တနင်္လာနဲ့ အင်္ဂါနှစ်ရက်
ကလေးတွေ ကျောင်းပိတ်တာနဲ့ SPEC ကျောင်းလေးကိုလည်း ပိတ်ဖြစ်ခဲ့တယ်။ ကျောင်းဖွင့်ရက်တွေမှာ
အလုပ်များလွန်းတာကြောင့် ဘယ်ကိုမှ မသွားနိုင်ဖြစ်နေတုန်း ကျောင်းလေးနှစ်ရက်ပိတ်လိုက်တာ
အပြင်ထွက်ဖို့ အခွင့်အရေး တစ်ခုရလိုက်သလိုပဲ။
Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts
Wednesday, October 05, 2016
Friday, August 03, 2007
နယူးယောက်မြို့သွား မှတ်တမ်း (၁)
တကယ်ဆို ကျွန်တော်နေတဲ့မြို့ကလေးကနေ နယူးယောက်ကို ရထားနဲ့ သွားမယ်ဆိုရင် ၂ နာရီလောက်ပဲ သွားရတာပါ. ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ နားရက်ရတိုင်း နယူးယောက်မြို့ပေါ် တက်လည်ကြပေမယ့် ကျွန်တော်ကတော့ အကြောင်းကိစ္စမရှိရင် မသွားဖြစ်ခဲ့ပါ. ဘာလို့လဲဆိုတော့ ရထားခတွေ၊ ကားခတွေ၊ Lunch ခတွေ ကုန်လို့ပါပဲ. နောက်တစ်ခုကလည်း နယူးယောက်မြို့မှာ မနှစ်က ၃ လနီးပါးလောက် နေခဲ့တာဆိုတော့ အထွေအထူး သွားစရာလာစရာလည်း မရှိသလောက်ပါပဲ.
ဒီတစ်ခါတော့ နယူးယောက်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ပြန်ပြီ. အလုပ်ကိစ္စအတွက်ပေါ့
ကျွန်တော်လျှောက်မယ့်အလုပ်က ဗုဒ္ဓဟူးနေ့တစ်ရက်ပဲ မနက် ၁၀ နာရီကနေ ၁၂ နာရီအတွင်းမှာ form လက်ခံတယ်. ကျွန်တော့်မြို့က အစောဆုံးထသွားရင်တောင် တော်တော်ကသီတယ်လေ. နောက်တစ်ခုက ကျွန်တော့်ရဲ့ ခရီးဆောင်အိတ် အကြီးကြီး တစ်လုံးကို နယူးယောက်က သူငယ်ချင်းအိမ်မှာ ထားထားခဲ့တယ်. အဲဒီ့အိတ်ထဲမှာ အင်္ကျီဘောင်းဘီ ကောင်းကောင်းလေးတွေ သိမ်းထားတယ်လေ. အခု ဒီမြို့လေးကိုလာတော့ အလုပ်လုပ်ဖို့ ရည်ရွယ်ချက်ပဲရှိတယ်. ဒါကြောင့် ဘာအ၀တ်အစားမှ မယူလာခဲ့ဘူး.
ဒီအကြောင်းတွေကြောင့် ကျွန်တော် အင်္ဂါနေ့ညနေကတည်းက နယူးယောက်ကို သွားပြီး တစ်ရက်ညအိပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်. အလုပ်ရှင်ကို အရင်တစ်ပတ် ကတည်းက ကြိုပြောထားလို့ ခွင့်နှစ်ရက်ယူခဲ့ပါတယ်.
အင်္ဂါနေ့ မနက်ခင်းတစ်ခုလုံး ကျွန်တော် အလုပ်နည်းနည်းများနေခဲ့ပါတယ်.
ညနေခင်း ၃ နာရီလောက်မှာ အလုပ်ရှင်ရဲ့သား အိမ်ပြန်ရောက်လာပါတယ်. ကျွန်တော့်ကို ဘူတာရုံလိုက်ပို့ပေးဖို့ပေါ့. သူလာတော့ ကျွန်တော်မပြီးသေးပါဘူး. Gmail ကိုဖွင့်ရင်း အရင်တုန်းက ရေးထားပြီးသား application form ကို ပြန်ရှာနေခဲ့ပါတယ်. သူက မြန်မြန်လုပ်လို့ပြောတာနဲ့ Cover ကို ပိတ်ပြီး တစ်ခါထဲ ကျောပိုးအိတ်ထဲကို ထိုးထည့်၊ ဖိနပ်မြန်မြန်စီး၊ သွားတိုက်တံနဲ့ Hair Cream ဘူးကို လက်တစ်ဖက်စီမှာကိုင်ပြီး၊ ဖိနပ်တောင် ကြိုးမချည်အားဘဲ အိမ်အပြင်ကို ပြေးထွက်ခဲ့ရပါတော့တယ်. သူ့ကိုလည်း အားနာတယ်လေ. တကယ်ဆို ကျွန်တော့်ကို လိုက်ပို့ပေးဖို့ တကူးတက အိမ်ကိုပြန်လာခဲ့ရတာကိုး..
ရေသန့်ဘူးနှစ်ဘူးကိုတော့ အပြင်မထွက်ခင် ကျောပိုးအိတ်ထဲ ထိုးထည့်ခဲ့ သေးတယ်. နယူးယောက်မှာက ရေသန့်ဘူးလည်း ဈေးကြီးတာပဲဗျ. ဘူးပါရင် ရေဖြည့်လို့ရတဲ့နေရာတွေ ကျွန်တော်သိနေတယ်လေ. ဒီတော့ ရေဘူးကိုသာ ပါအောင် ယူခဲ့ရတော့တာပေါ့. (ဟတ်ဟတ်)
ကားပေါ်ရောက်မှ အိတ်ထဲကို ပြန်စမ်းမိတယ်. သွားပွတ်တံပါပေမယ့် သွားတိုက်ဆေးကျန်ခဲ့တယ်. သူငယ်ချင်းဆီက ယူတိုက်လည်းရပါတယ်လေ ဆိုပြီး အဲဒါကို ခေါင်းထဲက ထုတ်ပစ်လိုက်တယ်. ပုတီးကျန်ခဲ့တယ်. ကိုးန၀င်း ပျက်ပြန်ပြီပေါ့. တနလာင်္နေ့ကျမှပဲ ပြန်စိပ်ရဦးမယ်. ကျွန်တော်နဲ့အမေက အတူတူစိပ်နေတာဆိုတော့ အမေ့ကိုလည်း အသိပြန်ပေးရဦးမယ်. ဒါလည်း negotiable ပါပဲ. တဘက်ကျန်ခဲ့တယ်. ဩော်. အဲဒါလည်း မြို့ပေါ်က အိတ်ထဲမှာ တဘက် အပိုပါသေးတယ်ဆိုပြီး ခေါင်းထဲက ဖယ်လိုက်ပြန်တယ်.
ဘာကျန်သေးလဲ …
ဘာကျန်သေးလဲ…
ကျန်ခဲ့ပါသေးတယ်.
ဒါပေမယ့်လည်းလေ
ကိုယ်ပြန်လည်ရယူဖို့ မဖြစ်နိုင်တော့တဲ့ ကျန်ခဲ့တဲ့အရာတွေကိုပဲ တမ်းတပြီး စိတ်မကောင်းဖြစ်နေမယ်ဆိုရင် ရှေ့ဆက်လုပ်ရမယ့် အရာတွေအတွက် စိတ်ဓာတ် အင်အားတွေ ဖြုန်းတီးလိုက်သလို ဖြစ်ကုန်တော့မှာပေါ့..
စိတ်ကို ယတိပြတ်ဖြတ်ပြီး ကားကက်ဆက်ထဲက လွင့်မျောလာတဲ့ နောက်ဆုံးပေါ် Rap သီချင်းသံစဉ်လေးတွေကို ခံစားရင်း Tony (ပိုင်ရှင်ရဲ့သား) နဲ့ စကားပြောရင်း လိုက်လာခဲ့တယ်. တစ်ကိုယ်လုံးမှာ ရှိတဲ့ တင်းမာမှုတွေကို ကြိုးစားဖြေလျော့ရင်း တိုက်ပွဲအတွက် အားအင်သစ်တွေကို ဖြည့်တင်းနေခဲ့တယ်…
ဘူတာရုံထဲကားအ၀င်မှာ နာရီကို ကြည့်လိုက်တော့ ၃ နာရီ ၃၀ မိနစ်. ရထားက ဟိုး Poughkeepsie ဘက်ကနေ လာမှာဆိုတော့ ကျွန်တော်ရှိတဲ့ ဘူတာရုံကို ရောက်ဖို့ ၁၀ မိနစ်လောက် စောင့်ရဦးမယ်. Ticket Machine ရှိတဲ့နေရာကို ခပ်သွက်သွက်လှမ်းလျှောက်ခဲ့ပြီး New Hamburg to Grand Central လက်မှတ်တစ်စောင် ၀ယ်လိုက်တယ်. $ 12.75 ပေးရတယ်.
