Showing posts with label Ma. Show all posts
Showing posts with label Ma. Show all posts

Thursday, December 31, 2009

နရီမဲ့အလွမ်းများ...




‘Call’ ဆိုတဲ့ ခလုတ်လေးပေါ်မှာ
ကျွန်တော်အတော်ကြာ တုံ့ဆိုင်းနေခဲ့မိတယ်.
ကိုယ့်ကိုယ်ကို မုန်းမိလိုက်တာ
ဒီလိုတွေဝေနေခြင်းတွေ
ဒီလိုဝေခွဲမရနိုင်ခြင်းတွေ
ဒီလိုဆုံးဖြတ်ရခက်နေခြင်းတွေ
ဒီလိုစိုးရွံ့ပူပင်ခြင်းတွေ
ဒီလို နာကျင်ခံရခက်ခြင်းတွေ
ဒီလို ချစ်ဒုက္ခဆင်းရဲတွေကနေ
ဘယ်တော့များမှ ကျွန်တော်လွတ်မြောက်ခွင့်ရမလဲ.

Tuesday, November 03, 2009

နှောင်ကြိုးမဲ့...



သာယာတဲ့ သီချင်းသံ
အကျွန့်ထံကို မလာကြပြီ...
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
ဂစ်တာအိုလေး.. ကြိုးလျော့နေပါစေ....


ပျော်ရွှင်တဲ့အသိတွေ
အကျွန့်ထံမှာ မကျန်တော့ပြီ...
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
မြင်ချင်စိတ်လေး... ကြိတ်မှိတ်ဖြေနေမလေ...



ချစ်ခြင်းရဲ့ အမိန့်ပေးရန် မ၀ံ့ကြောင်းပါ
နားမလည်နိုင်တဲ့အရာ
မသိစိတ်က သိနေမှာ



ဆင်ခြင်မှုတရားတွေ အကျွန့်ထံမှာ ဆိတ်သုဉ်းပြီ
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
အရာရာကို ရှင်းပြစွမ်းမယ်... ယုံနေ...




ဆရာစိုင်းခမ်းလိတ်ရဲ့ "ကြိုးလျော့နေသော ဂစ်တာ" ဆိုတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ကို နုရွလှပတဲ့ ကဗျာလေးတစ်ပုဒ်အဖြစ် ခံစားကြည့်မိတာပါ....

Y.

Monday, October 05, 2009

သင်္ကေတ


လှပသော ခြေလှမ်းတစ်စုံ သူ့ရှေ့ လာရပ်သည်ကို သူမက်မောလွန်းစွာ ငေးကြည့်နေခဲ့မိသည်. ပြီးတော့ သူမ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်. သို့မဟုတ် လှမ်းကြည့်လိုက်သည်ဟု သူထင်မိလိုက်ခြင်းလည်း ဖြစ်နေနိုင်သည်. သို့မဟုတ် သူ့စိတ်ထဲက သူမကို လှမ်းကြည့်လိုက်စေချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်. သူမအကြည့်က တဒင်္ဂလောက်ပဲ ကြာမည်ထင်သည်. သေချာသည်ကတော့ သူ့ရင်ခုန်သံ နည်းနည်းမြန်သွားခဲ့သည်ကိုတော့ သူသတိထားမိလိုက်သည်.

ထိုနေ့က သူထင်ထားခဲ့သလို မိုးမရွာနေခဲ့ပါ. နေရောင်ခြည် ကျိုးတိုးကျဲတဲက သူ့လက်ချောင်းလေးများကြားထဲသို့ ထိုးခွဲဝင်ရောက်လာသည်ကို မနှစ်မြို့လွန်းစွာ ကြိုးစားပိတ်ကာရင်း သူမမျက်နှာနုနုလေးပေါ်သို့ နေရောင်ခြည် မကျရောက်စေရန် သူကာပေးလိုက်သည်. အရိပ်နည်းနည်းကျသော နေရာတွင် ခေါင်းငုံ့ကာ စာဖတ်နေသော သူမတစ်ယောက်ကတော့ သူအလုပ်များနေခဲ့သည်ကို သိဟန်ပင်မတူ… သို့မဟုတ် သူမအတွက် သူသည် ဖြစ်တည်မှုမရှိသော မြင်တွေ့နိုင်စွမ်းမရှိသည့် အရာတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ခဲ့သည်. သေချာသည်ကတော့ သူမအတွက် သူကာကွယ်ပေးရသည်ကို သူနှစ်သက်နေမိသည်ကို သူသတိထားမိလိုက်ခြင်းပင်ဖြစ်သည်…

ကျေးငှက်ကလေးများက စိုးစီစိုးစီ သီကျူးနေကြသည်. ကျီးကန်းတစ်ကောင်က ခပ်လှမ်းလှမ်းက သစ်ပင်ပေါ်တွင် နားလျက် တအာအာ မြည်တွန်နေသည်. ဟိုင်းဝေးလမ်းမကြီးပေါ်တွင် ယာဉ်ကြီးယာဉ်ငယ်များက တ၀ီဝီဖြင့် ဥဒဟို သွားလာလှုပ်ရှားနေကြသည်. ဘိုးအင်းဂျက်လေယာဉ်ပျံကြီးတစ်စင်း တ၀ုန်းဝုန်း တဝေါဝေါ ဟစ်ကြွေးလျက် တိမ်လွှာထုထဲ ထိုးခွဲဝင်ရောက်သွားခဲ့သည်.

မည်သည့်အသံကမျှ သူမ၏ အာရုံစူးစိုက်မှုကို စိန်ခေါ်လှုပ်ရှားနိုင်စွမ်း ရှိခဲ့ဟန်မထင်. နားကြပ်အဖြူရောင်လေးကို ဖက်ရှင်ကျလွန်းစွာ နားနှစ်ဖက်မှာတပ်ပြီး ခုံတန်းလျားလေးပေါ်တွင်ထိုင်လျက် စာမျက်နှာတစ်ခုကို ခေါင်းငုံ့ကာစိတ်ဝင်တစား ဖတ်နေသော သူမနဖူးပေါ် ၀ဲကျနေသည့် ဆံနွယ်လေးများကို သွားပြီး သပ်တင်ပေးလိုက်ချင်သည်… ပါးပြင်မို့မို့ပေါ်တွင် ယှက်သန်းနေသော အကြောစိမ်းစိမ်းလေးများကို မြတ်မြတ်နိုးနိုး နမ်းရှိုက်ချင်သည်. လှပလွန်းစွာ သွယ်ဆင်းသွားသော နှာတံစင်းစင်းလေးကို သူ့နှုတ်ခမ်းဖျားလေးဖြင့် တို့ထိကစားချင်သည်. လေးကိုင်းသဏ္ဌာန် ကွေးဆင်းသွားသော သူမ အပြုံးရှင်းသန့်သန့်လေးကို သူ့ရင်ထဲ ထာဝရ သိမ်းထားခွင့် ရချင်သည်.

တကယ်တော့ သူမက ရွေ့လျားသွားလာနိုင်စွမ်းသော သက်ရှိတစ်ယောက်. သူကတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သော သက်ရှိတစ်ယောက်. ဒီလောက်ထိ ဘ၀ခြင်း ခြားနားလွန်းခဲ့ပေမယ့်လည်း သူမအပေါ် သူ သံယောဇဉ်ဖြစ်မိသည့်အတိုင်းအတာကတော့ မည်သည့်အရာနှင့်မျှ တိုင်းတာ၍ပင် ရနိုင်မည်မထင်ချေ…

တိုက်တစ်လုံးအကွယ်မှ သူမလှုပ်ရှားသမျှကို ငေးမောကြည့်ရှုရင်း ရင်ခုန်လွမ်းမောနေရသော သူ့ဘ၀ကို သူမ စာနာနားလည်ပေးနိုင်မည့် တစ်နေ့ကို မရဲတရဲဖြင့် သူမျှော်လင့်လွမ်းမောနေခဲ့ရသည်. သို့သော် သူမကတော့ဖြင့် သူ့အဖြစ်ကို သိဟန်လည်းမတူ. သိဖို့လည်း ကြိုးစားမည်မထင်ဟု တွေးကာ စိတ်ပျက်အားလျော့စွာ နံရံကို မှီလျက် အသာအယာ ထိုင်ချမိလိုက်သည်. သူ့ခြေထောက်တွေ ဘာလို့ လမ်းလျှောက်ခွင့်မရတာလဲဟု အသံကုန်အော်ဟစ် ငိုကြွေးလိုက်ချင်သော်လည်း ဆန္ဒတို့က လည်ချောင်းဝတွင်ပင် တစ်ဆို့ပျောက်ကွယ်သွားကြသည်… နံရံကို ခေါင်းဖြင့်ဆောင့်လျက် ၀မ်းနည်းစွာဖြင့် သူ ရှိုက်ကြီးတငင် ငိုပစ်လိုက်သည်… ရင်အစုံတို့ နိမ့်ချည်မြင့်ချည်ဖြင့် မောဟိုက်လာကြသည်. နံရံဖက်သို့ သူ့မျက်နှာကိုကပ်လျက် သူ့လက်ချောင်းများကို နံရံပေါ်တွင် ကပ်ထားလိုက်သည်.

နံရံကြားမှ ရေစက်တစ်ပွင့်က သူ့လက်ကြားထဲသို့ ဖြတ်စီးသွားသည်. ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားသော ရေစက်ပွင့်လေးကို ငေးကြည့်လျက် သူ ပြန်အားတင်းလိုက်သည်.

‘အနည်းဆုံးတော့ ငါ သူ့ကို မြင်တွေ့ခွင့်ရနေသေးတာပဲ. သူ့အတွက် ငါလုပ်ပေးနိုင်တာလေးတွေ လုပ်ပေးနေနိုင်သေးတာပဲ. ချစ်တယ်ဆိုတာ တစ်ဖက်လူ သိအောင်ပြဖို့ထက် ကိုယ်တိုင်ကိုက လိုလိုလားလား ဖြည့်စွမ်းပေးချင်တဲ့ ဆန္ဒတစ်ခု ဖြစ်ရင် ပိုမကောင်းဘူးလား.. ဟုတ်တယ်. အနည်းဆုံးတော့ ငါသူ့ကို င့ါအတိုင်းအတာတစ်ခုနဲ့ ဆက်ချစ်ခွင့် ရနေသေးတယ်…’

ဆတ်ခနဲခါထုတ်လိုက်သော သူ့ဆံနွယ်များကြားမှ ရေစက်တစ်ပွင့် လွင့်စင်သွားခဲ့သည်. ဖွာလန်ကြဲနေသော သူ့ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အသာအယာဖိလိုက်ပြီး စာဖတ်နေသော သူမထံသို့ လှမ်းကြည့်လိုက်သည်.

အိုး….

