Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Friday, June 07, 2013

ပန္နက်တိုင်များ...

Monday, April 02, 2012

အမေအို၏ အက....


သွားတွေက ကျိုးတို့ကျဲတဲ ဖြစ်နေခဲ့လည်း
အမေအိုရဲ့ အပြုံးတွေက သန့်စင်တယ်…
လက်ဖ၀ါးမှာ နံ့သာလိမ်းခြယ် မထားခဲ့လည်း
အမေအိုရဲ့ လက်ခုပ်သံ ရင်ထဲကလာတယ်…
ခြေလက်လှုပ်ရှား စည်းဝါးမကိုက်ညီခဲ့လည်း
"NLD နိုင်ပြီ"ဆိုတဲ့ ၀မ်းမြောက်စိတ်နဲ့ အမေအို ကတယ်…

Sunday, April 01, 2012

NLD FOREVER!!!

ဟိုဖက်ခြမ်းက မဲတွေလိမ်
ဒီဖက်ခြမ်းက မဲတွေလိမ်
ဝန်တိုမှုတွေ လိမ်းချယ်ထားလို့
လိမ်ပြီးရင်လိမ်...

လိမ်သာလိမ်
မမှိန်ကွဲ့ ဒီစိတ်ထား
ဘ၀ဂ်ညံအောင် ကြွေးကြော်ကြပေလိမ့်
ပြည့်မေတ္တာတရား...
NLD FOREVER!!! 
NLD FOREVER!!!
NLD FOREVER!!! 
✔✔✔✔✔✔✔✔✔✔
✔✔✔✔✔✔✔✔✔✔
✔✔✔✔✔✔✔✔✔✔
✔✔✔✔✔✔✔✔✔✔
✔✔✔✔✔✔✔✔✔✔
✔✔✔✔ 




Thursday, July 21, 2011

မှန်သုံးချပ်


တိတ်ဆိတ်ခြင်းတွေကို စားသုံးရင်း
ဘ၀ဟာ နေ့ချင်းညချင်း ကြီးပြင်းလာခဲ့တယ်.

မှန်သားလက်လက်မှာရှိတဲ့ နေ့စဉ်ပုံရိပ်တွေက
ဒီရေအတက်အကျတွေကို လှည့်စားထားရဲ့…

Tuesday, November 16, 2010

The Promise





I can write the saddest poem of all tonight.

Write, for instance: "The night is full of stars,
and the stars, blue, shiver in the distance."

The night wind whirls in the sky and sings.

Thursday, December 31, 2009

နရီမဲ့အလွမ်းများ...




‘Call’ ဆိုတဲ့ ခလုတ်လေးပေါ်မှာ
ကျွန်တော်အတော်ကြာ တုံ့ဆိုင်းနေခဲ့မိတယ်.
ကိုယ့်ကိုယ်ကို မုန်းမိလိုက်တာ
ဒီလိုတွေဝေနေခြင်းတွေ
ဒီလိုဝေခွဲမရနိုင်ခြင်းတွေ
ဒီလိုဆုံးဖြတ်ရခက်နေခြင်းတွေ
ဒီလိုစိုးရွံ့ပူပင်ခြင်းတွေ
ဒီလို နာကျင်ခံရခက်ခြင်းတွေ
ဒီလို ချစ်ဒုက္ခဆင်းရဲတွေကနေ
ဘယ်တော့များမှ ကျွန်တော်လွတ်မြောက်ခွင့်ရမလဲ.

Tuesday, November 03, 2009

နှောင်ကြိုးမဲ့...



သာယာတဲ့ သီချင်းသံ
အကျွန့်ထံကို မလာကြပြီ...
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
ဂစ်တာအိုလေး.. ကြိုးလျော့နေပါစေ....


ပျော်ရွှင်တဲ့အသိတွေ
အကျွန့်ထံမှာ မကျန်တော့ပြီ...
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
မြင်ချင်စိတ်လေး... ကြိတ်မှိတ်ဖြေနေမလေ...



ချစ်ခြင်းရဲ့ အမိန့်ပေးရန် မ၀ံ့ကြောင်းပါ
နားမလည်နိုင်တဲ့အရာ
မသိစိတ်က သိနေမှာ



ဆင်ခြင်မှုတရားတွေ အကျွန့်ထံမှာ ဆိတ်သုဉ်းပြီ
ဒါပေမယ့်လည်းလေ
သခင်သာ အလိုရှိရင်
အရာရာကို ရှင်းပြစွမ်းမယ်... ယုံနေ...




ဆရာစိုင်းခမ်းလိတ်ရဲ့ "ကြိုးလျော့နေသော ဂစ်တာ" ဆိုတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ကို နုရွလှပတဲ့ ကဗျာလေးတစ်ပုဒ်အဖြစ် ခံစားကြည့်မိတာပါ....

Y.

Monday, July 27, 2009

ရှယ်လီနှင့် ရင်ခုန်ခဲ့သော တစ်ညတာ...