အပျင်းပြေနားထောင်ဖို့ Mp3 Player လည်း မရှိ၊ ကွန်ပြူတာဖွင့်ပြီး နားထောင်ဖို့လည်း Headphone က ကျန်လာခဲ့တယ်၊ စာဖတ်ချင်စိတ်လည်း မရှိတာနဲ့ ဒိုင်ယာရီစာအုပ် အဟောင်းလေးကို ပြန်ဖွင့်ပြီး ရှေ့ကနေ ပြန်ဖတ်နေခဲ့မိတယ်.
ငါဘာတွေဖြစ်ခဲ့လဲ.
ငါဘာတွေလုပ်ခဲ့လဲ.
ငါဘာတွေ မပြီးပြတ်ခဲ့ဘူးလဲ
ငါဘာတွေလုပ်ရဦးမလဲ
ငါဘာတွေ ခံစားခဲ့ရလဲ.
ငါဘယ်လို ရှုံးနိမ့်ခဲ့ရလဲ.
ငါဘယ်လို ကျော်လွှားဖို့ကြိုးစားခဲ့ရသလဲ
…
…
ဆိုတာတွေကို ပြန်ပြီး catch up လုပ်ရင်း ပြောင်းလဲလာခဲ့တဲ့ တန်ဖိုးတွေ အကြောင်း အတွေးနယ်ချဲ့နေခဲ့မိတယ်…
ရထားတစ်စီး ၀ှီးခနဲ ဖြတ်သွားလို့ လန့်သွားခဲ့ရသေးတယ်. ရထားများ လွတ်သွားပြီလားပေါ့. တကယ်ဆို ဘူတာရုံထဲမှာ ကျွန်တော်တစ်ယောက် တည်းရယ်. ကျွန်တော်က ရထားစောင့်တဲ့ အဆောက်အဦးလေးထဲမှာ ၀င်ထိုင်နေတာဆိုတော့ ကျွန်တော့်ကို မမြင်လို့ ရထားမရပ်ပေးတာလား ဆိုပြီးတော့တောင် တွေးနေမိသေးတယ်. အဲဒါနဲ့ စာအုပ်ကို အိတ်ထဲပြန်ထိုးထည့်၊ အပြင်ကို ထွက်ပြီး သံတန်းလေးကို နောက်မှီရင်း prepaid sim card အသစ်ကို ဖုန်းထဲကိုထည့်၊ ဖုန်းစာအုပ်ထဲက အရေးကြီးနံပါတ်တစ်ချို့ကို ဖုန်းထဲကူးပြောင်း နေခဲ့တယ်.
ဒီတစ်ခေါက်ရထားစောင့်ရတာ တော်တော်ကြာပါတယ်. ဘာလို့လဲဆိုတော့ ကျွန်တော် ဘူတာရုံမရောက်ခင်လေးတင် ရထားတစ်စီးထွက်သွားလို့ပါပဲ… ခုနက ဖြတ်မောင်းသွားတဲ့ ရထားက လိုင်းမတူပါဘူး. ဒီဘူတာမှာ မရပ်ပါဘူး.
အချိန်က ၄ နာရီခွဲတော့မယ်. တစ်နာရီနီးပါး ရထားစောင့်နေခဲ့ရတယ်ဗျာ. ပူလိုက်တာလွန်ရော. ညနေစောင်းနေက ကျွန်တော်ရပ်နေတဲ့ နေရာတည့်တည့်ကို ထိုးကျလာခဲ့တယ်.
အင်္ကျီကြယ်သီးတွေကိုဖြုတ်၊ ဖိနပ်ကြိုးကို အသာလျှော့ထားပြီး ရှားရှားပါးပါး တိုက်ခတ်လာမယ့် လေပြည်ညှင်းလေးကို မက်မောစွာ မျှော်လင့်နေခဲ့ မိတယ်…
ရထားလာပါပြီ…
ပူပင်သောကတွေ သိမ်းထုပ်
ဆက်လုပ်ရမယ့် အရာတွေကို
မထွေမပြား အာရုံစိုက်နိုင်ဖို့
ငါ့တိုက်ပွဲကို ငါဖန်တီးခဲ့ပြီ
လေဟုန်ကိုဆန်လျက် ရှေ့ကိုသာတက်…
(ရေခဲငှက်)
To be continued....
Monday, May 07, 2007
Atlanta မှ New York သို့...
Atlanta ကို ဒေသစံတော်ချိန် ၄ နာရီ ၁၀ မိနစ်မှာ ရောက်ပါတယ်. လေယာဉ်ကအထွက် နောက်တစ်ဂိတ်ကို ကူးရပါတယ်. ဒီတစ်ခါတော့ ဂိတ်က C 25 မှာပါ. လမ်းနည်းနည်းလောက် လျှောက်လိုက်ရပါတယ်. လေယာဉ်ချိန်တွေ နည်းနည်းကြပ်နေလို့လား မသိဘူး. လူတွေကတော့ တော်တော်ကြီးကို များနေတာတွေ့ရတယ်.
Atlanta ကို ကျွန်တော်ခဏခဏ ရောက်ဖြစ်ပါတယ်. မြန်မာပြည်က ထွက်လာကာစကလည်း ဒီ Atlanta မှာပဲ လေယာဉ်ပြောင်းစီးခဲ့ရတာပါ. နောက်ပိုင်း Domestic Flight တွေ စီးတော့လည်း Atlanta ကို ခဏခဏ ရောက်ဖြစ်ပါတယ်. ဒါကြောင့် လေယာဉ်ကွင်းကြီးက အကြီးကြီးပေမယ့် Familiar ဖြစ်ပါတယ်. လေယာဉ်ကွင်းက ဘယ်လောက်တောင်ကြီးလဲဆိုရင် တစ်ဂိတ်နဲ့တစ်ဂိတ်ကို ရထားနဲ့ဆက်သွားရပါတယ်. ကျွန်တော်ကတော့ နီးနေလို့ လမ်းပဲလျှောက်လိုက်တာပါ.
လေယာဉ်ကွင်းရဲ့ System က သိပ်ကိုကောင်းမွန်ပါတယ်. အစားအသောက် စားမလား၊ Game ပဲဆော့မလား၊ ဆေးလိပ်ပဲသောက်မလား (Smoking Area လုပ်ပေးထားပါတယ်) Shopping လုပ်မလား၊ စာအုပ်ဆိုင်မှာ ၀င်မွှေမလား၊ ဆံပင်ညှပ်မလား၊ ကော်ဖီဆိုင်ထိုင်မလား၊ ဘီယာဘားသွားမလား၊ ဒီတိုင်းလေးပဲ Computer ကို Charging လုပ်ထားမလား၊ Email စစ်မလား (ကဒ်ပြားလေးတော့ဝယ်ရပါတယ်.) အစုံရှိပါတယ်. Cellular Phone ဌားတဲ့ Service တောင်ရှိသေးတယ်ဗျ.
နယူးယောက်ကိုသွားမယ့်လေယာဉ်က ၄:၄၅ မှာထွက်မှာပါ. အဲဒါနဲ့ အနီးနားလေးမှာ ထိုင်ပြီး အိတ်ထဲက Energy Bar လေးတစ်ချို့ ထုတ်စားနေလိုက်တယ်. TV ကိုကြည့်လိုက်တော့ Texas မှာ Tornado ၀င်မွှေနေတာတွေ့ရတယ်.
သိပ်ကြာကြာတော့ မစောင့်လိုက်ရပါဘူး. လေယာဉ်ခုံနံပါတ်တွေ ခေါ်ပါတယ်. Indy ကနေ Atlanta ကိုလာတုန်းက အလယ်ခုံမှာ ရောက်နေခဲ့တာကြောင့် ဓာတ်ပုံတွေ စိတ်တိုင်းကျ မရိုက်နိုင်ခဲ့ဘူး. ဒီတစ်ခါကျတော့ သုံးခုံလုံးမှာမှ ကျွန်တော် တစ်ယောက်တည်းရယ်.
ဘာရမလဲ. အပြည့်အ၀ကို အသုံးချလိုက်တာပေါ့ဗျာ. ခုံလက်တန်းတွေကို ဆွဲတင်ပြီး နှစ်ယောက်ခုံပုံစံ လုပ်ပစ်လိုက်တယ်. ကင်မရာကို Standby လုပ်ထားလိုက်တယ်. ပြီးတော့ မုန့်ဆက်စားရင်း စာအုပ်ထိုင်ဖတ်နေလိုက်တယ်. (Footbinding အကြောင်းပါပဲ. အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်. ကျွန်တော်အချိန်ယူပြီး ဖတ်ထားသမျှကို ပို့စ်တစ်ခုရေးပေးဦးမယ်လို့ စဉ်းစား ထားပါတယ်.)
