်တော်အာမခံနိုင်တာတစ်ခုက 5.1 ပေါ်လာတာ လမ်းအသစ်တခုပါ။ ဇော်ဂျီမပျောက်နိုင်ပါဘူးဆိုတာပါပဲ။

ဇော်ဂျီမပေါ်ခင်ကတည်းက myanmar font storage standard ဆိုတာရှိပါတယ် 4.1 ပါ 3 years ကြာခံပါတယ်။ သုံးတဲ့သူသာသိပ်မတွေ့ရတာပါ။ သူလည်း ရရစ် တစ်ခုတည်းသိမ်းပြီးပြောင်းပေးပါတယ်။

အခု 5.1 ပေါ်လာတာလည်းကောင်းပါတယ်။ MS office 2007 မှာ 5.1 fully support လုပ်ပါတယ်။ သိုသော် zawgyi ကို လက်ခံပါတယ်။ ဇော်ဂျီရိုက်မရအောင် MS google စတာတွေက မလုပ်ဘူးလို့ ကျွန်တော်ယုံတယ်။ မြန်မာ အချို့ကတော့ ဒီလိုဖြစ်အောင် လုပ်ကောင်းလုပ်နိုင်ပါတယ်။

ဇော်ဂျီကို အာမခံတာဟာ 5000-10000 ကြားမှာရှိတဲ့ web content တွေကြောင့်ပါဘဲ။ လက်ရှိအချိန်မှာ migration stage ကိုမကျော်ဘဲ encode စနစ်အသစ် မဖြစ်နိုင်လို့ပါ။ ဇော်ဂျီနဲ့ပတ်သက်လို့ နည်းနည်းပါးပါးပြောင်းချင်တာတောင် user group ကြီးကြောင့် keyboard input မှာဘဲ လွတ်လွတ်လပ်လပ်ပြောင်းရပါတယ်။

ရေးချင်တာက DTP မှာ Ascii ကို zawgyi ရော unicode ကရော နေရာဝင်မယူနိုင်သေးဘူး၊ ဇော်ဂျီယူတာနေရာအသစ်။ ဒီလိုပဲ 5.1 ပေါ်လာရင် သူနေရာရမရတော့ မသေချာသေးဘူးရခဲ့ရင်လဲ အသစ်ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ကျွန်တော်တို့ဆီမှာ standard လုပ်သူမရှိတော့ Ascii က စံမဟုတ်တဲ့ မြန်မာစာ ဖြစ်နေတယ်။

တကယ်တော့ နိုင်ငံတကာမှာ Ascii standard ရှိ တယ်။ zawgyi လဲ nonrendering unicode ဒီဖက်တိုစတန်းဒတ်ဘဲ၊ render မရှိလို့ standard မဖြစ်ရဘူးဆိုရင် ၊ mobile phone, MP3, mp4 player, DVD , sattlite resiver, poctet PC,.....industial using myanmar font,....စတာတွေလည်း ဘယ်တော့မှ စတန်းဒတ်နဲ့မဖြစ်လာနိုင်ဘူး။
ပြောရင်းရှည်သွားပြီ။ ဆိုလိုချင်တာ က solution ကို ရောင်းကြတဲ့ ခေတ်မှာ အစွဲကင်းသင့်တယ်။

Pagemaker ကအဆင်ပြေရင် Ascii OK ရင် မပြောင်းစေချင်ဘူး DTP မှာ ပြောင်းဖို့ လိုရင် word သို့မဟုတ် InDesign လို ဘက်ကိုလေ့လာစေလိုတယ်။ searchable ဖြစ်မယ် unicode အစွမ်းနဲ့။ zawgyi လဲ type phase design 4 ခုထပ်ထွက်ဖို့ ရှိတယ် dtp မှာ OK သို့ သော် web မှာ ဖောင့်မရှိရင် လေးထောင့်အတုံးလေးတွေ မပေါ်အောင် family font ကိစ္စစမ်းနေကြတယ်။

စာရှည်သွားပြီ

ရဲမြတ်သူ

Sunday, October 05, 2008

ရွှေရောင်တစ်စက္ကန့်အကြောင်း...

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.

