Monday, July 28, 2008

စပ်မိစပ်ရာ ဘာညာကွိကွ

အားလုံးပဲ မင်္ဂလာပါ ခင်ဗျား...

သိကြတဲ့အတိုင်းပဲ. ကျွန်တော်လည်း တော်တော်လေးကို ဘလော့ဂ်ဖက်မှာ Active မဖြစ်တော့ဘူးဖြစ်သွားတယ်. လာလည်အားပေးကြတဲ့ မိတ်ဆွေတွေကို အားတော့နာပါရဲ့ဗျာ. အခုတော့ တကယ်လည်း အလုပ်များနေသလို စာရေးဖို့ဖက်ကိုလည်း စိတ်က သိပ်မထက်သန်ဘူးဖြစ်နေလို့ပါ။ ရေးပြီးခဲ့တဲ့ အဟောင်းလေးတွေမှာ ကော်မန့်လေးတွေ ပေးပြီး အမှားလေးတွေ ပြုပြင်ထောက်ပြပေးသွားတဲ့သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်.

မကြာခင်မှာ ကျွန်တော် အပြောင်းအလဲတွေ လုပ်ဖို့ ရှိပါတယ်။ အစကတော့ ဘလော့ဂ်ကို အပြောင်းအလဲအရင်လုပ်မလားလို့လေ။ ပြီးမှပဲ ကျန်တာတွေ ပြောင်းမယ်စိတ်ကူးနေတာ။ အခုတော့ ကျန်တာတွေကို အရင်စပြောင်းဖြစ်တော့မယ်ဗျ။ ဟတ်ဟတ်. ခေါင်းတွေစားကုန်ပြီထင်တယ်.

လောလောဆယ်မှာ ကျွန်တော့်ဘလော့ဂ်အတွက် တစ်ခုပဲ ပြောင်းလဲဖြစ်ပါတယ်. သိတဲ့သူတွေ သိပြီးလောက်ပါပြီ. အခုမှပဲ officially အသိပေးတာပါ. မြန်မာပြည်တွင်းက ပရိသတ်တွေက ကျွန်တော့်ကို ကွန်ပလိန်းတွေ တစ်လိမ်းပြီး တစ်လိမ်း နှစ်လိမ်း သုံးလိမ်း အလိမ်းပေါင်းများစွာ ဆက်တိုက်ပို့ပါတယ်.

သူတို့ပြောသလိုပဲ ပြောပြတော့မယ်.

“အစ်ကို့ ဘလော့ဂ်ကို ၀င်လို့ရ၀ူး. ဘန်းထားဒယ်” တဲ့.

အဲသလို မပီကလာ ပီကလာနဲ့ ချစ်စရာဖြစ်အောင် လုပ်ပြောတတ်တာ စတိုင်လားတော့ မသိဘူး. ကျွန်တော်တောင် ယောင်ပြီး ပြန်မေးမိသေးဒယ်။

“ရ၀ူးရား၊ ဘာယို့ရဲ” လို့လေ.

အဟတ်ဟတ်ဟတ်.

ထားပါဗျာ. အဲဒါနဲ့ပဲ ကျွန်တော်လည်း ဒေါ့ကွန်းလေးတစ်ခုဝယ်ကြည့်တယ်. yanaung.com ပေါ့. ကြည့်လိုက်တော့ Somebody's already parked that domain name တဲ့. Oops!

သွားကြည့်လိုက်တော့လည်း ဘာမှ မဟုတ်ဘူး. အာပလာတွေ လျှောက်တင်ထားတဲ့ ဆိုက်တစ်ခုဖြစ်နေတယ်. မင်းသားရန်အောင် (သို့) ဘလော့ဂါရန်အောင် တစ်နေ့နေ့ ဒေါ့ကွန်းလုပ်ချင်လာလို့ရှိရင် ဒီဒေါ့ကွန်းနာမည်ကို ရောင်းစားမယ်ဆိုတဲ့ စိတ်ကူးနဲ့ တစ်စုံတစ်ယောက်ကများ ၀ယ်ထားသလားမသိပါဘူးဗျာ.

yan-aung.com လို့ လုပ်ချင်ရင်တော့ အဆင်ပြေသား. ကျွန်တော်ကတော့ မလုပ်ချင်ဘူးဗျာ. ဘာလို့လဲဆိုတော့ တစ်ယောက်တည်းနေတာတောင် မတည့်ချင်တဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေထဲမှာ ကျွန်တော့်ရဲ့ ဒေါ့ကွန်းလေးကိုတော့ ရန်နဲ့အောင်နဲ့ ခွဲမထားချင်ပါဘူးဗျာ. ဟုတ်ဝူးလား. အဲ. ဟုတ်ဘူးလား...

ဒါနဲ့ပဲ yanaung.net လေးကို လုပ်ဖြစ်သွားတယ်. လောလောဆယ် အလုပ်များနေလို့ စာလည်း မရေးနိုင်ဘူး၊ ဘလော့ဂ်ကိုလည်း မျက်စိပသာဒဖြစ်အောင် အပြောင်းအလဲမလုပ်နိုင်ဘူးဖြစ်နေတယ်ဗျာ.

အလုပ်များတယ် များတယ်ဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ ဒိုင်ခံပြီး ကမ္ဘာ့အရေး၊ မြန်မာ့အရေးတွေကို ဖြေရှင်းနေတယ်လို့တော့ မထင်ပါနဲ့။ တကယ်လည်း မဖြေရှင်းနိုင်သေးပါ. (lol)

ကျွန်တော် လူငယ်စကားနဲ့ပဲ ပြောတော့မယ်ဗျာ. နော်. လူကြီးတွေ ဖတ်မိရင်လည်း နားလည်ကောင်းနားလည်မှာပါ.

လောလောဆယ် ဘလော့ဂ်ရေးဖို့ အာရုံမလာဘူးဖြစ်နေတယ်။ ဖီးလ်ငုပ်နေတယ်ဗျာ. ဒါကြောင့် အပြင်က ပြန်လာရင် စာဖတ်ချင်ဖတ်၊ သီချင်းနားထောင်ချင်နားထောင်၊ နေ့တဓူဝ ကိစ္စတွေ လုပ်ချင်လုပ်၊ သတင်းတွေလျှောက်ဖတ်ချင်ဖတ်နဲ့ပဲ လုပ်ဖြစ်နေတယ်. ဘလော့ဂ်တစ်ချို့တော့ လိုက်ဖတ်ဖြစ်ပါတယ်.

ကျွန်တော် အကြာကြီးတော့ ဒီလိုမနေပါဘူး. လောလောဆယ် ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ နည်းနည်း လိုင်းပူးတာတွေ ဖြစ်နေလို့ အီးပီစီကို ခေါ်ရှင်းနေရတယ်. အီးပီစီကလည်း လက်ဖက်ရည်ဖိုး တယ်တောင်းသကိုး။ မြင့်တော့မြင့်သား. ဒေါ်လာတန်ဖိုးကျနေလို့တဲ့. လက်ဖက်ရည်ဖိုးကို ဒေါ်လာနဲ့တောင် လက်မခံဘူး. ယူရိုနဲ့ပဲ ပေးပါတဲ့. ကျွန်တော်လည်း ပေးလိုက်ပါတယ်.

"ယူရိုလေ. ရော့ ယူရို. ယူဘူးယား"လို့. ဟတ်ဟတ်ဟတ်.

အေးဗျာ. တစ်ခါတစ်လေတော့လည်း ကျွန်တော် ဘလော့ဂ်လောကကြီးထဲကနေ ထွက်သွားလိုက်ချင်တယ်. စိတ်ညစ်လို့တော့ မဟုတ်ဘူး. စိတ်ပျက်လို့. ခင်ဗျားတို့တော့ မသိဘူး. ကျွန်တော်တော့ ဘလော့ဂ်လောကကြီးကို တော်တော်လေး စိတ်ပျက်နေပြီဗျ.

ကျွန်တော်တို့ စာရေးတယ်၊ ဘလော့ဂ်ရေးတယ်၊ ခင်ကြတယ်၊ မင်ကြတယ်ပေါ့ဗျာ.

လုံလောက်သင့်ပါပြီ. ဘာလို့များ သူများအတွင်းရေးတွေ ဇွတ်သိချင်နေကြရတာလဲ မသိပါဘူး. ဂျီတော့ခ်မှာ တွေ့လိုက်တာနဲ့ “ဟိုင်း၊ နေကောင်းလား၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အလ္လာပ၊ သလ္လာပ နှုတ်ဆက်မယ်၊ ကိုယ်သိချင်တာမေးမယ်၊ သူသိချင်တာဖြေမယ်၊ ရင်းရင်းနှီးနှီးနေမယ်၊ နောက်မယ်၊ ပြောင်မယ်၊ တော်ပြီပေါ့ဗျာ.

ဘယ်သူလဲ၊ ဘာအလုပ်လုပ်လဲ၊ အိမ်ပိုင်လား၊ ကားပိုင်လား၊ လခဘယ်လောက်ရလဲ၊ အိမ်ထောင်နဲ့လား၊ အသက်ကရော ဘယ်လောက်လဲ၊ ရောက်နေတာကြာပြီလား. ဘာ status နဲ့နေတာလဲ၊ ကျောင်းနဲ့လား၊ အလုပ်နဲ့လား၊ ဒုက္ခသည်လား၊ ဘယ်လိုသွားတာလဲ၊ စပွန်ဆာ ဘယ်လိုယူလဲ.

ရပါတယ်. ကျွန်တော်နားလည်ပါတယ်. ဖြေလို့ရသမျှ ဖြေပါတယ်. ထွက်ဖို့ ခက်ခဲတယ်ဆိုတာသိလို့ ပြန်လည်ဝေမျှ ပေးခြင်းလို့လည်း ခံယူပါတယ်. ကျွန်တော်ဘာမှ မလျှိုထားပါဘူး. သိသလောက်ဖြေပါတယ်. တတ်သလောက်ဝေမျှပါတယ်.

အခုတော့ မဟုတ်ဘူးဗျာ. နောက်ကွယ်လည်းကျရော ဖွတော့တာပဲ.

ဟဲ့. သိလား. သူကလေ ဘာဟဲ့.

ဟေ. ဟုတ်လား. ငါက အဲဒါလို့တော့ ထင်သားလား.

အေး. နင်တို့ကသာ အဟုတ်ကြီးမှတ်နေတာ. သူက ဘယ်သူနဲ့ ဘယ်လိုဟဲ့ သိလား

သွားစမ်းပါ. ဟိတ်ကြီးဟန်ကြီးနဲ့လုပ်နေတာ. သူရတဲ့လခက ဒီလောက်ဒီလောက်ပဲ ရှိတာ. လုပ်နေရတာက ဒီအလုပ်. အလကားပါ..

သူက မိန်းမနဲ့ဟဲ့. ကလေးတွေမှ တစ်ပြွတ်ကြီးရယ် ပြီးတော့ လူပျိုလိုလို လုပ်ပြီး မိန်းကလေးတွေကို ညုနေတာ.
ကူလီကူမာနဲ့ဟဲ့.

ဒါမျိုးတွေ ကြားရကြုံရတာများလာတော့လည်း ကျွန်တော်လေ ဂျီတော့ခ်ဆိုတာကြီးကို မုန်းတီးမိလာတယ်.

ကျွန်တော်လူပျိုဖြစ်ဖြစ်မဖြစ်ဖြစ်၊ ကလေးတွေ တစ်ပြွတ်ကြီးပဲ ရှိရှိ၊ နှစ်ပြွတ်ပဲ ရှိရှိ၊ ပြွတ်ချင်သလောက်ပြွတ်ပေါ့ဗျာ. အရေးလား. ဟုတ်တယ်.



စာရေးတယ်၊ စာဖတ်တယ်၊ ဘလော့ဂ်ရေးတယ်၊ ဘလော့ဂ်ဖတ်တယ် တော်ရောပေါ့ဗျာ.

ဘယ့်နှယ့်. အားကြီးစိတ်ညစ်တယ် လို့သာ ဟစ်ပစ်လိုက်ချင်တော့တယ်.

မိတ်ဆွေသဘာဝ သိချင်ကျွမ်းချင် ရင်းနှီးချင်၊ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိချင်တာ သဘာဝကျပါတယ်. အပြစ်မပြောလိုပါဘူး. ကျွန်တော်လည်း တစ်ချိန်က ဒီလိုပဲ ပွင့်လင်းခဲ့ဖူးတာပဲ. အခုတော့ တစ်ချို့တွေက စည်းဆိုတာ မရှိကြတော့ဘူး. လွန်လွန်အားကြီးလာတယ်.

အရင်ကဆို ကျွန်တော့်အကြောင်းတွေကို ဘလော့ဂ်မှာ ရေးပြီး ရင်ဖွင့်ဖူးတယ်. အခုတော့ ကျွန်တော်အဲလို မရေးရဲတော့ဘူး. ကျွန်တော့်ဘလော့ဂ်ဟာ ကျွန်တော့်ရဲ့ ဒိုင်ယာရီလို့ ခံယူထားခဲ့ဖူးတာ. အခုတော့ ကျွန်တော့်ဘလော့ဂ်ကြောင့် ကျွန်တော် ပြန်ပြီး အသတ်မခံနိုင်တော့ဘူး.

ကျွန်တော်စိတ်ပျက်သွားခဲ့တယ်. တော်တော်ကြီးကိုပါပဲ.

တစ်ချို့က ကျွန်တော့်ဘလော့ဂ်မှာ နာမည်ဝှက်နဲ့ ကော်မန့်တွေ လာရေးသွားကြတယ်. ကျွန်တော်မသိဘူးလို့များထင်နေကြလား မသိပါဘူးဗျာ. ဘယ်သူဘယ်ဝါတွေ ရေးသွားတယ် ဆိုတာ အချိန်နဲ့ နာရီနဲ့က အစ ကျွန်တော်သိနေခဲ့တော့ ကျွန်တော်လေ လူတွေကို ပိုပိုပြီး ကြောက်လာတယ်.

အပေါ်ယံကြည့်တော့ ဘယ်လိုမှ မထင်ရက်စရာ၊ ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေးနေတတ်သလို၊ ကိုယ့်ပညာနဲ့ ကိုယ်နေသလိုလိုနဲ့ နောက်ကွယ်မှာ ခြေရှုပ်နေတဲ့ ဘလော့ဂါတစ်ချို့ကြောင့် ဘလော့ဂ်လောကလည်း တော်တော်လေး ဗြောင်းဆန်ကုန်တယ်. ကျွန်တော်ကတော့ စောင်းမပြောတတ်ဘူးဗျ. ပြောရင် ဒဲ့ပဲ ပြောတတ်တယ်. မပြောရင်လည်း ငြိမ်နေတတ်တာပဲ.

ကိုယ့်နေရာနဲ့ကိုယ်နေ၊ ကိုယ့်လမ်းကိုယ်သွားကြစမ်းပါဗျာ.

မကူညီချင်နေ၊ လာပြီး မနှောင့်ယှက်ချင်စမ်းပါနဲ့.

အာရုံနောက်တယ်.

ကြည့်. ပြောရင်းနဲ့ ကျွန်တော်ပါ ဒေါခီးလာပြီ. မဖြစ်ဘူး. နက်ဖြန် အလုပ်သွားရဦးမယ်ဗျ

စိတ်လျှော့ဦးမှ...

.................

သူများအကြောင်းလည်း သိပ်မပြောပါ. စပ်မိစပ်ရာ ဘာညာကွိကွလေးပေါ့ဗျာ. ဟတ်ဟတ်ဟတ်.

ပြောလို့ ကိုသင်္ကြန်ကြီးက သူ့ရဲ့ စပ်မိစပ်ရာလေးကို လာပြီး စော်လကားမော်လကား လာလုပ်ပါတယ် ပြောမှ ဒုက္ခ.

ကိုသင်္ကြန်ကြီး... ပိစ်..

ကျွန်တော် နောက်တစ်ပတ်လောက်နေမှ ဒီဖက်ကို ပြန်လာဦးမယ်ဗျာ. ဒီတစ်ပတ် အလုပ်ထဲ အာရုံနှစ်လိုက်ဦးမယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ခင်မင်လေးစားလျက်

ရန်အောင်

စိုင်းစိုင်းခမ်းလှိုင်ရဲ့ စပ်မိစပ်ရာ ဘာညာကွိကွလေးကို နားဆင်ကြည့်ရှုခံစားလိုက်ပါဦး...




ဒါကတော့ ကျွန်တော့်ရဲ့ ဗားရှင်းလေးပေါ့. ဟတ်ဟတ်ဟတ်.

ကိုယ့်ထမင်းကို ကိုယ့်ဟာကိုယ်စားပြီး
ဘလော့ဂ်တကာလှည့် အတင်းတွေအုပ်တယ်.
ဘာတွေသိချင်လဲ ပြောပါ ဟုတ်ကဲ့.
နာမည်ကြီးတဲ့သူတွေနဲ့ ဗရုတ်ဗရက်
သူတို့အတွင်းရေး သတင်းစုံ အစုတ်အပဲ့
ကြားကနေပြီးတော့ အရောင်းအ၀ယ်လုပ်မယ်
ဟို ဘလော့ဂါ တကယ်ကိုရှုပ်တယ်
ဟို ကောင်မလေးဖက်က တော်တော်ငုပ်တယ်.
ဟိုဘလော့ဂါ အကြောင်း ကြားပြီးပြီလား
အိမ်ထောင်ရှိလျက်နဲ့ ဂျီတော့ခ်မှာ ထိုင်ပွား
ဟိုတစ်ယောက်က ဟိုဟာလုပ်တယ်.
ဒီတစ်ယောက်နဲ့ ဒါတွေဖြစ်တယ်.
ဒီတစ်ယောက်က ဒီလိုလုပ်သွား
ဟိုတစ်ယောက်မှာ အပီအပြင်ခံစား.