လေယာဉ်ထွက်တော့ မြင်ကွင်းတွေက သိပ်စိတ်ဝင်စားစရာ မကောင်းလှပါဘူး. သစ်ပင်တွေ၊ အိမ်ခြေတွေပဲ တွေ့နေရတယ်လေ. နေကလည်း ကျွန်တော်ထိုင်တဲ့ဘက်ကို ခပ်စူးစူးလေး ထိုးနေတယ်. တိုက်ရိုက်ကြီးတော့ မဟုတ်ဘူးပေါ့. အဲဒါနဲ့ လေယာဉ်ပြတင်းပေါက်လေးကို ဆွဲပိတ်ပြီး Nap ယူလိုက်ပါတယ်.
၄၅ မိနစ်လောက်ထိ အိပ်ပျော်သွားခဲ့ပါတယ်. ပြန်နိုးလာတာကလည်း ဘေးနားကို လူတစ်ယောက်ဝင်လာထိုင်တာ သိလိုက်လို့ပါ. ဟိုနောက်မှာ ထိုင်ရတာ ကြပ်လို့ထင်ပါတယ်. ကျွန်တော့်ဘေးနားက တစ်ခုံကျော်မှာ လာထိုင်ပြီး Computer နဲ့ ရုပ်ရှင်ထိုင်ကြည့်နေပါတယ်. အေးအေးဆေးဆေးသမားပုံစံမို့ မျက်စိကို ပြန်မှိန်းနေလိုက်ပါတယ်. ပြန်အိပ်လို့တော့ မရတော့ပါဘူး.
လေယာဉ်မယ်က ဘာသောက်မလဲလို့ လာမေးပါတယ်. ဘေးကလူက ကျွန်တော့်ကို အရိုအသေပေးပြီးတော့ ကျွန်တော့်အတွက် Snack တစ်ခုလှမ်းယူပေးတာနဲ့ ကျေးဇူးတင်တဲ့ အကြည့်လေးနဲ့ ပြုံးပြလိုက်ရပါသေးတယ်. လေယာဉ်ပေါ်မှာ ကျွန်တော်သောက်လေ့ရှိတာကတော့ Gingere ပါပဲ. သောက်လိုက်ရင် စိတ်ထဲမှာ လန်းဆန်းသွားသလို ခံစားရပါတယ်. ရှိန်းတိန်းတိန်းလေးကို ဖြစ်လို့ပေါ့ဗျာ. Pretzel တစ်ထုပ်ကို ဖောက်စားလိုက်၊ သီချင်းနားထောင်လိုက်၊ အပြင်ရှုခင်းတွေကို ကြည့်ရင်း ကောင်းတာလေး တွေတွေ့ရင် တဖျပ်ဖျပ်နဲ့ ဓာတ်ပုံရိုက်လိုက်နဲ့ ဆက်လိုက်လာခဲ့လိုက်တယ်. စာတော့ ဆက်မဖတ်ဖြစ်တော့ပါဘူး.
စိတ်ကူးထဲမှာတော့ စာတွေရေးနေခဲ့တယ်ဗျ. ဒါကြောင့်လည်း ခုလိုနယူးယောက်ကို ရောက်ရောက်ချင်း ပို့စ်တင်နိုင်တာပေါ့. သူငယ်ချင်းသုံးယောက်အတွက်လည်း ကဗျာလေးတစ်ပုဒ်ကို စိတ်ကူးထဲမှာ စပ်နေခဲ့တယ်. (ဒီပို့စ်ပြီးရင်တင်ပေးမယ်နော်. မဂျစ်၊ မလေးနဲ့ ဘာညာတို့ရေ…)
ပျံသန်းချိန် ၂ နာရီနဲ့ ၄၅ မိနစ်လောက်နေတော့ နယူးယောက်ပြည်နယ်ထဲကို စ၀င်လာခဲ့ပါပြီ. ရှုခင်းတွေက ပြောင်းလာတယ်. အရင်တုန်းက မြင်ဖူးနေခဲ့ပေမယ့် ခုလောက်စိတ်မလှုပ်ရှားခဲ့ဖူးဘူး ဆိုတာကို ၀န်ခံပါရစေ. ဘာလို့လဲဆိုတော့ ကျွန်တော်က ခုဆိုရင် ဘလော့ဂါတစ်ယောက်ဖြစ်နေပြီလေ. ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ဂရုတစိုက်လာဖတ်တဲ့ စာဖတ်ပရိသတ်အတွက် ကောင်းနိုးရာရာ ဓာတ်ပုံလေးတွေ ရိုက်ဖို့အတွက် ကျွန်တော်အရမ်းကို တက်ကြွလန်းဆန်း နေခဲ့တယ်ဗျာ…
ဒီရှုခင်းတွေကို တစ်နှစ်မှတစ်ခါပဲမြင်ခွင့်ရတဲ့ ကျွန်တော့်အတွက် နယူးယောက်မြိ့ကြီးရဲ့ ဝေဟင်ယံမြင်ကွင်းက ခါတိုင်းလိုပဲ ဆွဲဆောင် နေနိုင်စွမ်းရှိပါတယ်. နယူးယောက်မြို့ကြီးကို Borough ၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်. Manhattan, Queens, Bronx, Brooklyn နဲ့ Staten Island စတာတို့ပဲဖြစ်ပါတယ်.
သူတို့တွေအကြားမှာ တံတားကြီးတွေနဲ့ကူးသန်းယှက်နွယ်ထားပါတယ်. အဲဒီ့ တံတားတွေထဲက ကမ္ဘာကျော်တံတားကြီးတစ်ခုကတော့ ဘရွတ်ကလင်း တံတားကြီးပါပဲ. တံတားကြီးရဲ့အောက်ဘက်မှာ ကားတွေသွားပြီး တော့ အပေါ်မှာလူသွားလမ်းထားပါတယ်. လူသွားလမ်းမှာတောင် ညာဘက်ကိုကပ်သွား ရပါတယ်. ဘယ်ဘက်က စက်ဘီးလမ်းပါ. စက်ဘီးစီးသမားတွေက သူတို့လမ်းပေါ်ကို လမ်းလျှောက်မိတဲ့သူတွေကို ဘုကြည့်ကြည့်တတ်ပါသေးတယ်. ကျွန်တော်တစ်ခါခံခဲ့ရဖူးလို့ သိလိုက်တာပါ. အရိုးစွဲအောင်မှတ်ထားလိုက်ရ တာပေါ့ဗျာ.
ဘရွတ်ကလင်းတံတားကြီးမှာ ညနေခင်းဆို လမ်းလျှောက်အပန်းဖြေသူတွေ၊ စုံတွဲတွေ၊ စာလာဖတ်တဲ့ ကျောင်းသားတစ်ချို့တွေ၊ ဓာတ်ပုံဆရာတွေ၊ တရုတ်အဘိုးကြီးအဘွားကြီးတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ၊ လေ့ကျင့်ခန်းလုပ်နေသူ တွေနဲ့ လူစုံပါတယ်.
တံတားကြီးကလည်းတကယ့်ကို ခန့်ညားပါတယ်. အဲဒီ့တံတားကြီးပေါ်ကနေ နေ၀င်ချိန်ကြည့်ရင် နောက်ခံကောင်းကင်မှာ နယူးယောက်မြို့ကြီးရဲ့ Skyline ကို ကောင်းကောင်းမြင်ရပါတယ်. သူငယ်ချင်းတစ်ယောက်ကပြောပါတယ်. World Trade Center ရှိတုန်းကဆို ပိုတောင်ကြည့်လို့ကောင်းသေးတယ်တဲ့. ခုတော့လည်း သူ့နေရာမှာ သူ့လောက်မမြင့်တဲ့ တိုက်တွေက နယူးယောက်မြို့ကြီးရဲ့ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားဆဲပါ…
ခုလေယာဉ်ပေါ်ကနေမြင်ရတာကတော့ မန်ဟက်တန် ဧရိယာပါ. အစည်ဆုံး အချက်အချာအကျဆုံးနေရာပါပဲ. ကမ္ဘာ့စီးပွားရေးအပြောင်းအလဲတွေကို ဖန်တီးပေးနေတဲ့ Wall Street ရှိတယ်. World Stock Exchange ရှိတယ်. ကမ္ဘာ့အလှဆုံးပန်းခြံတွေထဲက တစ်ခုဖြစ်တဲ့ Central Park ရှိတယ်. စုံပါတယ်. ထူးခြားတာတစ်ခုကတော့ မန်ဟက်တန်ဟာ နယူးယောက်မြို့ရဲ့ ဈေးအကြီးဆုံး နေရာဖြစ်ပြီးတော့ တရုတ်တန်းဆိုတာကလည်း မန်ဟက်တန်ရဲ့ အချက်အချာနေရာမှာ ယူထားတာကို တွေ့ရပါတယ်. (ရန်ကုန်ရဲ့ မြို့လယ်ခေါင် လသာသံဈေးဝန်းကျင်ကို တရုတ်လူမျိုးတွေ ကြီးစိုးထားသလိုပါပဲ.)
