Friday, March 28, 2008

ခွင့်ပြုပါ...

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.

ကျွန်တော် ဧပြီလဆန်းပိုင်း (သို့) ဒုတိယပတ်လောက် ကျမှပဲ ဘလော့ဂ်ဖက်ကို ပြန်လှည့်နိုင်ပါတော့မယ်. ခုတလော စာဖတ်စရာတွေ များနေတာရယ်၊ အလုပ်ကလည်း အချိန်ပြည့်လုပ်နေတာရယ်ကြောင့် စာမရေးနိုင် ဖြစ်နေပါတယ်.

အမြဲလာရောက် အားပေးဖတ်ရှုကြတဲ့ စာဖတ်ပရိသတ် မိတ်ဟောင်းမိတ်သစ်များ အားလုံးကို အမြဲတမ်း နွေးထွေးပျူငှာစွာ ကြိုဆိုနေမြဲပါ…

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

Monday, March 24, 2008

ဘလော့ဂ်မှာတစ်မူ...



ချစ်တဲ့သူငယ်လေ…
သူငယ်ချင်းကောင်း ဘလော့ဂါတို့ရေ…

သူများတွေမှာ
မပြတ်ခါခါ၊ ပို့စ်တင်နိုင်ကြတယ်
ကျွန်တော်ဘလော့ဂါ
နှစ်ပတ်ကြာတောင်၊ ဟိုယောင်ယောင်ဖြစ်
စိတ်တွေညစ်လို့၊ ဟိုပို့စ်ဒီပို့စ်
ရေးဖို့မလွယ်၊ ခက်သကွယ်နှင့်
“ဟင်း” ချလို့သာ မှိုင်ရတယ်…
အပိုင်သာတွေး၊ ပို့စ်ရေးနိုင်ပါတော့မလားဗျာ…

ဘလော့ဂ်မှာတစ်မူ
မတူအောင်တွေး၊ ရေးချင်သပေါ့ဗျာ…

ဘလော့ဂ်မှာထိပ်တန်း
အသွင်ဆန်းအောင်၊ လွမ်းပြချင်သပေါ့ဗျာ…

ဘလော့ဂ်မှာအထွတ်
အပြစ်လွတ်အောင်၊ ညွှတ်ပြချင်သပေါ့ဗျာ…

ရေးချင်လွမ်းချင်၊ ညွတ်စမ်းချင်လည်း
ပင်ပမ်းတစ်နေ့တာ၊ အားမကျန်တာမို့
ဘလော့ဂါဘ၀၊ ခပ်ခွာခွာနေရတော့တယ်

ဘလော့ဂ်မှာတစ်မူ
ခေါင်းမပြူနိုင်၊ မှိုင်ရပြီပေါ့ဗျာ…

ဘလော့ဂ်မှာ ထိပ်တန်း
စိတ်မလန်းနိုင်၊ ငိုင်ရပြီပေါ့ဗျာ…

ဘလော့ဂ်မှာ အထွတ်
ခေါင်းဂျွတ်တက်အောင်၊ ငေါင်ရပြီပေါ့ဗျာ…

ရေးမည်ကြံရွယ်၊ မူဟန်သွယ်နှင့်
တကယ်ထိုင်ချ၊ ပို့စ်ကိုစသည်
မရဥာဏ်ဆန်း၊ စိတ်ပင်ပန်းရုံ
စကားလုံးကုန်သည်မို့
သုန်မှုန်လက်ပိုက်၊ ခေါင်းကိုစိုက်ရင်း
ခေါင်းဗျင်းဗျင်းကုတ်၊ ခေါင်းရှုပ်သည်နှင့်
လုပ်ဇာတ်ကိုခင်း၊ ပျင်းကြောထကာ
ဆီဘောက်စ်မှာသာ၊ ခါခါအော်မည်
ဘီးဇီးသည်လေး……

အိုင်ချင်း ............. ရေခဲငှက်

Tuesday, March 18, 2008

EOT လုပ်ရတာ ခက်ခဲနေသူများအတွက်...

အားလုံးပဲ မင်္ဂလာပါ...

