Saturday, March 17, 2007

“တွေးသူများ” ကို ဆက်တွေးသူများ

ကျလိ…ကျလိ…ကျလိ…
ဘယ်က စာကလေးကျွန်တော့် အခန်းထဲ ၀င်လာပါလိမ့်လို့ တစ်ချက်ကြောင်သွားသေးတယ်။ နောက်မှ သိလိုက်တယ်. ဩော်. ညက ကျွန်တော့်ရဲ့ ဟန်းဖုံးကို Ring Tone အသံပြောင်းထားတာပဲ. အသက်ကလေးနည်းနည်းရလာတော့ လူက မှတ်ဥာဏ်သိပ်မကောင်းချင်တော့ဘူးဗျာ. ငယ်ငယ်တုန်းကတော့ မှတ်ဥာဏ်သိပ်ကောင်းတယ်လို့ မောင်နှမတွေ၊ သူငယ်ချင်းတွေက ချီးကျူးခဲ့ကြဖူးတယ်.

ခုတော့လည်း မှတ်ရတာတွေသိပ်များလာလို့ ခေါင်းထဲက memory တွေ မနိုင်ချင်တော့ဘူးနဲ့တူတယ်။ အချိန်ရရင် အသုံးမကျတော့တဲ့ ခံစားချက်တွေကို လျှောက်ပြီးသိမ်းမှတ်ထားတတ်တဲ့ ဦးနှောက်ကို နည်းနည်းလောက်ပြန်ပြီး Format ပြန်ချရဦးမယ်။

နံပါတ်ကို တစ်ချက်ကြည့်လိုက်တော့ Unknown Number တဲ့. ဘယ်သူများပါလိမ့်…

“ဟဲလို”

“ပေား. Good Morning ကိုရန်အောင်. ဘာတွေလုပ်နေလဲ”

ဒီအသံကို ဒါပထမဆုံး ကြားဖူးခြင်းပင်ဖြစ်သည်။ ရိုင်းသွားမည်စိုး၍ ဘာမျှဆက်မမေးသေးဘဲ Follow လိုက်ပေးလိုက်သည်။

“Morning ပါဗျာ. ခုလေးတင် မနက်စာ စားပြီးတယ်ဗျ. အစ်မက..ဟို..ဘယ်သူလဲ မသိဘူးနော်…”

“ဟားဟား…ဆောရီး.. ကျွန်မလည်း ၀မ်းသာအားရနဲ့သာ နှုတ်ဆက်လိုက်တာ. ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ မေ့သွားတယ်… ကျွန်မ Mayvelous ပါ… Fiji က Blogger လေ…
မှတ်မိပြီလား..”

“What? Mayvelous? You gotta kidding me! ဘယ်ကဘယ်လို ကျွန်တော့်ဖုံးနံပါတ်ရပြီး ဘယ်နေရာကနေ ဘယ်လိုဆက်နေတာလဲ…ဘယ်မှာလဲ… New York မှာလား”

“အမယ်လေး..မေးခွန်းတွေကများလှချည်လား. ဘယ်ကစဖြေရမှန်းတောင် မသိတော့ဘူး..
အိုကေ. One by one ပြောမယ်. ကျွန်မဒီကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ရောက်တယ်. Seminar လာတက်တာ.. ၃ ပါတ်လောက်ကြာလိမ့်မယ်. ခု အိမ်ကနေထွက်ပြီး လမ်းပေါ်ထွက်ဆက်နေတာ. ဖေဖေ့အသိတစ်ယောက်အိမ်မှာ တည်းတယ်. ဖုံးနံပါတ်ကတော့ ကိုရန်အောင်က Facebook မှာတင်ထားတာပဲ ကိုယ့်ဟာကိုယ်မေ့နေပြီလား.. ဒီအိမ်က ဦးလေးကြီးရဲ့ သားကဒီမှာ ကျောင်းတက်နေတာလေ. အဲဒါသူ့ Account ကနေတစ်ဆင့် ကိုရန်အောင့် Profile ကို ၀င်ကြည့်လိုက်တာ…ဟုတ်ပြီလား… Mystery solved?...”

“ဟုတ်ပြီ. ဟုတ်ပြီ. ခုမှပဲ ရှင်းသွားတော့တယ်. ဒါဆိုရင် ညက ကျွန်တော့် Blog မှာ Cbox ထဲမှာ လာအော်သွားတာ New York ကနေ အော်နေတာပေါ့လေ…ဟုတ်လား”

“ဟုတ်ပါ့ရှင်.ဟုတ်ပါ့။ ခုဖုန်းဆက်တာလည်း အဲဒီ့ကိစ္စပဲ. မိတ်ဖြစ်ဆွေဖြစ်လည်းဖြစ်သွားအောင်၊ အဲဒီ့ ကိုတာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ကိစ္စကိုလည်း နည်းနည်းလောက် ဆွေးနွေးစရာရှိတာနဲ့ ဖုန်းကောက်ဆက်လိုက်တာ. Email ပို့ရင် တော်ကြာ Junk Mail Box ထဲဝင်သွားမှာစိုးလို့လေ..”

“Gotcha! အိုကေ. ဘယ်မှာဘယ်လိုတွေ့ချင်လဲ.”

“ကျွန်မကဒီနေ့ ၁၀ နာရီမှာ United Nations ဘက်ကို သွားစရာရှိတယ်. အဲဒါတစ်ခါတည်း ထွက်လိုက်မလားလို့”

“အဆင်ပြေသားပဲဗျ. ကျွန်တော်လည်း ဒီနေ့ကျောင်းဘက်ကို မသွားခင် New York Library မှာ စာဝင်ဖတ်မလို့. UN နဲ့ Library က လမ်းကြောင်းသင့်ပါတယ်. By the way, New York ရောက်ဖူးလား. ကိုယ့်ဘာသာကိုယ် သွားတတ်တယ်ပေါ့..”

“အင်း ၂ ခေါက် ၃ ခေါက်လောက်တော့ ရောက်ဖူးပါတယ်. သိပ်ပြီးတော့ ထွေထွေထူးထူး အပြောင်းအလဲမှ သိပ်မရှိတာ. Subway ရထားစီးတတ်ရင် ဘယ်နေရာသွားသွားရောက်တယ်လေ.ဟုတ်တယ်မလား.”

“ဟုတ်ပါ့ဗျာ. ဒါဆိုရင် ဒီလိုလုပ်. Grand Central Station အပြင်ဘက် UN ဘက်ကိုသွားတဲ့ Bus ကားဂိတ်နားမှာ ၉ နာရီမှာ စောင့်နေလိုက်. ခု ၈ နာရီခွဲ ဆိုတော့ အဲဒီ့ကို ၉ နာရီ မထိုးခင် ကျွန်တော်ရောက်နေလိမ့်မယ်..အိုကေတယ်နော်..”

“အိုကေ. အဲဒီ့နေရာ ကျွန်မသိတယ်..ကောင်းတယ်..ကောင်းတယ် အဲဒီ့မှာ ၉ နာရီတွေ့မယ်..”

“Alright, see you there at 9! Bye!”

“Bye!”