ဒီပုံထဲမှာတွေ့ရတဲ့ Central Park ပန်းခြံရဲ့အရှေ့ဘက်က အမည်းရောင် အဆောက်အအုံကတော့ ကမ္ဘာ့သတင်းတွေကို ထုတ်လွှင့်ပေးနေတဲ့ CNN News အဆောက်အအုံပါ
ကင်းကောင်ရုပ်ရှင်ထဲမှာ ကင်းကောင်ခဏခဏတက်တဲ့ Empire State Building ကြီးကို ပုံထဲမှာတွေ့ရပါမယ်. ပုံကိုညာဘက်ကစကြည့်ပါ ပထမဆုံးတွေ့ရတာ ကတော့ ဗိသုကာပိုင်းမှာ နာမည်ကျော်တဲ့ Crysler Building ကြီးပါ. Sex and The City TV Series ထဲမှာ ပထမဆုံးတွေ့ရတဲ့ အချွန်အတက်တွေနဲ့ အဆောက်အအုံပေါ့ဗျာ. ဒုတိယကတော့ ကျွန်တော်ပြောတဲ့ Empire State Building ပါ.
သူတို့ကကြိုးစားတာကိုး… ဒီလိုဖြစ်မှာပေါ့. နယူးယောက်က တရုတ်လူမျိုးတွေမှာ ဘော်ကြော့သိပ်မတွေ့ရဘူး. ရှိချင်ရှိမှာပေါ့. ရှိမှာပါ. ဒါပေမယ့် တော်တော်များများ ငယ်ငယ်ကြီးကြီး အလုပ်ကြိုးစားကြတာကို တွေ့ရတယ်ဗျ. အလုပ်လုပ် ရင်းစာဖတ်နေတဲ့ တရုတ်ကျောင်းသူလေး ၂ ယောက်ကို ဟောဟိုက Tourist Center Booth လေးထဲမှာ တွေ့နိုင်ပါတယ်. မျက်နှာမှာဘာမှ မခြယ်သထားဘူး. ဖတ်နေတဲ့စာအုပ်တွေကတော့ ခပ်မြင့်မြင့်တွေချည်းပဲ. ကျွန်တော်သူ့ကို လမ်းမေးဖူးတုန်းက သူဖတ်နေတဲ့ စာအုပ်တွေကို လှမ်းရှိုးလိုက်လို့ သိတာပါ.
ပြောလက်စနဲ့ နယူးယောက်အကြောင်းနည်းနည်း ဆက်ပြောလိုက်ဦးမယ်ဗျာ. ကျွန်တော်သိသလောက်ပေါ့.
နယူးယောက်မှာ တရုတ်တန်းကို မျက်စိမလည်အောင်သွားတတ်ရင် မဆိုးဘူးလို့ ပြောရမယ်. လမ်းကြိုလမ်းကြားတော်တော်များတယ်ဗျ. Soho (ဆိုဟို)လို့ခေါ်တဲ့ မန်ဟက်တန်ထဲက လူအရမ်းစည်တဲ့ နေရာမှာဆိုရင်တော့ စားသောက်ဆိုင် ကောင်းကောင်းတွေနဲ့ ဆူရှီဆိုင်တွေ မှိုလိုပေါက်နေပါတယ်.
တရုတ်တန်းမှာတော့ ရန်ကုန်အတိုင်းပဲဗျ သိလား. တရုတ်မတွေက လွယ်အိတ်လေးတွေ လွယ်ပြီးတော့ DVD လေး ၄-၅ ချပ်လောက် လက်ထဲကိုင်ထားတယ်. ဖြတ်လျှောက်သွားတဲ့လူတွေကို ကြည့်ပြီး “DVD..DVD…DVD…DVD…” လို့ အော်ရောင်းနေတာပါ. အများကြီးမှ အများကြီး. တစ်ချပ်ကို $ 5. ပါ. ကျွန်တော့်သူငယ်ချင်းဆို အဲဒီ့ကပဲ ၀ယ်တယ်. Copyright ဆိုတာတော့ သူတို့က သနားသေးတယ်. တကယ်ကို စီးပွားဖြစ်လုပ်နေကြတာဗျ. အဖြူကောင်တွေလည်း လာဝယ်တာပဲ. ဈေးပေါတာကိုး…
ကျွန်တော်တရုတ်တန်းမှာ မျက်စိခဏခဏလည်ပါတယ်. မြေအောက်ရထားပေါ်က ဆင်းပြီး အပေါ်တက်လိုက်တာနဲ့ ဘယ်ဘက်သွားရမှန်းမသိတော့ဘူး. အဲဒါနဲ့ Billboard အကြီးကြီးတစ်ခုကို ပုံသေမှတ်ထားလိုက်တယ်. အဲဒါနဲ့ ဆန့်ကျင်ဘက်ကို သွားရင် ကျွန်တော်သွားချင်တဲ့ နေရာကိုရောက်ပါတယ်. Billboard ကြီးဖြုတ်သွားတဲ့တစ်နေ့ကျရင်တော့ မပြောတတ်ဘူးဗျ. ဟတ်ဟတ်ဟတ်…
လေယာဉ်ကွင်းကတော့ ၂ ခုပဲရှိပါတယ်. LGA (Laguardia Airport) နဲ့ JFK (John F. Kennedy Airport) ပါ. ကျွန်တော်ကတော့ LGA ကိုရောက်တဲ့ လေယာဉ်ပဲစီးပါတယ်. မြို့ထဲနဲ့နီးလို့ပါ. ဘတ်စ်ကားလည်းပိုပေါတယ်လေ. JFK ကတော့ ပိုကြီးတယ်. JFK ကိုသွားရင် မိုးပျံရထားစီးသွားရတာကိုတော့ သဘောကျတယ်ဗျာ. ရေရေလည်လည်မိုက်တယ်. $ 5 ပေးရတယ်. Public Transportation နဲ့သွားရင် မိုးပျံရထားကို စီးမှပဲရောက်ပါတယ်. ဘတ်စ်ကားတွေ၊ Subway (မြေအောက်ရထား) တွေကလည်း မိုးပျံရထားဂိတ်မှာပဲ ချပေးပါတယ်. Fund တော့ တော်တော်ကိုရပါတယ်.
ကျွန်တော်တို့ မြန်မာအများစုနေတာကတော့ Queens မှာပါ. Brooklyn မှာနေသူတွေလည်း ရှိပါတယ်. Brooklyn မှာက အမည်းလူမျိုးတွေ နေတာများတော့ ကြောက်ကြတယ်ဗျ. ပြဿနာလည်း ခဏခဏတက်တယ်. Rapper တွေလည်း Brooklyn ကနေထွက်ပါတယ်ခင်ဗျ. နောက်ထပ်အမည်း များတဲ့နေရာကတော့ Bronyx ပါ. Queens မှာတော့ မြန်မာ၊ India၊ Mexican၊ Chinese စတဲ့ Immigrants တွေ အများဆုံးနေကြပါတယ်. ဈေးလည်းသက်သာပါတယ်. မန်ဟက်တန်မှာ $ 1000 လောက်ပေးရတဲ့ တိုက်ခန်းတစ်ခုက Queens မှာ $ 450 လောက်နဲ့ ရပါတယ်.
နယူးယောက်မြို့ရဲ့ Public Transportation ကတော့ Subway လို့ခေါ်တဲ့ မြေအောက်ရထားပါပဲ. One Ride ($ 2)၊ တစ်နေ့စာ Unlimited Ride လက်မှတ် ($ 7)၊ ၆ ခေါက်စီးလက်မှတ် ($ 10)၊ ၁ လစာ Unlimited Ride ($ 76) ဆိုပြီး အသီးသီးရှိပါတယ်. မနက်မနက်ဆိုရင် ရုံးသွားရင် ရထားက ရန်ကုန်က ကားအတိုင်းပဲ ကြပ်ပါတယ်. Queens ကနေ Manhattan ကို ပျမ်းမျှ ၄၀ မိနစ် စီးရပါတယ်. ရထားတွေကတော့ အများကြီးပါပဲ. Queens ဘက်ကိုသွားတဲ့ ရထားကို Seven Train (7 Train) လို့ ခေါ်ပါတယ်. ကျန်တာတွေကတော့ R, N, G, E etc…. ပေါ့ဗျာ. ရထားက နှစ်မျိုးဆွဲတယ်. 7 မှာ အ၀ိုင်းလေးနဲ့ဆိုရင် ရိုးရိုးပဲ. ဘူတာစဉ်ရပ်တယ်. 7 မှာ ဒိုင်းမွန်းလေးခတ်ထားရင် Express လို့ခေါ်တယ်. သူက ၄ ဘူတာတစ်ခါပဲရပ်တယ်. မြန်တယ်. စောင့်လည်းစောင့်ရတယ်. အဆင်ပြေသလို စီးကြတာပါပဲ.
