Friday, January 30, 2009

ကြိုး


အိပ်မရဘူး
ထွေထူးဆန်းပြား အတွေးများနဲ့
အဝေးက မအတွက် ပူပင်သောကတွေ
ရင်နှင့်မမျှအောင် ခံစားနေရတယ်.
ဘေးကင်းရန်ကွာ
ကျန်းမာရွှင်လန်းစွာနဲ့
မနက်ဖြန်တွေကို ကြိုဆိုနိုင်ပါစေ မ ရယ်...

Y.K.N

ဘလော့ဂ်နာကျ... လေပွသောခါ... (မော်ဒန်တျာချင်း)

ဘလော့ဂ်နာကျ လေပွသောခါ။
ကီးဘုတ်ကိုဆွဲ၊ စိတ်အားကို ခဲကာ။
ရှည်ကြာထိုင်လစ်၊ ပို့စ်အသစ် ထွက်မလာ
မုဒ်ပျောက်စိတ်ထွေ၊ ဝေလေလေ.
ရေသာသောက်၍ အိပ်သည်နှင့်လေး။ ။

ဂူဂယ်လ်ရီဒါ၊ ပို့စ်သစ်တွေ တက်လာ
သူများတကာရေးပုံ၊ နည်းစုံကြည့်ကာ
ငါလည်း ဒီတစ်ခါ၊ အဟုတ်တကယ်ရေးမှာ
လုပ်မယ်တကယ်ဟ၊ အားမာန်ပြ
နွမ်းလျစိတ်လေ၊ ပို့စ်မရချေ
လိပ်ခွေနုံးလျက်၊ ဂျီတော့ခ်မှာချက်
လက်သာညောင်း၍ အိပ်သည်နှင့်လေး။ ။

စာရွက်ပေါ်ဝယ်၊ အသွယ်သွယ်ရေးခါ
သုတရသ၊ နည်းပညာခွဲရာ
ဝမ်းသာအားရ၊ ရေးပြမည်လေ
စိတ်မထွေတမ်း၊ မရမကဖမ်း
ပွဲကြမ်းသည်ကြောင့်၊ မုဒ်ပြန်ပျောက်
စားပွဲပေါ်မှောက်၍ အိပ်သည်နှင့်လေး။ ။
ယူကျူဘ်ဝင်ချက်၊ ပို့စ်သစ်တွက်ရှာ
ဆားချက်မည်ပေါ့၊ စိတ်ဖော့ထားခါ
နားထောင်လေရာ၊ သီချင်းထောင်တစ်ရာ
ခေါင်းတွင်တွင်ကုတ်၊ ပို့စ်ထုတ်မရပါ
စွေ့စွေ့ကယ်ခုန် လူတောင်တုန်
ရှိသမျှ ဘရောက်ဇာ၊ ပိတ်ခါသိမ်းတော့မည်…
ပြီးလျှင် စောင်ခြုံကာ၊ ထွေးခါအိပ်တော့မည်…

(မော်ဒန်တျာချင်း ... ကန်ယို)

Thursday, January 29, 2009

နတ်သျှင်နောင်... (ပြည်လှဖေ)

နတ်သျှင်နောင် - ပြည်လှဖေ

(တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ…
တပ်ဦးဆီ မျှော်လိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ။)၂

သေပေစေ ရင်ကိုမြေကတုတ် မဆုတ်မတွန့် မရွံ့တဲ့သူတွေ…
သတ္တိပြောင် ထောင်ထောင် မောင်းမောင်း သူရဲကောင်းတို့ လက္ခဏာညီပေ…
မြင်းသည်တော်တွေ ခြေသည်တော်တွေ မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာဝေ…
အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်း စစ်စခန်းချရာမြေ။

Chorus:
(တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ယူသလေ…) တိမ်ဦးလေပြေ လွမ်းငွေ့တွေဝေ၊ ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ…
ချစ်တဲ့သူ ဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုတွေ ရေးလို့…
သြော် ကျေးငှက်ကို စေလိုစေ… ဖြေလည်းငယ် ဖြေပြေပါနိုင်ဘဲ စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ….
လွမ်းစာတွေရွှေပေထက်မှာ တင်ရှာပေ…)

ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း၊ မင်းလွင်ဦးနှင့်၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သတ်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်…
ငှက်သွင်ပျံကြွ မတတ်သော…

(ပိတောက်တွေ ရွှေအရည် လူးကြမယ့်အခြေ၊ ပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေေ၀။

ပန်းမျိုးစုံရာသီစုံကုန်ကူးခဲ့ပေါ့လေ၊ ချစ်သူကို ရည်စူး ခူးတဲ့လို့ခြွေ…)၂

ကိုယ်တိုင် လှရာရာ ရွေး… ပန်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နဲ့ မျှော်တဲ့သူ ပူဗျာပွေ တတွေးတွေး ဆွေးရှာရော့မယ်လေ။

ဒီသီချင်းလေးကို ကြိုးစားရှာဖွေပေးတဲ့ မလေးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ....

ပလိစ်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

သီချင်းတောင်းချင်လို့ဗျ.သုံးပုဒ်ပါ.

(၁)
ပြည်လှဖေ ဆိုထားတဲ့ 'နတ်သျှင်နောင်' သီချင်းလေး ဘယ်မှာရနိုင်မလဲ.

သီချင်းအလိုက်လေးက ဒီလိုလေးလေ..

"တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ ယူသလေ... "

youtube မှာ တွေ့မယ်ဆိုရင်လည်း ရပါတယ်. ကျွန်တော် ရှာနေတာ ဘယ်လိုမှမတွေ့တော့လို့ပါ. ဖိုရမ်တွေမှာ ၀င်ရှာတာလည်းစုံပြီ.း(

(၂)
စိန်ခြူးကြာညောင်သီချင်းလေး လိုချင်လို့. ရတနာဦးပြန်ဆိုထားတယ်လို့တော့ သိုးသိုးသဲ့သဲ့ ကြားဖူးတယ်. ဒါပေမယ့် ရှာမရပြန်ဘူး. လှိုင်ထိပ်ခေါင်တင်ကိုယ်တိုင် ဆိုပြထားတာမဟုတ်လည်း ရပါတယ်. ကျေးဇူးပြု၍ပါ....း)

(၃)
လေဘာတီမမြရင်ရဲ့ သီချင်းတစ်ပုဒ်ပဲဗျ. စာသားတစ်ကြောင်းပဲ မှတ်မိတယ်. မန္တလေးမှာနေတုန်းက အငြိမ့်ပွဲတွေမှာ ဆိုပြတာ ကြားဖူးတယ်. ဘာတဲ့..

"ပေတစ်ရာပင် လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်...." ဆိုတာလေ...

း)

အဲဒီ့သီချင်းလေးတွေကို ရှာဖွေပေးနိုင်မယ်ဆိုရင် ရှာပေးနိုင်သူများရဲ့အကြိုက် ပို့စ်တစ်ခုစီ ကျွန်တော် ပြန်ရေးပေးမယ်. ဘယ်လိုသဘောရလဲ. :))))

မျှော်နေမယ်ဗျာ. နော်.

အခုလောလောဆယ် ဈေးဝယ်ထွက်လိုက်ဦးမယ်. တစ်ယောက်တည်းနေထိုင်လှုပ်ရှားနေရတဲ့ လူပျိုနုနုထွတ်ထွတ်လေးတွေရဲ့ ဘ၀ဟာ ဒီလိုပဲဗျာ. အရမ်း စထရပ်စ်များတယ်. နောက်မှတွေ့မယ်ဗျို့.. ဘိုင်...

ခင်မင်လေးစားလျက်
ကန်ယို....

Monday, January 19, 2009

အနှီမှန်မီးအိမ် မီးစာမည်သူဖြည့်မည်ပ...

မင်္ဂလာပါ ဒါယကာ

ဦးဇင်းစာရေးလိုက်ပါတယ်။ ဒါယကာရဲ့ဘလော့မှာပိုစ့်အဖြစ်တင်ပေးစေချင်တာပါ။ အဲဒါကတော့ဦးဇင်းအခုစစ်ကိုင်းတောင်မှာ သင်တန်းတိုးချဲ့ ဖွင့်လှစ်ဖို့ ကိစ္စ အတွက် အခက်အခဲတွေ အဆင်ပြေစေချင်လို့ ပါဒါယကာ။

စစ်ကိုင်းသင်တန်းအတွက် အခုသင်တန်းမှာ လူတွေပါ အခမဲ့သင်ကြားပေးဖို့စီစဉ်နေပါတယ်။ ၂၁.၁၂၀၀၉ ရက်နေ့ကို သင်တန်းဖွင့်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့သင်တန်းမှာက လျှောက်လွှာခေါ်ယူကြည့်လိုက်တော့ လာရောက် လျှောက်ထားသူက ၅၀ ကျော်နေပါတယ်။ ဦးဇင်းလျှောက်လွှာတွေကိုပိတ်လိုက်ရပါတယ်။ စက်အင်အားက ၆ လုံးပဲရှိတော့ စက်အင်အားကနည်းတယ်လေ။ မီးစက်ကလည်းအခုအချိန်အထိအလှူရှင်မပေါ်သေးတော့ ဦးဇင်းတော်တော် ခက်ခဲနေပါတယ်။



ဒါယကာအနေနဲ့ ဘလော့တွေမှာ မီးစက်အလှူရှင်နှင့် ကွန်ပျူတာ အလှူရှင်များရှိပါကဆက်သွယ်နိုင်အောင် ရေးသားပေးစေလိုပါတယ်။ ဓါတ်ပုံတွေလိုအပ်ရင်တော့ဦးဇင်းရဲ့ ဘလော့ www.kovida.multiply.com ကနေ ယူသုံးနိုင်ပါတယ်ဒါယကာ...

ဒါယကာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း အပေါင်းတို့နှင့်ပြည့်စုံ ၍ပညာပါရမီဖြည့်ဆည်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။

အဲဒီ့စာလေးကို ရပြီးတော့ ကျွန်တော် ဘလော့ဂ်တစ်ချို့ လိုက်ကြည့်ဖြစ်တယ်. ဦးဇင်းကို တတ်နိုင်သလောက် ကူညီရေးသားပေးထားကြတာလေးတွေ တွေ့ရတော့ ၀မ်းသာကြည်နူးမိပါတယ်. အဲဒီ့ထဲကမှ ပြည့်ပြည့်စုံစုံ ရေးသားဖြန့်ဝေပေးထားတဲ့ ကိုပီကေရဲ့ ပို့စ်လေးကိုလည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ် ခင်ဗျာ. အားလုံးပဲ ပညာဒါဖြည့်စွမ်းနိုင်ကြပါစေ...

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင်​ ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီ ခေတ်ရဲ့ ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။ မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့ အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမတစ်ဆောင် အနေနဲ့ သီးသန့် လုပ်ထားပြီး ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။ သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံး နဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။

သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့ ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့ သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇) သိန်း လောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့ ကွန်ပြူတာ အလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့ ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။

ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည် တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက် တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့

၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)

၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)

၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့ အုတ်ခင်းပြီး)

၎။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့်
မလာတလှည့်)

၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့ စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)

၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။ သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့ စီမံရပါမည်)

၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)

၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)

လှူဒါန်းလိုသူများ ဆက်သွယ်ရန်

၁။ ဦးကောဝိဒ @mailto: kovida9@gmail.com

၂။ ပီကေ @mailto: pikay@myanmarbloggers.org

၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com

၎။ မျက်လုံး @mailto: thethtoo@gmail.com

၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com

၆။ အရုပ်ကလေး @mailto: idulize@gmail.com

နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်းဘလော့ဂ်မှာ ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။





Wednesday, January 14, 2009

မျဉ်းကွေးတစ်ကြောင်း၏ ဒိုင်ယာရီ...



နှင်းမှုန်တွေ ပြတင်းပေါက်ကို ရိုက်ခတ်လို့
အေးစက်တဲ့ ညနေချမ်းတွေမှာ
ဒိုင်ယာရီစာမျက်နှာတစ်ရွက် မျက်နှာသစ်ခဲ့တယ်..
အိပ်မောကျနေခဲ့တာ ကြာပြီကောလေ...

အိပ်မှုန်စုံဖွား ၀ိုးတ၀ါးဖြစ်နေခဲ့တာ
ငါကိုယ်တိုင်ရဲ့ ချို့ယွင်းမှုတွေကြောင့်ပဲ ဖြစ်မှာပေါ့.
ဒါပေမယ့်လည်း
'လောကကြီးကိုက... မတရားပါဘူး...' ဆိုတဲ့
ဓာတ်ပြားဟောင်းတစ်ချပ်ကို နားထောင်ရတာ
ပိုပြီးတော့ပဲ သက်တောင့်သက်သာ ရှိသလိုလို
အသည်းကွဲနေတဲ့ ၀ီစကီတစ်ခွက်ပါရင် ပိုတောင်ပြည့်စုံလေမလားပဲ..

ဒီလိုနဲ့ ငါ့ဒိုင်ယာရီဟာ နောက်ပြန်လမ်းလျှောက်ခဲ့တယ်.
ဝါကျင်နေတဲ့ အတိတ်ဟောင်းတွေမှာ
မင်နီတွေနဲ့ ရဲဝံ့ခဲ့တယ်.
မင်ပြာတွေနဲ့ အေးချမ်းခဲ့တယ်.
မင်နက်တွေနဲ့ လျှို့ဝှက်ခဲ့တယ်.
မင်ဝါတွေနဲ့ ကြည်နူးခဲ့တယ်.
မင်စိမ်းတွေနဲ့ မာနကြီးခဲ့တယ်.
မင်ရောင်တောက်တောက်တွေနဲ့
ငြိမ်းချမ်းရေးပြတင်းပေါက်ကို ချောင်းကြည့်ခဲ့ဖူးတယ်.
ခက်တော့တာပဲ...
ဟိုစကားလိုပေါ့.
'ငါဟာ ငြိမ်းချမ်းမှုကို ရှာဖွေရင်းနဲ့ ငါ့ငြိမ်းချမ်းမှု ပျောက်ဆုံးခဲ့တယ်'
ဖောင်စီးရင်းပဲ ရေငတ်ရသလိုလို
ထန်းလျက်ကျိုနေကြရတဲ့ ဘ၀တွေ ထန်းလျက်ခဲလို မချိုမြနိုင်သလိုလို
ဘယ်ဟာမဆို ၀ါးမျိုကိုက်ခဲဖို့ အသင့်ပြင်ထားတဲ့ ငါ့ပါးစပ်ပေါက်တွေအတွက်
တစ်ခုခုကတော့ အမြဲလိုနေခဲ့တာပဲ...

ဦးတည်ချက်မတူတဲ့ လူသားနှစ်ဦး
ကိုယ့်အကြောင်းနဲ့ကိုယ်တော့ ထူးနေကြမြဲပေါ့.
ရူးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ရဲ့.
လူတိုင်းစိတ်ထဲမှာတော့
ငါက ထူး မင်းက ရူးပဲလေ...
ဒီလိုနဲ့ပဲ ဆောင်းရာသီဟာ သူ့ဝတ်ရုံလွှာကို သိမ်းခေါက်ခဲ့ပြီ...
စမ်းလျှောက်နေတဲ့ ခြေထောက်တွေ အချင်းချင်း ခလုတ်တိုက်လို့
ဖားပြုတ်ရိုက်တာပါလို့ လက်ညှိုးတွေထိုးနေချိန်
စမ်းချောင်းနံဘေးက မီးဖိုဘေးမှာတော့
ကောင်းဘွိုင်တစ်ယောက် ငါးကင်နဲ့မှောက်နေလေရဲ့...
လောကကြီးကိုက မတရားတာပဲလား
လောကသားတွေကိုက မှောက်မှားနေကြတာပဲလား..
ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းစာသားတွေ
ရာစုနှစ်တစ်ဝက်ကျိုးမှ ငါ့နှလုံးသားကို တံခါးလာခေါက်ကြတယ်.
နောက်တော့ မကျသေးပါဘူး..

ဗျိ...
ဒီလိုနဲ့ စိတ်တိုင်းမကျခဲ့တဲ့ ငါ့စာမျက်နှာတွေ
သမိုင်းဝင်လှေကားထစ်တွေနားမှာ ငိုရှိုက်နေမြဲပေါ့
ရင်ခုန်သံတွေကိုလည်း အလိုမလိုက်ချင်တော့ဘူး
ဖိုရှိုက်နေတဲ့ ဒီနှလုံးသား ဘယ်နေရာက အင်အားတွေ ရနေပါလိမ့်...
တိတ်တဆိတ် ချဉ်းနင်းဝင်ရောက်လာတဲ့ ခြေသံတွေဟာ
မ၀ံ့ရဲခြင်းလေလား. အကောက်ကြံခြင်းလေလား
မှောက်မှားတတ်တဲ့ ငါဆိုတဲ့ လောကသားတစ်ယောက်
အသိခေါက်ခက်အ၀င်နက်နေဆဲပဲ...

ဒီစက်ဝန်းပေါ်မှာ ငါပြေးလွှားနေခဲ့တာ နှစ်တွေ အတော်ကြာပြီ.
ဟောဒီ့အချင်းမျဉ်းကို ဆွဲဆန့်လိုက်ချင်ရဲ့.
မိုးကုပ်စက်ဝိုင်းအထိရောက်အောင်..
ဒီနေရာကိုတော့ ပြန်မလာချင်တော့ဘူး.
တကယ်ဆို ငါဟာ မျဉ်းဖြောင့်တစ်ကြောင်းအယောင်ဆောင်ထားတဲ့
ခပ်ကြီးကြီး မျဉ်းကွေးတစ်ကြောင်းပါပဲလေ..
နောက်တော့လည်း ဒီအခွံတွေအောက်
တိုးဝင်လို့ ကွယ်ပျောက်ရပေဦးမယ်.

ဗျိ...
သွားပေဦးတော့ ဘ၀စာမျက်နှာတစ်ခုရေ...
ငါမင်းကို မလွမ်းဆွတ်တော့ဘူး.
ဖော်မက်ချခံထားခဲ့ရတဲ့ ငါ့ဦးနှောက်တွေကို
နတ်ဒိုးသံပေးပြီး တောချောက်လိုက်ဦးမယ်..
အဲလိုတွေးမိခါမှ အတ္တအမောတွေက ဖောက်လာတတ်ပြန်ရော...