အိုး ယဲ..
သူများအကြောင်းလည်း မပြောတတ်ပါ.
စပ်မိစပ်ရာ ဘာညာကွိကွ
သူများအကြောင်းလည်း မရေးတတ်ပါ.
စပ်မိစပ်ရာ ကွိစိကွစ.

ဟ. ဟ. ဟ..
အိုးယဲ. အမ်ဟမ်း. အမ်ဟမ်း.
say what?
ယိုးယိုး. အိုးအိုး.

:D

Tuesday, July 22, 2008

ဖရီးသဲ...



မနေ့ကပေါ့ဗျာ.

ကျွန်တော်တစ်ယောက် စာကြည့်တိုက်ဖက်က ပြန်လာလို့ ရထားပေါ်မှာ စာအုပ်တစ်အုပ်နဲ့ ဇိမ်ကျပြီး ပါလာခဲ့တာပေါ့.

ရှေ့တည့်တည့်မှာ အမျိုးသမီးတစ်ယောက် နေကာမျက်မှန်လေးကို ပင့်ကာပင့်ကာနဲ့ ပဲတွေပေးနေလေရဲ့. အဆိုတော်အောင်ရင်ရဲ့ “နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ်...” ဆိုတဲ့သီချင်းလေးတောင် သတိရလိုက်မိသေး. ဟတ်ဟတ်ဟတ်

ဘေးခုံမှာတော့ ipod လေးတွေနဲ့ ငြိမ့်ပြီး လိုက်လာကြတဲ့ ခရီးသည်တွေရယ်ပေါ့ဗျာ. တစ်ချို့က ငိုက်မြည်းလို့၊ တစ်ချို့က စကားစမြည်ပြောလို့၊ တစ်ချို့ကတော့ တောင့်တောင့်ကြီးထိုင်လို့၊ တစ်ချို့ကတော့လည်း ပတ်ဝန်းကျင်တစ်ခွင်ကို လေ့လာစူးစမ်း စပ်စုဖွေရှာလို့ပေါ့.

ရထားတွဲကြီးကလည်း တစ်ဘူတာဝင်တစ်ဘူတာထွက်နဲ့ ခုတ်မောင်းလာခဲ့ရာက ဘူတာဝင်ခါနီး စက်ရှိန်သတ်လိုက်တယ် ဆိုရင်ပဲ....

ဒလုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း....

Ipod နားထောင်နေတဲ့ အမည်းကောင်တစ်ကောင် ထိုင်နေရာကနေ အလန့်တကြားထခုန်တယ်.

သူခုန်တာနဲ့ သူ့ဘေးနားက ငိုက်နေတဲ့ မိန်းမကြီး ဖျတ်ခနဲ လန့်နိုးသွားတယ်.

ကျွန်တော့်ရှေ့တည့်တည့်က နေကာမျက်မှန်လေးနဲ့ ပဲမမ သူ့ထိုင်ခုံအောက်ကို ငုံ့ကြည့်တယ်.

ကျွန်တော်လည်း စာဖတ်နေရင်းကနေ ရှေ့တည့်တည့်မှာ အဖြူလုံးကြီးတစ်လုံး အရှိန်နဲ့ လိမ့်ဆင်းသွားတာကို မြင်လိုက်ရတယ်.

မနက်ကပဲ သတင်းက ကြေငြာပြီးပြီ. Terrorist Alert တဲ့..

ဘာတုန်းဗျာ..

အဲဒီ့လို အခြေအနေတွေ ရှုပ်ထွေးသွားချိန်မှာပဲ ပိုပြီး ရှုပ်ထွေးသွားစေတာကတော့ တရုတ်တစ်ယောက် ခြေကားယားလက်ကားယားနဲ့ ဟိုးတွဲရဲ့နောက်ဖက်ကနေ ပြေးလာပါတယ်.

အဲ... အဲ. အား.. အား..

အင်္ဂလိပ်လိုလည်း မပြောတတ်၊ တရုတ်လို ပြောလိုက်၊ အဲ.အဲ..အားအား.. အော်လိုက်နဲ့ လူတွေကြားထဲကို အတင်းတိုးဝင်လာပါတယ်.

ရှေ့တည့်တည့်က အလုံးကြီးလည်း အရှိန်သေသွားပါပြီ.

လူတွေလည်း ဘာလဲလို့ စိတ်ဝင်တစားနဲ့ လှမ်းကြည့်လိုက်ချိန်မှာတော့...

ဖရဲသီးတစ်လုံးဖြစ်နေပါတယ်...

ရထားတွဲတံခါးကို ခြေကန့်လန့်ခံပြီး မပိတ်အောင်ကာထားလို့ ဖရဲသီးကို ကျွတ်ကျွတ်အိတ်ထဲကို အမြန်ကောက်ထည့်ကာ ခုနက တရုတ် ပါးစပ်က ပွစိပွစိပြောရင်း အပြင်ကို ထွက်သွားခဲ့ပါတော့တယ်.

တွဲထဲမှာတော့ ခုနက အမည်းက “Oh, Man!” ဆိုပြီး ရက်ပါစတိုင်နဲ့ စိတ်ပျက်လက်ပျက်လုပ်ပြပါတယ်.

စောစောက ငိုက်နေတဲ့ အမျိုးသမီးကြီးလည်း ခုမှပဲ စိတ်အေးသွားရပုံနဲ့ ထိုင်ခုံနောက်ကို မှီချလိုက်ပြီး မျက်လုံးကို ဇွတ်မှိတ်လိုက်ပါတော့တယ်. သူမနှုတ်ခမ်းတွေကတော့ ပြုံးစိစိနဲ့ရယ်ပေါ့.

ရှေ့တည့်တည့်က ပဲမမကလည်း ရယ်ချင်စိတ်ကို မျိုသိပ်ထားပြီး သူမရဲ့ မျက်မှန်လေးကို တစ်ချက်ပင့်ကာ “အဟင်း” ဆိုပြီး ချောင်းတစ်ချက်ဆိုးလိုက်ပါတယ်.

ကျွန်တော်လား

ကျွန်တော်ကတော့ဗျာ. သိတယ်မဟုတ်လား

ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး တခွိခွိနဲ့ ရယ်ပြီး ကျန်နေခဲ့တော့တာပေါ့.

အဲဒါနဲ့ပဲ နားထားတဲ့ ဘလော့ဂ်လေးကို ပြန်ရေးဖြစ်သွားတော့တယ်.

ဟတ်ဟတ်ဟတ်..

ဆိုင်လား မဆိုင်လားတော့မသိဘူး...

ကျွန်တော်စာပြန်ရေးဖြစ်တာ ခုနက တရုတ်နဲ့ ဖရဲသီးကြောင့်ပဲဆိုရင် မှားမယ်မထင်ပါဘူးလေ...

Friday, July 11, 2008

Blogcation Again! :)

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော် အလုပ်ကိစ္စတစ်ခု ရှိလို့ ဘလော့ဂ်ရေးသားခြင်း၊ လည်ပတ်ခြင်းကို ခေတ္တ နားပါဦးမယ်.

ဘလော့ဂ်လုပ်နည်းနဲ့ ပတ်သက်လို့ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာများ ရှိခဲ့ရင် Helpdesk မှာ မေးမြန်းလေ့လာနိုင်ပါတယ်.

ကိစ္စ၀ိစ္စတွေ အတိုင်းအတာတစ်ခုထိ ပြီးဆုံးသွားရင် ကျွန်တော် ပြန်လာခဲ့ပါဦးမယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေဗျာ...

ခင်မင်လေးစားလျက်

ရန်အောင်

Thursday, July 10, 2008

Spellbounded Drama...



Gazing at the faraway mountains
Feel like blue and wants you so much
Not to be away from you again
Cause I,spellbounded, with your soft touch...

The midnights seem indifferent to me
My to-do list is postponed and queued
The days we sat besides the sea
Be still remembered although time flew...

Stood up and cried towards the waves
'Come on, my love!' into my arms
Your kisses are fondly engraved
Finely decorated with your marvelous charms...

My love for you is not just attachment
It's deeper and much more complicated
Some people said it's a torment
Don't care at all how they rated...

Through the Heaven I swear to God
I, here, to be supportive and romantic
Let the chances be still at odds
Mind is all set to be dramatic...

Y.K.N
(Yakhaenget)

ကိုးစား ယုံကြည်စွာဖြင့်...

တစ်ခါက သားအဖနှစ်ယောက် ရေစီးအလွန်သန်သော မြစ်တစ်ခုကို ဖြတ်လျက် တည်ဆောက်ထားသည့် ယိုင်နဲ့နဲ့ တံတားတစ်ခုကို ဖြတ်ကူးကြလေသည်။

“သမီး. ဖေကြီးလက်ကို ကိုင်ထား. ဒါမှ မြစ်ထဲကို ပြုတ်မကျမှာ”

ဖခင်ဖြစ်သူက စိုးရိမ်တကြီးဖြင့် သမီးငယ်အား လှမ်းပြောသည်။

“ဟင့်အင်း. ဖေကြီးပဲ သမီးလက်ကို ကိုင်ထား”

“ဖေကြီးက သမီးလက်ကို ကိုင်တာနဲ့ သမီးက ဖေကြီးလက်ကို ကိုင်တာ ဘာများ ကွာသွားလို့လဲ သမီးလေးရဲ့”

သမီးဖြစ်သူက ပြန်ပြောလိုက်သော စကားကို မရှင်းသဖြင့် ဖခင်ဖြစ်သူက ပြန်မေးလိုက်လေသည်။

ထိုအခါ ဖခင်ဖြစ်သူ၏ မျက်နှာကို ယုံကြည်အားကိုးစွာ မော့ကြည့်လျက် သမီးငယ်က ပြန်ပြောလိုက်လေသည်။

“ကွာတာပေါ့ ဖေကြီးရဲ့. သမီးက ဖေကြီးလက်ကို ကိုင်ထားရင် ကြောက်လို့ပဲ ဖြစ်ဖြစ်၊ မတော်လို့ တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဖေကြီးလက်ကို လွှတ်မိလိုက်နိုင်တယ်. ဖေကြီးက သမီးလက်ကို ကိုင်ထားရင်တော့ ဘာအကြောင်းကြောင့်နဲ့ပဲ ဖြစ်ပါစေ. သမီးလက်ကို လွှတ်မှာ မဟုတ်ဘူးလေ…”

MORAL:

In any relationship, the essence of trust is not in its bind but in its bond.

So, hold the hands of the person who loves you rather than expecting them to hold yours.

Wednesday, July 09, 2008

ကြိုး...



ချစ်သူ…
ကြည်ရွှင်ဝင်းပ မျက်နှာတော်လှလှလေးကို
ဖူးမတွေ့ရတာ ကြာတောင့်ကြာပေါ့နော်
မျှော်သူမှာ တိတ်တခိုးနဲ့
လူမိမှာလည်း စိုးရတာကြောင့်
မိုးစုန်းစုန်းချုပ်တဲ့ညတွေမှာ
ရင်ခုန်သံတွေ မှေးမစက်နိုင်
အလွမ်းသ၀ဏ်လွှာတွေသာ
အခါခါ ရေးဆက်လို့ မှိုင်နေမိတော့တယ်
ချစ်သူမေ တစ်ယောက် အလွမ်းပြေဖတ်ဖို့ပေါ့…

ချစ်သူ…
သံချိုသာ စကားလှလှ ခွန်းမဟတာ
ကြာတောင့်ကြာပေါ့နော်
လေအဝှေ့မှာ ကြွေကျလာတဲ့ ပန်းလေးတစ်ပွင့်က ပြောတယ်
သူလည်း လွမ်းနေမှာပါတဲ့လေ
ဟုတ်လားဟင် ချစ်သူ
လွမ်းတယ် ဆိုတဲ့ စကားထက်
ပိုမိုလေးနက်တဲ့ စကားလုံး ရှာသုံးဖို့ မတွေ့နိုင်သေးတော့လည်း
ခါတိုင်းလိုပဲ ချစ်သူ့ပါးလေးနား ကပ်လို့ ပြောလိုက်ချင်တယ်
ကိုယ်လည်း အရမ်းလွမ်းနေတယ်..



ချစ်သူ…
ပုလဲသွယ်ရွှေဥ ရင်မှာစုလို့
နုနယ် နှလုံးသားမှာ အင်အားတွေ နည်းနေပြီလားဟင်
အားမငယ်ပါနဲ့နော်
ဒီရင်မှာ ဖြစ်တည်တဲ့အချစ်
မေတ္တာစစ်ခဲ့တာပါ.
ကမ္ဘေကမ္ဘာသံသရာက စလို့
ဝေဒနာတွေကို လှစ်ဟ မဆိုခဲ့ဘဲ
ချစ်သူတစ်ယောက်တည်းကိုသာ
စွဲစွဲမြဲမြဲချစ်ခဲ့တာပါ.
မယုံရင် ဘယ်သူ့ကိုမေးရမလဲ
ရယ်ကျဲကျဲမျက်နှာလေးနဲ့တော့ ပြန်မမေးနဲ့နော်
“အချစ်ဆုံး” ဆိုတဲ့ စကားလုံး
ချစ်သူတစ်ယောက်ကိုပဲ ပြုံးပြီးပေးခဲ့ဖူးတာပါ.
ယုံကြည်ပါကွယ်..

ဒီတစ်နွေကုန်ရင် ချစ်သူကိုတွေ့ဖို့ရာ
ကိုယ် လာခဲ့မယ်ဆိုတော့
အကြောက်အကန်ငြင်းတဲ့ စကား
ရင်ထဲမှာ ခါးသည်းလွန်းခဲ့တယ်
ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ဆီးတားဆီးတား
ရန်မီးပွားအောင် ကိုယ်မလုပ်ချင်တော့ပါဘူး
ချစ်သူကျမယ့် မျက်ရည်စက်တွေကိုယ်စား
ကိုယ့်နှလုံးသားမှာပဲ တံကျင်လျှိုထားလိုက်ချင်တယ်.
ရပါတယ် ချစ်သူ.
ကိုယ် အဝေးကပဲ ဆက်ချစ်ပါ့မယ်
မလာတော့ဘူး..
မဆုံတော့ဘူးနော်…



ချစ်သူကို စွဲလမ်းနှစ်သက်မိတဲ့အကြောင်း
ဒီကမ္ဘာလောကကြီးတစ်ခုလုံး သိအောင် ပြောပြလိုက်ချင်ပါရဲ့
ချစ်သူသာ ခွင့်ပြုခဲ့မယ် ဆိုရင်ပေါ့လေ
တကယ်တော့လည်း ချစ်သူရယ်
မစခင်ကတည်းက ဆုံးနေခဲ့ရတဲ့ တို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေအတွက်
အရောင်ပြယ်ခဲ့ရတဲ့ ရှေးရေစက်ကိုပဲ ပြစ်တင်မိတော့တယ်

ဘာပဲဖြစ်ဖြစ်လေ
တစ်နေကွယ်လို့ တစ်မိုးချုပ်ချိန်မှာ
သိနေပြီးသား ဓာတ်ပြားဟောင်းကြီးနဲ့
တို့ရဲ့ ချစ်ခြင်းတရားတွေကို အညောင်းမမိစေချင်တော့ဘူး.
လာ.. ချစ်သူ…
လမ်းထွက်လျှောက်ရအောင်.
ကိုယ့်ဝိညာဉ်နဲ့ မင်းရဲ့ လိပ်ပြာ
ညင်သာစွာပေါင်းစပ်လို့
မြစ်ကမ်းဘေးဖက်မှာ ကဗျာတွေသွားစပ်ရအောင်
ကိုယ့်ပခုံးကို မင်းမှီထား
မင်းရဲ့ပါးပေါ် ကိုယ့်နှုတ်ခမ်းလေး အပ်ထားလို့
မြတ်နိုးဖွယ်ရာ တီတီတာ စကားလှလေးတွေပြောလို့
တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်လို့
လွတ်ထွက်သွားမှာစိုးသည့်အလား တိုးဖက်ထားလို့
အလွမ်းပန်းလေးတွေ ဝေကြမယ်.
အနမ်းပန်းလေးတွေ စွေကြမယ်.
ကဗျာပန်းလေးတွေ ခြွေကြမယ်နော်…
ဒီညရယ်
မိုးမသောက်ပါနဲ့ဦးလား...