ဒီညတော့ တော်တော်နဲ့ အိပ်မပျော်တာနဲ့ စာအုပ်စင်ပေါ်က စာအုပ်လေးတစ်အုပ်ကို random လှမ်းဆွဲပြီး ရောက်ချင်တဲ့ စာမျက်နှာ ရောက်ဆိုပြီး လှန်လှောဖတ်မိရာက လှပတဲ့ ကဗျာလေးတစ်ပုဒ် ကျွန်တော် ဖတ်ဖြစ်ခဲ့တယ်. ရေးတဲ့သူကတော့ Shelley (4 August 1792 – 8 July 1822) ပါ. ရေးတဲ့သူရဲ့ နာမည်အပြည့်အစုံကတော့ Percy Bysshe Shelly ဖြစ်ပါတယ်. အထူးသဖြင့် Shelley ဟာ romantic poems တွေ ရေးတဲ့နေရာမှာ သိပ်ကို ပြောင်မြောက်ပါတယ်. တစ်ခြား သူရေးခဲ့တဲ့ နာမည်ကျော် ကဗျာတွေကတော့ Ozymandias, Ode to the West Wind, To a Skylark, and The Masque of Anarchy စတာတို့ပဲ ဖြစ်ပါတယ်.

သူရေးခဲ့တဲ့ ကဗျာတွေ၊ စာတွေကို ကမ္ဘာကျော် စာရေးဆရာ၊ တွေးခေါ်ပညာရှင်ကြီးများ ဖြစ်ကြတဲ့ ကားလ်မတ်စ်၊ ဘာထရမ်ရတ်ဆဲလ်၊ ဂျော့ဘားနတ်ရှော စသူတို့ကတောင် နှစ်သက်လေးစားခဲ့ရပါတယ်. မဟတ္တမ ဂန္နှီဆိုရင် Shelley ရေးခဲ့တဲ့ Mask of Anarchy ကဗျာကို ဆန္ဒပြချီတက်ပွဲတွေမှာ ရွတ်ဆိုခဲ့တယ်လို့တောင် အထောက်အထားများအရသိရပါတယ်.

Shelley ရဲ့ လက်ရာပြောင်မြောက်လှတဲ့ ကဗျာလေးတွေကို အလျဉ်းသင့်သလို တင်ပြပေးသွားပါဦးမယ်. ခုတော့ သူ့ကဗျာလေးတွေထဲက ကျွန်တော့်စိတ်နှလုံးကို ထိရှစေခဲ့တဲ့ အချစ်ကဗျာလေးတစ်ပုဒ်ကို စာဖတ်သူတွေနဲ့အတူတူ ဖတ်ရှုခံစားကြည့်ချင်ပါတယ်....


Love's Philosophy

The fountains mingle with the river
And the rivers with the Ocean,
The winds of Heaven mix for ever
With a sweet emotion;
Nothing in the world is single;
All things by a law divine
In one spirit meet and mingle.
Why not I with thine? -



See the mountains kiss high Heaven
And the waves clasp one another;
No sister-flower would be forgiven
If it disdained its brother;
And the sunlight clasps the earth
And the moonbeams kiss the sea;
What is all this sweet work worth
If thou kiss not me?

(Shelley)





အားလုံးပဲ ကောင်းသောနေ့ ကောင်းသောညလေးများ ပိုင်ဆိုင်နိုင်ကြပါစေဗျာ...

ခင်မင်လေးစားလျက်

ရန်အောင်

ရေလှိုင်းပုံလေးကို ဒီက ယူပါတယ်.

Thursday, July 09, 2009

ဗေဒါခင်အသိ...



ဒီညနေခင်း ဘာရယ်မဟုတ်ဘူး. ကိုယ့်စာအုပ်စင်လေးပေါ်က သေသေချာချာ မဖတ်ဖြစ်သေးတဲ့ စာအုပ်လေးတစ်ချို့ကို ကောက်ဆွဲရင်း ကော်ဇောပေါ်မှာ ခေါင်းအုံးကိုချ၊ ရင်ဘတ်အောက်မှာ ခုအုံးလို့ ကဗျာသံစဉ်လေးတစ်ချို့ကို ခံစားဖြစ်တယ်. အဲဒီ့ထဲကမှ လှလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ကို အထပ်ထပ် ဖတ်မိရင်း ခံစားမိတဲ့ ရသလေးတွေကို မျှဝေချင်လာတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်လိုက်တယ်ဗျာ.

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

ရေရိုင်းက ထင်တိုင်းသာ
ဒီတက်ချိန်နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူမြောက်လာ
သူ မညှာ သူ မသနား
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါခင်အသိ
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

"ဗေဒါခင်အသိ"
(နှာ-၁၉၇၊ ဇော်ဂျီကဗျာပေါင်းချုပ်)

ဒီကဗျာလေးကို စဖတ်မိလိုက်တော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာစုတွေထဲက တစ်ပုဒ်လို့ပဲ ပုံမှတ်ဖတ်လိုက်မိတယ်. ဒါပေမယ့် ဖတ်နေရင်းမှာပဲ ကျွန်တော်အသံထွက်ဖတ်ချင်စိတ်တွေ ပေါက်လာတယ်. အသံထွက်ဖတ်နေရင်းမှာကိုပဲ သာယာလှတဲ့ အ၀င်အထွက်၊ တက်သံကျသံ၊ နိမ့်သံမြင့်သံလေးတွေကို သတိထားမိလာတယ်. တစ်ပိုဒ်နဲ့တစ်ပိုဒ် လှလှပပလေး ချိတ်ဆက်ရေးသားသွားတဲ့ ကွင်းဆက်စကားလုံးလေးတွေကို မြင်လာမိတယ်. နောက်ဆုံး အဆုံးသတ်ခါနီးလေးမှာတော့ စာဖတ်သူကို စိတ်ဒုန်းဒုန်းမချခိုင်းဘဲ ဟိုးအစကနေ ပြန်ဖတ်ချင်အောင် အဓိပ္ပါယ်လေးကို တစ်ပတ်ပြန်လည်ခိုင်းထားလိုက်တယ်.

