Monday, June 30, 2008

နှောင်ကြိုးမဲ့ရင်ခွင်...

မနက်ကတော့ ဘာရယ်မဟုတ်ဘူး. အပန်းဖြေတဲ့အနေနဲ့ ကြည့်ရင်း ပို့စ်ကောက်တင်လိုက်တာ. နာမည်ကိုလည်း မစဉ်းစားအားတာနဲ့ ဖြစ်သလိုပဲ “မလုပ်ချင်သေးဘူး ;)" ဆိုပြီး ပေးခဲ့တယ်ဗျ. အခုမှပဲ ပြန်ခံစားကြည့်ရင်း လိုက်ဖက်မယ်ထင်တဲ့ နာမည်လေး ပြန်ပြောင်းပေးလိုက်တယ်.

ကိုခင်ဝမ်းအလွမ်းပြေလည်းဖြစ်စေပေါ့ဗျာ...

“နှောင်ကြိုးမဲ့ ရင်ခွင်” လို့ အမည်ပေးလိုက်ပါတယ်.

ဝိရောဓိ ပညတ်ချက်များ...

The Paradoxical Commandments

People are illogical, unreasonable, and self-centered.
Love them anyway.

လူတွေမှာ ယုတ္တိမတန်တဲ့ လုပ်ရပ်တွေ၊
သဘာဝမကျတဲ့ စဉ်းစားတွေးခေါ်ခြင်းတွေ
အတ္တဗဟိုပြုချက်တွေ ရှိနေတတ်ကြတယ်.
ဒါပေမယ့်
မင်း..
လူတွေကို ချစ်မြဲချစ်ပါ၊ လေးစားမြဲလေးစားပါ…

If you do good, people will accuse you of selfish ulterior motives.
Do good anyway.

မင်း…
ကောင်းတာကိုလုပ်ပါ
လူတွေက မင်းကိုစွပ်စွဲလိမ့်မယ်.
ကိုယ့်ဖက်ကိုပဲ ကြည့်တတ်တယ်၊ အတ္တသိပ်ကြီးတယ်လို့ပေါ့
ဒါပေမယ့်
မင်း…
ကောင်းတာကိုပဲ ဆက်လုပ်မြဲလုပ်ပါ…

If you are successful, you will win false friends and true enemies.
Succeed anyway.

မင်း…
အောင်မြင်လာပြီလား
မင်းမှာ မိတ်ဆွေတုတွေနဲ့ ရန်သူစစ်တွေကို ရရှိလာလိမ့်မယ်
ဒါပေမယ့်
မင်း…
အောင်မြင်အောင်သာ ဆက်ကြိုးစားပါ.

The good you do today will be forgotten tomorrow.
Do good anyway.

မင်း ဒီနေ့လုပ်လိုက်တဲ့ ကောင်းတဲ့လုပ်ရပ်တစ်ခုကို
မနက်ဖြန်မှာ သူတို့ မေ့ပစ်လိုက်လိမ့်မယ်
ဒါပေမယ့်
မင်း…
ကောင်းတာကိုသာ ဆက်လုပ်မြဲလုပ်ပါ…

Honesty and frankness make you vulnerable.
Be honest and frank anyway.

မင်းရဲ့ ရိုးသားမှုနဲ့ ပွင့်လင်းမှုတို့က
မင်းကို ပျော့ကွက်တွေအဖြစ် ထိုးနှက်သွားနိုင်တယ်.
ဒါပေမယ့်
မင်း…
ရိုးသားမြဲ ရိုးသားပါ.
ပွင့်လင်းမြဲပွင့်လင်းပါ…

The biggest men and women with the biggest ideas can be shot down by the smallest men and women with the smallest minds.
Think big anyway.

အိပ်မက်ကြီးကြီးမက်တတ်တဲ့ လူတွေကို
စိတ်သဘောထားသေးသိမ်တဲ့ လူတွေက အသရေဖျက် ပြောဆိုပြစ်တင်နိုင်တယ်
ဒါပေမယ့်
မင်း…
အိပ်မက်ကြီးကြီး ဆက်မက်မြဲမက်ပါ…
ဘယ်သူနဲ့မှ မတူအောင် စဉ်းစားတွေးခေါ်ပါ.

People favor underdogs but follow only top dogs.
Fight for a few underdogs anyway.

What you spend years building may be destroyed overnight.
Build anyway.

နှစ်လကြာရှည် ကြိုးစားတည်ဆောက်ခဲ့ရတဲ့ မင်းအိပ်မက်တွေ
ညတွင်းချင်း ဖြိုလှဲ ဖျက်ဆီးခံရလိုက်နိုင်တယ်.
ဒါပေမယ့်
မင်း…
ဆက်လက်တည်ဆောက်မြဲ တည်ဆောက်ပါ…

People really need help but may attack you if you do help them.
Help people anyway.

လူတွေ မင်းရဲ့ အကူအညီလိုအပ်တယ်
ဒါပေမယ့် ကူညီတတ်တဲ့ မင်း ကို ပြန်လည်တိုက်ခိုက်နိုင်တယ်.
ဘာပဲဖြစ်ဖြစ်ပေါ့
လူတွေကို ဆက်လက်ကူညီပါ…

Give the world the best you have and you'll get kicked in the teeth.
Give the world the best you have anyway.

ကမ္ဘာကြီးအတွက် မင်းမှာ ရှိသမျှ အကောင်းဆုံးတွေ ဖြန့်ဝေပေးဆပ်ပါ.
မင်းကို ပြန်လည်တိုက်ခိုက်ခံရတာမျိုး ကြုံတွေ့ရနိုင်တယ်.
ဒါပေမယ့်
မင်း…
အားလုံးအတွက် အကောင်းဆုံးတွေ
ဆက်လက် လုပ်ဆောင်မြဲ လုပ်ဆောင်သွားပါ…

ဒီကဗျာလေးကို Kent M. Keith က ရေးခဲ့တာပါ. ဟားဗတ် တက္ကသိုလ်မှာ တက်နေရင်း အသက် ၁၉ နှစ်အရွယ်မှာ စတင်ရေးသားခဲ့တာဖြစ်ပါတယ်. မူရင်းကဗျာကို ဒီနေရာမှာ ဖတ်ပါ.

ဒီကဗျာလေးကို ကျွန်တော်စတွေ့ခဲ့တာကတော့ မနေနေနိုင်ရဲ့ ဘလော့ဂ်လေးကပါ. ခွန်အားတွေ ပြန်လည်မြှင့်တင်ပေးစေနိုင်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်မို့ မာသာထရီဆာဟာ ကာလကတ္တားမှာ ရှိတဲ့ မိဖမဲ့ ဂေဟာလေးတစ်ခုမှာ ဒီကဗျာလေးကို ချိတ်ဆွဲထားခဲ့ပါတယ်.

အားလုံးပဲ ခံစားသက်ဝင်နိုင်ပါစေခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

Saturday, June 28, 2008

Friday, June 27, 2008

နှုတ်ဆက်ချိန်...

နှုတ်ဆက်ပြီလား ချစ်သူ
ရုတ်တရက်မို့ မမျှော်လင့်ခဲ့မိတာလည်း အမှန်ပါ.
ဝေဒနာဆိုတာကို အကျွမ်းဝင်နေပြီးသားမို့
ထားရစ်ခံခဲ့ရတဲ့ ခံစားချက်ဆိုတာ
ဓားပါးပါးလေးတစ်ချက်
အသည်းမျက်နှာပြင်မှာ မွှမ်းသွားရုံလောက်ပါပဲ.
ဒါပေမယ့်
မင်းရဲ့ အမုန်းတရားတွေကတော့
ငါ့ အသည်းကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့တယ်…
နှုတ်ဆက်ပြီလား ချစ်သူရယ်…
နှုတ်ဆက်ပါ…

သွားတော့မှာလား ချစ်သူ
အရာရာ ကိုယ့်အမှားတွေပဲလို့ ပုံချချင်လည်းပုံချပါ.
စုံကန်ချင်လည်း ကန်ပစ်ပါ.
အမှန်တရားဆိုတာ အတ္တမှာ ဗဟိုပြုတယ်လေ
လူဆိုတာ ကျင်လည်သလို ရှင်သန်နေရပြီး
ရှင်သန်သလို ကျင်လည်နေရတာ
ဘ၀ရဲ့ စိန်ခေါ်သံကို မကြားဖူးသေးတဲ့ မင်း
ရှင်းလင်းစွာ ဘယ်သိနိုင်မှာလဲနော်.
မင်းသိတာ
လက်ကိုလက်ချင်း
ခြေကိုခြေချင်း
ဓားကိုဓားချင်း
အားကိုအားချင်း
ရင်းနှီးတုံ့ပြန်ဖို့ပဲလေ
ကိုယ်ဟာ မင်းအတွက်
မပြတ်သားတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ခဲ့ရပြီလား
စကားတွေလည်းကုန်အောင်ပြောခဲ့မှတော့
အားလျော့နေတဲ့ ငါ့ဖြေရှင်းချက်တွေ ၀င်မတိုးနိုင်တော့ပါဘူး
သွားပါချစ်သူရယ်
သွားတော့နော်….

မခေါ်တော့ဘူးလား ချစ်သူ…
မျှော်နေမှန်းသိလို့ လွမ်းကျန်ရစ်အောင် အနိုင်ကျင့်တာလား
ဒီအသံလေးမကြားရရင် ငါဘယ်လိုမှိုင်နေမယ်.
ဒီမျက်နှာလေးမမြင်ရရင် ငါဘယ်လို တွေဝေနေမယ်.
ဒီရယ်သံလေးနဲ့ မရင်းနှီးရတော့ရင် ငါဘယ်လို ခြောက်ခြားနေမယ်.
အို…
မသိချင်တော့ဘူးတဲ့လား.
မခေါ်တော့ဘူးလား ချစ်သူ…
မခေါ်ပါနဲ့တော့နော်…

မနက်ဖြန်မှာ
နေသာနိုင်တယ်
မိုးရွာနိုင်တယ်
နှင်းကျနိုင်တယ်
လေထန်နိုင်တယ်.
ရာသီချိန်မှာ ရာသီအဖြစ်အပျက်တွေ ဖြစ်ပျက်နေနိုင်ပေမယ့်
ငါ့ရင်ထဲမှာတော့
မင်းအတွက်
အလွမ်းရွက်ဝါတွေ
ထာဝရ ကြွေနေဆဲပါ
အချစ်မိုးတွေ
ထာဝရ စွေနေဆဲပါ
မေတ္တာနှင်းစက်တွေ
ထာဝရ ဝေနေဆဲပါလေ…

မင်းထားရစ်ခဲ့တဲ့ အလွမ်းတွေ
ငါ့ကိုကြမ်းတမ်းစွာ ဆုတ်ဖြဲပါစေ…
မင်းချန်ရစ်ခဲ့တဲ့ အနမ်းတွေ
ငါ့ကို ချိနဲ့အောင် လှောင်ရယ်နေပါစေ
ဘာပဲဖြစ်ဖြစ်ပေါ့
မနက်ဖြန်မှာ ငါနိုးထနိုင်ဖို့အတွက်
ခံစားချက်တွေကို ဒီညမှာ
ချွေးသိပ်လိုက်ဦးမယ်ချစ်သူ…

မိုးစက်တွေ ပြတင်းပေါက်ကို လာမှန်နေတယ်.
လွမ်းလိုက်တာ…
နေခြည်မဖြာနိုင်တော့တဲ့
ကတ္တီပါလမ်းခွဲမှာ
တွဲလက်တွေ ဖြုတ်ခဲ့ကြပြီနော်
အပြီးတိုင် နှုတ်ဆက်ချိန်မှာ
နာကြင်စွာအားယူလို့
စကားတစ်ခွန်းတော့ ပြောခွင့်ပြုပါ
“ငါ မင်းကို သတိရနေမယ်…..”

အားနာမိတာမှား.... မှား... မှား....

အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

“ဟေ့လူ. နေကောင်းလား…”

ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.

“ကောင်းပါတယ်. ကျေးဇူး”

အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

“ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.”

ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….

စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။

“ခင်ဗျားလိုပဲပေါ့ဗျာ.”

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

“ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား”

ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

“မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..”

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

“နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့….”

Acknowledgement:

သူငယ်ချင်းတစ်ဦးပေးပို့သော အီးမေးလ်ကို အဆင်ပြေအောင် ပြန်ရေးထားခြင်း ဖြစ်ပါသည်။

Wednesday, June 25, 2008

ဧ၀ံမေသုတံ - အလုပ်နှင့်စိတ်ဓာတ်

စိတ်ကိုချောင်ပိတ်မထားပါနဲ့။ တစ်ခုလုပ်လို့ မဖြစ်ရင် ဘာမှလုပ်လို့ မဖြစ်ဘူးလို့ မပြောပါနဲ့။ ဘာတွေလုပ်လို့ဖြစ်သလဲ ဆိုတာကို မေးပြီး ဖြစ်နိုင်တာတွေကို များများစဉ်းစားပါ။ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် လုပ်လို့ဖြစ်တာ ရှိပါတယ်။ သူများတွေ လုပ်လို့ မဖြစ်ဘူးဆိုပြီး ဘာမှ မလုပ်တဲ့ အချိန်မှာ လုပ်လို့ဖြစ်တာကို လုပ်နေတဲ့သူက အောင်မြင်တယ်၊ ကြီးပွားတယ်။ ဥာဏ်ကိုသုံးပြီး ဘ၀ကို တီထွင်နေတဲ့သူဟာ ဘာမှ လုပ်လို့ မဖြစ်ဘူးလို့ ဘယ်တော့မှ မတွေးဘူး။

(နှာ-၃၆၄၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော်ဦးဇောတိက)

ကိုယ်လုပ်ချင်တာချည်းပဲ အမြဲတမ်းလုပ်ရတဲ့လူ ဆိုတာကတော့ မရှိလောက်ပါဘူး။ လူတော်တော်များများဟာ အခြေအနေအရ ကိုယ့်ရဲ့ အရည်အချင်း၊ ကိုယ့်ရဲ့ အချိန်ကို ရောင်းရတယ်။ အလုပ်လုပ်တယ် ဆိုတာ အမှန်တော့ အရည်အချင်းနဲ့ အချိန်ကို ရောင်းတာပဲ။ သို့သော် ကိုယ်ပိုင်အချိန်နဲ့ ကိုယ့်ဟာကိုယ် လုပ်ချင်တာတွေ လုပ်ဖို့အတွက် လွတ်လပ်မှု ရှိရမယ်။ အဲဒါမရှိရင်လည်း ဘ၀မရှိတော့ဘူး။

(နှာ-၃၆၆၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော်ဦးဇောတိက)

အလုပ်ကနေ ပိုက်ဆံပဲရတယ်၊ တစ်ခြားဘာမှ ကျေနပ်မှု မရဘူးဆိုရင် အဲဒီ့လူဟာ အလုပ်ကြောင့် စိတ်ထိခိုက်မှု၊ ကိုယ်ထိခိုက်မှု ဖြစ်တယ်။
ကိုယ့်ဘ၀နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်က ဘာလဲ။ ကိုယ်တကယ် စိတ်အေးချမ်းမှု၊ စိတ်ကြည်လင်မှု၊ စိတ်ချမ်းသာမှုကို ရမယ့် အလုပ်မျိုးဟာ ဘာလဲ။ ကိုယ့်အရည်အချင်းတွေကို အများဆုံးထွက်လာအောင် ထုတ်ဖော်ပြီး အသုံးချရမယ့် အလုပ်မျိုးဟာ ဘယ်လို အလုပ်မျိုးလဲ ဆိုတာကို သိပြီးတော့ ကိုယ့်အရည်အချင်းတွေကို အများဆုံးသုံးနိုင်မယ့် အခြေအနေမျိုးကို နေ့တိုင်း ပြုစုပျိုးထောင်သွားဖို့လိုတယ်။

(နှာ-၃၇၃၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော်ဦးဇောတိက)

ဧ၀ံမေသုတံ၊ ကျွန်ုပ်သည် ဤကဲ့သို့ ကြားနာမှတ်သားလိုက်ရလေ၏......