ရေခဲငှက်

Monday, July 07, 2008

အလွမ်းပွင့်



မညာဘူးခင်၊ ရင်ဆိုတာက
ခံစားရတယ်၊ ပူရပင်ရ
လွမ်းဆွေးရတော့၊ သည်က အနေမခက်လား။

ချစ်လို့လွမ်းတာ၊ မဆန်းပါဘူး
ချစ်ဖူးငုံရင့်၊ လွမ်းပန်းပွင့်သတဲ့
နေမြင့်ခဲ့တာ၊ ကြာလည်းကြာတော့
ရင်မှာပူမြိုက်၊ သည်းခိုက်နာကျင်
သခင်ပျိုးသည့် အလွမ်းပင်။

နေမင်းဆယ်ဆူ၊ ပူချင်ပူလိုက်
သခင်စိုက်သည့်၊ ရင်၌ကြီးရင့်
အလွမ်းပွင့်ခက်၊ ကိုယ့်လက်နှင့်ခြွေ
မခြေပါရဲ၊ အဖြစ်သည်းတော့
ကိုယ်ပဲ မပူရပါလား။

ပြောစမ်းပါခင်၊ မြင်လျက်မကြည့်
သိလျက်မလာ၊ ဘာအပြစ်လဲ
ကဲ...ကဲ.. ထားပါ၊ စကားနာထိုး
မောင့်အဆိုးပေါ့၊ အငြိုးဖြေလျော့
စိတ်ပြေတော့နော်၊ ပြုံးမော့နှုတ်ခမ်း
ခင့်အနမ်းနဲ့၊ အလွမ်းပွင့်တွေ ခြွေပါလှည့်။ ။

နှာ - ၆၂၊ အလွမ်းပွင့်၊ မောင်စိန်ဝင်း၊ “သောကခြေရာ ရတနာ ကဗျာများ”

Recent Comment လေးတွေ ဒေါင်းကုန်ရင် ဒီလို Fix ဗျာ..

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.

သိတဲ့အတိုင်းပဲ. မကြာသေးခင်က ကျွန်တော်တို့ ဘလော့ဂ်တွေ တော်တော်များများမှာ တင်ထားတဲ့ Recent Comment Widget လေး ဒေါင်းသွားပါတယ်.

ခါတိုင်း အဲလိုဖြစ်ရင် www.beautifulbeta.blogspot.com ကို ပြန်သွားပြီး သူ့ကုဒ်ဒင်းလေးတွေကို ပြန်ကူးယူကာ ပြန်ထည့်လိုက်ရုံပါပဲ. ဒါပေမယ့် ဒီတစ်ခါကျတော့ သူ့ site ကိုယ်တိုင်ကိုက ဒေါင်းနေပါတယ်.

ကျွန်တော်လည်း အမှုမဲ့အမှတ်မဲ့ ဖြစ်သွားခဲ့တာမို့ သူတင်ပေးထားတဲ့ Widget လေးထဲက Javascript File လေးကို ကိုယ့်ဖာသာကိုယ် Host မလုပ်ထားမိခဲ့ဘူး. ဒါ့ကြောင့် သူ့ဆိုက် ဒေါင်းတာနဲ့ ကျွန်တော်တို့ အကုန်လုံး မီးခိုးကြွက်လျှောက်သလို ဒေါင်းကုန်ကြတာ.

အဲဒါနဲ့ ကျွန်တော်လည်း ဟိုမွှေဒီမွှေ လိုက်ကြည့်နေတာ. ကံကောင်းချင်တော့ ကျွန်တော့်ရဲ့ မိတ်ဆွေကြီး ကိုမှော်ဆရာက mmbloggershelpdesk မှာ တင်ပေးထားတဲ့ Recent Comment မှာ အဲဒီ့ Javascript ဖိုင်လေးကို သူ့ဖာသာ host လုပ်ထားတာ တွေ့လိုက်ရတယ်.

အဲဒါလေးကို ပြန်ဒေါင်းလုပ်ချပြီး ကျွန်တော့်ရဲ့ googlepages မှာ ပြန်ကောက်တင်လိုက်ပါတယ်.

အခုဆိုရင် ကျွန်တော့်ရဲ့ recent comment widget လေး ပြန်အလုပ်လုပ်နေပါပြီ ခင်ဗျာ.

ကဲ. ဒီတော့ Recent Comment Widget လေးတပ်ထားတဲ့ ရွှေမြန်မာ ဘလော့ဂါသူ ဘလော့ဂါသားတို့ အနေနဲ့ ဒီလိုလေးတွေ လုပ်လိုက်ရင် ပြန်အဆင်ပြေသွားပါလိမ့်မယ်.

အခု ကျွန်တော်ပေးလိုက်တဲ့ ဖိုင်လေးကို ဒေါင်းလုပ်ချပါ.

Download Here!

ပြီးတော့ အဆင်ပြေတဲ့တစ်နေရာရာမှာ ပြန်ပြီး Host လုပ်ပါ. JS extension ပါတဲ့ ဖိုင်လေးတွေကို Fileden.com က ပေးမတင်တာကိုတော့ သတိပြုပါ. ကျန်တဲ့ Hosting Site တွေ တော်တော်များများကတော့ တင်လို့ရပါတယ်. File Hosting ဘယ်လိုလုပ်ရလဲဆိုတာ မသိသူများ ဒီပို့စ်လေးကို လေ့လာကြည့်ပါ.

ကဲ. တင်ပြီးပြီပေါ့နော်. အိုကေ. လင့်ခ်ကို ပြန်ယူပါ. ပြီးရင် မိမိတို့ရဲ့ Recent Comment Widget Script လေးရှိရာကို ပြန်သွားပါ.

အနီရောင်လေးနဲ့ ပြထားတာက နဂိုမူလရှိတဲ့ လင့်ခ်လေးပါ. အဲဒီ့နေရာလေးကို မိမိတို့တင်ထားတဲ့ ဖိုင်လေးနဲ့ပြန်အစားသွင်းပေးလိုက်ပါ. အပြာရောင်နဲ့ပြထားတာလေးကတော့ ကျွန်တော်တင်ထားတဲ့ဖိုင်လေးပေါ့...

<ul>
<script style="text/javascript" src="http://home.planet.nl/~hansoosting/downloads/showrecentcomments2.js">
</script>
<script style="text/javascript">
var numcomments = 5;
var showcommentdate = false;
var showposttitle = true;
var numchars = 100;
var standardstyling = true;
</script>
<script src="http://yourblog.blogspot.com/feeds/comments/default?alt=json-in-script&callback=showrecentcomments">
</script>
</ul>

................................................................
.................................................................


<ul>
<script style="text/javascript" src="http://theseandthose.googlepages.com/typoxp-recentcomments2.js">
</script>
<script style="text/javascript">
var numcomments = 5;
var showcommentdate = false;
var showposttitle = true;
var numchars = 100;
var standardstyling = true;
</script>
<script src="http://yanaung.blogspot.com/feeds/comments/default?alt=json-in-script&callback=showrecentcomments">
</script>
</ul>



Kaboom!

Your widget is back to normal now!

အားလုံးပဲ ဆက်လက်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေဗျားးးး

ချစ်ခင်လေးစားလျက်

ရန်အောင်

Saturday, July 05, 2008

ချမ်းမြေ့စေရာ မိမာတာ...



Duane Reade ဆေးဆိုင်တွင်းသို့ သူဝင်လာခဲ့တော့ တစ်စုံတစ်ခုဝယ်ရန် ရည်ရွယ်ချက် မရှိခဲ့ပါ။ အပြင်တွင် မိုးရွာနေ၍ မိုးခိုရန် ခေတ္တ၀င်ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။

ဆိုင်တွင်းတွင် လှည့်ပတ်ကြည့်ရှုနေခဲ့ရင်းက တစ်နေရာအရောက်တွင် ရပ်လိုက်မိခဲ့သည်။ အဓိပ္ပါယ်ရှိလွန်းလှသော ထိုအရာလေးကို အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေခဲ့မိသည်။ အတွေးတို့သည် ရှေ့သို့ နောက်သို့ အပြန်ပြန်အလှန်လှန် စီးဆင်းသွားနေခဲ့သည်။

စတိုးဆိုင်တွင်းမှ ပြန်ထွက်လာတော့ မိုးရေမစိုစေရန် ထိုအရာလေးကို အင်္ကျီအတွင်းဖက်သို့ ထိုးထည့်ကာ လက်ကိုပိုက်လျက် ဘူတာရုံရှိရာဖက်သို့ ခပ်သွက်သွက် ပြန်လျှောက်လာခဲ့သည်။

ရထားပေါ်ရောက်တော့ လွတ်နေသော နေရာတွင် ၀င်ထိုင်လိုက်ပြီး ၀ယ်လာခဲ့သော ထိုအရာလေးကို ထုတ်ကြည့်ကာ အတိတ်ဆီသို့ စိတ်ကူးများက ပျံ့လွင့်သွားခဲ့သည်….

….



ပို့စကတ်ပြားလေးပေါ်တွင် ရှိနေသော လက်ချောင်းငယ်ငယ်လေးများကို ကြည့်လိုက်၊ ပို့စကတ်ကို ကိုင်ထားသော သူ့လက်ချောင်းများကို ကြည့်လိုက်ဖြင့် သူသည် တစ်စုံတစ်ရာအတွက် ၀မ်းမြောက်သည်၊ တစ်စုံတစ်ရာအတွက် ၀မ်းနည်းသည်၊ တစ်စုံတစ်ရာအတွက် စိတ်ချမ်းမြေ့သည်၊ တစ်စုံတစ်ရာအတွက် ပူပန်မိသည်…

ကတ်ပြားလေးကို ကျွတ်ကျွတ်အိတ်လေးအတွင်းသို့ ပြန်ထည့်လိုက်ပြီး ရထားပြတင်းပေါက်ဖက်သို့ ငေးကြည့်မိသည်။

ပြတင်းပေါက်ကို လာမှန်နေသော မိုးစက်များကို ငေးကြည့်လျက် သူ့နှုတ်ဖျားမှ အသံခပ်တိုးတိုး ထွက်သွားခဲ့သည်…

“ကျွန်တော် လူလားမြောက်ခဲ့ပြီ အမေ…”

….

“အမေ” ဟု စိတ်ထဲတွင် တွေးလိုက်မိသည်နှင့် ဆံပင်ဖြူ သွားမစုံဘဲ ခါးအနည်းငယ် ကိုင်းချင်နေပြီ ဖြစ်သည့် အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက်ထက် သူငယ်စဉ်က ကျောင်းကိုအမြဲလိုက်ပို့တတ်သော၊ မနက်ခင်းတွင် အိပ်ယာနှိုး၊ သွားတိုက်ပေးပြီး သနပ်ခါးလူးပေး၊ စာအုပ်များ လွယ်အိတ်ထဲသို့ ထည့်ပေးကာ ကျောင်းသွားရန် စီစဉ်ပေးတတ်သော၊ နေ့လယ် မုန့်စားဆင်းချိန်တွင် စတီးချိုင့်လေးဆွဲကာ ထမင်းလာကျွေးတတ်သော၊ ညနေကျောင်းဆင်းလျှင် ကျောင်းရှေ့တွင်ရောင်းသော မုန့်လယ်ဆောင်းကို ကောက်ညှင်းပေါင်းနှင့် ပေါင်မုန့် ထည့်၍ ၀ယ်ကျွေးတတ်သော၊ ညနေအိမ်ပြန်လျှင် တစ်အိမ်သားလုံး စားဖို့ မီးဖိုချောင်ထဲတွင် တကုပ်ကုပ်ဖြင့် ကြော်လှော် ချက်ပြုတ်နေတတ်သော နုပျိုသွက်လက်သည့် အမေ့ရုပ်ရည်ကိုသာ ပြန်မြင်ယောင်မိသည်။

အမေဟာ ကျွန်တော့်အတွေးထဲမှာ ထာဝရ ငယ်ရွယ်နုပျိုနေဆဲပါ အမေ….

….

မနက်ခင်း မိုးလင်းပြီဆိုရင် ကျွန်တော်က ချက်ချင်း အိပ်ယာက မထတတ်သေးဘူး. ခဏ ပြန်နှပ်နေပြီးမှ ထတတ်တယ်. အဲလိုပြန်နှပ်ပြီးမှ အိပ်ရေးဝတယ်လို့ ထင်တတ်တာမျိုးလေ…

ဒါကို သိတဲ့ အမေက ကျွန်တော့်ကို ၁၀ မိနစ်လောက် စောပြီး နှိုးတတ်ပါတယ်. မနက် ၆ နာရီထရတာ ကျွန်တော့်လိုလူတစ်ယောက်အတွက် တော်တော်ကို ပြင်းထန်တဲ့ နေ့တဓူဝကိစ္စတစ်ခုပါပဲ.

အမေကျွန်တော့်ကိုနှိုးသွားတာ၊ ရေချိုးခန်းထဲခေါ်သွားတာ၊ သွားတိုက်တံမှာ သွားတိုက်ဆေးညှစ်ပေးပြီး လက်ထဲထိုးထည့်ပေးတာတွေကို ကျွန်တော်မျက်လုံးမှိတ်နေခဲ့ပေမယ့် သိနေခဲ့တယ်.

ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ကျောက်ပြင်ရှေ့ကို ဆွဲခေါ်ပြီး မျက်နှာကို သနပ်ခါးလူးပေးတာ၊ သနပ်ခါးမြန်မြန်ခြောက်အောင် ယပ်တောင်နဲ့ ယပ်ပေးတာတွေကိုလည်း ကျွန်တော် မျက်စိမှိတ်ထားရင်းက ခံစားနေခဲ့ရတယ်.

အခန်းထဲကနေထွက်လာပြီး အိမ်ရှေ့ ထမင်းစားပွဲကို ခေါ်သွားတာ၊ စားပွဲပေါ် အသင့်တင်ပေးထားတဲ့ ကော်ဖီနဲ့ ရွှေကျီးမုန့်ကြွပ်ကို ကျွန်တော့်မျက်နှာရှေ့ထိုးပေးပြီး စားခိုင်းတာ၊ ကျွန်တော်မုန့်စားနေချိန်မှာ ကျောင်းအချိန်ဇယားကို ကြည့်လို့ ကျွန်တော်ထည့်ထားတဲ့ စာအုပ်တွေ မှန်မမှန် ပြန်တိုက်စစ်နေတာကိုလည်း မျက်လုံးမှေးပြီး ကျွန်တော်လှမ်းကြည့်နေခဲ့ဖူးတယ်…

ကျောင်းကို ဆွဲခေါ်သွားတော့ ကျွန်တော်တစ်ယောက် မျက်လုံးမှိတ်ပြီး အမေ့နောက်က ပါသွားခဲ့တယ်. ကားလမ်းကူးခါနီးရင် မျက်လုံးတစ်ချက်ဖွင့်ကြည့်တယ်. လမ်းတစ်ဖက်ကို ရောက်သွားခဲ့ရင် မျက်စိကို ပြန်မှိတ်ပြီး အမေခေါ်ရာနောက် တကောက်ကောက် လိုက်သွားခဲ့တာတွေကို အမေက အိမ်မှာ ပြန်ပြောပြတော့ ကျွန်တော်တစ်ယောက် ရှက်ပြုံးလေးပြုံးပြီး အမေ့ပေါင်ပေါ်မှာ မျက်နှာဝှက်ထားခဲ့ဖူးတယ်.

“မင်းကို လက်ကနေသာ လွှတ်ထားလိုက်လို့ကတော့ အကုန်ဝင်တိုက်ကုန်မှာပဲ” လို့ အမေပြောတော့ ကျွန်တော်စိတ်ကောက်ပြီး ထသွားလို့ အမေကျွန်တော့်ကို ကော်ဖီတစ်ခွက်နဲ့ ပြန်ချော့ခဲ့ရတယ်နော်.

သတိရပါသေးတယ် အမေ…

….

မုန့်စားဆင်းချိန်မှာ ကျောင်းအပြင်ဖက်ကနေပြီး အခန်းထဲကို မျှော်ကြည့်နေတတ်တဲ့ အမေ့ကို ကျွန်တော်စာသင်နေရင်းကနေ လှမ်းမြင်ရတတ်တယ်.

အမေ့လက်ထဲမှာ ပွေ့ကိုင်ထားတဲ့ ဆွဲခြင်း အစိမ်းရောင်လေးထဲမှာ ကျွန်တော်ကြိုက်တတ်မယ့် ဟင်းတွေပါနေမယ်ဆိုတာ ပြောနေစရာ မလိုတော့ပါဘူး.

ကျောင်းတံခါးဖွင့်လို့ မိဘတွေကို အထဲဝင်ခိုင်းလိုက်တာနဲ့ အမေတစ်ယောက် ကျွန်တော်ထိုင်နေတဲ့ နေရာကို ရောက်လာပြီး ကျွန်တော့်ခေါင်းလေးကို အသာပုတ်ချင်ပုတ်၊ ဆံပင်လေးတွေကို အသာသပ်တင်ပေးလို့ မေးတတ်ပါသေးတယ်.

“စာတွေရလား ငါ့သား” တဲ့..

ပြီးတော့ အမေယူလာတဲ့ စတီးချိုင့်လေးကို ဖွင့်ပြီး ကျွန်တော့်ကို ထမင်းစားဖို့ ပြင်ဆင်ပေးပါတယ်.

ကျောင်းဆင်းချိန်ရောက်လို့ ကျောင်းအောက်ကိုရောက်ရင် အမေ့ကို အမြဲပူဆာတတ်တာက မုန့်လယ်ဆောင်း ၀ယ်တိုက်ဖို့ပါ.

