Wednesday, May 30, 2007

ပင်လယ်နှင့်ကျောက်ဆောင်




ပင်လယ်က ပြောတယ်
ကျောက်ဆောင်ကြီးရေ...
ငါမင်းကို နေ့တိုင်းဖြိုဖျက်ဖို့ ကြိုးစားနေတယ်
မင်းရဲ့ထုထည်က ကြီးမားပါတယ်ကွာ
ဒါပေမယ့် ငါဘယ်တော့မှ အလျှော့မပေးဘူး
ငါ့ရဲ့ မဆုတ်နစ်တဲ့ လှိုင်းလုံးတွေကို အချိန်မပြတ်ရိုက်ခတ်ပြီး
မင်းကို ငါဝါးမျိုပစ်နိုင်အောင် ကြိုးစားမယ်…

ကျောက်ဆောင်ကပြောတယ်
ပင်လယ်ကြီးရေ…
မင်းငါ့ကိုနေ့တိုင်းရိုက်ခတ်ဖြိုလှဲဖို့ ကြိုးစားနေတယ်
မင်းရဲ့ လှိုင်းလုံးကြီးတွေကြောင့် ငါ့မှာ ဒဏ်ရာတွေများနေပါပြီ.
ဒါပေမယ့် ငါဘယ်တော့မှ ဦးမညွှတ်ဘူး
ငါ့ရဲ့ ခိုင်မာတည်ကြည်တဲ့ မာန်မာနနဲ့ မင်းရဲ့စမ်းသပ်မှုတွေကို
ကြံ့ကြံ့ခံရပ်တည်သွားနိုင်အောင် ကြိုးစားမယ်

ပင်လယ်ကြီးရေ…
မင်းရဲ့မလျှော့တဲ့ ဇွဲလုံ့လကို ငါသိပ်အားကျတယ်.
ကျောက်ဆောင်ကြီးရေ…
မင်းရဲ့ ရဲရင့်ပြတ်သားတဲ့ ဘ၀မာန်ကို ငါလေးစားတယ်.
ငါ့ရဲ့ဘ၀လမ်းခရီးတစ်လျှောက်မှာ
ပင်လယ်နဲ့တူတဲ့ ဇွဲ
ကျောက်ဆောင်နဲ့တူတဲ့ ခိုင်မာမှုတွေကို
အသွေးထဲအသားထဲမှာ စီးဝင်နစ်မျောစေရင်း
နေ့တိုင်းပဲ ရိုက်ခတ်နေမယ်
ရိုက်ခတ်လာတာတွေကိုလည်း
ရင်ကော့ခေါင်းမော့လျက် ခံယူနေမယ်…


ဒိန်ခဲလေးများ




ဒီအကွေ့မှာ ပုံမှန်အရ ဘာမှရှိမနေဘူး
ဒါကြောင့် ကျွန်တော်အမှုမဲ့အမှတ်မဲ့နဲ့ပဲ ကိုယ်ကိုယိမ်းပြီး တစ်ဆစ်ချိုးချလိုက်တယ်.
အတားအဆီးတစ်ခုကို မမျှော်လင့်ဘဲတွေ့လိုက်ရတယ်.
ကျွန်တော်ဟန်ချက်ပျက်သွားတာပေါ့
ဒါကြောင့် ကျွန်တော်အမြင်တစ်ခု ရလိုက်တယ်.
တစ်ဖက်မှာ ဘာရှိမလဲလို့ မမြင်ရတဲ့ အချိုးအကွေ့တွေမှာ
ကိုယ်မထင်ထားတာတွေ ရှိနေတတ်တယ်လို့ ကြိုတွေးသတိရှိနေသင့်တယ်.
ဒါဆိုရင် ဟန်မပျက် ကိုယ်လိုရာ ဆက်သွားနိုင်ပြီပေါ့ဗျာ…



ကလေးလေးက ကြိုးစားပြီး လမ်းလျှောက်တယ်.
သူ့မေမေက ရှေ့ကနေ လက်နှစ်ဖက်ဆန့်တန်းရင်း သူ့ကို ပြုံးပြနေတယ်
ကလေးငယ်လေးက သူ့ကိုယ်လေးကို မေမေ့ဆီတိမ်းရင်း လမ်းလျှောက်တယ်.
ယိုင်တိယိုင်ထိုးလေးနဲ့ပေါ့.
သူ့ကိုယ်သူ သတိမထားမိလိုက်တဲ့ အခိုက်အတန့်လေးမှာ
ကလေးလေးဟာ ခြေလှမ်းတွေတော်တော်များများကို
အောင်မြင်စွာလျှောက်လှမ်းလိုက်နိုင်တယ်.
သူလဲကျတယ်. ဒါပေမယ့် ပြန်ထတယ်.
သူ့မေမေသာ ရှေ့မှာကြိုဆိုလက်ယပ်မခေါ်ဘဲနေရင်
သူအဲလိုပြေးလျှောက်နိုင်မယ် မထင်ဘူး
ဒါကြောင့် ကျွန်တော်အမြင်တစ်ခု ရလိုက်တယ်.
ရည်မှန်းချက်ကို မေ၀၀ါးအောင်၊ အမြဲသိသာမြင်သာနေအောင်၊ ပြတ်သားနေအောင်
ကိုယ့်ကိုယ်ကို သိရှိ သတိပေးနေရမယ်.
ဒါဆိုရင် အခက်အခဲတွေကို ကျော်လွှားသွားရတာ စိန်ခေါ်မှုတစ်ရပ်လို ပျော်ရွှင်စရာ ကောင်းလာလိမ့်မယ်ပေါ့ဗျာ…



တစ်ယောက်တည်းမလို့ မဖြစ်နိုင်တဲ့ ပစ္စည်းတွေ အများကြီးကို တစ်ယောက်တည်း အေးဆေးသက်သာစွာနဲ့ သယ်သွားတယ်
ဘီးတပ်ထားတဲ့ တွန်းလှည်းလေးပေါ်မှာ ပစ္စည်းတွေကို တင်ပြီးတော့ပေါ့
သိပ်အံ့ဩစရာကောင်းတယ်ဗျာ.
ဒါကြောင့် ကျွန်တော်အမြင်တစ်ခု ရလိုက်တယ်.
မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ အင်အားအများကြီး စိုက်ထုတ်ဖို့ထက် နည်းလမ်းကောင်းပဲ လိုတယ်.
ဒါဆိုရင် အင်အားနည်းပါးပေမယ့်လည်း ဘယ်သူမှ မကြံဆောင်နိုင်တာတွေကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ပြီပေါ့…



ငှက်လေးတစ်ကောင် အသံပြုနေတယ်.
ချစ်သူကိုများ လွမ်းဆွတ်နေရှာရော့လားကွယ်.
မကြာမတင်မှာဘဲ နောက်တစ်နေရာကနေ ငှက်မလေးရဲ့ ထူးသံကို ကြားရတယ်.
အသံကြားရာဆီကို ငှက်ကလေးခမြာ ၀မ်းသာအားရ တစ်ရှိန်ထိုး ပျံသန်းသွားတယ်.
ဒါကြောင့် ကျွန်တော်အမြင်တစ်ခု ရလိုက်တယ်.
ကိုယ်လိုချင်တာ ဘာဆိုတာသိရင် တောင်းယူတတ်ဖို့ သတ္တိလိုတယ်.
လူတော်တော်များများမှာ အဲဒီ့သတ္တိ ကင်းမဲ့နေလို့ အောင်မြင်သင့်သလောက် မအောင်မြင်ကြဘူး ဖြစ်နေတယ်.
ဒါဆိုရင် ကျွန်တော်လိုချင်တဲ့ တစ်စုံတစ်ရာ အတွက်လည်း ယုံကြည်မှုမြဲမြံစွာနဲ့ မရမချင်း တောင်းယူသင့်တယ်ပေါ့…


Focus:

သတိကို ရှေ့ထားပြီး မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို မျှော်လင့်ပြီး ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားသင့်တယ်. ဒါမှသာ ငြီးငြူခြင်းက ကင်းဝေးပြီး ခိုင်မာတည်ကြည်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ရရှိလာနိုင်မယ်….

ရည်မှန်းချက်ကို မပျက်မြင်အောင် ကြည့်နေသင့်တယ်. ဒါမှသာ ရှုံးနိမ့်မှုကနေ အကြိမ်ကြိမ်ပြန်ထလာနိုင်မယ.် ရည်မှန်းချက်ကို ရရှိအောင်မြင်ဖို့ထက် အဲဒီ့ရည်မှန်းချက်ရှိရာလမ်းကို သွားနေရတာက ပိုပြီး စိတ်ဝင်စားပျော်ရွှင်စရာ ကောင်းတယ်လို့ ခံစားမိလာမယ်….

ကိုယ့်မှာ မရှိသေးတာ၊ မပိုင်ဆိုင်နိုင်သေးတာတွေကို တွေးပြီး စိုးရိမ်နေရင်း လက်ရှိအချိန်တွေကို ဖြုန်းတီးနေတာထက် ရှိတာလေးတွေကို ကောင်းအောင် ပြုပြင်ပြီး ပိုကောင်းတဲ့ နေ့သစ်တွေကို ဖန်တီးသင့်တယ်. အင်အားထက် နည်းလမ်းက ပိုပြီးအရေးကြီးတယ်…

ရင်ဘတ်ကွဲလို့ သေချင်သေသွားစမ်းပါစေ. ဘာသံမှ မပြုလို့ ဘာမှမရတာထက်စာရင်တော့ အသံပြုရက်သားနဲ့ တုံ့ပြန်မှုမရသေးတဲ့ အဖြစ်က ပိုပြီးမြင့်မြတ်ပါတယ်…





Sunday, May 27, 2007

ရင်ခွင်နန်း




ငါက မင်းအတွက် လှေလေးတစ်စင်းပါ
မင်းရဲ့ ဘ၀မြစ်ပြင်ကျယ်ကြီးကို ကူးဖြတ်ရာမှာ အဆင်ပြေစေဖို့
ငါ့ကို လိုသလို အသုံးချပါ
တစ်ဖက်ကမ်းကို ရောက်ရင်တော့ မင်းငါ့ကိုလှည့်မကြည့်နဲ့တော့နော်



ငါက မင်းအတွက် မီးပြတိုက်လေးတစ်ခုပါ
မင်းရဲ့ဘ၀အမောတွေထဲမှာ အမိုက်မှောင်တွေကို ဖယ်ရှားပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ပန်းတိုင်ကို မြင်သွားရင်တော့ မင်းငါ့ကိုမျက်ကွယ်ပြုခဲ့ပါတော့နော်



ငါက မင်းအတွက် တံတားလေးတစ်စင်းပါ
မင်းရဲ့ဟာကွက်တွေကို တေ့ဆက်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ ပြည့်စုံခြင်းတွေကို ရရှိသွားတဲ့တစ်နေ့ကျရင်တော့ မင်းငါ့ကို နင်းကန်ထွက်ခွာသွားပါတော့နော်



ငါက မင်းအတွက် အိမ်လေးတစ်လုံးပါ
မင်းရဲ့ မလုံခြုံမှုတွေကို ကာကွယ်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်ရှာတွေ့သွားရင်တော့ မင်းငါ့ရဲ့ရိပ်မြုံလေးကို
စွန့်ခွာသွားပါတော့နော်.