သူမ မရှိတော့ပါလား…

အရပ်ရှစ်မျက်နှာသို့ ယောက်ယက်ခက်လွန်းစွာဖြင့် သူလိုက်ကြည့်မိသည်…
လှေကားပေါ်သို့ ဖျတ်လတ်စွာဖြင့် ပြေးတက်သွားသော သူမနောက်ကျောလေးကို ၀မ်းနည်းတသစွာ ငေးကြည့်ရင်း သူမထိုင်သွားသော ခုံတန်းလျားလေးပေါ်သို့ နောက်ပြန်လှဲချလိုက်သည်.

‘နှုတ်ဆက်ခွင့်လေးတောင် မရလိုက်ပါလား ချစ်သူရယ်….’




ခပ်လှမ်းလှမ်းတိုက်လေးတစ်လုံးမှ အခန်းလေးတစ်ခန်းကို သူငေးကြည့်နေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီထင်သည်…

မြို့ထဲမှ နာရီစင်ကြီးထဲက ချိန်သီးက သုံးချက်တီးလိုက်သံကို သူကြားလိုက်သည်.

‘နာရီစင်က သုံးချက်တီးသံမြည်….. နှင်းတွေလည်း ကျနေသည်… ဒီဆောင်းမြောက်လေ မြူးသည်… ခုတော့သိပြီ.. မင်းကို ကိုယ်ချစ်သည်….’

သူ့ရှေ့တွင် ရှိနေသော မြက်ခင်းစိမ်းစိမ်းလေးတွင် တွဲခိုနေသည့် ရေစက်လေးများကို ငေးကြည့်ရင်း သီချင်းစာသားတစ်ခုကို ခပ်တိုးတိုး သူရေရွတ်နေခဲ့မိသည်…

‘နောက်ထပ် နှစ်နာရီ ထပ်စောင့်ရဦးမယ်….’

ညဉ့်နက်နက်တွင်မှ ပုစဉ်းရင်ကွဲတို့က အလိုက်မသိလွန်းစွာ မြည်ကြွေးနေကြသည်.
သူ့နားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပိတ်လျက် အုတ်ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်နေလိုက်သည်. သို့သော် ကြာကြာတော့ မထိုင်နိုင်. ကြာတော့လည်း စိတ်ပျက်လာပြီး ပုစဉ်းရင်ကွဲတစ်ကောင်နှင့်တစ်ကောင်ကြားက လစ်ဟာသွားသော အချိန်လေးများကို နရီတစ်ခုအဖြစ် မှတ်ယူကာ သံစဉ်တစ်ခုကို စိတ်ကူးဖြင့် ဖန်တီးနေခဲ့လိုက်သည်.

ဖျတ်ခနဲ မီးပွင့်လေးတစ်ပွင့် ပွင့်သွားသည်ကို သူ့စိတ်က အတပ်သိလိုက်သည်.

ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်တော့ သူ့အထင်မမှားသည်ကို သိလိုက်ရသည်. ရင်ခုန်သံတို့ ပိုမြန်လာသည်…

သူမ အခန်းလေးရှိရာဖက်သို့ လှမ်းမျှော်ကြည့်ရင်း စိတ်ကူးဖြင့် တွေးတောနေခဲ့မိသည်.

အခုအချိန်လောက်ဆို သူမ မျက်နှာသစ်နေလောက်ပြီ. ရေချိုးနေလောက်ပြီ. အ၀တ်လဲနေလောက်ပြီ. ကော်ဖီသောက်နေလောက်ပြီ. မုန့်စားနေလောက်ပြီ….

သူ ရူးနေပြီဟု ထင်မိသည်…

နံနက်ခင်းလေပြည်အေးတစ်ချက်အဝေ့တွင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သော သူ့ရယ်သံတစ်ခု လွင့်မျောစီးဆင်းသွားသည်…

….

‘ဂျိမ်း.. ဂျိမ်း..’

သံဘာဂျာတံခါးတစ်ခု ဆွဲဖွင့်လိုက်သံကို ကြားလိုက်သည်.

သူ့ရင်ခုန်သံတို့က အတိုင်းအဆမသိ မြန်လာခဲ့သည်… ခြေဖျားလက်ဖျားတို့က ရုတ်ချည်းအေးစက်လာခဲ့သည်…

ဒီအချိန်ကြီး သူမကိုစောင့်နေသော သူ့ကို တွေ့လျှင် သူမ ဘာပြောမည်လဲ. လန့်သွားမည်လား. သို့မဟုတ် မနှစ်မြို့လွန်းစွာဖြင့် တစ်ချက်မေးငေါ့မည်လား. သို့မဟုတ်. သနားစရာဖြစ်ရပ်တစ်ခုလို့ပဲ သဘောထားပြီး ခေါင်းလှည့်ထွက်သွားမည်လား.

သူမ မီးတိုင်လေးကို ကွေ့ပတ်လျှက် ကျောက်စရစ်ခဲလေးများစီထားသော လမ်းကလေးကို အသာအယာနင်းလျှောက်လာသည်…

ဟော… နီးလာပြီ…

တဖြည်းဖြည်း သူ့အနားကို ရောက်လာသော သူမ၏ လှုပ်ရှားမှုမှန်သမျှကို မလွတ်တမ်းငေးမောကြည့်ရင်း သူမကို သူ ဘယ်လိုနှုတ်ဆက်လိုက်ရမည်လဲဟု အလျှင်အမြန်တွေးတောလိုက်သည်…

အမှောင်ထဲတွင် ထိုင်နေသော သူ့အနားသို့ သူမ ရောက်လာသည်ကို အသက်ရှူရပ်မတတ် သူလိုက်ကြည့်နေခဲ့မိသည်…

သစ်ပင်တစ်ပင်နောက်ကွယ်သို့ သူ အမြန်ပြေးကပ်လိုက်သည်.

သူမ သူ့ရှေ့နားမှ ဖြတ်လျှောက်သွားသည်. လက်ထဲတွင်ကိုင်ထားသော ဖိုင်တွဲအနက်ရောင်လေးကို သ၀န်တိုစွာဖြင့် သူငေးကြည့်နေခဲ့မိသည်.

ဟော… သူမ သူ့အရိပ်ထဲက ထွက်သွားတော့မည် ထင်သည်…

သူ့လက်တစ်ချက်ကို ဆတ်ခနဲလှုပ်လိုက်သည်…

လှပသော ပန်းလေးတစ်ပွင့် သစ်ကိုင်းလေးများကြားထဲမှ ဝေ့၀ဲလျက် သူမရှေ့သို့ အသာအယာ သက်ဆင်းသည်…

သူမ ခြေလှမ်းတို့ တုံ့ခနဲ ရပ်ဆိုင်းသွားသည်…

ဘေးဘီဝန်းကျင်ကို အကဲခတ်ကြည့်သည်…

ထို့နောက် ကလေးငယ်တစ်ယောက်ကဲ့သို့ အပြစ်ကင်းစွာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလျက် ပန်းပွင့်လေးကို ကောက်ယူလိုက်သည်.

"Thank you…"

ခပ်တိုးတိုး ပြောလိုက်သော သူမ၏ စကားလုံးလေးများက သူ့ရင်ဘတ်ထဲသို့ အဆီးအတားမရှိ ပြေးဝင်တိုးခတ်သည်...

သူမဆံနွယ်လေးကြားထဲတွင် ၀င့်ကြွားစွာ လိုက်ပါသွားသော ပန်းပွင့်လေးကို ငေးကြည့်လျက် ခုံတန်းလျားလေးပေါ်တွင် စိတ်ဖြေလျှော့ကာ သူထိုင်ချလိုက်သည်….

ညနေကျရင် စောစောပြန်ခဲ့ပါနော်….

ကျွန်တော်နဲ့အတူတူ ဒီခုံတန်းလျားလေးပေါ်မှာ စာလာဖတ်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းရင်း တမ်းတလွမ်းဆွတ် နေပါ့မယ်...

ဒီနေရာလေးမှာ ကျွန်တော် အမြဲ ရှိနေမယ်....

I miss you soooo much…

အဆောက်အဦးတစ်ခုထဲမှ မိန်းကလေးတစ်ယောက် ထွက်ခွာသွားချိန်တွင် သူမ အိမ်ရှေ့မှ သစ်ပင်လေးတစ်ပင် အသံတိတ် လွမ်းဆွေးနေခဲ့သည်ကို မည်သူကမျှ သိနိုင်ခဲ့မည်မထင်…




~ရေခဲငှက်~

Wednesday, June 03, 2009

တဒင်္ဂအလွမ်းများ



ဒီအလွမ်းမျက်ဝန်းတွေကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ
တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.

ပြည့်နှက်နေတဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်ထဲ တိုးတိတ်စွာ စီးဝင်ကွယ်ပျောက်ပါစေ…
ချစ်သူမြင်ရင် ရင်နာမှာစိုးလို့ပါ.
နှောင်ကြိုးမဲ့စွာ ပျံသန်းတော့လေ…

တင်းကြပ်နေတဲ့ ဒီ ခံစားချက်တွေ
ဒီကဗျာသံစဉ်လေးထဲ အဆီးအတားမဲ့စွာ ဖြေလျော့နိုင်ပါစေ
ချစ်သူကြားရင် ထွေပြားမှာစိုးလို့ပါ
ပိုင်နိုင်စွာ ထားရစ်ခဲ့တော့လေ…

နွမ်းလျနေတဲ့ ဒီ မျှော်လင့်ခြင်းတွေလည်း
စည်းတစ်ဖက်မှာ တိုးလျှိုးလို့ ပုန်းကွယ်နိုင်ပါစေ
ချစ်သူသိရင် တွယ်ငြိမှာစိုးလို့ပါ
ပြတ်သားစွာ နှုတ်ဆက်ခဲ့တော့လေ…

မကြင်သာသည် ကွယ်ရာမှပဲ လွမ်းတော့မည်လို့ပဲ ဆိုဆို
မမြင်သာသည် တွယ်တာသမျှပဲ ကျွမ်းတော့မည်လို့ပဲ ပိုပို
နာနာကြင်ကြင် လွမ်းဆွတ်နေမိဆဲပါ ချစ်သူရယ်…
ကိုယ် မခံစားနိုင်ဘူး…
ဒီအချိန်မှာ သာမန်စကားလုံးတွေကိုလည်း
ကိုယ့်ဦးနှောက်ထဲမှာ ခနဲ့သံတွေလို့ပဲ မြင်နေမိတယ်.
ထားရစ်ခဲ့ဝံ့မှတော့ အသည်းမာတတ်ရတော့မှာပေါ့..



