Friday, March 16, 2007

အညတရ ဘလော့ခ်ဂါတစ်ယောက်၏ တစ်နေ့တာ…

နယူးယောက်မြို့ရဲ့ ဆောင်းကားကုန်ခဲလှပေစွ...
ဆောင်းကုန်တော့မည်ဟု ထင်ထားခဲ့သည့် သူ့အတွေးတို့ကား Starbuck Coffee ဆိုင်မှ ထွက်လိုက်သည့်ခဏ ကွယ်ပျောက်သွားခဲ့ရသည်..
Lexington လမ်းမကြီးပေါ်တွင် တစ်ဖွဲဖွဲကျနေသော နှင်းပွင့်လေးများက ဒီညတော့ အရိုးကွဲအောင် အေးဦးမည်ဟု ကြေငြာနေသယောင်ယောင်...

NorthFace ကုတ်အင်္ကျီကို ခေါင်းဆောင်းထုတ်ဝတ်လိုက်ရင်း၊ ဇစ်ကို လည်ပင်းအထိရောက်အောင် ဆွဲတင်ကာ အင်္ကျီအိတ်ထဲလက်ထည့်ရင်း လမ်းကို ခပ်သွက်သွက်လျှောက်လိုက်သည်... လမ်းဘေးက ချောင်လေးတစ်ခုမှာတော့ အိမ်ရာမဲ့အဖွားအိုတစ်ဦး စောင်ခပ်နွမ်းနွမ်းလေးခြုံလျက် အိပ်နေရှာသည်။ သူဘယ်လိုမှ စိတ်ထဲမှတင်းထားလို့မရတော့ပါ.

ဘောင်းဘီအိတ်ထဲလက်နှိုက်စမ်းကြည့်လိုက်တော့ ကော်ဖီဆိုင်မှပြန်အမ်းလိုက်သော အကြွေစေ့တစ်ချို့... ဒါပေမယ့် ဘောင်းဘီအိတ်ထဲထည့်ထားသောလက်ကို ပြန်ထုတ်လိုက်ရင်း သူ့လက်ကို NorthFace အင်္ကျီအိတ်အတွင်းဘက်နှိုက်လိုက်သည်။ ပြန်ထုတ်လိုက်တော့ သူ့လက်ထဲမှာ အစိမ်းရောင်ငွေစက္ကူတစ်ချပ်...
သူ့ကို အံ့အားသင့်စွာမော့ကြည့်နေသော အဖွားအို၏မျက်လုံးများအားသူကြာကြာ ရင်ဆိုင်ကြည့်နိုင်စွမ်း မရှိပါ...
အားယူကာပြုံးပြလိုက်ရင်း ဆက်ထွက်လာခဲ့သည်....

သူသည် သူရဲကောင်းတစ်ယောက်တော့မဟုတ်.
သို့သော် ရဲရင့်သင့်သည့်အချိန်တွင်ရဲရင့်၏..
သူသည် ပြည့်စုံကြွယ်ဝနေသူ တစ်ယောက်တော့မဟုတ်.
သို့သော် သူသည် ကြင်နာတတ်သော နှလုံးသားကို မွေးမြူတတ်သူတစ်ဦးဖြစ်သည်..
သူ့တွင်မိတ်ဆွေများများစားစားသိပ်မရှိပါ.
သို့သော် ခင်မိသူတိုင်းကိုတော့ သူကတန်ဖိုးထားဆက်ဆံတတ်သည်…
သူဆိုသည်ကား....


************************

ခင်မင်သူတစ်ချို့က သူ့ကို ဇွဲ ဟုခေါ်ကြသည်..နာမည်ရင်းကတော့ ဇွဲမာန်...နယူးယောက် မှာကျောင်းတက်နေသည်...သချာင်္အထူးပြု တတိယနှစ်ကျောင်းသား.. ဒီနေ့သူ အချိန်ပိုင်းအလုပ်လုပ်ပြီး ပြန်လာခြင်းဖြစ်သည်..အိမ်ကိုပြန်ချင်စိတ်က တားမရအောင်ဖြစ်နေသည်
အဘယ်ကြောင့်နည်း...