*************************************************

Grand Central Station အပြင်ဘက်ကို ထွက်လိုက်တော့ ထုံးစံအတိုင်း လူအုပ်ကြီးက အရှိန်နဲ့ ဦးတည်ချက်အမျိုးမျိုးကို စီးမျောနေကြသည်။ Bus ကားဂိတ်ဘက်ကို ကြည့်လိုက်တော့ လူနည်းနည်းရှင်းနေသည်။ ခုလေးတင်ကားတစ်စီးထွက်သွား၍ လူအကုန်ပါသွားခြင်းဖြစ်မည်ထင်သည်။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ၉ နာရီထိုးဖို့ ၅ မိနစ်လောက်တော့လိုနေသေးသည်။

လမ်းထောင့်မှာရှိနေသော သတင်းစာပုံးလေးထဲမှ AM New York သတင်းစာကို ထုတ်ယူလိုက်ပြီး Bus ကားဂိတ်ဘက်သို့ သွက်သွက်လေးကူးလိုက်သည်။ လမ်းတစ်ဖက်သို့ရောက်ရောက်ချင်း ငှက်ကလေးက ထအော်ပါတော့သည်။

“ဟဲလို”

“ဟဲလို ကိုရန်အောင် ကျွန်မရောက်ပြီ. ကိုရန်အောင်ရော ရောက်ပြီလားလို့ လှမ်းဆက်လိုက်တာ”

“ဟုတ်ကဲ့ ကျွန်တော် ကားဂိတ်ဘက်ကို ခုလမ်းလျှောက်နေပါတယ်. မမေက ဘယ်နေရာမှာလဲ”

“Oh! I can see you now! ရပြီ. ကျွန်မ ကိုရန်အောင့်ကို လှမ်းတွေ့နေရပြီ”

“အိုကေဗျာ. ကျွန်တော်ကတော့ မမေကို မတွေ့ရသေးဘူး”

စကားပြောရင်း ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်လိုက်တော့မှ လမ်းတစ်ဖက်မှ ကူးလာနေသော မမေကို ကျွန်တော် တွေ့လိုက်ရပါတယ်. အပြင်မှာတွေ့ရသော မမေနှင့် Blog Profile ထဲမှ မမေ သိပ်မကွာခြားပါ. ထို့ကြောင့်လည်း ကျွန်တော် လွယ်ကူစွာ မှတ်မိခြင်းဖြစ်ပါသည်…

“ရောက်နေတာ ကြာပြီလား ကိုရန်အောင်”

“သိပ်မကြာသေးပါဘူး.ခုတင်ရောက်တာပဲ”

“အိုကေ. ဘယ်သွားပြီး စကားပြောမလဲ. ကိုရန်အောင်က New Yorker ကြီးဆိုတော့ ဒီနေရာတွေ ကျွမ်းမှာပေါ့”

“အဲလောက်ကြီးလည်း မဟုတ်သေးပါဘူးဗျာ. ဟိုဘက် Block မှာ MacDonald ရယ်၊ Starbuck Coffee ဆိုင်ရယ် ရှိတယ်. ဘယ်ဆိုင်ထိုင်ချင်လဲ.”

“MacDonald ထိုင်ရအောင်လေ. ကျွန်မလည်း မနက်စာ ဟုတ်တိပတ်တိ မစားခဲ့ရသေးဘူး”

“Okay then!”

*************************************************

ဆိုင်ထဲတွင်လူသိပ်မရှုပ်၍ တော်သေးသည်။ နို့မို့ဆို စကားပြောဖို့နေနေသာသာ၊ ကိုယ့်အသံပင် ကိုယ်မကြားရဖြစ်နေပေလိမ့်မည်။ လမ်းဘက်ကို မျက်နှာမူနေသော ထောင့်တစ်ခုမှ စားပွဲတွင် မမေကို ၀င်ထိုင်စေလိုက်သည်။

“ကိုရန်အောင်. ကျွန်မကျွေးမယ်နော်.”

“နေပါ. မမေရာ. မမေက ဧည့်သည်ပဲ. ကျွေးချင်ရင်တော့ ကျွန်တော် Fiji ကို လာလည်မှပဲကျွေးတော့လေ..ဟားဟား..”

“Fiji ထိလာစရာမလိုပါဘူးရှင်. နောက်တစ်ခေါက်ကျရင် ကျွန်မကျွေးမယ်. ဟုတ်ပြီလား.ခုလောလောဆယ် သိပ်အငြင်းအခုန် မလုပ်ချင်ဘူး ခဏနေငြင်းစရာတွေ အများကြီးရှိလို့ ရှုပ်ကုန်မှာစိုးလို့..”

တော်တော်လည်းနောက်တဲ့ မမေ။ မမေအတွက် Hamburger နဲ့ Coffee၊ ကျွန်တော့်အတွက် Coffee တစ်ခွက်ကိုမှာပြီး လင်ဗန်းထဲတွင်ထည့်၍ စားပွဲဆီသို့ပြန်လာခဲ့သည်။

“ကဲ.ပြောပါဦးဗျာ. ဘာ seminar လာတက်တာလဲ”

“UNEP ကလုပ်တဲ့ International Seminar on Environmental Accessibility ကို လာတက်တာပါ.”

“UNEP ဆိုတာက....”

“UNEP ဆိုတာက United Nations Environment Programme ကိုပြောတာပါ. ဒီကိုလာဖို့ အားလုံးကို သူတို့ပဲ Sponsor လုပ်တာလေ…”

“Good တယ်ဗျာ. ကျွန်တော် ဒီမှာသာနေတာ. အဲဒါတွေ တစ်ခုမှ မသိဘူး…”

“ဩော်. ကိုယ့် Field နဲ့ ကိုယ်ပဲလေ. ကိုရန်အောင်ရဲ့. ကိုရန်အောင် သိတာတွေနဲ့ ကျွန်မတို့သိတာတွေ မတူသလိုပဲပေါ့…ဟုတ်တယ်မလား…”

“ဟုတ်ပါပြီဗျာ..ကျွန်တော့်ရဲ့ Blog ကို ဘယ်လိုတွေ့တာလဲ ပြောပါဦး..”

“Myanmar Blogger Directory ထဲမှာလည်း ပါတယ်… ပြီးတော့ သူငယ်ချင်းတွေရဲ့ Cbox ထဲမှာလည်း ကိုရန်အောင့် Address ကိုတွေ့တယ်လေ. ဒီလိုပဲ သူများတွေရေးတဲ့ Blog တွေလိုက်ဖတ်ကြည့်ရင်း တွေ့တာပဲ.. ကိုရန်အောင်လည်း ကျွန်မရဲ့ Blog ကို ဘယ်လိုတွေ့လဲ..”

“ဟဲဟဲ.. Same answer…”

“ဩော်. တော်တော်ကို စဉ်းစားပြီးတော့ကို ဖြေလိုက်တာပဲနော်..”

“ဟားဟားဟား..”