ပထမဆုံးပိုဒ်လေးကို စဖတ်ကြည့်ရအောင်...

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

တက်ပြန်ပေါ့ ဒီ တဲ့.... ဒီရေတွေ တက်လာတာကို ပြောတာပါပဲ. ဒါပေမယ့် ကာရန်ယူသွားတာလေးလှပါတယ်. ပထမအပိုဒ်က ဒီ ဆိုတဲ့ ကာရန်လေးနဲ့ ဒုတိယအပိုဒ်က ဟီ ဆိုတဲ့ ကာရန်လေးကို ရှေ့နောက်လှမ်းချိတ်ပြီး ဦးတိုက်စပ်နည်းလေးနဲ့ စပ်သွားတာ တော်တော်လေးကို သပ်ရပ်ပါတယ်. ဒါတင်မက ဒုတိယအပိုဒ်ရဲ့ နောက်ဆုံးအက္ခရာဖြစ်တဲ့ ရိုင်း ဆိုတဲ့ လဟုကာရန်လေးက စာဖတ်သူကို တစ်စုံတစ်ရာဆက်လာဦးမယ်ဆိုတဲ့ ခံစားချက်လေး ပေးထားပါတယ်. ပြီးလည်းပြီးရော နောက်တစ်ပိုဒ်မှာ ၀ဲထလို့ဝိုင်း ဆိုပြီး ကာရန်အဆုံးသတ်လေးနဲ့အတူ စာဖတ်သူကို စိတ်ဒုန်းဒုန်း ချလိုက်စေပါတယ်... ပိုပြီးထူးခြားတာက သရုပ်ဖော် အရေးအသားပါပဲ... မျက်စိထဲမှာ ဒီရေတွေ တက်လာတာတောင် ရိုးရိုးတက်လာတာမဟုတ်ဘဲ ဝေ့ကာဝဲကာ ၀ိုင်းကာဝန်းကာနဲ့ ပင်လယ်ဝကနေ ခပ်ကြမ်းကြမ်း စီးဝင်တိုးတက်လာတာကို ပေါ်လွင်အောင် ရေးသားထားတာဖြစ်ပါတယ်.

အထူးသဖြင့် နှစ်သက်စရာကောင်းတာက 'ဟီ' ဆိုတဲ့ ကာရန်လေးပါပဲ. မျက်စိထဲမှာ တစ်စုံတစ်ရာ ဟိုယိမ်းထိုး ဒီယိမ်းထိုးနေတာကို မြင်ယောင်လာစေပြီး နားထဲမှာတော့ ခြောက်ခြားတုန်လှုပ်ဖွယ်ရာကောင်းတဲ့ တော်လဲသံလိုလို၊ ငလျင်လှုပ်သံလိုလို အသံတစ်ခုကို ကြားယောင်လာစေပါတယ်. ပိုပြီး ပေါ်လွင်သွားစေတာကတော့ ရေကို ရေရိုင်းလို့ နာမည်ပေးလိုက်တာပါပဲ. ဟိုဟိုဒီဒီ ကြမ်းကြမ်းတမ်းတမ်း ဝေ့၀ဲ စီးဆင်းနေတဲ့ ရေလှိုင်းတွေကို ကွင်းခနဲကွက်ခနဲ မြင်သွားစေတယ်ဗျ.

ရေရိုင်းက ထင်တိုင်းသာ
ဒီတက်ချိန်နှိမ်မရ၊ ဒေါထလို့သာ။

အဲဒီ့အပိုဒ်လေးက အပေါ်က ဒီရေရိုင်းကို ဆက်ညွှန်းသွားပါတယ်. "ဒီတက်ချိန်နှိမ်မရ" ဆိုတဲ့အသုံးလေးက ဒီရေဟာ တက်ပြီဆိုရင် ဘာနဲ့မှကို တားဆီးလို့မရအောင် အရှိန်အဟုန်ပြင်းစွာနဲ့ ထိုးတက်လာတာကို ပေါ်လွင်စေပါတယ်. ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တဲ့သဘောကို သိသာထင်ရှားအောင် သက်ရှိသတ္တ၀ါတွေ ဒေါသူပုန်ထတဲ့အခါ ရမ်းကားပြုမူတတ်ပုံနဲ့ ကိုယ်စားပြုပြီး "ဒေါထလို့သာ" ဆိုတဲ့ အသုံးလေးနဲ့ သုံးသွားလိုက်တော့ သက်မဲ့ကို သက်ရှိအလားတင်စားရေးသားနိုင်တဲ့ ဩဇဂုဏ် မြောက်သွားပါတယ်. ဖတ်ရင်းနဲ့ကို နှစ်ခြိုက်မိတဲ့ စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာစေပါတယ်.

