Tuesday, September 11, 2012

ရင်နှင့်ပျိုးသော သစ်ပင်ငယ် (သို့မဟုတ်) .....




၂၀၀၇ အစောပိုင်းကာလတုန်းက ကျွန်တော်နဲ့ မိတ်ဆွေဘလော့ဂါ သူငယ်ချင်းတစ်စု အိပ်မက်တစ်ခုကို အတူတကွ မက်ခဲ့ဖူးကြတယ်။ အွန်လိုင်းပေါ်မှာ ရှိတဲ့ ဘလော့ဂ်စာမူလေးတွေထဲက ကောင်းနိုးရာရာလေးတွေကို စုစည်းပြီး ပုံနှိပ်စာအုပ်လေးတစ်အုပ်အဖြစ် ထုတ်ဝေဖြန့်ချိဖို့ပေါ့။ အဲဒီ့အိပ်မက်လေးကို အကောင်အထည်ဖော်ဖို့အတွက် အွန်လိုင်းပေါ်မှာရှိတဲ့ မြန်မာဘလော့ဂါဖိုရမ် (ယခုမရှိတော့)မှာ နေ့စဉ်ညဆက် ကျွန်တော်တို့တွေ ဆုံစည်းဖြစ်ခဲ့ကြတယ်။ စာအုပ်လေးတစ်အုပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ရေးအတွက် ကိုယ်စီကိုယ်ငှ တာဝန်လေးတွေ ခွဲဝေယူပြီး အဆင့်ဆင့် ကြိုးစားခဲ့ကြတယ်။

စိတ်ကူကိုယ်တူ ၀ါသနာတူသူများကလည်း မိမိတို့ရဲ့ ချွေးနှဲစာလေးတွေကို ထည့်ဝင်လို့ တစ်တပ်တစ်အား ပါဝင်ပံ့ပိုးပေးခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပန်းတိုင်ရောက်ခါနီးမှာမှ အကြောင်းကြောင်းကြောင့် လှော်တက်ကျိုးခဲ့ရတယ်။ အဲဒီ့ကတည်းက ဘလော့ဂ်စာမူတွေကို စုစည်းထုတ်ဝေဖို့ အစီအစဉ်ဟာ ဖြစ်မြောက်လာခဲ့ခြင်း မရှိတော့ဘဲ Ebook အဖြစ်နဲ့သာ ရောင့်ရဲတင်းတိမ်ခဲ့ရပါတော့တယ်။ 

အဲဒီ့နောက်ပိုင်း ကျွန်တော်တို့ ဘလော့ဂါတွေ အချင်းချင်းကြားမှာလည်း အဆက်အသွယ်တွေ တဖြည်းဖြည်းချင်း ကျဲပါးသွားခဲ့ကြတယ်။ ဒီကြားထဲမှာ ဘလော့ဂ်စာမူလေးတွေကို စုစည်းထုတ်ဝေဖို့ အသီးသီးအသက ကြိုးစားအားထုတ်မှုလေးတွေလည်း ရှိခဲ့ကြပါသေးတယ်။ ဒါပေမယ့် ပုံနှိပ်စာမူ ထုတ်ဝေနိုင်တဲ့ အဆင့်ထိကို မရောက်လာနိုင်ခဲ့ကြပါဘူး။ 

ဘလော့ဂါများထဲမှာ ပုံနှိပ်စာမူ ထုတ်ဝေနိုင်ခဲ့သူများအနေနဲ့ မှတ်မှတ်ရရ သတိထားမိသူများကတော့ မနိုင်းနိုင်းစနေ၊ မအိမ့်ချမ်းမြေ့၊ မမြသွေးနီ၊ မပန်ဒိုရာ၊ ကိုနေဘုန်းလတ်၊ ကိုမိုးလှိုင်ည၊ ကိုသက်တံ့ချိုတို့ပဲ ဖြစ်ကြပါတယ်။ ဘလော့ဂ်စာမူများကို စုပေါင်းထုတ်ဝေမှုအနေနဲ့ကတော့ သေသေချာချာ တိတိပပ မရှိကြသေးဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။

အဝေးကနေ စီစဉ်ထုတ်ဝေရတာ အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်မိတဲ့အတွက် စာအုပ်ထုတ်ဝေရေး အစီအစဉ်ကို ကျွန်တော်ထပ်မံ မကြိုးစားခဲ့တော့တာ ဘလော့ဂါတစ်ယောက်နဲ့ အွန်လိုင်းမှာ တွေ့ဆုံသိကျွမ်းမိတဲ့ အချိန်ထိလို့ ဆိုရပါလိမ့်မယ်။