ငါက မင်းရင်ဘတ်ထဲက နှလုံးသားတစ်စုံ မဟုတ်ပေမယ့်
မင်းကတော့ ငါ့ရင်ဘတ်ထဲက အသက်ငွေ့နွေးနွေးလေးပါ
ငါမရှိလို့ မင်းဘာမှ မဖြစ်ပေမယ့်
မင်းမရှိရင်တော့ ငါ့ဘ၀ဟာ
နေမရှိတဲ့ကမ္ဘာ
ရေမရှိတဲ့မြစ်
ပန်းမပွင့်တဲ့ရဂုံပမာ ဖြစ်နေမှာမို့

ချစ်သူရယ်
အကြင်နာအလင်းတန်းလေးတွေ ဖြာဝေပေးပါ
ကြည်နူးမျက်ရည်များ သွန်းဖြိုးပေးပါ
လှိုက်ဖိုအနမ်းပန်းလေးများ မျှခြွေပေးပါ
ငံ့လင့်စောင့်မျှော်နေသူရဲ့
မမွှေးပျံ့တဲ့ အမိုက်မှောင်ကမ္ဘာကြီးထဲက
မြစ်ငယ်လေးတစ်စင်းအတွက်ပေါ့…






Friday, May 25, 2007

Cbox မှာ နောက်ခံပုံလေးတွေ ထည့်ချင်ရင်…


ကျွန်တော့်ရဲ့ ဆီဗုံးမှာ နောက်ခံပုံလေးထည့်ထားတာကို ဘယ်လိုလုပ်ရလဲ သိချင်နေသူများအတွက် ဒီပို့စ်လေးကို ဆက်ရေးဖြစ်ပါတယ်…

တကယ်တော့ကျွန်တော် ကိုဖိုးချမ်း ရဲ့ ဘလော့ဂ်မှာ ဒါလေးကို စတွေ့တာပါ. အဲဒါနဲ့ သူ့ကို ဆီဗုံးကနေတစ်ဆင့်ပဲ လှမ်းမေးခဲ့ပါတယ်. သူကလည်း ဆီဗုံးကနေ တစ်ဆင့်ပဲ ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေပါတယ်.

(ဘလော့ဂ်ကိုလာပြီး Archive ကို မဖတ်ဘူး ... စိတ်ဆိုးတယ် တဲ့… )

ဟုတ်တယ်နော် ကိုဖိုးချမ်း.. ခင်လို့ စတာကို စိတ်မဆိုးရဘူးနော်၊ ရုပ်ဆိုးတတ်တယ်။ မကျေနပ်ရင် ပြန်စ. ဟတ်ဟတ်ဟတ်...

ကဲ. ဘယ်လိုလုပ်ရလဲဆိုတော့ ဂလိုလုပ်ရပါတယ်ခင်ဗျာ….

အဆင့် (၁)

Cbox ထဲကို Login ၀င်ပါ. Color & Fonts ဆိုတာကို သွားပါ. ပြီးရင် Main BG နဲ့ Alt BG ကို Blank ထားလိုက်ပါ. Apply Button ကို နှိပ်ပါ.

ဘာလို့ အဲလိုလုပ်ရတာလဲဆိုတော့ Cbox ကပေးထားတဲ့ Background ကို အရင်ဖျက်ပစ်မှ ကိုယ်တင်မယ့်ပုံ ပေါ်မှာမို့လို့ပါ.

အဆင့် (၂)

ကိုယ်တင်ချင်တဲ့ ပုံကို Size နည်းနည်းလောက် ညှိပေးဖို့လိုပါတယ်. ဒီတိုင်းကောက်တင်လိုက်လို့ မရပါဘူး. ကိုယ်ပေါ်စေချင်တဲ့အတိုင်း မပေါ်ဘဲ နေပါလိမ့်မယ်. ဒီတော့ကာ Size ကိုဘယ်လိုညှိမလဲ ဆိုတာကတော့ မိမိ Cbox ရဲ့ Width နဲ့ Length ပေါ် မူတည်နေပါတယ်. ဥပမာဗျာ.

ကျွန်တော့် Cbox က Width – 220 နဲ့ Height 300 ပေးထားတယ်. ဒါကြောင့် ကျွန်တော်တင်မယ့် Maple Leaf လေးကို အဲဒီ့ Resolution ရအောင် အရင်ပြင်လိုက်တယ်. ပြီးတော့ File Hosting Site ပေါ် လှမ်းတင်ပြီး URL ထုတ်ယူလိုက်တယ်. ရလာတဲ့ URL ကိုမှ အောက်ပါ Coding လေးတွေထဲမှာ အစားသွင်းလိုက်ပါတယ်.

For Message Background

#cboxmain{
background:url(your image url) no-repeat;
}

For Form Background

#cboxform{
background:url(your image url) no-repeat;
}

အဆင့် (၃)

ခုထိ အဆင်ပြေနေသေးတယ်နော်.
အိုကေ… မိမိဘလော့ဂ်ထဲကို Sign in ၀င်လိုက်ပါ. Template > Edit Html Tab ကိုသွားပါ. ခါတိုင်းလိုပဲ </head> Tag မဆုံးခင် တစ်နေရာရာလေးမှာ အပေါ်က Coding လေးတွေကို ထည့်ပေးလိုက်ပါ. ကျွန်တော်ကတော့ အရင် EOT တို့၊ PollDaddy တို့ရဲ့ Coding လေးတွေနားမှာပဲ ကျွန်တော်အသစ်ထည့်မယ့် Coding လေးတွေကို For Cbox လို့ Comment လေး ရေးပြီး ထည့်လိုက်ပါတယ်. ကျွန်တော် ကြေငြာထားတဲ့ Coding ပုံစံလေးကို လေ့လာကြည့်ပါ ခင်ဗျာ…

<Variable name="postTitleFont" description="Post Title Font" type="font"
default="normal bold 135% 'Zawgyi-One', Georgia, Times New Roman, Tahoma, Arial, sans-serif">

*/


/*For Cbox
------------------------------ */

#cboxmain{
background:url(http://h1.ripway.com/yanaung/red-maple-tree.jpg) no-repeat;
}


#cboxform{
background:url(http://h1.ripway.com/yanaung/red-maple-tree.jpg) no-repeat;
}


/*For PollDaddy
------------------------------ */

div.widget-content .pds-box {
font-family: ZawGyi-One !important;
}

Preview အရင်ကြည့်ပါ. ကြိုက်သွားပြီဆိုရင်တော့ Template ကို Save လုပ်လိုက်ပါ.

အဆင့် (၄)

ယောင်္ကျားလေးများအတွက်ကတော့ ဘီယာတစ်ဘူးကို ရှဲခနဲမြည်အောင် ဖွင့်သောက်ပြီး အောင်ပွဲခံလိုက်ပါ. မန်ယူဖလားရတာထက် ပိုပျော်စရာ ကောင်းမှာပါ. ဘာလို့လဲဆိုတော့ နောက်ခံ ဒီဇိုင်းမိုက်မိုက်လေးတွေနဲ့ ကိုယ့်ဘလော့ဂ်ကို လာလည်တဲ့ ကောင်မလေးတွေကို နည်းနည်းလောက် ပြုစားနိုင်တော့မှာမို့ပါ.

မိန်းကလေးများအတွက်ကတော့ နီးစပ်ရာ သူငယ်ချင်းတစ်ယောက်ယောက်ဆီ ဖုန်းဆက်ပြီး ခုလိုလှမ်းပြောလိုက်ပါ..

`ဟယ်သိလား. ပြောရဦးမယ်. ငါ့ ဆီဗုံးလေးလေ အရမ်းကိုလှသွားပြီ သိလား. သွားကြည့်လိုက်ဦး. ပျော်လိုက်တာဟယ်. နင်ရော လုပ်ပါလား. ဟိုဟာလေ. တိုတိုရန်ရဲ့ ဘလော့ဂ်မှာ ရေးထားတယ် သိလား. သွားဖတ်ကြည့်လိုက်. နင်မလုပ်တတ်ရင် ငါ့ကိုပြောနော်. ငါလုပ်ပေးမယ်. ပျော်လိုက်တာဟယ်…. ဒါနဲ့ နင်မနက်ဖြန် ရှော့ပင်းထွက်ရင် ငါ့ကိုခေါ်ဦးနော်.. ´

ဩော် ဘရိတ်အုပ်ပေဦးမှပဲ.

ဟုတ်ကဲ့ ပြီးပါပြီ ခင်ဗျာ.

အားလုံး ပျော်ရွှင်ကြပါစေ ခင်ဗျာ…



Wednesday, May 23, 2007

အဆုံးအဖြတ်…



ချစ်သူ…
အသည်းကွဲဖူးတဲ့ လူတစ်ယောက်မှာ
အသည်းထပ်ကွဲမှာကြောက်သူနဲ့
အသည်းထပ်ကွဲမှာ မကြောက်သူ ၂ မျိုးရှိတယ်…

သူတို့ ၂ ယောက်မှာ ဘာတွေကွာနေလဲ ပြောပြမယ်နော်.
ပထမတစ်မျိုးက သူသိပ်ကြောက်သွားတယ်.
သူတစ်စုံတစ်ရာကို မျှော်လင့်နေခဲ့တယ်.
မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခဲ့တယ်
ဒါကြောင့် သူထပ်ပြီး မမျှော်လင့်ရဲတော့ဘူး.
သူဟာ ရှုံးမှာကို ကြောက်လို့ စစ်မတိုက်ရဲတော့တဲ့ သူလိုပဲ.
သူက ၁၀၀ % သေချာမှပဲ စွန့်စားမယ်ဆိုတဲ့ သူမျိုးပေါ့လေ
သေချာမှုရှိနေတဲ့အရာကို ကြိုးစားတာဟာ စွန့်စားတာမျိုးမှ မဟုတ်တော့တာ
ဒါကြောင့်လည်း သူ့ရဲ့အောင်မြင်မှုတွေက ပြောစမှတ်မတွင်လောက်ပါဘူး…
ဒါကြောင့်လည်း သူ့ရဲ့ ချစ်ခြင်းတွေမှာ ကတုတ်ကျင်းတွေ အများကြီးတူးထားတယ်
သူဟာ ချစ်သူအတွက်ထက် ကိုယ့်အတွက်ကိုယ် ပိုကြည့်တဲ့ အတ္တကြီးသူတစ်ယောက်ဖြစ်တယ်.
သူဟာ ရင်ကော့ချစ်ဝံ့သူတစ်ယောက်မဟုတ်ဘူး.
သေချာမှ စွန့်စားမယ့် သူရဲဘောကြောင်တဲ့ ချစ်သူတစ်ယောက်ဖြစ်တယ်…


ဒုတိယတစ်မျိုးကရော..
သူလည်း တစ်စုံတစ်ရာကို မျှော်လင့်ခဲ့တာပဲလေ.
ဖြစ်မလာခဲ့ဘူး..
ဒီတော့ သူဘာလုပ်လဲ
နောက်ထပ်တိုက်ပွဲတစ်ခုအတွက် ထပ်မံစစ်ပြင်ဆင်တယ်..
သူကတော့ တိုက်ပွဲတွေမှာ ရှုံးနိမ့်တာ၊ အောင်မြင်တာကို မမှုဘူး
စစ်ပွဲမှာ အောင်နိုင်ဖို့ပဲ အလေးထားတယ်.
ဘာကြောင့်လဲဆိုတော့ ဘ၀စစ်ပွဲမှာ တိုက်ပွဲတွေ အများကြီးလေ.
တိုက်ပွဲတစ်ပွဲရှုံးတာ စစ်ပွဲရှုံးတာမဟုတ်ဘူး
ဒါပေမယ့် နည်းဗျူဟာကျတဲ့ တိုက်ပွဲမှာတော့ သူမရှုံးအောင် ကြိုးစားတယ်
သူကတော့ မသေချာလည်း စွန့်စားဝံ့တယ်.
ဒါကို ငါမလုပ်လိုက်ရလေခြင်းလို့ နောင်တရ စုတ်တသပ်သပ်ဖြစ်နေမယ့်အစား
ဒါကို ငါလုပ်ကြည့်ခဲ့ဖူးတယ်လို့
ရှုံးရင်လည်း သင်ခန်းစာယူမယ့်သူ
နိုင်ရင်လည်း အင်အားထပ်မံဖြည့်တင်းမယ့်သူ
ခေါင်းမော့ ချစ်ဝံ့သူ
ကိုးစားယုံကြည်နိုင်သူတစ်ယောက်ဖြစ်တယ်..



ချစ်သူ…
ကိုယ်မင်းကို သိပ်ချစ်တယ်.
အသည်းကွဲဖူးပေမယ့် တစ်ခါမှ မကွဲဖူးတဲ့ လူတစ်ယောက်လိုမင်းကို ချစ်တယ်
မင်းကို ချစ်တာကို မပြောလိုက်ရလေခြင်းလို့ တစ်ချိန်မှာ ကိုယ်နောင်တမရချင်ဘူး.
မင်းကို ချစ်ခဲ့ဖူးတယ်လို့ ကြည်နူးတွေးတောနေချင်တယ်.
မင်းရဲ့အချစ်ကို ရခဲ့ဖူးတယ်လို့ လှိုက်ဖိုရင်ခုန်နေချင်တယ်.. မင်းရဲ့အားကိုးထိုက်သူဖြစ်ခဲ့ဖူးတယ်လို့ ဂုဏ်ယူဝမ်းမြောက်နေချင်တယ်.

