Thursday, August 09, 2007

ခွပ်ဒေါင်း


အချိန်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ…
နာရီက မနက်ခင်း ၃ နာရီကျော် ၄ နာရီလောက်…

ရန်ကုန်မြို့တစ်မြို့လုံး အပ်ကျသလို ငြိမ်သက်တိတ်ဆိတ်နေတယ်… ခုတင်အောက်မှာ အိပ်နေတဲ့ ကျွန်တော့်ကို အစ်ကိုအစ်မတွေက လှုပ်နှိုးလို့ နိုးသွားခဲ့ပါတယ်. ဟုတ်ပါတယ်. ကျွန်တော်တို့အားလုံး ခုတင်အောက်မှာ အိပ်နေတာပါ. ခုတင်အောက်ထဲမှာ အမေက ဂုန်နီအိတ်တွေ ခင်းပေးပြီး ခေါင်းအုံးလေးတွေ ထည့်ပေးထားပါတယ်. ခုတင်ပေါ်မှာ အိပ်ရင် ကျည်ဆန်မှန်မှာ စိုးလို့တဲ့…

အမေချဲ့ပြောတယ်လို့များ မထင်လိုက်နဲ့နော်. ကျွန်တော်တို့ နေတဲ့ တိုက်ရဲ့နောက်ဖက်က ၃၁ လမ်းပါ. အဲဒီ့နောက်ကနေ ဂျင်ကလိ ပစ်သံတွေ တရွှီးရွှီးနဲ့ ညတိုင်း ကြားရပါတယ်. ကျွန်တော်တို့ အိမ်ရှေ့က မြို့တော်ခန်းမကြီးလေ…

အဲဒီ့ဖက်ကနေပြီးတော့လည်း ဒီဖက်ကို သေနတ်တွေနဲ့ ပြန်ပြန်ပစ်ပါတယ်. ဒီလို သေနတ်သံတွေ၊ ဂျင်ကလိသံတွေကြောင့် ခုတင်ပေါ်မှာ မအိပ်ခိုင်းဘဲ ခုတင်အောက်ထဲမှာ ကျွန်တော်တို့ မောင်နှမတွေကို ၀င်အိပ်စေခဲ့တာပါ…

ခုနက စကားကို ပြန်ဆက်ရမယ်ဆိုရင်ပေါ့ဗျာ
အိပ်မောကျနေတဲ့ ကျွန်တော့်ကို အစ်ကိုအစ်မတွေက လှုပ်နိုးလိုက်ပါတယ်. အမေကလည်း ကျွန်တော့်ကို လက်ကလေးဆွဲပြီး အိမ်ရှေ့ကို သွားကြည့်ဖို့ တိုးတိုးလေး ပြောပါတယ်. နားထဲမှာ စက်သံကြီးတွေ ကြားနေရတယ်. မျက်စိတွေကလည်း အိပ်မှုန်စုံဖွား၊ မီးကလည်း မထွန်းရဘူးလေ (နေ၀င်မီးငြိမ်းအမိန့်ထုတ်ထားတယ်) အိမ်ရှေ့ကို ကုန်းကုန်းကွကွလေး ထွက်လာခဲ့ကြတယ်.

ဝရန်တာကို ရောက်တော့ အမေက ကျွန်တော့်ကို ပြပါတယ်.

ဟိုမှာတွေ့လားတဲ့…

ကျွန်တော်လှမ်းကြည့်လိုက်မိခဲ့တယ်

အားပါးပါး….

စစ်ကားတွေ၊ စစ်ကားတွေ မနည်းပါလား…
သံချပ်ကာကားကြီးတောင် ပါလိုက်သေး..
တအိအိနဲ့ မြို့တော်ခန်းမဖက်ဆီကို မောင်းနေပါတယ်… မဟာဗန္ဓုလ ပန်းခြံကြီးနဲ့ မြို့တော်ခန်းမကြားထဲမှာတော့ ကျောင်းသားတွေနဲ့ ဆန္ဒပြပြည်သူတွေ သပိတ်စွဲထားကြပါတယ်. သပိတ်စခန်းတပ်ဆွဲနေတာ သုံးရက်မြောက်နေ့ပါ…