တစ်ပတ်မှာ သုံးခါလောက်တော့ ကျွန်တော်မုန့်လယ်ဆောင်း သောက်ရပါတယ်. နှစ်ခါလောက်တော့ အမေက ငြင်းတတ်ပါတယ်. အမေငြင်းရင် ကျွန်တော်ကလည်း အမေ့ကို မကျေနပ်ပေမယ့် ထပ်တော့ မပူဆာတတ်ပါဘူး. အိမ်ပြန်ရောက်တော့လည်း တစ်ခြားမုန့်တွေ စားရမယ်ဆိုတာ ကျွန်တော်သိနေခဲ့လို့ပေါ့. မုန့်လယ်ဆောင်း မသောက်ရတဲ့နေ့တွေမှာ ကျွန်တော်က တစ်ခြားမုန့်တွေကို အခွင့်အရေးယူပြီး ပိုစားတတ်တယ်လေ…

အိမ်ပြန်ရောက်တော့ အိမ်မှာ ကျွန်တော်ရယ် အမေရယ် နှစ်ယောက်တည်းပဲ ရှိတတ်တာပါ. အဖေက ရုံးမှာ. အစ်ကိုနဲ့ အစ်မတွေက ကျောင်းမှာပဲ ရှိကြသေးတယ်. ကျွန်တော်က နေ့တစ်ဝက်ကျောင်းတက်ရတာဆိုတော့ နေ့လယ်ခင်းဆို ကျောင်းဆင်းပြီလေ.

အိမ်မှာ အမေနဲ့ ကျွန်တော်နှစ်ယောက်တည်း ရှိပေမယ့် ကျွန်တော် အိမ်စာတွေ အရင်လုပ်ရပါတယ်. ညနေခင်းကျရင် ထွက်ဆော့ခွင့်ရဖို့အတွက် စာတွေ အရင်ကျက်ထားရပါတယ်. အမေအတင်းမခိုင်းတတ်ပေမယ့် ကျွန်တော်ကိုယ်တိုင်ကိုက ကျောင်းမှာ စာတော်တဲ့သူစာရင်းထဲ ၀င်ချင်ခဲ့တာဆိုတော့ မခံချင်စိတ်နဲ့ စာကျက်ဖြစ်ပါတယ်. အဖေပေးမယ့် ဆုကို မက်မောလို့ စာကြိုးစားဖြစ်ခဲ့တာဆိုရင်လည်း မမှားပါဘူး.

ညနေ လေးနာရီလောက်ဆိုရင် အစ်ကိုနဲ့အစ်မတွေကို ထွက်ကြိုဖို့ အိမ်အောက်ထပ်ကို ဆင်းသွားတတ်တဲ့ ကျွန်တော့်ကို အမေအမြဲမှာတတ်တာက “ရန်မဖြစ်နဲ့. ကားတွေ သတိထား…” ဆိုတာပါပဲ…

အောက်ရောက်တာနဲ့ အဖေ့ရုံးခန်းထဲကိုသွား. အဖေအလုပ်လုပ်နေတဲ့ စားပွဲနားသွားရပ်တဲ့ ကျွန်တော့်ကိုမြင်ရင် အဖေက သူ့တပည့်တစ်ယောက်ယောက်ကို လှမ်းခေါ်ပြီး လက်ဖက်ရည်ဝယ်ခိုင်းတတ်ပါတယ်.

အဖေ့ရုံးခန်းထဲမှာ လက်ဖက်ရည်နဲ့ မုန့်စားရင်း ဗိုက်ဝသွားတော့မှ အဖေ့ကို နှုတ်ဆက်ပြီး ရုံးအပြင်ကိုထွက်လာတာ၊ အပြင်ရောက်တာနဲ့ လမ်းမပေါ်ကို တရှိန်ထိုးပြေးပြီး ခရေပင်အောက်မှာ ခရေပန်းတွေ သွားကောက်တာ၊ ကျောင်းကပြန်လာတဲ့ အစ်ကိုနဲ့ အစ်မတွေကို လက်ဆွဲပြီး အိမ်ပေါ်ထပ်ကို တက်လာတာတွေဟာ ကျွန်တော့်ရဲ့ ငယ်ဘ၀မှတ်တမ်းပုံရိပ်တွေ ဖြစ်ခဲ့တယ်.

အိမ်ပေါ်ပြန်ရောက်တာနဲ့ အစ်ကို့လွယ်အိတ်ကို ကျွန်တော်ရှာဖွေရေးဆင်းတတ်တာကြောင့် အစ်ကိုကလည်း ကျွန်တော့်အတွက် တစ်စုံတစ်ခု အမြဲဝယ်ဝယ်လာတတ်ပါတယ်.

အစ်ကိုဝယ်လာပေးခဲ့တာတွေထဲက အမှတ်တရ အဖြစ်ဆုံးကတော့ ဘီးလုံးလေးမှာ ကြိုးလေးကိုပတ်ဆွဲပြီး လွှတ်ချလိုက်ရင် မြေကြီးပေါ်မှာ ခုန်ပေါက်ပြေးလွှားနေတဲ့ ဆိုင်ကယ်လေးပါပဲ…

အဲဒီ့အရုပ်လေးနဲ့ ငြိမ်ချက်သားကောင်းနေတတ်တဲ့ ကျွန်တော့်ကို ကြည့်ရင်း အမေက အစ်ကို့ကို ပြောပါသေးတယ်.

“အဲဒါမျိုး များများဝယ်ခဲ့စမ်းပါ. နားငြီးသက်သာတယ်” တဲ့..

……

၈၈ အရေးတော်ပုံ အပြီးမှာ အဖေက ဆန္ဒပြပွဲထဲ ပါလို့ဆိုပြီး နယ်စွန်နယ်ဖျားကို ပြောင်းရွှေ့ခံရတယ်. အခြေအနေတွေ ငြိမ်မှ လိုက်လာဖို့ အမေ့ကိုမှာပြီး အဖေတစ်ယောက်တည်း စစ်တွေမှာ တစ်နှစ်လောက် အရင်သွားနေခဲ့တယ်.

ကျောင်းတွေကလည်း ပိတ်ထားခဲ့တာဆိုတော့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ လွတ်လပ်ရေးရနေကြတာပေါ့.

အဖေ့ရဲ့ မွေးရပ်ဇာတိ ရွာလေးမှာ ကျွန်တော်တို့ သားအမိတွေ အတူနေခဲ့ကြတယ်.

ရွာသားကနေ အရာရှိကြီးတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့တဲ့ အဖေ့ကို အထင်ကြီးလေးစားကြတာကြောင့် ရွာထဲက လူတွေကလည်း ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကို မျက်နှာသာပေးကြတယ်. ထမင်းစားဖိတ်တဲ့ အိမ်တွေမှာ လှည့်ပတ် ထမင်းစားလိုက်၊ ရွာထဲမှာ လှည့်ပတ် ပြေးလွှားကစားလိုက်နဲ့ ကျွန်တော်လည်း ရွာသားတစ်ပိုင်းဖြစ်ခဲ့တယ်.

ညနေခင်းတွေဆိုရင် မီးခွက်လေးထွန်းပြီး အိမ်ရှေ့ကွင်းပြင်ထဲမှာ ထမင်းစားကြ၊ ညဖက်ဆိုရင် လူကြီးတွေ စကားပြောနေချိန် လူကြီးတွေစားဖို့ ထားတဲ့ လက်ဖက်ကို ၀င်ဝင်စားလိုက်၊ သူငယ်ချင်းတွေနဲ့ ပြေးဆော့လိုက်နဲ့ လုပ်ခဲ့ကြတဲ့ ညတွေဟာ ကျွန်တော့်အတွက် အမှတ်တရနေ့စွဲလေးတွေပါပဲ…

ရွာမှာ ကျွန်တော်တို့ကို အလကားဖြစ်မှာစိုးလို့ ဆိုပြီး အဖေက ရွာဦးကျောင်းမှာ ကိုရင်ဝတ်ခိုင်းပြီး စာအံစေခဲ့တယ်.

ညနေခင်းဆိုရင် အဖွားအိမ်ဖက်ကိုအမြဲသွားတတ်တဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ရွာကလူတွေက “မြို့သားကိုရင်လေးတွေ” ဆိုပြီး အမြဲခေါ်တတ်စတတ်ကြပါတယ်.

တစ်ချို့ကဆို “သင်္ကန်းနဲ့လိုက်တယ်. မထွက်ပါနဲ့လား”လို့တောင် နောက်ကြသေးတယ်.

အဖွားအိမ်ဖက်ကိုရောက်လို့ အဖွားက ကျွန်တော်တို့ကို မြင်ရင်…

“ငါ့မြေးကိုရင်လေးတွေ ကြွလာတယ်ဟေ့” လို့ ၀မ်းသာအားရ ရင်ခေါင်းသံကြီးနဲ့ အော်ပြောတတ်ပါတယ်.

အမေက ကျွန်တော်တို့ကို ဦးချတော့ ကျွန်တော်ပီတိတွေ ဖြစ်နေခဲ့တာပေါ့.

ပြီးတော့ အမေတိုက်တဲ့ ဘာလီရည်၊ ဖျော်ရည်တွေသောက်ပြီး အမေပေးတဲ့ သကြားလုံးလေးတွေကို သင်းပိုင်ထဲ ထိုးထည့်လို့ ဘုန်းကြီးကျောင်းဖက် ပြန်လာခဲ့တယ်.

အဲဒီ့အချိန်တွေတုန်းကတည်းက အမေဟာ အဖေ၊ အမေဟာ အမေဖြစ်နေခဲ့တယ်နော်…

…..

အဖေဆုံးခါနီး အသက်ငင်နေချိန်မှာ အဖေ့နားထိုင်လို့ မျက်ရည်တွေထိန်းရင်း စကားပြောနေခဲ့တဲ့ အမေ့ကို ကျွန်တော် အရမ်းလေးစားနေခဲ့မိတယ်.

တရားခွေတစ်ခွေကို ဖွင့်ခိုင်းပြီး အဖေ့တပည့်လေးတစ်ယောက်ကို ကြေးစည်ထုခိုင်းထားခဲ့တဲ့ အမေတစ်ယောက် အဖေ့နားရွက်နားမှာ အသာလေးကပ်ပြီး စကားတွေ တတွတ်တွတ် ပြောနေခဲ့တယ်.

“မောင်… ဘာမှ စိတ်ထဲမထားပါနဲ့နော်. ကလေးတွေလည်း ရှင်ပြုပြီးပြီ. ရွာမှာလည်း ကျောင်းတွေဆောက် အလှူဒါနတွေ လုပ်ခဲ့ပြီးပြီ. သွားလိုရာကို ဖြောင့်ဖြောင့်သွားပါနော်…”

ဆိုတဲ့ စကားတွေကို ပြောထွက်နိုင်ခဲ့တဲ့ အမေ့ရင်ထဲ ဘယ်လိုရှိမလဲဆိုတာကို ကျွန်တော်ကိုယ်ချင်းမစာရဲခဲ့ဘူး အမေ…

အိမ်ပြတင်းပေါက်နားကို တိုးဝင်နေခဲ့တဲ့ မာလကာပင်ကြီးဖက်ကို မျက်နှာလွှဲငေးကြည့်နေခဲ့ရင်း ကျွန်တော် မျက်ရည်တွေသာ တတွေတွေ စီးဆင်းနေခဲ့မိတယ်.

….

အဖေမရှိတော့တဲ့နောက်မှာ အရွယ်မရောက်သေးတဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အတွက်၊ ကျောင်းမပြီးသေးတဲ့ အစ်မကြီးအတွက်၊ အလုပ်သင်တန်းတက်နေဆဲ အစ်မငယ်အတွက် အမေ ဘယ်လောက်များ စိတ်ပူလိုက်မလဲနော်.

အဲဒီ့တုန်းက ညဖက်တွေမှာ အမေတစ်ယောက်တည်း နဖူးပေါ်လက်တင်လို့ ဟိုတွေးဒီတွေး လုပ်နေတာ၊ တစ်ညလုံး မအိပ်ဘဲ တလူးလူးတလွန့်လွန့် လူးလှိမ့်နေတာတွေကို အမေ့နားကပ်အိပ်တဲ့ ကျွန်တော်သိနေခဲ့တယ်.

စစ်တွေမြို့ကို စွန့်ခွာပြီး ရန်ကုန်ကို သဘောင်္ကြီးနဲ့ ပြောင်းလာခဲ့တော့ သဘောင်္ပေါ်မှာ ထမင်းစားချိန်ကလွဲပြီး ဘယ်မှ မသွားမလာ အိပ်ခန်းထဲပဲ အမေအောင်းနေခဲ့တယ်နော်.

ကျွန်တော်ကတော့ သဘောင်္ ကက်ပတိန်အခန်းကနေစပြီး ဆရာဝန်နေတဲ့အခန်း၊ သဘောင်္သားတွေ နေတဲ့အခန်း၊ ဘွိုင်လာအိုးတွေ ထားတဲ့အခန်းထိ အပေါ်အောက်လျှောက်သွားနေခဲ့တယ်. သဘောင်္သားတွေကလည်း အစ်မနှစ်ယောက် မျက်နှာနဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ပစားပေးကြတယ်လေ.

အမေ့ကို အဲဒီ့အကြောင်းတွေ ပြောပြတော့ အမေက စိတ်မ၀င်စားဘဲ ကျွန်တော့်ကို ဆူပါတယ်.

“နင့်အစ်မတွေကို ဟိုကောင်တွေက ချိုင်နေတာ နင်က အလိုတူအလိုပါ လုပ်နေတာလား” လို့ ကျွန်တော့်ကို ခပ်ဆတ်ဆတ် ပြောလိုက်တော့မှ ကျွန်တော်လည်း စိတ်တိုရကောင်းမှန်းသိခဲ့တော့တယ်.

အစ်မနှစ်ယောက်ကို နောက်ပိုင်း ဘယ်မှ မသွားခိုင်းတော့ဘူး. ကျွန်တော်တို့ အခန်းနားက သဘောင်္လက်ရန်းဘေးမှာ မယောင်မလည် လာလာရပ်နေတတ်တဲ့ သဘောင်္သားတွေ၊ အရာရှိတွေကိုလည်း ကျွန်တော် စောင်းကန်းကန်းနဲ့ ပြန်ကြည့်တတ်လာခဲ့တယ်. သူတို့ပေးတဲ့ မုန့်တွေကိုလည်း ကျွန်တော်မယူတော့ဘဲ ပြန်ပေးပစ်ခဲ့တယ်.

ကျွန်တော်ကလည်း ကျွန်တော်ပါပဲလေ. ခင်တယ်ခင်တယ်ဆိုပြီး အကောင်းမှတ်နေခဲ့တာ. ကျောချခံရမှ ဓားပြမှန်း သိခဲ့ရတော့တယ်. အဲဒီ့တုန်းကမှ သိလိုက်ရတယ်. “ငါ အများကြီး သင်ယူလေ့လာရဦးမယ်”လို့…

အဲဒီ့တော့မှ အမေ့နား ကျွန်တော်ပိုနေဖြစ်သွားခဲ့တယ်. အမေမျက်တွင်းတွေ ချောင်သွားခဲ့တယ်. အရမ်းလည်း ပိန်သွားခဲ့တယ်နော်…

….

ရန်ကုန်ကို သဘောင်္ကြီးဆိုက်တော့ ကျွန်တော်အရမ်းသိမ်ငယ်သွားခဲ့တာပဲ အမေရယ်..

လွန်ခဲ့တဲ့ လေးနှစ်က ဒီနေရာမှာ ကျွန်တော်ကျင်လည်ရှင်သန်နေခဲ့ဖူးတယ်. ဒါပေမယ့် အဖေရှိခဲ့တယ်.

ခု အဖေဆိုတာ ကျွန်တော့်ဘ၀မှာ မရှိတော့ဘူး.

အရင်ကဆို ရောက်လေရာ အရပ်မှာ ပစ္စည်းတွေဆိုတာ အဖေ့ရဲဘော်တွေ သယ်နေကြ၊ ကျွန်တော်တို့က အသာလေး နောက်ကလိုက်ရုံ၊ လာကြိုမယ့် ကားက အသင့်..

အခုတော့ ပစ္စည်းတွေကို ညီအစ်ကိုနှစ်ယောက် မနိုင့်တနိုင်သယ်ရတယ်. အပျိုအရွယ် အစ်မနှစ်ယောက်လည်း သယ်ရတယ်. အမေလည်း သယ်ရတယ်. အထမ်းသမားနှစ်ယောက်ကိုလည်း ငှားရတယ်.

မောတယ် အမေ…

ကျွန်တော် ဘ၀အမောတွေကို စတင်ခံစားတတ်ခဲ့ပြီ…

“ငါ့သား လာ.. ဟဲ့ သမီး ဒီဖက်မှာ ထိုင်… အမာ.. သော့တွဲတွေ သေချာသိမ်းနော်… မင်းတို့တွေ ဗိုက်ဆာနေကြပြီလား. ဘာစားမလဲ…”

အဖေ့မျက်နှာနဲ့ အသံကို ကျွန်တော့်နားထဲမှာ တ၀ဲလည်လည် အကြိမ်ထောင်သောင်းမက ကြားယောင်နေခဲ့မိတယ်…

ရန်ကုန်ဆိပ်ကမ်းက အထွက် ကားပေါ်ထိုင်တော့ ရဲတွတ်နေတဲ့ ကျွန်တော့်လက်ဖ၀ါးတွေကို ငုံ့ကြည့်ပြီး အံတစ်ချက်ကြိတ်လို့ အသံတိတ် ကြုံးဝါးခဲ့မိတယ်.