ဒီတိုက်ပွဲမှာ ကိုယ်ရှုံးနိမ့်မှာလား..
ဒီတိုက်ပွဲမှာ ကိုယ်အောင်မြင်မှာလား..
.
.
.
ချစ်သူပဲ ဆုံးဖြတ်ပေးပါနော်….



Cbox အကြောင်း သိကောင်းစရာလေးများ...


ဒီတစ်ခါတော့ ဆီဗုံးလို့ အများစုက ချစ်စနိုးပြောင်ခေါ်နေကြတဲ့ Cbox နဲ့ ပတ်သက်တာ လေးတွေ ကျွန်တော်သိသလောက် ရေးပေးပါမယ်.

Cbox ဆိုတာကတော့ ဘလော့ဂ်တွေ တော်တော်များများမှာ တွေ့နေရတဲ့ ဘလော့ဂ်ရေးသူနဲ့ လာလည်သူတွေကြားက communication tool လေးတစ်ခု ပါပဲ. လာလည်သူတွေ ကလည်း သူတို့ပြောချင်တဲ့ Message တွေကို Cbox မှာ ထားခဲ့တယ်။ ဘလော့ဂ်ပိုင်ရှင်ကလည်း ပြန်ပြောမယ်။ မှန်တာကို ပြောစတမ်းဆိုရင် ကိုယ့်ရဲ့ Cbox မှာ လာလည်သူတွေ များတာကို ဘလော့ဂ်ပိုင်ရှင်တိုင်း ၀မ်းသာအားရ ဖြစ်မိကြပါတယ်။

ခုနောက်ပိုင်းဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နောက်ပြောင်တာ လေးတွေကို ဆီဗုံးမှာ ရေးခဲ့ကြတယ်။ အပြင်က မောမောနဲ့ ပြန်လာပြီးနောက် ကျွန်တော်ပထမဆုံး လုပ်တာကတော့ Email စစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆီဗုံးမှာ ဘယ်သူတွေ ၀င်ရေးသွားလဲ၊ ဘယ်သူတွေ ၀င်ဖွသွားလဲ ဆိုတာကို အရင်ကြည့်တာပါပဲ။

ကဲ. စလိုက်ကြရအောင်လားဗျာ.

ပထမဆုံး http://www.cbox.ws/ ကိုသွားပါ။ Account တစ်ခု Sign Up လုပ်ပါ။ See all styles မှာ ကိုယ်ကြိုက်တဲ့ Color လေးတွေ ရွေးယူလို့ ရပါတယ်။



ပြီးရင် ကိုယ့် Account ထဲကို ၀င်ပါ။ Admin Tab ကိုသွားပါ။ အဲဒီ့နေရာကနေ ကိုယ့်ရဲ့ Cbox ကို အမျိုးမျိုး manage လုပ်လို့ ရပါတယ်။

Width တွေ Height တွေလည်း ပြောင်းလို့ရပါတယ်။ Default ပေးထားတဲ့ Width က တော်တော်ကျဉ်းပါတယ်။ ၁၆၀ ပဲ ပေးထားပါတယ်။ ၂၀၀ (သို့) ၂၂၀ လောက် ပြောင်း ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ စာတွေ ကောင်းကောင်းမြင်ရတဲ့ အဆင့်ထိ ရောက်သွားပါလိမ့်မယ်။ စိတ်ကြိုက်ပြောင်းယူပါ။ ကိုယ့်ရဲ့ Template က ပေးထားတဲ့ Column Width နဲ့ ကိုက်ညီအောင် ပြောင်းယူပါ။



Form Layout မှာတော့ Cbox ရဲ့ Design ကို ပြောင်းယူလို့ရပါတယ်။ Message ရေးတာကို အပေါ်မှာ ထားလို့ရသလို အောက်မှာလည်း ထားလို့ရပါတယ်။ ကိုယ့် စိတ်ကြိုက် ပြောင်းကြည့်ပါခင်ဗျာ။

Messages တို့၊ Message Length တို့မှာလည်း ကိုယ်လိုသလို Setting ကိုထားနိုင် ပါတယ်။

Cbox ကို မိတ်ဆက်တဲ့ အပိုင်းကတော့ ပြီးပါပြီ။ ခုပြောမှာကတော့ အရေးကြီးတဲ့ အပိုင်းပါ။ Cbox မှာ မြန်မာလို စာကောင်းကောင်းပေါ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ပြဿနာပါ။

Colors & Fonts ကို သွားပါ။ Fonts ဆိုတာကို သွားပါ။ သူ့ရဲ့ Default က Arial Font ကို ပေးထားပါတယ်။ အဲဒီ့ Box လေးနေရာမှာ Zawgyi-One လို့ ပြောင်းရိုက်ပေးလိုက်ပါ။ ပြီးရင် Apply Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ မြန်မာလို စာကောင်းကောင်း ပေါ်ပါပြီ။



နောက်တစ်ခုကတော့ Smilies Tab ပါ။ အပေါ်ခပ်ကျကျနေရာလေးက Preset Smilies ဆိုတာလေးကို နှိပ်လိုက်ရင် ခုလို ပုံမှာ မြင်ရပါလိမ့်မယ်။



အဲဒီ့နေရာမှာ ကိုယ့် Cbox ထဲမှာ ပေါ်စေချင်တဲ့ Smilies Color လေးတွေကို ပြောင်းလို့ရပါတယ်။ Default Blue, Default Orange, Default Yellow လို့ ပေးထားပါတယ်။ ကြိုက်ရာပြောင်းယူနိုင်ပါတယ်။

Customize Smilies ကို ပြန်သွားပါ။ ခုပြောမှာကတော့ ကိုယ်ကြိုက်တဲ့ Smilies ပုံလေးတွေကို ဘယ်လိုထည့်လို့ ရနိုင်မလဲ ဆိုတာပါပဲ။



New Row ကို ယူလိုက်ပါ။ URL Address နေရာမှာ ကိုယ်ထည့်ချင်တဲ့ Smilies ပုံလေးရဲ့ URL ကို ရိုက်ထည့်ပေးလိုက်ပါ။ Code နေရာမှာတော့ ကိုယ့်ရဲ့ Smilies လေးအတွက် သီးသန့် သင်္ကေတလေးတစ်ခု ကိုယ့်ဖာသာကိုယ် လုပ်ပေးလိုက်ပါ။ ဥပမာ ဟားတိုက်ရီနေတဲ့ ပုံလေးထည့်ထားမိရင် :)) လို့ ရိုက်ထည့်ပြီး မှတ်ခိုင်းထားတဲ့ ပုံစံမျိုးပေါ့။

My Users Tab ကတော့ Diabled ဖြစ်နေပါတယ်။ သူကတော့ ပိုက်ဆံသွင်းထားတဲ့ Registered Users တွေအတွက်ပဲ ရပါတယ်။ Blocked Users ကတော့ ကိုယ့်ဘက်က Block လုပ်ထားတဲ့ User တွေနဲ့ ပတ်သက်တဲ့ Information တွေ ပြထားတာပါ။

Messages မှာကတော့ ကိုယ့် Cbox မှာ ရေးထားတဲ့ Messages တွေကို Manage လုပ်လို့ရပါတယ်။



ကိုယ်ဖျက်ချင်တဲ့ Message ကို Tick လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ ကိုယ် Ban လုပ်ချင်တဲ့ User ကိုလည်း Tick လုပ်ပြီး Ban ဆိုတာကို နှိပ်လိုက်လို့ရပါတယ်။ ဒါဆိုရင် အဲဒီ့ user ကိုယ့် Cbox မှာ စာလာရေးလို့ မရတော့ပါဘူး။ IP Address ကိုလည်း Tracking လိုက်လို့ ရပါတယ်။ ဘယ်နေရာကနေ စာလာရိုက်တယ်ဆိုတာကို သိနိုင်တာပေါ့။ ကျွန်တော်သုံးတဲ့ IP Tracking Tool ကတော့ IP Hacker ပါ။

Cbox အကြောင်းကတော့ ဒီမှာ ပြီးပါပြီ။

ကိုယ့်ရဲ့ဘလော့ဂ်မှာ Cbox တင်ဖို့အတွက် Quick Setup ကို ပြန်သွားပါ။ သူပေးထားတဲ့ Codes တွေကို ကူးယူပါ။



ပြီးရင် Blogger ထဲကို Sign in ၀င်ပြီးတော့ Template>Add Page Element မှာ HTML/JavaScript ကို ရွေးလိုက်ပါ။ ပြီးရင် ကူးယူလာတဲ့ Code လေးတွေ ကို ထည့်ပေးလိုက်ရုံပါပဲ။



Add a Page Element ကိုနှိပ်လိုက်လျှင် မြင်ရမည့်ပုံ



အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ခင်ဗျာ။ မရှင်းတာရှိရင်လည်း Comments ထဲမှာ ၀င်ရောက် မေးမြန်းနိုင်ပါတယ်။

မှတ်ချက်။

၁. Cbox တွင် အကောင်းအဆိုးရောနေသည်။ Cbox ထည့်ထားခြင်းကြောင့် မိတ်ဆွေများတိုးပွားလာနိုင်သကဲ့သို့ အမည်မဖော်ဘဲ ၀င်ရောက်နှောင့်ယှက် တတ်သူများကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည်။

၂. Blogger အသစ်များအနေဖြင့် Cbox ရှိထားခြင်းသည် မိမိဘလော့ဂ်အတွက် လာလည်သူများထံမှ အကြံဥာဏ်ကောင်းများ ပိုမို၍ ရလာစေနိုင်ပါသည်။ မိတ်ဆွေ များလည်း ပိုမိုတိုးပွားလာစေနိုင်ပါသည်။

၃. Cbox မရှိသော ဘလော့ဂ်သို့ ၀င်လျှင် မရင်းနှီးသေးသော သူစိမ်းအိမ်သို့ အလည်သွား ရသည်နှင့် တူပါသည်။ ထို့ပြင် မိမိအား အေးစက်စက်နှင့် ဆက်ဆံနေသကဲ့သို့ ခံစားရပါသည်။

(ဤကား စာရေးသူ၏ အာဘော်ပင် ဖြစ်၏…)


Tuesday, May 22, 2007

ဘလော့ဂ်တွင် ဇော်ဂျီဖောင့် Assign လုပ်ခြင်း….


Blogger Beta Template နဲ့ မြန်မာဘလော့ဂ်တွေ စရေးချင်သူများ ကြုံတွေ့ရတဲ့ ပြဿနာကတော့ မြန်မာစာကောင်းကောင်း မပေါ်တာပါပဲ. Beta Version မသုံးသေးတဲ့ ဘလော့ဂါ အသစ်များ အနေနဲ့ကတော့ ကိုယ့်ဘလော့ဂ်မှာ ဇော်ဂျီဖောင့် Assign လုပ်တဲ့နည်းကို ဒီနေရာမှာ ဖတ်ပါ။ ဖြစ်နိုင်ရင်တော့ Beta Version ကို ပြောင်းသုံးကြည့်ပါ။ သူကပိုပြီးတော့ user friendly ဖြစ်လို့ပါပဲ။

ကဲ. မိမိရဲ့ ဘလော့ဂ်ထဲကို Sign in ၀င်ပြီးသွားတာနဲ့ Template Tab ကိုသွားပါ။ Edit Html ကိုရွေးပါ။ အောက်ပါ Coding လေးတွေကို ရှာပါ။ အပေါ်ခပ်ကျကျ နေရာလေးတွေမှာ ရှိပါတယ်။



<Variable name="bodyfont" description="Text Font"
type="font"
default="normal normal 100% 'Trebuchet MS',Trebuchet,Verdana,Sans-Serif">
.
.
.
.
<Variable name="postTitlefont" description="Post Title Font"
type="font" default="normal bold 135% Verdana,Sans-Serif">



အဲဒီ့ Coding လေးတွေကို Delete လုပ်ပြီး အောက်ပါအတိုင်း အစားသွင်းပေး လိုက်ပါ။


<Variable name="bodyFont" description="Text Font" type="font"
default="normal normal 100% 'Zawgyi-One', Georgia, Times New Roman, Tahoma, Arial, sans-serif">
<Variable name="pageTitleFont" description="Blog Title Font" type="font"
default="normal bold 200% 'Zawgyi-One', Georgia, Times New Roman, Tahoma, Arial, sans-serif">
<Variable name="descriptionFont" description="Description Font" type="font"
default="normal normal 100% 'Zawgyi-One', Georgia, Times New Roman, Tahoma, Arial, sans-serif">
<Variable name="headerFont" description="Sidebar Title Font" type="font"
default="normal bold 100% 'Zawgyi-One', Georgia, Times New Roman, Tahoma, Arial, sans-serif">
<Variable name="postTitleFont" description="Post Title Font" type="font"
default="normal bold 135% 'Zawgyi-One', Georgia, Times New Roman, Tahoma, Arial, sans-serif">




ဒါဆိုရင် မိမိရဲ့ဘလော့ဂ်မှာ မြန်မာစာကောင်းမွန်စွာ ပေါ်လာပါလိမ့်မယ်။ မရှင်းသေး တာများရှိရင် Comments ထဲမှာ ၀င်ရောက်မေးမြန်းနိုင်ပါတယ် ခင်ဗျာ.