အိပ်ချင်မူးတူး ဖြစ်နေတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရပါတယ်. ကျွန်တော့်ဘ၀မှာ ဒီလောက်များတဲ့ စစ်ကားတွေ တစ်ခါမှ မမြင်ဖူးခဲ့ဘူး. စစ်သားတွေရဲ့ လည်ပင်းမှာ အနီရောင်လည်ပတ်တွေ စီးထားပါတယ်. ဘာလဲတော့ ကျွန်တော်အသေအချာ မသိခဲ့ပါ. အနီရောင်လည်ပတ်တွေက အပြာရောင်လည်ပတ်တွေထက် ပိုပြီး မြင့်တယ်လို့တော့ အဖေက ပြောခဲ့ဖူးတာ မှတ်မိနေပါတယ်. ပြီးတော့ သူတို့က ကရင်စစ်တပ်တွေတဲ့. ဗမာစစ်သားဆိုရင် ကျောင်းသားတွေကို မပစ်ရက်မှာစိုးလို့ ကရင်တပ်တွေ၊ ချင်းတပ်တွေကို ရန်ကုန်ကိုခေါ်ထားတာတဲ့.

ဟုတ်လားမဟုတ်လားတော့ ကျွန်တော်အသေအချာ မသိခဲ့ဘူး. သေချာတာကတော့ စစ်သားတွေအားလုံး သတိအပြည့်နဲ့ ရှိနေပါတယ်. သေနတ်တွေမှာလည်း ဘက်နက်တွေ တပ်ထားပြီးသားပါ. ချီတက်နေတဲ့ လမ်းကြောင်းထဲက တစ်နေရာမှာ ဟိုင်းလတ်လို ကားလေးတစ်စီးတွေ့ပါတယ်. အပေါ်မှာ လော်စပီကာတပ်ထားပါတယ်.

စစ်ကားတွေနေရာဖြန့်ပြီး စစ်သားတွေနေရာယူနေတာကို တွေ့နေရပါတယ်. စစ်သားတွေချီတက်သွားပုံက လမ်းတစ်လျှောက်ကို ဖြန့်ပြီးတက်သွားတာပါ. သေနတ်တွေကို ရှေ့ကို ဆန့်ထားပြီးတော့ပေါ့. မြို့တော်ခန်းမရဲ့ ဟိုဖက်ဒီဖက်ကို နေရာဖြန့်ယူကြပါတယ်. ကျွန်တော်တို့ အိမ်ရှေ့မှာ အကော်ဒီယံအုန်းကျော်ရဲ့ အိမ်လည်း ရှိပါတယ်. အဲဒီ့နေရာထောင့်လေးမှာ စစ်သားတွေ မည်းနေတာပဲဗျာ.

ခဏနေတော့ ငြိမ်ကျသွားပါတယ်. သပိတ်တပ်တွေဆီက `တို့အရေး. တို့အရေး´ ဆိုတဲ့ အသံတွေကို ကြားနေရပါတယ်. လော်စပီကာတပ်ထားတဲ့ ကားလေးဆီက အသံတစ်သံထွက်လာပါတယ်.

(အတိအကျတော့မမှတ်မိတော့ပါ. လိုရင်းကိုသာ သိသလောက် ပြန်ရေးပေးပါမည်…)

ကျောင်းသားကျောင်းသူများ ခင်ဗျာ. လူစုခွဲဖို့ သတိပေးပါတယ်. မခွဲရင် ပစ်ပါမယ်.

အဲဒီ့စကားကို အချိန်ခြားပြီး ကြေငြာပါတယ်. ကြေငြာသူကတော့ ဘယ်သူလို့များ ထင်ပါသလဲ..

သာသနာရေးဝန်ကြီးအဖြစ် နောက်ပိုင်းမှာ ခန့်အပ်ခံခဲ့ရသူ ဗိုလ်ချုပ်မျိုးညွှန့်ပါပဲ.

သူ့ကြေငြာချက်ဆုံးသွားတိုင်း ကျောင်းသားထုဆီက ဟေးခနဲ ပြောင်လှောင်ကြပါတယ်.

နောက်ဆုံးအကြိမ်ကြေငြာပါတယ်.

`ဒါနောက်ဆုံးသတိပေးကြေငြာခြင်းပါ… ၃ မိနစ်အတွင်း လူစုခွဲပါ. မခွဲရင် ပစ်ပါမယ်..´

သပိတ်မှောက်ကျောင်းသားတွေနဲ့ ပြည်သူတွေက မမှုပါဘူး. တို့အရေးအသံတွေက ပိုလို့တောင် ဆူညံလာပါသေးတယ်.