ချောင်းပေါက်မှာ သူမြောက်လာ
သူ မညှာ သူ မသနား
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။

ဒီရေဟာ နေရာအနှံ့ အားနဲ့မာန်နဲ့ အရှိန်နဲ့ အဟုန်နဲ့ ဘယ်အရာကိုမှ ငဲ့ညှာထောက်ထားခြင်းမရှိဘဲ တရှိန်ထိုး တိုးဝင်လာပြီး သူ့အားမာန်ကို ပြတယ်ဆိုတဲ့ သရုပ်ပြကွက်လေး မျက်စိထဲပေါ်လာစေပါတယ်. အဲဒီ့မှာ တစ်ခါ "ပြခဲ့သူ့အား" နဲ့ "သူ့အားကို ပြလိုက်ရုံ" ဆိုတဲ့ ပြန်ကောက်ပြီး ရေးသားထားပုံလေးက တစ်ပိုဒ်နဲ့တစ်ပိုဒ်ကို အဆက်အစပ်ဖြစ်စေပါတယ်. ပိုလှသွားတာကတော့ "လတာပြင်ရေ၀င်တိုး၊ ထိုးကြ ပလုံ" ဆိုတဲ့ အရေးအသားလေးပါပဲ... လတာပြင်ဆိုတဲ့ ရွှံ့နွံမြေပေါ်မှာ ချိုင့်ခွက်လေးတွေ ရှိနေတတ်ပါတယ်. အဲဒီ့ထဲကို ဒီရေက ၀င်တိုးတော့ ချိုင့်ခွက်လေးတွေ ပြည့်လာပုံ၊ ရေ၀င်သွားတဲ့အခါမှာ ထွက်ပေါ်လာတဲ့ "ပလုံ" ဆိုတဲ့ မြည်သံလေးကို ထည့်သွင်းရေးသားပုံလေးက မြည်သံစွဲအလင်္ကာမြောက်သလို ချစ်စရာ အရေးအသားလေးလည်း ဖြစ်လို့ သိင်္ဂါရ ရသ မြောက်တယ်လို့တောင် ပြောဆိုနိုင်ပါသေးတယ်.

စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

ပုစွန်ဆိတ်လေးတွေ အလန့်တကြားပြေးလွှားသွားပုံလေးတွေ၊ ပင်လယ်ကမ်းစပ်၊ ချောင်းကမ်းစပ်တွေမှာ တွေ့ရတတ်တဲ့ ၀င်ကစွပ်ကောင်လေးတွေ၊ ပုစွန်လုံးလေးတွေ ဟိုပြေးဒီပြေး ယောက်ယက်ခက်နေပုံလေးကို မြင်ယောင်စေလာပြီးခါမှ ကျူရိုးရှင်ကတော့ ချောင်းဝမှာဆွေးနေရှာတယ် ဆိုပြီး လှုပ်ရှားနေတဲ့ ဓာတ်သဘောကို တည်ငြိမ်တဲ့ ဓာတ်သဘောနဲ့ ပြန်ပိတ်ဖမ်းလိုက်ပါတယ်. အနုပညာသဘောအရ ပြောရရင်တော့ အလင်းအမှောင်သဘောတရား၊ Paradoxical Writings လို့ သမုတ်ရမလားပဲဗျ. အငြိမ်ဓာတ်နဲ့ အလှုပ်ဓာတ်နှစ်ခု အားပြိုင်နေသလို ခံစားမိလာရတယ်.

ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါခင်အသိ
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

အပေါ်ပိုဒ်မှာ ရေးထားတဲ့ "ချောင်းဝမှာဆွေး" ဆိုတဲ့ အရေးအသားလေးကိုပဲ ပြန်ကောက်ပြီး "မဆွေးနဲ့ ကျူရိုးရှင်" လို့ နောက်တစ်ပိုဒ်မှာ ပြန်ဆက်စပ်လိုက်ပါတယ်. ပြီးတော့မှ ဒီရေတက်လို့ ဒီလိုကြမ်းတမ်းခက်ထရော်ထန်နေတာဟာ အမြဲမဟုတ်တဲ့အကြောင်း၊ အချိန်တန်ရင် ဒီချောင်းလေးဟာ အရင်လိုပဲ သာယာလှပနေမှာ ဖြစ်တဲ့အကြောင်း အားပေးနှစ်သိမ့်လိုက်ပါတယ်.

အဲဒီ့လို ချောင်းလေးရဲ့ မာယာကို ချောင်းလေးတစ်လျှောက်မှာ စုန်ချီဆန်လာ စီးမျောပါနေတဲ့ ဗေဒါပင်လေးတွေ အသိဆုံးပါဆိုပြီးတော့လည်း တိုင်တည်လိုက်ပါသေးတယ်. စိတ်ထဲမှာတော့ "သိုးကလေ" ဆိုပြီး နတ်မင်းကြီးကို တိုင်တည်ရေးစပ်ထားခဲ့တဲ့ ကဗျာလေးကို သွားသတိရမိလိုက်ပါသေးရဲ့.