“ငါ တစ်နေ့ ချမ်းသာရမယ်.
ငါ့မိသားစု တစ်နေ့ ချမ်းသာရမယ်.
ငါ့အမေ တစ်နေ့ ချမ်းသာရမယ်…”

….

အဖေဆုံးတော့ ကျွန်တော်က ခုနစ်တန်းနှစ်… အစ်ကိုက ဆယ်တန်း..

မတ်လမှာ ဖြေရမယ့် အစိုးရစစ်စာမေးပွဲအတွက် အစ်ကိုတစ်ယောက် ဘယ်လိုဖြေမယ်မသိ. အမေတော်တော်စိတ်ပူနေခဲ့မှာပဲနော်. အစ်မကြီးကလည်း အစ်ကို့ကို စာကြိုးစားသင်ပေးပါတယ်. ကျွန်တော်ကတော့ နည်းနည်းလပ်သွားခဲ့တယ် ဆိုရမလားပဲ.

ခုနစ်တန်းနှစ်မှာ ကျွန်တော်အောင်တယ်ဆိုရုံလေးပဲ အောင်ခဲ့ပါတယ်. ဒါပေမယ့် ကျွန်တော် အချိန်တော်တော်များများမှာ အမေနဲ့ အတူနေပြီး အမေ့ကို ပျော်အောင် စတတ်နောက်တတ်တဲ့ အကျင့်တစ်ခု ရလာခဲ့တယ်. အဲဒီ့ကတည်းက အမေက ကျွန်တော့်ကို မျက်စောင်းထိုးပြီး “မင်းက ငရွှတ်ပဲ” လို့ ပြောတတ်လာခဲ့တယ်နော်.

ကျွန်တော်ပျော်ပါတယ် အမေ… အဖေမရှိတော့ပေမယ့် အမေ့ကို တဒင်္ဂလောက်တော့ ပျော်အောင် ကျွန်တော်ထားနိုင်ခဲ့လို့ပါပဲ..

အမေနဲ့ ကျွန်တော် တောင်ငူက အမျိုးတွေဆီသွားတော့ က.ပ.ရ ကားကြီးရဲ့ အလယ်ခုံမှာ ပင်ပင်ပန်းပန်း ထိုင်ခဲ့ရတယ်နော်. ထိုင်ခုံကလည်း မရှိ၊ ခရီးထွက်ရမယ့် အချိန်ကလည်း အဲဒီ့ရက်ပဲ ရတာဆိုတော့ မတတ်နိုင်ဘူးလေဆိုပြီး လိုက်ရတော့တာပဲ..

လမ်းမှာ ကားစီးတော့ အမေက ကျွန်တော့်နောက်က ထိုင်တယ်. ထိုင်ခုံက နောက်မှီမပါဘူး. ထိုင်ရင်းထိုင်ရင်းနဲ့ ကျွန်တော်ညောင်းလာတော့ နောက်ကိုမှီဖြစ်တယ်. အမေက နောက်ကနေ ဒူးခေါင်းနဲ့ ခံထားပေးပြီး “မှီအိပ်ပါလား” လို့ ပြောတယ်. “ရပါတယ် အမေရာ” ဆိုပြီး ရှေ့ကို ပြန်တိုးထိုင်ခဲ့တဲ့ ကျွန်တော် ဘယ်အချိန်မှာ ဘယ်လို အိပ်ပျော်သွားခဲ့တယ် မသိ. နိုးလာခဲ့တော့ အမေရယ်လေ ကျွန်တော့်တစ်ကိုယ်လုံးကို သူ့ဒူးခေါင်း နှစ်ဖက်နဲ့ အသာထောက်ပြီး ကျွန်တော့်ပုခုံးနှစ်ဖက်ကို ထိန်းထားခဲ့တယ်ဆိုတာကို ၀မ်းနည်းလွန်းစွာ ကျွန်တော်သိခဲ့လိုက်ရတယ်…

အမေဘယ်လိုထိုင်နေခဲ့ရမယ် ဆိုတာ ကျွန်တော် မတွေးချင်တော့ဘူး အမေ… မတွေးရက်တော့လို့ပါ…

….

နေရာအနှံ့ ကျင်လည် ရှင်သန်နေခဲ့ရတဲ့ ကျွန်တော်တို့ မိသားစု ဘယ်တော့များမှ အခြေတကျ နေထိုင်နိုင်မလဲဆိုတာ မသိနိုင်ခဲ့ဘူးနော်.

ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော် အဖေမရှိလို့ အောက်ကျနောက်ကျ ဖြစ်သွားရတယ် ဆိုတာမျိုး အထင်မခံရအောင် စာကို ဖိကြိုးစားခဲ့တယ်. အမေ့ဆီက ပိုက်ဆံ တတ်နိုင်သလောက် မတောင်းဘဲ၊ ကျူရှင်ဆိုတာကို နည်းနိုင်သမျှ နည်းအောင်ယူပြီး အတန်းထဲမှာ အမြဲထိပ်ဆုံးအဆင့်နေနိုင်အောင် ကြိုးစားခဲ့တယ်.

ရှစ်တန်းနှစ်မှာ အမေ့အတွက် မရှိနိုင်တော့ဘူးထင်တဲ့ ဘ၀မာန်တွေကို ကျွန်တော် ပြန်လည်ယူဆောင်ပေးနိုင်ခဲ့တယ်.

အဲဒီ့နေ့က ချိတ်ထမီနဲ့ ဇာအင်္ကျီအ၀ါနဲ့ ပုဝါလွှမ်းခြုံထားတဲ့ အမေ သိပ်ကို ကျက်သရေ ရှိနေခဲ့တယ်.

ကျောင်းကိုရောက်တော့ ဆရာဆရာမတွေကို “ဆရာ. ဒါကျွန်တော့်အမေပါ. ဆရာမ. ဒါကျွန်တော့်အမေလေ…” လို့ ကျွန်တော်မိတ်ဆက်တော့ ဆရာဆရာမတွေက အမေ့ကို အရေးတယူနှုတ်ဆက် ခေါ်ပြောကြတယ်.

ဆုပေးပွဲ အခမ်းအနားမှာ ငါးဘာသာဂုဏ်ထူးနဲ့ တတိယဆု ရတဲ့ ကျွန်တော့်နာမည်ကို ကြေငြာတော့ အမေ့ရင်ထဲ ဘယ်လိုရှိမယ်ဆိုတာ ကျွန်တော် တွေးကြည့်နေစရာ လိုဦးမှာလား…

အဲဒီ့နေ့က အိမ်ကိုပြန်လာတော့ အမေနဲ့ ကျွန်တော် ခေါက်ဆွဲကြော် ၀ယ်စားကြတယ်.

“ကန်တော်ရိပ်သာ” ကပေါ့. မှတ်မိနေသေးတယ်. အမေရယ်၊ ကျွန်တော်ရယ်၊ အစ်မငယ်ရယ် ခေါက်ဆွဲကြော်စားလိုက်၊ ဟင်းရည်ကို တရှူးရှူးသောက်လိုက်နဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောင်ပွဲခံခဲ့ကြတယ်နော်…

အစ်ကိုနဲ့ အစ်မကြီးကတော့ ရန်ကုန်နဲ့ မန္တလေးမှာ အလုပ်တွေ လုပ်နေကြရတယ်. အတူတူမရှိနေနိုင်ခဲ့ဘူး. ဒါပေမယ့် ကျွန်တော့်သတင်းကြားတော့ အားလုံးထပ်တူထပ်မျှပဲ ၀မ်းသာကြတယ်ဆိုတာ နောက်တစ်နေ့ ဖုန်းလာတာတွေက သက်သေပြနေခဲ့တာပဲလေ…

ကျွန်တော်ပျော်တယ် အမေ..

ကျွန်တော် ပထမ မရခဲ့ဘူး. ဒါပေမယ့် ကျွန်တော်ပျော်တယ်.

ဘာလို့လဲဆိုတော့ အမေ့အတွက် မျှော်လင့်ချက်ရောင်ခြည်တွေကို ကျွန်တော် ပြန်လည် ယူဆောင်ပေးလာနိုင်ခဲ့လို့. ကျဆင်းသိမ်ငယ်သွားခဲ့တဲ့ အမေ့ရဲ့ စိတ်ဓာတ်ကို ပြန်လည်ရှင်သန်နိုးကြားလာစေနိုင်ခဲ့လို့ ကျွန်တော့်ကိုယ် ကျွန်တော်ကျေးဇူးလည်းတင်တယ်. ဂုဏ်လည်းယူတယ်.

အဲဒီ့နေ့က ဆုရလာခဲ့တဲ့ အဘိဓာန်စာအုပ်လေးကို အဖေငယ်ငယ်တုန်းက ဆုရလာခဲ့တဲ့ အဘိဓာန်စာအုပ်အနီလေးနဲ့ အတူတူယှဉ်ထားလိုက်ပြီး အကြာကြီး စိုက်ကြည့်နေခဲ့တဲ့ ကျွန်တော် ဘာတွေတွေးနေခဲ့လဲဆိုတာ ကျွန်တော်တစ်ယောက်ပဲ သိခဲ့ပါတယ်.

….

“ရခဲ့လား ငါ့သား”

အိမ်ပေါ်ထပ်ကို အတက် တံခါးဝကနေ လှမ်းမေးလိုက်တဲ့ အမေ့ မျက်ဝန်းတွေကို လွှဲရှောင်ပြီး ဖိနပ်ကို အသာချွတ်ကာ ခေါင်းယမ်းပြလိုက်ခဲ့ပါတယ်.

“မရခဲ့ဘူး အမေ..”

“ဟင်….”

အဲဒီ့ “ဟင်” ဆိုတဲ့ အသံအောက်မှာ ဆုံးရှုံးသွားတဲ့ မျှော်လင့်ခြင်းတွေ၊ သားငယ်အတွက် ၀မ်းနည်းကြေကွဲသွားတဲ့ ခံစားချက်တွေ… အများကြီး ပါဝင်နေခဲ့တယ်.

“ဘာဖြစ်လို့လဲ… ဘာတွေ ပြောမိလို့လဲ.. ဘာလို့ မပေးတာတဲ့လဲ..” ဆိုပြီး တတွတ်တွတ် မေးမြန်းနေခဲ့တဲ့ အမေ့ကို အသာထိုင်ခိုင်းခဲ့ပြီး နောက်ဖေးမီးဖိုချောင်ထဲက အစ်မနှစ်ယောက်ကိုပါ ခေါ်လို့ ဗီဇာအင်တာဗျူးအကြောင်း အသေးစိတ် ရှင်းပြရတော့တယ်.

အဲဒီ့နောက်ပိုင်း တစ်လလောက်ထိ ကျွန်တော်အရမ်းကို စကားနည်းသွားခဲ့တယ်.

အစ်မငယ်က ကျွန်တော့်ကို တစ်ရက်ခေါ်ပြောတယ်.

“အရင်လို ပျော်ပျော်နေစမ်းပါဟာ.. ဟိုနေ့က အမေတစ်ယောက်တည်း အခန်းထဲမှာ ကြိတ်ငိုနေတာ ငါတွေ့တယ်. နင် အဲလိုဖြစ်နေတော့ အမေဘယ်စိတ်ကောင်းမှာလဲဟ”

ကျွန်တော် ဘာမှ ပြန်မပြောခဲ့ပါဘူး. မှတ်မှတ်ရရ အဲဒီ့နေ့က ကျွန်တော် အလုံက ကျောင်းသားရဲ့ Guide လစာ ရခဲ့တယ်. အမေ့အတွက် ခေါက်ဆွဲကြော်တစ်ပွဲ ၀ယ်လာခဲ့တယ်.

ကျွန်တော့်ကိုယ်စား စိတ်ဆင်းရဲနေတဲ့ အမေ့ကို ကျွန်တော် ပျော်အောင် ပြန်ထားတော့မယ်လို့ ဆုံးဖြတ်ပြီး ကျဆင်းသွားခဲ့တဲ့ စိတ်ဓာတ်တွေကို ပြန်လည် မောင်းတင်ခဲ့တယ်.

နောက်နှစ်ရက် သုံးရက်လောက်ကြာတော့ ထမင်းစားနေတဲ့ ကျွန်တော့်နားမှာ အမေလာရပ်ပြီး ကျွန်တော့်ကို စကားအထူးအဆန်းတွေ ပြောလာခဲ့တယ်.

“မင်းဟာကြီးက မြင့်လွန်းပါတယ်ကွာ. မင်းသူငယ်ချင်းတွေ သွားတဲ့ နိုင်ငံပဲ သွားပါလား. သူတို့တောင် ဟိုမှာ ကျောင်းတွေ ပြီးတော့မယ်. မင်းက ဒီမှာ ထွက်ဖို့ လုပ်တုန်း..”

ကျွန်တော် ထမင်းကိုပဲ ဆက်ငုံ့စားနေခဲ့ပါတယ်.

“ပြီးတော့ ဘယ်ကပိုက်ဆံရလာမှာတဲ့လဲ.. စဉ်းစားပါကွာ” တဲ့..

ကျွန်တော် စားလက်စ ခက်ရင်းကို အသာချလိုက်ပြီး အမေ့မျက်နှာကို မော့ကြည့်လို့ ပြန်ပြောခဲ့တယ်.

“သားမှာ တစ်လကျန်သေးတယ် အမေ. ထပ်ကြိုးစားကြည့်မယ်. ပြန်ဝင်ကြည့်မယ်.”

ပြတ်သားတည်ငြိမ်လွန်းနေခဲ့တဲ့ ကျွန်တော့်မျက်ဝန်းတွေကို အမေနားလည်သွားခဲ့ပါတယ်.

ပန်းကန်တွေဆေးနေရင်းကနေ နောက်ကိုလှည့်ကြည့်ပြီးပြောတယ်.

“မိတ္ထီလာမှာ မင့်အဖေအတွက် ရထားတဲ့ မြေကွက်ရှိတယ်. အဲဒါကို ရောင်းလိုက်ရင်တော့ နည်းနည်းပါးပါး ကာမိမယ်ထင်တယ်”

ကျွန်တော် အမေ့စကားကို ရယ်ချင်သွားခဲ့တယ်. ဒါပေမယ့် မရယ်ဖြစ်ခဲ့ပါဘူး. အဖေ့မြေကွက်ကို ရောင်းလိုက်ရင် ရလာမှာက အလွန်ဆုံး ၁၀ သိန်းပေါ့. လေယာဉ်လက်မှတ်ဖိုးလောက်ပဲ ရှိတယ်.

ကျွန်တော် မရယ်ဖြစ်ခဲ့ပါဘူး. ခံစားချက်တွေက ပြောင်းပြန်ဖြစ်သွားခဲ့တယ်. အမေ့နောက်ကျောကို လှမ်းကြည့်ပြီး အမေ့ကို သနားသွားခဲ့တယ်…

ကျွန်တော့်စိတ်ဓာတ်တွေကို ပြန်တင်းပြီး ဗီဇာအင်တာဗျူးအတွက် ပြန်လည်ပြင်ဆင်ခဲ့တယ်.

….

အဲဒီ့နေ့က မိုးတွေ အရမ်းကို ရွာနေခဲ့တယ်.

အစ်ကိုက သူ့တက်စီကားနဲ့ ကျွန်တော့်ကို လိုက်ပို့ပေးပြီး မိန်းထဲမှာ လက်ဖက်ရည်သောက်ရင်း စောင့်နေခဲ့တယ်.

ကျွန်တော်ပြန်ထွက်လာခဲ့ပြီး အစ်ကိုနဲ့ အတူတူ ပြန်လာတော့ ကားပေါ်မှာ အစ်ကိုက မေးပါတယ်.

“အဆင်ပြေလား” တဲ့.

ကျွန်တော်ကလည်း ပူပူနွေးနွေး စကားအချေအတင်ပြောလာခဲ့ရတဲ့ အရှိန်နဲ့ ပြန်ပြောခဲ့ပါတယ်.

“ရန်ဖြစ်ခဲ့တယ်” လို့လေ..

အစ်ကိုက ကျွန်တော့်မျက်နှာကို တစ်ချက်လှမ်းကြည့်ပြီး ပြုံးပါတယ်.

အိမ်ကိုပြန်ရောက်တော့ အစ်မက ကျွန်တော့်ကို မေးပါတယ်.

အင်္ကျီလဲနေရင်းကနေ ကျွန်တော်လည်း ပြန်ဖြေခဲ့ပါတယ်.

“ကောင်ဆယ်လာက ပြောတယ်. မင်း နောက်တစ်ခေါက်လာစရာ မလိုတော့ဘူးတဲ့”

“နင်ကလဲဟယ်… ဘာတွေသွားပြောမှန်းမှမသိတာ..”

အစ်မငယ်တစ်ယောက် မျက်စိမျက်နှာပျက်လို့ အခန်းထဲဝင်သွားခဲ့တယ်.