အံ့ဩစရာကောင်းလောက်အောင် ကျွန်တော်နဲ့ မမေတို့ရဲ့ တွေ့ဆုံမှုက ငယ်သူငယ်ချင်းများ ပြန်တွေ့သည့်ပုံစံမျိုး နွေးထွေးနေခဲ့လေသည်…

*************************************************


“ကဲ. မမေက ကျွန်တော့်ရဲ့ post ထဲက စာကို ဘယ်လိုမြင်တာလဲ ပြောပါဦး..”

“ဒီလိုလေ ကိုရန်အောင်ရဲ့ “ကိုတာနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း” ဆိုတဲ့ post မှာ ဒီလို ရေးထားခဲ့တယ်နော်…

Seven Habits for Highly Effective People
1. Be proactive
2. Begin with the end in mind
3. Put first things first
4. Think win/win
5. Seek first to understand, then to be understood
6. Synergise
7. Sharpen the saw

အဲဒီ့မှာ နံပါတ် ၅ ကို ကိုရန်အောင်က ဒီလို ဘာသာပြန်ထားတယ်လေ..
“ကိုယ်က အများကို နားလည်ရန်၊ ကိုယ့်ကို အများက နားလည်ရန် ကြိုးစားတယ်”..တဲ့. အဲဒါ နည်းနည်းလောက်ထောက်မနေဘူးလား…

ကျွန်မမြင်တာက ကိုယ်က သူများကို နားလည်အောင် ကြိုးစားမှ၊ သူများကိုယ့်ကို နားလည်မယ်။ အဲဒါကိုပြောတာ. သူတို့ ၂ ခုက အဓိပ္ပါယ် မတူကြဘူးလို့ ကျွန်မထင်တယ်.”

“ဟုတ်ကဲ့. ဆက်ပြောပါ. ဒါပေမယ့် ကျွန်တော်တစ်ခုတော့ အရင်ကြိုပြောထားချင်ပါတယ်. အဲဒီ့စကားတွေကို ကျွန်တော် ဘာသာပြန်တာမဟုတ်ပါဘူး. ဆရာကိုတာရဲ့ မူရင်းစာအုပ်ထဲကအတိုင်း ကူးချထားတာပါ.. ကျွန်တော်လည်း မမေတွေးသလိုတွေးမိပါတယ်။ ဒါပေမယ့် ဆရာကိုတာ ရှင်းပြထားတာကို ပြီးရင် ကျွန်တော် ကိုးကားပြီးပြောပြမယ်နော်. လောလောဆယ် မမေပြောတာကို အရင် နားထောင်ချင်ပါတယ်…”

“ဟုတ်ပြီ. ကျွန်မမြင်တာကဒီလိုပါ..
"လူတွေက ကိုယ်ကသူများကို နားလည်အောင် မကြိုးစားကြဘဲနဲ့ ကိုယ့်ကိုသာ သူများတွေက အရင် နားလည်အောင်ကြိုးစားနေကြတယ်။ ဒါကြောင့်မို့လည်း သူ့ကိုယ်နားမလည်၊ ကိုယ့်သူနားမလည်နဲ့ ဆက်ဆံရေးတွေက ပိုရှုပ်ထွေးနေတယ်လေ. ဒါကြောင့်မို့ ကိုယ့်ကို သူများတွေက နားလည်စေချင်ရင် သူများတွေကို ကိုယ်က အရင်နားလည်ပေးသင့်တယ်" လို့ ကျွန်မထင်တာပါ.

ဆရာကိုတာရေးထားတာက

"For you to understand others, others gotta(try to) understand you."

အဲဒီ့ အဓိပ္ပါယ်ဖြစ်နေတယ်လေ. ကိုယ်ကသူများတွေဆီက အရင် မျှော်လင့်သလိုမျိုးကြီးဖြစ်နေတယ်. သိပ်သဘာဝမကျဘူး။ အဲဒါကို ကျွန်မ နည်းနည်း အားမလိုအားမရ ဖြစ်မိတာပါ

ကိုရန်အောင်ကရော ဘယ်လိုမြင်လဲ.”

“အိုကေ. ကျွန်တော့်အမြင်ကို မပြောခင် ဆရာကိုတာရဲ့ ရှင်းလင်းချက်ကို ကျွန်တော်ကိုးကားချင်ပါတယ်။ အဲဒီ့စာပိုဒ်ကို ကျွန်တော် မမေနဲ့ စကားပြောတဲ့အခါ ထည့်ပြောလို့ရအောင် ဒီမနက်တင် ဖုန်းပြောပြီးပြီးချင်း ကူးယူလာခဲ့တယ်. ကျွန်တော်ဖတ်ပြမယ်နော်…”

“ကိုယ်က အများကိုနားလည်အောင်၊ အများပြောတာကို ကိုယ်ကနားထောင်တတ်ရတယ်။ ဒါပေမယ့် လူအများစု နားထောင်တာဟာ၊ နားလည်အောင် နားထောင်တာမဟုတ်ပါ။ တုံ့ပြန်ဖို့သာ နားထောင်ကြတာ။ လူနည်းနည်းကသာ ကိုယ်ချင်းစာ အကြင်နာစိတ်နဲ့ နားထောင်တတ်တာ။ အဲဒီ့လူနည်းစုကသာ တစ်ခြားလူရဲ့စိတ်ကို သိဖို့၊ တစ်ခြားလူရဲ့ ကမ္ဘာထဲကို လိုက်ကြည့်ဖို့၊ တစ်ခြားလူရဲ့ ခံစားချက်ကို နားလည်ဖို့၊ ခံစားမှုအတွက်၊ အဓိပ္ပါယ်အတွက်၊ အပြုအမူကို သိနားလည်ဖို့အတွက် နားထောင်နိုင်ကြပါတယ်။

ကိုယ့်ကို အများကနားလည်ဖို့ ကြိုးစားချင်ရင်တော့ ဂရိဒဿနက စကားသုံးလုံးကို သတိရှိနေရလိမ့်မယ်။ အဲဒါကတော့ အီသို့စ်၊ ပသို့စ်၊ လိုဂို့စ် (Ethos, Pathos, Logos) ဆိုတဲ့ စကားလုံး သုံးလုံးပါ။

အီသို့စ်ဆိုတာ ခင်ဗျားရဲ့ ပုဂ္ဂလဂုဏ်ရည်၊ ပသို့စ်ကတော့ ကိုယ်ချင်းစာ အကြင်နာ၊ လိုဂို့စ်ကတော့ ယုတ္တိပါ။ စာရိတ္တ၊ အကြင်နာ၊ ယုတ္တိလို့ အစဉ်လိုက်မှတ်ရမှာပါ။ လူအများ ကိုယ့်ကို နားလည်ဖို့အတွက် ကိုယ့်ယုတ္တိကို အရင်ရှင်းပြနေကြတယ်။ တကယ်တော့ ကိုယ့်ပုဂ္ဂလဂုဏ်ရည်နှင့် ကိုယ်က သူ့အပေါ်ထားရှိတဲ့ ကိုယ်ချင်းစာ အကြင်နာစိတ်က အရင်လာရမှာ။ ယုတ္တိတွေ ပြောနေရုံမျှနှင့် မအောင်မြင်နိုင်ပါ…”