သူကတော့ “အိပ်မက်ကောက်ကြောင်း” ဆိုတဲ့ ရသ၀တ္ထုတိုစုစည်းမှု စာအုပ်လေးတစ်အုပ် ထွက်ရှိခဲ့ပြီး မကြာခင်မှာ “အသိသစ်တံခါးချပ်များ” ဆိုတဲ့ ဒုတိယမြောက် စာအုပ်လေးထွက်ရှိဖို့ စိုင်းပြင်းနေတဲ့ ဘလော့ဂါ စာရေးဆရာမ မမြသွေးနီပါ။ 

သူနဲ့တွေ့ဆုံသိကျွမ်းခဲ့ဖူးနောက် မကြာခင်မှာပဲ သူ့ရဲ့ ပါရမီဖြည့်ဖက် ကိုမော်ကြီး (ခ) စာရေးဆရာ ညိုရင့်ကိုလည်း နာမည်အားဖြင့် ရင်းနှီးကျွမ်းဝင်လာခဲ့ရပါတယ်။ အဲဒီ့ကမှ သိလာရတာကတော့ ကိုမော်ကြီးဟာ “AMK Creation” ဆိုတဲ့ နာမည်နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို ကိုယ်တိုင်ဦးစီး လုပ်ကိုင်နေသူတစ်ဦး ဖြစ်တယ်လို့လည်း ၀မ်းမြောက်ဖွယ်ရာ ထပ်မံကြားသိလိုက်ရပါတယ်။ 

အဲဒါနဲ့ပဲ ကျွန်တော့်ရဲ့ ကာလရှည်ကြာ မက်ခဲ့ရတဲ့ အိပ်မက်သစ်ပင်လေးကို ပြန်လည်ပျိုးထောင် မြေတောင်မြှောက်ပေးဖို့ အားမာန်တွေ ပြန်ဝင်လာခဲ့ရတယ်။ ကိုမော်ကြီးတို့ မမြသွေးနီတို့နဲ့ မကြာခဏ အွန်လိုင်းမှာ တွေ့ဆုံဖြစ်ကြပြီး စာအုပ်ထုတ်ဝေနိုင်ရေးအတွက် အဆင့်ဆင့် အကောင်အထည်ဖော်ခဲ့ကြတယ်။ ကျွန်တော့်ကို လူအားဖြင့် မကူညီနိုင်ပေမယ့် အကြံဥာဏ်အားဖြင့် ကူညီပံ့ပိုးပေးခဲ့ကြတဲ့ မိတ်ဆွေ ဘလော့ဂါတွေထဲမှာ ကနေဒါနိုင်ငံမှ မအိမ့်ချမ်းမြေ့၊ ဂျပန်နိုင်ငံမှ မခင်လေးငယ်၊ စင်ကာပူနိုင်ငံမှ ဘလော့ဂါ ညီမငယ် မမြတ်ပန်းနွယ်နဲ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှ စာရင်းကိုင် မမိုးပွင့်ဖြူတို့လည်း ပါဝင်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်ပေါင်းများစွာ အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင်လာခဲ့ရတဲ့ သစ်ပင်ငယ်လေးဟာ မကြာခင်မှာ စာဖတ်ပရိသတ် ရှေ့မှောက်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 

ဒီသစ်ပင်ငယ်လေးကို ကျွန်တော်တို့အားလုံးရဲ့ အနုပညာဝိညာဉ်များနဲ့ အကောင်းဆုံးဖြစ်နိုင်ဖို့ ၀ိုင်းဝန်းထုံမွှန်းထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လေးစားနှစ်သက်ရတဲ့ မြန်မာစာပေလောကမှ ကလောင်အကျော်အမော် ဆရာဆောင်းဝင်းလတ်နဲ့ ဆရာရဲသျှမ်းတို့ကလည်း စေတနာရှေ့ထား ပွင့်လင်းရိုးရှင်းတဲ့ အမှာစာများနဲ့တကွ ကျွန်တော်တို့ရဲ့ အိပ်မက်သစ်ပင်လေးကို မီးမောင်းထိုး စင်တင်ပေးထားကြပါသေးတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီစာအုပ်လေးရဲ့ အတွင်းစာမျက်နှာများမှာလည်း ဘလော့ဂါတစ်ဦးချင်းစီရဲ့ ၀တ္ထုနဲ့ အက်ဆေးတစ်ပုဒ်စီကို အကြောင်းအရာနဲ့ ဆီလျော်လိုက်ဖက်စေမယ့် သရုပ်ဖော်ပုံလေးများနှင့်တကွ ဝေေ၀ဆာဆာ စီစဉ်ပေးထားပါသေးတယ်။

အဲဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ စာရေးသူ ဘလော့ဂါမောင်မယ်များရဲ့ ကိုယ်ရေးအကျဉ်းနဲ့ သူတို့ ဘယ်လိုဘယ်ပုံ ဘလော့ဂါစာရေးဆရာတွေဘ၀ကို ရောက်ရှိခဲ့ကြတယ် ဆိုတာလေးတွေကိုလည်း စာရေးသူကိုယ်တိုင် မိတ်ဆက်အမှာစကားလေးများနှင့်တကွ စာအုပ်လေးရဲ့ တစ်နေရာမှာ တစ်စုတစ်စည်းတည်း ဖော်ပြပေးထားပါသေးတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် သူတို့ပြောတဲ့ စကားလုံးလေးတွေနဲ့ လိုက်ဖက်မယ့် ပရိုဖိုင်းလ် သရုပ်ဖော်ပုံလေးတွေကိုလည်း ယှဉ်တွဲပုံနှိပ်ပေးထားပါသေးတယ်။

စာချစ်သူများ စိတ်ကျေနပ်နှစ်သက်မှုရရှိစေနိုင်မယ့် စာအုပ်လေးတစ်အုပ်အဖြစ် ကျွန်တော်တို့ အထူးပဲ ကြိုးပမ်းအားထုတ်ထားပါတယ်။
 
အိပ်မက်တစ်ချို့ဟာ တိုတောင်းပေမယ့် ရင်ထဲမှာ ထိရှတယ်။

အိပ်မက်တစ်ချို့ကတော့ ရှည်လျားပေမယ့် နှလုံးသားထဲမှာ စွဲကျန်ရစ်တယ်။

ကျွန်တော်တို့ ဘလော့ဂါမောင်မယ် ဆယ်ဦး အတူတကွ မက်ခဲ့ကြတဲ့ အိပ်မက်သစ်ပင်လေးဟာ စာဖတ်သူပရိသတ်တွေရဲ့ ရင်ထဲမှာ၊ နှလုံးအိမ်ထဲမှာ ဘယ်လောက်ကြာကြာ စွဲကျန်ထိရှရစ်မလဲ ဆိုတာကိုတော့ စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် စနေနေ့နံနက် ၉ နာရီက အဆုံးအဖြတ်ပေးပါလိမ့်မယ်။

သစ်ပင်ငယ်လေးရဲ့ နာမည်ကတော့ “သက်တံဆယ်စင်း” တဲ့…





အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေခင်ဗျာ...

လေးစားခင်မင်လျက်

ရန်အောင်.

စက်တင်ဘာ ၁၁၊ ၂၀၁၂ ခုနှစ်။ ။ 

27 comments:

Anonymous said...

ဘလော့လုပ်ခါစက
ခဏခဏ ကိုရန်အောင်ဆိုဒ် ကိုရောက်ပါတယ်..
မြင်ဆရာအနေဖြင့်လေးစားအားကျလျှက်ပါ..စာတွေရေးတိုင်.. ဟာသလေးတွေ နှောတတ်တဲ့ကိုရန်အောင် စာအုပ်ကို ဖတ်ရှုအားပေးပါအုံးမည်....



ခင်မင်စွာဖြင့်..ဘလော့ဂါ မောင်(စွယ်စုံကျမ်း)

အမ်တီအန် said...

Congratulationပါ ကိုရန်အောင်...
အိပ်မက်တွေ စဉ်ဆက်မပြတ် ဆက်လက် ထုဆစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာလေး... ဘယ်လိုခံစားချက်လေးလဲ မသိဘူး ပျော်နေမယ့် သူတွေဆီက အပျော်တွေ ကူစက်ခြင်း ခံနေရသလို...ကွန်ဂရက်ကျူလေးရှင်းပါ အကိုရေ....:))))

PhyoPhyo said...

ဂုဏ်ယူပါတယ် ကိုရန်အောင်ရေ
သက်တံဆယ်စင်း အပြိုင်လင်း နိုင်ပါစေ။
အိပ်မက်တွေ ထပ်မက်ပြီး အိပ်မက်တိုင်း အကောင်အထည်ဖော်နိုင်ပါစေ။

cho kha said...