ကျွန်တော့်ဆီကို စာရေးမေးမြန်းကြတဲ့ ဘလော့ဂါလေးများ ဒီပို့စ်လေးကို ဖတ်မိပြီး အဆင်ပြေ ချောမွေ့စွာ ဘလော့ဂ်လေးတွေ ဆက်ရေးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ပါတယ်….

ထပ်မံဖြည့်ံစွက်ချက်

ဘလော့ဂ် Template ပေါ်မူတည်ပြီး Coding တွေ နည်းနည်းကွဲပြားနိုင်ပါတယ်. ဘယ်လိုပဲ ကွဲပြားပါစေ. Zawgyi Font ကိုဒီလိုလေး သွင်းပေးလိုက်ရင် အဆင်ပြေပါတယ်.

ဥပမာ -

type="font" default="normal bold 135% Verdana,Sans-Serif"

ဆိုတဲ့နေရာမှာ

type="font" default="normal bold 135% ‘Zawgyi-One’, Verdana,Sans-Serif"

လို့ ထပ်ဖြည့်ပေးလိုက်ရုံပါပဲ.

အလွယ်ဆုံးပြောရရင်တော့ Type= “font” default= “…..” ဆိုတဲ့ စာကြောင်းတွေ တွေ့သလောက်ရဲ့ နောက်မှာ အထက်ပါအတိုင်း ထပ်ဖြည့်ပေးလိုက်တာ ပိုအဆင်ပြေပါတယ်…

မှတ်ချက်…

အကြံပြုထောက်ပြပေးခဲ့တဲ့ ဘာညာ ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ…


Sunday, May 20, 2007

မဲရုံလေးတွေ တင်ချင်သူများအတွက်…


ဒီတစ်ခါတော့ ကိုယ့်ဘလော့ဂ်မှာ မဲရုံလေးတွေ ထားချင်တဲ့ ဘလော့ဂါလေးတွေ အတွက်ပါ. လာဖတ်သူတွေကို အားနာပါးနာ မဲပေးခိုင်းလို့ရတာပေါ့. မဲပေးလို့ရတဲ့ Website အမျိုးမျိုးရှိပါတယ်. ကျွန်တော်ကတော့ PollDaddy ကို သုံးပါတယ်. သုံးလို့အဆင်ပြေတယ်. IP Lock လည်း လုပ်လို့ရတယ်. Update လုပ်ရတာလည်း လွယ်ကူမြန်ဆန်လို့ပါ. ပြဿနာကတော့ ဇော်ဂျီမပေါ်တဲ့ ပြဿနာပါပဲ.

ပေါ်အောင်ဘယ်လိုဖော်မလဲ..
ဂလိုဖော်ပါခင်ဗျာ…

Template ထဲကိုသွားပြီး Header Tag အစပိုင်းလေးမှာပဲ ဖြစ်ဖြစ်၊ အလယ်မှာပဲဖြစ်ဖြစ်၊ မဆုံးခင်လေးမှာပဲ ဖြစ်ဖြစ် သင့်တော်ရာနေရာ တစ်နေရာမှာ ဒီအောက်က Code လေးတွေကို ရိုက်ထည့်ပေးလိုက်ပါ။

ထုံးစံအတိုင်း ပြင်ရပြုရတာ လွယ်အောင်လို့ ခေါင်းစဉ်လေးကိုတော့ သင့်တော်သလိုလေး ပေးထားလိုက်ပေါ့နော်. ကျွန်တော်ကတော့ PollDaddy လို့ပဲ ပေးထားတယ်ဗျ.

/*For PollDaddy
------------------------------ */

div.widget-content .pds-box {
font-family: ZawGyi-One !important;
}


ပေါ်သွားပါလိမ့်မယ်ခင်ဗျာ…..

မှတ်ချက်

ဒီပို့စ်အတွက် မြန်မာဘလော့ဂါဖိုရမ်မှ ကိုဟိန်းငယ်ကို လှိုက်လှဲစွာ ကျေးဇူး တင်ပါတယ် ခင်ဗျာ…


DropDown Menu Box လေးတွေ လုပ်ချင်ရင်…


ဘလော့ဂ်တစ်ချို့ကို လိုက်ဖတ်ကြည့်နေရင်းနဲ့ သတိထားမိတာလေးတွေ တွေ့လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတယ်ဗျာ.

ဘလော့ဂ်တစ်ချို့မှာ Dropdown Menu Box လေးတွေ ထည့်ထားတာကို တွေ့ရပါတယ်. ကျွန်တော့်ဘလော့ဂ်ရဲ့ ဘယ်ဘက်မှာလည်း ထည့်ထားတာ တွေ့ရပါလိမ့်မယ်. ခုဆိုရင် မဂျစ်တူးတို့၊ ဘာညာတို့လည်း ထည့်ထားတာ တွေ့ရပါတယ်.

သူကဘာကောင်းလဲဆိုတော့ ကိုယ့်ဘလော့ဂ်မှာ Space နည်းနည်းပို ထွက်လာစေပါတယ်. လင့်ခ်များများ သိပ်မချိတ်ထားသူတွေ အတွက်တော့ သိပ်စိတ်ဝင်စားစရာ ကောင်းမယ်မထင်ပါဘူး. ဒါပေမယ့် ဒီ Menu Box လေးတွေက စာဖတ်သူကိုလည်း မျက်စိမနောက်စေဘူး. သူကြိုက်ရာ သူ့ဖာသာ ရွေးယူသွားနိုင်တယ်.



Menu Box လေးထဲမှာ ဇော်ဂျီ Font ပေါ်အောင် ကြေငြာတတ်ဖို့တော့ လိုပါတယ်. မဟုတ်ရင် စာကောင်းကောင်းမပေါ်တာကို တွေ့ရပါလိမ့်မယ်..

ကျွန်တော်ဒီအောက်မှာ ရိုက်ပြထားတဲ့ Code လေးကို ကူးယူပြီး လင့်ခ်နေရာမှာ ကိုယ်ကြိုက်ရာလေးတွေ ထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ…




<h2 class="sidebar-title">DropDown ပါခင်ဗျာ.</h2>
<ul>
<form name="bloglinkform" action="../">
<select style="font-family: Zawgyi-One;" name="bloglinkselect" onchange="this.form.window_namer.value++;if (this.options[this.selectedIndex].value!='MORE') {window.open(this.options[this.selectedIndex].value,'WinName'+this.form.window_namer.value,'toolbar=1,location=1,directories=1,status=1,menubar=1,scrollbars=1,resizable=1')}">
<option value="MORE" selected="selected"> လင့်ခ်များ</option>

<option value="http://yanaung.blogspot.com">ရန်အောင်</option>
<option value="http://cnn.com"> CNN News လေ</option>
<option value="http://google.com"> ဒါကတော့ ကိုဂူဂယ်လ်ခင်ဗျ</option>

</select>
<input name="window_namer" value="1" type="hidden"/>
</form>
</ul>




Saturday, May 19, 2007

စာသုံးစောင်






EOT လုပ်ချင်သူများအတွက်...


EOT ဆိုတာ ဘလော့ဂါတော်တော်များများ ကြားဖူးနားဝ ရှိနေကြမှာပါ။ ဒါပေမယ့် လုပ်ပုံ လုပ်နည်း အတိအကျကိုတော့ ဘလော့ဂါတိုင်း မသိကြသေးပါဘူး။ အရင်တုန်းက ကိုမောင်လှရဲ့ ဘလော့ဂ်မှာ EOT လုပ်နည်း ပြောပြထားတာကို အားလုံးအသိပဲ ဖြစ်မှာပါ။ ကျွန်တော်လည်း သူ့ပို့စ်ကို ဖတ်ပြီးစမ်းကြည့်တာပါပဲ။ သူ့ပို့စ်ထဲမှာ တော်တော်ပြည့်စုံပြီး သားပါ။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ကိုမောင်လှက ဘလော့ဂ်ရေးတာ နားလိုက် တာကို တွေ့ရပါတယ်။ ဒါကြောင့် EOT လုပ်ချင်တဲ့ ဘလော့ဂါညီအစ်ကို မောင်နှမများ အတွက် ဒီပို့စ်လေးကို ရေးဖြစ်သွားခဲ့ပါတယ်လို့ စကားပလ္လင်ခံလိုပါတယ် ခင်ဗျာ…

EOT ဆိုတာကတော့ Embedded Open Type ရဲ့ Acronym အတိုကောက်စကားလုံးပါ။ သူ့ရဲ့ Definition ကို ဒီလိုဖွင့်ဆိုပါတယ်။

Font embedding has been a feature of Microsoft applications, such as Word and PowerPoint®, for several years. It allows the fonts used in the creation of a document to travel with that document, ensuring that a user sees documents exactly as the designer intended them. Font embedding technology is built into Microsoft Internet Explorer (version 4 and above), bringing embedded fonts to the Web.

အသေးစိတ်ကို ဒီမှာ ဖတ်ပါ။

မူရင်းရည်ရွယ်ချက်ကတော့ ကိုယ်တင်ပြထားတဲ့ ဒီဇိုင်းဖွန့်ပုံစံတွေကို ကြည့်ရှုသူရဲ့ စက်ထဲမှာ Download လုပ်ထားစရာမလိုဘဲ ဒီတိုင်းဖတ်ရှုနိုင်အောင် လုပ်ထားတဲ့ နည်းပညာပါပဲ။ ဒီနေရာမှာ Sample Font လေးတွေကို ကြည့်ကြည့်ပါ။ အဲဒီ့ Font တွေ ကျွန်တော်တို့စက်ထဲမှာ ထည့်မထားပေမယ့် စာရေးသူမြင်စေချင်တဲ့အတိုင်း ကျွန်တော်တို့ မြင်နေရပါတယ်။ အဲဒါ EOT ပါပဲ။

ဥပမာဖွန့်လေးတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျွန်တော်တို့ ဘလော့ဂ်တွေရေးတော့ ဇော်ဂျီဖွန့်ကို သုံးကြတယ်။ ရေးသူအတွက် ဘာမှပြဿနာမရှိပေမယ့် ဖတ်သူမှာ ဖွန့်မရှိရင် ကူးယူနေရတာ သူ့အတွက် အချိန် ကုန်ပါတယ်။ ကရိကထများပါတယ်။ ပြီးတော့ စက်နောက်တစ်လုံး ပြောင်းသုံး တာပဲဖြစ်ဖြစ်၊ နောက်တစ်နေရာရာကို သွားလို့ အဲဒီ့နေရာက စက်ကို သုံးတာပဲဖြစ်ဖြစ် ဖွန့်ကို တစ်ခါထပ်ပြီး Download လုပ်ရပြန်ရော။ တစ်ချို့ Network တွေက စက်တွေ (ကျောင်း၊ရုံး) မှာ ဆိုရင် Download လုပ်ရတာ အဆင်မပြေတာ လေးတွေပါ ရှိတတ် ပါတယ်။ ဘာကိုမှ Download ပေးမလုပ်အောင် လုပ်ထားတာမျိုး လေးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဘာဖြစ်လို့ EOT လုပ်သင့်သလဲ ဆိုရင် ဖတ်ရှုသူအဆင်ပြေ စေလိုတဲ့ စေတနာကြောင့်ပါပဲလို့ ဖြေရပါမယ်။

ကဲ.စလိုက်ကြရအောင်လားဗျာ.