ကိုယ်မျှော်နေမိပါတယ်.
ဒါပေမယ့်
မလာပါနဲ့တော့…
မွတ်သိပ်စွာ တောင့်တနေမိပါတယ်.
ဒါပေမယ့်
မနမ်းပါနဲ့တော့…

ချစ်သူနဲ့အတူတူ မြစ်ကမ်းဘေးမှာ
ကဗျာတွေ စပ်ချင်သေးတယ်.
လွမ်းလည်းလွမ်းတယ်
မောလည်းမောတယ်.
လွမ်းမောဖွယ် ကိုယ်တို့ဇာတ်လမ်းတစ်ပုဒ်ပါပဲ ချစ်သူရယ်..
တဆတ်ဆတ်တုန်ခါနေတဲ့ ဒီနှလုံးသားမှာ
ဒဏ်ရာတွေဆိုတာလည်း တင်းကြမ်းပြည့်နေလေရဲ့..

တစ်ခုတော့ တောင့်တမိတယ်...
ချစ်သူဝင်လာခဲ့တဲ့ ဒီနှလုံးသားတံခါးပေါက်လေးကို
နှုတ်ဆက်တေးလေးတစ်ပုဒ်နဲ့တော့ ချွေးသိပ်ပေးခဲ့ပါ
မဆုံဖြစ်တော့တဲ့ ဒီအိမ်ငယ်လေးထဲမှာ
ချစ်သူ့လက်ဆောင်တေးသွားလေးကို ညတိုင်းဆိုနေချင်လို့…
လသာညတွေမှာ လွမ်းမယ်.
လမဲ့ညတွေမှာလည်း လွမ်းနေမယ်.
ချစ်သူမရှိတော့တဲ့ ကိုယ့်ဘ၀အတွက်
အချိန်အခါတွေ၊ နေရာဒေသတွေဆိုတာ
အစွဲအလမ်းသက်သက်ထက် မပိုတော့ပါဘူး.

ကြိုတင် သိနှင့်ပြီးသား
ဇာတ်သိမ်းခန်းတစ်ခုကို
မျှော်လင့်ချက် ၀ိုးတ၀ါးနဲ့ ကြိုးစားကပြခဲ့သူအတွက်
တအိအိနဲ့ ကျဆင်းလာတဲ့ ကန့်လန့်ကာကြီးက ပြောတယ်.
“တစ်ချို့မျှော်လင့်ခြင်းတွေက ဖိနပ်ပါပေမယ့် လမ်းမလျှောက်နိုင်ကြဘူး” တဲ့…



ကြားနေကြ အသံလေးတွေ
ကွယ်ပျောက်တိုးလျသွားတဲ့ ဒီညနေခင်းကို
ခွန်အားမဲ့စွာနဲ့ ကိုယ်ငေးကြည့်နေမိတယ်…
ကြယ်စင်တွေ အလျှိုလျှိုနဲ့ ကောင်းကင်ထက်မှာ
လင်းလက်လာခဲ့ကြတယ်.
ကိုယ်ကတော့ ၀င်သွားတဲ့ ချစ်သူနေမင်းကြီးကို
တမ်းတရင်း ငိုကြွေးနေတုန်းပဲ…

အို… သခင်..
ရက်စက်စွာ ပြုံးတတ်သော..
ညင်သာစွာ နာကျင်စေတတ်သော…
လှည့်ကွက်များဖြင့် ဆက်လက်ပြုစားတော်မူပါ
သွေးစက်ယိုစီးနေသော ကျွန်ုပ်၏
နှလုံးသားစင်မြင့်ပေါ်တွင်
ပျော်ရွှင်စွာ ကခုန်လှည့်ပါလင့်….

ဒီအလွမ်းမျက်ဝန်းတွေကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ
တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.

~ရေခဲငှက်~

Photo Credit

Wednesday, May 06, 2009

တမ်းတခြင်းများစွာဖြင့် (သို့) မ-၇



ခြောက်သွေ့နေတဲ့ သစ်တစ်ပင်အောက် ဒီနေ့ ပြန်ရောက်ဖြစ်ခဲ့တယ်.
နေကောင်းလားလို့ မေးသင့်ခဲ့တာပေါ့.
အဆင်ပြေလားလို့လည်း ပြောမထွက်ခဲ့ဘူး
ဘာရယ်မှန်းတော့မသိ
သူလှုပ်ရှားတာ
သူသွားတာ
သူလာတာ
သူရယ်တာ
သူပြုံးတာ
..
.
သူလှုပ်ရှားသမျှ ရင်ခုန်စွာနဲ့ လိုက်ကြည့်လို့မဝ
ပြောရမယ့် စကားလုံးတွေ ပျောက်ဆုံးနေတာ
ရင်ထဲမှာ ဗလာဖြစ်နေလို့တော့ မဟုတ်ခဲ့ဘူး
လွမ်းလွန်းလို့ပါ.
ရင်ထဲမှာ ဆို့နင့် မွန်းကြပ်လွန်းလို့ပါ

ပြန်ဆုံရင် ဘယ်လိုပြောမယ်လို့ အားခဲထားသမျှ
ပြန်တွေ့ရင် ဘယ်လိုလွမ်းနေရတယ်လို့ ပြောချင်ခဲ့သမျှ
သူ့ရဲ့ မျက်လွှာတစ်ချက် ဝေ့အကြည့်မှာ ရေခဲမြစ်ထဲ ပျော်ဝင်စီးဆင်းသွားကြတယ်.
ပြောမထွက်ဘူး ချစ်သူရယ်.
အရမ်းအားငယ်နေလို့ပါ.

ယုံကြည်စွာ လက်တွဲပိုင်ဆိုင်နိုင်ခွင့်ကိုလည်း
မရဲတရဲနဲ့ မျှော်လင့်နေဆဲပဲဆိုရင်
ကိုယ် သိပ်များ ရူးသွပ်လွန်းနေပြီလား..

မသိဘူးချစ်သူရယ်
သူ့ဘေးနားမှာ ကိုယ်ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ပဲ
ရန်လိုနေတဲ့ လောကကြီးကို ခေတ္တ အဆက်အသွယ် ဖြတ်ထားချင်တယ်.
သူ့ဆံနွယ်ထက်က ဟဲရ်ကုတ်နံ့လေးကို လွမ်းတယ်
ပိရိသေသပ်လှပတဲ့ သူ့နှုတ်ခမ်းလေးတွေကို တမ်းတမိတယ်.
နူးညံ့အိစက်လှတဲ့ သူ့ပါးပြင်လေးတွေကို အိပ်မက်ထဲမှာ လှမ်းစမ်းမိတယ်.
သူ့ကိုယ်ငွေ့နွေးနွေးလေး ကိုယ့်ရင်ခွင်ထဲ ဖြတ်စီးဆင်းသွားတယ်.
ရင်ခုန်တယ် ချစ်သူ.

တစ်ယောက်တည်းလွမ်း
တစ်ယောက်တည်းတမ်း
တစ်ယောက်တည်းမှန်း
တစ်ယောက်တည်းနမ်း
နေ့ညများစွာ နွမ်းလျအားငယ်ချင်လာပေမယ့်
တွယ်တာမိတဲ့ သံယောဇဉ်ကိုတော့ အကြွင်းမဲ့ယုံနေဆဲပဲ...

ခြောက်သွေ့နေခဲ့ဖူးတဲ့ သစ်တစ်ပင်အောက် ဒီနေ့ ပြန်ရောက်ဖြစ်ခဲ့တယ်.
မျက်ဝန်းညိုလေးတွေကို မြတ်နိုးစွာ ငေးကြည့်ရင်း
ကြိုတင်မစီစဉ်ထားတဲ့ စကားလုံးတွေ ကဆုန်ပေါက် ပြေးဆင်းကုန်ကြတယ်.
'အရမ်းလွမ်းတာပဲ မ...
အဆင်ပြေရဲ့လား..
ညက ကျွန်တော် မ ကို အိပ်မက်မက်သေးတယ်
အဖြူရောင်ဝတ်စုံလေးနဲ့ပေါ့
နတ်သမီးလေးကျနေတာပဲ
လှလိုက်တာဗျာ...
အိုးး..
အဲဒါ သိပ်တော့ မကောင်းဘူးထင်တယ်နော်.
အိပ်မက်ထဲမှာ လှတယ်လို့ မက်ရင် အပြင်မှာ နေမကောင်းဖြစ်တတ်တယ်တဲ့
အပြင်သွားရင် သတိထားပါနော် မ
နွေးနွေးထွေးထွေးလေးဝတ်သွားပေါ့
ကားတွေလည်းကြည့်ကူးနော်.
ကျွန်တော်လေ..
ကျွန်တော်..
ဟို..
ဘယ်လိုပြောရမယ်မသိဘူးဗျာ.

..

.

အရမ်းလွမ်းတယ် မ ရာ...'


ဒီသစ်ခြောက်ပင်အောက် နောက်နေ့တွေ ရောက်ဖြစ်ဦးမှာပါလေ...

....



...ရေခဲငှက်...

pic 1
pic 2

Monday, April 13, 2009

အိုင်မစ်စ်ယူဆိုးမတ်ခ်ျ (သို့) မ-၆

အလွမ်းတွေ အပြည့်နဲ့ ကျွန်တော် ဒီစာလေးကို ရေးလိုက်တယ်နော် မ.

တကယ်တမ်း တွေးကြည့်လိုက်ရင်တော့လည်း ဘာရယ်မဟုတ်ပါဘူးလေ. ဒီဘ၀တစ်ခုဆိုတဲ့ အချိန်တိုလေးအတွင်းမှာ လူတွေ အချင်းချင်း ချစ်ကြ၊ မုန်းကြ၊ ခင်မင်တွယ်တာကြ၊ မုန်းတီးစက်ဆုပ်ကြ၊ ပျော်ရွှင်ကခုန်ကြ၊ ၀မ်းနည်းပူဆွေးကြနဲ့ ဘ၀ဆိုတာကြီးက တကယ့်ကို ပြဇာတ်ခုံကြီးတစ်ခုလိုပါပဲ.

အဲဒီ့ပြဇာတ်ခုံကြီးပေါ်မှာပဲ ကျွန်တော် မထင်မှတ်ပဲ မ ကို ခင်မင်တွယ်တာခဲ့ရတယ်.

ဒီနေ့ဒီချိန်ထိ ကျွန်တော်သိပ်ကိုချစ်မြတ်နိုးရတဲ့ မ ဆိုတာ ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှ မသိကြသေးသလို ကျွန်တော့်ဖက်ကလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟချပြဖို့ အင်အားမရှိခဲ့ပါဘူး.

ကျွန်တော့်မှာ ဒိုင်ယာရီစာအုပ်လေးနှစ်အုပ်ရှိတယ်.

တစ်ခုကတော့ ကျွန်တော် ညဖက် မအိပ်ခင် ရေးတတ်တဲ့ စာအုပ်လေးပေါ့

နောက်တစ်ခုကတော့ ကျွန်တော့်ရဲ့ ဒီဘလော့ဂ်လေးပေါ့.

ဒီဘလော့ဂ်လေးပေါ်မှာ ကျွန်တော် ရေးချပြလို့ရတဲ့ ရင်ဖွင့်သံတစ်ချို့ကို ကဗျာလိုလို၊ စာလိုလို၊ အက်ဆေးလိုလို၊ တိုင်တည်ဖွင့်ဟသလိုလိုနဲ့ ကျွန်တော် ရေးတတ်၊ ဖွဲ့နွဲ့တတ်တယ်.

