Showing posts with label Ethics. Show all posts
Showing posts with label Ethics. Show all posts

Tuesday, June 17, 2008

ဖတ်မိသောစာ ရသောအတွေး (၂) - မျက်နှာသစ်ခြင်း...



စာဖတ်ဝါသနာပါတဲ့လူတိုင်းလိုလို ကိုယ်ဖတ်မှတ်ထားဖူးတဲ့ စာ၊ကဗျာ၊ဆုံးမစာလေးတွေဟာ အခါအခွင့်သင့်တဲ့အခါမှာ မိမိတို့ရဲ့ ခေါင်းထဲကို ရောက်လာတတ်ကြပါတယ်. အဲဒီ့အခါကျမှ...

“ဟာ..... ဒါပဲ..... ဒါကို ဆိုလိုတာပဲ... ” ဆိုပြီး လက်ဖျစ်တတွက်တွက်၊ ပါးစပ်ကတဖွဖွ ပြောဆိုရင်း လေးနက်တဲ့ အတွေးအခေါ်တစ်ခုကို တစ်သက်စာ မွေးစားမိလိုက်တာမျိုး ကြုံကြိုက်မိကြမှာပါ...

တစ်ချို့လည်း ရလာတဲ့ အတွေ့အကြုံတွေကို ရင်းနှီးပြီး အမှားတစ်ခုကို ထပ်ခါထပ်ခါမမှားအောင် သတိရှေ့ဆောင်ပြီး ရှောင်ကြဉ်ကြိုးစားနေထိုင်သွားကြရင်း အောင်မြင်မှုနဲ့ ပိုမိုနီးစပ်သွားတတ်ကြပါတယ်.

တစ်ချို့ကတော့ အမှားတစ်ခုကို ပြုပြင်မယူနိုင်ဘဲ ဒီအမှားကိုသာ ထပ်ခါတလဲလဲ ကျူးလွန်နေမိတတ်ရင်း ဥာဏ်ပညာရင့်ကျက်မှုအပိုင်းမှာ အကြီးအကျယ် ဆုံးရှုံးနစ်နာသွားကြရပါတယ်.

တစ်ချို့စာတွေဟာ ဖတ်လိုက်ပေမယ့် ရင်ထဲအသည်းထဲထိ ရောက်ဖို့ တစ်စုံတစ်ရာလိုအပ်နေတတ်ပါတယ်.

အဲဒါဘာလဲဆိုတော့ ရင့်ကျက်လာတဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ အတွေ့အကြုံပါ..

ငယ်ငယ်တုန်းက လေ့လာမှတ်သားဖူးတယ်ဗျ.

Experience is the best teacher တဲ့...

ကျွန်တော်လည်း စာတစ်ချို့ကို အထိုက်အလျောက် ဖတ်မှတ်ခဲ့ဖူးပါတယ်. တစ်ချို့စာတွေကို စွဲစွဲမြဲမြဲ မှတ်မိပြီး ဖတ်မိစဉ် တခဏမှာ digest လုပ်ပစ်လိုက်နိုင်ပေမယ့် တစ်ချို့စာတွေကတော့ ကျွန်တော့်နှလုံးသားထောင့်တစ်နေရာမှာ မသိမသာ ကိန်းအောင်းနေတတ်ကြပါတယ်. အချိန်အခါတစ်ခုကို စောင့်နေသလိုပါပဲ...

အခုတော့ အတွေ့အကြုံဆိုတဲ့ ဆရာသမားကောင်းကြီး ကျေးဇူးနဲ့ အဲဒီ့ နှလုံးသားထောင့်တစ်နေရာက စာကောင်းပေမွန်တစ်ချို့ ကျွန်တော့်ခေါင်းထဲကို Digest လုပ်ဖို့ ထွက်ကျလာခဲ့တယ်.

အဲဒီ့ထဲက တစ်ခုကတော့ အခုကျွန်တော်ဝေမျှချင်တဲ့ ကဗျာလေးတစ်ပုဒ်ပေါ့...