မြေအောက်ရထားဘူတာရုံမှအထွက် ဆောင်းလေအေးအေးက သူ့ကို ပွေ့ဖက်ကျီစယ်လေသည်။ သူကား လူသာအအေးခံမည်။ နှလုံးသားတော့ အအေးမခံဝံ့သောကြောင့် ခေါင်းကိုခပ်ငိုက်ငိုက်ထားကာ လည်ပင်းကိုလေမတိုးအောင် ကာကွယ်လိုက်သည်။ ဒီလိုကာကွယ်နေရင်းကပင် သူ့ရဲ့ နှလုံးသားအေးစက်နေခဲ့သည်မှာ ကြာပါပြီ…

အိမ်တံခါးဖွင့်ဖွင့်ချင်း ကုတ်အကျီင်္မချွတ်ခင်ပင် သူ့ရဲ့ Laptop ကို အရင်ဖွင့်လိုက်သည်။ ထို့နောက် password ကိုမြန်မြန်ရိုက်ထည့်။ Windows XP စာတမ်းပေါ်နေစဉ်မှာပင် သူအင်္ကျီမြန်မြန်လဲလိုက်သည်။ ညစာကတော့ အပြင်မှာပဲဒီညစားခဲ့သည်မို့ စိတ်မပူရတော့...

Firefox Browser ကိုဖွင့်ပြီး Myanmar Blogger Forum Website ကိုဝင်၊ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ Blog ကိုဖွင့်ပြီး မည်သူတွေကများ မည်သို့သော Comments လေးများ သူ့ရဲ့ Cbox ထဲမှာရေးခဲ့သလဲဆိုတာကို ခပ်သွက်သွက်ဖတ်လိုက်သည်။ Reply Message လေးများ ပြန်ရိုက်ပြီးသည်နှင့် Blogger Forum Website ကို Tab နှိပ်ပြီး ပြောင်းကြည့်လိုက်သည်…

Wow. So many new messages…
ဘယ်ကစဖတ်ရမည်လဲ စဉ်းစားလိုက်တော့ ထုံးစံအတိုင်းသူတာဝန်ယူရေးသားနေသော ကဗျာ ကော်နာကို အရင် ဖွင့်ဖြစ်သည်။ ကဗျာကော်နာထဲတွင် ကဗျာ အသစ်ကလေးများကို member များက အားတက်သရောရေးထားသည်များကို တွေ့လိုက်ရတော့ သူအရမ်းပျော်သွားသည်။

တစ်ခြားဘယ်မှသွားမဖတ်သေးဘဲ member များရေးထားသော ကဗျာလေးများကိုပြန်စာရေးသည်။ ကြိုးစားပြီး ကာရန်လေးများရှာကာ ကဗျာလေးများကို ဖွဲ့ဆိုနေစဉ်ခဏ၌ ကမ္ဘာကြီးကိုရော၊ သူ့ကိုယ်သူပါ ခေတ္တမေ့လျော့သွားခဲ့သည်…

ထို့နောက် Education Corner ကိုသွားကာ ကျောင်းများအကြောင်း member များမှရေးထားသည်များကို လိုက်ဖတ်ဖြစ်သည်။ member တစ်ချို့က ရုံးမှနေရင်း post လေးများကို ရေးသည်ဖြစ်သည့်အတွက်ကြောင့် အင်္ဂလိပ်လိုသာရိုက်ထားသည်များကို မြန်မာလိုဘာသာပြန်၊ စာကြောင်းလေးများကို အရောင်လေးများထည့်ပြီး ဖတ်ချင်စဖွယ် ပြင်ဆင်ပြီး ခပ်မြန်မြန်ပင် Post Reply Message များရိုက်ထည့်လိုက်သည်…