ဒါလေးကိုက ကျွန်တော့်ရဲ့ ထွက်ပေါက်လေးတစ်ခုလို ဖြစ်နေခဲ့ရတယ် မ ရယ်.

ဘာရယ်မဟုတ်ဘူး. ကျွန်တော် ဒီနေ့ မ ကို သိပ် သတိရနေခဲ့တယ်.

လွမ်းလိုက်တာလို့လည်း ရင်ဘတ်ထဲက နှစ်နှစ်ကာကာ တမ်းတဟစ်ကြွေးမိတယ်.

ဒီအချိန်ဆို မတစ်ယောက် ဘာတွေလုပ်နေမယ်. ဘယ်သူတွေနဲ့ ရှိနေမယ်. အို... ကျွန်တော်မတွေးဘဲနဲ့ကို ခေါင်းထဲ ရောက်ရောက်လာတယ်ဗျာ.

ဆန်းဒေးကဆိုရင်လေ ကျွန်တော် အိပ်ယာထဲမှာ ခွေနေရင်း မျက်နှာကြက်ကို မော့ကြည့်လို့ မ အကြောင်းတွေ အများးးးးးးးးကြီး တွေးနေမိတယ်.

ဒီနေ့ သင်္ကြန်ကျပြီနော် မ.

ကျွန်တော် မ ကို ရေလောင်းချင်လိုက်တာ....

မ ရဲ့ ဆံပင်ရှည်လေးတွေကို အသာသပ်တင်ပြီး ကုပ်လေးပေါ်ကတဆင့် ရေအေးအေးလေးကို လောင်းချလိုက်စဉ်ခဏ ကျွန်တော့်ရှေ့မှာ မတစ်ယောက် ရှက်သွေးဖြာပြီး ခေါင်းငုံ့ရယ်ပြုံးနေမလား.

ဒါမှမဟုတ် မျက်နှာလေး နီမြန်းနေပြီး ဆံနွယ်လေးတွေကို အသာစုကိုင်ထားမလား.

ဒါမှမဟုတ်. ပေါ့ပေါ့ပါးပါးလေး ရယ်ပြီး ကျွန်တော့်ကို ရေပြန်လောင်းဖို့ ကြိုးစားနေမလား...

အဲဒီ့အတွေးစတွေအားလုံးကို မျက်နှာကြက်အဖြူကြီးက ရက်စက်လွန်းစွာ ၀ါးမြိုပစ်လိုက်တယ်.

လွမ်းတယ် မ.

ကျွန်တော် မ ကို သိပ်ကို လွမ်းနေမိပါတယ်...

အလွမ်းတွေ အပြည့်နဲ့ ကျွန်တော့်ရဲ့ ဒိုင်ယာရီလေးထဲမှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ် ဒီနေ့ မ အတွက် တင်ပေးလိုက်တယ်နော်.

ဒီနေ့တစ်နေ့လုံး အခန်းအောင်းပြီး နားထောင်ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်ပါ မ မျှဝေခံစားနိုင်ဖို့ ကျွန်တော် တင်ပေးလိုက်တယ် မ ရယ်.


ညနေခင်းရဲ့ အလင်းတန်းတွေရယ်လေ
မှော်ဆရာတစ်ယောက်ရဲ့ ပဉ္စလက်ပြကွက်တွေအလား
ကျွန်တော့်ကို ဖမ်းစားခဲ့တယ်.

မရောက်ဖြစ်တာကြာခဲ့ပြီဖြစ်တဲ့ ဒီမြစ်ကမ်းဘေး
ခဏလောက် ငေးကြည့်ရကောင်းသားဆိုတဲ့အတွေးတွေနဲ့
ကျွန်တော် ဒီခုံတန်းလျားလေးပေါ်မှာ ထိုင်မိခဲ့ပြန်ပြီ မ ရယ်...

အရောင်ပြယ်လွင့်နေတဲ့ သစ်သားတန်းလေးကို
တမြတ်တနိုး ပွတ်သပ်မိရင်း ခပ်တိုးတိုးလေး ပြောမိတယ်.
ကျွန်တော် မ ကို အရမ်းတွေ့ချင်လိုက်တာ
Ethics တွေ၊ Social Rules တွေ၊ Manner တွေ
ဒါတွေ အားလုံးကို ကျွန်တော်မေ့ထားလိုက်ပြီး
အပူပြင်းဆုံး အချစ်မီးတောက်တွေထဲမှာ
ကျွန်တော် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပစ်လိုက်ချင်တယ်.

အင်္ကျီဇစ်ကို ဖြည်းညှင်းစွာဆွဲပိတ်
မျက်စိကို အသာမှေးမှိတ်လိုက်ရင်း
ဒီခုံတန်းလျားလေးပေါ်မှာ
ဖြေလျော့နွမ်းလျစွာ မှီထိုင်နေလိုက်ခဲ့တယ်.
လွမ်းတယ် မ........

ခုံတန်းလေးပေါ်မှာ ခေါင်းကိုမှီလိုက်ရင်း
ကောင်းကင်ကို အားယူမော့ကြည့်မိလိုက်တော့
ဟိုးအဝေးက တိမ်တိုက်တွေကြားထဲမှာ
တစ်စုံတစ်ယောက် ကျွန်တော့်ကို ပြုံးရင်း စိုက်ကြည့်နေသလိုပဲ.
အာခေါင်တွေကို ခြစ်ကုပ်ပြီး အားကုန် အော်ဟစ်ပစ်လိုက်ချင်တယ်.
မရယ်.....
အသံတွေဟာ ကွဲအက်လို့ လည်ချောင်းဝမှာ ကျဆုံးချိန်မှာ
တစ်စုံတစ်ရာသာ ပြင်ပကို တိုးထွက်လာခဲ့တယ်.
ကျွန်တော် သိပ်လွမ်းတယ် မ....
သိပ်ကို လွမ်းဆွတ်ကြေကွဲနေရပါတယ်...

အေးစက်စက် ဆောင်းလေပြည်ညှင်းက
နွေးထွေးနေတဲ့ ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်စတစ်ချို့ကို အေးခဲစေခဲ့တယ်.
မနဲ့ ကျွန်တော့်အကြောင်း စဉ်းစားမိတိုင်း
တစ်စုံတစ်ရာကို ကျွန်တော် အပြင်းအထန်ပေါက်ကွဲပစ်လိုက်ချင်တယ်.

ရှေ့တည့်တည့်မှာ မြင်နေရတဲ့ သစ်ပင်ကြီးကိုပဲ အားနဲ့ ကျုံးကန်ပစ်လိုက်ရမလား
ခဲလုံးကြီးကြီးကို ဆတ်ခနဲကောက်ပြီး ရေပြင်ထဲကို ၀ုန်းခနဲ ပစ်ထည့်လိုက်ရမလား
မျက်စိကိုစုံမှိတ်၊ လက်နှစ်ဖက်ကို ဘေးဖက်ဆန့်တန်း၊ ခေါင်းကိုမော့လို့
'အားးးးးးးးးးးး' ဆိုပြီး ဖောက်ခွဲအော်ဟစ်ပစ်လိုက်ရမလား...
ကျွန်တော်တစ်စုံတစ်ရာကို ပေါက်ကွဲပစ်လိုက်ချင်တယ်.
အားရပါးရ အော်ဟစ်ငိုကြွေးပစ်လိုက်ချင်တယ်.
ကျွန်တော့်ပါးပြင်တွေပေါ်မှာ ရေခဲမြစ်တစ်စင်း လမ်းလျှောက်ထွက်ခဲ့တယ် မရယ်..
ဒီ့ထက်လည်း ပိုကြေကွဲနိုင်ဖို့ နှလုံးသားမှာ အင်အားမရှိတော့ပါဘူး..

မရည်ရွယ်ဘဲနဲ့ သီချင်းစာသားတစ်ချို့ ခေါင်းထဲ ပြေးဝင်လာကြတယ်.
နှုတ်ခမ်းထောင့်ကို အသာကိုက်ရင်း ခပ်မဲ့မဲ့ ပြုံးမိတယ် မရယ်...

ရုန်းမထွက်ချင်တော့ပါ
စွဲလမ်းခြင်းကို မြတ်နိုးစွာ
ဆိတ်ငြိမ်စွာ ခံစားရင်း
ဘ၀ကို ကျေနပ်ရမှာပါ...

ဘာကိုမျှော်လင့်လို့ ဆုပ်ကိုင်ထားရမလဲ
တစ်ယောက်တည်း အထီးကျန်နေပြီပဲ...

ဘာကိုမကျေနပ်လို့ ဟစ်အော်နိုင်ဦးမလဲ..
စကားတွေရှာလည်း မရနိုင်ခဲ့......

ဘယ်ကိုထွက်ပြေးလို့ လွတ်မြောက်ခြင်းရှိမယ်
နှောင်ကြိုးများကို မဖြေနိုင်ခဲ့...

ငါဟာသေဆုံးလို့ ရွက်ကြွေတွေ ဘ၀လို
လမ်းဟောင်းလေးပေါ်မှာ
ကြွေနေပါစေတော့ ရှုံးပြီးသား.......

ညနေခင်းဟာ အရာအားလုံးကို ကျောခိုင်းလို့ မျက်ကွယ်ပြုခဲ့ပြီ
ကမ်းစပ်ကို ရိုက်ခတ်နေတဲ့ ရေလှိုင်းသံတွေကြားထဲမှာ
ဆောက်တည်ရာမရ လွင့်မျောနေတဲ့ ကျွန်တော့်အလွမ်းတွေကို ပြန်ဖမ်းပြီး
ခုံတန်းလျားလေးကို မြတ်နိုးယုယစွာ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်.

ခပ်လှမ်းလှမ်းရောက်မှ မပြယ်နိုင်တဲ့ သံယောဇဉ်တစ်ချို့နဲ့
နောက်ပြန်လှည့်ကြည့်မိခဲ့တယ်.
အို.... မရယ်...
ကျွန်တော်ထိုင်နေခဲ့တဲ့ နေရာမှာလေ...
သိလား..
ကျွန်တော်ထိုင်နေခဲ့တဲ့နေရာမှာ..
ကျွန်တော်သိပ်မြတ်နိုးတဲ့ သစ်ရွက်လေးတစ်ရွက် တင်ကျန်နေခဲ့တယ်.
ဘေးဘီဝန်းကျင်ကို အမြန်လှည့်ကြည့်မိတော့လည်း
ဘယ်သူမှ ရှိမနေခဲ့ဘူး..
ဆစ်ခနဲ ကျင်တက်သွားတဲ့ ဘယ်ဖက်ရင်အုံပေါ်မှာ
လက်ကို အသာတင်လိုက်ရင်း
အားတင်းလို့ ခပ်တိုးတိုးပြောမိတယ်.
အိုင်မစ်စ်ယူ ဆိုးမတ်ခ်ျ မ....