ကျွန်တော်လည်း တော်တော်လေးကို စာဖတ်ပရိသတ်နဲ့ အလှမ်းကွာသွားခဲ့တာ ကြာပါပြီ. စာရေးဖို့ စိတ်ကူးစိတ်သန်းတွေ ကွန့်မြူးပေမယ့်လည်း တကယ်တမ်းရေးမယ်ဆိုတော့ မရေးနိုင်ဖြစ်နေခဲ့တယ်ဗျာ. စိတ်နဲ့လူနဲ့ မကပ်တာပဲလား. အာရုံစူးစိုက်လို့ မရတာပဲလားလို့ ကိုယ့်ကိုယ်ကို အပြန်ပြန်အလှန်လှန် ဆန်းစစ်မိပါတယ်. “အကြောင်းရှာတော့ ခေါင်းမှာချာချာလည်” ဆိုသလို ဖြစ်နေခဲ့ရတာပေါ့ဗျာ. :)

ဒီကြားထဲမှာ အွန်လိုင်းလည်း သိပ်မတက်၊ ဂျီတော့ခ်လည်း မထိုင်၊ ဘလော့ဂ်လည်း မရေးဘဲ တစ်ယောက်တည်း အတတ်နိုင်ဆုံး နေနိုင်အောင် ကြိုးစားရင်း ကျွန်တော် ကောင်းကောင်းမသိခဲ့ရတဲ့ ကျွန်တော့်အကြောင်းကို သေချာမေးခွန်းထုတ် အင်တာဗျူးနေခဲ့မိတယ်. နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ လိုအပ်ချက်ကို ကျွန်တော်တွေ့လိုက်ရပါတယ်.

ဘာလဲဆိုတော့...

ကျွန်တော်ဟာ ကောင်းတာကို လုပ်ချင်ပေမယ့် အဲဒီလို ကိုယ်လုပ်လိုက်တာကို လူသိပ်သိစေချင်နေတာ၊ လူချီးမွမ်းခံချင်နေတာကို တွေ့လိုက်ရတာပါပဲ.

ဟုတ်တယ်ဗျ.

ကျွန်တော်က သိပ်ကို အမှတ်တွေ လိုချင်နေခဲ့တာကိုး. ဒါကြောင့်လည်း ကိုယ်မျှော်လင့်သလိုတွေ ဖြစ်မလာတဲ့အခါ၊ ကိုယ်လိုချင်တဲ့ ချီးမွမ်းခြင်းတွေ အစား ကဲ့ရဲ့ ရှုံ့ချခံရတာတွေကို ပြန်ရလာတဲ့အခါမှာ ကျွန်တော်တစ်ယောက် ၀မ်းနည်းပက်လက်ဖြစ်ပြီး စာလည်း မရေးနိုင်၊ စိတ်လည်း မရွှင်ပျနိုင် ဖြစ်ခဲ့ရတယ်.

အကျိုးရလာဒ်အနေနဲ့ ကျွန်တော့်ရဲ့ စွမ်းအင်တွေ၊ သိထားတတ်ထားတဲ့ ပညာတွေကို ထိထိရောက်ရောက် အသုံးမချနိုင်၊ မမျှဝေနိုင် ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မကျန်းမာသလို ဖြစ်လာခဲ့ရတယ်. တစ်ယောက်တည်းပဲနေပြီး “ငါ ဒီလောက် လုပ်ပေးရက်သားနဲ့ကွာ...” ဆိုပြီး တစ်စုံတစ်ခုကို မကျေမချမ်းနိုင် ဖြစ်နေခဲ့ရတယ်.

ဒါက တစ်ပိုင်းပါ. ထားတော့...

ဒီရက်ပိုင်းတွေအတွင်းမှာ ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ကို ကျွန်တော်သေသေချာချာ လေးလေးနက်နက် စဉ်းစားနေခဲ့မိတယ်. ဒီမနက်ခင်း အလုပ်ကို အသွား ရေဒီယိုက သတင်းတစ်ပုဒ် လွှင့်ပါတယ်.

မနက် ၆ နာရီ ကျော်ကျော်လောက်မှာ ၁၄ လမ်းကို ဖြတ်ကူးတဲ့ ၂၆ နှစ် အရွယ် အမျိုးသမီးနှစ်ယောက်ကို အ၀ါရောင် တက်စီကား တစ်စီးက ဒီဖက်က တိုက်လိုက်ပြီး နောက်တစ်စီးက တစ်ခြားတစ်ဖက်က ဖြတ်တိုက်လိုက်တာ နှစ်ယောက်လုံး ပွဲချင်းပြီး သေသွားခဲ့တယ်တဲ့...

ပထမဦးဆုံး အံ့ဩတာက နံပါတ်တွေပါပဲ. အဲဒီ့နံပါတ်တွေအားလုံးဟာ ကျွန်တော့်ကို ထူးထူးခြားခြား ခြောက်လှန့်နေခဲ့တယ်. အဲဒီ့နံပါတ်တွေဟာ ကျွန်တော့်အတွက် ထူးခြားခဲ့ဖူးတဲ့ နံပါတ်တွေပါပဲ.

ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိတယ်.

“အခုနေသာ ငါသေသွားခဲ့ရင်..............”


ကျွန်တော် အရာရာကို အဆုံးစွန်အထိ လျှော့ချလိုက်ခဲ့တယ်.

ကိုယ့်ကိုယ်ကိုလည်း မကြာခင်မှာ သေရတော့မယ့် လူတစ်ယောက်လို မြင်လိုက်မိတယ်.

ကျွန်တော် ဒီလောကကြီးထဲကနေ ဗြုန်းဆို ရုတ်တရက် ထွက်ခွာသွားခဲ့ရရင် ကျွန်တော် ဘာတွေ မလုပ်ခဲ့လိုက်ရလေခြင်းလို့ နောင်တရမိနေမလဲ တွေးနေမိရင်း ကျွန်တော့်ရဲ့ ဒိုင်ယာရီ စာအုပ်လေးထဲက မကျေနပ်မှုတွေ၊ နောင်တတွေ၊ ခံပြင်းနာကျည်းစိတ်တွေ၊ ဒေါမနဿတွေကို အိမ်ရှေ့တံခါးဝဆီကို ချော့ခေါ်ရင်း တသွင်သွင်စီးဆင်းနေတဲ့ အချိန်မြစ်ကြီးထဲကို စီးမျှောပစ်လိုက်ခဲ့တယ်.

အားလုံးတော့ ဘယ်ကုန်နိုင်ပါ့မလဲဗျာ. နော်. မကုန်နိုင်သေးသလို အသစ်အသစ်တွေလည်း ထပ်ဖြစ်ဖို့ ရှိနေသေးတာပဲ.

ဒါပေမယ့် ကျွန်တော် တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ယောက်ထက်ပိုတဲ့ တစ်စုံတစ်ယောက်များကို အခဲမကျေစိတ်တွေ၊ တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ရာထက် ပိုတဲ့ တစ်စုံတစ်ရာများအတွက် ခံပြင်းဝမ်းနည်းစိတ်တွေကို အတိုင်းအတာတစ်ခုအထိ ငြှိမ်းသတ်လိုက်ခဲ့တယ်.

အဲ့ဒီ့လို တွေးလိုက်မိတာနဲ့ တပြိုင်နက် ကျွန်တော် ပိတ်မိနေခဲ့တဲ့ ချောင်လေးတစ်ချောင်ကနေ လွတ်မြောက်ရုန်းထွက်လာသလို ခံစားလိုက်ရတယ်.

ကျွန်တော် လုပ်ချင်တာတွေ အများကြီး ရှိသေးသလို လုပ်ချင်စိတ်တွေလည်း ပြန်လည် ရှင်သန်လာခဲ့တယ်.

တစ်ချိန်က မှားခဲ့ဖူးတဲ့ အမှားမျိုးတွေကို ရင့်ကျက်မှုတွေက အစားထိုး ပြုပြင်သွားနိုင်မယ်လို့လည်း ကိုယ့်ကိုယ်ကို ပြန်လည် အားပေးနှစ်သိမ့်ရင်း မှန်ထဲမှာ မြင်နေရတဲ့ “ဘလော့ဂါရန်အောင်” ဆိုတဲ့ လူတစ်ယောက်ကို စေ့စေ့စိုက်ကြည့်နေခဲ့မိတယ်.

ငွေကြေးစည်းစိမ်ထက် အများကြီး တန်ဖိုးရှိတဲ့ ဘ၀အတွေ့အကြုံတွေကို ဆည်းပူးလေ့လာခွင့် ရခဲ့တဲ့အတွက်လည်း ကျွန်တော် ဒီ ဘလော့ဂ်လောကကြီးထဲက လူကြီးလူငယ်အားလုံးကို ကျေးဇူးတင်ပါတယ်.

လူတစ်ယောက် ပြောင်းလဲဖို့ အချိန်ဘယ်လောက်လိုသလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တစ်ခုကို ဆရာ တာရာမင်းဝေရဲ့ စာအုပ်လေးတစ်အုပ်မှာ ကျွန်တော် ဖတ်ခဲ့မှတ်ခဲ့ဖူးတယ်ဗျ.