ကျွန်တော် ဒီညနဲ့ မနက်ဖြန်မှာ ဘလော့ဂ်တစ်ချို့အတွက် EOT လုပ်ဖြစ်ပါမယ်. တကယ်လို့ EOT လုပ်ရတာ ခက်ခဲနေတဲ့သူတွေရှိရင် ဒီပို့စ်လေးရဲ့ ကော်မန့်မှာ ဘလော့ဂ်လိပ်စာလေးတွေ ထည့်ပေးခဲ့နိုင်ပါတယ်. ထွက်လာတဲ့ ဖိုင်တွေကို ပြန်တင်ပေးပါမယ်. ကိုယ့်ဖာသာ တစ်နေရာရာမှာတော့ ပြန်ပြီး Hosting လုပ်ရမှာပေါ့ဗျာ. နော်.

ခင်မင်လေးစားလျက်

ရန်အောင်

Saturday, March 15, 2008

အဆိုးမဆိုနဲ့...



ငါမပြောတော့ဘူး
မင်း ပြောသင့်တယ်

ငါမပြောချင်ဘူး
မင်းမှမပြောရင် ဘယ်သူပြောမလဲ

ငါပြောတော့ပြောချင်တယ်
စဉ်းစဉ်းစားစားတော့ ပြောပေါ့ကွာ

ငါပြောပါရစေ
မင်းသဘောပဲလေ

ငါပြောမှဖြစ်တော့မယ်
သတိထားနော်. ဇွတ်မရမ်းနဲ့

စိတ်ကုန်တယ်ကွာ. ဘာမှမပြောချင်တော့ဘူး
အေးဆေးပေါ့. ပြောသင့်ပြောထိုက်တာကိုတော့ ပြောရမှာပဲလေ.

ငါ ပြောရမလား
ဒါ မင်းသဘောပါ. ငါ့အမြင်ကတော့ မင်းပြောဖို့ အချိန်မရောက်သေးဘူးထင်တယ်.

ပြောမယ်ကွာ
ပြောဟေ့ ပြော… ဖြစ်လာမှ ငါ့ကို အဆိုးမဆိုနဲ့…

lol

“ပြော” ဆိုသော စကားလုံးနေရာတွင် မိမိကြိုက်နှစ်သက်ရာ ကြိယာများ အစားသွင်း၍ ပြန်လည်ဆန်းသစ်နိုင်ပါသည်. ဥပမာ. “စား”၊ “လုပ်”၊ “သွား” စသည်....

Thursday, March 13, 2008

အနီရောင် ထောင်ချောက်



အသက်ရှူကြပ်လိုက်တာ…

ဘာလို့ ငါ့ကို ဟောဒီ့နံရံ အနီရောင်ကြီးတွေနောက်ဖက်ထဲ ပို့ထားရတာလဲ.

ငါ့ကို လွတ်လပ်စွာ နေထိုင်ခွင့်ပေးပါ.

ရက်စက်လိုက်ကြတာ. ငါ့အတွက် အိပ်စရာနေရာတောင် ကျယ်ကျယ်ဝန်းဝန်းမရှိ. စားစရာဆိုတော့လည်း သူကျွေးတာပဲ စားရတယ်. သူမစားရင် ငါမစားရတော့ဘူး. သူစားသမျှရဲ့ အကြွင်းအကျန်တွေကို ငါစားရတယ်.

ပြီးတော့ သူက ပြောသေးတယ်.

ငါ့ကို သိပ်ချစ်တာပဲတဲ့…

ငါဘယ်လိုယုံရမှာလဲလေ…

ဘာမှ လုပ်စရာ အထွေအထူးမရှိတော့လည်း အချိန်တော်တော်များများမှာ ငါအိပ်ပဲ နေခဲ့တယ်. ငါ နိုးနေတဲ့ အချိန်တွေမှာ တစ်ခါတစ်လေဆိုရင်ပေါ့. နံရံအပြင်ဖက် ခပ်လှမ်းလှမ်းမှာ ပြောနေကြတဲ့ အသံဗလံတစ်ချို့ ငါကြားကြားနေရတယ်. စကားသံလိုလို၊ ချော့မြှူသံလိုလို၊ ခြိမ်းချောက်သံလိုလို၊ တောင်းပန်တိုးလျှိုးသံလိုလို ဘာတွေမှန်း ငါမသိဘူး.

တစ်ခါတစ်လေတော့လည်း ငါသိပ်အားငယ်တာပဲ. ငါသိပ်ကြောက်တာပဲကွာ…

ငါ့ဘေးနားမှာ ဘယ်သူမှလည်း မရှိကြဘူး.