ကံဆိုးသူ မောင်ရှင်သို့ တမ်းတမိခိုက်....

ငယ်ငယ်တုန်းက ဦးရှင်ကြီးကပ်ပြီဆိုရင် ကျွန်တော်အရမ်းပျော်တယ်ဗျ. မုန့်ဆမ်းစားရလို့လေ. ဟတ်ဟတ်.

စားလို့လည်းကောင်းသားနော်. အိမ်နီးချင်းတွေက လာဝေပါတယ်. ဦးရှင်ကြီးကပ်လို့ပါ ဘလာဘလာဘလာပေါ့.

ကျွန်တော်ကတော့ ဘာမှမသိဘူး. မနက်ခင်း မိုးလင်းလို့ မျက်နှာသစ်သွားတိုက်ပြီး အမေ့ကို ပြေးဖက်လို့ ဘာရှိလဲ မေးရင် အမေက ဦးရှင်ကြီးပွဲကိုပဲ မေးငေါ့ပြပါတော့တယ်.

ပြီးတော့ အမေ့ကို မေးပါသေးတယ်. ဦးရှင်ကြီးဆိုတာ ဘယ်သူလဲလို့.... မုန့်ဆမ်းနဲ့ ဘယ်လိုပတ်သက်တာလဲလို့ပေါ့...

မားသားကြီးက ဦးရှင်ကြီးဆိုတာ စောင်းတီးသိပ်ကောင်းတာ. ရေလမ်းခရီးနဲ့သွားရင်း မိန်းမလှကျွန်းနားအရောက် လှေသူကြီးလည်း ခဏနားဖို့ ဆုံးဖြတ်သတဲ့. Break time လေးမှာ မောင်ရှင်လည်း စောင်းတော်ကိုဆွဲလို့ အပျင်းပြေ လက်စွမ်းပြခိုက် မိန်းမလှကျွန်းရဲ့ အရှင်သခင် မယ်ခနဲ့ မယ်လှတို့ ဥစ္စာစောင့်မလေးနှစ်ယောက် ကြားမိသတဲ့.

သူစောင်းတီးတာကို ဥစ္စာစောင့်မလေးတွေက ကြားပြီး နှစ်သက်လို့ မပြန်နိုင်အောင်လှေကြီးကို ၀ိုင်းဆွဲထားတာပေါ့. အဲဒါနဲ့ပဲ လှေသူကြီးလည်း something တော့ wrong ပြီ ဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်ပါလေရော. အဲ. ဆောရီး မဲခွဲရောပေါ့ဗျာ.

တိုက်တိုက်ဆိုင်ဆိုင် ၃ ချီ ၃ ခါလုံး စောင်းသမားလေး မောင်ရှင်ပဲ မဲပေါက်ပါသတဲ့. (ဒါကြောင့်လည်း တစ်ခုခုကံမကောင်းရင် “ကံဆိုးသူ မောင်ရှင်” ဆိုတဲ့ အသုံးအနှုန်းလေးနဲ့ ခိုင်းနှိုင်းပြောတတ်ကြတာလေ) နောက်ဆုံးတော့ စောင်းသမားလေး မောင်ရှင်ကို ကြိုးနဲ့တုပ်ပြီး ရေထဲကို ပစ်ချလိုက်ရာက ဦးရှင်ကြီးနတ်ဆိုတာ ဖြစ်လာပါရောတဲ့...

ရေလမ်းခရီးသွားသူတိုင်း ဦးရှင်ကြီးကို ကိုးကွယ်ဆည်းကပ်တတ်ကြတယ်လို့လည်း မားသားကြီးက ထပ်မံဖြည့်စွက် ပြောလိုက်ပါသေးတယ်. မုန့်ဆမ်းဘာလို့ ကျွေးလဲဆိုတာကိုတော့ သူလည်း မသိပါ. ကျွန်တော်လည်း ဘယ်သူ့ကိုမှ မေးလို့ မရခဲ့ပါ. သိသူများ ရှိရင် ပြောပေးပါဦး...

အံမယ်. ရပ်ကွက်ထဲမှာ ဦးရှင်ကြီးတင်ချိန်ရောက်ရင် ဦးရှင်ကြီး တင်ပေးသူဆိုတာကလည်း လာဘ်လာဘ ကောင်းသားကလား. ဟိုက လာပါဦးခေါ်လိုက်၊ ဒီက ကြွပါဦးခေါ်လိုက်နဲ့ ပါးစပ်ကို မလည်ဘူး. (ဟုတ်တယ်လေ. သူက ပါးစပ်ကနေ ရွတ်ပေးရတာဆိုတော့ ပါးစပ်မလည်ဘူးပေါ့.)

ဟိုးငယ်ငယ်တုန်းက ဦးရှင်ကြီးရုပ်ရှင် တီဗွီကလွှင့်တာ ကြည့်ဖူးတယ်. ပြည်လှဖေ သရုပ်ဆောင်တာပေါ့. ဥစ္စာစောင့်မလေးတွေကိုလည်း ပီပြင်အောင် ရိုက်ထားပါတယ်. ပြိုးပြိုးပျက်ပျက် မင်းသမီးဝတ်စုံလေးတွေ ၀တ်လို့ လေထဲမှာ လွင့်နေပြီး ပြည်လှဖေ စောင်းတီးနေတာကို ၀ိုင်းကြီးပတ်ပတ် လှည့်ကနေကြတာ. ကျွန်တော်တောင် ကြည့်နေရင်း ကြက်သီးထတယ်. တကယ် တကယ်..

ကြည့်ဦးလေ. ဒါရိုက်တာကလည်း ဥစ္စာစောင့်မလေးတွေကို ပိုပြီးတော့ တူအောင် မျက်နှာနား အနီးကပ် ဆွဲရိုက်လိုက်၊ ရွှီးခနဲ အဝေးကို ထွက်သွားပုံကို ပြလိုက်၊ “ဟင်းဟင်းဟင်း” လို့ ရီသလို မောသလို လုပ်ပြလိုက်နဲ့ ကျွန်တော် ကြောက်တာပေါ့. အဲဒီ့ကတည်းက ကျွန်တော်လည်း သူများတွေကို လှန့်ချင် ခြောက်ချင်ရင် “ဟင်းဟင်းဟင်း” လို့ ရီတတ်လာရောဗျာ. ဟင်းဟင်းဟင်း....

နောက်ပိုင်းကျတော့လည်း ဘဘကြီး ဦးနေ၀င်းက ရှေးကားတွေ၊ ဥစ္စာစောင့်တွေ၊ သရဲတစ္ဆေကားတွေဟာ ရဲစွမ်းသတ္တိကို ယိုယွင်းပျက်ပြားစေတယ် ဆိုပြီး သကာလ ဆင်ဆာပိတ်လိုက်တာနဲ့ ဘယ်သူ့ဘယ်သူမှ မကြည့်ရတော့ပါဘူး. မြန်မာ့အသံမှာ အဲဒီ့ကားတွေ ရှိရင်တောင် ကံကောင်း.

ကဲပါလေ. လိုရင်းပြောရရင်တော့ ကျွန်တော်တစ်ယောက် youtube ကို ထုံးစံအတိုင်း မွှေနေခဲ့ရင်းက စောင်းသမားလေး မောင်ရှင်ဆိုတဲ့ အကြောင်း ဆိုထားတာလေး တွေ့တာနဲ့ ဒီပို့စ်လေး ရေးဖြစ်သွားတယ်ဗျ.

တဆက်တည်း စာဖတ်သူတွေကိုပဲ ဆက်မေးရဦးမယ်ဗျာ. ပုန်းမကြည်နတ်ဆိုတာရော ကြားဖူးလား. သူ့ရဲ့ ဘက်ဂရောင်း နည်းနည်းလောက်သိရင် ဝေမျှပေးပါဦး. လောလောဆယ်တော့ ခေတ်သစ် မော်ဒယ်လ်ဂဲလ် ဥစ္စာစောင့်မလေးတွေနဲ့ စောင်းသမားလေး မောင်ရှင်ကို ရှုစားတော်မှုလိုက်ပါဦးဗျာ.... အဆိုတော်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေ ဆိုတတ်တဲ့ သျှန်ထွဏ်း(မြန်မာစာ) ပါခင်ဗျာ.

စစချင်း တီးလုံးက ကောင်းတယ်. နတ်ဒိုးသံနဲ့တူတယ်. ကျွန်တော်တောင် ပုဆိုးစွန်တောင်ဆွဲပြီး ထကချင်စိတ်ပေါ်လာလို့ အိမ်နေရင်း ၀တ်တဲ့ Prada Short Pant နဲ့ လဲဝတ်ထားရတယ်ဗျာ. ဟတ်ဟတ်ဟတ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

ရန်အောင်

Monday, June 23, 2008

ပျော်ရွှင်ပါစေ တနင်္လာ....

"ရွှေစေတီ ထံတော်ပါးမှာကွယ်
နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ်
ရေမြေခြား နေကြပေမယ့်
မေ့ပါဘူး သက်လယ်
မတတ်သာ ဒီဘ၀မှာ ခပ်ခွာခွာ နေကြရတယ်...."

ကျွန်တော်ငယ်စဉ်က ကြားဖူးနေခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့ဗျာ.

အဖေ့ကိုမေးတယ်. အဲဒါ ဘယ်သူ့အသံလဲလို့

မြန်မာပြည်သိန်းတန်တဲ့...

ကျွန်တော် တော်တော်ငယ်ပါသေးတယ်. ဒါပေမယ့် ကျွန်တော်တစ်ယောက် ကံကောင်းခဲ့တာပဲလားမသိ. မြန်မာသံစဉ်သီချင်းတွေကို စွဲစွဲမြဲမြဲ နှစ်နှစ်ခြိုက်ခြိုက် နားထောင်တတ်တဲ့ လူကြီးတွေကြားထဲမှာ ကြီးပြင်းခဲ့ရတယ်. ဒါကြောင့် မြန်မာသံစဉ် သီချင်းတွေကို ကျွန်တော် နှစ်သက်တယ်. မြတ်နိုးတယ်. တန်ဖိုးထားတယ်.

ဒေါ်မာမာအေးရဲ့ “မောင့်အချစ်မြှားစူး”့ ၊ “ချစ်သူ့နယ်မြေ” ၊ “နှင်းပျောက်တဲ့နွေ” ၊ “ပိတောက်လမ်း” စတာတွေ အပြင် မြန်မာပြည်သိန်းတန်ရဲ့ “စုံတောမြိုင်” တို့၊ စန္ဒယား ချစ်ဆွေရဲ့ “သံသရာ ခရီးသည်” တို့၊ “တိမ်တမန်” တို့၊ “မလွမ်းသော မျက်ရည်” တို့ စတဲ့ သီချင်းလေးတွေဟာလည်း ကျွန်တော့်ရဲ့ ငယ်ဘ၀ကို လွှမ်းမိုးခဲ့ဖူးပါတယ်.

ကြီးပြင်းအရွယ်ရောက်လာတော့လည်း ကိုလေးဖြူ၊ ကိုဇော်ဝင်းထွဋ်၊ ကိုအဲလက်စ်၊ ........ ခုတော့လည်း ရန်ရန်ချမ်းတို့၊ ဂျေမီတို့ထိပေါ့....

ဘယ်လိုပဲဖြစ်ဖြစ်. ကျွန်တော်အကြိုက်နှစ်သက်ဆုံးကတော့ မြန်မာသံစဉ်ဆိုတာကို ၀န်ခံရဲပါတယ်. တစ်ခါတစ်လေ အပြင်မှာ မိုးတွေ ရွာနေရင် ရဲလေးရဲ့ “မိုး” သီချင်းကို နားထောင်ရတာထက် စန္ဒရားချစ်ဆွေရဲ့ “တိမ်တမန်” သီချင်းလေးကို နားထောင်လိုက်ရတာ ပိုပြီးတော့ ခံစားချက်တွေ ရုပ်လုံးကြွလာစေပါတယ်.

နောက်မှပဲ ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေကို mp3 format ပြောင်းပေးပြီး တင်ပေးပါဦးမယ်. အခုတော့ မြန်မာပြည်သိန်းတန်ရဲ့ “မေ့ဘူးသက်လယ်” သီချင်းလေးကို နားဆင်ပြီး တနလာင်္နေ့လေးကို ကြိုဆိုလိုက်ကြတာပေါ့ဗျာ.

ကျွန်တော့်ကို လွမ်းအားပိုသွားစေတာကတော့ နံနက်ခင်း နေခြည်အောက်မှာ သံဃာတော်တွေ ဦးပိန်တံတားပေါ်က ဖြတ်လျှောက်ပြီး ကြွသွားတဲ့ အခန်းလေးပါပဲ....

မန္တလေးကို လွမ်းတယ်........
ဦးပိန်တံတားကိုလည်း လွမ်းတယ်....
ရွှေကြက်ယက်ဘုရားကိုလည်း လွမ်းတယ်....
စစ်ကိုင်းတံတားကြီးကိုလည်း လွမ်းတယ်....
မြွေကြီးနှစ်ကောင်ကိုလည်း လွမ်းတယ်.......
ဈေးချိုကိုလွမ်းတယ်.
ညဈေးတန်းကိုလွမ်းတယ်.
ဂျီတီအိုင်ရှေ့က ကောက်ညှင်းပေါင်းနဲ့ အကြော်စုံဆိုင်ကိုလွမ်းတယ်.
ရွှေနန်းတော်ကြီးနဲ့ ကျုံးမြို့ရိုးကိုလွမ်းတယ်.
မိန်းနားက Unison လက်ဖက်ရည်ဆိုင်ကိုလည်းလွမ်းတယ်.
လွမ်းတယ် အဝေးက ရွှေပြည်မြန်မာရယ်.......

အားးးးးးးးးးးးးးးးးးးး

မနက်ဖြန် တနင်္လာ...

ဘ၀ဆိုတာ ဒီလိုပဲလားကွယ်.......

မတတ်သာ ဒီဘ၀မှာ ခပ်ခွာခွာ နေကြရတယ်.....

စကားမစပ်. မြန်မာသံစဉ်တွေကြိုက်လို့ ကျွန်တော့်အသက်ကို ဘိုးအေကြီးလို့ မထင်လိုက်နဲ့ဦးနော်. ငယ်ငယ်လေးပဲ ရှိသေးတယ်. (ကျွန်တော့်တူလေးကို ပြောတာပါဗျာ. ဟတ်ဟတ်ဟတ်)

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

ချစ်ခင်လေးစားလျက်

ရန်အောင်

ဧ၀ံမေသုတံ - လွတ်လပ်ခြင်း

မိမိအကျိုးလည်းလုပ်တယ်၊ အများအကျိုးလည်းလုပ်တယ်၊ မမှန်တာကိုလည်း မလုပ်ဘူး။ ကိုယ့်ဘ၀ဟာ တန်ဖိုးရှိတယ်လို့ သိနေတဲ့သူဟာ ညှိုးငယ်တဲ့စိတ် ဘယ်တော့မှ မဖြစ်ဘူး။ သူ့ဘ၀သူ ကျေနပ်ပြီး သူ အင်မတန် ပျော်နေတာပဲ။ ရွှင်လန်းဝမ်းမြောက်နေတယ်။

(နှာ ၁၅၃၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော် ဦးဇောတိက)

လွတ်လပ်မှုကို အလွဲသုံးစားလုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်ဘူး။ လွတ်လပ်စွာ တွေးခေါ်ခွင့် ရှိနေတာကို မသုံးဘဲနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို လိုချင်တာဟာ အဆင့်ကျော်နေပါတယ်။ လွတ်လပ်မှုနဲ့ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှုဟာ လက်တွဲပြီးတော့သွားတယ်။

(နှာ ၁၀၂၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော် ဦးဇောတိက)

လူတွေရဲ့ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုကို မတုန်လှုပ်တဲ့သူဟာ သူ့ဘ၀ကိုသူ လွတ်လွတ်လပ်လပ် ဖန်တီးနိုင်တယ်။
I create my meaning. I create my values. That is the highest freedom.
ငါ့ဘ၀အဓိပ္ပါယ်ကို ငါဖန်တီးတယ်၊ ငါရွေးချယ်တယ်။ ငါ့အတွက် ဘယ်ဟာ တန်ဖိုးရှိတယ် ဆိုတာကို ငါဖန်တီးတယ်၊ ငါရွေးချယ်တယ်။ အဲဒါဟာ ငါ့ရဲ့ အမြင့်ဆုံးလွတ်လပ်မှု ဖြစ်တယ်။

(နှာ ၁၁၈၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော် ဦးဇောတိက)

ဧ၀ံမေသုတံ၊ ကျွန်ုပ်သည် ဤကဲ့သို့ ကြားနာမှတ်သားလိုက်ရလေ၏......