လမ်းသွယ်လေးတစ်ခုထဲ အာရုံစူးစိုက်ကြည့်မှ
လှုပ်ရှားနေတဲ့ ဖြစ်စဉ်တွေ ပိုအသက်ဝင်လာတယ်.
ရုပ်ရှင်ပြနေသလိုပါပဲ
ဖလင်ပြားတွေ၊ ရုပ်သေပြကွက်တွေ အရှိန်အဟုန်နဲ့
တဖျတ်ဖျတ်ပြေးလွှားသွားနေလေရဲ့
ဒါကိုပဲ တဆက်တည်း ဖြစ်သလိုလို
အတွေးအမြင်တွေပိုနေရင်း
ငါ့ဒိုင်ယာရီဟာ အိပ်စက်ဖို့ ခွင့်တောင်းနေခဲ့ပြီ

နှင်းမှုန်တွေကတော့ ရိုက်ခတ်နေမြဲ
ရထားကြီးတစ်စင်းကလည်း ခုတ်မောင်းနေမြဲ
ကြိုးတွေကလည်း အထပ်ထပ်ဖွဲ့ချည်ရစ်နှောင်နေမြဲ
ကဲ...
ဒိုင်ယာရီရေ...
ကောင်းသောညပါ....
မနက်ဖြန်ဆိုရင် မင်းရဲ့ ခေါင်းအုံးအဖြူလေး အ၀ါရောင်ဖြစ်တော့မယ်.
ပူပင်မနေပါနဲ့
အေးချမ်းစွာ အိပ်စက်အနားယူတော့ ဒိုင်ယာရီရေ...
ငါ့အချင်းမျဉ်း စက်ဝန်းအပြင်ဖက် လမ်းလျှောက်ဆန့်ထွက်နိုင်ဖို့
မီးလျှံတွေ အရှိန်ရမယ့်အချိန် ငါစောင့်မျှော်နေတယ်.
ငါမအိပ်သေးဘူး ဒိုင်ယာရီရေ..

သက္ကရာဇ်တွေ အိုမင်းရင့်ရော်လာတာကလွဲလို့
အရာရာဟာ အရင်လိုပါပဲ...
ဂွတ်နိုက် ဒိုင်ယာရီ...

(ရေခဲငှက်)

Photo Credit goes here.

Monday, January 12, 2009

ဘလော့ဂါဗီဇနဲ့ ဟိုဟိုဒီဒီ အကြောင်းအရာများ....

တင်မယ်တင်မယ်နဲ့ မတင်ဖြစ်ခဲ့တဲ့ ကျွန်တော်နဲ့ကိုမျိုးချစ်မြန်မာရဲ့ အင်တာဗျူးလေးပါ. ဒီအင်တာဗျူးမှာ ခုနှစ်သက္ကရာဇ်အမှားတစ်ခုရှိနေပါတယ်.

ကျွန်တော်ဘလော့ဂ်စရေးခဲ့တာ ၂၀၀၆ ဒီဇင်ဘာလို့ ပြောရမယ့်နေရာမှာ ၁၉၉၆ လို့ ပြောမိတယ်ဗျ. (ခရစ်စမတ်မှာ လွမ်းမူးမူးတာ မပြေသေးလို့)

၂၀၀၇ နေရာမှာလည်း ၁၉၉၇ လို့ ပြောမိပြန်တယ်. အဲဒါကတော့ မ ကိုလွမ်းလို့ပါ. :)

စတာပါဗျာ. ဒီအင်တာဗျူးလေးထဲမှာ ကျွန်တော်ဘလော့ဂ် ဘာကြောင့် စရေးဖြစ်တယ်. ဘယ်လိုပုံစံနဲ့ စရေးဖြစ်တယ် အပါအ၀င် လက်ရှိဘလော့ဂ်တွေအပေါ် ကျွန်တော်မြင်မိတဲ့ အရာလေးတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးထားပါတယ်. ဆရာမောင်စူးစမ်းရဲ့ Blogger Instinct ကို ပြန်လည်ချေပထားတာလည်း ပါပါတယ်.

လက်ပ်တော့မိုက်နဲ့ပဲ လှမ်းပြီး ပြောရတာဖြစ်လို့ ကျွန်တော့်အသံကလည်းေ၀၀ါးနေတာကို သည်းညည်းခံပေးကြပါလို့ မေတ္တာရပ်ခံပါတယ်. အပြင်မှာ အသံပိုကောင်းတယ်ဗျ. (မ အသိဆုံးပါ... :) )

ဒီနေရာမှာ သွားရောက်နားဆင်နိုင်ကြပါတယ်ခင်ဗျာ...

အပင်ပန်းခံမေးခွန်းတွေထုတ်ပြီး ဟိုးအဝေးကြီးကနေ အင်တာဗျူးပေးတဲ့ ကိုမျိုးချစ်မြန်မာကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်ခင်ဗျာ...

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

Monday, January 05, 2009

ဟိုတွေးဒီတွေး....

လျှပ်တစ်ပြက်ဂျာနယ်ရဲ့ အွန်လိုင်းဗားရှင်းကို လိုက်ဖတ်ကြည့်နေရင်းက ဒီသတင်းတစ်ပုဒ်လေးကို ဖတ်မိတော့ ဘာရယ်မဟုတ်ဘူး. ကျွန်တော့်ရှေ့က Screen ကြီးကို အကြာကြီးစိုက်ကြည့်နေဖြစ်ခဲ့တယ်. ၂၀၀၉ တောင် ရောက်ခဲ့ပြီပဲ....

မြန်မာဘလော့ဂ်ဂါများ စုစည်းထားတဲ့ 'အနာဂတ်လှိုင်း၏ ဆုံမှတ်များ' စာအုပ်တစ်အုပ် ထွက်ရန် မနှစ်ကတည်းက စီစဉ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စာအုပ်ထဲမှာ မြန်မာဘလော့ဂါတွေ ရေးသားထားကြတဲ့ ...

သုတ၊ ရသ၊ ကဗျာ၊ ခရီးသွားဆောင်းပါး၊ နည်းပညာရပ်ပိုင်းဆိုင်ရာ ဆောင်းပါး၊ လေ့လာဆန်းစစ်ချက် တွေ၊ ခံစားချက်ဝတ္ထုတိုအစရှိတဲ့ စာပေတွေကို ကလောင်ရှင်အသစ်တွေရဲ့ လက်စွမ်းပြမှုနဲ့ အင်တာ နက်ပေါ်မှာ တွေ့ရှိနေပါတယ်။ အင်တာနက် ဘလော့ဂ်တွေပေါ်မှာ မြန်မာစာသားနဲ့ လွယ်လင့်တကူ ရိုက်တင်ပြီး အချင်းချင်းလျင်လျင်မြန်မြန် အချက်အလက်တွေကို လွင့်တင်ပေးနိုင်တဲ့ ကွန်ယက်ကြီးလဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစွမ်းဆောင်နေကြတဲ့ မြန်မာဘလော့ဂ်ဂါတွေ စုစည်းတင်ပြမယ့် စာအုပ်ကို စိတ်ဝင်စားကြသူတွေ အတွက် G-Talk မှာမြန်မာလိုရေးလို့ရအောင် ကနဦးတီထွင်ဖန်တီးပေးထားတဲ့ Alpha Computer မှ ကိုရဲမြတ်သူကို လျှပ်တစ်ပြက်သတင်းဂျာနယ်က တွေ့ဆုံမေး မြန်းခဲ့ရာ-

ဒီစာအုပ်ကို ဘယ်လိုစီစဉ်ဖြစ်ခဲ့တာလဲ

၂ဝဝ၇ စက်တင်ဘာ မတိုင်ခင် ကတည်းကစီစဉ်တာ။ကျွန်တော်တို့ Alpha ဒီစာကိုထုတ်မှာ မဟုတ် ဘူး။ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးတာနဲ့ Promotion လုပ်ပေးရုံ သက်သက်ပါ။ ကျွန်တော်တို့ အပြင် Imforithm-maze က ကိုသောင်းစုငြိမ်းတို့အဖွဲ့လည်းပါတယ်။ ဒီစာအုပ် ပြန်ထုတ်မယ့် အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်သွားတာ။

ဒီစာအုပ်ကို ဘယ်လိုစုစည်းဖြစ်ခဲ့တာလဲ။

ပြောရမယ်ဆိုရင်အရှည်ကြီးဗျ။ အဓိကကတော့ ဘလော့ဂ်ဆိုတာ မီဒီယာပုံစံအသစ်လေ။သူက one to one လည်းမဟုတ်ဘူး။ one to many လဲမဟုတ်ဘူး။ many to many ဗျ။ တစ်ဖွဲ့က လုပ်ရင်း နောက်တစ်ဖွဲ့နဲ့ ပေါင်းဖြစ်။ အဲဒီကနေနောက်အဖွဲ့တွေအဖွဲ့တွေနဲ့လုပ်ကြတာ။

သုံးထားတဲ့ စာမူတိုင်းဟာ စာမူရှင်က လိုလိုလားလားခွင့်ပြုထားတာ တွေလား။


ဒါတွေက သူတို့အချင်းချင်း စီစဉ်ကြတာ။ အရွေးမခံရတဲ့သူတွေကတောင် စိတ်မကောင်းဖြစ်ကြ သေးတယ်။

နိုင်ငံရေးနဲ့ပါတ်သက်တာတွေမပါတော့ နဂိုကတည်းက ပြည်တွင်းမှာ ပုံနှိပ်ဖြန့်ချီဖို့ ရည်ရွယ်ပြီး စုစည်းခဲ့တာလား။

ဟုတ်တယ်၊ပြီးတော့ စာပေစိစစ်ရေးက တရားဝင်ခွင့်ပြုပြီး ပြည်ပကိုပါ ဖြန့်ဖို့စီစဉ်ထားတာ။ ပြည်ပကသူတို့ Blogger တွေ အချင်းချင်းဝယ်လိုအား အုပ်ရေ(၁ဝဝဝ)ကျော် အနည်းဆုံးရှိတယ်။