ကြမ်းတမ်းခက်ထန်နေတဲ့ ပတ်ဝန်းကျင်ဟာ အချိန်တန်ရင် ပြန်လည်တည်ငြိမ်လှပနေမြဲ ဖြစ်မှာပါဆိုတဲ့သဘောတရားလေးက မုန်တိုင်းပြီးရင် လေပြည်လာတယ် ဆိုတဲ့သဘောလေးကို ဖော်ကျူးနေပါတယ်. ဒါ့အပြင် လောကဓံရဲ့ အနိမ့်အမြင့်၊ အတက်အကျသဘောလေးကိုလည်း လှစ်ဟဖော်ပြထားပါတယ်.

ဒါပေမယ့်လည်း ကျူရိုးရှင်ကို ကဗျာရှင်က ထပ်သတိပေးလိုက်ပါသေးတယ်. အဲဒီ့လို ပြန်လည်ငြိမ်သက်သွားမှာကလည်း နောက်တစ်ခေါက် ဒီရေမတက်ခင် အထိပဲတဲ့...

နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

အဲဒီ့အပိုဒ်လေးလည်း ဖတ်ပြီးရော ဒီရေတွေ ပြန်တက်လာသလို ခံစားမိလိုက်ရပြီး စိတ်ကအလိုလိုပဲ ဟိုးရှေ့ဆုံးက စာပိုဒ်လေးဆီ ပြန်ရောက်သွားပါတယ်.

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

အဲဒီ့မှာတင် ဒီကဗျာလေးဟာ ဖတ်လို့ကို မဆုံးနိုင်၊ ခံစားလို့ကို မ၀နိုင်တဲ့ ကဗျာကောင်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတော့တယ်.

ကဗျာတစ်ပုဒ်ရဲ့ ကောင်းခြင်းရသကို အသံထွက်ဖတ်ကြည့်တဲ့အခါမှာ ပိုပြီး သိသာစေနိုင်တယ်ဆိုတဲ့ အချက်လေးကို ဟောဒီ့ "ဗေဒါခင်အသိ" ဆိုတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေးက သက်သေထူသွားခဲ့တယ်လို့ မှတ်ယူခံစားမိလိုက်ရပါတယ်ခင်ဗျာ....

Picture Source: Pic

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်



Monday, June 08, 2009

ဝိုးတ၀ါး...



အိပ်ချင်ပါတယ်ဆိုခါမှ
ငါ့မျက်ဝန်းတွေ ခိုးယူခံလိုက်ရတယ်.
ဘယ်တော့များမှ ငါ့အိပ်မက်တွေ
အိပ်ရေးဝမလဲတွေးရင်း
မျက်စိမမှိတ်ဘဲအိပ်တတ်အောင်
မျက်စိမပါဘဲ အိပ်နိုင်အောင်
ကြိုးစားနေတဲ့ငါ့ကို
အမြင်မပွင့်လင်းတဲ့သူ တဲ့လေ…

မြတ်နိုးမိပါတယ်ဆိုခါမှ
ငါ့မေတ္တာတွေ ရေစုန်မျောခံလိုက်ရတယ်
ဘယ်တော့များမှ ငါ့ချစ်ခြင်းတွေ
အသိအမှတ်ပြုခံရမလဲ မျှော်လင့်ရင်း
အချစ်မပါဘဲနေတတ်အောင်
အချစ်မရှိဘဲနေနိုင်အောင်
လျစ်လျူရှုကြည့်နေတဲ့ငါ့ကို
နှလုံးသားမရှိတဲ့သူ တဲ့လေ…

နှုတ်ဆက်ချင်ပါတယ်ဆိုမှ
သံယောဇဉ်တွေနဲ့ ငါ့ကို တားမြစ်ထားတယ်.
ဘယ်တော့များမှ ဒီဆင်းရဲတွေ
ကျော်လွန်ဖြတ်သန်းနိုင်မလဲ အဖြေရှာရင်း
ခပ်ဝေးဝေးပျံသန်းနိုင်အောင်
ဘယ်တော့မှ ပြန်မတွေ့နိုင်အောင်
အတောင်ပံတွေဖြန့်သန်းနေတဲ့ငါ့ကို
ရက်စက်တတ်တဲ့သူ တဲ့လေ…

ချစ်သူရေ…
ဒီ အရုဏ်မကူးခင်မှာ
ငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့
မဟုတ်ရင် မင်းရဲ့ ဥပေက္ခာအောက်မှာ
ငါ ဒူးထောက်ရင်း သေဆုံးသွားနိုင်လို့ပါ.
အို… မဟုတ်သေးဘူး.
တကယ်တော့ ငါဟာ သေဆုံးနေခဲ့ပြီးပြီပဲ…
ငါ့ရဲ့ ချစ်ခြင်းဝိညာဉ်တွေ
မင်းဘေးနားမှာ ဆက်လက်ခစားနေမြဲဆိုတာ
ငါသိပ်ချစ်ရတဲ့ မင်းတစ်ယောက်
သိမှသိပါလေစ….