Ebook Corner တွင်တော့ သူငယ်ချင်းညီအစ်ကိုလိုခင်နေကြသော member တစ်ချို့က Ebook အသစ်များကို ကြိုးစားတင်ထားကြသည်ကိုတွေ့လိုက်ရတော့ သူ့ရင်ထဲမှာ လှိုက်ခနဲ ၀မ်းသာသွားသည်။ တင်ထားသည့် Ebook နာမည်များကို Word ထဲတွင်ရိုက်ထည့်၊ Copy and Paste လုပ်ပြီး Ebook Corner ပထမစာမျက်နှာမှာ စာအုပ်နာမည်များကို update လုပ်၊ Member များကို ကျေးဇူးတင်သည့် message လေးများကို ရိုက်ထည့်ပြီး နောက်တစ်နေရာသွားကြည့်သည်။

News Corner တွင်တော့ member တစ်ယောက်မှ ရွှတ်နောက်နောက်ရေးထားသည်များကို ဖတ်ရင်း ရီလိုက်ရသေးသည်။ Admin ကြီးကို ၀ိုင်းနောက်နေကြသည့် member များထဲတွင် သူလည်း တစ်ဦးအပါအ၀င်ပင်…


ကြည့်ပါဦး. မနေ့က World News Corner ထဲဝင်၍

“Admin ကြီး မကြာမီ မင်္ဂလာဆောင်တော့မည် ဖြစ်ကြောင်း၊ သတို့သမီးမှာ ချယ်လ်ဆီးဘောလုံးကလပ်ပိုင်ရှင် အေဘရာမိုဘစ်ခ်ျ၏ သမီးထွေးလေး မေကလျာပျိုမျစ်ခ်ျ ဖြစ်ကြောင်း…” သူရိုက်ထည့်ခဲ့သည်…

ဟုသူရိုက်ထည့်ခဲ့သည်…

ဒီနေ့ Forum News Corner ထဲ ၀င်ကြည့်လိုက်တော့ member တစ်ယောက်က ဒီလိုရေးထားပြန်သည်...

“Chelsea Club ပိုင်ရှင် အေဘရာမိုဘစ်ခ်ျနှင့် သူ့ဇနီးတရားဝင် ကွာရှင်းပြတ်စဲကြတော့မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ Admin ကြီး၏ မင်္ဂလာဆောင်အား ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း….”

သြော်..ဥာဏ်ရွှင်ပါပေ့ဗျာ…ချစ်စရာကောင်းတဲ့ သူ့ရဲ့ သူငယ်ချင်းတွေ အများကြီးရှိတဲ့ ဒီ Forum မှာ သူပျော်မွေ့တာ တကယ်တော့ အဆန်းမဟုတ်တော့ပြီ…

Lobby ထဲဝင်၍ မြန်မာ ဘလော့ခ်စာအုပ်ထုတ်ဝေရေးအစီအစဉ်မှာ ၀င်ရောက်ဆွေးနွေးထားကြသည်များကို ဖတ်ရင်း သူ၏ အကြံပြုချက်များ၊ တိုက်တွန်းချက်များကို ခပ်သွက်သွက်ရိုက်ထည့်လိုက်သည်…

အခြား Topic များကို လိုက်ဖတ်၊ Reply ပြန်ရင်း နာရီကိုကြည့်လိုက်တော့ ည ၈ နာရီထိုးနေပြီ…
Computer ကို သီချင်းဖွင့်ထားခဲ့ရင်း သွေးပူလေ့ကျင့်ခန်းနည်းနည်းလုပ်လိုက်သည်။ ရေချိုးခန်းထဲက မှန်ကိုကြည့်လိုက်တော့ သူ့ဆံပင်တော်တော်ရှည်နေသည်ကို သတိထားမိလိုက်သည်…

“အင်း ဒီ Weekend ကျမှ ဆံပင်သွားညှပ်ရဦးမယ်..”
Highlight ထည့်ထားသော သူ့ဆံပင် နီညိုရောင်လေးများကို ရှုပ်ယှက်ခက်သွားအောင် ထိုးဖွလိုက်ရင်း ရေချိုးကန်ထဲဆင်းစိမ်လိုက်သည်။
မျက်စိကိုမှိတ်၊ အကြောများကိုလျှော့ပြီး တစ်နေကုန် ပင်ပန်းလာခဲ့သော စိတ်ကို ခေတ္တ အနားပေးလိုက်သည်…
အာရုံထဲတွင်တော့ အဆင်ပြေမှုများနှင့် အဆင်မပြေမှုများကို လင်းလိုက်မှောင်လိုက်နှင့် တွေ့မြင်နေရသည်…