ဘလော့ဂ်ပို့စ်လေးများတွင် Footnote ထည့်နည်း

ဒါကတော့ ဒီပို့စ်လေးရဲ့ အနှစ်ချုပ်ပါ. နောက်နောင် မေ့သွားလို့ ပြန်ကြည့်ချင်တယ်ဆိုရင် အချိန်မကုန်ဘဲ လွယ်လွယ်ကူကူ ပြန်ရှာတွေ့နိုင်အောင်လို့ ပို့စ်လေးရဲ့ ထိပ်ဆုံးမှာ တင်ပေးထားတာပါ. အောက်မှာ အသေးစိတ်ရှင်းလင်းချက် ပါပါတယ်ခင်ဗျာ.

Recap:

၁. ကိုယ်ချိတ်ချင်တဲ့ footnote နေရာလေးနားရောက်ရင် ဒီလိုရေးရပါမယ်.

your footnote symbol

၂. ရှင်းလင်းချက်ကို ပို့စ်ရဲ့အောက်ဆုံးမှာ ဒီလိုလေးရေးပေးခဲ့ရပါမယ်.

your footnote symbol : your explanation goes here.... blah blah blah....

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ အရမ်းကို အသုံးဝင်မယ့် Hacks လေးတစ်ခု အကြောင်း ပြန်လည် ဝေမျှချင်ပါတယ်. ဒီ Hack လေးကို ကျွန်တော်လိုချင်နေခဲ့တာ ကြာပါပြီ. ခုမှပဲ ရှာတွေ့တော့တယ်. တွေ့တွေ့ချင်းပဲ ဒီစာကို ကောက်ရေးဖြစ်တယ်ဗျာ…

ဘာလဲဆိုတော့ မိမိရဲ့ ပို့စ်လေးတွေမှာ Footnote လေးတွေ တပ်တာပါ.

Footnote ဆိုတာလေးတွေကို သိသူတွေ ရှိသလို မသိသူတွေလည်း ရှိကြမှာပါ. အကြမ်းဖျင်းပဲ ပြောပြပါမယ်.

Footnote ဆိုတာ ကျွန်တော်တို့ ရေးသားလိုက်တဲ့ ဆောင်းပါးစာစုလေးတွေထဲမှာ ပါနေတဲ့ ဝေါဟာရ တစ်ခုခုကို အသေးစိတ်ပြန်လည် ရှင်းပြဖို့ တေးမှတ်ထားတဲ့ အမှတ်အသားလေးတွေပါ. စာဖတ်သူက အဲဒီ့ အမှတ်အသားလေးအတိုင်း လိုက်ပြီး အကျယ်တ၀င့် ရှင်းလင်းချက်ကို ရှာဖွေဖတ်ရှု နားလည်နိုင်ပါတယ်.

ပုံမှန် စာအုပ်တစ်အုပ်ကို ဖတ်နေသူဆိုရင်တော့ Footnote ပြထားတဲ့ အမှတ်အသားလေးအတိုင်း လိုက်ရှာပြီးတော့ အကျယ်တ၀င့် ရှင်းလင်းချက်ကို ဖတ်ရှုရပါတယ်.

ကွန်ပြူတာစနစ်မှာကျတော့ အဲဒီ့ Footnote အမှတ်အသားလေးကို Click လုပ်လိုက်တာနဲ့ သက်ဆိုင်ရာ ရှင်းလင်းချက်ကို တန်းရောက်သွားအောင် လုပ်ထားနိုင်ပါတယ်.

ဟုတ်ပါတယ်. ကျွန်တော်အခု ဆွေးနွေးပေးမယ့် Footnote လေးတွေဟာလည်း အဲဒီ့လို Feature တွေ ပါနေမှာပါ.

ဘာလဲဆိုတာ ဆက်မသွားခင် နည်းနည်းသဘောပေါက်သွားအောင် ဥပမာလေးနဲ့ ဆွေးနွေးချင်ပါတယ်.

FootNote ဆိုတဲ့နောက်က နံပါတ် ၁ လေးကို click ခေါက်လိုက်ပါ. ဘာဖြစ်သွားမလဲ…

အခု ခင်ဗျားဖတ်နေတဲ့ ပို့စ်လေးရဲ့ နောက်ဆုံးကို ရောက်သွားမှာဖြစ်ပြီး Footnote ဆိုတာလေးရဲ့ အဓိပ္ပါယ်ကို အင်္ဂလိပ်လို ရှင်းပြထားတာလေးကို ညွှန်ပြနေတာ သတိထားမိလိုက်ပါလိမ့်မယ်.

အဲဒါပါပဲ ခင်ဗျာ. ကိုယ်ရေးမယ့် ဆောင်းပါး၊ ပို့စ်၊ သတင်းစတာလေးတွေထဲမှာ ဘယ်လိုဘယ်ပုံ သုံးမယ်ဆိုတာကတော့ ဥာဏ်ရှိသလို စဉ်းစားအသုံးချနိုင်ပါတယ်.

ကဲ. ဘယ်လိုလုပ်ရမလဲဆိုတာ မပြောခင် နောက်ပြန် စဉ်းစားလိုက်ကြရအောင်.

အဲဒီ့လို ကိုယ်ပြောပြချင်တဲ့ အကြောင်းအရာလေးကို နံပါတ်လေး တပ်ပေးလိုက်ရုံနဲ့ ပို့စ်လေးရဲ့အောက်ကို အလိုလိုရောက်သွားမယ်ဆိုတာ ကြားထဲမှာ တစ်ခုခုတော့ လုပ်ထားရမှာပေါ့. မဟုတ်ဘူးလား…

ဘယ်လိုချိတ်ဆက်ထားကြမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်… ကျွန်တော် နှစ်ပိုင်းခွဲပြီး ဆွေးနွေးသွားပါမယ်. Footnote လေးတွေကို ရေးပုံရေးနည်းကို အရင်ဆုံး ရှင်းပြပေးပါမယ်. ပြီးရင်တော့ မိမိရဲ့ ရှင်းလင်းချက်လေးတွေနဲ့ Footnote လေးတွေကို ချိတ်ဆက်ပုံ ချိတ်ဆက်နည်းကို ဆက်လက်တင်ပြပေးသွားပါမယ်.

Footnote များ ချိတ်ဆက်ပုံကို ပို့စ်ထဲတွင် ရေးနည်း

ပထမဦးဆုံး Footnote လေးကို ချိတ်ချင်ရင် ပို့စ်ထဲမှာ ဘယ်လိုရေးပေးရတယ် ဆိုတာကစပြီး ဆွေးနွေးလိုပါတယ်.

ပုံမှန်အတိုင်း စာရိုက်သွားပါတယ်. Footnote ဆိုတဲ့ စကားလုံးလေးနားကို ရောက်လာပါပြီ. ကျွန်တော် ဒီလိုရိုက်ပါတယ်.

FootNote၁ ဆိုတဲ့နောက်က နံပါတ် ၁ လေးကို click ခေါက်လိုက်ပါ. ဘာဖြစ်သွားမလဲ…

အဲလိုရိုက်လိုက်ရင် ဒီလိုလေး ပေါ်လာပါလိမ့်မယ်.

FootNote ဆိုတဲ့နောက်က နံပါတ် ၁ လေးကို click ခေါက်လိုက်ပါ. ဘာဖြစ်သွားမလဲ…

အဲဒါက ပထမအဆင့် လုပ်ရမယ့်နေရာပါ. အထဲက ကုဒ်ဒင်းလေးတွေကို ထပ်ရှင်းပြပါမယ်.

ဆိုတာက စာလုံးလေးကို အပေါ်ကို မြှင့်တင်ပစ်လိုက်ချင်လို့ Superscript tag လေးကို ခေါ်သုံးထားတာပါ. မြင်တဲ့အတိုင်းပဲလေ. နံပါတ် (၁) ဆိုတဲ့ စာလုံးလေးဟာ ပုံမှန် အက္ခရာတွေနဲ့ တပြေးညီတည်းမှာ ရှိမနေဘဲ အပေါ်ကို ရောက်နေတာတွေ့ရပါလိမ့်မယ်.

ဆိုတဲ့ Tag လေးကတော့ <bold> tag လေးနဲ့ တူတူပါပဲ. အက္ခရာလေးကို ပိုပြီး ထင်ရှားအောင် highlight လုပ်ပေးထားတာပါ.

၁ ဆိုတာလေးကတော့ လင့်ခ်ချိတ်ထားတာပါ. Anchor Tag လေးလို့လည်း ခေါ်နိုင်ပါတယ်. # သင်္ကေတလေးနောက်မှာ သက်ဆိုင်ရာနာမည်ကို ကိုယ်ကြိုက်သလို ပေးခဲ့လို့ရပါတယ် ခင်ဗျာ. ပြီးရင်တော့ Footnote နာမည်လေးပေါ့. ကျွန်တော်ကတော့ ခပ်လွယ်လွယ် နံပါတ် ၁. လေးကို ပေးထားခဲ့တယ်. တကယ့်လက်တွေ့မှာတော့ မိမိကြိုက်နှစ်သက်ရာ သင်္ကေတလေးတွေကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် ထည့်သွင်းလို့ရပါတယ်.

နောက်ကပါတဲ့  ဆိုတာလေးတွေကတော့ အရှေ့က Tag လေးတွေကို ပြန်ပိတ်ပေးထားတဲ့ Closing Tag လေးတွေပါပဲ.

ကဲ. ဒီလောက်ဆို ကုဒ်ဒင်းလေးရဲ့ သဘောသဘာဝကို နားလည်သွားပြီပေါ့နော်. မိမိရဲ့ Footnote လေးကို ကာလာတွေဘာတွေ ထည့်ချင်တယ်ဆိုရင်လည်း ထည့်နိုင်ပါသေးတယ်. အရုပ်လေးတွေ၊ Flash ပုံလေးတွေ ထည့်ပြီး လင့်ခ်ချိတ်ဦးမလား. ရပါတယ်. အခု ကျွန်တော်ဆွေးနွေးခဲ့တဲ့ နေရာလေးမှာပဲ စိတ်ကြိုက်ထည့်သွင်းလို့ရပါတယ် ခင်ဗျာ.

အဲဒါက လင့်ခ်ချိတ်ပုံကို ကိုယ့်ရဲ့ ပို့စ်လေးတွေထဲမှာ ဘယ်လိုရေးသားရတယ် ဆိုတာကို ပြောထားတာပါ. ဒုတိယအဆင့်အနေနဲ့ ကိုယ့်ရဲ့ ရှင်းလင်းချက်နဲ့ ပြန်ပြီး ချိတ်ဆက်ပေးရပါမယ်.

Footnote များကို သက်ဆိုင်ရာရှင်းလင်းချက်များနှင့် ချိတ်ဆက်ပုံ

ကဲ. ကျွန်တော်တို့ရဲ့ ဆောင်းပါးလေးတွေ၊ ပို့စ်လေးတွေထဲမှာ Footnote လေးတွေကိုတော့ ညွန်းပြခဲ့ပြီးပြီနော်. အခု ကျွန်တော်တို့ရဲ့ footnote လေးတွေကို မိမိရှင်းလင်းချက်လေးတွေနဲ့ ချိတ်ဆက်ပေးရပါတော့မယ်. အရမ်းလွယ်ပါတယ်. ဒီမှာကြည့်ပါခင်ဗျာ.

အပေါ်က Footnote လေးကို ပြန်ခေါ်ပြီး ရေးပါမယ်. ဒီတစ်ခါကျတော့ အပေါ်ကလို ရှည်လျားထွေပြားရှင်းနေစရာ မလိုတော့ပါဘူး.

အိုကေ. ကျွန်တော် စာတွေ ရေးသွားတယ်. ရေးတယ် ရေးတယ်. ဟော. footnote ချိတ်ရမယ့် နေရာရောက်လာပြီ. ဒီလိုလေး ရေးပါတယ်.

FootNote၁ ဆိုတဲ့နောက်က နံပါတ် ၁ လေးကို click ခေါက်လိုက်ပါ. ဘာဖြစ်သွားမလဲ…

ရတယ်နော်. အဲဒီလို လုပ်ပေးပြီးတာနဲ့ တပြိုင်နက် ကျွန်တော်ရေးမယ့် ပို့စ်ရဲ့ အောက်ဆုံးမှာ ကျွန်တော့်မောက်စ်ရဲ့ cursor လေးကို ထားလိုက်ပါတယ်. ရှင်းလင်းချက်ကို အောက်ဆုံးမှာ ထားမှာမို့လို့ပါ. ဘာလို့ထားလဲဆိုတာ သိပ်ပြီး ခေါင်းကိုက်ခံစဉ်းစားမနေပါနဲ့ဦး.

အောက်ဆုံးကိုရောက်ရင် ဒီလိုရေးပါမယ်.

၁. FootNote : A Footnote is an explanatory note at the bottom of the page in a book which refers to a point in the text using a symbol like an asterisk or a number. When reading the page if you come upon such a symbol your gaze is automatically diverted to the foot of the page for the detailed explanation.

အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ Footnote ချိတ်ဆက်ပုံ ချိတ်ဆက်နည်း ပြီးဆုံးပါပြီ ခင်ဗျာ.

ရှင်းလင်းချက် ရှည်လျားသွားလို့ မမှတ်မိမှာစိုးရင် ဒါလေးကို စိတ်ထဲမှာ ထည့်ထားပါ.

Recap:

၁. ကိုယ်ချိတ်ချင်တဲ့ footnote နေရာလေးနားရောက်ရင် ဒီလိုရေးရပါမယ်.

your footnote symbol

၂. ရှင်းလင်းချက်ကို ပို့စ်ရဲ့အောက်ဆုံးမှာ ဒီလိုလေးရေးပေးခဲ့ရပါမယ်.

your footnote symbol : your explanation goes here.... blah blah blah....

၃. အထူးသတိပြုရမှာကတော့ အနီရောင်ပြထားတဲ့ နေရာလေးနှစ်ခုဟာ နာမည်တူရပါမယ်. ဒါမှလည်းပဲ အချင်းချင်း ပြန်ပြီး မှတ်မိမှာပေါ့ဗျာ. မဟုတ်ဘူးလား. အပေါ်မှာ လင့်ခ်ချိတ်ထားခဲ့တုန်းက နာမည်ပေးခဲ့တာတစ်ခု. အောက်ကရှင်းလင်းချက်မှာ နာမည်တစ်ခုဆိုရင် ဘယ်လိုလုပ်ပြီး recognize ဖြစ်တော့မှာလဲ. Right?

ဒါပါပဲ.

နောက်ထပ်ဥပမာလေးကို ကြည့်ပါ.

“စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့”۩

အဲဒီ့မှာ ဆိုတဲ့ အပိတ်မျက်တောင်လေးနောက်က ۩ လေးကို နှိပ်လိုက်ရင် ဒီကဗျာလေးကို ဘယ်သူကရေးတယ်. ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့တယ် ဆိုတဲ့ ရှင်းလင်းချက်လေး ရှိတဲ့နေရာဆီကို ရောက်သွားပါလိမ့်မယ်.

ဘယ်လိုလုပ်ခဲ့လဲဆိုတော့ အပိတ်မျက်တောင်လေးနောက်မှာ
۩ ဆိုပြီး ကုဒ်ဒင်းလေး ထည့်ပေးခဲ့ပါတယ်.