Y.K.N

Tuesday, March 03, 2009

မယူလိုက်က မိုက်လို့ထင်... ယူလိုက်ပြန်က ကြိုက်လို့ထင်..

ကြားဖူးကြမလားမသိဘူး. စာဆိုတော်မယ်ခွေဆိုတာလေ. သူ့ကဗျာလေးတစ်ပုဒ် ကျွန်တော် ပြန်ရေးပြမယ်နော်. သိသူတွေလည်း သိပြီးရောပေါ့..

ဆေးတံညို တညိုလောက်... ရော့သောက်တော့ပေး...
မယူလိုက်က မိုက်လို့ထင်... ယူလိုက်က ကြိုက်လို့ထင်...
သောက်စေချင်.. ကုတင်တွင်ထောင်ခဲ့ကွယ့်
ညိုနွဲ့ရဲ့လေး........

လှလိုက်တဲ့ ကဗျာလေးဗျာ. နော်.

ရှေးခေတ်က လူပျိုကာလသားတွေ လူပျိုလှည့်တော့ အပျိုလေးတွေအိမ်ကိုသွားကြတာပေါ့ဗျာ. အဲဒီ့မှာ ဇာတ်လိုက်မလေးရဲ့ ဆီးခရစ်အက်ဒမိုင်းယား ကာလသားချော နေထက်လင်း ((အဲလေ.) ယောင်လို့. ရွာတွေမှာ သူ့ကိုကြိုက်ကြတယ်ဗျ. ဤကားစကားချပ်။)

ပြန်ဆက်မယ်ဗျာ. အဲဒါနဲ့ ကာလသားချော ကိုလူပျိုက ဆေးတံကို အထာနဲ့လှမ်းပေးသတဲ့..

ယူလိုက်ပြန်ရင်လည်း သူ့ကို ကြိုက်နေတယ်လို့ ထင်ရော့မယ်. မယူလိုက်ပြန်ရင်လည်း သူ့ကိုမကြိုက်ပါဘူးဆိုပြီး လက်လျှော့နောက်ဆုတ်လို့ နောက်တစ်ယောက်ဆီ ချဉ်းကပ်ရင် ကိုယ့်အမှားဖြစ်ရော့မယ်.

ကဲ. မောင်ကြီးရယ်... သောက်စေချင်တယ်ဟုတ်... ကုတင်နားမှာ ထောင်ခဲ့ပါလားရှင်ရယ်လို့... အပျိုမလေးက ပြန်ပြောတဲ့ အခန်းလေးကို ကဗျာလေးစပ်ထားတာပါ.

ငယ်ငယ်တုန်းက လှစ်ခနဲ အမှတ်တမဲ့ဖတ်လိုက်ရတယ်. ကြိုက်ခဲ့ပါတယ်. ကြီးလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ရာက ဒီည ဖတ်ဖြစ်တဲ့ စာပိုဒ်လေးထဲမှာ အဲဒီ့ကဗျာလေးလည်းပါလာရော... ဘလော့ဂါ အင်စတင့် (Blogger Instinct) က ဟုန်းခနဲ ထတောက်ပါလေရောလားဗျာ...

..........

ကြည့်ပါလား.. ရေးထားတာလေးကိုက အထာလေးနဲ့. မသိရင် ဘလော့ဂါကာလသားတွေအားလုံးကိုပဲ ဆိုလိုသလိုလိုနဲ့. ရင်ခုန်သံ စက်သေနတ်ပစ်တယ်ဆိုတာ အဲလိုမျိုးပေါ့. ဘယ်သူထိထိ ထိချင်တဲ့သူထိဆိုပြီး အထာလေးနဲ့ ရေးထားတာ.

ကော်မန့်သွားရေးပြန်ရင်လည်း သူ့ကိုကြိုက်လို့ ထင်တော့မယ်. မရေးပြန်ရင်လည်း သူ့ကို ဂရုမစိုက်ပါဘူးဆိုပြီး အပြစ်တင်ရော့မယ်. အဲဒီ့ဘလော့ဂါဇာတ်လမ်းလေးတစ်ပုဒ်ကို ကျွန်တော် ကိုရေခဲငှက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုလေး စပ်ပြတယ်ဗျ..

ပို့စ်တင်ခါ အသာတို့ ... ဖတ်ဖို့သူပေး...
ကော်မန့်ရေးက ခိုက်လို့ထင်.. မရေးပြန်က မိုက်လို့ထင်...
ရေးစေချင်...ကုတင်မှာထောင်ခဲ့ကွယ့်.
(အဲလေ..မွှားသွားလို့)
ရေးစေချင်...ပြင်ဆင်ပါ မော်ဒရိတ်
တိုးတိတ်တိတ်လေး....

အဟေးးဟေးး... (အဲဒါကတော့ ကိုရင်ညိမ်းကြီးရဲ့ လက်သုံးရယ်သွမ်းသွေးသံပေါ့. ဘရိတ်အုပ်လိုက်တာပါ..)

ကောင်းသောညပါ မိတ်ဆွေတို့...

ဂွတ်နိုက်နော် မ... (လွမ်းနေမယ်. အိပ်မက်ထဲထိ.)

(လောလောဆယ် ကျွန်တော်အတည်ပေါက်တွေ ရေးလို့ မရသေးလို့ပါ. ခွင့်လွှတ်နော် မ.)

အာဘွားးးး

း)

Y.

Friday, January 30, 2009

ကြိုး


အိပ်မရဘူး
ထွေထူးဆန်းပြား အတွေးများနဲ့
အဝေးက မအတွက် ပူပင်သောကတွေ
ရင်နှင့်မမျှအောင် ခံစားနေရတယ်.
ဘေးကင်းရန်ကွာ
ကျန်းမာရွှင်လန်းစွာနဲ့
မနက်ဖြန်တွေကို ကြိုဆိုနိုင်ပါစေ မ ရယ်...

Y.K.N

Friday, December 26, 2008

ရေခဲမြစ်တစ်စင်း၏ ဆုတောင်း (သို့) မ-၅


ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..

ကျွန်တော် လွမ်းတယ် မ ရယ်.
ဘယ်သောအခါမှ အတူမရှိနိုင်ခဲ့တဲ့ ဘ၀နှစ်ခုအတွက်
ဆုတောင်းခြင်းဆိုတာဟာ တစ်ခုတည်းသော ကောက်ရိုးမျှင်လေးရယ်ပါ.
ဒါပေမယ့် အဲဒီ့ကောက်ရိုးမျှင်လေးကိုသာ
တရှိုက်မက်မက် စွဲလမ်းဆုပ်ကိုင်နေဆဲပါ
ကျွန်တော် လွမ်းတယ်. မ

ဒီအချိန်ဆို မ ဘာလုပ်နေမလဲ.
ခရစ်စမတ်သီချင်းတွေ သီကြွေးနေမလား
ခရစ်တော်အကြောင်း ကောင်းချီးသဘင် ဆင်ယင်နေမလား
ခရစ်စမတ်သစ်ပင်အောက်မှာ ပါဆယ်လ်ထုပ်တွေ ဖောက်နေမလား
ခရစ်စမတ်ပါတီမှာ ရီဝေစွာနဲ့ ၀ိုင်အရက်တွေ သောက်နေကြမလား..
ကျွန်တော်မသိဘူး မ..
တကယ်တော့ ကျွန်တော်မသိဝံ့၊ မသိတတ်၊ မသိချင်ခဲ့တာပါ..

ဘယ်သူတွေ ဘယ်လိုပဲ ပျော်နေမော်နေပေမယ့်
ကျွန်တော်ကတော့ ဒီနှစ်ခရစ်စမတ်ကို အခန်းငယ်လေးထဲမှာပဲ
တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့တယ်...

မ အတွက် ရည်ရွယ်ပြီး ရှာဖွေထားတဲ့ အွန်လိုင်းပေါ်က ပို့စကဒ်လှလှလေးတစ်ခုရယ်
မ အတွက် တိုင်တည်ပြီး ရေးစပ်ထားတဲ့ ဟောဒီ့ကဗျာတစ်ပုဒ်ရယ်
မ အတွက် စူးနင့်စွာ ပေးဆပ်ထားတဲ့ ချစ်ခြင်းဝေဒနာ တစ်ချို့ရယ်
အဆင်ပြေသလို လုပ်ထားတဲ့ ခေါက်ဆွဲခြောက်ပြုတ်လေးတစ်ခွက်ရယ်
ကျွန်တော်သိပ်ကြိုက်တဲ့ မြေပဲဆားလှော်လေးတစ်ထုပ်ရယ်နဲ့
သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီး
ကျွန်တော့်စိတ်တွေကို ဟိုးးးးးး အဝေးတစ်နေရာကို လွှတ်ထားခဲ့တယ်...

နေခြည်ဝင်ရောက်လို့ ညအမှောင်ကွယ်ပျောက်တဲ့ မနက်ခင်းမှာ
ခရစ်စမတ်သစ်ပင်ကို သူတို့ တစ်နေရာရာမှာ လွှင့်ပစ်ကြတော့မယ်.
ခရစ်စမတ်ဆုတောင်းပို့စကဒ်လေးတွေကို မြင်သာမယ့်
တစ်နေရာရာမှာ ချိတ်ဆွဲသိမ်းဆည်းထားကြလိမ့်မယ်.
ဟော...
၂၀၀၉ တဲ့.
ဒါတွေကို သူတို့မေ့သွားမှာပါ..
သူတို့စိတ်ထဲမှာ ဩော်... တစ်ခါက ဆိုတဲ့ အတွေးနဲ့ပဲ
ဒါတွေကို အဝေးမှာ ထားခဲ့ကြတော့မှာပါ..
မ အတွက် ကျွန်တော် ဒီညရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်
မ အတွက် ကျွန်တော် ပို့သခဲ့တဲ့ မေတ္တာ
မ အတွက် ကျွန်တော် ရေးဆွဲခဲ့တဲ့ ပန်းချီကားလေးတစ်ချပ်ကတော့
ဟောဒီ့ ကျွန်တော့်ရဲ့ အခန်းငယ်လေးထဲမှာ
နှစ်ပရိစ္ဆေဒ ကြာမြင့်သည်တိုင်
ခိုင်မာစွာ တည်ရှိနေဦးမှာပါ...

ကျွန်တော်သေဆုံးသွားခဲ့ရင်တောင်
မ အတွက် လေးနက်စွာ ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်အဖြစ် ဆက်လက်စီးဆင်းနေဦးမှာပါ

ခရစ်စမတ်ရောက်ခဲ့ပြီ မ ရေ...
ပျော်ရွှင်ပါစေ....
ချမ်းမြေ့ပါစေ....
ရွှင်လန်းပါစေ....
အေးမြပါစေ....