“ကျွန်တော်က ဒါတွေထိမရေးဖြစ်လိုက်ခဲ့ရတာက စာဖတ်သူကို အမြည်းသဘောပဲပေးပြီး ကျန်တာကို သူတို့ဖာသာ ဆက်ဖတ်စေချင်လို့ပါ။ ဒါပေမယ့် အမှတ်မထင်ဘဲ အဲဒီ့ နံပါတ် ၅ က ဘာသာပြန်ရတာ အဓိပ္ပါယ် ၂ ခွလာထွက်နေတယ်။ ကျွန်တော် သတိထားမိလိုက်တယ်။ ဒါပေမယ့်လည်း မူရင်းစာရေးသူရဲ့ အာဘော်ကို ကျွန်တော့်အနေနဲ့ ဒီတိုင်းပဲ ချပြလိုက်ချင်တယ်။ မမေက ခုလို အားတက်သရော ထောက်ပြဆွေးနွေးလာတော့ ကျွန်တော် အရမ်းဝမ်းသာတာပေါ့ဗျာ…

ကဲ. ဒီတော့ ဆရာကိုတာရဲ့ စာပိုဒ်လေးကို ဖတ်ကြည့်ရင် မမေ မရှင်းတာတွေ ရှင်းလောက်ပြီထင်ပါတယ်ဗျာ..”

“အင်း. ရှင်းတော့ရှင်းသွားပါတယ်. ဒါပေမယ့် ကိုရန်အောင်ရဲ့ ကိုယ်ပိုင်အယူအဆကို ကျွန်မသိချင်သေးတယ်။ ဒီတိုင်းကြီးတော့ ကျွန်မကို ဆရာကိုတာနဲ့ လွှဲမထားခဲ့နဲ့လေ…”

“ဟားဟားဟား..ကောင်းပါပြီဗျာ..မမေက တော်တော်ကို ပညာတတ်ပီသတာပဲ. မရမကကို မေးတာပဲ.”

“ဩော်. ဒီလိုတော့လည်းမဟုတ်ရပါဘူး. Reasoning is the foundation of maturity လို့ ကျွန်မမှတ်သားခဲ့ဖူးတယ်လေ. ဒါကြောင့် စဉ်းစားတဲ့အခါမှာလည်း Critical Thinking ပုံစံမျိုးဖြစ်အောင် ကျွန်မစဉ်းစားတယ်. အရောင်တွေ၊ ဖွဲ့နှောင်မှုတွေအောက်က တတ်နိုင်သလောက် လွတ်မြောက်အောင်စဉ်းစားတယ်. ဒါမှ စစ်မှန်တဲ့ အမှန်တရားနဲ့ ပိုပြီးနီးစပ်မယ်လေ. ဒါက ကျွန်မရဲ့ Personal Opinion ပါ..”

“ဟုတ်တယ်ဗျာ. That’s absolutely right! ကျွန်တော်လည်း အဲဒီ့အတိုင်းပဲ ကျင့်သုံးတယ်. ဒီတော့ စကားကိုပြန်ကောက်လိုက်ရရင်. ဆရာကိုတာရှင်းပြထားတာကို ကျွန်တော် ဥပမာလေးတစ်ချို့နဲ့ သက်သေပြချင်တယ်..”

“သိပ်ကောင်းတဲ့ idea ပဲရှင်. ဆက်ပြောပါ…”

“ကိုယ်က အများကိုနားလည်အောင်၊ အများပြောတာကို ကိုယ်ကနားထောင်တတ်ရတယ်။ ဒါပေမယ့် လူအများစု နားထောင်တာဟာ၊ နားလည်အောင် နားထောင်တာမဟုတ်ပါ။ တုံ့ပြန်ဖို့သာ နားထောင်ကြတာ။ လူနည်းနည်းကသာ ကိုယ်ချင်းစာ အကြင်နာစိတ်နဲ့ နားထောင်တတ်တာ။ အဲဒီ့လူနည်းစုကသာ တစ်ခြားလူရဲ့စိတ်ကို သိဖို့၊ တစ်ခြားလူရဲ့ ကမ္ဘာထဲကို လိုက်ကြည့်ဖို့၊ တစ်ခြားလူရဲ့ ခံစားချက်ကို နားလည်ဖို့၊ ခံစားမှုအတွက်၊ အဓိပ္ပါယ်အတွက်၊ အပြုအမူကို သိနားလည်ဖို့အတွက် နားထောင်နိုင်ကြပါတယ်..”

အဲဒီ့စာပိုဒ်မှာပဲကြည့်.“တုံ့ပြန်ဖို့သာ နားထောင်ကြတာ” တဲ့. ဘယ်လောက်သပ်ရပ်တဲ့ စာသားလေးလဲ.

ဟုတ်တယ်ဗျ. လူတွေကနားထောင်တဲ့ အခါမှာ ဘယ်နေရာရောက်ရင်တော့ ငါထင်ထားလေးတွေကို ဘယ်လို ထည့်ပြောလို့ရပြီဆိုတဲ့ မျှော်လင့်စိတ်နဲ့ နားထောင်တာ. တစ်ချို့လူတွေဆို နားသာထောင်နေတာ၊ ပါးစပ်က လှုပ်ရွလှုပ်ရွနဲ့၊ ၀င်ပြောဖို့ကိုသာစောင့်နေတာ။ တစ်ဖက်လူရဲ့ စကားကို ဖွင့်ထားတဲ့ စိတ်နဲ့ နားမထောင်တတ်ကြဘူး။ အဲဒီ့မှာ သူ့ရဲ့ အတ္တ (Ego) ကို တွေ့နေရပြီ.လူတစ်ယောက်ကပြောတာကို ကိုယ်ချင်းစာအကြင်နာစိတ်နဲ့ နားမထောင်တတ်တဲ့သူတွေကြောင့် လူမှုဆက်ဆံရေးမှာ အထင်အမြင်လွဲမှားမှုတွေ၊ “ငါ့ကို ဘယ်သူမှ နားမလည်ကြဘူး” ဆိုတဲ့ ခံစားမှုမျိုးတွေ လူတွေမှာ ဖြစ်လာရတာပေါ့…


ဆက်ပြောရရင်တော့ “လူနည်းနည်းကသာ ကိုယ်ချင်းစာ အကြင်နာစိတ်နဲ့ နားထောင်တတ်တာ..” ဆိုတဲ့ စကားလိုပဲ ကိုယ်ချင်းစာစိတ်နဲ့ နားထောင်တတ်သူ၊ အကြင်နာစိတ်နဲ့ နားထောင်တတ်သူက တော်တော်ကိုရှားတယ်.