ပြီးတော့ မိမိပို့စ်ရဲ့ ဟိုးအောက်ဆုံးမှာ သက်ဆိုင်ရာ ရှင်းလင်းချက်ကို ရေးပါတယ်. အပေါ်က မူရင်းစာပိုဒ်မှာ “letwaisonenaya” လို့ နာမည်ပေးထားခဲ့ပါတယ်. ဒါကြောင့် အခု ကျွန်တော်ပြန်ချိတ်မယ့် လင့်ခ်လေးကိုလည်း အဲဒီ့နာမည်လေးပဲ ပြန်ပေးပါမယ်.

ပြီးသွားတာနဲ့ ပို့စ်လေးရဲ့ အောက်ဆုံးကိုသွားလိုက်ပါတယ်. ရှင်းလင်းချက်ကို ဒီလိုလေး ရေးပေးလိုက်ပါတယ်.

۩ : အဲဒီ့ကဗျာလေးကို လက်ဝဲသုန္ဒရ အမတ်ကြီးက ရေးခဲ့တာပါ. အဓိပ္ပါယ်ကတော့ တပ်မတော်တစ်ခုဟာ ဘယ်လောက်ပဲ လက်နက်အင်အားကောင်းကောင်း ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တစ်ခု ဖြစ်မလာနိုင်ဘူး။ သူတို့ရဲ့ ဓားသွားများဟာလည်း ထက်သင့်သလောက် မထက်နိုင်ဘူး။ လှံများဟာလည်း စွမ်းသင့်သလောက် မစွမ်းနိုင်ဘူး။ တပ်မတော်ရဲ့အင်အားဟာ စွမ်းရည်ရှိဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုလိုပါတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်.

letwaisonenaya ဆိုတဲ့ Footnote နာမည်လေးနှစ်ခု လာကိုက်ညီရတာကို သတိထားမိကြမယ် ထင်ပါတယ်.

ကဲ. ဒီလောက်ဆို သဘောပေါက်လောက်ကြပြီ ထင်ပါတယ်ဗျာ.

ဒီ Hack လေးကို ဘလော့ဂ်တွေအတွက်သာမက ၀က်ဘ်ဆိုက်ဆောင်းပါးများမှာလည်း ဥာဏ်ရှိသလို အသုံးပြုနိုင်ပါတယ်.

ဆက်လက်ပြီး စူးစမ်းလေ့လာရင်း ပညာရပ်ဆိုင်ရာ ဆောင်းပါးလေးတွေကို ပရော်ဖက်ရှင်နယ် ဆန်ဆန် ရေးသားပြုစု တင်ပြနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

၁. FootNote : A Footnote is an explanatory note at the bottom of the page in a book which refers to a point in the text using a symbol like an asterisk or a number. When reading the page if you come upon such a symbol your gaze is automatically diverted to the foot of the page for the detailed explanation.

۩ : အဲဒီ့ကဗျာလေးကို လက်ဝဲသုန္ဒရ အမတ်ကြီးက ရေးခဲ့တာပါ. အဓိပ္ပါယ်ကတော့ တပ်မတော်တစ်ခုဟာ ဘယ်လောက်ပဲ လက်နက်အင်အားကောင်းကောင်း ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တစ်ခု ဖြစ်မလာနိုင်ဘူး။ သူတို့ရဲ့ ဓားသွားများဟာလည်း ထက်သင့်သလောက် မထက်နိုင်ဘူး။ လှံများဟာလည်း စွမ်းသင့်သလောက် မစွမ်းနိုင်ဘူး။ တပ်မတော်ရဲ့အင်အားဟာ စွမ်းရည်ရှိဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုလိုပါတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်.

Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်အောင် ဘာသာပြန်ဆို ဖြည့်စွက်ရေးသားထားတာ ဖြစ်ပါတယ် ခင်ဗျာ.

Saturday, June 21, 2008

အပျော်ဆုံးနေ့

“မရှမ်း…”

ဒီနာမည်လေးကို ကြားလိုက်တာနဲ့ ကိုစိုးနိုင်ရင်ထဲ လှပ်ခနဲ ဖိုခနဲ ဖြစ်သွားရပါတယ်.

သူမ ဒီရပ်ကွက်ထဲကို ပြောင်းလာတာ မကြာသေးပါဘူး. အားလုံးနဲ့ ပြေပြစ်လှတဲ့ ဆက်ဆံရေးကြောင့် သူမကို အကူအညီပေးလိုသူ၊ စောင့်ရှောက်လိုသူတွေကလည်း များပါတယ်. ဒါပေမယ့် မရှမ်းက လည်တော့လည်ပါတယ်. သူဖွင့်ထားတဲ့ ကွမ်းယာဆိုင် စီးပွားရေးလေး အဆင်ပြေရုံလောက်သာ လူတွေကို ခင်ခင်မင်မင် ဆက်ဆံတတ်တာပါ. ဒီ့ထက်ပိုပြီး အခွင့်အရေးယူလာခဲ့ရင်တော့ မရှမ်းက နှုတ်ကြမ်းတတ်ပါတယ်.

သူမ၏ ရုပ်ရည်မှာ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်သော်လည်း သူမသည် ကိုစိုးနိုင်အတွက် ဘာသာတရားတစ်ခုနှင့်မှ မပတ်သက်သော အလှနတ်ဘုရားမ တစ်ဦး ဖြစ်နေခဲ့လေသည်။

ခုတော့ အဲဒီ့ ဆတ်ဆတ်ကြဲ မရှမ်းကိုမှ ကိုစိုးနိုင် သံယောဇဉ်တွယ်မိခဲ့လေပြီ…

သူမနှင့်သာ နေထိုင်ပေါင်းဖက်ခွင့်ရမည်ဆိုလျှင် ကိုစိုးနိုင်တစ်ယောက် ဒီကမ္ဘာပေါ်တွင် အပျော်ဆုံး လူသားတစ်ဦး ဖြစ်ပေလိမ့်မည်။

“ကိုစိုးနိုင်…”

ဒီလူကြီးပုံစံက သိပ်တော့ စိတ်ဝင်စားစရာ မကောင်းလှ. ၀တ်ပုံစားပုံက သိပ်တော့ အဆင်မပြေ. ဒါပေမယ့် သူက သပ်သပ်ရပ်ရပ်တော့ ၀တ်စားဆင်ယင်တတ်သည်. စိတ်ညစ်စရာကောင်းလောက်အောင်လည်း သပ်ရပ်လွန်းနေတတ်သည်.

ဟိုတစ်နေ့က ဆိုင်ကိုလာသည်ကိုပဲ ကြည့်ဦးလေ. ဆံပင်ပေါ် ခေါင်းလိမ်းဆီဗူး မှောက်ချလာသလားဟု ထင်ရမတတ် ဆံပင်တစ်ခုလုံး မည်းပြောင်နေသည်ကို ခေါင်းဖီး အစိတ်ကြီးကြီးဖြင့် ပိပြားနေအောင် ဖီးလာသည်မှာ ခေတ်ဟောင်းရုပ်ရှင်တွေထဲမှ ဇာတ်ပို့မင်းသား ကိုအေးကြူကိုပင် ပြေးမြင်မိတော့သည်။

ဒါပေမယ့် သူ့ကို မရှမ်း ခင်တွယ်သည်. သူသည် ရိုးသည်. အလုပ်အကိုင်တစ်ခု ရှိသည်။ ၀တ်နိုင်စားနိုင်သည့် အဆင့်ထဲတွင်ရှိသည်။ ရုံးတစ်ရုံးတွင် အကြီးတန်းစာရေးလုပ်နေသည်ဟုလည်း သိရသည်။ ထိုအရာအားလုံးထက် ပိုပြီး စိတ်ဝင်စားစရာကောင်းနေသည်က…

သူသည် လူပျိုကြီးဖြစ်နေခြင်းပင် ဖြစ်တော့သည်…

ဟုတ်သည်လေ. မရှမ်းအသက်လည်း ၃၇ နားနီးနေချေပြီ. ယခင်ပေါင်းခဲ့သည့် ယောင်္ကျားကလည်း လက်ကြောတင်းအောင် အလုပ်မလုပ်ချင်၊ နေ၀င်လျှင် အတင်းအဖျင်းပြောသည့် ဘလော့ဂ်ပို့စ်ထိုင်ရေး၊ ဆီဗုံးတကာလျှောက်ဖွ (အဲ. ဟုတ်ပါဘူး.) အရက်ကလေး တမြမြနှင့်သာ ဆက်ရက်မင်း၊ ခါမင်း၊ ငုံးမင်း၊ ချိုးမင်း၊ ငှက်ပေါင်းစုံ စည်းစိမ် ခံစားနေတတ်သည်။

ကိုစိုးနိုင် သူမကို စိတ်ဝင်စားနေသည်ကိုလည်း သူမ ရိပ်မိသည်။ သူမအတွက် ကိုစိုးနိုင်သည် ငြင်းပယ်စရာ မလိုအပ်သော ယောင်္ကျားကောင်းတစ်ယောက်လည်း ဖြစ်သည်။

မျှော်လင့်မိပါသည်။

ကိုစိုးနိုင်တစ်ယောက် သူမကို ယောင်္ကျားပီသစွာဖြင့် ချစ်ရေးဆိုလက်ထပ်ခွင့် တောင်းလာမည့်နေ့သည် မရှမ်းအတွက် အပျော်ဆုံးနေ့ပင် ဖြစ်ပေလိမ့်မည်။

ထိုနေ့သည် တစ်နေ့တွင်တော့ ရောက်လာလိမ့်မည်ဟု မရှမ်းတစ်ယောက် စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့လေသည်။

ကိုစိုးနိုင်တစ်ယောက် ရည်းစားပူမိသလို လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေခဲ့သည်။ မရှမ်းကို သူ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ပြောရတော့မည်ကိုလည်း သူသိနေသည်။ သို့သော် မပြောရဲ. သူမပြောဘဲဒီတိုင်းနေသည်က မရှမ်းနှင့် ခင်မင်ရင်းနှီးခွင့်၊ ၀င်ထွက်သွားလာခွင့်ရနေသေးသည်။ ပြောလိုက်လို့ မရှမ်းက ငြင်းလိုက်ခါမှ ရထားသော အခွင့်အရေးလေးများ ဆုံးရှုံးရပေတော့မည်။

ချစ်လည်းချစ်သည်။ ကြောက်လည်းကြောက်သည်။

ကိုစိုးနိုင်တစ်ယောက် ဘာလုပ်ရမည်လဲ…

စိတ်ညစ်နေပါသည်ဆိုမှ လက်ဖက်ရည်ဆိုင်တွင် ဖွင့်ထားသည့် သီချင်းကလည်း အဆင်မပြေ. ကြည့်လေ. ဆုန်သင်းပါရ်တဲ့. ဆိုထားလိုက်တာများ…

“အဖြူရောင်လေးကို ဆေးလည်း မဆိုးနဲ့
အရောင်ပြယ်လွင့်အောင်လည်း မင်းမလုပ်နဲ့
အဖြူထည်လေးရယ် အတိုင်းပဲ ထားကွယ် သူငယ်ချင်းရယ်…” တဲ့…..

“ဟေ့လူကြီး…. စောစောစီးစီး လင်းတမှိုင်မှိုင်နေပါလားဗျ. ဘယ်လိုဖြစ်လဲ. လုပ်ပါဦး”

အသံလာရာကိုလှမ်းကြည့်လိုက်တော့ ဗြောင်လိမ်နဲ့ လောင်စိန် ညီအစ်ကို နှစ်ယောက်.

“လာ. ထိုင်ကွာ. မင်းတို့လာတာနဲ့ အတော်ပဲ.”

ဗြောင်လိမ်နဲ့ လောင်စိန်တို့လည်း ပွဲတော်တည်ရကိန်းတော့ ကြုံပြီဟု တွေးလိုက်ရင်း ခုံပုလေးများကို ဆွဲထိုင်လိုက်ကြသည်။

“ဘာဖြစ်လဲ ကိုစိုးကြီး… အလုပ်ကိစ္စလား၊ နှလုံးသားရေးရာလား”

“ဟတ်တ်ကွာ. ဟတ်တ်. အဲဒါစားနေတာ.”

“ဗျာ. ဟတ်ဒ် စားနေတာလား. ဖြုတ်လဲလိုက်လေဗျာ. မဟုတ်ရင် ကက်ဆက်ခွေတွေပါ နာကုန်လိမ့်မယ်. ခွီးးးးးးး”

လောင်စိန်က ပြောလည်းပြော ခွိခွိခွိနှင့်လည်း ရယ်နေလေတော့သည်။

“မနောက်နဲ့ကွာ. ဒီမှာ မရှမ်းကို ဖွင့်ပြောဖို့ မနှစ်က ဒီဇင်ဘာလထဲက စောင့်နေတာ.”

ကိုစိုးနိုင်က စိတ်ပျက်လက်ပျက် ခိုငြီးသံဖြင့်ပြောချလိုက်တော့လည်း ညီအစ်ကိုနှစ်ယောက် သနားသွားကြသည်။

လိုရင်းချုပ်ရသော် ဗြောင်လိမ်နှင့် လောင်စိန်တို့ ညီအစ်ကိုနှစ်ယောက်၏ သွေးထိုးပင့်ကော် လှုံ့ဆော်မီးရှို့ တို့ထိတို့ထောင် လုပ်ပေးမှုကြောင့် ကိုစိုးနိုင်တစ်ယောက် မရှမ်းကို ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့မိတော့သည်။

ထိုနေ့က ဗြောင်လိမ်နှင့် လောင်စိန်တို့၏ အကြံဥာဏ်စွမ်းပကားကို ပူဇော်သည့်အားဖြင့် လန်ဒန် စီးကရက်နှစ်ပွဲ၊ လက်ဖက်ရည်တစ်ယောက်တစ်ခွက်စီ၊ ကီးမားပလာတာ တစ်ပွဲ၊ မန်းမြို့တော် ပေါက်စီ ၄ လုံးဖိုး ရှင်းလိုက်ရလေသည်။

“သုံးတာပဲ၊ ဖြုန်းတာမှ မဟုတ်တာ” ဟု ကိုစိုးနိုင်တစ်ယောက် ကိုယ့်ကိုယ်ကိုသာ အားပေးနေမိတော့သည်။

ထိုနေ့က မရှမ်းထုံးစံအတိုင်း ဈေးသွားခဲ့ပါသည်။ ဗြောင်လိမ်နှင့် လောင်စိန်ညီအစ်ကိုနှစ်ယောက် လွန်ခဲ့သည့်နှစ်ရက်ခန့်က သတင်းလာပေးထားသည့်အတွက် သူမကို ကိုစိုးနိုင် လမ်းထိပ်တွင် ယနေ့ စောင့်နေမည်ဟု ကြိုသိနေနှင့်သည်။ ထို့ကြောင့်လည်း ပုံးဖာမှောက်ဆင် ရှိသမျှနှင့် အလှပြင်လာခဲ့သည်။ မိုးပြာရောင် ဘလောက်စ်အင်္ကျီလေးကို မနေ့တစ်နေ့ကမှ အပ်ချုပ်ဆိုင်တွင် အပြေးအလွှားသွားချုပ်ပြီး ဒီနေ့ အသစ်စက်စက်ချဝတ်ခြင်းဖြစ်သည်။ ထမီကိုတော့ အပြာရင့်အခံပေါ်မှာ အဖြူပွင့် သေးသေးလေးပါသည့် တရုတ်စပါးပါးလေးကို ချုပ်ထားခဲ့သည်။ ပါးလျှင် ဆက်စီဖြစ်သည်ဟု ဖက်ရှင်မဂ္ဂဇင်းတစ်စောင်တွင် မရှမ်း ဖတ်ထားဖူးလေသည်။

မင်းသမီးများပင် ကြော်ငြာရိုက်လျှင် ဆိုင်ဆိုင်မဆိုင်ဆိုင် ရေထဲဆင်း၍ ရေစိုအလှကို ဖော်ပြတတ်ကြသည်။ အ၀တ်ပါးပါးလေးများကို ၀တ်လျက် သရုပ်ဆောင်တတ်ကြသည်။ ဟိုတစ်နေ့ကဆို ဟို နာမည်ကျော်မင်းသမီး နို့မှုန့်ဘူးကြော်ငြာတာ ရေထဲဆင်းပြနေသေးသည်။ နွားမကို ရေထဲဆင်းပြီး နို့ညှစ်ဦးမည် ထင်ပါရဲ့ဟုပင် တွေးမိပြီး ပြုံးလိုက်မိသေးသည်။

ဒီနေ့မိုးရွာလျှင်ကောင်းမည်ဟု မရှမ်းတစ်ယောက် မဆီမဆိုင် ဆုတောင်းနေမိလေသည်။ ထီးပင် တမင်မယူလာခဲ့… မိုးရွာမှ သူမ၀တ်လာခဲ့သည့် တရုတ်စပါးပါးလေးက ဆက်စီပိုဖြစ်မည် မဟုတ်လား…

သူမနှင့် ကိုစိုးနိုင် မိုးရေထဲတွင် လျှောက်သွား. ကိုစိုးနိုင်က သူဝတ်လာသည့် ဂျာကင်ကို ဖြန့်လျှက် သူမ၏ ခေါင်းပေါ်တွင်ခြုံထား. ထို့နောက်တွင်တော့ သူမနှင့် ကိုစိုးနိုင်နှစ်ယောက်သား အင်းစိန်လှည်းတန်း ရထားလမ်းဇလီဖားတုံးများပေါ်တွင် စလိုးမိုးရှင်းဖြင့် ပြေးလွှား…

ဟို နံရံကပ် ပိုစတာထဲက မင်းသားမင်းသမီးလိုပေါ့…

မရှမ်းတစ်ယောက် စိတ်ကူးယဉ်နေခဲ့သည်မှာ ဈေးခြင်းတောင်းမေ့ခဲ့၍ အိမ်သို့ နောက်တစ်ခေါက်ပြန်ရသည်အထိပင်…

စိတ်တွေအရမ်းလှုပ်ရှားတယ် သူရယ်….