ဝေဒနာအပူအပင်တွေကြားထဲမှာ
အားရအောင် ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေကို သုတ်လို့
တဖြုတ်ဖြုတ်ကြွေကျလာနေတဲ့ နှင်းစက်လေးတွေနဲ့အတူ
မ အတွက်ဆုတောင်းတစ်ခု ကျွန်တော်ယူငင်လာခဲ့တယ်.
ဟော. ဟိုမှာ ကြည့်
ခရစ်စမတ်သစ်ပင်ထက်မှာ လင်းလက်နေတဲ့ မီးပွင့်လေးတစ်ပွင့်
ကျွန်တော့်ရဲ့ ချစ်ခြင်းတရားတွေကို ဖွင့်ဟနေလေရဲ့
မယ်ရီခရစ်စမတ်ပါနော် မ...

ဘယ်သောအခါမှ အတူမရှိနိုင်တော့ပေမယ့်
ကျွန်တော့်ချစ်ခြင်းတွေကတော့ တည်ငြိမ်စွာ ဆက်လက်စီးဆင်းနေဆဲပါ...
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေနော် မ..

ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..

(ရေခဲငှက်)



Thursday, November 06, 2008

မ-၄ (သို့) လွမ်းအိပ်မက်


အိပ်မက်လား၊ တကယ့်အဖြစ်အပျက်လားတော့ မသိ
ညက ကျွန်တော့်နဖူးကို 'မ' လာနမ်းသွားခဲ့တယ်.
ပြောသွားသေးတယ်.
'လွမ်းနေတာလားဟင်' တဲ့...

မျက်စိကို ချက်ချင်းဖွင့်မိတော့
အလင်းတန်းတစ်ခုက မညှာမတာ တိုးဝင်သွားခဲ့တယ်.
ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း
'ဟင်း' ခနဲ သက်ပြင်းရှည်တစ်ချက်ချ
တစ်ညလုံး မီးဖွင့်လျက်သား
စားပွဲပေါ်ပါးအပ်ရင်း
ကျွန်တော် အိပ်ပျော်သွားခဲ့တာကိုး...

ရှေ့တည့်တည့်ကို လှမ်းကြည့်မိတော့
အ၀ါရောင်မီးလုံးလေးနဲ့ ကျွန်တော့်ရဲ့ ယူဇာနိမ်း(မ်)လေးက
အားငယ်စွာနဲ့ ပြန်လှမ်းကြည့်တယ်.
'မ' မလာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်.
သိပါတယ် 'မ' ရယ်..

မလာနိုင်မှန်းသိလျက်နဲ့
ပေါ်လာလေမလား မျှော်မိတာ
ကျွန်တော့်အပြစ်ပါ.

တုံ့ပြန်မှုမရှိတဲ့ 'မ' ရဲ့ နာမည်လေးဘေးမှာ
ကလစ်ခဏခဏ ခေါက်ရင်း
ဟိုးအဝေးကြီးကနေ ကျွန်တော် လွမ်းနေရတဲ့အကြောင်း
အော့ဖ်လိုင်း မက်ဆေ့ခ်ျတွေ ပို့ရပေါင်းလည်း များပြီ.
'မ' ရဲ့ ဖုန်းနံပါတ်လေးကို ထိုင်ကြည့်လို့
ခေါ်သင့်လား မခေါ်သင့်လား မေးခွန်းတွေများစွာထဲမှာ
ကျွန်တော့်ဝိညာဉ် ညင်သာစွာ အသက်မဲ့နေခဲ့တယ်.

ညရယ်..
ရှည်လွန်းလိုက်တာ.
စိတ္တဇည...
သွေးပျက်ည...
အိပ်ပျက်ည...
နှိပ်စက်ည...
လွမ်းဆွတ်ည...
ဝဋ်ခံရတဲ့ည...

လမင်းကြီးကို တမ်းတလို့
မှန်းဆ ငိုကြွေးနေတဲ့ ကျွန်တော်
ကြယ်စင် အဖော်လေးတွေကိုလည်း မခုံမင်နိုင်တော့ပါဘူး.
တဂိုးပြောခဲ့တဲ့ အမှန်တရား
ကျွန်တော့်အတွက်တော့ မခံစားနိုင်ခဲ့ပါဘူး.
ရူးတယ်ပြောလဲ ပြောတော့ 'မ' ရယ်.
အချစ်စစ်ဆိုတာ Assembly လိုင်းထဲက ထွက်ကျလာတဲ့
ပေါပေါလောလော ထုတ်ကုန်ပစ္စည်းမှ မဟုတ်ခဲ့တာ...

To Be or Not To Be ဆိုတာလည်း
ရှိတ်စပီးယားရဲ့ ဟင်းမလက်အတွက်ပဲ မှန်မှာပါ.
ဆုံးဖြတ်ခံရပြီးသား ဘ၀နှစ်ခုအတွက်တော့
Not To Be or Never To Be ဆိုတာပဲ ရှိခဲ့တော့တယ်.
ကျွန်တော် ဘာလုပ်ရမလဲဟင်
အဲဒီ့မေးခွန်းကို ကျွန်တော်သိပ်မုန်းတယ်.
ကိုယ်လုပ်ချင်တာကို ကိုယ်အမြဲသတ်မှတ်ခဲ့တဲ့လူတစ်ယောက်အတွက်
'ကျွန်တော် ဘာလုပ်ရမလဲ' ဆိုတဲ့ မေးခွန်းမျိုးက
ဆောက်တည်ရာမရ ဖြစ်လွန်းနေခဲ့တယ်.
ဒါပေမယ့် ပြန်မေးနေမိဆဲပါ
'ကျွန်တော်ဘာလုပ်ရမလဲဟင် မ'
'မ ကို သိပ်ချစ်မိတဲ့ ကျွန်တော် ဘာလုပ်ရမလဲ မ ရယ်'...

အိပ်မက်လား တကယ့်အဖြစ်အပျက်လားတော့ မသိ
ညက ကျွန်တော့်နဖူးကို 'မ' လာနမ်းသွားခဲ့တယ်.
ပြောသွားသေးတယ်
'လွမ်းနေတာလားဟင်' တဲ့..

ဟုတ်.
လွမ်းနေတယ်
သိပ်လွမ်းနေတယ်.
ကျွန်တော် သိပ်ကို လွမ်းဆွတ်နေမိတယ် 'မ' ရယ်...

Thursday, October 30, 2008

I'm in Love....


Into the Darkness I am gazing at,
Without you, everything is so meaningless.

Hope to hear the ring from my cell,
Feel like my heart is burning to hell.

On youtube, I listened to "Keep Bleeding"
Leona, do you mean that she will be leaving?

Oh, please stop it and come back to me
Can't afford you trying to flee.

Mornings came and evenings are gone
The days without you, my days are torn.

C'mon, honey, it's not a joke
Can't even help myself gulping a coke.

Rice or curry I lost interest
Just murmuring "My Love, My Love"

Look around you, who else do you have?
Me, myself and my heart to be hijacked.

Look, honey, a leaf is falling
Wish you will be with me tomorrow morning.

Oh yeah, baby, I'm not a poet
But, please know that I'm in love.

YKN

Tuesday, October 21, 2008

မ-၃ (သို့မဟုတ်) လွမ်းလို့ရေးတဲ့စာ



မ…

သတိရလိုက်တာ “မ” ရယ်.

ကျွန်တော် အရမ်းလွမ်းလို့ မနေနိုင်တာနဲ့ ဒီစာလေးကို ကောက်ရေးဖြစ်လိုက်တာ.
မတွေ့ရတာလည်း ကြာပြီ. အသံလေးလည်း မကြားရတာ အတော်ကြာပြီနော်.

အင်းဗျာ. တစ်ခါတစ်လေတော့လည်း ကျွန်တော်လေ ဒီစည်းမျဉ်းဘောင်ကနားတွေနောက်မှာ ပိတ်မိနေတဲ့ ကျွန်တော့်ရဲ့ အချစ်တွေကို သနားမိတယ်.

ကိုယ့်ကိုယ်ကို သနားနေတာလားလို့ ပြန်မလှောင်ပါနဲ့နော်.

တကယ်ချစ်မိသွားရင် ပျော်နေရတဲ့ အချိန်တွေထက် အလိုလိုနေရင်း ၀မ်းနည်းနေရတဲ့ အချိန်တွေ ပိုများတတ်တာကို “မ” တစ်နေ့တော့ သိလာပါလိမ့်မယ်.

သိပြီးသားလည်း ဖြစ်မှာပေါ့လေ. မပြောလိုက်ချင်ဘူး. ဟုတ်တယ်.

ကိုယ့်ချစ်သူက ကိုယ့်ကို အမြဲ ဂရုစိုက်ကြင်နာနေစေချင်တာပေါ့.

ကတောက်ကဆဖြစ်ရပြီ ဆိုရင် ရန်ဖြစ်နေတုန်းသာ အနိုင်ယူချင်စိတ်နဲ့ ငြင်းခုန်နေမိပေမယ့် မတွေ့ရတော့တဲ့ အချိန်ကျမှ “ဩော်. ငါမှားလေခြင်း. သူ့ကို အနိုင်ယူမိလေခြင်း. သူများ နာကြင်သွားလေမလား. ခံစားသွားရလေမလား” ဆိုတဲ့ နောင်တတွေ၊ ပူပင်ခြင်းတွေကို ရင်မှာ ပိုက်ထွေးရင်း “မ” နဲ့ ပြန်ဆုံတွေ့နိုင်မယ့် အချိန်လေးကို ပြန်လည်တမ်းတမိနေတာ ကျွန်တော် “မ” ကို ပြောပြချင်ပါရဲ့…

ဘာလိုလိုနဲ့ ကျွန်တော် “မ” နဲ့ ရင်းနှီးခဲ့တာ … နှစ်တောင် ရှိခဲ့ပြီနော်.

ကြာပြီလို့ ပြောလို့ရသလို မနေ့တစ်နေ့ကမှ သိခဲ့ကြသလိုပဲလို့လည်း ပြောလို့ရပါတယ်.

ကြာပြီဆိုတာက “မ” နဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားက သံယောဇဉ် နက်ရှိုင်းလွန်းနေခဲ့တာကို ကိုယ်စားပြုတာပါ.

မနေ့တစ်နေ့ ဆိုတာကတော့ ဒီလောက်ကြာကြာ သိခဲ့ပေမယ့်လည်း အခုချိန်ထိ လန်းဆန်းသစ်လွင်နေတဲ့ အချစ်တွေ စက္ကန့်မခြား ပေါက်ဖွားနေဆဲဖြစ်နေတာကို ပြောချင်တာပါ.

ဟော..

“မ” ပြုံးနေတာ ကျွန်တော် တွေ့နေရတယ်...

တကယ်ပြောနေတာပါဗျာ.

စကားတတ်တိုင်း၊ လျှာမှာ အရိုးမရှိတိုင်း လျှောက်ပြောနေတာ မဟုတ်ရပါဘူး.