ပထမဦးဆုံး Microsoft က ထုတ်လုပ်ထားတဲ့ WEFT ဆိုတဲ့ Software ကို Download လုပ်ရပါမယ်။ ဒီနေရာမှာ Download လုပ်ပါ။ .EXE File ကို Run ပြီး Install လုပ်ပါ။

Program ကို စပြီးတော့ မ run ခင်မှာ EOT အတွက် Web Page လေး တစ်ခု အကြမ်း ဖျင်း တည်ဆောက်ပါမယ်။ နာမည်ကိုလည်း လွယ်ကူစွာပဲ eot.htm လို့ပေးပါမယ်။ ဒီအောက်မှာ ရေးထားတဲ့ Coding လေးတွေကို Notepad ထဲမှာ ရိုက်ပြီး Save လုပ်လိုက် ပါ။ Notepad ဘယ်မှာ ရှိလဲဆိုတာ မသိသေးရင်လည်း ပြောပြပါဦးမယ်။

Start > Programs > Accessories ထဲမှာ ရှာကြည့်ပါ။ Notepad ရော Wordpad ရော တွေ့ပါလိမ့်မယ်။

အဲဒီ့ Notepad ထဲမှာ အောက်ပါအတိုင်း webpage လေးတစ်ခုကို အစမ်းတစ်ခု တည်ဆောက်ပါမယ်။


<HTML>
<BODY>
<FONT FACE=Zawgyi-One SIZE=10> a b c d e f g </FONT>
<FONT FACE=Zawgyi-One SIZE=10><i> a b c d e f g </i></FONT>
<FONT FACE=Zawgyi-One SIZE=10><b> a b c d e f g </b></FONT>
<FONT FACE=Zawgyi-One SIZE=10><b><i> a b c d e f g </b></i></FONT>

</BODY>
</HTML>


စာကြောင်းလေးကြောင်း ရိုက်ထားတာက Normal, Italic, Bold, Bold Italic Style လေးခုအတွက်ပါ။ ဒါကြောင့်လည်း EOT အတွက် WEFT Program ကို Run ရင် ဖိုင် ၄ ဖိုင် ရလာပါလိမ့်မယ်။ ဇော်ဂျီဖွန့်ကို ထည့်မှာဖြစ်လို့ ဇော်ဂျီဖွန့်ကို ကြေငြာပြီး စာရိုက်ထား တာ သတိထားမိမှာပါ။ ဥာဏ်ရှိသလိုသုံးလို့ရပါတယ်။ တစ်ခြား ကိုယ့်ဘာသာကိုယ် ရှာတွေ့ထားတဲ့ ဖွန့်ပုံစံလေးတွေ လုပ်ချင်တယ် ဆိုရင်လည်း ဒီတိုင်းပဲ ကြေငြာပြီး လုပ်လို့ရပါတယ်။ ကိုယ့်စက်ထဲမှာတော့ ဇော်ဂျီဖွန့်ကို ပထမဦးဆုံး သွင်းထားဖို့လိုပါတယ်။

(Font သွင်းနည်း စကားချပ်)
လိုချင်တဲ့ Font ကို Download လုပ်ပါ။ My Computer>C: Drive ထဲက Windows ထဲကို သွားပါ။ အဲဒီ့ထဲကမှ Fonts ဆိုတဲ့ Folder ထဲမှာ မိမိ Download လုပ်ထားတဲ့ Font ကို Save လုပ်လိုက်ရုံပါပဲ။)

ကဲ. ပြီးသွားရင်တော့ ခုနက တည်ဆောက်ထားတဲ့ Web Page လေးကို Save လုပ်လိုက် ပါ။ eot.html လို့ပဲ လွယ်လွယ်ပဲ နာမည်ပေးလိုက်ရအောင်။

ပထမအဆင့် webpage တည်ဆောက်ခြင်းပြီးသွားပါပြီ။ ဒါကို ယူသုံးပါတော့မယ်။

Download လုပ်ထားခဲ့တဲ့ WEFT Program ကို Run ပါ။ နာမည်နဲ့ Email Address တစ်ခု ရိုက်ထည့်ပေးလိုက်ပါ။ Register လုပ်တဲ့ ပုံစံလေးပါပဲ။ ဘာမှ မဟုတ်ပါဘူး။

ရှေ့ဆက်ပြီး ဘာမှမလုပ်ခင် WEFT Program ကို ကိုယ့်စက်ထဲက Font တွေအကြောင်း Update လုပ်ပေးဖို့လိုပါတယ်။ ပထမဦးဆုံးအကြိမ် Run ရင်ပြောတာပါ။ ကျွန်တော့်တုန်း က အကြိမ်ကြိမ် Run ပေမယ့် Font မပေါ်လာတဲ့ ပြဿနာ ကြုံခဲ့ရပါတယ်။ ကျွန်တော် မြေစမ်းခရမ်းပျိုး ခဲ့ရတဲ့ အရင်းအနှီးတစ်ခုပါပဲဗျာ။ ဘယ်လို update လုပ်ရလဲ ဆိုတော့ Menu Bar ထဲက Tools ကို သွားပါ။ ပြီးတော့ Update Font DB ဆိုတာကို ရွေးလိုက်ပါ။ ပုံမှာ ပြထားတာကို ကြည့်ပါခင်ဗျာ။



Font Update လုပ်ပြီးသွားရင်တော့ စလို့ရပါပြီ။ New ကို ရွေးပါ။ ဒီပုံစံလေး ပေါ်လာပါ လိမ့်မယ်။



နောက်တစ်ဆင့်အနေနဲ့ EOT လုပ်မယ့် File ကို Add လုပ်ပါမယ်။ Connection မြန်တဲ့ နေရာတွေကဆိုရင်တော့ ကိုယ့်ရဲ့ Website URL ကို တစ်ခါတည်း ကောက်ထည့်လိုက်ရုံ ပါပဲ။ ကျွန်တော် အဲဒီ့အတိုင်းလည်း စမ်းကြည့်ဖူးပါတယ်။ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် အချိန်အရမ်းကြာပါတယ်။ သူက နောက်ဆုံးတင်ထားတဲ့ ဘလော့ဂ်ပို့စ်အထိပဲ update လုပ်ပေးသွားပါတယ်။ နောက်ထပ်တင်တဲ့ ပို့စ်တွေအတွက် ပြန် run ပေးနေရတာမျိုး ဖြစ်နေပါတယ်။ Website ဆိုတာမျိုးကတော့ Static Page ဖြစ်လို့ သိပ်ပြီးတော့ အပြောင်း အလဲ မလုပ်တတ်ကြဘူး။ ခုလိုမျိုး တိုက်ရိုက် URL ထည့်ပြီး ညွှန်းလိုက်တာ ပြဿနာမရှိပါဘူး။ ဘလော့ဂ်တွေကျတော့ Dynamic Page ပါ။ အမြဲတမ်း ရှင်သန် ပြောင်းလဲနေတာပါ။ ဒါကြောင့် Address ကို တိုက်ရိုက်ညွှန်းတာထက် မိမိစက် ထဲမှာ အစမ်းတည်ဆောက်ထားတဲ့ Web Page လေးကို ညွှန်းပြီးမှ လိုချင်တဲ့ Site တွေကို ထပ်ပြီး Add လုပ်သွားတာ ပိုအဆင်ပြေပါတယ်ခင်ဗျာ။

ဒီနေရာမှာလည်း File တင်တာမှာ Trick လေးတွေ ရှိပါသေးတယ်။ သတိထားမိရင် မြင်မှာပါ။ ဘေးနားက Dropdown Menu လေးထဲမှာ http://, https://, file://, ftp:// ဆိုပြီး ရှိပါတယ်။ ကျွန်တော်တို့က စက်ထဲက File ကို တင်မှာဖြစ်လို့ file:// ကိုရွေးပါမယ်။ မဟုတ်ရင်တော့ ဘယ်တွေရောက်လို့ ရောက်ကုန်မှန်း မသိဖြစ်ကုန်ပါလိမ့်မယ်။

Desktop ပေါ်မှာ Save လုပ်ထားတဲ့ eot.html လေးကို ရွေးလိုက်ပါ။ ဒီလိုမြင်ရပါလိမ့်မယ် ခင်ဗျာ။



Next ကို ဆက်နှိပ်ပါ။ နောက်တစ်ဆင့်ဆက်နှိပ်ပါ။ ဒီပုံစံ မြင်ရပါလိမ့်မယ်။



အပေါ်ဆုံးက subsetting ထဲမှာ No. 7 No. Subsetting ကို ရွေးလိုက်ပါ။ Next ကို ဆက်နှိပ်ပါ။ ဒီပုံစံမြင်ရပါလိမ့်မယ်။



ဒီအဆင့်မှာ ကိုယ်ထည့်ချင်တဲ့ Site တွေရဲ့ URL Address တွေကို ထည့်ဖို့ပါပဲ။ Edit ကိုနှိပ်လိုက်ပါ။ အဲဒီ့မှာ ကျွန်တော် EOT လုပ်ပေး ထားတဲ့ Site တွေရဲ့ Address တွေကို တွေ့ရပါလိမ့်မယ်။ ဒီပုံမှာ လေ့လာနိုင်ပါတယ်။



လိပ်စာကို ရိုက်ထည့်ရင် http://yourblog.blogspot.com လို့လည်းရိုက်ပါ။ http://www.yourblog.blogspot.com လို့လည်း ရိုက်ပေးပါ။ ဘာလို့လဲဆိုတော့ User တစ်ချို့က www ဆိုတာနဲ့ရိုက်ဝင်သလို တစ်ချို့ကတော့ http:// နဲ့ ရိုက်ဝင်တတ်တာမို့လို့ ၂ မျိုးလုံးရအောင်လို့ပါ။

ဒီထဲမှာပဲ သူငယ်ချင်းတွေရဲ့ ဘလော့ဂ် Address တွေကို ထည့်ပြီး EOT လုပ်ပေးမယ် ဆိုလည်း ရပါတယ်။ ဒီလောက်ဆို မြင်လောက်ပြီထင်ပါတယ်။

လိပ်စာတွေကို ထည့်ပြီးတော့ နောက်တစ်ဆင့် မသွားခင်မှာ Show CSS @font-family declarations ဆိုတဲ့ Box လေးကို Tick လုပ်ပေးခဲ့ပါ။



ပြီးရင်တော့ Next ကိုနှိပ်ပါတော့။ ခဏစောင့်နေပါ။ ပြီးရင်ဒီလိုလေး မြင်ရပါလိမ့်မယ်။



အဲဒီ့ထဲက မြင်ရတဲ့ CSS Code လေးတွေကို ကူးယူပြီး Word ထဲမှာ Save လုပ်ထားလိုက်ပါ။ WEFT Program ကို Next တွေ ဆက်နှိပ်သွားလိုက်ပါ။ Finish ဆိုတာကို ရောက်သွားရင် အားလုံး ပြီးတဲ့ အဆင့်ပါပဲ။

ပြီးသွားရင်တော့ Desktop ပေါ်မှာ လှမ်းကြည့်လိုက်ပါဦး။ EOT အတွက် ဖိုင် ၄ ဖိုင် ရောက်နေတာကို ဒီလိုတွေ့ရပါလိမ့်မယ်။



နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ ရထားတဲ့ EOT Files တွေကို File Hosting Site တစ်ခုခုမှာ တင်ပေးဖို့လိုပါတယ်ခင်ဗျာ။ File Hosting Site ဆိုတာကတော့ မိမိလိုချင်တဲ့ ဖိုင်ကိုတင်ပြီး URL ထုတ်ပေးသော Site ကို ဆိုလိုပါတယ်။ အများစုကတော့ www.fileden.com , www.ripway.com တို့ကို အသုံးများပေမယ့် မြန်မာနိုင်ငံက လူငယ်အများစုအတွက် Googlepages ကို သုံးဖို့ တိုက်တွန်းပါတယ်။