ငါ့ကို ထားတဲ့ အခန်းလေးကလည်း သန့်ရှင်းသပ်ရပ်မှု မရှိဘူး. အကျိအချွဲတွေနဲ့…

အားးးးးးးးးးး. ရွံ့စရာကောင်းလိုက်တာ..

ငါ ဒီလိုအခန်းကျဉ်းလေးထဲမှာ နေခဲ့ဖူးပါတယ်. ခဏခဏပဲလို့ ထင်ပါတယ်.

နံရံနီကြီးတွေရဲ့ အပြင်ဖက်ကိုရောက်တော့လည်း ပြင်ပကမ္ဘာရဲ့ ဖြားယောင်းသွေးဆောင်မှုတွေ အောက်မှာ သာယာမိန်းမူးနေခဲ့ပြီး ဒီနံရံနီကြီးတွေ ပြန်ခေါ်မယ့်ရက်ကို ငါမေ့လျော့နေခဲ့တယ်.

တကယ်တော့ ငါမိုက်လုံးကြီးတာပါ…

မသိဘူးကွာ… လောလောဆယ် ငါဗိုက်ဆာတယ်. ငါ့ကို တစ်ခုခုကျွေးပါ..

ငါ့အသံတွေကို ခြစ်ကုတ်ပြီး အော်ပစ်လိုက်တယ်.

သူတို့တွေ ကြားဟန်မတူပါဘူးလေ… ငါ့ရှေ့က နံရံနီကြီးတွေကို ငါ့ခြေထောက်နဲ့ ကန်ပစ်လိုက်တယ်.

အိုး……

မြေငလျင်လှုပ်တာလား…

နိုးနိုး.. ဘာဖြစ်တာလဲ… ငါ့အခန်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော်တွေ ဖြစ်သွားခဲ့တယ်.

ဟော… ဟော…

လာပြီ… အသံကြားနေရတယ်… တစ်စုံတစ်ခု ငါ့ဆီကိုချဉ်းကပ်လာနေခဲ့တယ်.

ငါနေတဲ့ အခန်းကျဉ်းလေးထဲကို စားစရာတစ်ချို့ ရောက်လာခဲ့တယ်. အငမ်းမရ ငါစားပြီးတော့ ပြန်အိပ်နေလိုက်တယ်.

လွတ်မြောက်ချင်ပြီကွာ… ဒီမှာဒီလိုချည်းပဲ စားလိုက်အိပ်လိုက်နဲ့ နေနေရတာ ငါပျင်းတယ်…

ငါ့ရဲ့ ဘ၀ဟာ ဘာလဲလို့ စဉ်းစားရလောက်အောင်လည်း ငါ့အသိဥာဏ်က မကြွယ်ဝသေးဘူးလေ.

အင်း. ဒီတစ်ခါ နံရံနီကြီးတွေ ငါ့ကို အပြင်ထွက်ခွင့်ပြုရင်တော့ စိတ်ဝင်စားစရာ ကိစ္စလေးတစ်ချို့ ငါလုပ်ကြည့်ရဦးမယ်. ဒါမှ ငါ့ကို ဒီနံရံနီကြီးတွေ ပြန်ခေါ်တဲ့တစ်နေ့၊ ဒီအခန်းကျဉ်းလေးထဲမှာ ငါ့ကို ထပ်မံ ချုပ်နှောင်ထားမယ့်နေ့ကျရင် ငါ့အတွက် စိတ်ဝင်စားစရာ တစ်စုံတစ်ခု ရှိနေမှာပေါ့…

အချိန်တွေရယ် တရွေ့ရွေ့နဲ့ပေါ့…. ငါလည်း ဒီဘ၀ထဲက လွတ်မြောက်ချင်စိတ်တွေ သိပ်ပြင်းထန်လာနေခဲ့ပြီ… ငါ့ကိုယ်ငါ လုံလောက်တဲ့ ခွန်အားတွေ ရရှိလာပြီလို့ ငါယူဆတယ်.

ဟုတ်တယ်. ငါ လောကကြီးကို ပြန်လည်ရင်ဆိုင်မယ်.