ဒီစာအုပ်က ဘလော့ဂ်ဂါတွေ အားလုံးမြန်မာပြည်ကလူတွေချည်းပဲလား။

မြန်မာတွေချည်းပဲ။ ကမ္ဘာအရပ်ရပ်ကပါ။

Alpha က ဦးဆောင်ပြီးစုစည်းခဲ့တာလား။ စုစည်းမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို သိပါရစေ။

မဟုတ်ဘူး။ သူတို့အချင်းချင်းလုပ်ကြတာ။ မြန်မာ Content တွေများ လာအောင်လုပ်တဲ့ အလုပ် တွေမို့လို့အားပေးတာပဲရှိတယ်။ Blogger တွေ အချင်းချင်းဦးဆောင်ကြတာပါ။ မန္တလေးဖက်ကဆိုရင် ဇော်မိုးအောင်၊ မောင်လှ၊ရန်ကုန်ဘက်ကညီလင်းဆက်၊ဘာညာ၊ဗလာဂေါက်၊မျက်လုံးတို့ပါကြတယ်။

အခုလိုစုစည်းဖြစ်ဖို့ ဘယ်သူ့စိတ်ကူးလဲ။ဘယ်သူကစပြီး initiate လုပ်တာလဲ။

Blog တွေပေါ်မှာ သူတို့ရေးတဲ့ဟာတွေက နဂိုကတည်းကရှိနေပြီးသား။ တခြား အသက်မွေးဝမ်း ကြောင်းနဲ့ သူ့အလုပ်သူ လုပ်နေကြတဲ့သူတွေ။ သူတို့ ရေးထားတဲ့စာတွေက Taste အသစ်တွေကို ရတယ်။ စာပေလိုင်းထဲကမဟုတ်တဲ့ ဒီပြင့် Field ထဲကလူတစ်ယောက်ရေးထားတဲ့အရသာ၊ Concept ကို ရစေချင်တယ်။

ဒီစာအုပ် ဘယ်တော့ထုတ်ဖြစ်မလဲ။

အခုလောလောဆယ်မှာ ဘယ်သူဦးဆောင်မှန်းမသိတော့ဘူး။ စာအုပ်ကတော့ အဆင်သင့်ရှိနေပြီးသား။

သံလျက်

မူရင်းပို့စ်က ဒီမှာပါ.



Saturday, January 03, 2009

အသံတိတ်မျက်ရည်....

ဇန်န၀ါရီ (၂) ရက်ရဲ့ မနက်ခင်းက ထုံးစံအတိုင်း နှင်းတွေ ဝေနေခဲ့တာပါပဲလေ...

တတီတီနဲ့ အဆက်မပြတ်အော်နေတဲ့ နှိုးစက်ကို အသာအယာလှမ်းပိတ်လိုက်ပြီး ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်တင်လို့ မျက်နှာကျက်ဖြူဖြူကို တည်ငြိမ်စွာ စိုက်ကြည့်နေဖြစ်ခဲ့တယ်...

(၁၇) နှစ်တဲ့....

နှုတ်ခမ်းထောင့်စွန်းမှာ ပြုံးတာလား၊ မဲ့တာလား သူကိုယ်တိုင် မသိလိုက်ရတဲ့ မျဉ်းကွေးလေးတစ်ခု ဖြစ်ထွန်းသွားခဲ့တယ်.

မနေ့တစ်နေ့ကလိုပါပဲ... အရာရာဟာ လတ်ဆတ်ပီပြင် ပြတ်သားအသက်ဝင်နေဆဲ....

...........

လင့်ရိုဗာကားအစိမ်းလေးက အ၀ိုင်းကိုကွေ့နေချိန်မှာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ နို့ဆီဗူးထဲက နို့ဆီတွေ သူ့ပေါင်ပေါ်ကို စောင်းကျသွားခဲ့တယ်.

ဘယ်လိုမှ လှမ်းဖမ်းလို့ မမီနိုင်တော့တာကို သိလိုက်ရတာမို့ သူ့ဘောင်းဘီပေါ်ကို စီးဆင်းသွားတဲ့ နို့ဆီတွေကို ခံစားချက်မဲ့စွာ လိုက်ကြည့်နေလိုက်ခဲ့တယ်.

လဲစရာလည်း ဘာမှ ပါမလာတော့တဲ့အပြင် လဲချင်စိတ်လည်း မရှိတော့တာမို့ နို့ဆီတွေ ပေကျံနေတဲ့ ဘောင်းဘီနဲ့ပဲ လှေကားထစ်တွေပေါ်ကို တက်လာခဲ့တယ်.

တစ်ထပ်..

နှစ်ထပ်..

သုံးထပ်...

အနံ့ခပ်စူးစူးက သူ့နှာခေါင်းဝကို ဆီးကြို နှုတ်ဆက်တယ်. အသက်တစ်ချက် ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လူတွေအုံနေတဲ့ အခန်းလေးတစ်ခန်း ရှိရာဖက်ကို လှမ်းလျှောက်လာခဲ့လိုက်တယ်.

"ပိုက်တွေဖြုတ်လိုက်ပါ ဆရာမ"

အဲလိုပြောပြီး လှည့်ထွက်သွားတဲ့ ကုတ်အင်္ကျီအဖြူရောင်ဝတ်ဆင်ထားတဲ့ ဆရာဝန်တစ်ယောက်ရဲ့ ကျောပြင်ဟာ လမ်းတလျှောက်လုံး သူတင်းလာခဲ့ရတဲ့ အားမာန်တွေကို ရိုက်ချိုးပစ်လိုက်ခဲ့တယ်.

နာ့စ်မလေးကတော့ တာဝန်ဝတ္တရားအရ ခံစားချက်ကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ပဲ လူနာရဲ့ နှာခေါင်းမှာ တပ်ထားတဲ့ ပိုက်တွေကို ဆွဲဖြုတ်နေခဲ့တယ်.

သူမကတော့ မျက်ရည်တွေကို မျက်တောင်တွေကြားထဲမှာ ပုတ်ခတ်သိမ်းဆည်းလိုက်ပြီး ဆွဲခြင်းအ၀ါလေးထဲက လက်သုတ်ပုဝါလေးကို ဆွဲထုတ်လို့ သူ့ပါးစပ်နားမှာ ပေကျံနေတဲ့ ချွဲတစ်ချို့ကို အသာသုတ်ပေးလိုက်တယ်.

နောက်ဖက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ရပ်နေတဲ့ သူတို့ နှစ်ယောက်ကို သူမ တွေ့သွားခဲ့တယ်.

မေးခွန်းတွေ ပြည့်နေတဲ့ သူ့မျက်ဝန်းတွေကို နားလည်လွန်းစွာနဲ့ သူမတစ်ချက် လှမ်းကြည့်လိုက်ပြီး မတုန်အောင် ထိန်းထားတဲ့ အသံနဲ့ ပြောရှာတယ်..

"ဆရာဝန်က အိမ်ကို ပြန်သယ်ခိုင်းလိုက်တာ...."

ဒါပါပဲ... ဒီစကားတစ်ခွန်းကို သူကြားပြီးနောက် အခန်းထဲမှာ ချိတ်ထားတဲ့ နာရီတွေ၊ သူ့လက်ပေါ်မှာ ပတ်ထားတဲ့ နာရီတွေ၊ သူ့ဘေးနားမှာ ကြားနေရတဲ့ စကားသံတွေ... အို.. အရာရာအားလုံး ပကတိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်.

အပေါ်နှုတ်ခမ်းကို မနာ့တနာ ကိုက်ထားပြီး ကုတင်ပေါ်က လူနာကို နှမျောတသလွန်းစွာ ငေးကြည့်နေဖြစ်ခဲ့တယ်.

"အားလုံး အဆင်သင့်ပဲလား"

ဝင်လာတဲ့ လူသုံးယောက်ကို လှမ်းကြည့်ရင်း သူမမေးလိုက်တဲ့ မေးခွန်းက သူ့နားထဲမှာ မကြားတစ်ချက် ကြားတစ်ချက်...

အပြင်မှာ နှင်းတွေ မကျနေခဲ့ဘူး. ဒါပေမယ့် မှုန်ရီေ၀၀ါးနေခဲ့တယ်.

ဆောင်းရာသီမှာ လျှပ်စီးတွေ မလက်ခဲ့ဘူး. ဒါပေမယ့် မိုးကြိုးပစ်သံတစ်ချက် သူကြားလိုက်ရတယ်.

မျက်စိကို ပြန်ဖွင့်ကြည့်လိုက်တော့မှ လူနာကုတင်ရဲ့အောက်က သံဘီးလုံးတွေ တမံသလင်းပေါ်မှာ ပြေးလွှားနေတဲ့ အသံဆိုတာကို သဘောပေါက်လိုက်ရတယ်.

အောက်ထပ်ကို ရောက်ပြီး ကားအစိမ်းလေးရဲ့ နောက်ခန်းထဲကို လူနာကို အသာအယာတင်လို့ ဆေးရုံဝင်းထဲက မောင်းထွက်လာချိန်မှာတော့ ဆေးရုံအ၀နားက ဆိုင်းဘုတ်က သူ့ကို ၀မ်းနည်းစွာနဲ့ နှုတ်ဆက်တယ်.

"စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး"

...................

ဝင်းကြီးထဲကို ၀င်တော့ စိုးရိမ်ပူပန်နေတဲ့ မျက်ဝန်းတွေ၊ သိချင်စိတ်ပြင်းပြနေတဲ့ လူတစ်ချို့တွေက ကားနောက်ကို လိုက်လာကြတယ်.

အိမ်ပေါ်ထပ်မှာ ကုတင်နေရာတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီး သယ်လာခဲ့တဲ့ ပစ္စည်းတွေကို ဖြစ်သလိုပဲ အခန်းထောင့်မှာ စုပုံထားလိုက်တယ်.