စားပွဲပေါ်တင်ထားတဲ့ ပတ်စပို့ အနီရောင်စာအုပ်လေးကို လှန်လှောကြည့်နေတဲ့ အစ်မငယ်ကို လျစ်လျူရှုပြီး ကျွန်တော်တစ်ယောက် မီးဖိုချောင်ထဲမှာ စားစရာ ၀င်မွှေနေခဲ့တယ်.

“အားးးးးးးးးးးးးးးးးး” ဆိုပြီး စူးစူးဝါးဝါး အော်လိုက်တဲ့ အစ်မငယ်ရဲ့ အသံကို ကြားတော့ ကျွန်တော် မီးဖိုချောင် ပြတင်းပေါက်ဖက်ကို မျက်နှာမူပြီး ပြုံးနေမိတယ်.

“နင်… နင်…. ဒါ ဘာကြီးလဲ…. နင်… တော်တော်စတဲ့ကောင်… အမေ့ကို ပြောမယ်. ဟိုဖက်အိမ်မှာ အမေရှိတယ်… ”

လမ်းထဲမှာ ခေါင်းလောင်းဆွဲသံတွေ ညံသွားခဲ့တယ်.

အမေတစ်ယောက် အစ်မကြီးနေတဲ့ အိမ်ဖက်ကနေ ဘာများဖြစ်လို့လဲဆိုပြီး ထွက်ကြည့်တယ်.

“အမေ… အမေ့သား ရခဲ့ပြီ… ဒီမှာ ဒီမှာ…” ဆိုပြီး အသံကုန်အော်ဟစ်နေတဲ့ အစ်မငယ်ရဲ့ နောက်ကနေ ကျွန်တော် အမေ့မျက်နှာကို လှမ်းကြည့်နေခဲ့မိတယ်.

အမေ့ပါးစပ်အဟောင်းသားလေး ဖြစ်သွားခဲ့တယ်. ပြီးတော့ အရမ်းကို ပြုံးသွားခဲ့တယ်.

အဲဒီ့နေ့က ကျွန်တော်တို့ အိမ်မှာ ချိုချဉ်ကြော်နဲ့ ခေါက်ဆွဲကြော် ၀ယ်စားဖြစ်တယ်. ညဖက် ရွှေတိဂုံ ဘုရားသွားဖြစ်တယ်…

….

လေဆိပ်ကနေ မထွက်ခွာခင်မှာ ကျွန်တော့်မျက်နှာကို ခဏခဏ ဆိုသလိုပဲ အမေလာလာနမ်းနေခဲ့တယ်နော်..

“လိမ်လိမ်မာမာနေ. ဒေါသကိုလျှော့. လူတိုင်းနဲ့ အဆင်ပြေအောင်နေ.. ဘုရားတရားလုပ်. စာကြိုးစား.”

ဒါတွေကိုပဲ ထပ်ခါထပ်ခါ အမေက မှာနေခဲ့သလို ကျွန်တော့်ခေါင်းကလည်း အမေပါးစပ်ဟလိုက်တာနဲ့ ငြိမ့်ပြီးသား ဖြစ်နေခဲ့တယ်.

အိမ်သာထဲ ပြေးဝင်ပြီး ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်လို့ သေသေချာချာ သတိပေးတယ်.

“ငါမငိုရဘူး”

လေဆိပ်ထဲကိုဝင်ဖို့ ကြေငြာသံ ထွက်လာတော့ ကျွန်တော့်ရဲ့ လက်ဂေ့ခ်ျကို ဆွဲသွားရင်း ၀င်ခါနီး ဆဲဆဲမှာ ကျွန်တော် ခဏရပ်လိုက်မိခဲ့တယ်.

ပြီးတော့ နောက်ကို ချာခနဲလှည့်လို့ အမေ့ဆီကိုပြေးပြီး အမေ့ကိုယ်လုံးသေးသေးလေးကို တင်းကြပ်စွာ ကျွန်တော် ဖက်ထားမိခဲ့တယ်.

ရှေ့တည့်တည့်က လူတွေ ကြည့်နေကြတယ်. ကျွန်တော် မရှက်တော့ဘူး..

ကျွန်တော့် တပည့်တွေက သတိပေးတယ်. “ဆရာ မငိုနဲ့လေ… ”

ကျွန်တော် နားမထောင်တော့ဘူး..

အမေ့ကို တကယ်ခွဲသွားရတော့မယ် ဆိုတဲ့ အသိက ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားတွေကို ဟိုးအဝေးကြီးမှာ ထားပစ်လိုက်ခဲ့တယ်.

အစ်မကြီး၊ အစ်မငယ်တို့ မျက်နှာတွေ ရဲနေကြတယ်. အစ်ကိုက ခပ်လှမ်းလှမ်းကို ထသွားတယ်. အစ်ကို့မိန်းမ မျက်ရည်တွေ သုတ်နေခဲ့တယ်. အဲဒီ့အခိုက်အတန့်လေးမှာ ကျွန်တော် အမေ့ကို ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်ဆိုတာကို အားလုံးသိသွားခဲ့ကြတယ်.

မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လို့ လေဆိပ်ဖက်ကို ဦးတည်လိုက်တဲ့ ကျွန်တော့်ခြေလှမ်းတွေထဲမှာ စွန့်စားခြင်း၊ ရဲရင့်ပြတ်သားခြင်း၊ ယုံကြည်ကိုးစားခြင်းတွေ ပါဝင်နေခဲ့တယ်.

ကျွန်တော်နောက်ပြန်လှည့်မကြည့်ခဲ့တော့ဘူးဆိုတာကို အမေနားလည်နိုင်ခဲ့မှာပါ…

…..



စာတိုက်က ရလာတဲ့ စာကို ထုတ်ဖတ်မိချိန်မှာ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်သွားခဲ့တယ်.

အစ်မငယ်က ရေးထားခဲ့တယ်လေ..

“မောင်လေးစီးတဲ့ လေယာဉ်ပျံကြီး ကောင်းကင်ထဲကို တက်သွားတော့ အမေ နောက်ကို ယိုင်ကျသွားမလို ဖြစ်သွားတယ်. နောက်ကနေ ထိန်းပေးလိုက်ရလို့ တော်သေးတာပေါ့…” တဲ့..

အဲဒီ့စာရွက်ပေါ်မှာ ကျွန်တော့်ရဲ့ မျက်ရည်ကွက်တွေ ရှိနေဦးမယ်ဆိုတာ ကျွန်တော်သိနေခဲ့တယ်.

….

အင်း… အမေ့အကြောင်းပြောရရင် ကျွန်တော့်ဘလော့ဂ်တစ်ခုလုံး ပွင့်ထွက်သွားမလားပဲ..

ကျွန်တော် အမေ့အကြောင်းပြောရရင် ဂုဏ်ယူတယ်.

အမေ့အကြောင်းပြောရရင် မျက်ရည်ဝဲတယ်.

အမေ့အကြောင်းပြောရရင် အားမာန်တက်ကြွတယ်.

အမေ့အကြောင်း ပြောရရင် အမေနဲ့ ပြန်တွေ့ချင်တယ်….

တစ်နေ့နေ့ပေါ့ အမေရယ်…

ကျွန်တော့်ရည်ရွယ်ချက်တွေ ပြီးမြောက်တဲ့ တစ်နေ့နေ့ပေါ့….

အမေဟာ ထူးချွန်ထက်မြက်တဲ့ မိန်းမတစ်ယောက် မဟုတ်ခဲ့ပါဘူး.

အမေဟာ ကိစ္စများစွာကို လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်စွမ်းလည်း မရှိခဲ့ပါဘူး.

အမေဟာ ဘွဲ့ထူးဂုဏ်ထူး ဌာနန္တရတွေနဲ့ နာမည်အရှည်ကြီး ပိုင်ဆိုင်သူလည်း မဟုတ်ခဲ့ပါဘူး.

ဒါပေမယ့် ဦးသုခ ပြောသလိုပဲပေါ့.

အမေဟာ အမေပါပဲ…

အမေ့ရဲ့ ဆန္ဒတွေ ပြည့်ဝစေနိုင်ဖို့ ကျွန်တော် ဒီလောကကြီးထဲမှာ အတောင်ပံတွေ အစွမ်းကုန် ဖြန့်ကျက် ပျံဝဲလိုက်ဦးမယ် အမေ…

ဇူလိုင် လေးရက်နေ့မှာ ကျရောက်တဲ့ အမေ့မွေးနေ့မှာ ကျွန်တော် အကောင်းဆုံး လက်ဆောင်တစ်ခု ပို့မယ် စိတ်ကူးထားခဲ့မိတယ်…

ဒီကမ္ဘာလောကကြီးတစ်ခုလုံး သိသွားအောင် ကြေငြာလိုက်ချင်ပါတယ်…

“ကျွန်တော် အမေ့ကို သိပ်ချစ်တယ် အမေ….”





စာတိုက်သို့ခြေလှမ်းသုံးထောင်...



လက်ကလေးနှစ်ဖက်ကို ဖြန့်ကြည့်လျက် သေသေချာချာစိုက်ကြည့်နေသော လေးနှစ်အရွယ် ကလေးငယ်တစ်ဦး။

“မင်းလက်မှာက အပွင့်လေးတွေ မပါသေးဘူး။ ဘာလို့လဲဆိုတော့ မင်းက ကျောင်းမနေသေးဘူး. အဲဒါက စာရေးမှ အပွင့်လေးတွေ ဖြစ်လာတာ…”

စကားပြောလျှင် လေကို တစ်ဝကြီး ရှူသွင်းပြီး အားရပါးရ ပြောတတ်သော သူ့အစ်ကိုဖြစ်သူ၏ စကားကို သေသေချာချာ နားထောင်လျက် ကလေးငယ်သည် သူ၏ လက်ကို တစ်ဖန် ပြန်ဖြန့်ကြည့် နေမိပြန်သည်။

ဟုတ်တော့လည်းဟုတ်သား။ သူ့လက်ဆစ်လေးများတွင် သူ့အစ်ကို ပြောသကဲ့သို့ အရစ်ကလေးများမှာ ကျဲမနေဘဲ စိနေလေသည်။ သူ့အစ်ကို ပြောသကဲ့သို့ ပြောရလျှင်တော့ အပွင့်လေးတွေ မပါသေးဟု ဆိုရပေလိမ့်မည်။

တစ်ယောက်တည်း နှစ်ခြိုက်စွာ ပြုံးလျက် ကက်ဆက်ခလုတ်ကို ချောက်ခနဲမြည်အောင် ပြန်ပိတ်လိုက်သည်။

ကက်ဆက်ခွေ အဟောင်းလေးများကို ရှင်းထုတ်နေရာမှ ဒီခွေလေးကို မမျှော်လင့်ဘဲ သူပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။

စားပွဲပေါ်မှ ဘောလ်ပင်လေးတစ်ချောင်းကို ယူလျက် လက်ထဲတွင် လှည့်နေရင်း တစ်စုံတစ်ရာကို စဉ်းစားနေခဲ့မိသည်။

သူ့နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးကွေးလေးတစ်ခု ဖြစ်ထွန်းသွားခဲ့သည်။

ကက်ဆက်ခွေလေးပေါ်တွင် စာတစ်ကြောင်းရေးခြစ်လျက် အံဆွဲကို ဖွင့်ကာ သေသေချာချာ သိမ်းထားလိုက်ခဲ့သည်။

“ငယ်ဘ၀”

……

စာရိုက်နေသော သူ့လက်များကို ခေတ္တ အနားပေးလျက် ကုလားထိုင်ကို မှီထိုင်နေလိုက်သည်။
စိတ်ထဲတွင်လည်း တစ်စုံတစ်ရာကို မချင့်မရဲ ဖြစ်သွားမိခဲ့သည်။

“အဲဒီ့ခွေလေးကို ယူလာခဲ့မိရင် ကောင်းသား. Mp3 ပြောင်းထားလို့ ရတယ်” ဟုလည်း ကိုယ့်ကိုယ်ကို အပြစ်တင်နေမိခဲ့သည်။

သူမရှိတော့သည့်နောက် သူ သိမ်းထားခဲ့သည့် စာအုပ်ဟောင်းများ၊ ကက်ဆက်ခွေများ၊ ကဗျာစာရွက်များ၊ ဒိုင်ယာရီစာအုပ်ဟောင်းများသည် နေရာတကျမှ ရှိပါသေး၏လားဟုလည်း စိတ်ထဲတွင် တွေးပူသွားမိသည်။

အင်း. ဒီတစ်ပတ် အမေနဲ့ စကားပြောဖြစ်ရင် မေးကြည့်ဦးမှ ဟု စိတ်ထဲတွင်တေးထားလိုက်မိသည်။

ထိုကက်ဆက်ခွေလေးကို သူစတွေ့ခါစက အမေ့ကို မေးမိသည်။

“အမေ. ဒီအသံလေးတွေက ဘယ်သူသွင်းထားတာလဲ”

အမေက ပြုံးလျက် ၀မ်းနည်းသွားခဲ့လေသည်။

“အဲဒါ မင်းအဖေပေါ့. မင်းတို့ ညီအစ်ကိုနှစ်ယောက် စကားပြောနေတာကို အမှတ်တရ သွင်းထားခဲ့တာလေ…”

ကက်ဆက်ခွေလေးသည် အတော်ပင် ဟောင်းနေခဲ့လေပြီ။

သို့သော် သူ့စိတ်ကူးထဲတွင်မူ သူ၏ ငယ်ဘ၀ပုံရိပ်များသည် အမြဲသစ်လွင်လန်းဆန်းနေခဲ့လေသည်။

“ငါ မင်းကို သတိရတယ် ဟေ့ကောင်….”

….

“ခွေးမ…”

“၀က်မ..”

“ခွေးမ..”

“၀က်မ…”

အိမ်ရှေ့တွင် ထိုင်လျက် အိမ်စာများလုပ်နေသော သူတို့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိသည်။

အခြေအနေကတော့ မကောင်းလှ။ အစ်မကြီးနဲ့ အစ်မငယ်တို့၏ တိုက်ပွဲက အရှိန်ယူနေလေပြီ။

ခဏနေလျှင် အဖေပြန်လာတော့မည်။

အသံများကို မကြားချင်ယောင်ဆောင်လျှက် ကိုယ့်အိမ်စာမြန်မြန်ပြီးအောင်သာ ဆက်လုပ်နေမိတော့သည်။ ၉ နာရီခွဲလျှင် တီဗွီမှ လာမည့် နိုင်ငံခြားကား သွားကြည့်ချင်သေးသည်ကိုး.

“ဒုန်း…. ဒလုံး… ဒုန်း. ဒုန်း…”

ဟိုက်…

ချကုန်ကြပြီ.

အစ်မကြီးနဲ့ အစ်မငယ်တို့ နပန်းလုံးနေကြသည်ကို ကြည့်ရင်း အမေက အတင်းဝင်ဆွဲသည်။

သူတို့ ညီအစ်ကိုနှစ်ယောက်ကတော့ ကြောက်လည်းကြောက်သည်။ စိတ်လည်းပူသည်။ စိတ်လည်းတိုသည်။

ကြောက်သည်က အဖေမကြာခင် ပြန်လာတော့မည်။ အဖေဘယ်လောက် အရိုက်ကြမ်းတာ သူတို့အသိဆုံး။

စိတ်ပူသည်က အဖေပြန်လာပြီး ညီအစ်မနှစ်ယောက် ရန်ဖြစ်သည်ကိုတွေ့လျှင် ရိုက်မည်၊ ဆူမည်၊ ထို့နောက် ဘယ်သူမှ အပြင်မသွားရန် အမိန့်ထုတ်ကောင်းထုတ်နိုင်သည်။ ထိုကဲ့သို့ဖြစ်လျှင် သူတို့ညီအစ်ကိုနှစ်ယောက် နိုင်ငံခြားကား သွားကြည့်ရတော့မည် မဟုတ်။

စိတ်တိုသည်က ဒီအစ်မနှစ်ယောက် တည့်ကိုမတည့်နိုင်။ အမြဲလိုလို ရန်ဖြစ်သည်။ သူတို့ ရန်ဖြစ်သည်က တော်တော်၊ သူတို့ကြောင့် ညီအစ်ကိုနှစ်ယောက် အချိန်ပို စာလုပ်နေရသည်က ခပ်များများ ဖြစ်နေသည်။ အဖေက စိတ်တိုလျှင် စာပဲ ဖိကျက်ခိုင်းတတ်သည်ကို သူတို့ အသိဆုံး။

“ဒေါက်.. ဒေါက်.. ဒေါက်”

တကယ်တော့ တံခါးခေါက်သံသည် ပုံမှန်မျှသာ ဖြစ်ပါသည်။ သို့သော် အားလုံးကို ငြိမ်ကျသွားစေလောက်အောင် ပြင်းထန်လွန်းနေခဲ့သည်။

ဖို့ရိုးဖားယားဖြစ်နေသော ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အမေက ပြန်စည်းသည်။ ထမီကို ပြင်ဝတ်သည်။

အစ်မနှစ်ယောက် မျက်နှာများကို စူပုပ်လျက် အခန်းတွင်းသို့ ၀င်သွားသည်။

သူတို့ ညီအစ်ကိုနှစ်ယောက် မျက်နှာများကို စာအုပ်ကြားထဲ ၀င်တော့မတတ် ခေါင်းငုံ့နေကြသည်။

တံခါးဖွင့်သံ၊ အမေနှင့် စကားပြောနေသံများကို ကြားနေရသည်။ တံခါးဖက်သို့ လှည့်မကြည့်မိအောင် စိတ်ကိုတင်းထားရသည်။

အဖေခြေသံ ခပ်ပြင်းပြင်းနင်းလျက် သူတို့ ရှေ့မှဖြတ်လျှောက်သွားသည်။

သူ့လက်ထဲတွင် ကိုင်ထားသော ခဲတံသည် ချွေးစေးတို့ဖြင့် စိုစွတ်နေခဲ့လေသည်။

အစ်မကြီးနှင့်အစ်မငယ်တို့ အိမ်ရှေ့ခန်းသို့ ဒရွတ်တိုက် ပါလာကြသည်။

အခန်းထောင့်တွင် ထားသော ကြက်မွှေးသည် တရွှန်းရွှန်းဖြင့် လေထဲတွင် ဝေ့၀ဲနေခဲ့သည်။

မသိပါ။

ညီအစ်ကိုနှစ်ယောက် ဘာဆိုဘာမှ မသိတော့ပါ။

စာအုပ်များကို ပိတ်လျက် ဘုရားခန်းထဲသို့ ပြေးဝင်ကြသည်။

“ဩကာသ… ဩကာသ… ဩကာသ…” ဘုရားရှိခိုးသံသည် အိမ်ရှေ့ခန်းမှ ဆူညံပွက်လောရိုက်နေသံများနှင့် အပြိုင် ထွက်ပေါ်နေခဲ့လေသည်။

ကုတင်ပေါ်တွင် စောင်များကို ခေါင်းမြီးခြုံလျက် အိပ်ချင်ယောင်ဆောင်နေသော သူတို့ ညီအစ်ကိုနှစ်ယောက်အတွက် ညတာသည် ရှည်လွန်းလှခဲ့သည်။

ထိုညက နိုင်ငံခြားဇာတ်လမ်းတွဲသည် သူတို့ အိပ်မက်ထဲတွင်သာ ဇာတ်သိမ်းခဲ့လေသည်…

…..