ဒီလောကကြီးဟာ ငါ့အတွက်တော့ အစိမ်းသက်သက်တော့ မဟုတ်ခဲ့ပါဘူး. ဒီလောကကြီးထဲမှာ ငါကျင်လည်နေခဲ့ဖူးတာပဲ. ခဏတော့ နေသားကျအောင် ပြန်ညှိယူရမှာပေါ့. ငါက ဒီလောကကြီးနဲ့ ခေတ္တကင်းကွာနေခဲ့တာကိုး…

အိုး…

အေးလိုက်တာ…

ငါ့ခေါင်းရင်းက အပေါက်တစ်ပေါက်ပွင့်လာခဲ့တယ်.

ဝင်လာတဲ့ လေအေးကို အငမ်းမရ ငါရှုရှိုက်လိုက်တယ်.

အင်အားတစ်ချို့ ရလိုက်သလို၊ သဘာဝရဲ့ စေ့ဆော်မှုတစ်ခုခုကို ငါခံစားမိလိုက်သလို ဖြစ်သွားခဲ့တယ်.

ဟုတ်တယ်… ဒါဟာ ငါ့အတွက် အခွင့်အရေးတစ်ခုပဲ. ငါရုန်းထွက်ဖို့ အချိန်ကျရောက်လာပြီ.

ငါ့ခေါင်းပေါ်က ထွက်ပေါက်လေးကို မော့ကြည့်လိုက်တယ်.

မေတ္တာပြည့်လျှမ်းတဲ့ ကြင်နာတဲ့ ခေါ်သံတစ်ခုကို ငါကြားလိုက်ရတယ်. အားတက်သွားတာပဲ…

ငါ့တစ်ကိုယ်လုံးမှာ ရှိနေတဲ့ ခွန်အားတွေကို စုစည်းလို့ ငါ့ခြေထောက်အောက်က နံရံနီကြီးကို အားနဲ့ ကန်ကျောက်ပစ်လိုက်တယ်.

ဝမ်းနည်းပူဆွေးသံလိုလို၊ နာကျင်ခံစားခက်တဲ့ ဝေဒနာတစ်ခုခုကို ခံစားနေသလိုလို ထူးဆန်းတဲ့ အသံတစ်ခု ငါကြားလိုက်ရတယ်.

ငါပိုကြောက်သွားတယ်..

မဖြစ်ဘူး.. ဒီအခန်းထဲက ငါအမြန်ရုန်းထွက်ရမယ်..

မဖြစ်တော့ဘူး. ဒီတစ်ခါ အခန်းအပြင်ကိုရောက်ရင် ဒီနေရာကို ငါထပ်မလာအောင် ငါ့ကိုယ်ငါ စည်းကမ်းတင်းကြပ်မှုတွေ လုပ်ရမယ်. လေ့လာသင့်တာတွေကို လေ့လာရမယ်. ပြုပြင်ပြောင်းလဲသင့်တွေကို ပြောင်းလဲရမယ်၊ ပြုပြင်ရမယ်.

ဟုတ်တယ်. ငါ ကိုယ့်ကိုယ်ကို ပစ်ထားလို့ မရဘူး. ထိန်းချုပ်ရမယ်.

ဒါမှ ငါ့ကို ဒီနံရံနီတွေနောက် သူတို့ ထပ်မပို့နိုင်မှာ…

အားးးးးးးးးးး

ငါ့ကို သူတို့ ပေးမထွက်ကြဘူး… နံရံနီကြီးတွေ ငါ့မျက်နှာနားကို တိုးကပ်လာကြတယ်.

ငါ့ခြေထောက်အောက်က ကြမ်းခင်းအနီရောင်ကြီးလည်း ကြွတက်လာသလို ခံစားလာရတယ်.

ငါ့ကို ဆွဲငင်နေတာလား၊ တွန်းထုတ်နေတာလား…

ငါမသိဘူး…

လောလောဆယ် ငါအပြင်ကို အမြန်ထွက်ချင်တယ်.

လေကောင်းလေသန့်ကို ငါငတ်မွတ်နေခဲ့တာ ကြာပြီ…

ဟာကွာ.. ဘာသံတွေလဲ…

ကျေးဇူးပြု၍ ငါ့ကို လွတ်မြောက်ရာသို့ ကယ်တင်ပါ.

အပေါက်ဝလေးအတိုင်း တွန်းကန်ရုန်းထွက်ခဲ့တယ်.