ဖိုင် ၄ ဖိုင်လုံးကို File Hosting Site မှာ တင်ပြီး URL Address ကို ယူပါ။ ရလာတဲ့ URL Address တွေကို ခုနက Save လုပ်ထားတဲ့ File ထဲက ZawgyiOne File အသီးသီး နေရာမှာ ပြန်အစားသွင်းပေးပါ။

ဥပမာ src: url(ZAWGYIO3.eot);

ဆိုတဲ့နေရာမှာ

Src: url(http://h1.ripway.com/yanaung/ZAWGYIO3.eot);

လို့ပြင်ရိုက်ပေးပါ။ လိပ်စာကတော့ File Hosting Site ကထုတ်ပေးတဲ့ URL ပါခင်ဗျာ။ အဲဒါတွေကို တစ်ခုချင်း ပြန်အစားသွင်းပြီးရင် ကိုယ့်ရဲ့ ဘလော့ဂ်ထဲက Template ထဲမှာ သွားထည့်ပေးရပါမယ်။

နောင်ကိုလည်း ပြင်ရလွယ်အောင်၊ ရှာရတာလည်း လွယ်အောင်၊ စုစုစည်းစည်းလေးလည်း ဖြစ်အောင် Variable Definitions ဆိုတဲ့ Code တွေရဲ့ အောက်မှာ ကပ်လျက် EOT CSS Code တွေကို ကူးထည့်ပေးလိုက်ပါမယ်။

ကျွန်တော်လုပ်ထားတဲ့ ဥပမာလေးကို ကြည့်ပါခင်ဗျာ။

.
.
.
<Variable name="postTitleFont" description="Post Title Font" type="font"
default="normal bold 135% 'Zawgyi-One', Georgia, Times New Roman, Tahoma, Arial, sans-serif">
*/

/* EOT
------------------------------ */

<STYLE TYPE="text/css">
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://h1.ripway.com/yanaung/ZAWGYIO4.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://h1.ripway.com/yanaung/ZAWGYIO3.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://h1.ripway.com/yanaung/ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://h1.ripway.com/yanaung/ZAWGYIO1.eot);
}
.
.
.


Template ကို Save လုပ်လိုက်ပါ။

ဒါဆို EOT လုပ်နည်းပြီးပါပြီ။

မှတ်ချက်

၁. EOT သည် IE Browser အတွက်သာ ဖြစ်သည်။ Firefox အတွက်ဆိုလျှင် Font Download လုပ်ရန် လိုမြဲလိုနေပါသေးသည်။

၂. EOT လုပ်ရာတွင် နောက်ထပ်ဖြည့်စွက်သော Blog Address များအတွက် လိပ်စာရိုက်ထည့်ပေးရုံဖြင့် EOT ဖြစ်မသွားပါ။ အသစ်ထွက်လာသော Zawgyi Font File များကို Hosting Site သို့ ပြန်တင်ခါ URL နေရာတွင် ယခင်နည်းအတိုင်း ပြန်လည် အစားသွင်းရမည့် အဆင့်ကို လုပ်ရန်လိုမြဲလိုပါသေးသည်။


အခွံ





မျက်နှာသစ်ဖို့အထ ညက ငါသောက်ထားတဲ့ ရေဘူးအခွံကို ခလုတ်တိုက်မိတယ်…
တစ်လိမ့်လိမ့်နဲ့ အဝေးကို လွင့်ထွက်သွားတာကို မြင်လိုက်ရတယ်..
စဉ်းစားမိတယ်…
ငါဒီလောက်လည်း အားမထည့်ပါဘူးလို့ပေါ့
ဩော်...
ရေဘူးက အခွံကိုး…

အတွေးစကို ပြန်ရုပ်သိမ်းပြီး ဖိနပ်ကိုစီးလို့ ပြန်လှည့်အထွက်
အခန်းထဲမှာ ထားထားတဲ့ ရေပုံးကို ခလုတ်တိုက်မိပြန်တယ်…
အား…
နာလိုက်တာ..

ခုနက ရေဘူးကို တိုက်မိတဲ့ အားနဲ့ပဲ ဒီရေပုံးကို တိုက်မိတယ်…
ရေပုံးက ဘာမှ မဖြစ်ဘဲ တိုက်မိတဲ့ ခြေထောက်သာ နာသွားခဲ့ရတယ်..
ဩော်…
ရေပုံးက ရေတွေ အပြည့်နဲ့ကိုး….

ဒီလိုပါပဲလေ…
လူဆိုတာက ကိုယ့်ရဲ့စိတ်ထဲမှာ အင်အားမပြည့်ဘဲ
လောကဓံရဲ့ဒဏ်အောက်မှာ လဲပြိုသွားတော့
လောကကြီးကို အပြစ်ဖို့တယ်…
ကိုယ့်ကို စာနာသနားဖို့ အကူအညီမျှော်လင့်တယ်…



လောကကြီးကတော့ လူသားအားလုံးကို ဒီဒဏ်ရာတွေ
တသမတ်တည်းပေးနေခဲ့တာပဲ
ခုလည်းပေးနေတယ်.. .နောင်လည်း ပေးနေဦးမှာပဲ…
ကိုယ်က အခွံဆိုရင်တော့ လွင့်ပေဦးတော့ပေါ့.
ကိုယ်က စိတ်ဓာတ်အင်အားပြည့်ဝ မာကျောတဲ့သူဆိုရင်တော့
လာတိုက်တဲ့ စိန်ခေါ်မှုတွေက ကိုယ့်အောင်မြင်မှုအတွက်
လှေကားထစ်တွေပဲပေါ့လေ….

ဟား…..
အတွေးစကိုမြင်မိတဲ့တစ်ချက်
ဖျတ်ခနဲ ကဗျာကို ကောက်ရေးပြီး
မျက်နှာသစ်ဖို့ လှေကားထစ်တွေကို အပြေးလေး နင်းတက်ခဲ့တယ်
ငါ့ခြေသံတွေ ပြင်းနေပါလား……



Monday, May 14, 2007

ပုန်းရှောင်သူသို့ခွင့်ပန်လွှာ




ကြင်ပါနဲ့တော့လား.
ဝေဒနာရင်မှာ ရင့်ကာကျွမ်းပြီးသားမို့
လွမ်းချင်သူသက်သက်ဝမ်းနည်းစေခဲ့တယ်.
ချစ်သူရယ်
ရက်စက်နိုင်အား...

နှင်ပါနဲ့တော့လား.
အစဉ်သာရက်ဆက် စောင့်ခဲ့သူမို့
ပုန်းရှောင်သူငွေလ၀န်းကို မျှော်မိတယ်
ချစ်သူရယ်.
မေ့ဖျောက်နိုင်အား...



ပြင်ပါနဲ့တော့လား
ရှင်မကွာဆုတောင်းအားနည်းသူမို့
ဝေးစေသူကံကြမ္မာကို ငြိုးမိတယ်
ချစ်သူရယ်.
စိမ်းရက်လေအား…

ရှောင်ပါနဲ့တော့လား
မှောင်ကမ္ဘာမှာ ရှည်ကြာနေခဲ့ရသူမို့
လင်းစေသူရှင်နေမင်းကိုမျှော်ကိုးမိတယ်
ချစ်သူရယ်.
တိမ်းရက်လေအား...


အလင်းတန်း



လေအေးလေးတစ်ချက်က ကိုယ့်နဖူးကို လာပြီးတိုးဝှေ့တာကို ခံစားလိုက်ရတယ်။ ဖြတ်ခနဲ လန့်နိုးသွားတယ်။ ညကတံခါးပိတ်အိပ်ထားပါတယ်ပေါ့။ အပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်တော့မှ ပြတင်းပေါက်တစ်ချပ်ကို လေတိုးလို့ ပွင့်နေတာကို တွေ့လိုက်ရတယ်။ ဩော်. အခန်းထဲမှာလည်း ဘယ်သူမှ မရှိကြတော့ပါလား…

နာရီကို လှမ်းကြည့်လိုက်တော့ မနက် ၁၀ နာရီထိုးနေပြီပဲ။ ခါတိုင်းဆို ဒီအချိန် အလုပ်ကိုသွားနေပြီ။ ဒီနေ့တော့ နားရက်မို့လို့ အိပ်ယာထဲမှာ ခဏ ခွေနေလိုက်တယ်။ မြေအောက်ခန်းထဲကို အလင်းရောင်လေးတွေ ကွက်တိကွက်ကျားဝင်နေတာကို ခံစားချက်မပါတဲ့ မျက်လုံး၊ ဟာနေတဲ့ရင်ဘတ်နဲ့ လိုက်ကြည့်နေလိုက်မိတယ်။

ဒီနေ့ အမေနေ့ပါလား….

မနေ့ညက Online မှာခဏနေတုန်း အစ်မ Email လာပို့တယ်။ စကားပြောလို့ရလားလို့ မေးတာနဲ့ ရတယ်ဆိုပြီး အကြောင်းပြန်လိုက်ပါတယ်။ နာရီဝက်လောက်နေတော့ အမေနဲ့အစ်မ Gtalk ထဲကို ၀င်လာခဲ့တယ်။ ပုံမှန်ကတော့ တစ်ပတ်တစ်ခါ စနေနေ့ညဆိုရင် စကားပြောဖြစ်ပါတယ်လေ. ခုတလော အလုပ်နည်းနည်းများနေတာရယ်၊ စာမေးပွဲခံသွားတာရယ်ကြောင့် ၂ ပတ်လောက် စကားမပြောဖြစ်လိုက်ဘူး…

ညကအမေနဲ့ ပြောဖြစ်တဲ့ စကားတစ်ချို့နဲ့ အလုပ်ကိစ္စလာတိုင်ပင်တဲ့ အစ်မအတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို နိုးနိုးချင်း စဉ်းစားမိလိုက်တယ်။ ဖုန်းကို တစ်ချက်ကြည့်လိုက်သေးတယ်။ ဘယ်သူမှလည်း မခေါ်ထားပါလား။ မအား လို့ပဲနေမှာပါလေလို့ ပြန်နှစ်သိမ့်ရင်း စောင်ကို တင်းတင်းပြန်ခြုံလိုက်တယ်။ မျက်စိကို ပြန်မှိတ်လိုက်တယ်။




မနေ့က တစ်နေ့လုံးချောင်းဆိုးပြီး အအေးမိသလို ဖြစ်နေခဲ့တယ်။ အလုပ်ကတော့ သွားရတာပေါ့လေ။ စနေနေ့ဆိုရင် စားသောက်ဆိုင်က လူပိုကျတတ်တာကိုး။ အလုပ်မှာ တစ်ခါတစ်လေ မိုက်ခနဲဖြစ်ဖြစ်သွားတာကို သတိထားမိလိုက်တယ်။ ခရီးဆက်တိုက်ထွက်တာရယ်၊ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ချို့တွေရဲ့ ကျိန်စာအောက်မှာ ရောက်နေခဲ့တာရယ်ကြောင့် ကိုယ့်ကိုယ်ကို ခဏ လျစ်လျူရှုမိသွားတယ်။ ဒါကြောင့်မို့ မနေ့ညကအိမ်နဲ့ စကားမပြောတော့ဘူးလို့ စဉ်းစားထားတာပါ။ ခုတော့ တိုက်တိုက်ဆိုင်ဆိုင်လည်း တွေ့ရ၊ စကားလည်း ပြောချင်၊ မနက်ဖြန်လည်း အားရက်ဆိုတော့ အမေလာမယ်ဆိုတာကို ၀မ်းသာအားရပဲ ကြိုဆိုလိုက်ပါတယ်.