၃ မိနစ်က သိပ်ကို မြန်လွန်းနေခဲ့သလိုပဲ.

မိုက်က အသံတစ်သံ ကျယ်လောင်စွာ ထွက်လာပါတယ်.

`အသင့်ပြင်…´

အမေက ကျွန်တော့်လက်ကို ဆုပ်ထားပါတယ်. အစ်မနှစ်ယောက်က ကျွန်တော်တို့နားမှာ အုံပြီးဝရန်တာနားမှာ ၀ပ်ကြည့်နေပါတယ်.

အားလုံးအသက်ရှုဖို့တောင် မေ့နေခဲ့ကြတယ်…

`ပစ်……………..´



ဒိုင်းဒိုင်းဒိုင်း… ဒက်ဒက်ဒက်.. ဒိုင်းဒိုင်းဒိုင်း… ဒက်ဒက်ဒက်…

အားးးးး ပြေးးး ပြေးးးး
ပစ်ပြီဟေ့ ပစ်တယ်ဟ…
အမေရေ…

ကယ်ကြပါဦး..
အားးးး


ဟီးးးးးးးးးး

ငိုသံတွေ၊ ပြေးသံတွေ၊ စက်သေနတ်က အတွဲလိုက်ဆွဲလိုက်တဲ့အသံတွေ၊ အစ်မနှစ်ယောက် ချုံးပွဲချငိုသံတွေ၊ အမေ့လက်မောင်းကို ကျွန်တော်တစ်အားဖက်ထားခဲ့တာတွေ….

…..
….

အမေကျွန်တော်တို့အားလုံးကို အိမ်ခန်းထဲ အပြေးဆွဲခေါ်သွားပါတယ်. ကျွန်တော်တို့ကို အမေက ရေခပ်တိုက်ပါတယ်. အစ်မတွေကတော့ ငိုနေတုန်းပဲ. အမေလည်း ကတုန်ကယင်နဲ့ပေါ့. အဖေကတော့ အမေ့ကို မှာနေတယ်. ကလေးတွေကို အပြင်မထွက်စေနဲ့တဲ့.

အပြင်မှာလား…

အပြင်မှာ

အပြင်မှာ

ကမ္ဘာပျက်နေခဲ့တယ်ဗျာ….

လွတ်လပ်ရေးကို တောင်းဆိုတဲ့ မြန်မာလူမျိုး အာဇာနည်သူရဲကောင်းတွေကို အမှောင်ချထားချင်တဲ့ မိစ္ဆာလူရမ်းကားတွေက ယဇ်ပူဇော်နေကြတယ်.

ယမ်းနံ့တွေ လေထဲမှာ ဝေ့နေတာပဲ….


မနက် ၄ နာရီခွဲလောက်ကျတော့ မီးသတ်ကားတွေ ထွက်ခိုင်းပါတယ်. ဘာလုပ်တာလဲသိလား
ရေဆေးဖို့တဲ့

ဘာကိုဆေးမှာလဲသိလား

ကျောင်းသားတွေရဲ့သွေး

အာဇာနည်တွေရဲ့သွေးတွေကို ဆေးမှာ…

ကျွန်တော်ဘာလို့သိနေတာလဲ. ဟုတ်လား..

ကျွန်တော့်အဖေက မီးသတ်ဦးစီးဌာနက အရာရှိလေ..

အဖေတို့အားလုံးကို standby နေခိုင်းထားခဲ့တာ အခုမှပဲ အဖေတို့လည်း သိရတော့တယ်.

ရှိသမျှမီးသတ်ကားတွေနဲ့ အခေါက်ပေါင်းများစွာ ရေသွားဆေးပေးရတယ်.
အလောင်းတွေကို သယ်တာဘာနဲ့သယ်တယ်ထင်လဲ…
စစ်ကားကြီးတွေပေါ်ကို ဒီတိုင်းပစ်တင်တာပါ…

နောက်ရက်တွေမှာ ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ အပုပ်နံ့တွေကိုလှိုင်လို့

မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံကြားထဲမှာလည်း သွေးကွက်ရာကြီးတွေ ထင်းလို့..

ဖိနပ်တွေ၊ အကျီင်္စုတ်တွေ၊ ထမင်းထုတ်တွေ၊ အလံလို့ယူဆရတဲ့ တိုင်ချောင်းတွေ….

အနိဋ္ဌာရုံမြင်ကွင်းပါပဲဗျာ..

….