မနှစ်က Subway ရထားမောင်းသူတွေ လစာတိုးတောင်းတာမရလို့ သပိတ်မှောက်တဲ့အနေနဲ့ အလုပ်ကိုမလာကြဘုး နယူးယောက်တစ်မြို့လုံး ရပ်တန့်သွားခဲ့ရတာပေါ့. မြို့တော်ဝန်ကိုယ်တိုင် စက်ဘီးစီးပြီး ရုံးတက်ပြတယ်. မြို့သူမြို့သားတွေကတော့ စက်ဘီး၊ စကိတ်လေးတွေနဲ့ ရုံးကိုလာကြတာပေါ့. အဲဒီ့တုန်းက စကိတ်လေးနဲ့ ရုံးလာတက်တဲ့ Staff တစ်ယောက်ကို ဘရွတ်ကလင်းတံတားကြီးရဲ့ ဒီဘက်ခြမ်းကနေ NGO အဖွဲ့တစ်ချို့က ကြိုဆိုနေတဲ့ ဓာတ်ပုံလေးတောင် သတင်းစာထဲမှာ တွေ့လိုက်ရသေးတယ်.
ကျွန်တော့်သူငယ်ချင်းအပါအ၀င် အများစုကတော့ Taxi Cab တွေကို အုပ်စုလိုက် ငှားလိုက်ကြတယ်ဗျ. Taxi သမားတွေ ငွေစတော်တော်ရွှင်သွားတဲ့ Golden Moment လေးပေါ့ဗျာ.
Subway ၀န်ထမ်းတွေအကုန်လုံးကို ဒဏ်ငွေရိုက်ပါတယ်. တစ်ရက်သပိတ် မှောက်ရင် 2 Million ဒဏ်ငွေရိုက်ပါတယ်. အဲဒီ့နောက် သူတို့ကိုနည်းနည်းကြပ်ပေးလိုက်ပုံပေါက်တယ်. ခုဆိုရင် ဘာသံမှကိုမထွက်တော့ ဘူး ဥပဒေတစ်ခုတောင် ပြဋ္ဌန်းလိုက်သေးတယ်. ဒီလိုမျိုးထပ်လုပ်ရင်တော့ အသိပဲဆိုပြီး အစိုးရဘက်က အချက်ပြလိုက်တာပေါ့…
ပြောရင်တော့ အများကြီးရှိသေးတယ်. ကျွန်တော့်အလုပ်က ပြောထားပြီးပါပြီ. New York ရဲ့ Upstate က မြို့တစ်မြို့မှာ သွားလုပ်ရမှာပါ. ကျွန်တော့်အပေါ်ကို အရမ်းသဘောကောင်းတဲ့ မိသားစုပါပဲ. သူတို့သားသမီးတွေကလည်း ကျောင်းသားကျောင်းသူတွေပဲ ဆိုတော့ ကျွန်တော့်ကို နားလည်မှုရှိကြပါတယ်. ခဏလေးလာလုပ်တာကိုလည်း စိတ်မဆိုးဘူး. လခလည်း ပြည့်ပြည့်၀၀ ပေးပါတယ်. အစားအသောက်ကလည်း ကောင်းမှကောင်းပဲဗျ. စားသောက်ဆိုင်ဆိုတော့ ကြိုက်တာယူစားရုံပဲ. အလုပ်အကြောင်းနောက်ကျရင် ဆက်ရေးပေးပါဦးမယ်ဗျာ.
အလုပ်ကနေ တစ်ပတ်တစ်ခါခွင့်ရပါတယ်. နှစ်ပတ်တစ်ခါလောက်တော့ နယူးယောက်ကို တက်လည်ဖို့ စဉ်းစားထားပါတယ်. Shopping လည်းသွားရင်း၊ စာအုပ်အသစ်လေးတွေလည်း သွားဝယ်ရင်းပေါ့. အဲဒီ့အခါကျရင် နေရာတွေကို မတူအောင် သွားပြီးဓာတ်ပုံအသစ်တွေနဲ့ ကျွန်တော်သိသလောက်၊ လေ့လာမိ သလောက် ပြန်ပြီးတင်ပြပါမယ်ခင်ဗျာ…
၇:၁၅ မှာ နယူးယောက်လေဆိပ်ကို ရောက်ပါတယ်. လေယာဉ်ကွင်းထဲကနေ အိတ်တွေထားတဲ့နေရာကို ခပ်သွက်သွက်ပဲ လျှောက်သွားခဲ့လိုက်ပါတယ်. သန့်စင်ခန်းခဏ၀င်ပြီးတော့ ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပါသေးတယ်.
Luggage Belt ကြီးစလည်ပါပြီ. ကျွန်တော့်အိတ်ထွက်အလာကို စောင့်နေရင်း ဘတ်စ်ကားစီးဖို့ အကြွေစေ့လေးတွေကို ကျောပိုးအိတ်ထဲက ထုတ်ပြီးဘောင်းဘီအိတ်ထဲ ပြောင်းလိုက်ပါတယ်. ပြီးတော့ ဘောင်းဘီအိတ်ထဲ ဟန်ပါပါလေး လက်နှိုက်ပြီး ထုံးစံအတိုင်းလှည့်နေလိုက်ပါတယ်. (အကြွေစေ့လေးတွေကိုပါ. ဟတ်ဟတ်ဟတ်)
အိတ်ရလာတော့ လူနည်းနည်းရှင်းတဲ့နေရာကို ဆွဲပြီး ကျောပိုးအိတ်ထဲက Laptop နှစ်လုံးလုံးကို ပြောင်းထည့်လိုက်ပါတယ်. ကျောပိုးအိတ်ကို တတ်နိုင်သလောက် ပေါ့အောင်လုပ်ပြီးတော့ အိတ်ကိုပြန်ပိတ်လိုက်ပါတယ်. ပြီးတာနဲ့ အပြင်ကိုမြန်မြန်ပဲ ထွက်လိုက်ပါတယ်. Taxi လားလို့ ဇွတ်မေးနေတဲ့ ကုလားတစ်ယောက်ကို ခေါင်းခါပြရင်း ဘတ်စ်ကားဂိတ်ကို သွက်သွက်လေးအိတ်တွေကို ဆွဲလာခဲ့လိုက်ပါတယ်. အိတ်ကြီးတစ်လုံး၊ Hand Carry တစ်လုံးနဲ့ ကျောပိုးအိတ်တစ်လုံးပါ.
ဘတ်စ်ကားက ခဏစောင့်လိုက်ရပါသေးတယ်. သူငယ်ချင်းကို ဖုန်းလှမ်းဆက်ပြီး ရောက်နေပြီဆိုတာ ခေါင်းလောင်းလှမ်းတီးလိုက်ပါတယ်. ဖြတ်သွားဖြတ်လာနဲ့ ဥဒဟိုသွားလာနေတဲ့ လူတွေကားတွေကို ကြည့်ရင်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နယူးယောက်ကို အူကြောင်ကြောင်လေးနဲ့ ရောက်လာခဲ့တဲ့ ကျွန်တော့်ရဲ့ ပုံရိပ်ကို ပြန်မြင်နေခဲ့ပါတယ်. တစ်ဆက်တည်းမှာပဲ ကျွန်တော့်အပေါ်ကို ခါးခါးသီးသီး ဆက်ဆံခဲ့တဲ့ လူတစ်ချို့ရဲ့ ရုပ်ပုံလွှာတွေပါ တွဲပေါ်လာတာကြောင့် ကျွန်တော့်ရဲ့ အတွေးပြတင်းပေါက်ကို Alt+F4 နှိပ်ြပီး ပြန်ပိတ်လိုက်ပါတယ်.
ဘတ်စ်ကားလာပါပြီ. Q33 ပါ. ကျွန်တော်တစ်ညတာတည်းမယ့်နေရာကို အနီးဆုံးရောက်ပါတယ်. ဘတ်စ်ကားပေါ်တက်ပြီး ဘယ်လောက်လဲမေးတော့ $ 2 ပါတဲ့. ဈေးတောင်တက်သွားပြီကိုး. လွန်ခဲ့တဲ့ ၄ လ ခရစ်စမတ်လာတုန်းက $ 1.25 ပဲ ရှိပါသေးတယ်. တော်သေးတယ်. ကျွန်တော်အကြွေစေ့ခပ်များများ ဆောင်ခဲ့ပေလို့သာပဲ.
ထိုင်ခုံမှာ ပြန်ထိုင်ရင်း သိပ်ပြီးတော့ မပြောင်းလဲတဲ့ မြို့ပြရဲ့တိုက်တာ အဆောက်အအုံတွေကို ခံစားချက်မဲ့စွာ လိုက်ကြည့်နေခဲ့တယ်. ကားပေါ်က ဆင်းပြီး သူငယ်ချင်းအိမ်ကို ဆက်သွားပါတယ်. သူငယ်ချင်းက ဖုန်းဆက်လိုက်တော့ တံခါးလာဖွင့်ပေးပါတယ်.