ကျောင်းစရိတ်အတွက် ပိုက်ဆံကို ကြိုးစားစုနေရတဲ့ တစ်ယောက်တည်းသမား အတွက် အရာရာဟာ အဆင်ပြေမယ်မဟုတ်ဘူးဆိုတာ တွက်ပြီးသားပါလေ။ တစ်စုံတစ်ရာကို မှားယွင်းဆုံးဖြတ်မိတာနဲ့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာ ကိုယ်ကိုယ်တိုင်ကိုသာ မကဘဲ မိုင်ပေါင်းထောင်ချီဝေးတဲ့ တစ်နေရာက မိသားစုဝင်တွေရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးလိုက်သလို ဖြစ်သွားနိုင်တာမို့ အစစအရာရာ ဂရုစိုက်နေထိုင်ခဲ့ရတယ်။

ဒါပေမယ့် မှားမှာကြောက်လို့ ဘာမှစွန့်စွန့်စားစား မလုပ်ရဲဘဲ လုံလုံခြုံခြုံ စီစဉ်တွက်ချက်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးကိုတော့ ကိုယ်ပိုင်ဆိုင်ဖို့ တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး။ စွန့်စားမှုကိုလည်း မလျှော့သေးပါဘူး။ ခုလည်း စွန့်ပြီး ထွက်လာခဲ့ပြန်ပြီလေ။ အောင်မြင်မှုရဲ့အရသာ ဆိုတာ ကလည်း စွန့်စားပြီးရမှ ပိုပြီး မြိန်ရည်ရှက်ရည်ရှိတာ မဟုတ်လား။

“ငါ့သားဘာဆက်လုပ်မယ် စဉ်းစားထားလဲ”

အထင်ကြီးလေးစားစွာနဲ့ မေးလိုက်တဲ့ အမေ့ရဲ့ မေးခွန်းကို ချက်ချင်းပြန်မဖြေလိုက်နိုင်သေးဘူး။ ဆက်လုပ်မယ့် အစီအစဉ်တွေကို အခက်အခဲသိပ်မရှိတဲ့ ပုံစံလေးနဲ့ ပေါ့ပေါ့လေးပဲ အကြမ်းဖျင်း ပြောပြလိုက်ပါတယ်။ သိပ်ခက်နေတာကို အမေသိသွားရင် စိတ်မကောင်းဖြစ်နေမယ်လေ။ စကားပြောနေတုန်း ချောင်းမဆိုးမိအောင် သတိထားနေကာမှ ဆိုးမိသွားတယ်။ ထိန်းထားတဲ့ ကြားက ချေမိသွားတယ်။ မိုက်ကို လက်နဲ့အုပ်လိုက်ပေမယ့် မရတော့ဘူး။ တစ်ဖက်ကကြားသွားတယ်…

“နေမကောင်းဘူးလား သားရယ်” တဲ့



ချက်ချင်းကိုယ့်ကိုယ်ကို မတ်မတ်ထိုင်လိုက်ရတယ်။ အသံကို ကြည်လင်အောင် ချောင်းတစ်ချက် နှစ်ချက်ဟန့်လိုက်ရင်း ပြန်ရှင်းပြလိုက်ရတယ်။ ရေပြောင်းမြေပြောင်း မို့ပါ အမေရယ်လို့ပေါ့. တစ်ခုခုကို ဖုံးကွယ်လို့မရတော့တဲ့ အခြေအနေမှာ ဇွတ်ငြင်းတာထက် အဖြစ်မှန်ကို ပေါ့သွားအောင် ပြောလိုက်တာက ပိုပြီးတော့ မှန်ကန်ထိရောက်တယ်လေ…

စကားပြောနေရင်းကနေ အမေ့အသံမှာ ရှိုက်သလိုလို ငိုသလိုလို အသံကို မနည်းကြီးထိန်းပြီး ပြောနေရတဲ့ အသံလို ဖြစ်လာတာကို သတိထားမိလိုက်တယ်။ မင်းအစ်မနဲ့ ပြောလိုက်ဦးတဲ့ ဆိုပြီး မိုက်ခရိုဖုန်းကို လွှဲပေးလိုက်တယ်.

ဘယ်ဘက်ရင်ဘတ်ထဲက စူးခနဲတစ်ချက်ဖြစ်သွားတာကို ထင်ထင်ရှားရှား ခံစားလိုက်ရတယ်…

ရပါတယ်...
ကိုယ်က ဟန်ဆောင်ကောင်းပါတယ်...
ကိုယ့်အသံကို မတုန်အောင် ပြန်ထိန်းရင်း ခြောက်ကပ်ကပ်ရီသံတစ်ချို့နဲ့ ဟာသတစ်ချို့ကို ဖန်တီးပေးလိုက်တယ်. အမေ့ဆီက ချောင်းဆိုးတဲ့ရီသံကို ပြန်ကြားလိုက်ရပြီး ကိုယ့်ရီသံကလည်း ချောင်းတွေဆိုးသလို ဖြစ်နေတာကို သတိထားမိလိုက်တယ်…

ကျွန်တော်အများကြီးစွန့်စားရဦးမှာပါ အမေရယ် လို့ ရင်ထဲမှာ တိုးတိုးလေး ပြောနေခဲ့လိုက်တယ်….

အဲလိုပြောနေခဲ့ရင်းက ကျွန်တော်သိပ်ချစ်တဲ့ အမေ့အကြောင်းကို ဆက်တွေးမိ သွားခဲ့တယ်ဗျာ…
…..


အဖေကျွန်တော်တို့ မိသားစုကို နှုတ်ဆက်သွားခဲ့တာ ၁၅ နှစ်တောင်ရှိတော့မယ်. အဲဒီ့တုန်းက လူမမည်စာမမြောက်သေးတဲ့ မောင်နှမလေးယောက်ရဲ့ အနာဂတ် အတွက် အမေတော်တော်ရင်ပူခံစားခဲ့ရမှာပဲနော်.

ကျွန်တော်အမေ့ကို ခုချိန်ထိ အထင်ကြီးလေးစားနေတာ တစ်ခုရှိနေတယ်. မှတ်မှတ်ရရကို အထင်ကြီးနေခဲ့တဲ့ အရာပေါ့

အဖေအသက်ငင်နေချိန်မှာ အဖေ့ရဲ့တပည့်တစ်ယောက်ကို ကြေးစည်ထုခိုင်းပြီး အဖေ့ရဲ့ နားနားမှာ တိုးတိုးလေးတတွတ်တွတ် ကပ်ပြောနေခဲ့တဲ့ အမေ့ရဲ့ စကားလုံးလေးတွေကိုပေါ့…

“မောင်…
ဘာမှ စိတ်မပူနဲ့နော်. ကလေးတွေလည်း ရှင်ပြုပြီးပြီ. ရွာမှာလည်း အလှူတွေလုပ်ပြီးပြီ. ကလေးတွေလည်း ပညာတတ်နေပြီ။ ကုသိုလ်တွေလည်း အများကြီးလုပ်ခဲ့ပြီးပြီ။ အားလုံးကို စိတ်ချပါ။ ဘာမှ စိတ်ထဲမှာမထားပါနဲ့။ သွားလိုရာကို စိတ်ဖြောင့်ဖြောင့်သွားပါနော်.”




ဒီစာသားတွေကို အခေါက်ပေါင်းများစွာ မတူညီတဲ့ စကားလုံးတွေသုံးပြီး အဖေ့နားထဲကို တတွတ်တွတ်အမေပြောနေခဲ့တဲ့ အချိန်မှာ ကျွန်တော် အမေ့နောက်က ပြတင်းပေါက်နားမှာ ရပ်နေခဲ့တယ်။

လက်တစ်ဖက်က မာလကာပင်ကိုင်းကြီးတိုးဝင်နေတဲ့ ပြတင်းပေါက်ဘောင်ကို တင်းတင်းဆုပ်လို့…
အံကိုတင်းတင်းကြိတ်လို့…
နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အစုံကို ထိန်းချုပ်လို့…

အဖေလဲလျောင်းနေတဲ့ ခုတင်ဘက်က တံခါးတစ်ချပ်ကိုပိတ်ထားတယ်. ဖွင့်ထားတဲ့တံခါးရဲ့ တစ်ဖက်မှာ လူတွေ အပြည့်နဲ့ပေါ့. လမ်းတစ်ဖက်က ဈေးကြီးထဲက လူတစ်ချို့ ကြေးစည်သံတစ်ချက်ထွက်တိုင်း လှမ်းလှမ်းကြည့်နေတာ တွေ့ရတယ်။ ကျလာတဲ့ မျက်ရည်တစ်စက်ကို ဆတ်ခနဲ ခါထုတ်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်ကို ခဏမျက်နှာလွှဲနေလိုက်တယ်။

အဖေကျွန်တော်တို့ကို ထားခဲ့ပြီး သွားတော့မယ်ဆိုတာ သေချာသွားပါပြီ…
ဒါအိပ်မက်မဟုတ်ဘူး…
တကယ်ဖြစ်နေခဲ့ပြီ…

၁၀ နာရီ ၅၅ မိနစ်မှာ နောက်ဆုံးကြေးစည်သံတစ်ချက်ထွက်လာတယ်…
အဖေ့ရဲ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်မဖြစ်တော့ဘူး…
အဖေ့ရဲ့ ထွက်သက်ကို အမေညာဘက်လက်ကလေးနဲ့ လှမ်းစမ်းနေတာ တွေ့ရတယ်.
အမေ့လက်တွေ တဆတ်ဆတ်တုန်နေတယ်နော်….

သေချာသွားပြီနော်..

ဟုတ်တယ်…

သေချာသွားခဲ့ပြီ…

အမေအရုပ်ကြိုးပြတ်ဖြစ်သွားတယ်နော်.
အဖေ့ကို တအားဖက်လိုက်ပြီး အဖေ့ရဲ့ရင်ခွင်ထဲမှာ အမေထိန်းထားခဲ့တဲ့ မျက်ရည်တွေကို သွန်ချပစ်လိုက်တယ်….

ကျွန်တော်နဲ့အစ်ကိုလည်း မျက်နှာတွေရဲနေတာပဲ အမေရယ်.
အစ်မကြီးက ကျောင်းမပြီးသေးဘူး. နောက်ဆုံးနှစ်….
အစ်မငယ်က အလုပ်သင်တန်းမှာ…
သူတို့နှစ်ယောက်လုံး ဒီနေ့ လေယာဉ်နဲ့ရောက်မယ်…
ခုအမေရယ်၊ အစ်ကိုရယ်၊ ကျွန်တော်ရယ်ပဲ အဖေ့ရဲ့ နောက်ဆုံးခရီးကို မီလိုက်ကြတယ်နော်…
အမေရယ်….
သိပ်ခံစားရမှာပဲနော်….

မနက်က လေယာဉ်ပေါ်မတက်ခင် အစ်မကြီးက ဖုန်းဆက်တယ်. ကျွန်တော့်ကို အမေက သွားပြောခိုင်းတယ်နော်. အမေက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ယုံကြည်အားကိုးခဲ့တာကို ကျွန်တော်မမေ့ဘူးသိလား အမေ…

အခြေအနေတွေကို ကောင်းပါတယ်လို့ ငါ့သားကြည့်ပြောလိုက်ပါတဲ့…
ရပါတယ် အမေရယ်. သားနားလည်ပါတယ်….

ဒါပေမယ့်သိလား အမေ…
အစ်မကြီးကို ကြိုတဲ့ကား အိမ်ရှေ့က အဖြတ်မှာ လူတွေအုံနေတဲ့ ကျွန်တော်တို့အိမ်ဘက်ကို ကားခေါင်းခန်းထဲက လှမ်းကြည့်လိုက်တဲ့ အစ်မကြီးရဲ့ မျက်ဝန်းတွေကို သနားလိုက်တာဗျာ….