“မျက်နှာသစ်ခြင်း”

ရင်ထဲမဟူရာ၊ နှုတ်မှာပုလဲ
မျက်ဝန်းထဲမှာ၊ နီရဲပတ္တမြား…။

သင်္ကန်းတစ်ဖက်၊ လွှတစ်ဖက်နှင့်
ရက်စက်နှုတ်ချို၊ သောနုတ္ထိုနှယ်
မုဆိုးလည်များ…။

နွယ်လိုမြက်လို၊ ပုတ်သင်ညိုသို့
တိမ်လိုလှိုင်းလို၊ မြေခွေးအိုသို့…

ဟိုသည်ပြောင်းနေ၊ ခုနစ်ထွေက တတ်
ဇာတ်ပျက်အချို့…။

သူတို့ချည်းလေ..
ရှိနေသလား၊ အားငယ်ချင်ခိုက်
“သံလိုက်တစ်ခုသည် မတူညီသောဝင်ရိုးစွန်းများရှိ၏”
နားလည်မိဆဲ၊ အနေရဲပြန်
လူထဲပြန်ဝင် တိုးလိုက်မိ…။ ။

ပုတီးကုန်းမောင်စိန်ဝင်း
သောကခြေရာ ရတနာ ကဗျာများ…

Thursday, June 12, 2008

ဖတ်မိသောစာ၊ ရသောအတွေး (၁)



မဖတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ "မဃဒေ၀လင်္ကာသစ်ကြီး" ကို ဒီနေ့ ပြန်ဖတ်ဖြစ်ခဲ့ပါတယ်.

အဲဒီ့အထဲကမှ နှစ်သက်မိတဲ့ စာပိုဒ်တစ်ချို့ကို စကားပြေပြန်ပြီး တင်ပြဆွေးနွေးလိုက်ပါတယ်.

နောင်ကိုလည်း မကြာမကြာ စာကောင်းပေမွန်လေးတွေကို ဆက်လက်ဝေမျှ ဆွေးနွေးသွားပါဦးမယ်.

သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏၊ ယွင်းဖောက်အလို၊ ၀န်မတိုနှင့်၊ သူ့ကိုဂုဏ်နှိမ့်၊ကိုယ့်ဂုဏ်နိမ့်၏၊ စည်းစိမ်အရာ၊ သူ့ချမ်းသာ၌၊ ဣသာမပြု၊ ၀မ်းမြောက်ရှုလော့၊ (ပိုဒ်ရေ ၁၈၅)

သူတစ်ပါးကို ချီးမွမ်းပြောဆိုတတ်သူသည် မိမိ၏ ဂုဏ်သတင်းလည်း ပိုမိုမြင့်မားလာတတ်၏။ မနာလိုဝန်တိုခြင်း၊ ဂုဏ်သတင်းညှိုးနွမ်းစေရန် မဟုတ်မှန် လုပ်ကြံလီဆယ်၍ ပြောဆိုနှိမ့်ချတတ်သူများသည် မိမိတို့၏ ဂုဏ်သိက္ခာကို ပြန်လည်ဖျက်ဆီးနေသူများနှင့်တူ၏။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာ၊ ပညာဂုဏ်သတင်း ကျော်စောခြင်း၌ ဣသာမစ္ဆရိယစိတ် မပွားများဘဲ ၀မ်းမြောက်ဝမ်းသာ မုဒိတာပွားသင့်လှပေ၏။

ဗာလအလို၊ သ၀န်တိုနှင့်၊ ကိုယ်ကိုထောင်လွှား၊ အမြတ်ထား၍၊ သူ့အားနှိမ့်ချ၊ ပြုတတ်ကြမူ၊ မလှကျိုးမဲ့၊ ဂုဏ်ချို့တဲ့လျက်၊ ကဲ့ရဲ့ဘေးဒဏ်၊ ကိုယ်ကိုပြန်ပြီး၊ ဧကန်မုချ၊ ဒုက္ခကိုယ်မှာ၊ ရောက်တတ်စွာခဲ့…. (ပိုဒ်ရေ ၂၀၃)

သူယုတ်မာ၊ သူမိုက်တို့သည် မနာလို သ၀န်တိုစိတ် ကြီးစွာဖြစ်သဖြင့် မိမိကိုယ်ကိုသာ အထူးအမြတ်ထားတတ်၍ သူတစ်ပါးအား နှိ့မ်ချပြောဆို စကားတင်းဆိုတတ်ကြ၏။ ထိုသို့ပြုခြင်းသည် မည်သူ့ကိုမျှ အကျိုးမများစေသည့်အပြင် မနာလိုစိတ်ဖြစ်သူ လူမိုက်ကိုသာ ပြန်လည်လောင်ကျွမ်း ဂုဏ်သိက္ခာညှိုးနွမ်းလျက် ဒုက္ခရောက်စေတတ်၏။