သူငယ်ချင်းနဲ့ ခဏစကားပြော၊ Email စစ်၊ ထမင်းအိုးတည်ရင်းနဲ့ `Indy မှ Atlanta သို့´ ဆိုတဲ့ ပို့စ်ကို တင်ပါတယ်. (အားလုံး ဖတ်ပြီးကြရောပေါ့) စာပြန်စရာရှိတာကိုပြန်၊ သူငယ်ချင်းတွေရဲ့ Cbox မှာ လိုက်ဖွ (ဟုတ်ပါဘူး. လိုက်နှုတ်ဆက်) ပြီးတော့ ထမင်းစားပါတယ်. ညကနည်းနည်းတော့ ညဉ့်နက်နေပါပြီ. သူငယ်ချင်းက စာမေးပွဲအတွက် စာပြန်ကြည့်နေတုန်း ကျွန်တော်လည်း ပစ္စည်းတွေကို အိတ်ပြောင်းပါတယ်. မနက်ဖြန်ဆို နောက်ထပ်ခရီးထွက်ရဦးမယ်လေ. ယူသွားမယ့်ပစ္စည်းတစ်ချို့ကို ပြောင်းထည့် ပါတယ်.
ခဏနေတော့ သူငယ်ချင်းနဲ့အတူတူ ထမင်းစား၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရီကြမောကြနဲ့ပေါ့ဗျာ. စားပြီးတော့ သူငယ်ချင်းက ဘီယာသောက်ရ အောင်လို့ ညှိတာနဲ့ ကျွန်တော်တို့ အနားက Grocery Store မှာ ဘီယာ ၂ ပုလင်းသွားဝယ်ကြပါတယ်. အခန်းထဲပြန်လာပြီး တစ်ပုလင်းကို Fridge ထဲထည့်၊ တစ်ပုလင်းကို အတူတူသောက်ကြပါတယ်. ၁၁ နာရီထိုးမှာ သူငယ်ချင်းဖုန်းထမြည်ပါတယ်. သူ့သူငယ်ချင်းတွေက စနေနေ့ညမို့ ဘောလုံးကန်ဖို့လာခေါ်တာတဲ့လေ. ကျွန်တော့်ကိုပါ လိုက်ခဲ့ဖို့ ခေါ်တာနဲ့ ဖိနပ်လဲပြီး လိုက်သွားပါတယ်. ကျွန်တော့် Cbox မှာတောင် Msg ရိုက်ပေးခဲ့တာ တစ်ချို့ဖတ်မိမလား မသိဘူးဗျ. ဘောလုံးသွားကန်တယ်လို့လေ.
အပြင်ရောက်တော့ သူငယ်ချင်း အသစ်တွေထပ်ရပါတယ် ၂ ယောက်က သိပြီးသားတွေ ဖြစ်နေတယ်. အဲဒါနဲ့တွေ့တော့ `ဟော…ဟော..´ ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးတွေထိုးပြီး အံ့အားသင့်နေကြပါတယ်. အားလုံးပျော်ပျော်ပါးပါးပဲ ဟောင်ကောင်စတိုး (နယူးယောက်က မြန်မာတွေ တော်တော်များများ ဈေးဝယ်ထွက်တဲ့ နာမည်ကြီးဆိုင်တစ်ခုပါပဲ) ရှေ့က အပန်းဖြေကွင်းကို သွားကြပါတယ်.
၁ နာရီလောက် ဘောလုံးကန်ပြီး အအေးဝင်သောက်ကြပါတယ်. ပြီးတော့ လူစုခွဲပြီး အခန်းကို ပြန်လာခဲ့ပါတယ်. လူလည်း တော်တော်မောသွားပါပြီ. သူငယ်ချင်းနဲ့ ၁၅ မိနစ်လောက် စကားဆက်ပြောပြီးတော့ နောက်တစ်ရက်စာအတွက် ဒီပို့စ်ကို ရေးနေခဲ့ပါတယ်.
မနက်ဖြန်မှာတော့ နယူးယောက်မြို့ကြီးကနေ ရထားထပ်စီးပြီး upstate ကို ဆက်သွားပါမယ်. ကျွန်တော်အလုပ်လုပ်မယ်ဆိုတဲ့ နေရာပေါ့ဗျာ….
`နယူးယောက်မှ …. သို့´ ဆိုတဲ့ ပို့စ်လေးကို ဆက်ရေးပေးပါဦးမယ်ခင်ဗျာ…
Sunday, May 06, 2007
Indy မှ Atlanta သို့…
ညကပစ္စည်းတွေသိမ်းနေတာ နည်းနည်းနောက်ကျသွားတယ် လူလည်းတော်တော် ပင်ပန်းနေပြီ. စာမေးပွဲပြီးကတည်းက မနားဖြစ်သေးဘူး. ပစ္စည်းတွေကို သိမ်းရုံတင်မကဘူး ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း ကောင်းကောင်း သိမ်းဆည်းခဲ့ရသေးတယ်လေ.
အခန်းဖော်နဲ့အိမ်ခန်းခကိစ္စတွေ၊ Bill ကိစ္စတွေ ရှင်းပြီးတဲ့အချိန်မှာ မနက် ၃ နာရီခွဲနေပြီ. မြန်မြန်လက်စသတ်ပြီးတော့ ထမင်းတစ်ပန်းကန်လောက် အမောတကောစားလိုက်သေးတယ်. ၄ နာရီမှာ အိမ်ကစထွက်ဖြစ်တယ်. သူငယ်ချင်းက ကားနဲ့လိုက်ပို့ပေးလို့တော်သေးတယ်. လမ်းပေါ်ရောက်တော့ ၄ နာရီခွဲစပြုနေပြီ. ကားကိုမှန်မှန်လေးမောင်းသွားတာပဲ. လေယာဉ်ကွင်းရောက်တော့ ၅ နာရီခွဲသွားပြီ. သိလိုက်တယ်. လေယာဉ်မှီမယ်မထင်တော့ဘူးလို့.. လူတန်းကြီးကလည်းအရှည်ကြီးပဲဗျာ. ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိတယ်. ဒီနေ့လေယာဉ်စီးမယ်မစီးဘူး ချီတုံချတုံ လုပ်နေခဲ့တာမှာ နည်းနည်းအချိန်ကြာ သွားတယ်လေ… ဒီနေ့မစီးဘဲ နောက် ၃ ရက်နေမှ စီးမယ်ပေါ့. ခဏနားရင်းနဲ့ ရေးစရာကျန်နေသေးတဲ့ Term Paper ကို အပြီးသတ်မယ်ပေါ့ဗျာ. တစ်ခြားတစ်ဖက်ကလှည့်တွေးလိုက်တော့လည်း သူငယ်ချင်းအိမ်မှာနေရင်းလည်း ရေးလို့ရသားပဲပေါ့. လက်မှတ်ကို Cancel လုပ်ရင် $ 50 Fine ကပေးရဦးမှာဗျ. ဟိုလိုလိုသည်လိုလို လုပ်နေတာမှာ အချိန်နည်းနည်းပုပ်သွားခဲ့တယ်.
တကယ့်ကို ၁၀ မိနစ်နောက်ကျသွားတဲ့ပြဿနာပါပဲ. လေယာဉ် Check-in ပိတ်သွားပြီ. ဘာလုပ်မလဲ. ဒါပေမယ့် ကျွန်တော်နောက်မှသိလိုက်ရတာက လေယာဉ်ကိုလွတ်သွားတာ ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်တာ. တော်တော်များတာပဲ. လက်မှတ်စစ်ပေးတဲ့ ၀န်ထမ်းက နှစ်ယောက်ပဲရှိတယ်. အိတ်တွေကို လက်မှတ်ကပ်ပေးနေတာပေါ့. သူတို့လည်း သနားပါတယ်ဗျာ. မနိုင်မနင်းကို ဖြစ်လို့. ဖုန်းကထမြည်လိုက်သေးတယ်. ၀န်ထမ်းတစ်ယောက်ဆို ခပ်ချောချောလေးပဲ. ဆံပင်လေးတွေကို ပိုသီပတ်သီဖြစ်လို့. ရှေ့ကလူတွေကတော့ ရေရေလည်လည် စောဒကတက်တာပေါ့ဗျာ. Why? Why? ပေါ့. မျက်နှာတွေလည်းညိုလို့မည်းလို့ပေါ့. ၀န်ထမ်းတွေခမျာ သနားပါတယ်ဗျာ. သူတို့လည်း ဘယ်တတ်နိုင်မှာလဲနော်. သူ့ဘက်ကိုယ့်ဘက်မျှကြည့်ပေး သင့်တာပေါ့. နောက်မကျချင်ရင် စောစောလာရမှာပေါ့ဗျာ. ကျွန်တော်တို့ဘက်ကလည်း မှားတာပါတာပဲလေ. ဒါပေမယ့်ဗျာ. စောဒကတက်တဲ့နေရာမှာ အမေရိကန်လူမျိုးတွေ တော်တော်သည်းသလိုပဲဗျ.