ကားက အိမ်ဝင်းထဲကိုဝင်လိုက်တော့ ပြေးလာတဲ့ အစ်မကြီးမှာ ဖိနပ်တောင် မပါဘူးအမေ…

သားအမိနှစ်ယောက်တွေ့တော့ ဖက်ပြီးငိုကြတာတွေ၊ ကျွန်တော်မျက်နှာလွှဲထား ခဲ့ပေမယ့် သိနေမြင်နေခဲ့တယ်…

အချိန်က ဇန်န၀ါရီ…
အစ်ကိုကြီးက ၁၀ တန်းဖြေရတော့မယ်…
ကျွန်တော့်ရဲ့ စာမေးပွဲက ဖေဖော်ဝါရီလထဲမှာ…
အစ်မကြီးက ကျောင်းမပြီးသေးတဲ့ နောက်ဆုံးနှစ်ကျောင်းသူ..
အစ်မငယ်က အလုပ်ကို မျှော်လင့်နေဆဲ သင်တန်းသူ…
လက်ထဲမှာ အဖေထားသွားခဲ့တဲ့ ငွေရင်းငွေနှီးဘယ်လောက်ရှိမှာလဲ…
အဖေက ၀န်ထမ်းပဲကို…

ကျွန်တော်အမေ့ကိုယ်စား စိတ်ပူနေခဲ့မိတယ် အမေရယ်…

ငယ်လွန်းလို့ မစဉ်းစားတတ်သေးဘူး မထင်ပါနဲ့နော်. ကျွန်တော့်ရဲ့ အရွယ်ရောက်မှုက စောပါတယ်. ဒါကို အမေနောက်ကျမှ တဖြည်းဖြည်း သိလာခဲ့ရတာ မဟုတ်လား…

….



အားလုံးက စာမေးပွဲပြီးမှ နေရာသစ်ကို ပြောင်းဖို့ တားကြပေမယ့် အမေရဲဝံ့စွာပဲ ဆုံးဖြတ်ခဲ့တယ်. အဖေရက်လည်ပြီး တစ်ပတ်အတွင်းမှာပဲ ကျွန်တော်တို့ ရန်ကုန်ကို သဘောင်္ကြီးစီးပြီး လာခဲ့တယ်နော်. သဘောင်္ပေါ်က အခန်းငယ်လေးထဲမှာ အမေနဲ့အတူ ကျွန်တော်အချိန်တော်တော်များများမှာ နေပေးခဲ့တယ် သိရဲ့လားအမေ..

ကျွန်တော်တို့ကို လိုက်နှုတ်ဆက်တဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာတွေကို သင်္ဘောပေါ်က လက်ပြရင်း ကျွန်တော်တစ်ခု ဆုံးဖြတ်ချက်ချခဲ့ဖူးတယ် အမေ…
ဒီနေရာကို တစ်နေ့ပြန်လာပြီး အဖေလဲလျောင်းခဲ့တဲ့ နေရာလေးမှာ အမှတ်တရ တစ်ခုခုလုပ်ပေးမယ် လို့ပေါ…

…..

နေရာစုံမှာ ကျွန်တော်တို့ ကျင်လည်ခဲ့ရတယ်နော်…
အမေ့ဆီက ပိုက်ဆံကို မတောင်းဘဲ ကျူရှင်တွေဆိုတာကို တတ်နိုင်သလောက် လျှော့ချခဲ့ပြီး ဘာမှမရှိတဲ့ ကျွန်တော် အောင်ပွဲတွေ အလီလီဆွတ်ခူးနိုင်ခဲ့ပါတယ် အမေ…

လူရာမသွင်းချင်တဲ့ ဆွေမျိုးတစ်ချို့ကို ကျွန်တော့်ရဲ့ အငြင်းပွားစရာ မရှိတဲ့ အောင်မြင်မှုတစ်ချို့နဲ့ လက်စားချေခဲ့တာ အမေသိပါတယ်…
နှိမ့်ချသလို အကြည့်မျိုးတွေနဲ့ ကြည့်တတ်တဲ့ လူတစ်ချို့ကိုလည်း ကျွန်တော့်ရဲ့ ပညာအစွမ်းနဲ့ပဲ ပြန်လည်တုံ့ပြန်သိမြင်စေခဲ့ပါတယ်.

….

ရည်ရွယ်ချက်တွေအောင်မြင်လုဆဲဆဲ ဖြစ်ခဲ့ရပေမယ့်လည်း တိုင်းရေးပြည်ရာ ရှုပ်ထွေးမှုတွေကြောင့် အောင်မြင်မှုတစ်ခုကို ရင်နာနာနဲ့ လက်လွှတ်လိုက်ခဲ့ရတယ်.
ဒါပေမယ့်အမေသိလား…
ကျွန်တော့်အတွက် သိပ်ကို အလှမ်းဝေးကွာလွန်းလှတယ်လို့ အားလုံးက ပြောနေတဲ့အောင်မြင်မှုကို ကျွန်တော် ထိုက်တန်စွာရခဲ့ပါတယ်..

ကျွန်တော့်ဘ၀အတွက်သာမဟုတ်ဘဲ ကျွန်တော်သိပ်ချစ်တဲ့ အမေနဲ့ ညီအစ်ကိုမောင်နှမတွေအတွက်ပါ အလှည့်အပြောင်းတစ်ခုကို ကျွန်တော် ဖန်တီးနိုင်ခဲ့တယ်… အမေကိုယ်တိုင်အံ့အားသင့်နေခဲ့ရတယ် မဟုတ်လား...

ကျွန်တော့်ရဲ့အောင်မြင်မှုကို မယုံကြည်နိုင်သူတွေ အများကြီးရှိလေလေ ကျွန်တော်အမေ့အတွက် ဂုဏ်ယူလေလေပါပဲ.
အမေ့ကို ကျွန်တော်သိပ်ချစ်တယ် အမေ…
အမေကျွန်တော်တို့ မိသားစုလေး မပြိုကွဲအောင် ကြိုးစားစီမံခဲ့တာတွေကို ကျွန်တော်မမေ့သေးဘူး..
အမေဦးမဆောင်နိုင်ပေမယ့် အမေ့ရဲ့ မေတ္တာဓာတ်တွေနဲ့ မိသားစုကို အေးမြနွေးထွေးစေခဲ့ပါတယ်..

ကျွန်တော်အမေ့ကို ကျေးဇူးဆပ်ဖို့စဉ်းစားနေတာ မဟုတ်ပါဘူး
ကျွန်တော်ကျေးဇူးတွေ စဆပ်နေတာ ကြာပါပြီ..
ဒီ့အတွက်လည်း ကျွန်တော်ကျေနပ်အားရပါတယ်. ၀မ်းမြောက်ဂုဏ်ယူပါတယ်..
နောက်ထပ်ကြုံဆုံလာရမယ့် စိန်ခေါ်မှုတွေအတွက်လည်း အားအင်အသစ်တွေ ရရှိမိပါတယ် အမေရယ်…

ကျွန်တော်က အမေမကြိုက်တာတွေ မလုပ်ပါဘူးလို့ ကတိပေးမယ့်သားလိမ္မာ အမျိုးအစားတော့ မဟုတ်ပါဘူး.. အမေ့အတွက်ကောင်းမယ်ထင်ရင် အမေမကြိုက်တာတောင် လုပ်မယ့်သားပါ.
အမေမသိမြင်နားမလည်နိုင်ခဲ့တာ တစ်ချို့ကို ကျွန်တော်ကြိုးစားရှင်းပြ ပေးသွားမှာပါ.
ကျင်လည်ရှင်သန်နေခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ မတူတဲ့အတွက် အမေနဲ့ ကျွန်တော်အတွေးအခေါ်ပိုင်းမှာ ကွဲလွဲမှုတွေ ရှိမှာပါ..
အမေမကြိုက်တာကို လုပ်မိတယ်လို့ အမေဆက်ထင်နေသေးခဲ့ရင်လည်း ကျွန်တော် စိတ်မကောင်းပါဘူး အမေရယ်…
အမေတဖြည်းဖြည်းသိမြင်လာအောင် ကျွန်တော်ကြိုးစားပေးသွားမှာပါ..

အမေ့အတွက် ကျွန်တော်က အလင်းတန်းတစ်ခု ဖြစ်ချင်တာပါ အမေရယ်….
အမေနဲ့ ကျွန်တော်နောက်နောင် ဘ၀များမှာ မဆုံတွေ့ဖြစ်ခဲ့ရင်တောင်မှ ကျွန်တော်ဒီဘ၀မှာ အကောင်းဆုံးလက်ဆောင်တစ်ချို့ အမေ့ရဲ့ သံသရာ ခရီးအတွက် ထည့်ပေးလိုက်မှာပါ…

အမေနဲ့ ကျွန်တော်တစ်နေ့နေ့ ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ကြမယ်နော်….
ကျွန်တော်အားမလျှော့သေးပါဘူး...
ရင်အစုံမှာ ဘယ်သူမှရိုက်ချိုးလို့မရတဲ့ ဇွဲမာန်တွေအပြည့်ရှိနေဆဲပါ…
အမေနဲ့ပြန်တွေ့ဖြစ်တဲ့တစ်နေ့ကျရင်တော့ ကျွန်တော့်ရဲ့ ပြောင်းလဲသွားတဲ့ တန်ဖိုးတစ်ချို့အကြောင်း ပြောပြမယ်နော်…
ကျွန်တော့်အတွက် စိတ်ချပါအမေ…
မြင်းရိုင်းတစ်ကောင်ရဲ့အားမာန်နဲ့ ဘ၀ခရီးကို အမှားအယွင်းမရှိအောင် ဆက်လက်ခရီးဆက်သွားမှာပါ…



လေယာဉ်ကွင်းမှာ အမေပေးခဲ့တဲ့ အနမ်းတစ်ချက်က ခုချိန်ထိရှင်သန် လတ်ဆတ်နေဆဲပါ အမေ…
ငါ့သားကြိုးစားနော်တဲ့...

အမေများနေ့မှာ ကျွန်တော်သိပ်ချစ်တဲ့ အမေတစ်ယောက် ငြိမ်းချမ်းပျော်ရွှင် စရာလေးတွေ တွေ့ကြုံခံစားနိုင်ပါစေ…


မျှော်တလင့်လင့်



အိပ်မက်ထဲမှာပေါ့
ချစ်သူ့အသံကို ကြားလိုက်ရတယ်
ပထမဦးဆုံးအကြိမ်ပေမယ့်ကိုယ်သိနေပါတယ်.
ဒါကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရဲ့ဆည်းလည်းသံလေးတွေပဲ…

အိပ်မက်ထဲမှာပေါ့
ချစ်သူ့မျက်ဝန်းတွေကို မြင်လိုက်ရတယ်
ပထမဦးဆုံးအကြိမ်ပေမယ့် ကိုယ်ခံစားမိပါတယ်
ဒါကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရဲ့ ပြတင်းပေါက်လေးတွေပဲ…

အိပ်မက်ထဲမှာပေါ့
ချစ်သူ့နှုတ်ခမ်းနုရွရွလေးတွေကို နမ်းလိုက်ရတယ်
ပထမဦးဆုံးအကြိမ်ပေမယ့် ကိုယ့်ကိုတိမ်းမူးစေပါတယ်
ဒါကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရဲ့ ပန်းငုံလေးတစ်ပွင့်ပါပဲ…

မဖြစ်နိုင်တာတစ်ချို့ရဲ့ စိန်ခေါ်မှုတွေကြောင့်
အချစ်စစ်နဲ့ အချစ်တုဆိုတာ ပေါ်လာတတ်တာပဲလေ
ဒါကြောင့် အဲဒီ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကိုယ်မကြောက်ဘူးဆိုရင်
ကိုယ်က သွေးဆာနေတဲ့ စစ်သည်တစ်ယောက်များဖြစ်သွားမလား…



ဟုတ်တယ်…
ကိုယ်ကချစ်သူအတွက် ရဲရင့်ချင်တာပါ…
ချစ်သူနဲ့နီးရဖို့ ဘာလုပ်လုပ်ဆိုတာမျိုးလည်း ကိုယ်က မလုပ်ပါဘူး…
ချစ်သူပျော်ရွှင်ပါစေဆိုပြီး အလွယ်တကူနောက်ဆုတ်ပေးတာမျိုးလည်း ကိုယ်မလုပ်ပါရစေနဲ့
အချိန်ရဲ့မှတ်ကျောက်တင်မှုအောက်မှာ ကိုယ့်ရဲ့မေတ္တာအတိမ်အနက်က ပေါ်လွင်လာမှာပါ.

ကိုယ့်ကိုမထားခဲ့ပါနဲ့ချစ်သူရယ်…
အိပ်မက်ထဲမှာရော အပြင်လက်တွေ့ဘ၀ထဲမှာရောပေါ့…
ချစ်သူကို ကိုယ်စောင့်နေမယ်
ချစ်သူလည်းကိုယ့်ကိုစောင့်နေပေးပါနော်…