အားးးးးးးးးး

ငါ့မျက်စိတွေကျိန်းစပ်သွားတာပဲ…

အေးလေ. ငါက အခန်းကျဉ်းလေးထဲမှာ အချိန်အကြာကြီးနေခဲ့ရတာကိုး. ဒီလိုအလင်းရောင်နဲ့ မထိတွေ့ရတာ ကြာပေါ့..

ငါ့မျက်စိတွေကို မှိတ်ထားလိုက်တယ်.

အိုး… ကယ်တင်ရှင်လားမသိ…

ငါ့ကို ပွေ့ချီသွားတာ ခံစားလိုက်ရတယ်.

နူးညံ့တဲ့ မေတ္တာရှင်၊ စာနာတတ်တဲ့ ကရုဏာရှင်၊ ကြင်နာတတ်တဲ့ ကိုယ်ပွားတစ်ခုလို့ ငါယုံကြည်လိုက်တယ်…

ငါ့အတွေး မဆုံးခင်မှာပဲ ငါလုံးဝထင်မထားတဲ့ အပြုအမူတစ်ခုကို သူရက်ရက်စက်စက် လုပ်လိုက်ခဲ့တယ်.

တစ်စုံတစ်ရနဲ့ ငါ့တင်ပါးကို ဖြောင်းခနဲမြည်အောင် ရိုက်ထည့်လိုက်တယ်လေ…

ရက်စက်လိုက်တာ ကယ်တင်ရှင်ရယ်….

ငါလည်း နာကျည်းခံစားချက်တွေနဲ့ အသံကုန်ညှစ်ထုတ်ပြီး အော်ပစ်လိုက်တယ်….

အူဝဲ!

Tuesday, March 11, 2008

နာရီပေါ်က အလွမ်းများ...



ချစ်သူငွေလ၊ ရွှင်ပပကို
ဒီတစ်ညမှာ၊ မမြင်သာက
ရင်မှာစစ်စစ်၊ နာကျင်ရစ်မိ
တွယ်ငြိဒဏ်ရာ၊ လွမ်းဝေဒနာအောက်
စိုးရိမ်ခြောက်ခြား၊ အိပ်စားမပျော်
တမျှော်မျှော်နှင့်၊ စက်မခေါ်နိုင်
ကိုယ့်စိတ်ကိုယ် မပိုင်ပြီပဲ ခင်…

ဩော်…
တစ်ညတာမျှ၊ ကွယ်ပျောက်ရလို့
ဘယ်သို့အကြောင်း၊ ပြန်ပြောင်းတွေးယူ
ရင်မှာဆူသည်၊ မျှော်ရည်မှန်းဆ
လွမ်းပူရလည်း၊ အဖြစ်သည်းလွန်း
ပူပန်လွန်းကော၊ စိတ်စောပြစ်တင်
ငြိုငြင်မည်လား၊ ၀ိုးတ၀ါးနှင့်
စိတ်အားငယ်ရသူပါခင်…

ခြေသံရှပ်ရှပ်၊ အနားမှာရပ်တော့
သူလာပြီလား၊ အားတက်သွားလည်း
ရက်စက်လွန်းစွာ၊ ဖြတ်လျှောက်တာတဲ့
ပြတ်စဲနိုင်လွန်းလှချည်လားခင်…

ချက်..ချက်…ချက်..ချက်..
စည်းချက်မှန်လျက်၊ ခရီးဆက်တဲ့
လက်တံနာရီ၊ မောပြီဆိုတောင်…

ဖျတ်..ဖျတ်..ဖျတ်..ဖျတ်.
တောင်ပံခတ်လျက်၊ ညဉ့်ငှက်များပင်
နားခိုဝင်လို့၊ အရုဏ်ပျို့တောင်…

ဒီအမှောင်မှာ၊ သာယာလျက်မှေး
လွမ်းနေတတ်မြဲ၊ စောင့်နေဆဲပါလေး….