ကျွန်တော်လည်း ဘုရားလောင်းတော့မဟုတ်ပါဘူး. စိတ်ထဲမှာတင်းတာပေါ့. တကယ်တော့ သိပ်မနောက်ကျသေးပါဘူး. သူတို့လုပ်တာတွေ မနိုင်မနင်းဖြစ်နေတာပါ. တစ်ယောက်တစ်ယောက်ကို Check-in လုပ်တာ အကြာကြီးပဲ. ကျွန်တော်လည်း လေယာဉ်ခဏခဏ စီးနေတာပဲ. ပျမ်းမျှကြာချိန်ကို တွက်မိပါတယ်. သူတို့တွေကလည်း ပိုကြာပါတယ်.
အဲဒီ့အချိန်မှာပဲ လော်စပီကာကနေ အသံကြားပါတယ်.
`Yan Aung … Flight 117… Yan Aung.. This is the last call….” တဲ့…
ကဲ.. ဘာလုပ်ရမှာလဲ.
ဒီမှာလည်း အိတ်ကြီးတန်းလန်းနဲ့ Check-in မလုပ်ရသေးဘူး. သူငယ်ချင်းကလည်း ကျွန်တော့်နာမည်ကြားတယ်. ဘာမှမတတ်နိုင်တဲ့ကိစ္စ ဖြစ်နေတာ သိတော့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်ပြုံးပြပြီး နာမည်ထပ်ခေါ်တာကို နားထောင်ကောင်းကောင်းနဲ့ ထောင်နေလိုက်တယ်ဗျာ. ဟတ်ဟတ်ဟတ်…
ကျွန်တော့်အလှည့်ရောက်ပါပြီ..
ဒီလိုမကြာအောင်လို့ အိမ်မှာကတည်းက Check-in Ticket ကို online ကနေ print ထုတ်ခဲ့ပြီးသားပါ. အိတ်ကိုပေါင်ချိန်စက်ပေါ်တင်လိုက်တော့ ၅၈ ပေါင်ဖြစ်နေတယ်. ပေါင် ၅၀ က အများဆုံးသတ်မှတ်ချက်ပါ. သွားပြီ. ထိပြီဆိုတာ သိလိုက်တယ်. Fine က $ 25 ပါ. စိတ်လျှော့ ရန်အောင်.. စိတ်လျှော့. ဒီထဲမှာ နွေရာသီဖတ်ဖို့ စာအုပ်တွေနဲ့ တကယ်ကိုလိုအပ်တဲ့ အ၀တ်အစားအသုံးအဆောင်တွေပဲ.
ပေးလိုက်ပါ.. အဲလိုကိုယ့်ကိုယ်ကို ဖျောင်းဖျနေခဲ့တယ်.
သူလေးကပြောရှာပါတယ်. လေယာဉ်ပျံနောက်ကျနေပြီတဲ့. Check-in ပိတ်သွားပါပြီတဲ့. ကျွန်တော်ကလည်း သူ့ကိုအေးဆေးပဲ ပြုံးပြလိုက်ပါတယ်. ကျွန်တော်သိပါတယ်လို့. အဲဒါနောက်ထပ်အနီးဆုံးလေယာဉ်တစ်ခုခုနဲ့ တင်ပေးလို့ ဖြစ်နိုင်မလားလို့ ပြောပြလိုက်ပါတယ်. သူက ကျွန်တော့်ဆီက Complaint ကို မျှော်လင့်နေရာက သူမထင်ထားတဲ့ စကားတွေကို ကြားလိုက်ရတော့ စိတ်နည်းနည်းပျော့သွားပုံပေါ်တယ်. ကြည့်ပေးပါတယ်. သူ့ကိုတော့ တစ်ခုထပ် သတိပေးလိုက်ရသေးတယ်.
“I’m connecting at Atlanta!” လို့.
လေယာဉ်က Atlanta မှာ ပြောင်းစီးရဦးမှာမို့ပါ. အချိန်တွေ လွဲကုန်မှာစိုးလို့လေ..
သူလေးကပြန်ပြုံးပြပါတယ်. ခေါင်းညိတ်ပြီး computer ထဲမှာ လိုက်ရှာပေးပါတယ်.
ငြိမ်းချမ်းလိုက်တာဗျာ. လောကကြီးမှာ ကိုယ့်ဘက်ကအရင်ဆုံး စပြီးပြောင်းလဲပေး နိုင်ဖို့ လိုတယ်ဆိုတာ ကျွန်တော့်ရင်ထဲမှာ ပိုပိုခိုင်မာသွားခဲ့တယ်.
လေယာဉ်ချိန်တစ်ခုထည့်ပေးပါတယ်. ညနေ ၂ နာရီခွဲတဲ့. ၄ နာရီမှာ Atlanta ကိုရောက်မယ်. ၅ နာရီခွဲမှာ Atlanta ကနေ New York ကိုပျံပြီးတော့ ည ၇ နာရီမှာ ရောက်မယ်တဲ့..
တိန်…
ပြီးတော့ ဆက်ပြောပါသေးတယ်. ကျွန်တော့်ရဲ့အိတ်ကို လေယာဉ်ချိန်ထက် ၂ နာရီစောပြီး လက်ခံထားလို့မရပါဘူးတဲ့. Okay, then!
အိတ်ကိုပြန်ယူ. သူငယ်ချင်းနဲ့အတူ လေယာဉ်ကွင်းထဲက Mall ထဲလျှောက်ကြည့်ရင်း Starbucks Coffee ဆိုင်မှာထိုင်ကြတယ်. (မလေးကို သတိရတယ်ဗျာ.)
သူငယ်ချင်းက Espresso ကော်ဖီသောက်တယ်. ကျွန်တော်ကတော့ Tazo Shaken Iced Tea တစ်ခွက်မှာသောက်တယ်. အားလုံးပေါင်း $ 4.15 ပေးရတယ်. သူငယ်ချင်းနဲ့လည်း အခုမှပဲ အေးအေးဆေးဆေး စကားပြောဖြစ်တော့တယ်. စာမေးပွဲကိုယ်စီနဲ့ ရှုပ်နေခဲ့တာ ကြာပြီလေ. တစ်ယောက်နဲ့တစ်ယောက် နွေရာသီမှာ ဘာလုပ်ကြမလဲ မေးလိုက်၊ ဟိုပြောလိုက်၊ ဒီပြောလိုက်နဲ့ပေါ့.
တော်တော်ကောင်းရှာပါတယ်. ကျွန်တော်ပျင်းနေမှာစိုးလို့ အဖော်ခဏလုပ်ပေး တယ်. ညက ၁၂ နာရီမှအိပ်ပြီးတော့ ကျွန်တော်က သူ့ကို ၃ နာရီခွဲမှာ သွားနှိုးတာလည်း စိတ်မဆိုးဘူး. ဆေးလိပ်လေးတစ်ဖွာဖွာနဲ့ ကားမောင်းပြီး ကျွန်တော့်ကို လိုက်ပို့တယ်.
ခဏနေတော့ သူပြန်သွားတယ်. ကျွန်တော်တစ်ယောက်တည်း Starbucks မှာဆက်ထိုင်ရင်း ဘာလုပ်ရင်ကောင်းမလဲပေါ့. Wireless များရမလားလို့ Connect လုပ်ကြည့်သေးတယ်. ရပါတယ်. ဒါပေမယ့် ပိုက်ဆံတောင်းတယ်ဗျာ. အဲဒါနဲ့ပဲ Browser ကိုပြန်ပိတ်ပြီး Ms Word ကိုဖွင့်. ဒီစာကို စရိုက်နေတော့တာပဲ..
ခု ၇ နာရီ ထိုးသွားပြီ. နောက်ထပ် ၆ နာရီလောက် လေယာဉ်ကွင်းမှာ နေရဦးမယ်. ဘာလုပ်မလဲ. စာပဲဖတ်ရတော့မှာပေါ့ဗျာ. Term Paper ဆက်ရေးရဦးမယ်လေ. ၃ မျက်နှာလောက်တော့ အနည်းဆုံးရမယ်လို့ မှန်းတယ်ဗျ. လေယာဉ်ပေါ်ရောက်ရင် တော့ မဂျစ်တို့၊ မလေးတို့၊ ဘာညာတို့အတွက် ဝေဟင်ထဲမှကဗျာလေးတစ်ပုဒ်ဆိုပြီးတော့ကို စပ်ပေးလိုက်ဦးမယ်.
လောလောဆယ်တော့ Computer လည်း Battery သိပ်အားမရှိတော့ဘူး.. ပြီးတော့ နည်းနည်းအကြံထုတ်နေတာ. ပေါင်ပိုနေတဲ့ ၈ ပေါင်ကို ဘယ်လိုခွဲထည့်ရင်ကောင်းမလဲလို့ပေါ့..