ရင်ထဲမှာ အချစ်ဆိုတာ ဖြစ်လာရင် စစ်ဘုရင်တွေတောင် ကဗျာတွေ စာတွေ စပ်ဆိုကြရတဲ့ အထိ ဖြစ်ခဲ့ရတာ နတ်သျှင်နောင်တို့၊ ပြည်န၀ဒေးတို့ သက်သေပါပဲ “မ” ရယ်.

ကျွန်တော်လည်းလေ “မ” ကိုချစ်မိသွားတဲ့ အချိန်ကစပြီး ကဗျာတွေ စာတွေ ရေးတတ်လာခဲ့တယ်.

တကယ်တော့ “မ”ဟာ ကျွန်တော့်ရဲ့ အနုပညာဈာန်ကို ကြွဝင်စေတဲ့ နတ်ဘုရားမ တစ်ပါး (သို့မဟုတ်) ကျွန်တော့်ရဲ့ Muse လေးတစ်ယောက်ပါပဲ “မ” ရယ်..

“မ” နဲ့ပတ်သက်လာရင်လေ ကျွန်တော် ဘယ်သူ့ဘယ်ဝါစကားကိုမှ ပုံတူကူးချခဲ့ခြင်း မရှိပါဘူး. ကျွန်တော် “မ” ကို ချစ်မိတဲ့ အကြောင်းတွေကို ဟောင်းနွမ်းနေတဲ့ စကားလုံးတွေ၊ လူတကာယူသုံးထားတဲ့ ကဗျာစာပိုဒ်တွေနဲ့ ဖော်ပြရတာထက် ကျွန်တော့်ရင်ထဲက အလိုလို စီးကျလာတဲ့ ခံစားချက်တွေကို ကဗျာလေးတွေ အဖြစ်နဲ့ ကိုယ်တတ်သလောက် မှတ်သလောက် ရေးချ ပြောပြတတ်တာကို ပိုအားရတယ်.

ဟုတ်တယ်. “မ”

ကျွန်တော့်ကဗျာတွေကို ပြန်ဖတ်ကြည့်…

“မ” ကို ကျွန်တော် ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်. စွဲလမ်းတယ်. ရင်ခုန်တိမ်းမူးတယ်. ဆိုတာကို တွေ့ရပါလိမ့်မယ်.

ကျွန်တော် ပရော်ဖက်ရှင်နယ် စာရေးဆရာတစ်ယောက် မဟုတ်ခဲ့ရပါဘူး.

ကလေးငယ်တစ်ယောက်ကို ချော့သိပ်နေတဲ့ မိခင်တစ်ယောက်ဟာ သီချင်းဂီတကို ဘယ်လိုဆိုညည်းရမယ် ဆိုတာကို အထူးတလည် သင်ယူနေစရာ မလိုဘဲ မိဘမေတ္တာဖြင့် သင်ကြား တတ်မြောက်လာတတ်တယ်.

ဒီလိုပါပဲလေ. ချစ်တဲ့ “မ”ကို ဘယ်လောက်ထိ မြတ်နိုးရပါကြောင်း ဖွင့်ဟပြောပြချင်နေတဲ့ ကျွန်တော့်ရင်ထဲက ခံစားချက်တွေအတွက် ချစ်ခြင်းဖွဲ့စာကဗျာတွေကို ကျွန်တော် အလိုအလျောက် ရေးတတ်ဖွဲ့နွဲ့တတ်လာခဲ့တယ် “မ” ရယ်…

ကျွန်တော် “မ” နဲ့တစ်နေ့တော့ ဆုံစည်းခွင့် ရနိုင်မှာပါနော်.

ရင်နာတယ် “မ” ရယ်.

ပြန်ဆုံရင်တောင် ကံက ကုန်နေပြီးသားဖြစ်နေတော့
ခေါင်းမော့နိုင်စွမ်း မရှိတဲ့ ဒီ ရင်ဘတ်ထဲက အချစ်တွေကို
ဟော ဟိုမှာ မြင်နေရတဲ့ ဟဒ်ဆန်မြစ်ထဲ နှစ်ခဲ့ရပေါင်းလည်း များပါပြီ.

ပြောရင်းနဲ့ကို ကဗျာသံစဉ်တွေ ကခုန်လာကြပြီ “မ” ရေ..

ရင်နာတယ်ဗျာ.

တကယ်ကို ရင်နာတယ်.

ဘာလို့ “မ” နဲ့ ကျွန်တော် အစောကြီးကတည်းက ဆုံတွေ့ခွင့် မရခဲ့ကြတာလဲ..

ဘာလို့….

ဘာလို့.

ဘာလို့..

တော်ပြီ. “မ” ရယ်.

ကျွန်တော် ငိုရလွန်းလို့ မျက်ရည်တောင် မကျန်တော့ဘူး.

နောက်ဆုံးတော့လည်း ဘာမှ မလုပ်နိုင်မယ့် အတူတူ တစ်ခုပဲ ပြောတော့မယ်.

ကျွန်တော် “မ” ကို သိပ်ချစ်တယ်.

သိပ်ကိုချစ်ရပါတယ် “မ” ရယ်..

အိပ်ပြီဗျာ. စိတ်ဓာတ်ကျတယ်.

p.s

နက်ဖြန် အပြင်သွားဖြစ်ရင် ကားကောင်းကောင်းမောင်းနော်.
အနွေးထည်လေးဘာလေးလည်း ဆောင်သွားဦး. ရာသီဥတုက ချက်ချင်းပြောင်းနေတာ.
အိမ်မှာနေရင်လည်း အင်္ကျီထူထူထဲထဲလေး ၀တ်ထား. ရှိုးပြမနေနဲ့. ဖြစ်တော့ ကိုယ်ပဲ ခံရမှာ.

ဦးထီးသီချင်းထဲကလိုပေါ့.

“နာနေဖျားနေရင် ဘယ်သူက လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ “မ” ရယ်”

ရယ်မနေနဲ့. မပြောလိုက်ချင်ဘူး.
ကလေးလည်း မဟုတ်. ကုလားလည်း မဟုတ်. တရုတ်လည်း မဟုတ်.
ကျွန်တော့်စကားဆို ဘယ်တော့မှ အလေးအနက်မထားဘူး.

မှာနေတာနဲ့ပဲ p.s က စာတစ်စောင် ဖြစ်ရော့မယ်.

ကျွန်တော့်ဆီမှာ သိပ်ကို ညဉ့်နက်နေပြီဗျ.

“မ” ကို ညတိုင်းစောင့်ရလွန်းလို့ မျက်တွင်းထဲမှာတောင် ဟာဘယ်လ်စပေ့စ်မှန်ပြောင်း ထည့်ထားလို့ ရနေပြီ.

သိဘူးဗျာ.

စိတ်ညစ်တယ်.

“မ” ကိုချစ်ရတာ စိတ်ညစ်တယ်.

သီတင်းလည်းကျွတ်ပြီ.

မသိဘူးးးးးးးးးးးးးးးးးးးး “မ” ရယ်.

အိပ်ပြီ..

မွ……………..

အော်.. မေ့လို့.

မနက်ဖြန် မေးလ်ဘောက်စ်ထဲကို မောနင်းနုတ်စ်လေး ခါတိုင်းလိုပဲ ပို့ပေးထားမယ်နော်.

ဟော. ကြည့်. သူရယ်သွားပြီ.

ပျော်ရွှင်ပါစေ “မ” ရယ်.. ဖုန်းဆက်လို့ရရင် သိပ်ကောင်းမှာပဲနော်. အသံလေးအလွမ်းပြေ ကြားချင်လို့ပါ.

“မ” ကို သိပ်ချစ်တဲ့.

YKN

Thursday, October 09, 2008

မ - ၂



“မ”…

လွမ်းတယ်ဆိုတာ လုပ်ယူလို့ မရစကောင်းပေမယ့်
ချစ်သူကို အူတိုအောင်တော့ “မ” က လုပ်တတ်နေတယ်နော်.

ရယ်လိုက်စမ်းပါ
ထုံးစံအတိုင်း ဟတ်ဟတ်ပက်ပက်နဲ့ပေါ့
ပြောလိုက်စမ်းပါ
ကျွန်တော် ဘယ်လိုနေမလဲ ကလိချင်လို့ ဆိုပြီးတော့ပေါ့
ခနဲ့လိုက်စမ်းပါ
ဒီလိုစကားမျိုး ဘယ်နှစ်ယောက်ကို ပြောပြီးပြီလဲလို့…

ရင်ထဲက ဖြစ်တည်လာတဲ့ အချစ်
နေ့စဉ်နေ့တိုင်း “မ” အတွက် ဆန်းသစ်နေမြဲပါ.
ဆီမထည့်ထားတဲ့ လှည်းဝင်ရိုးလို တအီအီအသံထွက်ပြီး
တီတီတာ စကားတွေနဲ့
အရှက်မရှိ မချွဲနွဲ့တတ်ဘူး.
ဆယ်မိနစ်တစ်ခါ ချစ်လှပါချည်ရဲ့ ဆိုပြီး
အော့ဖ်လိုင်း မက်ဆေ့ခ်ျတွေ ထားတတ်တဲ့ ပလေယာ
ကျွန်တော် မဟုတ်ခဲ့ပါဘူး..
တစ်ပွဲတစ်လမ်း အကဲစမ်းလို့
ပေါက်တော့လည်း စံ မပေါက်တော့လည်း ကံဆိုပြီး
ရွှေထီးဆောင်းရကောင်းနိုး မျှော်ကိုးရင်း
“မ” အနား ချဉ်းကပ်ခဲ့တာလည်း မဟုတ်ဘူး…

တစ်နေ့လုံး ခွဲခွာ အလုပ်မှာ စိတ်ကိုနှစ်လို့
လစ်ဟာချိန်တောင် မရှိတဲ့ ကျွန်တော့်အတွက်
တစ်ရက်တာရဲ့ အဆုံး နေလုံးကြီး ကွယ်ပျောက်ခါမှ
“မ” ကို တင်းပြည့်ကြပ်ပြည့် လွမ်းမောခွင့် ရတာပါ.

ဒါတွေကို မသိလို့ပဲလား
မသိချင်ခဲ့တာလား
ကျွန်တော့် ရင်ထဲ ဘယ်လိုနေမယ် သူ မစာနာ
တစ်ခြားယောင်္ကျားသားတွေ အကြောင်း ပြောပြရင်း ခဏခဏ ကလိတတ်တဲ့
“မ” ကိုလေ….
ကျွန်တော်က…
တစ်ခါတစ်လေ လက်သီးနဲ့ ပိတ်ထိုးလိုက်ချင်သလို
တစ်ခါတစ်လေမှာတော့ ရင်ခွင်ထဲ ထွေးဖက်ပြီး
ဆံနွယ်လေးတွေကို မြတ်နိုးစွာနဲ့ ပွတ်သပ်ပေးနေချင်တယ်…
အဲဒီ့ တစ်ခါတစ်လေ နှစ်ယောက်
ကမောက်ကမ ခဏခဏဖြစ်ရတာလည်း မရေတွက်နိုင်အောင်ပါပဲလေ.