ဒါပေမယ့် ချန်ထားလို့မရတဲ့ နောက်ထပ်ပြဿနာ တစ်ခုကိုလည်း ထည့်ပြောချင်တယ်ဗျ. တစ်ချို့လူတွေကျတော့ အတ္တကိုက တော်တော်ကိုကြီးကြတယ်။ ကိုယ်ကချည်းပဲပြောမယ်။ နားထောင်ဖို့ဆိုတာကို သူတို့ တစ်ခါမှ ထည့်မစဉ်းစားတတ်ခဲ့ကြဘူးနဲ့တူပါတယ်။ အဲလို လူစားမျိုးရဲ့စကားကိုချည်းပဲ ကိုယ်ချင်းစာစိတ်နဲ့နားထောင်နေရတဲ့ အခါမှာလည်း နားထောင်ရသူအတွက် တရားမျှတမှုမရှိတော့ဘူး။

ဘာလို့လဲ။
အပေးအယူလုံးဝမှ မရှိတာ.. ကိုယ်ကချည်းပဲယူမယ်ဆိုတော့ ပြဿနာဖြစ်လာပြီပေါ့။ အဲလိုလူစားမျိုးတွေကိုလည်း လောကကြီးက အလိုလိုဒဏ်ခတ်တတ်ပါတယ်။ ဘယ်လိုခတ်လဲဆိုတော့ သူတို့ရဲ့ ဘ၀တွေကို အထီးကျန်ဆန်ပေးလိုက်တယ်လေ။ သူတို့မှာ အဖော်ဆိုတာ တစ်ဖြည်းဖြည်းနည်းသွားတယ်။ နောက်ဆုံးမှာ တစ်ချို့တွေဆိုရင် ပစ္စည်းဥစ္စာတွေ ပြည့်စုံပါရဲ့နဲ့ စိတ်ချမ်းသာမှု မရတာ ဒီအချက်ကို သူတို့လျစ်လျူရှုခဲ့လို့ပဲ.

စိတ်ပညာစကားလုံးတစ်ခုကို အဌားယူသုံးရရင် သူတို့က သူတို့ကိုယ်သူတို့ Centralized လုပ်ပစ်လိုက်ကြလို့လေ။ ဆိုလိုတာက လောကကြီးမှာ သူတို့သာ ဗဟိုချက်မ၊ သူတို့သာ အရေးအကြီးဆုံးဆိုတဲ့ အတ္တသိပ်လွန်ကဲသွားလို့ပေါ့။

ဒီတော့ အဲလိုလူစားမျိုးတွေနဲ့ အပေးအယူမျှအောင် စကားပြောဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတစ်ခုကတော့ အဲလိုလူစားမျိုးတွေကို သူတို့ရဲ့ အမှားကို နားလည်သဘောပေါက်ဖို့ အချိန်တစ်ခု ပေးထားရတယ်။ အဲဒီ့အချိန်ကိုရောက်မှာ ဒက်ခနဲ ကိုယ်လိုချင်တဲ့ အချက်ကို ပြောပြီး သူ့အမှားကို သူမနာအောင် စေတနာရှေ့ထားပြီး ပြောပြလိုက်ရတယ်။

အဲဒီ့မှာ သူတို့ပြောင်းလဲသွားတတ်ကြတာပဲ။ အဲဒါသူတို့ဘ၀ရဲ့ အလှည့်အပြောင်း (or) Turning Point ပဲဗျ။ တစ်ချို့ကျတော့လည်း သေသည်ထိ ကိုယ့်အတ္တကို အဖော်လုပ်သွားတာတွေလည်းရှိတာပေါ့လေ…

ဒီတော့ နောက်ထပ်စကားတစ်လုံးကို ထပ်ရှင်းရတော့မယ်. “အတ္တ” တဲ့.
ကျွန်တော်တို့ အတ္တကင်းလို့မရပါဘူး။ ရှိရပါမယ်။ အတ္တရှိမှ အောင်မြင်ချင်စိတ်တွေ ရှိလာဖြစ်လာရတာပါ. ဒါပေမယ့် ကိုယ်ထားတဲ့ အတ္တဟာ ကောင်းမွန်မြင့်မြတ်တဲ့ ရည်ရွယ်ချက်ကို ဦးတည်ထားဖို့ကတော့ တော်တော်ကို သတိထားဖို့လိုတယ်။

“ငါ့ကိုယ်ငါ အတော်ဆုံးဖြစ်အောင် ကြိုးစားမယ်.
ငါ့သားသမီး၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့နိုင်ငံကို သူများတွေထက်သာအောင် ကြိုးစားပြမယ်.
Blog တွေထဲမှာ ငါ့ရဲ့ Blog ကို အလှဆုံး၊ အကောင်းဆုံး ဖြစ်အောင် လုပ်ပြမယ်…”

ဒါတွေဟာလည်း အတ္တတွေပါပဲ. အပြစ်မရှိပါဘူး။ ပိုကောင်းတဲ့ဘက်ကို ဦးတည်နေမှာမို့လို့ပါ။ ကျွန်တော်တို့ ဖြစ်နေတာက အတ္တဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့ အပျက်ဘက်ကို တွေးမိနေတတ်ကြလို့ပါ…ဒါကြောင့်တစ်ခါတစ်လေကျရင် အင်္ဂလိပ်လို ထည့်ပြောရတာက အဓိပ္ပါယ်ကို ပိုထိရောက်စေသလိုမျိုးဖြစ်တတ်တာကို ခံစားမိဖူးကြမှာပါ…

အဲဒီ့ အတ္တက သိပ်လွန်ကဲလာပြီး သူများတွေအတွက်ကို ထည့်မစဉ်းစားနိုင်လောက်အောင် ဖြစ်လာရင်တော့ ခင်ဗျားရဲ့ အတ္တဟာ အရုပ်ဆိုးသွားပြီ. အဲဒါ point ပဲ. လူမှာ အတ္တ လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ကောင်းအောင် ပြုပြင်မြှင့်တင်ချင်စိတ်ကို မွေးဖွားပေးနိုင်တဲ့ တွန်းအားတစ်ခုလိုတယ်။ ဒါပေမယ့် အဲဒီ့ တွန်းအားဟာ တစ်ခြားလူတွေရဲ့ အကျိုးစီးပွားကို မထိခိုက်မနစ်နာစေရဘူး..အဲဒါ ကျွန်တော်ပြောချင်တဲ့ အတ္တအကြောင်းပဲ.

ဒီတော့ ဆရာကိုတာရေးခဲ့သလိုပဲ
“ကိုယ်က အများကိုနားလည်အောင်၊ အများပြောတာကို ကိုယ်ကနားထောင်တတ်ရတယ်…”
ကိုယ့်ရဲ့ အတ္တကို အတိုးအလျှော့လုပ်တတ်ဖို့လိုတယ်။ ကိုယ်လည်းပြောပိုင်ခွင့်၊ ငြင်းဆန်နိုင်ခွင့်ရှိသလို တစ်ဖက်လူမှာလည်း အဲဒီ့အခွင့်အရေးရှိသင့်တယ်လို့ သိထားပြီး စကားပြောတတ်ဖို့လိုတယ်။

အဲဒီ့အချိန်မှာ ဘာဖြစ်လာမလဲ.
သူတို့နှစ်ယောက်ကြားမှာ အင်မတန်မှ လှပတဲ့ နားလည်မှုတစ်ခု ဖြစ်ထွန်းလာမယ်လေ.
Mutual Understanding ဆိုတာ ဒါပဲ. “ခင်ဗျားနဲ့ ကျွန်တော်နဲ့ အမြင်တူစရာမလိုဘူး။ ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော် အတူတကွ ယှဉ်တွဲရပ်တည်နိုင်တယ်” ဆိုတဲ့ အခြေခံ အချက်ပဲ အဲဒီ့အချက်ဟာ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်ထောင်ဖက် စတဲ့ ဆက်ဆံရေးတွေ အတွက်သာမက နိုင်ငံ အချင်းချင်း ဆက်ဆံရေးတွေ အထိ သက်ရောက်မှုရှိတယ်..