ရထားစက်ဟုန်၊ လည်သုန်သုန်ကို၊ မတုန်မလှုပ်၊ တည်စေချုပ်သို့၊ ဟုပ်ဟုပ်အမျက်၊ ကောဓစက်ကို၊ ဥာဏ်လက်သိမ်းအုပ်၊ လည်မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူ့အားလျှင်၊ ဘုရားတကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘ၀ဂ်တီးအောင်၊ ကောင်းချီးခေါ်ပြု၊ သာဓုထပ်မျှ၊ ချီးမွမ်းကြ၏။ (ပိုဒ်ရေ ၂၃၄)

အရှိန်ပြင်းစွာ လည်ပတ်နေသော ရထားဘီးကို ရပ်တန့်သွားအောင် ပြုလုပ်နိုင်သကဲ့သို့ ပညာရှိသူသည်လည်း မိမိ၌ဖြစ်သော ဒေါသကို မလှုပ်မယှက်နိုင်အောင် ဇက်မှကိုင်၍ ထိန်းချုပ်နိုင်စွမ်းရာ၏။ ထိုသို့သော ပညာရှိပုဂ္ဂိုလ်ကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ကောင်းချီးဩဘာပေး၍ သာဓုခေါ်ကာ ချီးမွမ်းဂုဏ်ပြုတတ်ကြပေ၏။

လောဘဒေါသ၊ မောဟအဟုန်၊ ဆတ်ဆတ်ခုန်၍၊ သည်းတုန်အူလှိုက်၊ မမူထိုက်ရှင့်၊ သူမိုက်သဘော၊ စရိုက်ပြောလျက်၊ ကုဒ္ဓေါဓမ္မံ နဇာနာတိ၊ အစရှိသား၊ ပါဠိဒေသနာ၊ ဟောမိန့်မှာတိုင်း၊ မှန်စွာစင်စစ်၊ ဒေါသဖြစ်က၊ ကျိုးပြစ်တရား၊ မသိငြားဘူး။ (ပိုဒ်ရေ ၂၃၄)

လောဘ၊ ဒေါသ၊ မောဟဟူသော အကုသိုလ်တရားများ၏ ရှေ့ဆောင်မှုဖြင့် အရာရာကို မိုက်မဲစွာ မဆုံးဖြတ်ရာ။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့်အတိုင်း အမျက်ဒေါသသည် မည်သည့်အရာကိုမျှ မစဉ်းစားမဆင်ခြင်ဘဲ ပရမ်းပတာ ပြုတတ်၏၊ အမှန်တကယ် ဒေါသဖြစ်ပါက အကြောင်းအကျိုး၊ အကောင်းအဆိုးကို မစဉ်းစားမချင့်ချိန်နိုင်တော့ဘဲ လွဲမှားစွာ ဆုံးဖြတ်လုပ်ကိုင်တတ်၏။

မူနည်ယုတ်မာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣသာသဘော၊ ပြန့်ပြောများသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှမလှနှင့်၊ ဟီနဥက္ကဋ္ဌ်၊ ယုတ်မြတ်လူရှင်၊ ပျိုအိုသွင်လည်း၊ မြင်မြင်သမျှ၊ သွားကိုပြ၍၊ ဒေါသမျက်ဆူ၊ ဟိန်းငြူစူ၏။ (ပိုဒ်ရေ ၂၃၅)

စိတ်သဘောထား ယုတ်မာကောက်ကျစ် ကြမ်းတမ်းခက်ထန်သူများသည် ခွေးနှင့်တူ၏။ အဘယ့်ကြောင့်ဆိုသော ခွေးသည် ရုပ်အဆင်းလှသူ၊ မလှသူ၊ ယုတ်ညံ့သူ၊ မြင့်မြတ်သူ၊ ပျိုသူ၊ အိုသူဟူ၍ မရွေးဘဲ တွေ့သမျှလူကို သွားကိုဖြဲပြ၍ ဒေါသဖြင့် ဟောင်တတ်၊ ငြူစူတတ်သောကြောင့်ပင် ဖြစ်၏။