သူနှင့် သူ့အစ်ကိုက တက်ရသည့် ကျောင်းချင်းမတူ။ သူက မနက်ပိုင်း ကျောင်းတက်ရခြင်း ဖြစ်ပြီး နေ့လယ်ဆိုလျှင် အိမ်ပြန်ရောက်နေလေပြီ။ သူ့အစ်ကိုက စိန့်ပေါလ် (အ.ထ.က (၆) ဗိုလ်တထောင်) ကျောင်းတွင် တက်သည်။ သူ့အစ်မများက ပန်းဘဲတန်း စိန့်မေရီကျောင်းတွင် တက်သည်။ သူနှင့် အိမ်နီးချင်း သူငယ်ချင်းများ ဆော့ဖော်ဆော့ဖက်များမှာလည်း ညနေလေးနာရီကျော်မှ ကျောင်းက ပြန်ရောက်တတ်ကြသည်။ ထို့ကြောင့် ညနေအိမ်ပြန်လျှင် သူတစ်ယောက်တည်း ဆော့ချင်ရာ ဆော့နေတတ်သည်။

ကက်ဆက်ခွေများကို စီလျက် အိမ်ဆောက်ချင်ဆောက်၊ ငါးထပ်တိုက်ပေါ်မှနေလျက် မီးပွိုင့်တွင်လွှတ်သော ကားများကို ကြည့်ချင်ကြည့်၊ စာအုပ်အငှားဆိုင်မှ ငှားလာသော ရုပ်ပြစာစောင်များကို ဖတ်ချင်ဖတ်ဖြင့် အိမ်တွင်းအောင်းနေတတ်သည်။

ညနေ လေးနာရီထိုးခါနီးလျှင် လျှောတိုင်မှ ဆင်းလျက် အိမ်အောက်ထပ်သို့ သူရောက်နေတတ်သည်။ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းတို့ ဆုံရာ မီးပွိုင့်နားရှိ ရေခဲရေ ရောင်းသောဆိုင်လေးများနားတွင် သူ ရောက်နေတတ်သည်။ သံတမန်ကုန်တိုက်ရှေ့ရှိ ခရေပင်ကြီးအောက်နားတွင် ခရေပန်းလေးများကို ကောက်လျက် ကျွတ်ကျွတ်အိတ်လေးထဲသို့ ထည့်ကာ အချိန်ကုန်နေတတ်သည်။ ခရေပန်းလေးများကို အပ်ချည်ကြိုးလေးတွင် သီလျက် အမေ့လက်ထဲသို့ ထည့်ကာ ဘုရားကပ်ဖို့ ပြောလျှင် အမေက ဆုအရှည်ကြီးပေးတတ်သည်။ ဒါကို မက်မောသည်ကလည်း ပါသည်။ အမေ့ထံမှ အနမ်းတစ်ချက်ရဖို့ သူမျှော်လင့်သည်ကလည်း ပါသည်လေ။ ခရေပန်းများများရလျှင်တော့ အစ်မနှစ်ယောက်အတွက်ပါ စိတ်လိုလက်ရ ခရေပန်းကုံးလေးများ သူသီပေးနေတတ်သည်။

အစ်ကိုက ကျောင်းနီးသူဖြစ်၍ အရင်ပြန်ရောက်တတ်သည်။ ခရေပင်အောက်နားတွင် ထိုင်နေတတ်သောသူ့ကို တွေ့လျှင် သူ့အစ်ကို မျက်နှာကြီးက ပြုံးဖြီးဖြီး ဖြစ်သွားတတ်သည်။

အမြဲလိုလို မဟုတ်ပေမယ့် အချိန်တော်တော်များများမှာ သူ့အစ်ကိုသည် သူ့အတွက် အရုပ်တစ်ရုပ်လောက်တော့ အမြဲဝယ်လာတတ်သည်။ အရုပ်မဟုတ်လျှင်လည်း စားစရာမုန့်လေးတစ်ခုခုလောက်တော့ သူဝယ်လာတတ်သည်။

သူ့အစ်ကို ပြန်လာလျှင် လွယ်အိတ်ထဲသို့ မွှေနှောက်ရှာဖွေတတ်သည့် သူ့အကျင့်ကို သိ၍လားမသိ။ သူ့အစ်ကို ပြန်လာတိုင်း တစ်ခုခုတော့ ပါလာတတ်သည်။ အဖေ့ဆီမှ ရသည့် မုန့်ဖိုးတစ်မတ်နှင့် သူ့အစ်ကို ဘယ်သို့ဘယ်ပုံ မုန့်ဝယ်စားသည် သူမသိခဲ့။ သူသိနေခဲ့သည်ကတော့ သူ့တွင် သူ့အစ်ကိုဝယ်လာပေးသော ကော်ရုပ်ကားလေးများ၊ ဆိုင်ကယ်လေးများ၊ စစ်သားရုပ်လေးများ၊ ဂေါ်လီလုံးများ၊ ဂျင်များ ရှိနေသည်ကိုသာ သူသိနေခဲ့သည်။ ဒါတင်မကသေး. သူ့အစ်ကိုသည် သူ့ကို သူငယ်ချင်းများက ကျွေးလိုက်သော မုန့်များရှိခဲ့လျှင်လည်း သေသေချာချာ ထုပ်ပိုးလျက် အိမ်သို့ ပြန်ယူလာတတ်ပြီး သူ့လက်ထဲသို့ ထည့်ပေးတတ်သည်မှာ အကြိမ်ပေါင်းများစွာပင် ဖြစ်ခဲ့လေသည်။

….

“ခွပ်…”

မျက်စိထဲ ပြာခနဲ ဖြစ်သွားသည်။

သူ့ရှေ့တွင်မတော့ နှစ်ခြမ်းကွဲနေသော အဖြူရောင်ဂေါ်လီလုံးလေးတစ်လုံး။

သူ့ဘေးတွင်တော့ အားပါးတရပြုံးနေသော ဂေါ်ကြီးဆိုသည့်ကောင်…

သူတို့ငယ်စဉ်က ဂေါ်လီရိုက်တမ်းကစားလျှင် ရှုံးသွားသူ၏ ဂေါ်လီကို မြေတွင်းထဲ ထည့်လျက် အားလုံးက အပေါ်မှနေ၍ သူတို့၏ ဂေါ်လီလုံးများဖြင့် ရိုက်ခွဲတမ်း ဆော့ကြသည်။ များသောအားဖြင့် ခံရသူ၏ ဂေါ်လီကွဲတတ်သည်။ တစ်ခါတစ်ရံတွင်မတော့ ရိုက်ခွဲသူ၏ ဂေါ်လီပါ ကွဲသွားတတ်သည်။

ဒီနေ့သူရှုံးသည်။ သူ့ဂေါ်လီလေးကို တွင်းထဲသို့ ထည့်ပေးလျက် နောက်တွင် အသာရပ်ကာ စောင့်နေခဲ့သည်။

ပထမတစ်ယောက် ၀င်ခွဲသည်။ သူ့ဂေါ်လီဘာမှမဖြစ်ခဲ့။

နောက်တစ်ယောက် ၀င်ခွဲသည်။ ဘာမှမဖြစ်သေး။

သူ့အစ်ကိုအလှည့်ကျသည်။ အသာလေး ပစ်ပေါက်ရုံလောက်သာ ပစ်ပေါက်သွားသည်။

ဂေါ်ကြီး…

ဒီကောင်က ကရင်စပ်သည်။ အားလည်းအလွန်သန်သည်။ ဂေါ်လီရိုက်လျှင် အလွန်လက်တည့်သည်။ သူနှင့်ယှဉ်ရိုက်နိုင်သူ ခပ်ရှားရှားပင် ဖြစ်သည်။ ပိုဆိုးသည်က သူကိုင်သည့် ဂေါ်လီသည် ပုံမှန်အရွယ်ထက် ကြီးနေတတ်ပြီး အလွန်လည်း မာသည်။ ထို့ကြောင့် သူ့ကို အားလုံးက နာမည်ပေးထားတတ်ကြသည်။

“သံဂေါ်လီ” ဟူ၍…

ယခု သူ့အလှည့်ကျသည်။

သူကရိုက်ခွဲလျှင် ပုံမှန်လူနှင့်မတူ. ဘယ်ဖက်လက်မနှင့် လက်ခလယ်ကြားတွင် ဂေါ်လီကိုထည့်လျက် ညာဖက် လက်ခလယ်ကို ဂေါ်လီနောက်သို့ ထိုးထည့်ကာ အားရပါးရ ပစ်ခွဲခြင်းပင် ဖြစ်သည်။

သူခွဲခဲ့သည့် ဂေါ်လီပေါင်းမနည်းတော့ပေ။

ထို့ကြောင့်လည်း သူစိတ်ပူနေခြင်းပင် ဖြစ်သည်။

ထင်သည့်အတိုင်းပင်…

သူ့ဂေါ်လီကွဲခဲ့ပါသည်။

သူ့အစ်ကိုလည်း မျက်နှာတစ်ချက်ပျက်သွားခဲ့သည်ကို သတိထားမိလိုက်သည်။ ကစားဖော်များကတော့ အော်ဟစ်မြူးတူးနေခဲ့ကြလေသည်။ သူ ၀င်ခွဲ၍ တစ်ခြားသူများ ဂေါ်လီကွဲခဲ့တုန်းကလည်း သူသည် ပျော်ရွှင်စွာ အော်ဟစ်နေခဲ့သူ ဖြစ်လေသည်။ သို့သော် သူ့အလှည့်တွင်မူ သူသည် ကြေကွဲနှုတ်ဆိတ်နေခဲ့လေသည်။

ဂေါ်လီကွဲလေးနှစ်ဖက်ကို လက်ထဲတွင် ကိုင်လျက် ပလက်ဖောင်းဘေးတွင် ထိုင်ကာ ဂေါ်လီဆက်ရိုက်နေသူများကို ကြည့်နေခဲ့သည်။

ခဏအကြာတွင်တော့ သူ့အစ်ကို ဂေါ်လီရိုက်နေရာမှ သူ့ဖက်သို့ ထွက်လာခဲ့သည်ကို တွေ့ရသည်။

“ရော့. မင်းဆက်ရိုက်ချင်ရိုက်တော့. ငါ အပေါ်တက်တော့မယ်.”

ပြောပြောဆိုဆို သူ့လက်ထဲသို့ ထည့်သွားသော ဂေါ်လီလုံးလေးကို ဖမ်းဆုပ်ကာ လက်သီးတစ်ချက် ပြင်းပြင်းဆုပ်မိခဲ့သည်။

ထိုနေ့က သူ ဂေါ်လီဆက်ရိုက်ခဲ့သည်။

ဂေါ်ကြီး၏ ဂေါ်လီ မကွဲခဲ့သော်လည်း သူသည် အချက်ပေါင်းများစွာဖြင့် ပြန်လည် ရိုက်ခွဲခဲ့လေသည်။

ထိုနေ့က သူ့အစ်ကိုပေးခဲ့သော ဂေါ်လီထပ်ကွဲခဲ့ပါသည်။

အိမ်ပေါ်ထပ်သို့ သူတက်လာတော့ သူ့အစ်ကိုက သူ့ကို တစ်ခွန်းပြောသည်။

“မုန့်ဖိုးရရင် မနက်ဖြန်ညနေ မောင်ထော်လေးလမ်းမှာ ဂေါ်လီသွားဝယ်မယ်…”

….

“တရားစခန်းဝင်ပါ အမေရာ…”

သူဖျောင်းဖျောင်းဖျဖျ ပြောဆိုသော်လည်း အမေက နားမ၀င်။ အစ်မလုပ်သူက မျက်စောင်းတခဲခဲနှင့် လှမ်းကြည့်နေသည်။

“အေး. အစက ၀င်မလို့ပဲ. ခုတော့ နင့်ကို စိတ်မချလို့ မ၀င်တော့တာ.. သိပြီလား”

အမေ့ထံမှ ထွက်ပေါ်လာသော ခက်ထန်သည့် စကားလုံးများသည် သူ့နှလုံးသားတွင်းသို့ သံရည်ပူများပမာ ဖြတ်စီးဆင်းသွားကြသည်။

“ကျွန်တော်. ဘာမှမလုပ်ပါဘူး. စိတ်ချပါ. အပြင်ထွက်လည်ရုံပါပဲ.”

“ဘယ်သူသိမှာလဲ. ငါတို့က အပြင်သွားမှာ. နင့်အစ်ကိုက ကားမောင်းနေမှာ. နင်တစ်ယောက်တည်းကျန်ခဲ့မှာ. နင့်ရည်းစားနဲ့ နင်နဲ့ ဒီအိမ်ပေါ်မှာ ဖြစ်ချင်သလို ဖြစ်နေမှာပေါ့…”

“ဟာဗျာ.. ဘာတွေလာပြောနေတာလဲ… ဘာမှမဆိုင်တာတွေ ဆွဲထည့်မနေနဲ့!”

ဘာမှ ဆက်လက်ဖြေရှင်းမနေချင်တော့ပါ.

အိမ်ရှေ့ဝရန်တာသို့ ထွက်လျက် ၀ရန်တာလက်ရန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ အသားတို့ တဆတ်ဆတ်တုန်နေမိသလို ခံစားရသည်။ ရင်အစုံသည် လှိုင်းထန်နေခဲ့သည်။

“လူငယ်ပဲဗျာ. လည်ချင်တာလည်စမ်းပါစေ. သူလည်းသွားတော့မှာပဲ ဥစ္စာ. နောက်နှစ်. ဒီကောင်လည်ချင်တာတောင် လည်လို့ရမှာ မဟုတ်တော့ဘူး..”

သူ့အစ်ကိုက သူ့ဖက်မှ ၀င်ပြောသည်။ စိတ်ထဲတွင် ၀မ်းနည်းဝမ်းသာ ဖြစ်မိသည်။ တကယ်တော့ သူသည် အမေ့ကို တရားစခန်း အေးအေးဆေးဆေး ၀င်စေချင်ခဲ့သူသာ ဖြစ်သည်။ သို့သော် အမေသည် သူ့ကို စိတ်မချနိုင် ဖြစ်နေခဲ့သည်။ အစ်မလုပ်သူကလည်း အမေ့ဖက်မှနေ၍ သူ့ကို ဖိပြောသည်။

သူရင်ကွဲရပါသည်။

“နင်က ဘာသိလို့လဲ. ဒီကောင်က ကုတ်ကမြင်း. တစ်ခုခုဖြစ်မသွားဘူးလို့ နင်အာမခံနိုင်လို့လား..”

ဒီစကားလုံးများက သူ့ကို ၀ရန်တာပေါ်မှ ခုန်ချသွားချင်စိတ် ပေါ်လောက်အောင် စိတ်ဆင်းရဲစေခဲ့သည်။

“နေဗျာ. အမေ့ဖာသာ စခန်းဝင်ချင်ဝင် မ၀င်ချင်နေတော့. သူ့ဖာသာ အေးအေးဆေးဆေး နေစမ်းပါစေ. ဘာမှလိုက်ပြီး ၀င်ပါမနေနဲ့. ဒီကောင်လည်း ငယ်တော့တာမဟုတ်ဘူး.”