နောက်ဆုံးမှာ ဆရာကိုတာပြောသွားတဲ့ စကားလေးတွေကို ပြန်ကြည့်လေ.

“လူအများ ကိုယ့်ကို နားလည်ဖို့အတွက် ကိုယ့်ယုတ္တိကို အရင်ရှင်းပြနေကြတယ်။ တကယ်တော့ ကိုယ့်ပုဂ္ဂလဂုဏ်ရည်နှင့် ကိုယ်က သူ့အပေါ်ထားရှိတဲ့ ကိုယ်ချင်းစာ အကြင်နာစိတ်က အရင်လာရမှာ။ ယုတ္တိတွေ ပြောနေရုံမျှနှင့် မအောင်မြင်နိုင်ပါ…”


ဒါပဲ. မမေ…
ကိုယ်ကိုယ်တိုင်က သဘောထားကို စပြောင်းလိုက်ဖို့လိုတယ်။ ကိုယ်က သူများကို အရင်နားလည်ဖို့လိုတယ်ဆိုတဲ့ မမေပြောတဲ့ အချက်ကို ကျွန်တော် မငြင်းပါဘူး။
ဒါပေမယ့် သူများကို နားလည်ဖို့ထက် ကိုယ့်ကိုယ်ကို နားလည်ဖို့ ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။

သူများတွေကို တမင်နားလည်ပေးဖို့ ကြိုးစားနေစရာမလိုပါဘူး။ ကိုယ့်အကြောင်းကို ကိုယ် သေသေချာချာ နားလည်နိုင်အောင် ကြိုးစားပြီး တစ်ခြားသူတွေကို ကိုယ်ချင်းစာစိတ်နဲ့ ပြန်မြင်တတ်တာက လုပ်ရတာ ပိုလွယ်ကူလိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ ပိုပြီးတော့လည်း သဘာဝကျတယ်၊ လက်တွေ့ဆန်နိုင်တယ်လေ.

ကျွန်တော်တို့ရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူအမျိုးမျိုးအစားစားတွေ ဆက်တွေ့နေရဦးမှာပါ. ကိုယ်ကလည်း အဲဒီ့ အမျိုးအစားတွေထဲက တစ်မျိုးပါပဲလေ. အားလုံးကို လိုက်နားလည်နိုင်တာကတော့ အကောင်းဆုံးပေါ့. ဒါပေမယ့် ကိုယ့်ကိုယ်ကို နားလည်တတ်ဖို့က အဓိကအချက်ပဲလို့ ကျွန်တော်မြင်ပါတယ်…

ဗုဒ္ဓဘာသာရှုထောင့်က ပြောရရင် ဘုရားရဟန္တာတွေ အာသဝေါကုန်ခမ်းဖို့ တရားကျင့်တဲ့ အခါမှာ ဘာကို ရှုကွက်ထားသလဲ

ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုပဲ အဓိက ရှုကွက်ထားပါတယ်. ဟုတ်တယ်နော်…
ကိုယ့်ခန္ဓာရဲ့ ဖြစ်ပျက်တွေကို အလုံးစုံ သိမြင်အောင်နိုင်ပြီးနောက်မှာ အာသဝေါကုန်ခမ်းပါတယ်။ အဲလို အရဟတ္တမဂ်ကို ဆိုက်ရောက်ပြီးသွားတဲ့နောက်မှာ သူ့ကို တစ်ခြားဘယ်အရာကမှ မလွှမ်းမိုးနိုင်တော့ပါဘူး…
သူဟာလည်း လောကကြီးကို ကောင်းစွာ ရှုမြင်နားလည်နိုင်တဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်သွားပါတော့တယ် အရဟတ္တမဂ်ရတဲ့ ပုဂ္ဂိုလ်ချင်းတူတာတောင် ပစ္စေကဗုဒ္ဓါဆိုတဲ့ တရားဟောပြနိုင်စွမ်းမရှိတဲ့ ဘုရားဖြစ်တာမျိုးရှိနေသေးတယ်နော်. တရားဟောနိုင်ဖို့အတွက် ပညာပါရမီ တစ်ခုထပ်လိုလာပြန်ရောဗျ.

ဒါကိုလိုရင်းကောက်ရရင် ကိုယ်ကိုယ်တိုင်ကို နားလည်ပြီးနောက် ကိုယ်ချင်းစာတရားကို အရင်းပြုပြီး တစ်ခြားလူပုဂ္ဂိုလ်သတ္တ၀ါတွေကို နားလည်နိုင်အောင်ကြိုးစားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီ့မှာမှ တစ်ခါ ကိုယ်နဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ရတဲ့ လူတွေရဲ့ အမူအကျင့်တွေ အကြောင်းကို ကောင်းကောင်းလေ့လာမှတ်သားထားခဲ့မယ်ဆိုရင် သူတို့ကို ကိုယ့်ဘက်ပါအောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ ပညာကိုပါ တတ်မြောက်လာနိုင်လိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်…

“တကယ်တော့ ကိုယ့်ပုဂ္ဂလဂုဏ်ရည်နှင့် ကိုယ်က သူ့အပေါ်ထားရှိတဲ့ ကိုယ်ချင်းစာ အကြင်နာစိတ်က အရင်လာရမှာ”
ဆိုတဲ့ နောက်ဆုံးစာသားလေးက သိပ်ပြီးတော့ကို အဓိပ္ပါယ်ပြည့်ဝနေပါတယ်ဗျာ…

အဲဒီတော့ မမေမြင်တာက သူများကို ကိုယ်ကနားလည်အောင် အရင်ကြိုးစားမှ ကိုယ့်ကို သူများတွေက နားလည်မယ်

ဆရာကိုတာ မြင်တာက ကိုယ့်ကိုယ်ကို အရင်နားလည်ပြီး သူများတွေကို နားလည်အောင် ကြိုးစားသင့်တယ်

ကျွန်တော်မြင်တာက ကိုယ့်ကိုယ်ကို အရင်နားလည်အောင် ကြိုးစားပြီး ကိုယ်ချင်းစာစိတ်တစ်ခုနဲ့ အခြားသူတွေရဲ့အကြောင်းကို နားလည်အောင် ကြိုးစားသင့်တယ်…

စာသားလေးတွေက နည်းနည်းပဲ ကွဲပါတယ်။ ဒါပေမယ့် အဲဒီ့ကွဲသွားတဲ့ အဓိပ္ပါယ်မှာကိုပဲ မတူညီတဲ့ ချဉ်းကပ်ပုံလေးတွေကို သတိထားမိရင် တွေ့ပါလိမ့်မယ်..