လောင်ခြစ်ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူအမျက်၊ ပြန်မထွက်က၊ အောင်ခက်နိုင်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်၊ မကြည်စိတ်စက်၊ အမျက်ထွက်သူ၊ ထိုသည့်သူနှင့်၊ အတူပြန်လျက်၊ မျက်မာန်ထွက်သော်၊ ရှေ့ထက်နောက်လူ၊ မိုက်သောဟူ၏။ (ပိုဒ်ရေ ၂၆၃)

ကိုယ့်အပေါ် အမျက်ဒေါသနှင့် ဆက်ဆံပြောဆို တိုင်းထွာဆဲရေးလာသူကို တုံ့ပြန်၍ အမျက်ဒေါသ ခိုက်ရန်မဖြစ်ပွားသူသည် စစ်မြေပြင်၌ အောင်ပွဲရသူနှင့် တူ၏။ ထိုကဲ့သို့မဟုတ်ဘဲ အမျက်ထွက်သူကို ပြန်လည်အမျက်ထွက်သူသည် ပိုမို၍ မိုက်မဲသောသူသာ ဖြစ်ပေလိမ့်မည်။

ကျိုးပြစ်မသိ၊ မရှိဥာဏ၊ မိုက်ဝါဒနှင့်၊ လူ့ဗာလမျိုး၊ လနေမိုးကို၊ မျက်ငြိုးငြူစူ၊ ဆဲရေးမူလည်း၊ ဆဲသူလူနွမ်း၊ သွမ်းသာသွမ်း၏၊ သွားလမ်းအညီ၊ ရာသီပက္ခ၊ ကာလမရွေ့၊ သာလေ့ပူလေ့၊ ရွာမြဲလေ့တိုင်း၊ ပြကတေ့အရိုး၊ လနေမိုးတို့၊ နွမ်းညှိုးဂုဏ်ဝါ၊ ဘယ်ပျက်ရာလိမ့်။ (ပိုဒ်ရေ ၂၆၃)

ပညာမဲ့သော လူမိုက်လူယုတ်တို့သည် အကြောင်းအကျိုး၊ အဆိုးအပြစ်တို့ကို နားမလည်ဘဲ ကောင်းကင်ထက်တွင် သွားလာနေသော လ၊ နေ၊ မိုးတို့ကို ပြစ်တင်ရှုတ်ချပြီး ဆဲရေးတိုင်းထွာနေသော်လည်း ဆဲသူသာ မောပန်းပြီး လူမိုက်လူသွမ်းတစ်ယောက် ဖြစ်ရ၏။ အဘယ့်ကြောင့်ဆိုသော် လ၊နေ၊ မိုးတို့သည် ၄င်းတို့အား ကဲ့ရဲ့ သဂြိုဟ်ခြင်းကို ဂရုမထားဘဲ မိမိတို့၏ ရာသီဓမ္မတာ ဓလေ့ထုံးစံအတိုင်း သာမြဲသာ၊ ပူမြဲပူ၊ ရွာမြဲရွာပင် ဖြစ်၍ ၄င်းတို့၏ ဂုဏ်သိက္ခာကို မည်သို့မျှ မထိခိုက်နိုင်ချေ။

ပဋိဃာတ်မျိုး၊ ရန်မပျိုးနှင့်၊ ရန်ငြိုးမထား၊ တရားမွေ့ညက်၊ မေတ္တာသက်၍၊ ရန်ဖက်မမူ၊ ရေးမယူက၊ ရန်သူမဖြစ်၊ ချစ်ထက်ချစ်၏။ (ပိုဒ်ရေ ၃၁၈)

ဒေါသတရား ရှေ့ထားပြီး တစ်ဦးအပေါ် တစ်ဦး ရန်စမပျိုးသင့်၊ ရန်ငြိုးလည်း မထားသင့်။ တရားတော်၌ မွေ့လျော်လျက် မည်သူ့ကိုမျှ တုံ့ပြန်ရန်ငြိုး မထားပါနှင့်။ ထိုသို့ ရန်ကို ရန်ချင်း မတုံ့နှင်းသော် မိမိသည် ထိုသူ၏ ရန်သူမဖြစ်သည်သာမက မိမိကိုပင် ပိုမိုကြည်ညိုလေးစားပေလိမ့်မည်။


ခင်မင်လေးစားလျက်

ရန်အောင်