ခုတော့လည်းငါ
မျက်စိမပါဘဲနဲ့လည်း အိပ်တတ်ခဲ့ပြီ
နှလုံးသားမဲ့စွာနဲ့လည်း ချစ်တတ်ခဲ့ပြီ
ရက်စက်တတ်လွန်းစွာနဲ့လည်း နှုတ်ဆက်တတ်ခဲ့ပြီ
အို… ကျန်သေးတယ် ချစ်သူ…
ခံစားမှုကင်းစွာနဲ့လည်း
ငါ မင်း ဘေးနားမှာ ဒူးထောက်ခစားတတ်ပြီ..
ကျေနပ်တော့ ချစ်သူရယ်…

အမှတ်မထင် လွင့်ကြွေကျလာမယ့်
မင်းရဲ့ အပြုံးပန်းလေးတစ်ချက်အတွက်နဲ့
သက်မဲ့နေ့ရက်များစွာကို ငါရင်ဆိုင်ဝံ့တယ်...
ငါရင်ဆိုင်နေဆဲပါ ချစ်သူ...

~ရေခဲငှက်~

Photo Credit

Wednesday, June 03, 2009

တဒင်္ဂအလွမ်းများ



ဒီအလွမ်းမျက်ဝန်းတွေကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ
တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.

ပြည့်နှက်နေတဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်ထဲ တိုးတိတ်စွာ စီးဝင်ကွယ်ပျောက်ပါစေ…
ချစ်သူမြင်ရင် ရင်နာမှာစိုးလို့ပါ.
နှောင်ကြိုးမဲ့စွာ ပျံသန်းတော့လေ…

တင်းကြပ်နေတဲ့ ဒီ ခံစားချက်တွေ
ဒီကဗျာသံစဉ်လေးထဲ အဆီးအတားမဲ့စွာ ဖြေလျော့နိုင်ပါစေ
ချစ်သူကြားရင် ထွေပြားမှာစိုးလို့ပါ
ပိုင်နိုင်စွာ ထားရစ်ခဲ့တော့လေ…

နွမ်းလျနေတဲ့ ဒီ မျှော်လင့်ခြင်းတွေလည်း
စည်းတစ်ဖက်မှာ တိုးလျှိုးလို့ ပုန်းကွယ်နိုင်ပါစေ
ချစ်သူသိရင် တွယ်ငြိမှာစိုးလို့ပါ
ပြတ်သားစွာ နှုတ်ဆက်ခဲ့တော့လေ…

မကြင်သာသည် ကွယ်ရာမှပဲ လွမ်းတော့မည်လို့ပဲ ဆိုဆို
မမြင်သာသည် တွယ်တာသမျှပဲ ကျွမ်းတော့မည်လို့ပဲ ပိုပို
နာနာကြင်ကြင် လွမ်းဆွတ်နေမိဆဲပါ ချစ်သူရယ်…
ကိုယ် မခံစားနိုင်ဘူး…
ဒီအချိန်မှာ သာမန်စကားလုံးတွေကိုလည်း
ကိုယ့်ဦးနှောက်ထဲမှာ ခနဲ့သံတွေလို့ပဲ မြင်နေမိတယ်.
ထားရစ်ခဲ့ဝံ့မှတော့ အသည်းမာတတ်ရတော့မှာပေါ့..



ကိုယ်မျှော်နေမိပါတယ်.
ဒါပေမယ့်
မလာပါနဲ့တော့…
မွတ်သိပ်စွာ တောင့်တနေမိပါတယ်.
ဒါပေမယ့်
မနမ်းပါနဲ့တော့…

ချစ်သူနဲ့အတူတူ မြစ်ကမ်းဘေးမှာ
ကဗျာတွေ စပ်ချင်သေးတယ်.
လွမ်းလည်းလွမ်းတယ်
မောလည်းမောတယ်.
လွမ်းမောဖွယ် ကိုယ်တို့ဇာတ်လမ်းတစ်ပုဒ်ပါပဲ ချစ်သူရယ်..
တဆတ်ဆတ်တုန်ခါနေတဲ့ ဒီနှလုံးသားမှာ
ဒဏ်ရာတွေဆိုတာလည်း တင်းကြမ်းပြည့်နေလေရဲ့..

တစ်ခုတော့ တောင့်တမိတယ်...
ချစ်သူဝင်လာခဲ့တဲ့ ဒီနှလုံးသားတံခါးပေါက်လေးကို
နှုတ်ဆက်တေးလေးတစ်ပုဒ်နဲ့တော့ ချွေးသိပ်ပေးခဲ့ပါ
မဆုံဖြစ်တော့တဲ့ ဒီအိမ်ငယ်လေးထဲမှာ
ချစ်သူ့လက်ဆောင်တေးသွားလေးကို ညတိုင်းဆိုနေချင်လို့…
လသာညတွေမှာ လွမ်းမယ်.
လမဲ့ညတွေမှာလည်း လွမ်းနေမယ်.
ချစ်သူမရှိတော့တဲ့ ကိုယ့်ဘ၀အတွက်
အချိန်အခါတွေ၊ နေရာဒေသတွေဆိုတာ
အစွဲအလမ်းသက်သက်ထက် မပိုတော့ပါဘူး.