ကျွန်တော်တို့ နားထောင်တတ်ဖို့လိုပါတယ်ဗျာ…”

“ဟား... ကိုရန်အောင်က ဘာသာရေးတွေအထိပါ ဆွဲခေါ်သွားတော့ ကျွန်မတောင် ဘာဆက်ပြောရမှန်း မသိတော့ဘူး… ဟုတ်တယ် ကိုရန်အောင်. ကျွန်မတို့တွေက ကိုယ်ပြောချင်တာကိုပဲ ရှေ့တန်းတင်နေပြီး ကိုယ်လုပ်တာကိုပဲ အမှန်လို့ အချိန်တော်တော်များများမှာ ယူဆနေခဲ့ကြတယ်။ တစ်ဖက်လူကို နားလည်မှုပေးသယောင်ယောင်နဲ့ တကယ်တော့ ကိုယ့်ရဲ့ အမြင်တွေကို သူ့ခေါင်းထဲ ရိုက်သွင်းပေးဖို့ အခွင့်အလမ်းကို ရှာနေခဲ့ကြတယ်။ ဒါဟာ အဖော်မဲ့ဖြစ်စေတဲ့ လမ်းစတွေပဲ.

ဒါပေမယ့် ကိုရန်အောင်. ကျွန်မစကားကပ်တယ်လို့တော့ မထင်ပါနဲ့.
ကိုယ်ကသာ နားလည်ပေးနေပြီး ကိုယ့်ကို ဘယ်သူမှ နားမလည်ပေးဘူး။ ကိုယ်မှန်တယ် ဆိုတာကိုလည်း သေချာပေါက်သိနေတယ်။ အဲဒါဆိုရင် ဘယ်လိုလုပ်မလဲ…”

“Good question! ဘာသာရေးဘက်မှာ အကောင်းဆုံး ဥပမာတစ်ခုရှိတယ်။
“သံဃာ့အား ဘုရားမလွန်ဆန်သာ” တဲ့. ။ ဖြစ်ရပ်တစ်ခုမှာ ဘာတွေ့ရလဲဆိုတော့ သံဃာတွေ ဂိုဏ်းဂဏတွေကွဲကြတယ်။ ဘုရားရဲ့ စကားကို ဘယ်သံဃာကမှ နားမ၀င်ကြတော့ဘူး… ဘုရားက ဘာလုပ်တယ်ထင်လဲ.
သူတစ်ပါးတည်း တောထဲကိုထွက်သွားတယ်ဗျ.

အဲဒါကျွန်တော်ပြောခဲ့တဲ့ အချက်ကို သွားအထောက်အကူဖြစ်နေတယ်.
ဘယ်လိုမှ ပြောမရတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ကြုံလာရင် သူတို့ကို ရင့်ကျက်မှုရလာအောင် အချိန်တစ်ခုပေးလိုက်ရတယ် ဆိုတာလေ.
ဘုရားမရှိတော့တဲ့နောက်မှ ဘုရားရဲ့ တန်ဖိုးကို သံဃာတွေ နားလည်လာပြီး ဘုရားကို ပြန်လည် တောင်းပန်ပင့်ဆောင်ကြရသတဲ့ဗျာ…

နောက်ဖြစ်ရပ်တစ်ခုမှာတော့ မြင်းတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ပုဏ္ဏားတစ်ယောက် (နာမည်သိပ်မမှတ်မိတော့ဘူးဗျာ..) နဲ့ ဘုရားပြောဆိုဆွေးနွေးကြတဲ့ အခန်းမှာပေါ့…

မြတ်စွာဘုရား။ ။ အသင်ပုဏ္ဏား. သင်ကား မြင်းများကို လေ့ကျင့်သင်ကြားပေးရာတွင် ဆရာတစ်ဆူဟု ငါကြားသိရသည်။ သင်၏ မြင်းများထဲတွင် မည်သို့မျှလေ့ကျင့် သင်ကြားပေး၍မရသော မြင်းမျိုးများ တွေ့ဖူးပါသလား။ အကယ်၍ တွေ့ခဲ့သော် သင်ဘယ်သို့လေ့ကျင့်ပေးသနည်း..

ပုဏ္ဏား။ ။ အရှင်ဘုရား. တပည့်တော်တွေ့ဖူးပါသည်။ ထိုသို့သော မြင်းမျိုးနှင့်တွေ့လျှင် ၄င်းအား ကျွန်ုပ် သတ်ပစ်ပါသည်.

မြတ်စွာဘုရား။ ။ အဘယ်ကြောင့်နည်း…

ပုဏ္ဏား။ ။ ကျွန်ုပ်၏ နာမည်ကို ဖျက်ဆီးမည့် မြင်းမျိုးဖြစ်သောကြောင့် ဖြစ်ပါသည်…

မြတ်စွာဘုရား။ ။ သင့်အား မြင်းပိုင်ရှင်မှ တရားစွဲဆိုခြင်း မပြုပေလော…

ပုဏ္ဏား။ ။ မပြုပါ. အရှင်ဘုရား. အဘယ်ကြောင့်ဆိုသော် မြင်းအား လာရောက်အပ်နှံစဉ်ကပင် တစ်စုံတစ်ရာ ချွတ်ချော်မှုကြောင့် လေ့ကျင့်ပေးနေစဉ် မြင်းသေဆုံးခဲ့ပါက လျော်ကြေးငွေ ပေးရန်မလိုဟု ကနဦး သဘောတူညီချက်ရယူထားပြီးဖြစ်၍ပါ အရှင်ဘုရား…

မြတ်စွာဘုရား။ ။ ကောင်းလေစွ. ပုဏ္ဏား. ကောင်းလေစွ. သင်၏နာမည် ဂုဏ်သတင်းကျော်စောခြင်းမှာကား အကြောင်းသင့်ပေစွ..

အဲလိုပြောပြီး မြတ်စွာဘုရားက ဆိတ်ဆိတ်နေတော်မူတယ်တဲ့.
ပုဏ္ဏားကလည်း စဉ်းစားတာပေါ့. အကြောင်းတစ်ခုခုတော့ ရှိရမယ်လို့တွေးပြီး ခုလို ပြန်မေးသတဲ့…

ပုဏ္ဏား။ ။ အရှင်ဘုရားရဲ့ သာသနာတော်အတွင်းမှာရော မည်သို့မျှ ပြောဆိုဆုံးမ၍ မရသည့် သံဃာတော်များ၊ လူပုဂ္ဂိုလ်များရှိပါသလား အရှင်ဘုရား…

မြတ်စွာဘုရား။ ။ ရှိပေ၏. အသင်ပုဏ္ဏား…

ပုဏ္ဏား။ ။ သို့ဖြစ်လျှင် အရှင်ဘုရား အနေနှင့် မည်သို့ ဆက်ဆံပါသနည်း။

မြတ်စွာဘုရား။ ။ ငါလည်း သူ့ကို သတ်ပစ်၏…

ပုဏ္ဏားကား ဤသို့တွေးလေ၏.
“ဘုရားရှင်သည် ပါဏာတိပါတာကံကို မည်သို့မျှ ကျူးလွန်ခြင်း မပြုရာ. အဓိပ္ပါယ်ရှိရာ၏” လို့ တွေးပြီး

ပုဏ္ဏား။ ။ အကျယ်ချဲ့တော်မူပါဘုရား…

မြတ်စွာဘုရား။ ။ ထိုသို့သော အကြင်ရဟန်းအား ငါသည် ဥပေက္ခာပြုတော်မူလေသည်။ ထိုသို့ပြုခြင်းအားဖြင့် ထိုပုဂ္ဂိုလ်အားသတ်သည်ဟု ငါဆို၏။

လို့ ပြန်လည်ဖြေကြားတော်မူပါတယ်ဗျာ.