အကျဉ်းချုပ်ကတော့ လူတစ်ယောက် ပြောင်းလဲဖို့ အချိန်တွေ အများကြီး လိုတယ်လို့ ပြောကြတယ်. တကယ်တမ်းကျတော့ အဲဒီ့လို ပြောင်းလဲဖို့ အချိန်တစ်စက္ကန့်ပဲ လိုတာပါတဲ့လေ. အဲဒီ့တစ်စက္ကန့်ကို မရောက်ခင် ဒီဖက်ခြမ်းမှာ အဲဒီ့လူဟာ အတွေးအခေါ်ဟောင်းတွေနဲ့ ရှင်သန်နေဆဲ၊ ပိတ်လှောင်မိနေဆဲ ဖြစ်ပေမယ့် အဲဒီ့တစ်စက္ကန့် (ရွှေရောင်စက္ကန့် (သို့) Golden Second) လေးကို ကျော်လွန်သွားချိန်မှာ ခုနက လူဟာပဲ အတွေးအခေါ်သစ်တွေ၊ ပြောင်းလဲသွားတဲ့ စိတ်နေစိတ်ထားတွေနဲ့ လူသစ်စိတ်သစ်တစ်ယောက် ဖြစ်သွားခဲ့တယ်တဲ့.

ဒါကြောင့် လူတစ်ယောက် ပြောင်းလဲဖို့ အချိန်ဘယ်လောက် လိုသလဲဆိုရင် တစ်စက္ကန့်ပဲ လိုတာပါတဲ့လေ.

ခြွင်းချက်လေးတော့ ရှိတာပေါ့. အဲဒီ့ တစ်စက္ကန့်ကို ရောက်ဖို့ ဒီတိုင်း ထိုင်နေရုံနဲ့မှ မရတာ. သင့်တော်တဲ့ တွေးခေါ်ဆန်းစစ်မှုတွေ၊ ဆည်းပူးလေ့လာမှုတွေ၊ ဝေဖန်ပိုင်းခြားမှုတွေနဲ့ ကိုယ့်ကိုယ်ကိုတော့ develop လုပ်နေသင့်ခဲ့တာပေါ့. ဒါပေမယ့် တကယ်တမ်း ပြောင်းလဲသွားဖို့ ကြာတဲ့ အချိန်ကတော့ တစ်စက္ကန့်ပါပဲတဲ့လေ.

ကျွန်တော့်မှာ ရှိတဲ့ လိုအပ်ချက်၊ အားနည်းချက်ဟာ ကျွန်တော့်ရဲ့ အားသာချက်တစ်ခု ဖြစ်လာစေ့ရမယ်လို့ ကိုယ့်ကိုယ်ကို မခံချင်စိတ်နဲ့ ပြန်အားပေးရင်း ကျွန်တော့်ကို Golden second လေး ဖြစ်စေခဲ့တဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို ပြန်လည် ဖော်ပြချင်ပါတယ်.

“အမရပူရမြို့ မဟာဂန္ဓာရုံကျောင်း ဆရာတော် အရှင် ဇနကာဘိဝံသ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်မှာ “၀မ်းနည်းဝမ်းသာ မများပါ” လို့ ရေးထားတာကို အမြဲသတိရပါတယ်။ ၀မ်းနည်းဝမ်းသာ မများအောင် သတိထားပါတယ်။ ၀မ်းနည်းဝမ်းသာများရင် လုပ်သင့်တာတွေကို လုပ်ဖို့ အချိန်နည်းသွားမယ်။
ပင်လယ်ထဲမှာ လှိုင်းမထန်တဲ့အခါ ဘယ်သူမဆို သင်္ဘောပဲ့ကိုင်နိုင်ပါတယ်။ လှိုင်းထန်နေတဲ့အခါမှာ ပဲ့ကိုင်နိုင်မှ ကျွမ်းကျင်တဲ့ သင်္ဘောကပ္ပတိန်လို့ ဆိုနိုင်မယ်။
ကိုယ့်ဘ၀မှာ ဘယ်လောက်ပဲ လှိုင်းထန်ထန် ကိုယ့်ဘ၀သင်္ဘောကို မတိမ်းမစောင်းအောင် မမှောက်အောင် ထိန်းပြီး လိုရာခရီးကို ရောက်အောင် ပဲ့ကိုင်နိုင်ဖို့ လိုတယ်။ လှိုင်းထန်ပေမယ့် လိုရာခရီးရောက်အောင် ကိုယ့်ဘ၀ကို ပဲ့ကိုင်နိုင်ပါစေ....”

(ဆရာတော် ဦးဇောတိက၊ “ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း” အမှာစာ နောက်ဆုံးပိုဒ်)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်