ကြိုတင် သိနှင့်ပြီးသား
ဇာတ်သိမ်းခန်းတစ်ခုကို
မျှော်လင့်ချက် ၀ိုးတ၀ါးနဲ့ ကြိုးစားကပြခဲ့သူအတွက်
တအိအိနဲ့ ကျဆင်းလာတဲ့ ကန့်လန့်ကာကြီးက ပြောတယ်.
“တစ်ချို့မျှော်လင့်ခြင်းတွေက ဖိနပ်ပါပေမယ့် လမ်းမလျှောက်နိုင်ကြဘူး” တဲ့…



ကြားနေကြ အသံလေးတွေ
ကွယ်ပျောက်တိုးလျသွားတဲ့ ဒီညနေခင်းကို
ခွန်အားမဲ့စွာနဲ့ ကိုယ်ငေးကြည့်နေမိတယ်…
ကြယ်စင်တွေ အလျှိုလျှိုနဲ့ ကောင်းကင်ထက်မှာ
လင်းလက်လာခဲ့ကြတယ်.
ကိုယ်ကတော့ ၀င်သွားတဲ့ ချစ်သူနေမင်းကြီးကို
တမ်းတရင်း ငိုကြွေးနေတုန်းပဲ…

အို… သခင်..
ရက်စက်စွာ ပြုံးတတ်သော..
ညင်သာစွာ နာကျင်စေတတ်သော…
လှည့်ကွက်များဖြင့် ဆက်လက်ပြုစားတော်မူပါ
သွေးစက်ယိုစီးနေသော ကျွန်ုပ်၏
နှလုံးသားစင်မြင့်ပေါ်တွင်
ပျော်ရွှင်စွာ ကခုန်လှည့်ပါလင့်….

ဒီအလွမ်းမျက်ဝန်းတွေကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ
တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.

~ရေခဲငှက်~

Photo Credit

Sunday, May 24, 2009

Silver Lining...



Oh...Daredevil night
Deepening into the darkness
Though revealing n'ver thy face under the light
With a fool's ignorance, pretending to be wise...

Determined Souls
Inching to the edges
Though knowing not what the future hold
With courageous sense, it says, 'Go! Go! Go!'..

Unrecognized Justice
Walking down with full confidence
Though shaken by waves of lies
With all strength, pacing till he dies...

Unconquered Voices
Demanding loud for peace
Though threatened by anger and power
With responsibility untold, standing up for the lower...

Undoubtful love
Blossoming with all faith and respect
Though disregarded due to fear
With all forgiveness, hovering into full gear...

Oh...Beautiful Rainbow
Comprising of multicolors
Though different by person and path
All courses lead to the peaceful land...

Hone thy skills and thy maturity
With unity, we shall bring the liberty...
Build thyself and thy confidence
Ho! March to the silver lining end....

(Y.K.N)

စိတ်ကုးပေါက်ရာလေးတွေကို ရေးခြစ်ကြည့်ရုံသက်သက်ပါ.... သိပ်တော့ smooth မဖြစ်သလို ခံစားရတယ်.

Photo Credit: Here

Wednesday, May 06, 2009

တမ်းတခြင်းများစွာဖြင့် (သို့) မ-၇



ခြောက်သွေ့နေတဲ့ သစ်တစ်ပင်အောက် ဒီနေ့ ပြန်ရောက်ဖြစ်ခဲ့တယ်.
နေကောင်းလားလို့ မေးသင့်ခဲ့တာပေါ့.
အဆင်ပြေလားလို့လည်း ပြောမထွက်ခဲ့ဘူး
ဘာရယ်မှန်းတော့မသိ
သူလှုပ်ရှားတာ
သူသွားတာ
သူလာတာ
သူရယ်တာ
သူပြုံးတာ
..
.
သူလှုပ်ရှားသမျှ ရင်ခုန်စွာနဲ့ လိုက်ကြည့်လို့မဝ
ပြောရမယ့် စကားလုံးတွေ ပျောက်ဆုံးနေတာ
ရင်ထဲမှာ ဗလာဖြစ်နေလို့တော့ မဟုတ်ခဲ့ဘူး
လွမ်းလွန်းလို့ပါ.
ရင်ထဲမှာ ဆို့နင့် မွန်းကြပ်လွန်းလို့ပါ

ပြန်ဆုံရင် ဘယ်လိုပြောမယ်လို့ အားခဲထားသမျှ
ပြန်တွေ့ရင် ဘယ်လိုလွမ်းနေရတယ်လို့ ပြောချင်ခဲ့သမျှ
သူ့ရဲ့ မျက်လွှာတစ်ချက် ဝေ့အကြည့်မှာ ရေခဲမြစ်ထဲ ပျော်ဝင်စီးဆင်းသွားကြတယ်.
ပြောမထွက်ဘူး ချစ်သူရယ်.
အရမ်းအားငယ်နေလို့ပါ.

ယုံကြည်စွာ လက်တွဲပိုင်ဆိုင်နိုင်ခွင့်ကိုလည်း
မရဲတရဲနဲ့ မျှော်လင့်နေဆဲပဲဆိုရင်
ကိုယ် သိပ်များ ရူးသွပ်လွန်းနေပြီလား..