ဒီတော့ ဘုရားတောင်မှ ပြောဟော ဆုံးမလို့မရတဲ့ လူမျိုးတွေ လောကကြီးမှာ ရှိပါတယ်။ ဒီလိုလူမျိုးတွေနဲ့ တွေ့တဲ့ အခါမှာ သူတို့ဆီက နားလည်မှုကို မျှော်လင့်စောင့်စားနေလို့ မောသွားရုံပဲရှိပါမယ်။ သူတို့ကို ဥပေက္ခာပြုပြီး ကိုယ့်ဘ၀ထဲက သတ်ပစ်လိုက်ရပါမယ်လို့ ကျွန်တော် ဆိုလိုချင်တာပါ…

“Wow. Wow Wow. ကိုရန်အောင်က ဇာတ်နိပါတ်တွေ တော်တော်နိုင်နင်းတာပဲ. ဘယ်တုန်းကဘယ်လိုလေ့လာထားခဲ့တာလဲ…”

“ကျွန်တော်ငယ်ငယ်တုန်းက ဘုရားစင်ပေါ်မှာ တင်ထားခဲ့တဲ့ ရွှေဥဒေါင်းရဲ့ “ဗုဒ္ဓစာပန်းချီ” အတွဲတွေကို မြတ်မြတ်နိုးနိုးဖတ်ခဲ့ဖူးတယ်ဗျ. နည်းနည်း အရွယ်ရောက်လာတော့လည်း လက်လှမ်းမီရာ ဗုဒ္ဓ၀င်ဇာတ်နိပါတ်လေးတွေကို ဖတ်ရှုမှတ်သားခဲ့တယ်။ ခုတော့လည်း ထုတ်သုံးဖို့ အချိန်ရောက်လာတာပေါ့ဗျာ. မမေကိုလည်း ကျေးဇူးတင်ပါတယ်. ခုလို ကျွန်တော့်ကို ပြန်လည် digest လုပ်ဖို့ အခွင့်အရေးပေးလို့လေ...

ကဲ. မမေရေ. ၁၀ နာရီလည်းထိုးတော့မယ်. ကျွန်တော်တို့ ဒီနေရာမှာ ရပ်လိုက်ကြရအောင်လားဗျာ. နော်..”

“ဟုတ်ပါ့ရှင်. စကားကောင်းနေလိုက်တာ. နာရီတောင် မကြည့်မိဘူး. ခုလို အချိန်ပေးရှင်းပြပေးတဲ့ အတွက်ရော. Blog မှာ Ebook လေးတွေ တင်ထားပေးတဲ့ အတွက်ရော အရမ်းကျေးဇူးတင်ပါတယ်ရှင်. ဆက်လက်ကြိုးစားသွားပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်…”

“ဟုတ်ကဲ့. ကျွန်တော်ကတိပေးပါတယ်. မမေ မပြန်ခင် ထပ်တွေ့ကြပြီး စကားဆက်ပြောကြသေးတာပေါ့ဗျာ…

Have a nice day, Ma May!”

“Same to you and good luck, Ko Yan Aung!”



မှတ်ချက်။
=====
မမေ တကယ်တော့ နယူးယောက်ကို မလာခဲ့ပါ.
စိတ်ကူးထဲတွင် ခံစားရေးဖွဲ့ထားခြင်းသာ ဖြစ်ပါသည်.
ဒါကတော့ မမေရဲ့ Website ပါ. သွားလည်လိုက်ကြပါဦးနော်…

http://www.mayvelous.com/


ဒီ post လေးကို Download လုပ်ထားချင်ရင်တော့...

Thinking About Thinkers...

4 comments:

Mayvelous said...

Whoa! This would take a long time to read. If I have to type up, i'll take weeks for this kind of post. haha. Alrite, here are my replies.

I accept and agree with every points/concepts the author mentioned(you quoted) there. I like all your examples, explanations and the story. My understand is:

ကိုယ်ကိုကိုယ် နားလည်အောင်လုပ် > အများကို ကိုယ်နားလည်အောင်လုပ် > အများကိုယ့်ကို ပြန်နားလည်အောင်လုပ် > နှစ်ဦးနှစ်ဖတ် နားလည်မှု ရယူ

3rd and 4th steps are uncertained and hard to achieve unless you mastered the 1st and 2nd steps. But need not worry as you can ignore that 3rd and 4th due to various reasons - one being the very reason you mentioned in your story.

I read about that story when I was young and I take Buddha's decision in my heart.

ဘုရားရှင်ဟာ နေ့စဉ် ပထမဆုံး သတ်တဝါ အပေါင်းကို ဥာန်တော်နဲ သုံးသပ်တော်မူတယ်။
ဆုံးမထိုက်သူ /ကျွှတ်ထိုက်သူတို့ကို သာ နည်းပေးဆုံးမတယ်။ တချိုသောလူတွေဟာ သူတို့ရဲ့ အကုသိုလ် ကံကြောင့် မည်မျှပင် လမ်းညွန်ဆုံးမပေဦးတော့ အကောင်းမမြင် လမ်းမမြင် ကန်းနေတတ်ကြတယ်။ ထိုလူများကို ဘုရားရှင်ကိုယ်တိုင်တောင် မည်သို့မျှ ကယ်နိုင်မည်မဟုတ် ဥပေက္ခာပြုတော်မူတယ်။
* Do excuse my spellings, I lost the latkwat file and cant find some keys.

Have been said, let me get bck to my comment, which you seem to missed the point.
My comment was not on the article nor his concepts. It's just a merry translation part i'm not satisfied with. I didn't know both eng and mm translation came frm that book. I thought you read the eng phrases and translated yourself. I havent read that book hence I havent read his explanations. But now I'll surely read the book all thanks to you. You truely are a good writer and resourceful. I'm deeply impressed.
Here are some points for your amusment:
# I would never call up a guy like that. ;)
# I would go for Starbuck instead of McDonald.
# I wont offer or say like that in the first place. I would pay the bill once we finish dinning.
# Got yours from mmblogger directory. I roll most of the blogs from there. I don't go check others cboxes. I read from feedreader.
# I am trying to join UN and gonna visit NY one day.
# I can't talk that well in Burmese.
Overall, it's a good read and I enjoyed the whole post. I printed it out for my own future reference.
I do thank you for all the infos and ebook dls.

You have a good day.
May

Thet Htoo@Myat Lone said...

Very great post. Ko Yan Aung. Thanks a lot for this post.

Anonymous said...

good post!!

Yan said...

Hi Mayvelous, MYTH59 and Ma Maydarwii...
Thanks for your comments and encourgement!

:D