(ရေခဲငှက်)

Sunday, March 09, 2008

အားဆေးတစ်ခွက်



ကဲ ငိုမနေနဲ့တော့
အရေးမကြီးသလို ထားလိုက်

အခက်အခဲတွေ မေ့လိုက်
ကြာလာရင် ရူးမယ် မတွေးနဲ့



Vocalist: ဟန်ထွန်း
Song: ရှိနေမယ်

အို ပျော်ရွှင်ခြင်းများ တကယ် နီးနီးလေး ရှိလျက်နဲ့
ဝင်လာမယ် ၀မ်းနည်းမှုတွေ မျှော်မနေလည်း ကြုံမယ်

ဒီလိုပဲပေါ့ အလွမ်းအဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ ပျော်စရာတွေ ခိုးယူသွား

ကဲ ငိုမနေနဲ့တော့ အရေးမကြီးသလို ထားလိုက်
အခက်အခဲတွေ မေ့လိုက်ကြာလာရင် ရူးမယ် မတွေးနဲ့

အရှုံ့းတွေကို သတိရ နေမလား
အရှုံးတွေကို ခံစားနေမလား
တစ်ခါ ငိုချင်တိုင်း ငါ မင်းရဲ့ အနားမှာ
ငါမင်းရဲ့ အနားမှာ အတူတူ ရှိနေမှာ
ငါမင်းလေးရဲ့အနား အတူတူရှိချင်တာ

လူဟာ လိုအပ်ခြင်းနဲ့ အမြဲတမ်း ရှိနေမယ်
ကိုယ်သဘောတစ်ခုတည်းနဲ့ ညီချင်လည်း ညီမယ်

ဒီလိုပဲပေါ့ အလွမ်းအဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ ပျော်စရာတွေ ခိုးယူသွား
အရှုံးတွေကို သတိရ နေမလား
အရှုံးတွေကို ခံစားနေမလား
တစ်ခါ ငိုချင်တိုင်း ငါ မင်းရဲ့ အနားမှာ
ငါမင်းရဲ့ အနားမှာ အတူတူ ရှိနေမှာ
ငါမင်းလေးရဲ့အနား အတူတူရှိချင်တာ

Special Credits goes to Winkabar for this song and lyrics.

iPhone ကို ကိုယ်တိုင်ကိုယ်ကျ Unlock လုပ်ချင်သူများအတွက်

ဒီတစ်ခါတော့ နောက်ဆုံးပေါ် Gadgets လေးတွေကို fancy ဖြစ်သူများ၊ ကလိချင်သူများအတွက် အသုံးဝင်မယ့် source လေးတစ်ခု မျှဝေချင်ပါတယ်.

iPhone ကို Unlock လုပ်နည်းပါ.


အဆင့်မြင့်တဲ့ User Interface


အရင်တုန်းကဆိုရင် နောက်ပေါ်တဲ့ iPhone တွေကို Unlock လုပ်မရအောင် လုပ်ထားတတ်ပါတယ်. အခုတော့ ဟက်ကာတွေရဲ့ ကြိုးစားအားထုတ်မှု၊ ပူးပေါင်းကြံဆမှု တို့ကြောင့် ဘယ် iPhone အမျိုးအစားကိုမဆို အောင်အောင်မြင်မြင်နဲ့ Unlock လုပ်နိုင်ပါပြီ.

ဒီလိုတောင် ရေးထားသေးတယ်ဗျ.

This application will jailbreak, unlock and activate any version of iPhone extremely fast and easy!

ကဲ. ကိုယ့်ဖာသာကိုယ် ကြိုးစားပြီး Unlock လုပ်နိုင်ဖို့ ဒီနေရာလေးကို သွားပြီး လေ့လာဖတ်ရှုနိုင်ပါကြောင်း….

Playtagger နဲ့ သီချင်းတင်နည်း (အသေးစိတ် ရှင်းလင်းချက်)

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

အရင်ဆုံး Playtagger လေးအကြောင်း ပိုရှင်းအောင် ဆွေးနွေးချင်ပါတယ်.

ကဲ. လိုရင်းကို တိုက်ရိုက်မသွားခင် ဘာကြောင့် ဒီလို Process လေးတွေ လုပ်ရတယ်ဆိုတာကို နောက်ပြန် ပြန်စဉ်းစားလိုက်ရအောင်လား..

သီချင်းတင်ချင်တယ်.

အိုကေ..

ဒါဆိုရင် အဲဒီ့သီချင်းကို ဘယ်မှာတင်မှာလဲ.

အင်တာနက်ပေါ်မှာ တင်မှာပေါ့. ဟုတ်တယ်ဟုတ်.