ဟော. တွေ့ပါပြီ…

သူ…

ပိုလိုရှပ်အင်္ကျီ အပြာရောင်အနုလေးကို ၀တ်ထားသည်။ ဆံပင်ကိုတော့ အရမ်းကြီးဖိကပ်နေအောင် ဖီးမထားချေ. သူမ မကြာခဏ ကွန်ပလိန်းတက်၍ ဖြစ်မည်။ မျက်မှန်ကလည်း ဘယ်နှစ်ခါလောက် တိုက်ချွတ်ထားသည်မသိ. ပြောင်လက်ဝင်းပနေသည်မှာကား မျက်လုံး၏ အရိပ်ပင် မျက်မှန်ကိုင်းပေါ်တွင် မြင်နေရသည်…

အလှပဆုံး အပြုံးများဖြင့် သူမကပင် စတင်၍ နှုတ်ဆက်လိုက်ပါသည်။

“စောင့်နေတာကြာပြီလား ကိုစိုးနိုင်…”

“ဟင်….”

ကြည့်လေ… အူတူတူ အတတနဲ့. မေးနေတာကို မကြားဘူး. အဲဒါတွေ မကြိုက်တာပေါ့လို့…

“ဩော်… စောင့်နေတာကြာပြီလားလို့ မေးတာပါ.”

“အင်း. ရပါတယ်. သိပ်မကြာသေးပါဘူး. နာရီဝက်လောက်ပဲ ရှိပါသေးတယ်.”

ဟောတော့… ချိန်းထားတာက ၈ နာရီ. သူက ခုနစ်နာရီခွဲကတည်းက ရောက်နေတယ်ပေါ့.

မရှမ်း စိတ်ညစ်ရမည့်အစား ပျော်သွားသည်.

ကြည့်လေ. သူမကို အလေးအနက်ထားတတ်သည့် ယောင်္ကျားတစ်ယောက်ကို သူမရှေ့တွင် တွေ့နေရလေပြီ. ရင်ခုန်သံတွေ မြန်လာသည်. ခြေလှမ်းတွေပင် မှားချင်လာသည်။ မျက်စိထဲတွင် ရထားသံလမ်းဇလီဖားတုံးများကို ပြေးမြင်လာသည်။ ယခုပင် ထပြီး ပြေးချင်စိတ်တွေ ပေါက်လာသည်။

သူ့ကို ခိုးကြည့်လိုက်တော့ သူမ ဘာတွေဖြစ်နေသည်ကို သိဟန်ပင်မတူ. ပုဆိုးထဲတွင်ညပ်နေသော အင်္ကျီစကို လက်နှစ်ဖက်ဖြင့် အသာဆွဲထုတ်လျက် သပ်သပ်ရပ်ရပ်ဖြစ်အောင် ဟိုဆွဲချ ဒီဆွဲချ ဟိုဖိ ဒီဖိ လုပ်နေရင်း တစ်ယောက်တည်း အလုပ်ရှုပ်နေခဲ့လေသည်။

မရှမ်းစိတ်လေသွားခဲ့လေသည်။

“တော်တော်ပဲများတဲ့သူ” ဟုလည်း စိတ်ထဲမှ ပြောလိုက်ခဲ့မိသည်။

လှည်းတန်းဈေးတွင် ဈေးဝယ်ပြီးနောက် ဘူတာရုံဖက်သို့ လမ်းပြန်လျှောက်လာခဲ့သည်။ ဈေးခြင်းတောင်းကို သူက ကုသယ်ပေးမည် ထင်ခဲ့သော်လည်း သူက မသိသလိုနေနေသဖြင့် မရှမ်းလည်း ဘာမှ ဆက်မပြောနေတော့.

သူ့ဖက်ကကြည့်လျှင်လည်း ဟုတ်တော့ဟုတ်သား. တစ်ယောက်နှင့်တစ်ယောက် ဘာမှလည်း ဖြစ်ကြသေးသည်မဟုတ်. သူမ၏ ဈေးခြင်းတောင်းကို သူက သယ်ပေးလာသည်ကို တစ်စုံတစ်ယောက်ကများ မြင်သွားလျှင်(အထူးသဖြင့် မြန်မာဘလော့ဂါများကြားလျှင်) သတင်းတွေ အတင်းတွေက နောက်ကွယ်မှာ ပွစိတက်ဦးမည်.

မရှမ်း တစ်ယောက် ဘူတာရုံကိုဖြတ်ကျော်လျှက် ရထားသံလမ်းများပေါ်သို့ပင် ရောက်နေလေပြီ။ နောက်ထပ်သံလမ်းကို ဖြတ်ကျော်ပြီးလျှင် သူမ၏ အိမ်သို့ပင် ရောက်တော့မည်။

သူ့ကိုကြည့်လိုက်တော့ တစ်စုံတစ်ရာကို လေးလေးနက်နက် စဉ်းစားနေသလိုလို. နဖူးကြောကြီးများထောင်လျက်၊ ရှပ်အကျီင်္နောက်ကျောတွင် ချွေးကွက်ကြီးများက ထင်းလျက်…

မရှမ်းသူ့ကို တော်တော်သနားသွားသည်။

ကဲပါလေ. မိန်းကလေးကပဲ စပေးလိုက်ပါတော့မယ်…

“ကိုစိုးနိုင်. ကျွန်မကို ပြောစရာရှိတယ်ဆို…”

“ဗျာ..”

ကြည့်. ဗျာပြန်ပြီ… မရှမ်းတစ်ယောက် ဘာမှ ဆက်မပြောဘဲ ပြုံးနေလိုက်သည်။ သံလမ်းဇလီဖားတုံးများက ရင်ခုန်စွာဖြင့် ကိုစိုးနိုင်နှုတ်ဖျားမှ ထွက်ကျလာမည့် စကားလုံးများကို ကောက်ယူရန် အသင့်ပြင်နေကြသည်။

“ဩော်. ဟုတ်တယ်ဗျာ. ဟိုဟာလေ. မရှမ်း စိတ်မဆိုးရဘူးနော်.”

မရှမ်း စိတ်ထဲတွင် ကြိတ်ပြီး ၀မ်းသာသွားသည်။ ရင်ကို အနည်းငယ်ကော့လျက် သူ့ကိုတစ်ချက် ပြုံးကြည့်လိုက်သည်။

“မဆိုးပါဘူး ကိုစိုးနိုင်ရယ်. ဒီလူနဲ့ ဒီလူတွေပဲကို. စိတ်ဆိုးစရာလားလို့…”

ညုတုတုပြောလိုက်သော သူမ၏ စကားလုံးများထဲတွင် မိန်းမမာယာ ၉၅ ရာခိုင်နှုန်းလောက် ပါသွားသည်ကိုတော့ မရှမ်းတစ်ယောက်သာ သိလိုက်မည်ဖြစ်ပါသည်။

“ဖူးးးးးးးးးး စိတ်ညစ်တယ်ဗျာ. ဘယ်က စပြောရမှန်းမသိတော့ဘူး”

“ပြောချင်တဲ့နေရာက ပြောလိုက်ပေါ့. ဟိုမှာ အိမ်တောင်ရောက်တော့မယ်.”

“ကျွန်တော်ပြောရမှာ သိပ်ကို နောက်ကျနေပြီလားလို့ စိတ်ပူနေတာဗျ.”

“ဩော်. ကိုစိုးနိုင်ရယ်. ကောင်းတဲ့အရာတစ်ခုကို လုပ်တဲ့နေရာမှာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူးရှင်.”

“ဒါဆိုလည်း ပြောမယ်ဗျာ. စိတ်မဆိုးရဘူးနော်. ကတိ…”

“ဟုတ်ကဲ့. မဆိုးပါဘူး..”

ထိုစကားများ၏ အဆုံးတွင်တော့ မရှမ်းတစ်ယောက် သူမ၏ ရှေ့တည့်တည့်တွင် မြင်နေရသော ဇလီဖားတုံးများကို စိုက်ကြည့်လျက် ခေါင်းငုံ့ထားခဲ့လေသည်။

“ဟိုဟာလေ….. တကယ်တော့ မရှမ်းကို ကျွန်တော်ပြောဖို့ ရည်ရွယ်ထားတာ ကြာပါပြီ…”

“ဟုတ်. ဘာများလဲရှင်”

“တစ်ခြားသူတွေတော့ ပြောပြီးရောပေါ့. ကျွန်တော်က အခွင့်မသာခဲ့လို့ မပြောဖြစ်ခဲ့တာပါ.”

“ရပါတယ် ကိုစိုးနိုင်ရယ်. ကျွန်မနားလည်ပါတယ်. ဘာပြောမှာလည်း အရမ်းသိချင်နေပြီရှင့်. မြန်မြန်ပြောပါ. ဆိုင်ဖွင့်ရမှာ နောက်ကျနေလိမ့်မယ်.”

မြန်မြန်ပြီးပြတ်စေလိုသည့်သဘောနှင့် လောလိုက်မိသည်…

ဇလီဖားတုံးများ သူမမျက်နှာနားသို့ နီးကပ်လာသည်ဟု ခံစားရသည်။ ပြေးလျှင် ကျွတ်ကျမကျန်ခဲ့စေရန် ဖိနပ်ကိုပင် အနည်းငယ် မသိမသာဖိပြီး ကြပ်အောင်စီးထားလိုက်သည်။

“အိုကေဗျာ. ဒါဆိုလည်း ပြောတော့မယ်. စိတ်ထဲမှာ ဘာမှ သဘောမထားနဲ့…”

“ဟုတ်.”

“ဟက်ပီးနယူးရီးယား မရှမ်း….”

“ရှင်”

“ဟက်ပီးနယူးရီးယားလို့ ပြောတာ. မနှစ်က ဒီဇင်ဘာကတည်းကပြောမလို့. ကျွန်တော်ခရီးလွန်နေတာနဲ့ မပြောဖြစ်ခဲ့တာ. နောက်ကျတော့လည်း မပြောဖြစ်တော့တာ. အခုမှပဲ ပြောဖြစ်တော့တာ စိတ်မဆိုးပါနဲ့နော်.”

ရထားတစ်စီး သူမ၏ နောက်ကျောဖက်မှ ဖြတ်မောင်းသွားသည်။

သံလမ်းဇလီဖားတုံးများ လှုပ်ခတ်သွားကြသည်။ သူမအား ဟားတိုက်ရယ်မောနေကြသည်ဟု ခံစားမိလိုက်သည်။

ကောင်းကင်ပေါ်တွင်မူ နေမင်းကြီးက အစွမ်းကုန်သာနေခဲ့လေသည်။

Thursday, June 19, 2008

ဧ၀ံမေသုတံ - မိမိကိုယ်ကို ယုံကြည်ခြင်း

ကိုယ့်ကိုယ်ကို တကယ်ယုံကြည်မှု မရှိတဲ့သူဟာ သူတစ်ပါးရဲ့ အထောက်အကူကို လိုချင်နေတယ်။ သူတစ်ပါးရဲ့ သဘောတူမှုကို မှီခိုနေတယ်။ သူ့ကို ထောက်ခံတဲ့သူကိုမှ သဘောကျတယ်။ ငါ့အယူအဆကို လက်မခံရင် ငါ့ရန်သူလို့ သဘောထားတယ်.

(နှာ ၂၇၂၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော် ဦးဇောတိက)

အဆင်မပြေတဲ့ အခြေအနေတွေနဲ့ ကြုံတဲ့အခါ ကိုယ့်စိတ်ကိုကိုယ် ခိုင်ခိုင်မာမာ ထားနိုင်တဲ့သူဟာ ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲမှာ ထားနိုင်တဲ့သူလို့ ပြောလို့ရတယ်။

(နှာ ၁၆၈၊ ၄င်း)

ရှေးခေတ်ကလူတွေဟာ အားကိုးစရာ မှီခိုစရာ သတ္တိကို အပြင်ကနေ ရကြတာများတယ်။ သူများအပေါ်မှာ မှီပြီးမှ ရတဲ့ အင်အားမျိုးဖြစ်နေတယ်။ အုပ်စုကနေရတဲ့ အင်အားပေါ့။ အခုခေတ်လူတွေက အုပ်စုကနေရတဲ့ အင်အားကိုရဖို့ ခဲယဉ်းသွားပြီ။ ဘယ်အုပ်စုထဲမှာမှ မပါတော့တဲ့သူတွေ တော်တော်များများ တွေ့ရတယ်။ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် တွေးတတ်တဲ့သူဟာ အုပ်စုထဲကို ၀င်ဖို့ မလွယ်ဘူး။

(နှာ ၁၆၈၊ ၄င်း)

ဧ၀ံမေသုတံ၊ ကျွန်ုပ်သည် ဤကဲ့သို့ ကြားနာမှတ်သားလိုက်ရလေ၏......

ရန်အောင်

မြန်မာဘလော့ဂ်တွေကို တစ်နေရာတည်းမှာ ဖတ်နိုင်ဖို့....

အရင်တုန်းကဆို ကျွန်တော်တို့ အွန်လိုင်းမှာ မြန်မာလိုရေးထားတဲ့ စာတွေကို ဖတ်ရှုခွင့်ရဖို့ဆိုတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုလိုပါပဲ. သတင်းဝက်ဘ်ဆိုက်တွေလောက်ပဲ အားပြုဖတ်နေခဲ့ရတာပါ.

မြန်မာဘလော့ဂ်တွေ ပေါ်လာတဲ့နောက်ပိုင်းမှာတော့ ရသ၊ သုတ၊ သတင်း၊ အနုပညာစတဲ့ စာပေပန်းခင်းကြီးထဲမှာ ပန်းမျိုးစုံ ဝေဆာပွင့်လန်းလာပါတော့တယ်.

အခုကျတော့လည်း များလွန်းလို့ ဘယ်လိုဖတ်ရမလဲဆိုတဲ့ ပြဿနာက ၀င်လာပြန်ရော…

တော်တော်များများကတော့ Google Reader, Yahoo Reader စတာတွေနဲ့ subscribe လုပ်ပြီး ဖတ်ရှုတတ်ကြပါတယ်. ကျွန်တော်လည်း အဲလိုဖတ်နေဆဲပါပဲ.