ကွန်ဂရက်ကျူလေးရှင်းပါ ကိုရန်
အိမ်မက်အားလုံး အပြည့်အ၀ပုံဖော်နိုင်ပါစေ~

မယ့်ကိုး said...

ကျေးဇူးအထူးပါ ကိုရန်အောင်။ :)

ညီလင်းသစ် said...

ကမ္ဘာမြေရဲ့ တစ်ထောင့်၊ တစ်နေရာစီမှာ ကျဲပြန့်နေတဲ့ မျိုးစေ့တွေ၊ မြေသြဇာတွေ၊ အိပ်မက် အဖူးအပွင့်တွေကို တစုတစည်းထဲနဲ့ အပင်လေးတစ်ပင် ဖြစ်လာအောင် စိုက်ပျိုး၊ ရေလောင်း၊ ပေါင်းသင်ဖို့ ဆိုတာ တွေးကြည့်ရုံနဲ့တင် အတော့်ကိုမလွယ်တဲ့ ကိစ္စပါ၊

အထူးသဖြင့် အခုဖြစ်ထွန်းလာတဲ့ အပင်ငယ်လေးဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက် ကတည်းက မြေပေါ်ကို ထွက်ဖို့ မက်နေခဲ့ဖူးတဲ့ အိပ်မက်တစ်ခုရဲ့ အစို့အညှောင့်လေး ဖြစ်လို့ ပိုပြီး ဝမ်းမြောက်စရာ ကောင်းလှပါတယ်၊ နောက်ဆုံးတော့ ကိုရန်အောင် ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ၊ တကယ်ပဲ ဂုဏ်ယူပါတယ် ဘရားသား...။

Unknown said...

ရက်ပေါင်းများစွာ အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင်လာခဲ့တဲ့ သစ်ပင်ငယ်လေး (ကိုရန်အောင်ရဲ့ အိပ်မက်လေး)ကို စာဖတ်ပရိသတ်ရှေ့ ရောက်အောင်ပို့ ပေးခဲ့တဲ့ ကိုရန်အောင် ကျိုးစားအားထုတ်မှုအတွက် ၀မ်းသာ၊ လေးစား မိပါတယ်။ ဒီလို သစ်ပင်ငယ်ပေါင်းများစွာကို ရှေ့ ဆက်လက်ပွားများ
နိုင်ပါစေလို့ လဲ ဆုတောင်းလိုက်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

လှပအရောင်စုံတဲ့ သက်တံလေးဆယ်စင်း
ကောင်းကင်ပေါ်မှာ ထွန်းလင်းတင့်တယ်စွာ ပေါ်ထွက်လာပြီမို့ ဝမ်းမြောက်ရပါတယ်။
အမြဲတမ်းတောက်ပတဲ့ သက်တံလေးများအဖြစ် ကောင်းကင်ပေါ်မှာ ထာဝရ ထွန်းလင်းတည်ရှိပါစေရှင်..

rose of sharon said...

Congratulations.... ရင်ထဲကနေလှိုက်လှိုက်လှဲလှဲကို ဂုဏ်ယူမိတာပါ.....

သက်ဝေ said...

မသက်ဝေ - Congratulation ကိုရန်အောင်...
စာအုပ် လက်ဆောင် ဘယ်လိုပို့ပေးမလဲ ဆိုတာ သိချင်ပါတယ်... အဟိ...

ကိုရန်အောင် - Speechless...

:D :D :D :D

Yan said...

ကိုစွယ်စုံကျမ်း၊ မမြသွေးနီ၊ ညီမငယ် အိန်ဂျယ်၊ မဖြိုးဖြိုး၊ ချိုခ၊ မမယ်ကိုး၊ ကိုညီလင်းသစ်၊ Unknown၊ မချော၊ Rose of Sharon၊ နှင့် မသက်ဝေ.....

အားလုံး ကျေးဇူးကမ္ဘာ...း)

ဒီလိုကော်မန့်လေးတွေ ဖတ်ရတော့ ရင်ထဲမှာ ကြည်နူးပီတိဖြစ်မိပါတယ်.

Speechless... :D

Y.

mstint said...