ဒါဆိုရင် စဉ်းစားကြည့်ရအောင်လား. ခင်ဗျားစက်ထဲမှာ ရှိနေတဲ့ သီချင်းတစ်ပုဒ်ကို တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ အင်တာနက် သုံးသူတွေ နားဆင်နိုင်အောင် ခင်ဗျား တစ်ခုခုကို လုပ်ရတော့မယ်.

ဒီမှာ ဝေါဟာရအသစ်တစ်ခု ၀င်လာပြီ. ဖိုင်ဟိုစတင်း(File Hosting) တဲ့…

ဒါကို ခင်ဗျားနားလည်ဖို့ လိုအပ်လာပြီ.

သူက ဘာလုပ်တာလဲဆိုတော့ ခင်ဗျားတင်ချင်တဲ့ သီချင်းကို အင်တာနက်ပေါ်မှာ တင်နိုင်အောင် URL လင့်ခ်တစ်ခုထုတ်ပေးတာပေါ့ဗျာ. ပြောရရင်တော့ အငှားတည်းခိုခွင့်ပြုတာပေါ့. ဒါကြောင့်လည်း သူ့ကို Host လုပ်ပေးတယ်လို့ ခေါ်တာပေါ့.

ဒါဆိုရင် ပထမအဆင့် နားလည်သွားပြီဗျာ နော်.

အဲဒါကို အကျယ်ချဲ့ပြီး ထပ်ပြောရရင်တော့ သီချင်းမှတင်မဟုတ်ပါဘူး. အားလုံးအသုံးပြုနိုင်အောင် တစ်စုံတစ်ခုကို ဝေမျှတော့မယ် ဆိုတာနဲ့ ခင်ဗျားဟာ ဖိုင်ဟိုစတင်း ကိစ္စကို အနည်းနဲ့အများ ထိတွေ့ရတော့မှာ ဖြစ်ပါတယ်. ဖိုင်ဟိုစတင်း ဘယ်လိုလုပ်လဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ကျွန်တော် ဒီနေရာမှာ ဆွေးနွေးခဲ့ပြီးပါပြီ. လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ.

နောက်တစ်ဆင့် ဆက်ပြောမယ်.

URL Link ကတော့ ရလာပါပြီ. အဲဒါကို ဘယ်လိုတင်ပြရမလဲ.

ဒီနေရာမှာ HTML Coding လေးတစ်ခုကို နားလည်ဖို့ လိုအပ်လာပါပြီ. အများကြီးမလိုပါဘူးနော်. တကယ့်ကို နည်းနည်းလေးပါ. လင့်ခ်ချိတ်တဲ့ ကုဒ်ဒင်းလေးပါပဲ. Anchor Tag လို့ ခေါ်ပါတယ်.

<a href= "http://www.mmbloggershelpdesk.blogspot.com">Myanmar Bloggers Helpdesk</a>


ဒါဆိုရင် ကျွန်တော်တို့ဟာ Myanmar Blogger Helpdesk ဆိုတဲ့ site လေးကို လင့်ခ်လှမ်းချိတ်လိုက်တာပဲ ဖြစ်ပါတယ်.

အခု ကျွန်တော်တို့ သီချင်းတင်ဖို့ သီချင်းကို Host လုပ်ပြီးပြီ. လင့်ခ်လည်း ထုတ်ပြီးပြီ. တင်တော့မယ်ဆိုတော့ အပေါ်က ပြထားတဲ့ အတိုင်းလေး လင့်ခ်ချိတ်လိုက်ရင် ရပြီလား…

ကဲ. တင်လိုက်ပြီဗျာ.

<a href= “http://www.fileden.com/files/2007/9/23/1451933/Nay%20Chin%20Dar%20Minn%20Ah%20Narr.mp3”>နေချင်တာ မင်းအနားမှာ</a>

နှိပ်ကြည့်လိုက်ပါ. ဘာဖြစ်မလဲ..

ဘာမှမဖြစ်လာပါဘူး.

လုပ်ပုံလုပ်နည်းကလည်း မှန်ပါရဲ့နဲ့ ဘာလို့ ဒီ playtagger လေးက အလုပ်မလုပ်တာလဲ…

ရှင်းပါတယ်. ကျွန်တော်တို့ရဲ့ ဘလော့ဂ်တန်းပလိတ်ထဲမှာ Playtagger နဲ့ ပတ်သက်တဲ့ script လေး မထည့်ခဲ့လို့ပါ..