စေးကပ်ကပ်ဖြစ်နေတဲ့ ဘောင်းဘီကို အခန်းထဲမှာ ၀င်လဲလိုက်ပြီး အပြင်ကို ပြန်ထွက်လာခဲ့တယ်. အပြင်မှာ လူတွေလည်း အတော်စုံနေပါပြီ...

လူနာကို ကုတင်ပေါ် အသာလှဲတင်လိုက်ပြီး ခုံပုလေးတစ်လုံးကို ဆွဲယူလို့ သူမ ၀င်ထိုင်လိုက်တာကို ပြတင်းပေါက်နားလေးကနေ သူရပ်ကြည့်နေခဲ့တယ်.

မာလကာပင်ကိုင်းကြီးက ပြတင်းပေါက်ထဲကို တိုးဝင်လို့ အခြေအနေကို အကဲခတ်စူးစမ်းနေခဲ့တယ်.

"အောင်နိုင်ထွန်း... ကြေးစည်ထုပေးပါ..."

တံခါးဝနားမှာ ရပ်နေတဲ့ လူငယ်တစ်ယောက်ကို အဲလို လှမ်းပြောပြီး သူမ သူ့ဖက်ကို လှမ်းကြည့်တယ်. မျက်တောင်မခတ်ဘဲ သူမ မျက်ဝန်းတွေကို သူ ပြန်စိုက်ကြည့်နေခဲ့မိတယ်.

မျှော်လင့်ချက်မဲ့နေတဲ့ သူမ မျက်ဝန်းတွေ ပြန်လွှဲဖယ်သွားခဲ့တယ်... သူ့ရင်ထဲမှာလည်း ဆစ်ခနဲ တစ်ချက်နာကျင်သွားခဲ့တယ်.

အိမ်ရှေ့ဖက်ကို မျှော်ကြည့်လိုက်တော့ မေယုဈေးကြီးက ထုံးစံအတိုင်း ရောင်းဝယ်ဖောက်ကားနေမြဲ...

ဈေးဆိုင်ပိုင်ရှင်တွေ၊ ဈေးသူဈေးသားအချို့တွေက ဆိုင်ထိုင်ရင်း၊ ဈေးဝယ်ရင်း သူတို့အိမ်ဖက်ကို လှမ်းလှမ်းကြည့်နေတာကို သူသတိထားမိလိုက်တယ်.

တစ်ယောက်ယောက် ဖွင့်လိုက်တဲ့ တရားခွေသံက ကြည်လင်အေးမြစွာ ထွက်ပေါ်လာတယ်.

"နောင်.... ဝေ.... ဝေ.... ဝေ...... ဝေ..." ဆိုတဲ့ ကြေးစည်သံကလည်း ခပ်မှန်မှန်လေး ရိုက်ခတ်မြည်ဟည်းနေတယ်.

ဘာရယ်မဟုတ်ဘူး. ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့တယ်. ဒါပေမယ့် မတတ်နိုင်ခဲ့ပါဘူး. မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာခဲ့တယ်.

ပြတင်းပေါက်ဖက်ကို ဆတ်ခနဲလှည့်ပြီး စက်မှုလက်မှု ကျောင်းဝင်းကြီးထဲကို လှမ်းကြည့်လိုက်တော့ ကျောင်းသူကျောင်းသားအချို့က သူ့ကို စာနာတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေခဲ့ကြတယ်.

နောက်ပြန်လှည့်ပြီး ကုတင်ပေါ်က လူနာရဲ့ နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အစုံကို စိုက်ကြည့်နေခဲ့လိုက်ပြန်တယ်.

လူနာရင်ဘတ်ပေါ်က တီရှပ် အင်္ကျီအဖြူပေါ်မှာ UNDP ဆိုတဲ့ စာသားကြီးက အပြည့်နေရာယူထားခဲ့တယ်. အဲဒါကို မြင်မှ သူ့မျက်ရည်တစ်ချို့ ကြမ်းပြင်ပေါ်ကို လွင့်စင်ကျကုန်တယ်လို့ သူခံစားမိလိုက်တယ်.

နောက် နောင်... ကျွန်တော်နဲ့အတူ ဆုပေးပွဲတွေကို တက်ရောက်ခွင့် မရှိနိုင်တော့ဘူးပေါ့နော်...

ဟုတ်လား... အဖေ................

ဟုတ်လား..............

ဟုတ်လား... အဖေရယ်.................


......................


...................

"မောင်... ကလေးတွေလည်း ရှင်ပြုပြီးပြီ... ရွာမှာလည်း အလှူဒါနတွေ လုပ်ပြီးပြီ.... သားသမီးတွေအတွက်လည်း မပူနဲ့... အားလုံး အဆင်ပြေတယ်. သွားလိုရာကို ဖြောင့်ဖြောင့်သွားပါနော်..."

"ဘာမှစိတ်မပူနဲ့.. အမာ့ကိုလည်း စိတ်ချပါ. မောင်သွားလိုရာကို ဖြောင့်ဖြောင့်သွားပါနော်. ဘာမှ နောက်ဆံမတင်းနဲ့... အလှူအတန်းတွေလည်း လုပ်ပြီးပြီ......"

ဒီလိုစကားတွေကို ဒီလိုနေရာမှာ ဒီလိုမတုန်ယင်တဲ့ လေသံနဲ့ ဒီလိုပြောနိုင်စွမ်းရှိတဲ့ သူမလို မိန်းမမျိုး၊ သူမလို ဇနီးမယားမျိုး၊ သူမလို အမေမျိုး.... ဘယ်မှာ ရှိမလဲ...........

သူ့မာနတွေ တင်းခနဲ တစ်ချက်ပြန်ဖြစ်သွားခဲ့တယ်. ပါးပြင်ပေါ်က မျက်ရည်တွေကို ညာဖက်လက်နဲ့ ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း သုတ်ပစ်လိုက်တယ်.

ဟုတ်တယ်... အမေတောင် ဒီလိုနေနိုင်မှတော့ သူလည်း အတတ်နိုင်ဆုံး တည်ငြိမ်အောင်နေတတ်ရမယ်...

မနေ့က ဖုန်းပြောဖြစ်ခဲ့တာကို ပြန်စဉ်းစားနေမိခဲ့တယ်.

"မောင်လေး..... အဖေ ဘယ်လိုနေလဲဟင်..."

စိုးရိမ်တကြီးနဲ့ လှမ်းမေးနေတဲ့ အစ်မကြီးရဲ့ အမေးကို အားတင်းပြီး သူပြန်ဖြေလိုက်တယ်.

"အဖေ သက်သာပါတယ်... ဘာမှစိတ်မပူနဲ့... အေးအေးဆေးဆေးလာ..."

မုသားဖြူဆိုတာ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး အသုံးချတတ်ရတယ်ဆိုတာ သူ နုနယ်ငယ်ရွယ်စဉ်ကတည်းက နားလည်အောင် ဘ၀ဆိုတာကြီးက သင်ပေးခဲ့တယ်.

ဘေးမှာ ရပ်နေတဲ့ အစ်ကိုဖြစ်သူကို လှမ်းအကဲခတ်ကြည့်လိုက်တော့ သူ့မျက်နှာကြီးကလည်း ရဲတွတ်နေတာကို တွေ့လိုက်ရတယ်.

အတွေးတွေက အဝေးကို ပြေးသွားလိုက်၊ အနီးကို ပြန်ဝင်လာလိုက်နဲ့ ဘာကိုမှ သူအာရုံစူးစိုက်လို့ မရဘူး ဖြစ်နေခဲ့တယ်...

ခပ်မှန်မှန်လေး ရှူရှိုက်နေတဲ့ အသက်ရှူသံတစ်ချက် ဖြည်းဖြည်းချင်း အားလျော့တိုးညှင်းသွားချိန်မှာ ကောင်းကင်ကြီးက ရုတ်ချည်းညိုမည်းပြိုဆင်းလာသလို သူ့ရင်ထဲမှာ ခံစားလာရတယ်.

အဖေ့နားနားမှာ ကပ်ပြီး ပြောနေတဲ့ အမေ့ရဲ့ စကားသံတွေေ၀၀ါးလုံးထွေးနေသလို သူထင်နေမိတယ်. အမေ့ရဲ့ လက်တစ်ဖက်က အဖေ့ရဲ့ နှာခေါင်းဝနားမှာ အသာလေး သွားစမ်းတယ်.

ရင်ဘတ်ကို အကြာကြီး စိုက်ကြည့်နေတယ်. နောက်တစ်ဖန် သေချာအောင် အဖေ့နှာခေါင်းဝနားမှာ အမေ့လက်ညှိုးလေး သွားစမ်းတယ်.

အားလုံးက ပင့်သက်ဖိုစွာနဲ့ အမေ့ရဲ့ လက်ညှိုးလေးကို ၀ိုင်းပြီး စိုက်ကြည့်နေကြတယ်.

နေလောင်နေတဲ့ အမေ့ရဲ့ လက်ညှိုးလေး လေထဲမှာ တဆတ်ဆတ် တုန်ယင်လာတယ်. ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့သလို အဖေ့ရင်ဘတ်ပေါ်ကို ပြုတ်ကျသွားတယ်.

အမေတစ်ချိန်လုံး တင်းလာတဲ့ သူ့အင်အားတွေကို လျှော့ချလိုက်တာကို သူတွေ့လိုက်ရတယ်.

ကြေးစည်သံလည်း ရပ်တန့်သွားခဲ့ပြီ. တရားသံကတော့ ဆက်လက်ထွက်ပေါ်နေမြဲ..