ဒါပေမယ့် ပိုကောင်းတဲ့ အကြံဥာဏ်တစ်ခုကို ကျွန်တော်တို့ မိတ်ဆွေဘလော့ဂါ တစ်ချို့ မနှစ်က စဉ်းစားခဲ့ကြဖူးတယ်. အဲဒါဘာလဲဆိုတော့ မြန်မာဘလော့ဂ်တွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းထားပြီး အသစ်တက်လာတဲ့ ပို့စ်လေးတွေကို အဲဒီ့ website လေးမှာ ဖော်ပြပေးထားနိုင်လို့ရှိရင် စာလာဖတ်သူတွေအတွက် အရမ်းအကျိုးကျေးဇူးများစေနိုင်မယ်၊ အချိန်ကုန်လည်း သက်သာစေနိုင်မယ်လို့ ဆွေးနွေးကြံဆခဲ့ကြဖူးတယ်.

ဒါနဲ့ပဲ မြန်မာဘလော့ဂါ ပေါ်တယ်လ်လေးတစ်ခု လုပ်ကြမယ်ဆိုတဲ့ အဆင့်ကို ရောက်ခဲ့ကြပါတယ်. Website Layout ပုံစံလေးတွေကို ကိုညီလင်းဆက်က တင်ပြလာခဲ့ပြီး ကိုစစ်အိမ်ကတော့ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းလေးတစ်ခုကိုတောင် အိတ်စိုက်ဝယ်ထားပြီးနေပါပြီ. Fund ကလည်း အရန်သင့်ပါပဲ. စကြဖို့ပဲ ရှိပါတော့တယ်.

မြန်မာဘလော့ဂ်စာအုပ်ထုတ်မယ်. ပြီးရင် မြန်မာဘလော့ဂါရပ်ဝန်း (Myanmar Bloggers Society, MBS) ကိုဖွဲ့မယ်. မြန်မာဘလော့ဂ် ပေါ်တယ်လ်လေး လုပ်မယ်ဆိုပြီး အသေးစိတ် စီစဉ်ခေါင်းချင်းရိုက် ဆွေးနွေးနေကြတုန်းမှာပဲ

အဲဒါတွေဖြစ်သွားခဲ့တယ်ဗျာ.

အဲဒါနဲ့ပဲ အဲဒါတွေ ဆက်မလုပ်ဖြစ်တော့ဘဲ အခုချိန်ထိ တိုးလို့တန်းလန်းတွေ ဖြစ်ကုန်တယ်.

ဒီနေ့ညနေခင်း အိမ်ပြန်လာတော့ ဆီဘောက်စ်ထဲမှာ လင့်ခ်အသစ်လေးတစ်ခု ကြော်ငြာဝင်ထားတာ တွေ့မိတယ်. အဲဒါနဲ့ သွားကြည့်လိုက်တော့…

Wow!... This is what we want…. လို့ ဖြစ်သွားခဲ့တယ်…

အဲဒီ့ဘလော့ဂ်လေးကို လုပ်ထားတဲ့ ဘလော့ဂါ ကိုကျော်လင်းထွန်းကိုလည်း ကျေးဇူးအထူးပဲ တင်ပါတယ်.

သွားရောက်လေ့လာကြည့်ပါ. မိမိတို့ရဲ့ ဘလော့ဂ်နာမည်လေးတွေ မပါသေးဘူးဆိုရင်လည်း စာရင်းပေးခဲ့လိုက်ပါ.

လင့်ခ်ကတော့ ဒီမှာပါ ခင်ဗျာ.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…

ရန်အောင်

One Man's Dream & blah blah blah....

ဒီတစ်ခါတော့ ကျွန်တော်အကြိုက်ဆုံး ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ yanni ရဲ့ One Man's Dream စန္ဒယားလက်သံလေးကို နားထောင်ဖြစ်ခဲ့တယ်.

အခန်းထဲမှာ မီးလုံးမှိန်မှိန်လေးထွန်း၊ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာဖြစ်တဲ့ အ၀တ်အစားလေးဝတ်ပြီး ခန္ဒာကိုယ်တစ်ခုလုံးမှာ တင်းမာနေတဲ့ အကြောအခြင်တွေကို ဖြေလျှော့လို့ ငြိမ်းချမ်းစွာ နားထောင်လို့ သိပ်ကောင်းမယ့် သံစဉ်လေးတစ်ခုပါ.

ဒါကတော့ ဒုတိယမြောက် ကျွန်တော်အနှစ်သက်ဆုံး သံစဉ်လေးတစ်ခုပါ. Reflections of passion တဲ့... ခံစားချက်တွေဆိုတာ ရောင်ပြန်ဟပ်သင့်ပါတယ် ဆိုတဲ့ သဘောပေါ့.

နရီစည်းချက်မှန်စွာ စီးဆင်းနေတဲ့ သံစဉ်လေးတွေအောက်မှာ နစ်မျောလွင့်ပါနေရင်း မနက်ဖြန်အတွက် အင်အားသစ်များကို စုဆောင်းဖြည့်တင်းနေခဲ့ချိန်မှာ ကျွန်တော့်အခန်းလေးကတော့ ငြိမ်သက်စွာ အိပ်စက်နေခဲ့ပါတယ်လေ....

ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်လာတော့မယ် ဆိုတာတွေအတွက် ကြိုတင်ပြင်ဆင်အားမွေးထားရင်း နွေးထွေးပျူငှာတဲ့ အမေ့အိမ်ကိုလွမ်းဆွတ်လာမိခိုက် Nostalgia ကို ဆက်နားထောင်ဖြစ်ခဲ့တယ်.

Tuesday, June 17, 2008

ဖတ်မိသောစာ ရသောအတွေး (၂) - မျက်နှာသစ်ခြင်း...

စာဖတ်ဝါသနာပါတဲ့လူတိုင်းလိုလို ကိုယ်ဖတ်မှတ်ထားဖူးတဲ့ စာ၊ကဗျာ၊ဆုံးမစာလေးတွေဟာ အခါအခွင့်သင့်တဲ့အခါမှာ မိမိတို့ရဲ့ ခေါင်းထဲကို ရောက်လာတတ်ကြပါတယ်. အဲဒီ့အခါကျမှ...

“ဟာ..... ဒါပဲ..... ဒါကို ဆိုလိုတာပဲ... ” ဆိုပြီး လက်ဖျစ်တတွက်တွက်၊ ပါးစပ်ကတဖွဖွ ပြောဆိုရင်း လေးနက်တဲ့ အတွေးအခေါ်တစ်ခုကို တစ်သက်စာ မွေးစားမိလိုက်တာမျိုး ကြုံကြိုက်မိကြမှာပါ...

တစ်ချို့လည်း ရလာတဲ့ အတွေ့အကြုံတွေကို ရင်းနှီးပြီး အမှားတစ်ခုကို ထပ်ခါထပ်ခါမမှားအောင် သတိရှေ့ဆောင်ပြီး ရှောင်ကြဉ်ကြိုးစားနေထိုင်သွားကြရင်း အောင်မြင်မှုနဲ့ ပိုမိုနီးစပ်သွားတတ်ကြပါတယ်.

တစ်ချို့ကတော့ အမှားတစ်ခုကို ပြုပြင်မယူနိုင်ဘဲ ဒီအမှားကိုသာ ထပ်ခါတလဲလဲ ကျူးလွန်နေမိတတ်ရင်း ဥာဏ်ပညာရင့်ကျက်မှုအပိုင်းမှာ အကြီးအကျယ် ဆုံးရှုံးနစ်နာသွားကြရပါတယ်.

တစ်ချို့စာတွေဟာ ဖတ်လိုက်ပေမယ့် ရင်ထဲအသည်းထဲထိ ရောက်ဖို့ တစ်စုံတစ်ရာလိုအပ်နေတတ်ပါတယ်.

အဲဒါဘာလဲဆိုတော့ ရင့်ကျက်လာတဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ အတွေ့အကြုံပါ..

ငယ်ငယ်တုန်းက လေ့လာမှတ်သားဖူးတယ်ဗျ.

Experience is the best teacher တဲ့...

ကျွန်တော်လည်း စာတစ်ချို့ကို အထိုက်အလျောက် ဖတ်မှတ်ခဲ့ဖူးပါတယ်. တစ်ချို့စာတွေကို စွဲစွဲမြဲမြဲ မှတ်မိပြီး ဖတ်မိစဉ် တခဏမှာ digest လုပ်ပစ်လိုက်နိုင်ပေမယ့် တစ်ချို့စာတွေကတော့ ကျွန်တော့်နှလုံးသားထောင့်တစ်နေရာမှာ မသိမသာ ကိန်းအောင်းနေတတ်ကြပါတယ်. အချိန်အခါတစ်ခုကို စောင့်နေသလိုပါပဲ...

အခုတော့ အတွေ့အကြုံဆိုတဲ့ ဆရာသမားကောင်းကြီး ကျေးဇူးနဲ့ အဲဒီ့ နှလုံးသားထောင့်တစ်နေရာက စာကောင်းပေမွန်တစ်ချို့ ကျွန်တော့်ခေါင်းထဲကို Digest လုပ်ဖို့ ထွက်ကျလာခဲ့တယ်.

အဲဒီ့ထဲက တစ်ခုကတော့ အခုကျွန်တော်ဝေမျှချင်တဲ့ ကဗျာလေးတစ်ပုဒ်ပေါ့...

“မျက်နှာသစ်ခြင်း”

ရင်ထဲမဟူရာ၊ နှုတ်မှာပုလဲ
မျက်ဝန်းထဲမှာ၊ နီရဲပတ္တမြား…။

သင်္ကန်းတစ်ဖက်၊ လွှတစ်ဖက်နှင့်
ရက်စက်နှုတ်ချို၊ သောနုတ္ထိုနှယ်
မုဆိုးလည်များ…။

နွယ်လိုမြက်လို၊ ပုတ်သင်ညိုသို့
တိမ်လိုလှိုင်းလို၊ မြေခွေးအိုသို့…

ဟိုသည်ပြောင်းနေ၊ ခုနစ်ထွေက တတ်
ဇာတ်ပျက်အချို့…။

သူတို့ချည်းလေ..
ရှိနေသလား၊ အားငယ်ချင်ခိုက်
“သံလိုက်တစ်ခုသည် မတူညီသောဝင်ရိုးစွန်းများရှိ၏”
နားလည်မိဆဲ၊ အနေရဲပြန်
လူထဲပြန်ဝင် တိုးလိုက်မိ…။ ။

ပုတီးကုန်းမောင်စိန်ဝင်း
သောကခြေရာ ရတနာ ကဗျာများ…

Thursday, June 12, 2008

ဖတ်မိသောစာ၊ ရသောအတွေး (၁)

မဖတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ "မဃဒေ၀လင်္ကာသစ်ကြီး" ကို ဒီနေ့ ပြန်ဖတ်ဖြစ်ခဲ့ပါတယ်.

အဲဒီ့အထဲကမှ နှစ်သက်မိတဲ့ စာပိုဒ်တစ်ချို့ကို စကားပြေပြန်ပြီး တင်ပြဆွေးနွေးလိုက်ပါတယ်.

နောင်ကိုလည်း မကြာမကြာ စာကောင်းပေမွန်လေးတွေကို ဆက်လက်ဝေမျှ ဆွေးနွေးသွားပါဦးမယ်.

သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏၊ ယွင်းဖောက်အလို၊ ၀န်မတိုနှင့်၊ သူ့ကိုဂုဏ်နှိမ့်၊ကိုယ့်ဂုဏ်နိမ့်၏၊ စည်းစိမ်အရာ၊ သူ့ချမ်းသာ၌၊ ဣသာမပြု၊ ၀မ်းမြောက်ရှုလော့၊ (ပိုဒ်ရေ ၁၈၅)

သူတစ်ပါးကို ချီးမွမ်းပြောဆိုတတ်သူသည် မိမိ၏ ဂုဏ်သတင်းလည်း ပိုမိုမြင့်မားလာတတ်၏။ မနာလိုဝန်တိုခြင်း၊ ဂုဏ်သတင်းညှိုးနွမ်းစေရန် မဟုတ်မှန် လုပ်ကြံလီဆယ်၍ ပြောဆိုနှိမ့်ချတတ်သူများသည် မိမိတို့၏ ဂုဏ်သိက္ခာကို ပြန်လည်ဖျက်ဆီးနေသူများနှင့်တူ၏။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာ၊ ပညာဂုဏ်သတင်း ကျော်စောခြင်း၌ ဣသာမစ္ဆရိယစိတ် မပွားများဘဲ ၀မ်းမြောက်ဝမ်းသာ မုဒိတာပွားသင့်လှပေ၏။

ဗာလအလို၊ သ၀န်တိုနှင့်၊ ကိုယ်ကိုထောင်လွှား၊ အမြတ်ထား၍၊ သူ့အားနှိမ့်ချ၊ ပြုတတ်ကြမူ၊ မလှကျိုးမဲ့၊ ဂုဏ်ချို့တဲ့လျက်၊ ကဲ့ရဲ့ဘေးဒဏ်၊ ကိုယ်ကိုပြန်ပြီး၊ ဧကန်မုချ၊ ဒုက္ခကိုယ်မှာ၊ ရောက်တတ်စွာခဲ့…. (ပိုဒ်ရေ ၂၀၃)

သူယုတ်မာ၊ သူမိုက်တို့သည် မနာလို သ၀န်တိုစိတ် ကြီးစွာဖြစ်သဖြင့် မိမိကိုယ်ကိုသာ အထူးအမြတ်ထားတတ်၍ သူတစ်ပါးအား နှိ့မ်ချပြောဆို စကားတင်းဆိုတတ်ကြ၏။ ထိုသို့ပြုခြင်းသည် မည်သူ့ကိုမျှ အကျိုးမများစေသည့်အပြင် မနာလိုစိတ်ဖြစ်သူ လူမိုက်ကိုသာ ပြန်လည်လောင်ကျွမ်း ဂုဏ်သိက္ခာညှိုးနွမ်းလျက် ဒုက္ခရောက်စေတတ်၏။

ရထားစက်ဟုန်၊ လည်သုန်သုန်ကို၊ မတုန်မလှုပ်၊ တည်စေချုပ်သို့၊ ဟုပ်ဟုပ်အမျက်၊ ကောဓစက်ကို၊ ဥာဏ်လက်သိမ်းအုပ်၊ လည်မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူ့အားလျှင်၊ ဘုရားတကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘ၀ဂ်တီးအောင်၊ ကောင်းချီးခေါ်ပြု၊ သာဓုထပ်မျှ၊ ချီးမွမ်းကြ၏။ (ပိုဒ်ရေ ၂၃၄)

အရှိန်ပြင်းစွာ လည်ပတ်နေသော ရထားဘီးကို ရပ်တန့်သွားအောင် ပြုလုပ်နိုင်သကဲ့သို့ ပညာရှိသူသည်လည်း မိမိ၌ဖြစ်သော ဒေါသကို မလှုပ်မယှက်နိုင်အောင် ဇက်မှကိုင်၍ ထိန်းချုပ်နိုင်စွမ်းရာ၏။ ထိုသို့သော ပညာရှိပုဂ္ဂိုလ်ကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ကောင်းချီးဩဘာပေး၍ သာဓုခေါ်ကာ ချီးမွမ်းဂုဏ်ပြုတတ်ကြပေ၏။

လောဘဒေါသ၊ မောဟအဟုန်၊ ဆတ်ဆတ်ခုန်၍၊ သည်းတုန်အူလှိုက်၊ မမူထိုက်ရှင့်၊ သူမိုက်သဘော၊ စရိုက်ပြောလျက်၊ ကုဒ္ဓေါဓမ္မံ နဇာနာတိ၊ အစရှိသား၊ ပါဠိဒေသနာ၊ ဟောမိန့်မှာတိုင်း၊ မှန်စွာစင်စစ်၊ ဒေါသဖြစ်က၊ ကျိုးပြစ်တရား၊ မသိငြားဘူး။ (ပိုဒ်ရေ ၂၃၄)