အဲဒါကို ဘယ်နေရာမှာ ထည့်ရမှာလဲ. အဲဒီ့ script လေးတွေက ဘာလဲ..

အိုကေ. ဟောဒီ့မှာဗျာ. လိုအပ်တဲ့ script လေးတွေ…

<script src='http://del.icio.us/js/playtagger' type='text/javascript'></script>

ဘယ်နေရာမှာ ထည့်ရမလဲဆိုတော့ အရင်ဆုံး ကိုယ့်ဘလော့ဂ်ရဲ့ တန်းပလိတ်ကို သွားပါ.

ပြီးရင်တော့ </head> ဆိုတာလေးကို တွေ့အောင်ရှာပါ. ရှာလို့တွေ့တာနဲ့ သူ့အပေါ် ကပ်လျက်မှာ ခုနက ပေးထားတဲ့ script လေးတွေကို ထည့်ပေးလိုက်ပါ. ဒါဆိုရင် ပြီးသွားပါပြီ…

ကဲ. ကျွန်တော်နောက်ပြန်တွေပဲ ပြန်ပြောပြီးသွားပြီနော်. အခုလောက်ဆိုရင် ကျွန်တော်တို့ playtagger နဲ့ သီချင်းတင်နိုင်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာကို ခြုံငုံသုံးသပ်မိပြီလို့ ယူဆပါတယ်.

(၁) Playtagger Script လေးကို ဘလော့ဂ်တန်းပလိတ်ရဲ့ </head> Tag မတိုင်ခင်လေးမှာ ထည့်ပေးရမယ်.

(၂) တင်ချင်တဲ့ သီချင်းကို host လုပ်ပြီး လင့်ခ်ထုတ်ယူရမယ်.

(၃) <a href= “your song URL”>my song</a> ဆိုတဲ့ ပုံစံလေးနဲ့ ကိုယ့်ရဲ့ ပို့စ်လေးထဲမှာ တင်ရမယ်.

ဒါဆိုရင် ပြီးပါပြီ.

နေချင်တာ မင်းအနားမှာ ဆိုတဲ့ သီချင်းလေးကို တင်ချင်တယ်. ဒီတော့ ကျွန်တော် Fileden.com မှာ သွားပြီး သီချင်းလေးကို Host လုပ်ပါတယ်. လင့်ခ်ထုတ်ယူလာခဲ့ပါတယ်.

အဲဒါကို ကျွန်တော့်ရဲ့ ဘလော့ဂ်လေးမှာ ဒီလိုလေးတင်လိုက်ပါတယ်.

<a href= “http://www.fileden.com/files/2007/9/23/1451933/Nay%20Chin%20Dar%20Minn%20Ah%20Narr.mp3”>နေချင်တာ မင်းအနားမှာ</a>

အဲလိုလုပ်လိုက်ရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်.

နေချင်တာ မင်းအနားမှာ

အားလုံးပဲ အဆင်ပြေ ချောမွေ့စွာ သီချင်းလေးများ မျှဝေခံစားနိုင်ကြပါစေခင်ဗျာ….

သံစဉ်လှိုင်း ဘလော့ဂ်လေးကိုလည်း လာရောက်အပန်းဖြေဖို့ နွေးထွေးစွာ ဖိတ်မန္တက ပြုပါတယ်.

ခင်မင်လေးစားလျက်

ရန်အောင်

Monday, March 03, 2008

မြန်မာနိုင်ငံသားများအတွက် Fulbright ပညာတော်သင်ဆု အခွင့်အရေး

ပန်းနှစ်ပွင့်အလွမ်း...



လေပြည်တွေ ညှင်းရက်လို့
ပင်ယံမှာ ပန်းလေးတစ်ချို့
လွင့်ပျက်ရင်း လွင့်ကျလို့နေ

လေစေရာမျောလွင့်လို့
ကြွေလာရာ လမ်းပျက်လို့
သူတစ်နေရာ ကိုယ်တစ်နေရာစီ



သူဘယ်ကိုလွင့်သွားမလဲ လိုက်လွင့်လို့ သွားချင်လည်း
သူဘယ်မှာ ခိုနားမလဲ လိုက်လွင့်လို့ နားချင်လည်း
မရောက်နိုင်မှန်း သိနေခဲ့

လေပြည်ကို မဆန်နိုင်သူပဲ…