ညဖက်ကျတော့လား

ယုံချင်ယုံမယုံချင်နေပါနော်…

ဒီမိုကရေစီ တစ္ဆေခြောက်ပါတယ်….


ညဖက်ဆိုရင်လေ…

တို့အရေး… တို့အရေး ဆိုတဲ့ အသံနက်ကြီးကို ကြားရတတ်ပါတယ်.

ကြားလိုက်ရတိုင်းမှာ ကြက်သီးဖြန်းခနဲ ထမိပါတယ်. (ခု စာပြန်ရေးနေတာတောင် ကြက်သီးထတုန်းပဲ..)

ဘယ်သူမှလည်း အပြင်မသွားဝံ့ပါဘူး..

….

ပန်းခြံကြီးထဲမှာ စစ်သားတွေ ကင်းပုန်းချထားတယ်လို့ အဖေက ပြောပြပါတယ်. စူးစမ်းချင်တတ်တဲ့ ကျွန်တော်တစ်ယောက် ညဖက် ထမင်းစားပြီးတိုင်း ပန်းခြံကြီးဖက်ကို လှမ်းလှမ်းကြည့်နေတတ်ပါတယ်.

တစ်ညကတော့ ကြည့်နေတုန်းမှာပဲ ပန်းခြံထဲက မီးပွင့်လေးတွေ ထွက်လာတယ်.

ဒက်..ဒက်…ဒက်…

မရှေးမနှောင်းမှာပဲ ဆူးလေဘုရားအ၀ိုင်း ပတ်ပတ်လည်မှာ ထွန်းထားတဲ့ မီးလုံးလေးတွေ ခွမ်းခနဲ ကွဲကုန်ပါတယ်.

လက်တည့်စမ်းတာလား
အမှောင်ချတာလား..

ဘာလဲတော့ မသိ. ဘုရားကိုတောင် အရိုအသေ မပြုခဲ့တာတော့ မိစ္ဆာကောင်တွေက လွဲရင် တစ်ခြားရှိပါဦးမလား…

….

ဒါတွေကြာခဲ့ပါပြီ..
ဒါပေမယ့် ကျွန်တော် မေ့မရနိုင်ခဲ့သေးဘူး..

ဒီနေ့ ၈ ရက် ၈ လ နေ့…

၁၉ နှစ်တောင် ကြာခဲ့ပြီပဲ..


ကျွန်တော့်မျက်ဝန်းထောင့်မှာ စိုစွတ်လာတဲ့ မျက်ရည်စက်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး ရှေ့တည့်တည့်က နံရံကို စုးစူးရဲရဲ စိုက်ကြည့်မိလိုက်တယ်…

နံရံပေါ်မှာ အရိပ်တစ်ခုလွင့်နေတယ်

ခွပ်ဒေါင်း!!!





3 comments:

99 said...

ဟုတ်တယ် ကိုရန်..
ကျနော်လည်း ဒီမိုကရေစီတစ္ဆေဆိုတာကြုံဖူးတယ်။
နှစ်တိုင်း ဒီအချိန်ရောက်လာရင် ည ၁၁ နာရီလောက်ကနေစပြီး .. “တို့အရေး” အော်သံတွေ ကျနော်တို့ ရပ်ကွက်ထဲမှာ ပျံ့လွင့်နေတတ်တယ်။ မနက် ၃ နာရီလောက်အထိ ရပ်ကွက်ရဲ့ ဘယ်နေရာကဆို ဒီအသံတွေကို ကြားနိုင်တယ်။
လူတကာတွေ အပြင်ထွက်ကြည့်ရတဲ့အထိပဲ .. အသံတွေက သိပ် သဲကွဲလွန်းလို့လေ။
၈၈၈၈ တုန်းက ကျောင်းပေါင်းစုံက ကျောင်းသားတွေရဲ့သွေးတွေ ကျနော်တို့ရပ်ကွက်ရဲ့ လမ်းလေးခွဆုံကြီးမှာ စီးသွားခဲ့ကြတာကိုး။
အမည်တောင် သိခွင့်မရလိုက်တဲ့ အာဇာနည်တွေ .. ကောင်းရာသုဂတိလားပါစေဗျာ..။

Thet said...

Nice, I can feel what happen in past. Also my eyes is dropping tears. My mind is wanna revenge. Anyway thank to share us. Thank ko yan aung....

Ka Daung Nyin Thar said...

Please see the following link about the comments on your post.

http://generation96.blogspot.com/2007/08/blog-post_16.html