************************

ရေမိုးချိုးပြီးချိန်တွင်မှာတော့ ၈ နာရီခွဲလုချေပြီ။
ကျောပိုးအိတ်ကိုဖွင့်၊ Physics စာအုပ်ကိုကောက်ကိုင်ရင်း ဒီနေ့သင်လိုက်သည့်စာတစ်ချို့ထဲမှ မရှင်းသည့်အချက်များကို ခဏပြန်ဖတ်နေလိုက်သည်။ Formula များကို Flash Card ပေါ်တွင်ချရေး၊ Homework problem များကို တတ်နိုင်သလောက် ကြိုးစားတွက်ချက်ကြည့်ရင်း စိတ်ကို စာထဲခဏနှစ်ထားလိုက်သည်…
ထူးအိမ်သင်၏ “အရိပ်စစ်” သီချင်းက သူ့ရဲ့အခန်းထဲမှာ ဆွေးမြည့်စွာ ထွက်ပေါ်နေသည်…

၁၂ နာရီထိုးခါနီးတွင် သူ့ Alarm Clock က ထမြည်လေတော့သည်…
သြော် Break Time ပေပဲ..
ရေခဲသေတ္တာထဲမှ Coke တစ်ဗူးကို ဖောက်သောက်လိုက်ရင်း Computer ရှေ့ပြန်ထိုင်ဖြစ်သည်။ Ebook အသစ်ကလေးများတင်ရင်း၊ စိတ်ထဲမှာ ရေးချင်လာသော အကြောင်းအရာလေးများကို ချရေးရင်း post အသစ်လေးတွေကို သူဖန်တီးနေခဲ့သည်။
သူငယ်ချင်းများ၏ Blog လေးများကိုလည်း အပြေးအလွှားသွားရောက်ဖတ်ရှုဖြစ်လိုက်သေးသည်…
Blogger Forum ထဲပြန်ဝင်၊ စာပြန်ရေးရင်း သူ့ Gmail ကို ၀င်စစ်ကြည့်သည်။ တစ်ချို့သော Blog reader များက သူ့ဆီကို email များပို့ထားသည်များကို reply ပြန်ရင်း DVB News ကို ဆက်ဖတ်ဖြစ်သည်…

ည ၁ နာရီထိုးပေပြီ.
စာအုပ်ကိုပြန်ဖွင့်ရင်း မနက်ဖြန်အတွက် ဖတ်စရာရှိသည်များကို ဖတ်ကာ အိပ်ယာကိုသပ်သပ်ရပ်ရပ် ပြန့်ပြန့်ပြူးပြူးဖြစ်အောင် ပြင်ဆင်ပြီးသည့်နောက် သူ့ရဲ့တစ်နေ့တာကို နိဂုံးချုပ်လိုက်သည်။


အိပ်ယာဘေးမှ ပြုံးကြည့်နေသော အမေ့ဓာတ်ပုံအားတစ်ချက်ငေးကြည့်ရင်း သူ၏ မျက်ဝန်းတစ်စုံအား ဖြည်းညှင်းစွာအနားပေးလိုက်လေသည်…..
ဧည့်ခန်းထဲမှ နာရီက ၂ နာရီထိုးပြီဖြစ်ကြောင်း တိုးညှင်းစွာဖြင့် သူ့ကို အသိပေးလေသည်…

ကောင်းသောညပါ ကမ္ဘာလောကကြီးရေ…..

3 comments:

Thinzar said...

ဟိုက်ရှားပါး။ စာရေးတော်တော် ကောင်းမှန်း အခုမှသိတယ် .. ကြည့်။ ဆက်ရေး.. ဆက်ရေး.. စာရေးဆရာလုပ်စားလို့ရပြီ။

Anonymous said...

Good writing...

Yan said...

Thanks for your comments!
I become great thanks to your encouragement...
Haha.

:D