စကားတတွတ်တွတ်ပြောနေတဲ့ အမေ ငြိမ်ကျသွားတယ်.

ပြီးတော့ အမေ့ခန္ဒာကိုယ်လေး တသိမ့်သိမ့်တုန်လာတယ်.

ပြီးတော့ .... အပေါ်ကို တစ်ချက်မော့ပြီး အမေအသက်အ၀ကြီး ရှူသွင်းလိုက်ခဲ့တယ်.

ပြီးတော့ မှောက်ချလိုက်တယ်.

အဖေ့ရဲ့ ရင်ခွင်ထဲကို...

တင်းနေအောင် ဖက်ထားတယ်...

အဖေ့ရဲ့ အသက်မဲ့နေတဲ့ ကိုယ်ခန္ဒာကို...

အမေဘယ်လိုငိုမလဲ...

အမေဘယ်လိုတိုင်တည်ပြီး ငိုမလဲ..

ဒီနေ့ဒီချိန်ထိ သူ့နားထဲမှာ လတ်ဆတ်စွာ ကြားယောင်နေဆဲ၊ သူ့မျက်ဝန်းတွေထဲမှာ ပြတ်သားစွာ ထင်ကျန်နေဆဲ...

မျက်ရည်ဆိုတာ ထိန်းချုပ်လို့ မရနိုင်တဲ့ အရာတစ်ခုဆိုတာ အဲဒီ့နေ့က သူ ကောင်းကောင်းကြီး သိလိုက်ရတယ်.

သူ့ပါးစပ်က အဖေလို့ တစ်ချက်အော်ပြီး မငိုခဲ့ဘူး.. ဒါပေမယ့် ရင်ဘတ်တွေ တဆတ်ဆတ်တုန်ခါနေပြီး မျက်ဝန်းတွေေ၀၀ါးမှုန်ရီနေခဲ့တာကိုတော့ သူသိနေခဲ့တယ်.

အဖေ့နားမှာ ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ အမေ့ရဲ့ ပုခုံးပေါ်မှာ သူ့လက်ကို တင်ထားခဲ့တယ်.

နာရီကိုလှမ်းကြည့်လိုက်တော့ ၁၀ နာရီ ၅၅ မိနစ်...

အဲဒီ့နေ့က သူငိုခဲ့တယ်....

အားရပါးရငိုခဲ့တယ်.

မျက်ဝန်းတွေနဲ့တင်မကဘူး... ရင်ဘတ်နဲ့... နှလုံးသားနဲ့... ဘ၀မာနနဲ့...

တစ်ရက်ထဲတင် ငိုခဲ့တာမဟုတ်ဘူး.. နှစ်ပေါင်းများစွာ တည်ငြိမ်စွာနဲ့ အသံတိတ်ငိုကြွေးခဲ့တာ...

....

မျက်နှာကျက်ကို စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေ ရုတ်ခြည်းဆိုသလို စိုစွတ်လာခဲ့ကြတယ်...

ရင်ဘတ်ပေါ်မှာတင်ထားတဲ့ လက်တွေက တစ်ဖက်နဲ့တစ်ဖက် တင်းကြပ်နေအောင် ဆုပ်ကိုင်ထားကြတယ်.

မျက်ဝန်းတွေကို အသာပြန်မှိတ်လိုက်ရင်း ၀င်သက်ထွက်သက်ကို မှန်အောင် ပြန်ရှူရှိုက်နေလိုက်ခဲ့တယ်.

တည်ငြိမ်အေးချမ်းတဲ့ ၀င်သက်ထွက်သက်ကို ရတဲ့တခဏမှာ ကုတင်အောက်ကိုဆင်းလို့ သွားပွတ်တံ၊ သွားတိုက်ဆေး၊ တဘက်ကို ဆွဲရင်း ရေချိုးခန်းဖက် လှမ်းထွက်ခဲ့တယ်.

ရေချိုးခန်းထဲကမှန်မှာ ပေါ်နေတဲ့ လူငယ်တစ်ဦးရဲ့ အားမာန်တောက်ပနေတဲ့ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ရင်း အာရုံတွေကို စုစည်းနေခဲ့လိုက်တယ်.

မနက်စာကို ရှိတာလေးနဲ့ အေးချမ်းစွာ စားသောက်၊ အဖေ့အတွက် မေတ္တာပို့ ဘုရားရှိခိုးပြီး အပြင်ကိုထွက်လို့ ဘူတာရုံရှိရာဆီ လှမ်းလျှောက်နေတဲ့ သူ့ကို ဇန်န၀ါရီ (၂) ရက်ရဲ့ ကောင်းကင်က ယုံကြည်ကိုးစားစွာ နှုတ်ခွန်းဆက်သခဲ့တယ်.

လမ်းလျှောက်နေရာက ခေတ္တရပ်၊ ကောင်းကင်ကို မော့ကြည့်ရင်း မျက်ဝန်းတွေကို အသာမှေးမှိတ်၊ အသက်ကို ၀အောင်ရှိုက်သွင်းလိုက်ပြီး အဖေ့ရဲ့ ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်တယ်..

ဂျက်ကက်အင်္ကျီဇစ်ကို ဆွဲပိတ်၊ သိုးမွှေးဦးထုပ်ကိုဆောင်း၊ အင်္ကျီအိတ်ထဲလက်ထည့်လို့ နှင်းတောထဲ တိုးဝင်သွားတဲ့ ဒီခြေလှမ်းတွေ ဘယ်လိုအခက်အခဲကိုမှ မမှု၊ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ မကြောက်ရွံ့၊ ဘယ်လိုကဲ့ရဲ့ပြစ်တင်မှုမျိုးကိုမှ မတုန်လှုပ်ဘဲ ရဲဝံ့ယုံကြည်နေဆဲပဲ အဖေ...

အဖေ ကောင်းရာသုဂတိလားပါစေ.....



Credit: The above picture is used from here.

Thursday, January 01, 2009

Happy Old Year 2008...............

8..........7.............6............5............4............3............2.........1...

Happyyyyyyyyyy Newwwwwwwwww Yearrrrrrrrrrrrrrrr!!!!

ဆိုတဲ့အသံတွေ တစ်လမ်းလုံးညံနေအောင်၊ တစ်မြို့လုံးလျှံနေအောင်၊ တစ်ကမ္ဘာလုံးဝှမ်နေအောင် ကြားနေရတယ်၊ မြင်နေရတယ်၊ ခံစားနေရတယ်၊ တွေးသိနေရတယ်...

အားလုံး ကိုယ်စီကိုယ်ငှ တစ်စုံတစ်ခုကိုတော့ ဆုံးဖြတ်မိကြမှာပဲလေ...

'ဒီနှစ်ကစပြီး ငါ့ကိုယ်ငါ ဘယ်လိုပြောင်းလဲပစ်လိုက်တော့မယ်...'

'ဒီနှစ်မှာ ငါဘယ်လိုလူစားတစ်ယောက်ဖြစ်လာစေရမယ်...'

'ဒီနှစ်မှာ ငါဘာတွေရယူပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်...'

စတဲ့ ပညတ်မတူပေမယ့် ပရမတ္တသဘောတရားအားဖြင့် တူညီနေတဲ့ ဆုံးဖြတ်ချက်အသစ်တွေ၊ စိတ်သစ်တွေနဲ့ လူသစ်တွေ ထွက်လာနေကြတယ်။ စင်မြင့်တွေပေါ်မှာ၊ ရုပ်မြင်သံကြားတွေထဲမှာ၊ လမ်းမကြီးတွေပေါ်မှာ၊ လမ်းကြိုလမ်းကြား လေးတွေထဲမှာ၊ တိုင်းပြည်ကြီးတွေမှာ၊ တိုင်းပြည်ငယ်လေးတွေမှာ၊ မြို့ပြကြီးတွေမှာ၊ ကျေးရွာဇနပုဒ်တွေမှာ အို... ပြည့်လို့လျှံလို့ပေါ့...

ဘာသာရေး ထုံမွှမ်းသူတွေ၊ ကိုင်းရှိုင်းသူတွေကတော့ ဘာသာတရားရဲ့ အရိပ်အာဝါသကို ခိုမှီပြီး သတ္တ၀ါအပေါင်း အေးချမ်းကြည်လင်ကြစေကြောင်း ဆုတောင်းမေတ္တာတွေ အလျှိုအလျှို ပို့သနေကြမယ် ထင်ပါတယ်...

တကယ်တော့ ၂၀၀၉ ဆိုတာ ၂၀၀၈ ရဲ့နောက်မှာ ဧက၀ှစ်ကိန်းတစ်ခု ထပ်တိုးလိုက်ရုံပါပဲ...

မနေ့က ၂၀၀၈၊ ဒီနေ့ ၂၀၀၉ အထွေအထူး ဘာများဖြစ်ပျက်သွားခဲ့မလဲ...

မနေ့ကလိုပဲ ဒီနေ့မနက်ခင်းမှာ ကျွန်တော်တို့ နိုးထလာခဲ့ကြမယ်. မနေ့ကလိုပဲ ဒီနေ့မနက်ခင်းမှာ အထူးထူးအဆန်းဆန်းသော အာရုံသစ်တွေနောက် တကောက်ကောက် ကျွန်တော်တို့ လိုက်ကြမယ်. ဖြားယောင်းကြမယ်. ဖြားယောင်းခံကြမယ်...

ဒီအရှိန်တစ်ခုဟာ တစ်ပတ်ထက် ပိုမခံတတ်ပါဘူး. ပြီးတော့လည်း အရင်လို ဒုံရင်းဒုံရင်း ပိုနေမြဲ ကျားနေမြဲအတိုင်း ဆက်လက်စီးမျောလိုက်ပါနေကြဦးမှာပါပဲလေ...