အစ်ကိုက လူဖြောင့်စိတ်တိုသမား. စကားကို ရှည်ရှည်ဝေးဝေး ပြောမနေတတ်. သူပြောချင်ရာကို ပြောမရလျှင် ရှောင်ဖယ်ထွက်သွားတတ်သည့် ခပ်အေးအေးသမားဖြစ်သည်။

“ဟေ့ကောင်. လာ. ဘာမဟုတ်တာတွေနဲ့ စိတ်ဆင်းရဲမနေနဲ့. မင်းကို ငါလိုက်ပို့မယ်.”

ပုခုံးကို တစ်ချက်ပုတ်ခံလိုက်ရမှ သူလည်း သတိပြန်ဝင်လာခဲ့သည်။ ခြေဖျားလက်ဖျားများ အေးစက်နေသကဲ့သို့ ခံစားရသည်။

အိမ်အောက်ထပ်သို့ ရောက်ပြီး ကားထဲဝင်ထိုင်တော့မှ ပြောဖြစ်သည်။

“Thank you ကွာ. ကားဂိတ်ပဲ လိုက်ပို့တော့. ငါ့ဖာသာ ဆက်စီးသွားလိုက်မယ်.”

“ရပါတယ်ကွာ. ငါလည်းအဲဒီ့ဖက်သွားရမှာပဲ. လူက အဲဒီ့ဖက်မှာ ပိုရှာလို့ရနိုင်တယ်ကွ”

ပြောပြောဆိုဆို တက်စီဆိုင်းဘုတ်လေးကို ကားခေါင်မိုးပေါ်တင်လျက် ကားစက်ကို နှိုးနေသော သူ့အစ်ကိုကို ကျိတ်ပြီး ကျေးဇူးတင်နေမိခဲ့သည်။

သင်္ကြန်တွင်းတွင် ကားခက ခေါင်ခိုက်နေသည်မဟုတ်လား. သူ့တွင် သင်္ကြန်လည်ရန် စုထားသော ပိုက်ဆံက တစ်ထောင်ခန့်မျှသာ ရှိသည်။ ကားခရာကျော်ပေးလိုက်လျှင် သူ့အတွက် ဘာမှ ကျန်မှာ မဟုတ်တော့. သူမမှာလည်း ပိုက်ဆံ သိပ်မရှိသည်ကို သူအသိဆုံး. ပိုဆိုးသည်က သူမထံမှ ပိုက်ဆံဘယ်တော့မှ သူယူမသုံးတတ်ခြင်းပင် ဖြစ်သည်။ ပိုက်ဆံမရှိလျှင် ဒီတိုင်းထိုင်နေမည်။ သင်္ကြန်လည်ဖို့ စဉ်းစားမည်ပင်မဟုတ်.

ယခုလည်း သင်္ကြန်လည်မည်ဆိုသည်က ဗိုလ်ချုပ်ဈေး မဏ္ဍပ်တစ်ဝိုက်၊ အင်းလျားကန်ဘောင် တစ်ဝိုက်၊ မြို့ထဲတစ်ဝိုက် လျှောက်ပတ်ကြည့်ရန်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။ သင်္ကြန်လည်သည့် သူငယ်ချင်းများနှင့် လှည့်ပတ်လိုက်နိုင်အောင်လည်း သူ့တွင် ပိုက်ဆံမရှိခဲ့။ Study Guide လုပ်ပြီး စုဆောင်းထားသော ပိုက်ဆံများကလည်း စာမေးပွဲဖြေရန် မကြာသေးခင်ကမှ အလုံးလိုက်အရင်းလိုက် သုံးလိုက်ရသည်။

ဘာရည်ရွယ်ချက်မှ မရှိခဲ့ပါ။ သင်္ကြန်လျှောက်လည်ရုံသာ ရည်ရွယ်ခဲ့သည်။ သို့သော် သူအထင်လွဲခံရသည်။

ခံပြင်းသည်။ ဒေါသထွက်သည်။ ၀မ်းနည်းသည်။ ခံစားရသည်။

ကားမှန်ပေါ်တွင် ရေများစိုစွတ်နေကြသည်။

သူ့ရင်ဘတ်ထဲတွင်လည်း ၀မ်းနည်းခံပြင်းစိတ်များ နေရာယူထားကြသည်။

လှည်းတန်းမီးပွိုင့်တွင် ကားရပ်လိုက်တော့မှ သတိပြန်ဝင်လာခဲ့သည်။

“ရပြီကွာ. ငါဒီကပဲ လမ်းဆင်းလျှောက်လိုက်တော့မယ်.”

သူ့အစ်ကိုက ဘာမှပြန်မပြောပါ. သူ့ကို ဘေးတိုက်စောင်းကြည့်လျက် တစ်စုံတစ်ခုကို လှမ်းပေးသည်။

“ရော့. သတိထားလည်းသွားဦး. ရန်တွေဘာတွေ ဖြစ်မနေနဲ့ ကြားလား..”

သူ့အစ်ကိုလှမ်းပေးလိုက်သော အရာကို ယူလိုက်တော့ သူအရမ်းငိုချင်သွားခဲ့သည်။

အံကို တစ်ချက်ကြိတ်လျက် မျက်တောင်မြန်မြန်ခတ်ကာ ခေါင်းတစ်ချက် ဆတ်ပြလိုက်ခဲ့သည်။

“ဟိုအစ်ကိုကြီး မရွှဲသေးဘူး. ပက်ဟေ့… ပက်ဟေ့…”

ကလေးငယ်သုံးယောက် ရေခွက်လေးများကိုင်လျက် သူ့ဖက်သို့ပြေးလာခဲ့သည်ကို ပြုံးလျက် ကြည့်နေမိခဲ့သည်။

“ဗွမ်း…”

ရေစိုသွားသော အင်္ကျီကို အသာခါလျက် လမ်းတစ်ဖက်သို့ ကူးလိုက်ခဲ့သည်။

လမ်းတစ်ဖက်ခြမ်းသို့ ရောက်တော့မှ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသော အရာကို ဖြန့်ကြည့်မိသည်။

တစ်ထောင်တန် ငွေစက္ကူသုံးရွက်သည် သူ့မျက်နှာပေါ်တွင် တင်ကျန်နေသော ရေစက်များကို ကျော်လျက် သူ့မျက်ရည်များကို လုယူသွားခဲ့လေသည်….

….

ငယ်စဉ်က အဖြစ်အပျက်ပေါင်းများစွာသည် သူ့ရှေ့တွင် ရုပ်ရှင်ကားတစ်ကားပြနေသကဲ့သို့ တစ်ကွက်ပြီးတစ်ကွက် ထွက်ပေါ်လာနေခဲ့သည်။

အရာရာကို မှတ်တမ်းတင်ရန် သူမကြိုးစားတော့….

အချို့ အဖြစ်အပျက်များသည် ထုတ်ဖော်ပြောလိုက်ရလျှင် ပေါ့သွားတတ်သည်။ ရင်ထဲတွင် သိမ်းထားကာ တမြေ့မြေ့ဖြင့် ပြန်လည် ခံစားနေရသည်က ပိုကောင်းသည်ဟု သူယူဆသည်။

ဘာပဲပြောပြော သူနှင့် သူ့အစ်ကိုကြားတွင် ခိုင်မာသော ညီအစ်ကို သံယောဇဉ်ရှိသည်။

သူ့အခန်းတွင်းတွင်မတော့ သူ့အစ်ကို သိပ်ကြိုက်သည့် သီချင်းတစ်ပုဒ်သည် စည်းချက်မှန်စွာ ထွက်ပေါ်နေခဲ့လေသည်....

အမှတ်တရ ပို့ပေးရန်ရည်ရွယ်ထားသော မွေးနေ့ကတ်ပြားလေးပေါ်တွင် စာတစ်ချို့ရေးခြစ်လိုက်ခဲ့သည်။

မနက်ဖြန် စာတိုက်သွားရန်ရှိသည်...







Thursday, July 03, 2008

ချစ်သန္နိဋ္ဌာန်



ချစ်သူငယ် ဘယ်ဝယ်ရောက်
ကွယ်ပျောက်လေတော့ စိုးလှသည်။ ။

ညစဉ်မှာ တွေ့စမြဲပေမို့
ရှောင်လွှဲကာ ချစ်သူပုန်းလေတော့
ချုံးကျလို့ စိတ်မတည်။ ။

ရင်ခွင်မှာ မသွေအစဉ်ထားလိုငဲ့
သူမမြင်သာ ရွှေဘ၀င်မဲ့သည်ကြောင့်
စူဆောင့်လို့ ရှောင်ပြေးပြီ
ပွေလီတဲ့ စိတ်ထဲ။ ။

မိန်ရာသီ နေခြည်မလင်းခင်ပ
ချိန်ခါမှီ လေပြည်သင်းစေဖို့
မာန်တင်းခါ မှိုင်တွေစောင့်
တောင့်တောင့်ထိုင်ဆဲ။ ။


လေးချိုး .......... ရေခဲငှက်

ကိုယ်နှစ်သက်တဲ့ Site လေးတွေကို ဒီလိုစောင့်ဖတ်မယ်...

အားလုံးပဲ မင်္ဂလာပါ.

ဒီတစ်ခါမျှဝေချင်တာကတော့ ကိုယ့်ရဲ့ သူငယ်ချင်း (သို့မဟုတ်) ကိုယ်အမြဲဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေ၊ ၀က်ဘ်ဆိုက်လေးတွေမှာ ဘာပို့စ်အသစ်တွေတက်ပြီလဲ၊ ဘယ်တုန်းကတင်လိုက်ပြီလဲ ဆိုတာကို စောင့်ကြည့်လို့ရတဲ့ Widget လေးတစ်ခု အကြောင်းပါ.

ဘာလဲဆိုတာ အရင်ဆုံးသိချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘလော့ဂ်ရဲ့ ဆီဘောက်စ်အောက်နားလေးမှာ တင်ထားတဲ့ “Latest News/Posts” ဆိုတာလေးကို ကြည့်လိုက်ပါခင်ဗျာ….

Hack လုပ်ထားတာ မဟုတ်သလို သုံးရတာ ခဲယဉ်းခြင်းလည်း မရှိပါဘူး။ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်. ဘာလို့လဲဆိုတော့ ဒီ widget လေးကို Blogger ကိုယ်တိုင်က လုပ်ပေးထားတာမို့ပါ. ယူသုံးရုံပါပဲ. ဒါပေမယ့် မသိသေးသူတွေ ရှိကောင်းရှိနိုင်တာမို့ ကျွန်တော်က လူသိများအောင် လုပ်ပေးလိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်.

ကဲ. ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါခင်ဗျာ.

Layout>Add a page element ကိုသွားလိုက်ပါ. ဒီလိုလေး ပေါ်လာပါလိမ့်မယ်.



Blog List ဆိုတာလေးကို ရွေးလိုက်ပါ. ဒါမျိုးလေး ထပ်ပေါ်လာပါလိမ့်မယ်.



လက်ကလေးနဲ့ ထောက်ပြထားတဲ့ "Add a blog to your list" ဆိုတာလေးကို ရွေးလိုက်ပါ.



ပေါ်လာတဲ့ ကွက်လပ်ကလေးထဲမှာ ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ရဲ့ URL လင့်ခ်လေးကို ထည့်ပေးလိုက်ရုံပါပဲ.

ဒါဆိုရင် ပြီးပါပြီ. ဟုတ်ကဲ့. အဲသလောက်ကို လွယ်ပါတယ်.

နောက်တစ်ခုသတိထားရမှာကတော့ ကိုယ်က ထည့်ကောင်းကောင်းနဲ့ လင့်ခ်တွေ အများကြီးထည့်နေမိရင် ကိုယ့်ဘလော့ဂ်လေးမှာ ရှုပ်ရှက်ခတ်ကုန်တော့မှာပေါ့. အဲဒီ့တော့ ခုနက Widget လေးမှာပဲ Show ဆိုတဲ့ Drop Down Menu Box လေးကို ဖွင့်ကြည့်လိုက်ပါ. Default ပေးထားတာက All Blogs ပါ. ကျန်တဲ့ ရွေးချယ်စရာ options တွေကတော့ 5 blogs, 10 blogs, 25 blogs တွေပါ. မိမိနှစ်သက်သလို ရွေးချယ်နိုင်ပါတယ်. 5 blogs ကတော့ လုံလောက်ပါတယ်. ကျန်တာတွေကို Show all ခေါက်လိုက်ရင် ပေါ်လာမှာမို့ စိတ်ပူစရာမလိုပါဘူး.



Sort မှာတော့ Alphabetically (အက္ခရာအလိုက်) စဉ်မလား၊ Most Recently Updated (နောက်ဆုံးတင်တဲ့ပို့စ်အလိုက်) စဉ်မလားလို့ မေးထားပါသေးတယ်. Most Recently Updated က ပိုကောင်းပါတယ်. ဒါမှ နောက်ဆုံးတင်လိုက်တဲ့ ပို့စ်လေးတွေကို အလျင်မီအောင် လိုက်ဖတ်လို့ရမှာလေ.

ကဲဗျာ. ဒီတော့ ကျန်တာတွေကို ဥာဏ်ရှိသလို သုံးလို့ရပါတယ်. တစ်ခုတော့ ရှိတယ်နော်. လင့်ခ်ပေးတိုင်း ကောက်ထည့်လို့ရတာမဟုတ်ဘူး. သက်ဆိုင်ရာ ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေမှာ RSS ရှိဖို့လိုပါတယ်. မြန်မာဘလော့ဂ်တွေကတော့ လင့်ခ်လေး ကောက်ထည့်လိုက်ရုံနဲ့ ရပါတယ်. တစ်ခြားသတင်းဘလော့ဂ်တွေ (ဥပမာ. CNN, BBC...etc..) တွေကိုတော့ သူတို့ပေးထားတဲ့ RSS Link လေးကို လိုက်ရှာပြီးမှ ထည့်လို့ အဆင်ပြေပါမယ်. Feedburner နဲ့ RSS တွေ အကြောင်းကို ကျွန်တော်နောက်တစ်ခေါက် အကျယ်ချဲ့ပြီး ထပ်ဆွေးနွေးပေးပါဦးမယ်.

ကဲ. ဘယ်သူတွေ ဘာတွေရေးနေကြတယ်ဆိုတာကို မျက်ခြည်မပြတ် စောင့်ဆိုင်း ဖတ်ရှုလေ့လာနိုင်ကြပါစေဗျား....

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Wednesday, July 02, 2008

အလွမ်းမော်ကွန်း



အိမ်ရှေ့တံခါးကို ဖွင့်ထားခဲ့တယ်.
မင်းကို ဆီးကြိုဖို့အတွက်ပါ.
သံသယတွေ အခန်းထဲကို ပစ်ထည့်ဖို့မဟုတ်ဘူး
ထည့်ချင်လည်းထည့်ပေါ့
ယုံကြည်မှုနဲ့ ရှင်းလို့ရပါတယ်.
အစွဲတစ်ခုနဲ့ ငြင်းနေရင်တော့ ငါလည်း မတတ်နိုင်ဘူး

ငါ့နှလုံးသားကို ဖွင့်ထားခဲ့တယ်.
မောပန်းလာတဲ့မင်း ခိုနားနိုင်ဖို့ပါ
မျက်ရည်တွေ သွန်ချပစ်ခဲ့လို့ရတယ်.
နာကြည်းချက်တွေကို ဖောက်ထုတ်ပစ်ခဲ့လို့ရတယ်.
အပြစ်မယူပါဘူး
မငြူစူပါဘူး.
တစ်ခုပဲ ငါကြောက်နေမိတာ…
သံသယ ဓားချက်တွေ ငါ့နှလုံးအိမ်ကို မွှမ်းခံရမှာကိုပဲ…

တကယ်ဆိုငါဟာ
မင်းနဲ့ငါမဟုတ်သူတစ်ယောက်တို့ရဲ့
ဘ၀ဖြတ်သန်းမှုကို
ဘာမှမဖြစ်သယောင် ဟန်ဆောင်ငေးကြည့်ပြီး
ပြုံးပြနှုတ်ဆက်နေရသူပါ.
မပွင့်ခင်ကတည်းက ညှိုးနွမ်းခဲ့ရတဲ့
ငါ့အချစ်ပန်းတွေကို
မင်းရဲ့ သံသယအက်ဆစ်တွေနဲ့ အပြီးတိုင် မသတ်လိုက်ပါနဲ့တော့နော်
မင်းကို ငါဆက်ချစ်နေချင်သေးတယ်.
ကတိလည်းပေးပါတယ်.
မင်းနဲ့ငါ မခွဲဘူး…
ငါနဲ့မင်း မခွဲဘူး
မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေနဲ့
မင်းကို ငါစောင့်နေမယ်
နောက်နောင် ဘ၀များစွာအထိပေါ့
ငါ့ရဲ့ အသံတွေလည်း တိုးလျအားလျော့ချင်နေပါပြီ.
ဒါပေမယ့် ငါမင်းကို ဆက်ပြောမယ်
မင်းကိုငါ မခွဲဘူး
မင်းလည်း ငါ့ကို မခွဲပါနဲ့ဦးနော်…
ဖြူစင်တဲ့ မေတ္တာတွေနဲ့
နွေမှာ အေးမြ၊ မိုးမှာ လုံခြုံ၊ ဆောင်းမှာ နွေးထွေးစေ့ပါမယ်…
ငါမင်းကို သိပ်ချစ်တယ် ချစ်သူ………


ရေခဲငှက်