ဘာပဲဖြစ်ဖြစ်ပါ…
သူများတကာလို အချိန်ပြည့် ချစ်သူနား မရှိနေနိုင်ခဲ့ပေမယ့်
နေခြည်ဖြိုးဖြောက် မိုးသောက်ချိန်မှာတော့
“မ” ရဲ့ မေးလ်ဘောက်စ်လေးက
မောနင်းနုတ်စ်လေးတစ်ခုကို သိမ်းပေးထားနေမှာပါ.

“မောနင်း “မ”
ညက အိပ်ပျော်ရဲ့လား..
စောင့်နေသေးတယ်.
ကားကောင်းကောင်းမောင်းနော်.
အလုပ်မှာ အဆင်ပြေပါစေ…
သတိရနေပေးပါ
လွမ်းနေမယ်နော်…

..
.”

လွမ်းမောစရာ ညနေခင်းတွေမှာတော့
“မ” ရဲ့ ဖုန်းလေးက မက်ဆေ့ခ်ျတစ်ခုကို ရနေမှာပါ.

“I miss you sooooo much, Ma….
Can’t help missing you…
Wish u were here…
Can’t wait to talk to u soon…
...
..
.”

ဟုတ်တယ် “မ” ရယ်…

ချစ်တယ်ဆိုတာ သူ့အလိုလို ဖြစ်လာတတ်ပေမယ့်
ချစ်သူကို ချစ်စိတ်တွေ တဖွားဖွား
အင်နဲ့အားနဲ့ ဆက်လက်ဖြစ်ပေါ်နေအောင်တော့
“မ” ဆိုတဲ့…
ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူက
ပြုစားတတ်နေစွမ်းခဲ့တယ်…

တစ်ခါတစ်လေတော့လည်း စိတ်မကောင်းဘူး
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကို လွမ်းရတာတောင်
ဟန်ဆောင်ပန်ဆောင် ထိန်းသိမ်းနေရတယ်.
ဇီးကွက်တစ်ကောင် အော်လိုက်တိုင်း
“ကြည့်ကွက်! ကြည့်ကွက်!” လို့ ကြားမိနေသလို
“မ” ကို ကျွန်တော် လွမ်းနေတာ
ဘယ်သူကများ ရိပ်မိသွားပြီလဲ
မလုံမလဲနဲ့ ကွက်ကြည့်ကွက်ကြည့် လှည့်ပတ်ကြည့်နေရတာပါ.
ဒါကိုမှ “မ” က အလိုက်မသိ
ချဉ်းကပ် ပတ်သက်လာတဲ့ ပျားပိတုန်းတွေအကြောင်း
မြိန်ရည်ယှက်ရည် ဖောက်သည်ချတော့
နှလုံးသားဟောင်းလောင်းပေါက်နဲ့ နားထောင်နေရတဲ့ ကျွန်တော်ရယ်လေ…
ကိုယ့်ပါးကိုတောင် ယောင်ပြီး ရိုက်မိလိုက်သလိုပဲ.

ဟော..
ရယ်ပြန်ပြီ…
ရယ်ပါ ချစ်သူရယ်
ရယ်လိုက်စမ်းပါ…


လွမ်းတယ်ဆိုတာ လုပ်ယူလို့ မရစကောင်းပေမယ့်
ချစ်သူကို အူတိုတတ်အောင်တော့ “မ” က လုပ်တတ်နေစွမ်းတယ်…
လွမ်းလိုက်ရတာ “မ” ရယ်……

(ရေခဲငှက်)

Sunday, August 24, 2008

“မ”




အပြင်က ပြန်ရောက်လို့
မီးခလုတ်ကို ချောက်ခနဲတောင် မဖွင့်ခင်
ဟောဒီ့လက်တွေက
ကွန်ပြူတာ ပါဝါကို အရင်ဖွင့်မိနေတတ်ပြီ…

စကရင်(န်)ကို ရီဖရက်ရှ်လုပ်
အားလုံးဟုတ်လောက်ပြီ ဆိုရင်
အလျင်အမြန် နှိပ်မိတာကတော့
အလွမ်းတွေဝေနေတဲ့ ဒီ ဂျီတော့ခ်ပေါ့..

လွမ်းတယ်. မ
သတိရတယ်.
အဆင်ပြေပါစေနော်. မ
ဒီညမျှော်နေမယ်.
မောနင်း မ..
စာတွေဆက်ရေးပါနော်.
ကောင်းသောညလေးဖြစ်ပါစေ.
လွမ်းနေပေးပါနော်.
သတိရနေမယ်..


..
.

ချစ်ခြင်းသီဖွဲ့စကားလုံးပေါင်းများစွာ
ဒီ ချက်ဟစ်စ်ထရီမှာ ကိန်းအောင်းနေကြတယ်.
မရိုးနိုင်အောင်ပါပဲလေ…

နေ့ပေါင်းများစွာရဲ့ မနက်ခင်းတွေမှာ
အလွမ်းတေးတွေသီခဲ့ဖူးတယ်.
“မ” တစ်ယောက် ကြားမကြား မသိနိုင်ခဲ့လည်း
ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့
ဒီအချိန်ရောက်တိုင်း
မှုန်မှိုင်းနေတဲ့ အလွမ်းတိမ်တွေ
ညို့တက်လာမြဲပါ..



ညပေါင်းများစွာရဲ့ သန်းခေါင်ယံတွေမှာ
“မ”ကိုလွမ်းတဲ့ အကြောင်းတွေကို
နာရီသံတွေက သယ်ဆောင်နေခဲ့ဖူးတယ်.
“မ” တစ်ယောက် မခံစားနိုင်ခဲ့လည်း
ကျွန်တော့်ရဲ့ ဘိုင်အိုကလော့ခ်ကြီးကတော့
မျှော်လင့်စောင့်စားနေတဲ့ ဒီမျက်ကွင်းတွေအောက်မှာ
အညိုရောင် အလွမ်းသင်္ကေတတွေ ရေးထိုးနေမြဲပါ..

အချစ်ရည်တွေ ရွှန်းလဲ့နေတဲ့
ဒီမျက်ဝန်းအိမ်မှာလည်း
နေ့နေ့ညည
အလွမ်းမိုးတွေ သွန်းဖြိုးဝေကျနေမြဲပါ…

ဂရုစိုက်ပါ မ ရယ်..
ကျွန်တော်က အဝေးကြီးမှာ နေနေရတာ.
ချစ်တဲ့ “မ” အနား
ကျွန်တော် နေချင်သားပေါ့
ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ဖို့ ကြိုးစားရင်း
ကိုယ်စီကိုယ်ငှ တာဝန်တွေ ထမ်းဆောင်နေရချိန်မှာ
“မ” ရဲ့ လက်ဖမိုးလေးကို
မြတ်မြတ်နိုးနိုး ဆုပ်ကိုင်လို့
ဘ၀ခရီးကို ဆက်ချင်တယ်.
ဘာလို့ မဖြစ်နိုင်ရမှာလဲ “မ” ရယ်..

ဗျာ!

ဘယ်လို!!

ဟင်!!!

အပြင်ကို ထုတ်ဖော်မပြဖြစ်ခဲ့တဲ့
အာမေဋိတ်သံတွေအောက်မှာ
ကျွန်တော် ဘာပြန်ပြောရဦးမှာလဲဟင်..
တိုက်ပွဲကို နိုင်အောင် တိုက်နိုင်ပါလျက်နဲ့
ချစ်သူနဲ့ လက်ဆက်ခွင့် မကြုံကြိုက်နိုင်တာ.
ကျိန်စာကို ပယ်ဖျက်နိုင်ဖို့ ကြိုးစားရင်း
ကျိန်စာသင့်ခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်လိုပါပဲလေ…

“သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုကာ
စွန့်စားခဲ့တာလည်း
ရခါမှပဲ မိဖုရားက မရှိတယ်”

ဆရာ စိုင်းခမ်းလိတ်ရဲ့ စာသားတွေက
ကျွန်တော့်ရဲ့ မာနတွေကို ပြက်ရယ်ပြုနေကြတယ်.
ကျွန်တော်မရှက်ပါဘူး
ဝမ်းပဲနည်းတယ်.

ဘာပဲဖြစ်ဖြစ်ပါ “မ” ရယ်.
ချစ်တယ်ဆိုတာ ပိုင်ဆိုင်လိုခြင်းတစ်မျိုးဖြစ်ပေမယ့်
မရယူနိုင်တော့တဲ့ အချိန်မှာ
ရယူပိုင်ခွင့် မရှိတော့တဲ့အချိန်မှာ
စပျစ်သီးချဉ်တယ်လို့ ဟော့ဟော့ရမ်းရမ်းပြောတဲ့ မြေခွေးလို
ကျွန်တော့်အချစ်တွေ မသော့သွမ်းနိုင်ခဲ့ပါဘူး.
“မ” ကို ကျွန်တော် ချစ်နေမြဲပါ.
ခုလည်းချစ်တယ်.
အရင်ကလည်းချစ်တယ်.
နောင်လည်း ဒီ့ထက်ပိုချစ်သွားဦးမယ်.
ကျွန်တော့်ထက် မပိုနိုင်ရင်တောင်
ကျွန်တော့်အောက် မလျော့တဲ့
ချစ်ခြင်းမေတ္တာတွေကို “မ” တစ်ယောက်
ရရှိခံစားနိုင်ပါစေနော်…

စည်းတစ်ဖက်ဆီမှာ ကိုယ်စီရပ်ရင်း
ဟန်ဆောင်တင်းထားတဲ့ သိက္ခာတွေကို ငဲ့ကွက်လို့
ကျွန်တော် ဘာမှ ၀င်မစွက်ချင်တော့ဘူး “မ” ရယ်.
တစ်ခုပဲ ပြောခဲ့ချင်ပါတယ်.
ချစ်တာထက်ပိုတဲ့ အချစ်တွေနဲ့
“မ” ကို ကျွန်တော်သိပ်ချစ်တယ်….

တဆိတ်လောက် “မ” ရယ်.
ကျွန်တော့်ရင်ထဲမှာ အလွမ်းတွေပြည့်လာလို့
“မ”ရဲ့ ဂျီတော့ခ် ယူဇာနိမ်းမ်လေးဘေးမှာ
အလွမ်းကဗျာလေးတွေ ရေးလိုက်ဦးမယ်နော်…
အဆင်ပြေတဲ့တစ်နေ့ “မ” ဖတ်ဖို့ပါ.
သွားတော့မယ် “မ” ရယ်..

အချစ်မဲ့ညများဟာ
မုန်းစရာကောင်းလောက်အောင်
ညတာ ရှည်လွန်းနေခဲ့တယ်..



(ရေခဲငှက်)