လောဘ၊ ဒေါသ၊ မောဟဟူသော အကုသိုလ်တရားများ၏ ရှေ့ဆောင်မှုဖြင့် အရာရာကို မိုက်မဲစွာ မဆုံးဖြတ်ရာ။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့်အတိုင်း အမျက်ဒေါသသည် မည်သည့်အရာကိုမျှ မစဉ်းစားမဆင်ခြင်ဘဲ ပရမ်းပတာ ပြုတတ်၏၊ အမှန်တကယ် ဒေါသဖြစ်ပါက အကြောင်းအကျိုး၊ အကောင်းအဆိုးကို မစဉ်းစားမချင့်ချိန်နိုင်တော့ဘဲ လွဲမှားစွာ ဆုံးဖြတ်လုပ်ကိုင်တတ်၏။

မူနည်ယုတ်မာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣသာသဘော၊ ပြန့်ပြောများသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှမလှနှင့်၊ ဟီနဥက္ကဋ္ဌ်၊ ယုတ်မြတ်လူရှင်၊ ပျိုအိုသွင်လည်း၊ မြင်မြင်သမျှ၊ သွားကိုပြ၍၊ ဒေါသမျက်ဆူ၊ ဟိန်းငြူစူ၏။ (ပိုဒ်ရေ ၂၃၅)

စိတ်သဘောထား ယုတ်မာကောက်ကျစ် ကြမ်းတမ်းခက်ထန်သူများသည် ခွေးနှင့်တူ၏။ အဘယ့်ကြောင့်ဆိုသော ခွေးသည် ရုပ်အဆင်းလှသူ၊ မလှသူ၊ ယုတ်ညံ့သူ၊ မြင့်မြတ်သူ၊ ပျိုသူ၊ အိုသူဟူ၍ မရွေးဘဲ တွေ့သမျှလူကို သွားကိုဖြဲပြ၍ ဒေါသဖြင့် ဟောင်တတ်၊ ငြူစူတတ်သောကြောင့်ပင် ဖြစ်၏။

လောင်ခြစ်ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူအမျက်၊ ပြန်မထွက်က၊ အောင်ခက်နိုင်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်၊ မကြည်စိတ်စက်၊ အမျက်ထွက်သူ၊ ထိုသည့်သူနှင့်၊ အတူပြန်လျက်၊ မျက်မာန်ထွက်သော်၊ ရှေ့ထက်နောက်လူ၊ မိုက်သောဟူ၏။ (ပိုဒ်ရေ ၂၆၃)

ကိုယ့်အပေါ် အမျက်ဒေါသနှင့် ဆက်ဆံပြောဆို တိုင်းထွာဆဲရေးလာသူကို တုံ့ပြန်၍ အမျက်ဒေါသ ခိုက်ရန်မဖြစ်ပွားသူသည် စစ်မြေပြင်၌ အောင်ပွဲရသူနှင့် တူ၏။ ထိုကဲ့သို့မဟုတ်ဘဲ အမျက်ထွက်သူကို ပြန်လည်အမျက်ထွက်သူသည် ပိုမို၍ မိုက်မဲသောသူသာ ဖြစ်ပေလိမ့်မည်။

ကျိုးပြစ်မသိ၊ မရှိဥာဏ၊ မိုက်ဝါဒနှင့်၊ လူ့ဗာလမျိုး၊ လနေမိုးကို၊ မျက်ငြိုးငြူစူ၊ ဆဲရေးမူလည်း၊ ဆဲသူလူနွမ်း၊ သွမ်းသာသွမ်း၏၊ သွားလမ်းအညီ၊ ရာသီပက္ခ၊ ကာလမရွေ့၊ သာလေ့ပူလေ့၊ ရွာမြဲလေ့တိုင်း၊ ပြကတေ့အရိုး၊ လနေမိုးတို့၊ နွမ်းညှိုးဂုဏ်ဝါ၊ ဘယ်ပျက်ရာလိမ့်။ (ပိုဒ်ရေ ၂၆၃)

ပညာမဲ့သော လူမိုက်လူယုတ်တို့သည် အကြောင်းအကျိုး၊ အဆိုးအပြစ်တို့ကို နားမလည်ဘဲ ကောင်းကင်ထက်တွင် သွားလာနေသော လ၊ နေ၊ မိုးတို့ကို ပြစ်တင်ရှုတ်ချပြီး ဆဲရေးတိုင်းထွာနေသော်လည်း ဆဲသူသာ မောပန်းပြီး လူမိုက်လူသွမ်းတစ်ယောက် ဖြစ်ရ၏။ အဘယ့်ကြောင့်ဆိုသော် လ၊နေ၊ မိုးတို့သည် ၄င်းတို့အား ကဲ့ရဲ့ သဂြိုဟ်ခြင်းကို ဂရုမထားဘဲ မိမိတို့၏ ရာသီဓမ္မတာ ဓလေ့ထုံးစံအတိုင်း သာမြဲသာ၊ ပူမြဲပူ၊ ရွာမြဲရွာပင် ဖြစ်၍ ၄င်းတို့၏ ဂုဏ်သိက္ခာကို မည်သို့မျှ မထိခိုက်နိုင်ချေ။

ပဋိဃာတ်မျိုး၊ ရန်မပျိုးနှင့်၊ ရန်ငြိုးမထား၊ တရားမွေ့ညက်၊ မေတ္တာသက်၍၊ ရန်ဖက်မမူ၊ ရေးမယူက၊ ရန်သူမဖြစ်၊ ချစ်ထက်ချစ်၏။ (ပိုဒ်ရေ ၃၁၈)

ဒေါသတရား ရှေ့ထားပြီး တစ်ဦးအပေါ် တစ်ဦး ရန်စမပျိုးသင့်၊ ရန်ငြိုးလည်း မထားသင့်။ တရားတော်၌ မွေ့လျော်လျက် မည်သူ့ကိုမျှ တုံ့ပြန်ရန်ငြိုး မထားပါနှင့်။ ထိုသို့ ရန်ကို ရန်ချင်း မတုံ့နှင်းသော် မိမိသည် ထိုသူ၏ ရန်သူမဖြစ်သည်သာမက မိမိကိုပင် ပိုမိုကြည်ညိုလေးစားပေလိမ့်မည်။

ခင်မင်လေးစားလျက်

ရန်အောင်

Wednesday, June 11, 2008

ခေတ်လွန်ဂီတ...

ဒီဗွီဒီယိုလေးကို Youtube မှာ ကြည့်မိပြီး ကြိုက်လို့ ပြန်မျှဝေလိုက်ပါတယ်. အရမ်းကို creative ဖြစ်ပါတယ်. သံစဉ်လေးကလည်း သပ်ရပ်လှပပါတယ်.

အပန်းပြေပေါ့ဗျာ.

Monday, June 09, 2008

ဥဒါန်း

“သူရဲကောင်းဆိုတာ နှစ်ခါမသေဘူး”တဲ့
ဒီစကား ငါကြားခါစက
ရင်ထဲ ကြက်သီးဖြန်းခနဲထ
ဘ၀မာန် ဟုန်းခနဲကြွ
“ငါကွ” ဆိုပြီး လက်သီးလက်မောင်းတန်းလို့
ဘ၀တစ်ခုကို လန်းဆန်းစွာ တည်ဆောက်ခဲ့တယ်.

ကံကောင်းခဲ့သည်လည်းရှိ
ကံမကောင်းခဲ့သည်လည်း ရှိ
ကံကောင်းစဉ် တခဏ
လှပတဲ့ သံစဉ်တွေအောက်
ခပ်မြောက်မြောက် စီးဝင်ဆဲပေါ့
မမြင်သာတဲ့ ၀ဲဂယက်တစ်ခုမှာ
ငါ့ရဲ့ ကံဆိုးခြင်းတွေ စောင့်ဆိုင်းနေခဲ့တယ်.
ငါမသိခဲ့ဘူး
သိခဲ့ပေမယ့်လည်း မသိချင်ခဲ့ဘူး
ဒီလိုနဲ့ပဲ
တစ်နေ့ ငါသေဆုံးခဲ့ရတယ်.
တစ်ခါသေခဲ့တဲ့ ငါပေါ့…

“ရှုံးရင်ပြန်ထ အဲဒါဘ၀”တဲ့
အားပေးမှုတွေနဲ့အတူ
လူလူသူသူဖြစ်အောင် ဘ၀ကို ပြန်တည်ဆောက်
ရောက်တတ်ရာရာမှာ ကျင်လည်နေထိုင်ခဲ့ရင်း
ဘ၀လှေကို အားတင်းလို့ ပြန်လှော်ခဲ့တယ်
မျှော်လင့်ချက်တိုင်းမှာ ငွေရောင်အနားစတွေ ကွပ်လို့ပေါ့
ဒီလိုနဲ့ပဲ
တစ်နေ့ ငါပြန်ရှင်သန်ခဲ့တယ်.
သေရွာပြန်ခဲ့တဲ့ ငါပေါ့…

“တစ်ခါသေဖူး ပျဉ်ဖိုးနားလည်” တဲ့
ငါသေဖူးတယ်.
ဒါပေမယ့် ပျဉ်ဖိုးကိုတော့ ငါ မသိဘူး
ငါသိတာ ငါသေဖူးတယ်.
ခု ငါပြန်ရှင်တယ်.
ငါသေရင် ပျဉ်နဲ့ပဲ ဖုံးဖုံး
တုံးလုံးပဲ ပစ်ပစ်
ဖြစ်ချင်ရာဖြစ်စမ်းပါစေ
ငါ ပျဉ်ဖိုးကို ဘယ်တော့မှ ထည့်မတွက်ဘူး
ငါဟာ စွန့်စားသူ
ငါဟာ ပျံဝဲသူ
ငါဟာ လွတ်လပ်သူ
ငါဟာ ဒူးမထောက်သူ…

ငါသေရင် ငါ့အလောင်းကို
အညံ့မခံအရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ဖုံးလွှမ်းပစ်မယ်.
အသုံးမကျတဲ့ ရေလိုက်ငါးလိုက်စိတ်ဓာတ်တွေနဲ့
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ငါမပြောဘူး
ဒါ… ငါ့ရင်ထဲက ငါ့သစ္စာ
ဒါ…ငါကိုယ်စားပြုတဲ့ ငါ့မျက်နှာ
ဒါ… ငါယုံကြည်တဲ့ အမှန်တရား
ဒါ… ငါစွဲကိုင်တဲ့ အင်အား…

ငါ့ရင်ထဲက တွယ်တာမိတဲ့ ခံစားချက်
မေတ္တာဓာတ်နဲ့ ဖျက်ပစ်မယ်.
ငါ့မျက်နှာပေါ်က အမည်းစက်
သစ္စာလက်နဲ့ ဖျက်ပစ်မယ်.
ငါ့ပန်းတိုင်ရှေ့က အတားအဆီးများ
ပညာအားနဲ့ ဖျက်ပစ်မယ်.
ငါ့နားနှစ်ဖက်က စကားတင်းတွေ
ဥပေက္ခာနဲ့ ဖျက်ပစ်မယ်.
ငါ့မျက်စိရှေ့က သရော်ချက်တွေ
ပြက်ရယ်ပြုလို့ ဖျက်ပစ်မယ်.
ငါ့ခြေထောက်အောက်က နှောင့်နှေးခြင်းတွေ
မြင်းရိုင်းတစ်ကောင်ရဲ့ ခွာနဲ့ဖျက်မယ်…

ဒီနေ့ ငါသေရင် မနက်ဖြန် ငါပြန်ရှင်မယ်.
မနက်ဖြန် မရှင်နိုင်ရင် သန်ဘက်ခါ ပြန်ရှင်သန်မယ်.
သန်ဘက်ခါ မဟုတ်ရင် ဖိန်းနွှဲခါပေါ့
ဒီဘ၀တာ မပြီးပြတ်ခဲ့ရင် နောက်ဘ၀ပေါ့
သေတယ်ဆိုတာ ငါ့ခန္ဒာပင်
အမြဲရှင်မှာ ငါ့ဝိညာဉ်….

ငါ့ရှေ့မှာ ကူညီသူရှိရှိ မရှိရှိ
ငါ့နောက်မှာ ပံ့ပိုးပေးသူ ရှိရှိ မရှိရှိ
ငါ့ကိုယ်ငါ ကိုးကွယ်လို့
ငါဆိုတဲ့ သတိနဲ့
ငါ ဒီဘ၀ကို လျှောက်လှမ်းတယ်
ငါသေဖူးတယ်
ဒါကြောင့် ငါပြန်သေမှာ လုံးဝမကြောက်
ငါပြန်ရှင်သန်ဖူးတယ်
ဒါကြောင့် ပြန်လည်ထူထောင်လိုစိတ် လုံးဝမပျောက်

ငါ့စကားတွေ မောက်မာနေနိုင်ပေမယ့်
ငါ့ပညာတွေ မလော်မာဘူး…
ငါ့မာနတွေ မိုးထိနေနိုင်ပေမယ့်
ငါ့နီးစပ်ရာ မနစ်နာဘူး…
ငါ့သိက္ခာတွေ စိန်ခေါ်ခံရပေမယ့်
ငါ့ခြေလှမ်းတွေ စွတ်မရမ်းဘူး…

ငါပိုင်ဆိုင်တဲ့ ငါ့ဘဝ
လှပစွာ ငါတည်ဆောက်မယ်
ဘ၀ဆိုတာ တာတိုပြေးပွဲမဟုတ်
ငါဟာ အကြိမ်ကြိမ်သေဆုံးခဲ့ဖူးတယ်.
ဒါကြောင့် ငါဟာ သူရဲကောင်းမဟုတ်.
ငါဟာ လူတစ်ယောက်သာဖြစ်တယ်.
ဒါပေမယ့် ငါဟာ
လူထဲကလူတော့မဟုတ်
လူပေါ်က လူသာဖြစ်တယ်.

ရန်သူအတွက် ငါဟာ မီး
မိတ်ဆွေအတွက် ငါဟာ ထီး
မီးဆိုတာ သုံးတတ်ရင် မိတ်ဆွေပြန်ဖြစ်နိုင်သလို
ထီးဆိုတာလည်း မသုံးတတ်ရင် လောင်းရိပ်မိတတ်တယ်.
မီးဖြစ်မလား ထီးဖြစ်မလား
ရန်သူမိတ်ဆွေ မခွဲခြားဘူး
ယူတတ်သူယူ
ပူတတ်သူပူ
ဆူတတ်သူဆူ
ငြူစူတတ်သူ ငြူစူ
ပျော့ညံ့သိမ်ဖျင်းတဲ့ မိတ်ဆွေထက်
ခိုင်မာတည်ငြိမ်တဲ့ ရန်သူကို ငါ ပိုသဘောကျတယ်.
ငါ့အရည်အချင်းတွေကို ပိုတက်စေလို့ပဲ.

ကိုယ်လုပ်စရာရှိတာကိုယ်လုပ်
လေပုပ်ထုတ်ဆေးမှီဝဲလို့
အရိအချွဲစိတ်ဓာတ်တွေ သွန်မချပြနဲ့
ဇွန်လမှာ ရွာတဲ့ မိုးရေတွေ ညစ်ညမ်းကုန်မယ်.

ပြတင်းတံခါးကနေ လှစ်ကြည့်ခိုင်းမိတဲ့ တခဏ
လှပဝေဆာနေတဲ့ ပန်းခင်းကြီးထက်
ပျက်ယွင်းနေတဲ့ ခြံစည်းရိုးကိုသာ
မြင်နေတတ်မှတော့
မင်းရဲ့ ခပ်ပေါ့ပေါ့စိတ်ဓာတ်တွေအတွက်
ငါ့နှလုံးသားကို ကန့်လန့်ကာ တပ်လိုက်မိတော့တယ်.

(ရေခဲငှက်)

Sunday, June 01, 2008

Menu Tab လုပ်နည်းများ - ပုံစံ (၁)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ. ကျွန်တော်အလုပ်တွေများနေတာရယ်၊ စာရေးဖို့ မုဒ်ပျောက်နေတာရယ်ကြောင့် ခုတလော စာရေးကျဲသွားတာ ခွင့်လွှတ်ပါ.