နောက်ကျမှ အပြေးအလွှားရောက်လာခဲ့တယ် မောင်ရန်အောင်ရေး) မညာတမ်းဝန်ခံရရင်တော့ မောင်ရန်အောင်ရဲ့ ဘလော့ကို အမှတ်တမဲ့ နေမိ တီတင့်အပြစ်ရှိလို့ ဆိုရလေမလားနော်။ ဘယ်လိုဖြစ်လို့ ဒီဘလော့ တီတင့်ထဲမရောက်ခဲ့ပါလိမ့်။
Congratulation !!! အပင်လေးကြီးထွားရှင်သန်စေဘို့ ကူညီပြီးပေါင်းပင်လေးတွေဖယ်ရှားပေးပါ့မယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

Congratulations ပါ ကိုရန်အောင်ရေ ..။ ခရီးလွန်နေလို့ ဂုဏ်ပြုတာတောင် နောက်ကျနေတယ်။ ကိုရန်အောင်က မြတ်ကို ကျေးဇူးတင်နေသေးတယ်။ တကယ်တော့ မြတ်ကတောင် ကိုရန်အောင်ကို ကျေးဇူးတင်နေတာပါ။ ပြီးတော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်လည်း အကူအညီမပေးလိုက်နိုင်လို့ အားနာနေမိတာ။

ဒီသက်တံဆယ်စင်းဆိုတဲ့ အပင်ငယ်လေးကနေစလို့ နောင်စာအုပ်ပေါင်းမြောက်များစွာ ဝေဝေဆာဆာ ဖူးပွင့်ပြီး မြန်မာ့စာပေလောကမှာ အရိပ်ကောင်းတဲ့ သစ်တစ်ပင်အဖြစ် အဓွန့်ရှည် တည်တံ့ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။

လေးစားခင်မင်လျက်
မြတ်ပန်းနွယ်

Yan said...

>တီတင့်... ကျွန်တော့်ကိုမေ့နေခဲ့တာပေါ့လေ. ရင်ထဲမကောင်းလိုက်တာ.း) အားပေးတဲ့အတွက် ကျေးဇူးပါ တီတင့်ရေ...

>မြတ်ပန်းနွယ်... ညီမရဲ့ အကူအညီတွေလည်း အများကြီး ပေါင်းစပ်ပါဝင်ခဲ့ပါတယ်. ဘာပဲဖြစ်ဖြစ် ကျေးဇူးအများကြီးတင်ပါတယ် ညီမ... မြန်မာစာပေလောကမှာ ညီမငယ် မြတ်ပန်းနွယ်တစ်ယောက် အောင်မြင်တဲ့ စာရေးဆရာမကောင်း ဖြစ်နိုင်ပါစေဗျာ...

~ဏီလင်းညို~ said...

ကိုရန်ရေ့....

မလေးရဲ့ ဆိုဒ်က ကိုရန့်ကော်မန့်ကနေတစ်ဆင့်ရောက်လာတာပါဗျ။
(ခရီးအရှည်ကြီး လာခဲ့ရတာလို့ ဆိုလိုလိုက်တာပါ...းP)
ဒီရောက်တော့ ပို့စ်လေးကိုဖတ်၊ စာအုပ်ပုံလေးတွေကြည့်ပြီး စိတ်ထဲ တစ်မျိုးလေးဖြစ်သွားတယ်။ ကြည်နူးမိသွားတယ်။
ကျေးဇူးတင်ပါတယ်ဘရို။ နောင်လည်း ၀ါသနာပါတဲ့စာတွေ အများကြီးရေးနိုင်၊ ထုတ်ဝေနိုင်သွားပါစေခင်ဗျား....

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

Yan said...

>ကိုဏီ... ပျောက်လှချည်လားဗျ. ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ပြန်တွေ့ရတာ ၀မ်းသာတယ်ဗျာ. စာအုပ်လေးထဲမှာ ပါဝင်ပံ့ပိုးပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်. အစစအရာရာ ဂရုစိုက် ဘရားသား...း)

Nilaynla said...

စာအုပ်အဖုံးပေါ်က color pencils လေးတွေကို မြင်တော့ ဒီစာအုပ်လေးထွက်လာတဲ့အခါ ငါ့သူငယ်ချင်းနင်က color pencils လေးတွေထဲကလို ဘယ်လို color လေးများဖြစ်နေမလဲ ကိုယ်စားပြုနေမလဲ
လို့ စဉ်းစားအတွေးဝင်မိလို့ စိတ်ဝင်စားစွာ စောင့်မျှော်
နေမိတယ်...

အိမ့်ချမ်းမြေ့ said...

ကိုရန်ရေ...

ဝမ်းသာပါတယ်...
မလေးကို ကျေးဇူးတင်စရာမလိုပါဘူးရှင်..
မလေးက စာအုပ်အရောင်နဲ့ဒီဇိုင်းမှာသာ..
မဖြစ်စလောက်အကြံပေးရုံလောက်ပါ...