ဟက်ပီးနယူးရီးယားးးးးးးးးးးးးးးးး လို့ အားလုံးကြားအောင်၊ ရင်ဘတ်တွေပွင့်ထွက်သွားအောင် အားရပါးရ ဟစ်အော်လိုက်တာထက် နာရီလက်တံလေးတစ်ချက် ၁၂ ဂဏန်းပေါ်ကို အရောက်မှာ ၂၀၀၈ ဆိုတဲ့ ဂဏန်းတွဲလေးတစ်ခု ပြက္ခဒိန်စာမျက်နှာပေါ်က လွင့်စင်ကျပျောက်သွားတာကို ကြည့်နေလိုက်ရတာက ပိုပြီးလေးနက်အသက်ဝင်နေစေခဲ့သလိုပဲ...

နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန်ဟာ တကယ်တော့ ပျော်ရွှင်မြူးတူးစရာ ကောင်းလှသလို သံဝေဂရစရာလည်း အတော်ကောင်းပါတယ်.

ကိုယ်နဲ့တစ်နှစ်ပတ်လုံး လက်ပွန်းတတီးနေထိုင်လာခဲ့တဲ့ ၂၀၀၈ ဆိုတဲ့ ပညတ်ချက်လေးတစ်ခု ကိုယ့်ဘ၀ထဲက ထွက်ခွာသွားခဲ့တာကို အနုပညာဆန်ဆန်နဲ့ ကြည့်တတ်ခဲ့မယ်၊ ခံစားတတ်ခဲ့မယ်ဆိုရင်တော့ ကိုယ်သိပ်ချစ်ခဲ့ရတဲ့ အဆွေခင်ပွန်းတစ်ယောက် ကိုယ့်ဘ၀ထဲက အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့သလိုပါပဲ... ခံစားကြေကွဲရစေတယ်.

၂၀၀၉ ကို ကြိုဆိုပါတယ်. ဒါပေမယ့် ကျွန်တော်နဲ့တစ်နှစ်ပတ်လုံး အတူနေထိုင်လာခဲ့တဲ့ ၂၀၀၈ ကိုလည်း သိပ်ကျေးဇူးတင်တယ်.

သစ်လွင်နုပျိုမှုကလွဲလို့ ဘာအမှားအယွင်းမှ မမြင်သေးမရှိသေးတဲ့ နှစ်သစ်တစ်ခုကို ပျော်ရွှင်စွာ ကြိုဆိုနှုတ်ဆက်ဖို့ရာ မခဲယဉ်းလှပါဘူး..

နှစ်ဟောင်းတစ်ခု အိုမင်းရင့်ရော်စွာနဲ့ မျက်လွှာလေးအောက်ချလို့ အဝေးကိုထွက်ခွာသွားခဲ့တာကို တည်ငြိမ်အေးချမ်းစွာ၊ နားလည်ခွင့်လွှတ်တတ်လွန်းစွာနဲ့ ကျွန်တော်တို့ ကိုယ်ချင်းစာသင့်ခဲ့တယ်လို့ မထင်မိဘူးလား မိတ်ဆွေရယ်...

တကယ်တော့ နှစ်ဟောင်းတစ်ခုမှာ အမှားအယွင်းမရှိပါဘူး. ကျွန်တော်တို့ကိုယ်တိုင်မှာသာ အမှားအယွင်းတွေ ရှိနေခဲ့ကြတာပါ. ဒါကိုပဲ ၂၀၀၅ အမှား၊ ၂၀၀၆ အပြစ်၊ ၂၀၀၇ အရှုပ်ထုတ်၊ ၂၀၀၈ အသက်မ၀င်....... ဟော... ၂၀၀၉.... ဒီနှစ်ကတော့ ငါ့နှစ်ပဲလို့ ပြောကြဟောကြရောချနေကြတုန်းပါပဲ.... မကြာခင် ၂၀၁၀ လာဦးမယ်. ၂၀၀၉ ကို ကျွန်တော်တို့ ဒီနေ့လိုပဲ အတ္တနံရံတစ်ခုပေါ်မှာ လွယ်ကူစွာနဲ့ ဖောက်ခွဲမေ့ပျောက်ပစ်လိုက်ကြမှာပါပဲလေ...

ကျွန်တော်ပြန်ပြောပါရစေနော်...

နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန်ဟာ တကယ်တော့ ပျော်ရွှင်မြူးတူးစရာကောင်းလှသလို သံဝေဂရစရာလည်း ကောင်းလှပါတယ်...

နာရီလက်တံလေးကို စိုက်ကြည့်ရင်း ကျွန်တော့်မျက်ဝန်းတွေ တဖြည်းဖြည်းချင်း စိုစွတ်လာခဲ့ကြတယ်...

ကျွန်တော်အရာရာတိုင်းကို တန်ဖိုးမထားနိုင်၊ ဂရုမစိုက်နိုင်ပေမယ့် ကိုယ်နဲ့ပတ်သက်ခဲ့ဖူးတဲ့ ၂၀၀၈ ဆိုတဲ့ နှစ်ဟောင်းလေးတစ်ခုကိုတော့ ခမ်းနားစွာ နှုတ်ဆက်ချင်တယ်...

.....

၂၀၀၈ ဆိုတဲ့ ငါ့ရင်ထဲက နှစ်ဟောင်းလေးရေ...

ဒီနှစ်လိုပဲ မနှစ်ကလည်း ဒီလိုအချိန်မှာ ဒီလိုအေးမြနေခဲ့တယ်. ဒါပေမယ့် ဒီလိုအချိန်မှာ ငါဟာ ကော်ဖီဆိုင်တစ်ခုမှာ ထိုင်နေခဲ့ရင်း ၂၀၀၇ အကြောင်း ပြန်ပြောင်းစဉ်းစားနေခဲ့ဖူးတယ်...

အဲဒီ့တုန်းကတော့ ၂၀၀၈ ဆိုတဲ့ မင်းလေးက ငါ့ကော်ဖီခွက်လေးဘေးနားက တစ်ရှုးစာရွက်လေးပေါ်မှာ အခန့်သားနေရာယူထားခဲ့တာပေါ့...

မင်းမှတ်မိဦးမလား...

မင်းကို ၁၂ ပိုင်း ငါပိုင်းခဲ့တယ်. တစ်ပိုင်းစီကို ၂ ခုစီ ထပ်ပိုင်းရင်း တစ်ရှူးစာရွက်လေးပေါင်းများစွာမှာ မင်းရဲ့ အခက်အလက်တွေကို ငါတပ်ဆင်ခဲ့တယ်...

မင်းဟာ ငါ့အတွက် လန်းဆန်းဝေဆာတဲ့ သစ်ပင်တစ်ပင် ဖြစ်ခဲ့ဖူးတယ်...

မင်းနဲ့အတူ ဒီနှစ်ထဲမှာ ဘယ်လိုဟာတွေကို ဘယ်နည်းဘယ်ပုံနဲ့ ရယူအကောင်အထည်ဖော်လိုက်မယ်လို့ တွေးတောဆုံးဖြတ်နေခဲ့ချိန်မှာ ငါ့မျက်ဝန်းတွေက ကော်ဖီခွက်ထဲက ကော်ဖီရည်တွေလို ညိုသွားလိုက်၊ မျက်နှာကြက်ပေါ်က မီးပွင့်လေးတွေလို လင်းလက်သွားလိုက်၊ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ နှင်းမှုန်တွေထဲက ဓာတ်မီးတိုင်တစ်ခုလိုေ၀၀ါးသွားလိုက် ဖြစ်နေခဲ့ရတယ်...

ဒါပေမယ့် အဆုံးသတ်မှာ မင်းနဲ့ငါ ပျော်ရွှင်စွာ၊ ပြတ်သားစွာ၊ ရဲရင့်စွာ၊ ခိုင်မာစွာ ပေါင်းစပ်နိုင်ခဲ့တယ်...

အပြန် ကားလမ်းမအလယ်တည့်တည့်ကနေ ပိုင်စိုးပိုင်နင်းနဲ့ ယုံကြည်ချက်ပြင်းပြင်း လှမ်းလျှောက်လာတဲ့ ငါ့ခြေလှမ်းတွေကို ငွေနှင်းမှုန်လေးတွေက နမ်းရှိုက်ဂုဏ်ပြုနေခဲ့ကြတယ်...

အဲဒီ့တုန်းကတော့ မင်းဟာ ငါ့ဂျင်းဘောင်းဘီအပြာရောင်လေးရဲ့ နောက်ဖက်ကျကျ အိတ်ကပ်လေးထဲမှာ ငိုက်မြည်းနေခဲ့တာပေါ့...

ဒီလိုနဲ့ပဲ စက္ကန့်ကို မိနစ်စား၊ မိနစ်ကို နာရီစား၊ နာရီကို ရက်စား၊ ရက်ကိုလစား၊ လကို နှစ်စားနဲ့ မင်းရဲ့ ပီပြင်ပြတ်သားခဲ့တဲ့ ပုံရိပ်လွှာတွေ တဖြည်းဖြည်းေ၀၀ါးခဲ့ရတယ်...

မင်းရဲ့ မနက်ခင်းတွေဟာ ငါ့မျက်ဝန်းတွေကို ထုံးစံအတိုင်း လာရောက်နမ်းရှိုက်ရင်း နိုးထနေစေခဲ့ပေမယ့် ငါ့ရဲ့ခြေလှမ်းတွေကတော့ သံပတ်ပေးခံထားခဲ့ရတဲ့ စက်ရုပ်တစ်ကောင်ရဲ့ ခြေထောက်တွေလို စေရာသွား၊ ထားရာနေဖြစ်ခဲ့ရတယ်....