ဒီတစ်ခါမျှဝေချင်တာကတော့ ဘလော့ဂ်မှာ Menu Tab လုပ်နည်းလေးပါပဲ. ဒီပို့စ်လေးကို ရေးဖို့ အားခဲထားတာ ကြာပါပြီ. အခုမှပဲ စတင် အကောင်အထည်ဖော်ဖြစ်တော့တယ်ဗျာ. အခု ကျွန်တော့်ရဲ့ ပို့စ်လေးကို ပုံစံ (၁)လို့ နာမည်ပေးထားရတာက နောက်ထပ် ပုံစံကွဲလေးတွေ ရှိသေးလို့ပါပဲ. အဲဒါလေးတွေကိုလည်း ထပ်ရေးပေးသွားပါမယ်. ပို့စ်တစ်ခုတည်းမှာ ရေးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ ခွဲထုတ်ရေးသားဖို့ ရည်ရွယ်ထားတာပါ.

ကဲ. ဒီတော့ Menu Tab ဆိုတာ ဘာလဲဆိုတာကနေ စကြည့်လိုက်ရအောင်. ပုံလေးတွေကို ကြည့်လိုက်ပါ. အဲဒါ Menu Tab လေးတွေပါပဲ.

ဘလော့ဂ်တန်းပလိတ်တိုင်းမှာ Menu Tab မပါကြပါဘူး. ပါတဲ့ တန်းပလိတ် တစ်ချို့ ရှိပါတယ်. ဒါပေမယ့် Wordpress အတွက် အများစုဖြစ်နေကြတယ်. Blogger Platoform အတွက်ကျပြန်တော့လည်း ရှိတော့ရှိပါရဲ့. Classic Template အတွက် ဖြစ်နေတတ်ပြီးတော့ New Blogger Widget Template အတွက် Menu Tab ထည့်ပေးပြီးသား မရှိတတ်ကြပါဘူး. ဒီတော့ ကိုယ်တိုင်ကိုယ်ကျ ထည့်တတ်အောင် လေ့လာသင်ယူလိုက်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလားဗျာ…

ပထမဦးဆုံးအနေနဲ့ ကိုယ်လုပ်မယ့် Menu Tab အတွက် Button လေးတွေကို ဖန်တီးယူရပါမယ်. Photoshop နိုင်နင်းတဲ့သူတွေအတွက်ဆိုရင်တော့ ကိုယ်ပိုင် Button လေးတွေကို ဖန်တီးနိုင်မှာပါ. Flash သမားတွေဆိုရင် ပိုတောင်မှ အဆင့်မြင့်တဲ့ Button လေးတွေ လုပ်ဖို့ အခွင့်အလမ်းအများကြီးရှိပါတယ်. အဲ. ကိုယ်တိုင် မလုပ်တတ်ရင်လည်း စိတ်မပူပါနဲ့. ဒီမှာ အဆင်သင့် လုပ်ပေးပြီးသား Button လေးတွေ ရှိပါတယ်. ကိုယ့်စိတ်ကြိုက် ပုံလေးတွေကို သိမ်းထားနိုင်ပါတယ်.

Black

Blackleft.gif

Blackright.gif

Blue

Blueleft.gif

Blueright.gif

Green

Greenleft.gif

Greenright.gif

Red

Redleft.gif

Redright.gif

Ungu

Unguleft.gif

Unguright.gif

White

whiteleft.gif

whiteright.gif

Yellow

yellowleft.gif

yellowright.gif

ကဲ. ပုံလေးတွေ ယူလိုက်ပြီနော်. ဒါဆိုရင် စလိုက်ကြရအောင်.

အဆင့် (၁)

- Blogger ထဲကို Sign in ၀င်ပါ. Layout>Template>Edit Html ကိုသွားပါ.

- တန်းပလိတ်ကို Backup လုပ်ဖို့ လုံးဝ (လုံးဝ) မမေ့ပါနဲ့. ဒါမှ မတော်တဆ အမှားလုပ်ခဲ့မိရင်တောင် ကိုယ့်ဘလော့ဂ်လေး မပျက်စီးနိုင်တော့ဘူးပေါ့.

- Expand Widget Templates ဆိုတဲ့ Box လေးကို Check လုပ်ခဲ့ပါ.

အဆင့် (၂)

- ပြီးသွားရင်တော့ တန်းပလိတ်ထဲမှာ ]]></b:skin> ဆိုတဲ့ Code လေးကို လိုက်ရှာပါ. တွေ့ပြီဆိုတာနဲ့ အောက်မှာ ဖော်ပြပေးမယ့် ကုဒ်ဒင်းလေးတွေကို အပေါ်ကနေ ကပ်လျက်ထည့်ပေးလိုက်ပါ.

/* Menu Tab Starts Here */

tabshori {
float:left;
width:100%;
font-size:13px;
border-bottom:1px solid #2763A5;
line-height:normal;

#tabshori ul {
margin:0;
padding:10px 10px 0 50px;
list-style:none;

#tabshori li {
display:inline;
margin:0;
padding:0;

#tabshori a {
float:left;
background:url("http://www.fileden.com/files/2007/2/17/784534/blackleft.gif") no-repeat left top;
margin:0;
padding:0 0 0 4px;
text-decoration:none;

#tabshori a span {
float:left;
display:block;
background:url("http://www.fileden.com/files/2007/2/17/784534/blackright.gif") no-repeat right top;
padding:5px 14px 4px 4px;
color:#24618E;

/* Commented Backslash Hack hides rule from IE5-Mac \*/
#tabshori a span {float:none;}
/* End IE5-Mac hack */
#tabshori a:hover {
background-position:0% -42px;

#tabshori a:hover span {
background-position:100% -42px;

အပေါ်မှာ ပြထားတဲ့ ကုဒ်ဒင်းလေးတွေထဲမှာ Default အနေနဲ့ Black Button လေးကို ထည့်ပေးထားပါတယ်. ကိုယ်ကြိုက်တဲ့ အရောင် ပြောင်းယူနိုင်ပါတယ်. အနီရောင်ကြိုက်ရင် blackleft.gif နေရာမှာ redleft.gif ဆိုပြီးတော့ တစ်ခါ၊ blackright.gif နေရာမှာ redright.gif ဆိုပြီးတော့ တစ်ခါ နှစ်နေရာမှာ ပြောင်းပေးရပါမယ်. ဒီလောက်ဆို သဘောပေါက်ပြီထင်ပါတယ်.

ဒီနေရာမှာ တစ်ခု ဖြတ်ပြောချင်ပါတယ်. ဘာလဲဆိုတော့ အခုကျွန်တော်ပေးထားတဲ့ Button လေးတွေအတွက် URL တွေကို သူများတင်ပေးပြီးသား လင့်ခ်တွေကို ယူသုံးတာထက် Hosting Site တစ်ခုခုမှာ ကိုယ်ပိုင်ကောက်တင်ပြီး ယူသုံးတာ ကိုယ့်အတွက် ပိုစိတ်ချရပါတယ်. မဟုတ်ရင်တော့ ၀ိုင်းပြီး သုံးသူတွေ များနိုင်တာကြောင့် Bandwidth မနိုင်တာတွေ ဖြစ်လာနိုင်ပြီး ကိုယ့်ဘလော့ဂ်မှာ တင်ထားတဲ့ Menu Tab လေးတွေ ခဏခဏ ဒေါင်းသွားတတ်ပါတယ်.

File Hosting မလုပ်ခင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို အရင်ဆုံး Save လုပ်ပါ. ဖိုင်လ်တွေကို ဘယ်လိုမျိုး Host လုပ်ရလဲဆိုတာကို သိချင်ရင်တော့ ဒီပို့စ်လေးကို ဖတ်ပြီး လေ့လာစမ်းသပ်ကြည့်ပါခင်ဗျာ….

Button လေးတစ်ခုကို အစမ်းသဘောအနေနဲ့ တင်ပြပေးပါမယ်. အစိမ်းရောင်လေးကို ရွေးလိုက်ပါမယ်. တင်ရမယ့် ဖိုင်က နှစ်ခုပါ. Greenleft.gif နဲ့ Greenright.gif ပါ.

File Hosting လုပ်နည်း အကျဉ်းချုပ်

Free File Hosting ပေးတဲ့ Site တွေထဲကမှ Fileden ကို ကျွန်တော်ရွေးလိုက်ပါမယ်.

Upload ဆိုတဲ့ Tab လေးကို ရွေးပါမယ်.

ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို Browse ကနေ တစ်ဆင့် ရွေးပါမယ်. ပြီးရင်တော့ Upload လုပ်ပါမယ်.

ကျွန်တော်တင်ချင်တဲ့ Greenleft.gif နဲ့ Greenright.gif ဖိုင်လေးတွေကို ရွေးပြီးတော့ Upload လုပ်ပါမယ်.

နောက်တစ်မျက်နှာမှာ ပေါ်လာမှာကတော့ ကျွန်တော်တို့တင်လိုက်တဲ့ ဖိုင်လေးတွေရဲ့ URL လင့်ခ်လေးတွေပါပဲ. Selection လုပ်ပြထားတဲ့ URL လေးတွေကို ကူးယူလိုက်ရင် File Hosting လုပ်တဲ့ Process အောင်မြင်စွာ ပြီးဆုံးသွားပါပြီ.

အခု ကျွန်တော်တို့ရဲ့ Case မှာတော့ ဒီလင့်ခ်လေးနှစ်ခုကို ယူလာရပါမယ်.

http://www.fileden.com/files/2007/2/17/784534/greenleft.gif နဲ့

http://www.fileden.com/files/2007/2/17/784534/greenright.gif တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့လင့်ခ်လေးနှစ်ခုကို အပေါ်မှာ ဆွေးနွေးထားခဲ့သလိုပဲ

http://www.fileden.com/files/2007/2/17/784534/blackleft.gif နဲ့

http://www.fileden.com/files/2007/2/17/784534/blackright.gif ဆိုတဲ့

နေရာလေးတွေမှာ အသီးသီး အစားသွင်းပေးလိုက်ရင် ကိုယ့်စိတ်ကြိုက် Button လေးတွေကို Menu Tab လုပ်တဲ့ အဆင့်ပြီးသွားပြန်ပါပြီ….

အဆင့် (၃)

ဒီအဆင့်က နည်းနည်းခက်ပါတယ်. လန့်မသွားပါနဲ့ဦး. သတိထားပြီး ဖတ်စေချင်လို့ပါ. ဘာလို့လဲဆိုတော့ ဘလော့ဂါတွေ သုံးတဲ့ တန်းပလိတ်တွေက တစ်ခုနဲ့ တစ်ခု မတူကြဘူးမဟုတ်လား. ဒီတော့ အခုပြမယ့် Tricks လေးတွေထဲက တစ်ခုခုနဲ့ အဆင်ပြေမပြေ ကိုယ်တိုင် အရင်စမ်းသပ်ကြည့်ဖို့ လိုပါတယ်. ဒါကြောင့် ဒီအဆင့်လေးကို သတိထားပြီး ဖတ်စေချင်ပါတယ် ခင်ဗျာ.

ပထမဦးဆုံး အခု ကျွန်တော်ပေးလိုက်မယ့် ကုဒ်ဒင်းလေးကို ကော်ပီကူးထားစေချင်ပါတယ်.

မူလစာမျက်နှာသို့

Your Link Name

Your Link Name

ဥပမာ လုပ်ပြပေးထားတဲ့ လင့်ခ်လေးတွေနေရာမှာ ကိုယ့်စိတ်ကြိုက် လင့်ခ်လေးတွေ ထည့်ပေးဖို့တော့ မမေ့ပါနဲ့.

ရပြီဆိုရင်တော့ အဲဒီ့ကုဒ်ဒင်းလေးတွေကို ကော်ပီကူးပြီး အသင့်ပြင်ထားနော်.

ကဲ. ဆက်လုပ်လိုက်ကြရအောင်.

နည်းလမ်း (၁)

ဆိုတဲ့ ကုဒ်ဒင်းလေးကို တွေ့အောင် ရှာပါ. တွေ့ခဲ့ရင်တော့ အခုနက ကျွန်တော်တို့ ကော်ပီကူးထားတဲ့ ကုဒ်ဒင်းလေးတွေကို အခုတွေ့နေရတဲ့
ဆိုတဲ့ ကုဒ်ဒင်းလေးအပေါ်ကနေ ကပ်လျက် ထည့်ပေးလိုက်ပါ.

Template ကို Save မလုပ်ပါနဲ့ဦး. အရင်ဆုံး Preview ကြည့်ကြည့်ပါ. ကြိုက်ပြီလား. အိုကေ. ဒါဆိုရင် Save လုပ်လို့ရပါပြီ.

ဟာ. မဟုတ်သေးဘူး. Menu Tab ပေါ်နေတဲ့ နေရာကို မကြိုက်ဘူး. ဒါဆိုရင်တော့ နောက်တစ်မျိုး ကြိုးစားကြည့်ပါမယ်.

တန်းပလိတ်ထဲမှာ
ဆိုတဲ့ ကုဒ်ဒင်းလေးတွေ အများကြီးရှိပါတယ်. အဲဒါလေးတွေကို ရှာပြီး အပေါ်ကနေ ကပ်လျက်မှာ ကော်ပီကူးဖို့ ပြောထားတဲ့ ကုဒ်ဒင်းလေးတွေကို ထည့်ပေးလိုက်ပါ. တန်းပလိတ်ထဲမှာ
ဆိုတာလေးတွေ အများကြီးပါပါလိမ့်မယ်. ကြိုးစားကြည့်ပါ. ကိုယ့်စိတ်ကြိုက်နေရာမှာ Menu Tab လေးပေါ်လာသည်အထိပေါ့. Preview ခဏခဏ လုပ်ကြည့်ပါ. စိတ်ကြိုက်ရပြီဆိုတော့မှ Save Template လုပ်ပါ.

ဒါက နည်းလမ်း (၁) ပေါ့. တန်းပလိတ်အများစုက ဒီနည်းလမ်းနဲ့ အဆင်ပြေတတ်ကြပါတယ်.

မပြေဘူးဆိုခဲ့ရင်ရော…

Fine! Here is another method…

နည်းလမ်း (၂)

တန်းပလိတ်ထဲမှာ အောက်ပါ ကုဒ်ဒင်းလေးတွေကို လိုက်ရှာပါ.

<b:section class='header' id='header'
maxwidgets='1' showaddelement='no'>
<b:widget id='Header1' locked='true'
title='your blog title (Header)' type='Header'/>
</b:section>

တွေ့ခဲ့ရင် အနီရောင်နေရာလေးတွေကို အခုလို ပြင်လိုက်ပါ.

<b:section class='header' id='header'
maxwidgets='2' showaddelement='yes'>
<b:widget id='Header1' locked='false'
title='your blog title (Header)' type='Header'/>
</b:section>

ပြီးသွားခဲ့ရင်တော့ တန်းပလိတ်ကို Save လုပ်ခဲ့ပါ. ပြီးရင် Page Element> Add Page Element> HTML/Javascript ကို ရွေးပါ. ရပြီဆိုရင်တော့ ခုနက ကော်ပီကူးခိုင်းထားတဲ့ ကုဒ်ဒင်းလေးတွေကို ပေါ်လာမယ့် Content Box လေးထဲမှာ ထည့်ပေးလိုက်ပါ. Save လုပ်ပါ. Preview ကြည့်ကြည့်ပါ.

ကဲ. အဆင်ပြေချောမွေ့ကြပါစေဗျာ. အဆင်မပြေခဲ့တာတွေ ရှိခဲ့ရင်လည်း ကော်မန့်မှာ မေးမြန်းနိုင်ပါတယ်.

Menu Tab တင်နည်း ပုံစံ (၂) ကို မကြာခင် ဆက်လက်ရေးသားဆွေးနွေးပေးသွားပါမယ်.

Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆိုဖြည့်စွက် ရေးသားထားခြင်းဖြစ်ပါတယ် ခင်ဗျာ....

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်.