အောင်မြင်ပါစေရှင်။

ခင်မင်လျှက်..
မလေး

လရိပ်အိမ် said...

သက်တံဆယ်စင်းကို ရင်ခုန်စွာစောင့်စားနေပါတယ်။
အောင်မြင်ပါစေ။

လေးစားစွာဖြင့်
လရိပ်အိမ်

kokogyi.hd said...

ရန်အောင်ဆိုတာရုပ်ရှင်မင်းသားလား။

Yan said...

>နီလာ... ကျေးဇူးသယ်ရင်း... အခု နင်စာအုပ်ဖတ်ပြီးပြီဆိုတော့ ခဲတံ ဘာအရောင်လဲ အဖြေပေါ်ပြီပေါ့း)

>အိမ့်ချမ်းမြေ့... ကျေးဇူး မလေးရေ... မလေးကိုယ်စားလည်းဝမ်းသာပါတယ်.

>လရိပ်အိမ်... ကျေးဇူး ညီမ.

>kokogyi.hd... Speechless :D

AMK Creation said...
This comment has been removed by the author.
AMK Creation said...

ကိုရန်အောင်ရေ..

ဒီနေ့တော့ မမြသွေးနီပေးထားတဲ့ လင့်ခ်တွေ အတိုင်း သက်တံဆယ်စင်းရဲ့စာတွေကို လိုက်ဖတ်ဖြစ်ပါတယ်ဗျာ။

အွန်လိုင်းစာဖတ်ပရိသတ်သာမက၊ ကျွန်တော်ဝန်းကျင်က ပုံနှိပ်စာဖတ် ပရိတ်သတ်တွေရဲ့ ထပ်တူညီအားပေး တုန့်ပြန်သံတွေအတွက် ကျွန်တော်လည်း ကိုရန်အောင်နည်းတူ ၀မ်းသာပျော်ရွှင်မိပါတယ်။

ကိုရန်အောင့် ရင်ထဲက ပျိုးထားတဲ့ သစ်ပင်ငယ်လေး တစ်ပင်ကစလို့ စာဖတ်ပရိသတ် အားလုံးအတွက် ကြည်နူးအေးမြမှုပေးနိုင်မယ့် ပန်းပေါင်းစုံ ဖူးပွင့်နေတဲ့ဥယျာဉ်ကြီးအဖြစ် ရောက်ရှိပါစေလို့ လှိုက်လှိုက်လှဲလှဲ ရင်ထဲကနေ ဆုတောင်းပေးနေမိပါတယ် ။

ကျွန်တော်က အွန်လိုင်းကို မသုံးသလောက် ဆိုတော့ မမြသွေးနီပြောပြသမျှတော့ သိနေရပါတယ်။ ဒီကွန်မန့်ကိုတော့ ကိုယ်တိုင် မရောက်အရောက် လာပေးဖြစ်တာပါ။

(စကားမစပ်..ဆံပင်တွေ ကောက်ထားတယ်ဆို။ အဆင်ပြေပါစေ Bro.)

ခင်မင်လေးစားလျှက်

ညိုရင့် (မော်ကြီး)
AMK Creation


Yan said...

>AMK Creation...

ကိုမော်ကြီးရေ... တကူးတက လာရောက်ပြီး ကော်မန့်ရေးသွားတော့ ကိုမော်ကြီးမှ ဟုတ်ရဲ့လားလို့တောင် တွေးလိုက်မိသေးတယ်.း)

ဒီသစ်ပင်လေး ပျိုးနိုင်ခဲ့တာ ကိုမော်ကြီးနဲ့ မမြသွေးနီတို့ရဲ့ ကူညီတတ်တဲ့စိတ်ထားလေးကြောင့် အဓိက ဖြစ်သွားခဲ့တာပါ.

ဟုတ်. ကျွန်တော် ဆံပင်တွေကောက်ထားပေမယ့် ဘ၀လမ်းကတော့ ဖြောင့်နေဆဲပါပဲ ဘရားသား..

ကိုမော်ကြီးလည်း စာပေအနုပညာခရီးမှာ ဒီ့ထက်ဒီ ပိုမိုအောင်မြင်နိုင်ပါစေဗျာ. နောက်နောင်လည်း ကြုံကြိုက်တိုင်း လာလည်ပါ. ဖိတ်ခေါ်ပါတယ်.း)

Y.

Unknown said...

ကျေးဇူးတင်ပါတယ်

Unknown said...

ကျေးဇူးတင်ပါတယ်