မင်းရဲ့ ၀မ်းနည်းမျက်ဝန်းတွေ၊ ယူကျုံးမရဖြစ်တဲ့ ချိနဲ့အပြုံးတွေကို နိုဝင်ဘာ (၈) ရက်မနက်ခင်း၊ တစ်နည်းအားဖြင့် ငါ့ရဲ့ မွေးနေ့မှာ တစ်ခါတွေ့လိုက်ရတယ်...

အဲဒီ့ကတည်းက ငါသိပ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်...

တကယ်တော့ ငါဟာ လွတ်မြောက်ဖို့ ကြိုးစားရင်း နှောင်အိမ်ထဲ ပြန်ဝင်နေခဲ့မိတဲ့ အကျင့်ပါနေတဲ့ ငှက်ငယ်တစ်ကောင် ဖြစ်နေပါရော့လား....

အဲဒီ့နောက်ပိုင်း ငါ မင်းနဲ့ သိပ်ကိုရင်းရင်းနှီးနှီးနေခဲ့တယ်ဆိုတာ မင်းသိမှာပါ...

မင်းနဲ့အတူ ငါ့ရှေ့ရေးအတွက် တိုင်ပင်တယ်. မင်းနဲ့အတူ လေးနက်တဲ့ ဘ၀ဒဿနတွေအကြောင်း ဆွေးနွေးဖြစ်တယ်. မင်းနဲ့အတူ ချိုမြတဲ့ ဂီတသံစဉ်တွေကို ဖန်တီးမွေးထုတ်ခဲ့တယ်. မင်းနဲ့အတူ ကဗျာချိုချိုလေးတွေ ထိုင်ရေးဖြစ်ခဲ့တယ်...

ငါ သိပ်ဝမ်းနည်းတယ်. မင်းမှာ တစ်လပဲ အချိန်ရှိတော့တယ်ဆိုတာကို သိလိုက်ရချိန်မှာပေါ့...

မသွားပါနဲ့လို့ ငါတားချင်ပေမယ့်လည်း တားနိုင်ခွင့်မှ မရှိခဲ့တာ...

ဒီတော့လည်း နေရသမျှ အချိန်လေးအတွင်းမှာ မင်းအတွက် ငါ အကောင်းဆုံး နေထိုင်ပေးခဲ့တယ်. ဒီဇင်ဘာနှင်းတွေ ဝေနေချိန်မှာ ငါ မင်းရဲ့ မျက်နှာလေးကို စေ့စေ့ကြည့်ရင်း ငါ့နှလုံးသားကို မြင်အောင် ကြိုးစားကြည့်တယ်. ဒါ မင်းအသိ.. ဆောင်းလေလေးတွေ မြူးနေချိန်မှာ ငါ မင်းရဲ့ ရင်ခွင်ထဲမှာ ချမ်းမြေ့ကြည်လင်စွာ အိပ်စက်အနားယူရင်း ငါ့ဘ၀ရဲ့ အမောတွေကို ခေတ္တမျက်ခြည်ပြတ်စေခဲ့တယ်... ဒါလည်း မင်းအသိ...

ခရစ်စမတ်သစ်ပင်လေးတွေ အစီအရီထောင်လို့ ဓမ္မတေးသီချင်းလေးတွေ အေးမြချိုလွင်စွာ ပျံ့လွင့်စီးဝင်နေချိန်မှာ ငါ မင်းအတွက် ဖဲကြိုးအနီလေးတစ်ခု သစ်ပင်လေးတစ်ပင်နားမှာ ချည်ပေးခဲ့ဖူးတယ်. အဲဒါတော့ မင်းသိချင်မှ သိမှာပါ...

မကြာခင် လာတော့မယ့် ၂၀၀၉ ဆိုတဲ့ ဧည့်သည်တော်တစ်ယောက်ကို ကြိုဆိုဖို့ လူတွေ တက်ကြွလှုပ်ရှားနေချိန်၊ အ၀တ်အစားသစ်တွေ၊ ပစ္စည်းပစ္စယအသစ်တွေနဲ့ လူတွေလူတွေ ငေးမောပျော်ပါးနေချိန်မှာ မင်း ဘယ်လောက် အားငယ်လိုက်ရှာမလဲ....

ငါ မင်းအနားမှာ တစ်ချိန်လုံး ရှိနေခဲ့တယ်ဆိုတာ မင်းသိမှာပါ...

အားမငယ်နဲ့ကွာ... ဒါဟာ ဘ၀ပဲ... ဒါဟာ အသစ်အဆန်းကိုမှ ခုံမင်မက်မောလွန်းတတ်ကြတဲ့ လူတွေရဲ့ သဘောသဘာဝတစ်ခုပဲ...

ငါလား...

ငါလည်း လူတစ်ယောက်ပါပဲ...

ငါလည်း အသစ်အဆန်းကို တွယ်တာတတ်တာပဲပေါ့... ဒါပေမယ့် ငါ့အပေါ် ကောင်းခဲ့ဖူးတဲ့ ဘယ်သူကိုမဆိုတော့ ဘယ်နေရာ ဘယ်အခြေပဲ ရောက်နေပါစေ ငါ တန်ဖိုးထားမယ်၊ အလေးတယူပြုမယ်. ရှေ့တန်းတင်မယ်...

မင်း ငါ့အပေါ် ဖေးမကူညီ ရပ်တည်ပေးခဲ့ဖူးတယ်...

ဒါကြောင့် ဒီနေ့ ဒီဇင်ဘာ (၃၁) ရက်ညမှာ ငါ မင်းရဲ့ ဆတ်ဆတ်ခါတုန်ယင်နေတဲ့ နှလုံးသားငယ်လေးကို ယုယစွာ ပိုက်ထွေးထားရင်း မင်းနဲ့အတူ တစ်ညလုံး ရှိနေခဲ့တယ်...

မင်းနဲ့ငါရေးခြစ်ခဲ့တဲ့ အိပ်မက်တွေ မပြီးဆုံးသေးဘူး. ငါ ဆက်လက်သယ်ဆောင်ရင်း အကောင်အထည်ဖော်သွားမယ်.

အခုချိန်မှာ ငါတစ်စုံတစ်ရာကို သိပ်လွမ်းနေခဲ့တယ်...

မင်းနဲ့အတူ ကော်ဖီဆိုင်ထိုင်ခဲ့တုန်းက မျှော်လင့်ကိုးစားတဲ့ မျက်ဝန်းတွေနဲ့ ငါ့ကို မော့ကြည့်အားပေးခဲ့တဲ့ ၂၀၀၈ ဆိုတဲ့ မင်းရဲ့ပုံရိပ်လေးကိုပဲပေါ့...

အရောင်မှေးမှိန်စပြုနေပြီဖြစ်တဲ့ မင်းမျက်ဝန်းလေးတွေကို ငါမြတ်နိုးစွာ နမ်းရှိုက်ပါရစေ...

ငါ မင်းကို လိုက်ပို့မယ်နော်...

အို... မငိုပါနဲ့ကွာ...

ဘယ်သူတွေ ဘယ်လိုပဲ မင်းကို ပစ်ပယ်စမ်းပါစေ... ဘယ်သူတွေ ဘယ်လိုပဲ မင်းကို မေ့လျော့ချင်စမ်းပါစေ... မင်းကို ငါဘယ်လောက်ထိ တန်ဖိုးထားခင်တွယ်တယ်၊ ယုံကြည်လေးစားတယ်၊ ကိုးစားတွယ်တာတယ်ဆိုတာကို မင်း သိထားလိုက်စမ်းပါကွာ...

ဒါဟာ မင်းနဲ့ငါအတွက် တောက်ပလိုက်တဲ့ ကောင်းကင်ဘုံရဲ့ အလင်းတန်းတစ်ခုပဲ...

မင်းမြင်တတ်မယ်လို့ ငါယုံကြည်တယ်...


....
..
.....
..........
...

ခေါင်းလောင်းသံတွေ ဆူညံနေကြပြီ..

ဒါဟာ တစ်ယောက်သောသူကို ကြိုဆိုနှုတ်ဆက်နေတာဖြစ်ပေမယ့် တစ်ယောက်သောသူအတွက်တော့ နှုတ်ဆက်ခွဲခွာဖို့ အချက်ပြနေတာပဲ ဖြစ်တယ်...

ဝမ်းနည်းလိုက်တာကွာ...

ခဏ...

ငါမင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်နမ်းရှိုက်ပါရစေ....

ဒီလှေကားထစ်လေးတွေရဲ့ အဆုံးမှာ မင်းနဲ့ငါ ထာဝရ ဝေးကွာရတော့မယ်နော်...

မင်းနဲ့ခွဲခွာရတော့မှာမို့လို့ ငါသိပ်ဝမ်းနည်းသလို မင်းကြောင့် ငါ့မှာ ဘ၀အသိတရားတွေ တိုးပွားလာခဲ့ရလို့လည်း ငါ သိပ်ဝမ်းသာတယ်...

ဝမ်းနည်းဝမ်းသာမျက်ဝန်းတွေနဲ့ပဲ မင်းရဲ့ မျက်ရည်လေးတွေကို ငါ မြတ်နိုးစွာ ကောက်ယူလိုက်တော့မယ်ကွာ...

နှုတ်ဆက်ပါတယ်နော်....

Happy.... Old.... Year.... 2008!

.....
..
.
.



Credit: The above picture is used from here.