Starbucks မှာဆက်ထိုင်လိုက်ဦးမယ် ပြီးရင်တော့ ထိုင်လို့ကောင်းမယ့် ခုံတန်းလျားလေးတစ်ခုခုမှာ စာဖတ်ရင်း Paper ထိုင်ရေးလိုက်ဦးမယ်ဗျာ…
ပြောရဦးမယ်ဗျာ. ကျွန်တော်လေ Starbucks အထွက် လက်မှတ်တန်းစီတဲ့ လိုင်းနားက ခုံတန်းလျားလေးပေါ်မှာ သွားထိုင်နေခဲ့တယ်. အိတ်တွေကို ခဏနေရာချထားပြီး ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လူတွေကိုကြည့်ရင်းကြည့်ရင်း ကြည့်ရင်းနဲ့ ဘာဖြစ်သွားလဲသိလား
ကျွန်တော်အိပ်ပျော်သွားတယ်ဗျာ. ဟတ်ဟတ်ဟတ်.
၇ နာရီမှာ Starbucks က ထွက်လာခဲ့တယ်. ကျွန်တော်ပြန်နိုးလာတော့ ၉ နာရီခွဲနေပြီ. နည်းနည်းတော့ နေသာထိုင်သာရှိသွားတယ်ဗျ. ညကလည်းတစ်ညလုံးမအိပ်ရသေးဘူးလေ.
ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ ပလပ်ပေါက်လေးတွေ့တာနဲ့ ၀မ်းသာသွားတယ်. ကွန်ပြူတာကိုထုတ်၊ ပလပ်ပေါက်လေးကိုတပ်ပြီး ဒီစာကိုဆက်ရိုက်နေခဲ့တယ်. ဩော်. သီချင်းလည်းနားထောင်နေတာပေါ့ဗျာ. အင်တာနက်မရလည်းဘာဖြစ်လဲ. ကျွန်တော့်စက်ထဲမှာ သီချင်းတွေပေါမှပေါ…
အကြာကြီးတော့လည်း မသုံးဖြစ်လိုက်ပါဘူး. အရေးကြီးတာလုပ်ဖို့ရှိနေသေးတယ် လေ. သိတယ်မဟုတ်လား.. ပေါင်ချိန်ပိုနေတာကို ပစ္စည်းခွဲထည့်ဖို့လေ. Baggage အကြီးကိုဖွင့်. Hand Carry ကိုလည်းဖွင့်. နည်းနည်းမျက်စိကစားလိုက်တော့ Mac Laptop တွေ့တယ်. အဲဒီ့ကောင်က အနည်းဆုံး ၄-၅ ပေါင်လောက်ရှိမယ်. သူ့ကိုထုတ်လိုက်တယ်. ထပ်ကြည့်တော့ ဘောင်းဘီအထူတစ်ထည်တွေ့တယ်. ထပ်ထုတ်တယ်. ၂ ပေါင်လောက်ဖြစ်နိုင်တယ်. ပြီးတော့ ဘာတွေ့သွားလဲဆိုတော့ Interview စာမေးပွဲအတွက် မေးခွန်းဟောင်းတွေအထပ်လိုက်ကြီး ထည့်ထားတာ သွားတွေ့တယ်. လက်နဲ့နည်းနည်းဆကြည့်လိုက်တယ်. အင်း.. ၃ ပေါင်လောက်ရှိမယ်ဗျ.
အဲဒီ့ ပစ္စည်း ၃ မျိုးထဲက ဘောင်းဘီနဲ့ စာရွက်တွေကို Hand Carry ထဲကိုထည့်တယ်. Laptop ကို ကျောပိုးအိတ်ထဲကို ထည့်လိုက်တယ်. ကျောပိုးအိတ်ကတော့ တော်တော်လေးသွားပြီဗျ. ပြီးတော့ ကောင်းကောင်းမဖတ် ဖြစ်သေးတဲ့ ဦးဇောတိကရဲ့ စာအုပ်တစ်အုပ်ကို ထုတ်ပြီး ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးနေလိုက်တယ်ဗျာ. `Snow in the summer´ လေ. သိတယ်မဟုတ်လား. Celin Dion, BackStreet boys, Shania Twain သီချင်းလေးတွေနားထောင်ရင်း ဦးဇောတိကစာအုပ်ကို ဖတ်ပြီးတော့ လောကကြီးကနေ ခဏတာ ကင်းကွာနေခဲ့လိုက်တယ်ဗျာ.
၁၂ နာရီထိုးတော့ ကျောင်းကသူငယ်ချင်းတစ်ယောက် လေယာဉ်ကွင်းဆင်းလာ တာကို တွေ့ပါတယ်. နှုတ်ဆက်ရင်း လေယာဉ်နံပါတ်မေးတော့ အတူတူဖြစ်နေတာကို သိလိုက်ရတယ်. သူလည်း ရောက်ရောက်ချင်း ဘာလုပ်တယ်မှတ်လဲ. အိတ်ကိုဖွင့်ပြီး ပစ္စည်းတွေကို ဟိုရွှေ့ဒီပြောင်းလုပ်နေတယ်. ပေါင်ချိန်များနေလို့တဲ့. ဟတ်ဟတ်ဟတ်.
ကျွန်တော်ကတော့ လုပ်ပြီးသွားပြီမို့ ကောင်တာဆီကို ရင်တခုန်ခုန်နဲ့ လျှောက်သွားခဲ့လိုက်တယ်.
ပေါင်ချိန်စက်ပေါ်ကို အိတ်တင်လိုက်တဲ့ အခိုက်အတန့်လေးကတော့ မာနကြီးတဲ့ ချစ်သူဆီက ကိုယ့်ကို အဖြေပေးခါနီးဆဲဆဲမှာ မျှော်လင့်စောင့်စားနေရတဲ့ တစ်ခါမှ ရည်းစားမထားဖူးသေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်ခုန်သံတွေနဲ့ပေါ့…
နံပါတ်ပေါ်လာတယ်. ၄၈.၂ တဲ့. Not bad…
နောက်တစ်အိတ်တင်တယ်. ဒီအိတ်က ခုနက ပေါင်ချိန်ပိုပြတဲ့ အိတ်နော်. ဒီတစ်ခါကျတော့ သံဘူလာထီထိုးတဲ့အခါမှာ နံပါတ်တွေအော်နေတုန်း ကိုယ့်ကတ်ပြားလေးပေါ်က နံပါတ်လေးတစ်ခုပဲ ကျန်တော့တဲ့အခိုက်မှာ ထီနံပါတ်အော်နေတဲ့သူရဲ့ ပါးစပ်လေးအလှုပ်ကို ရင်တလှပ်လှပ်နဲ့ လှမ်းမျှော် ကြည့်နေတဲ့ ထီတစ်ခါမှ မပေါက်ဖူးသေးတဲ့ ကလေးငယ်လေးရဲ့ ခံစားချက်မျိုးနဲ့ပေါ့…
နံပါတ်ပေါ်လာတယ်. ၄၅ တဲ့..
Bingo!!!!
ပွဲပြီးသွားပြီ. နည်းနည်းလှုပ်ရှားပေးလိုက်တာနဲ့ $ 25 သက်သာသွားတယ်. Economist ရှုထောင့်ကကြည့်ရင်တော့ Maximum Profit ရလိုက်တာပဲဗျ. ပစ္စည်းပြောင်းတာ ၁၅ မိနစ်လောက်ပဲကြာတယ်. ရတာက $ 25 ဆိုတော့ တစ်နာရီကို $ 100 ၀င်တဲ့ White Collar လူစားမျိုးတစ်ယောက်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးမိလိုက်တယ်. ဒီလိုပါပဲဗျာ.
Security Check ထဲကို ၀င်ရတော့မယ်. မ၀င်ခင်မှာ ကျွန်တော်အိမ်က ထည့်ယူလာတဲ့ Sprite ဗူးလေးကို ကုန်အောင် သောက်နေတယ်ဗျ. ဟိုတလောက Terrorist တွေက ဗုံးကိုအရည်ပုံစံနဲ့ လုပ်ယူပြီး လေယာဉ်ပေါ်မှာခွဲဖို့ ကြိုးစားတာကို မိလိုက်သေးတယ်လေ. အဲဒီ့ကတည်းက အရည်တွေ၊ သွားတိုက်ဆေးတွေကို သယ်ခွင့်မပြုတော့ဘူး.. Hand Carry နဲ့ပြောတာပါ. Checked Baggage တွေထဲမှာတော့ ထည့်ပေးလိုက်လို့ရပါတယ်. ဒါကြောင့်မို့ အချိန်လည်းနည်းနည်းစောနေသေးတာနဲ့ ဒီစာလေးကို ထိုင်ရေးလိုက်၊ Sprite လေးသောက်လိုက်နဲ့ ဆက်ရက်မင်းစည်းစိမ် ခံစားနေလိုက်ပါတယ်.
ခဏနေ Checkpoint ကိုဖြတ်ပါတော့မယ်….
လေယာဉ်က ၂ နာရီ ၄၅ မိနစ်မှာ စထွက်ပါတယ်. ပုံတွေထဲမှာ ကျွန်တော်စီးရမယ့်လေယာဉ်နဲ့ လေယာဉ်ပျံတက်ပြီးကာစ အပေါ်ကရိုက်ထားတဲ့ တိမ်ဖြူဖြူလွလွလေးတွေကို တွေ့ရပါမယ်.
Subscribe to:
Posts (Atom)