မသိဘူးချစ်သူရယ်
သူ့ဘေးနားမှာ ကိုယ်ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ပဲ
ရန်လိုနေတဲ့ လောကကြီးကို ခေတ္တ အဆက်အသွယ် ဖြတ်ထားချင်တယ်.
သူ့ဆံနွယ်ထက်က ဟဲရ်ကုတ်နံ့လေးကို လွမ်းတယ်
ပိရိသေသပ်လှပတဲ့ သူ့နှုတ်ခမ်းလေးတွေကို တမ်းတမိတယ်.
နူးညံ့အိစက်လှတဲ့ သူ့ပါးပြင်လေးတွေကို အိပ်မက်ထဲမှာ လှမ်းစမ်းမိတယ်.
သူ့ကိုယ်ငွေ့နွေးနွေးလေး ကိုယ့်ရင်ခွင်ထဲ ဖြတ်စီးဆင်းသွားတယ်.
ရင်ခုန်တယ် ချစ်သူ.

တစ်ယောက်တည်းလွမ်း
တစ်ယောက်တည်းတမ်း
တစ်ယောက်တည်းမှန်း
တစ်ယောက်တည်းနမ်း
နေ့ညများစွာ နွမ်းလျအားငယ်ချင်လာပေမယ့်
တွယ်တာမိတဲ့ သံယောဇဉ်ကိုတော့ အကြွင်းမဲ့ယုံနေဆဲပဲ...

ခြောက်သွေ့နေခဲ့ဖူးတဲ့ သစ်တစ်ပင်အောက် ဒီနေ့ ပြန်ရောက်ဖြစ်ခဲ့တယ်.
မျက်ဝန်းညိုလေးတွေကို မြတ်နိုးစွာ ငေးကြည့်ရင်း
ကြိုတင်မစီစဉ်ထားတဲ့ စကားလုံးတွေ ကဆုန်ပေါက် ပြေးဆင်းကုန်ကြတယ်.
'အရမ်းလွမ်းတာပဲ မ...
အဆင်ပြေရဲ့လား..
ညက ကျွန်တော် မ ကို အိပ်မက်မက်သေးတယ်
အဖြူရောင်ဝတ်စုံလေးနဲ့ပေါ့
နတ်သမီးလေးကျနေတာပဲ
လှလိုက်တာဗျာ...
အိုးး..
အဲဒါ သိပ်တော့ မကောင်းဘူးထင်တယ်နော်.
အိပ်မက်ထဲမှာ လှတယ်လို့ မက်ရင် အပြင်မှာ နေမကောင်းဖြစ်တတ်တယ်တဲ့
အပြင်သွားရင် သတိထားပါနော် မ
နွေးနွေးထွေးထွေးလေးဝတ်သွားပေါ့
ကားတွေလည်းကြည့်ကူးနော်.
ကျွန်တော်လေ..
ကျွန်တော်..
ဟို..
ဘယ်လိုပြောရမယ်မသိဘူးဗျာ.

..

.

အရမ်းလွမ်းတယ် မ ရာ...'


ဒီသစ်ခြောက်ပင်အောက် နောက်နေ့တွေ ရောက်ဖြစ်ဦးမှာပါလေ...

....



...ရေခဲငှက်...

pic 1
pic 2

Monday, May 04, 2009

မမှာမကြား၊ ချိန်းမထားပေမင့်....

နားကြပ်လေးကို နားမှာတပ်ထားရင်း၊ အိပ်ယာပေါ်မှာ စောင်ပါးပါးလေးကို ခြုံလို့ ပြန်ဖတ်ဖြစ်တဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ပါ. ဒီစာရိုက်တာတောင် လက်တွေ နည်းနည်းတုန်ချင်နေတယ်. အခြေအနေသိပ်မကောင်းတော့ဘူးထင်တယ်ဗျာ... :)


ရတနာ (၃)

မမေ့တတ်ဟု၊ ယုံမှတ်ပြန်သည်
မှောင်ရီမိုးသည်း၊ မလာလည်းလေ
လာနေမလား၊ ထသွားပြန်ခက်
လာလျက်နဲ့များ၊ လွဲသွားမည်စိုး
မိုးချုပ်တော့မည်....

ခရေလမ်းကို၊ လှမ်းငေးမျှော်မော
မြင်ရသောသူ၊ ဩော်... သူမဟုတ်
အလုပ်သွားပြန်၊ တစ်ရံတစ်ဆစ်
ချစ်သူတွေလား၊ မိုးကြားလေထဲ
နှစ်ယောက်တွဲပျော်၊ အဖော်နှင့်လေ
ခရေတန်းအောက်၊ သူလာလျှင်တစ်ယောက်တည်း
မလာရဲလို့လားကွယ်....



လေတစ်ချက်ဝေ့၊ မိုးစက်ထိမှန်
ပြန်မှဖြစ်မည်၊ မိုးချုပ်ပြီကွယ်
တကယ်ဆိုလျှင်၊ အမျှင်မပြတ်
မတ်တပ်စောင့်ဆဲ၊ မိုးပိုသည်းပြန်
တစ်ရံတစ်ခါ၊ လာမည်ဆတ်ဆတ်
မိုးစက်ကြားမှာ၊ ကြားယောင်လာ၏
သတိတော့ရမှာပါ...



မတွေ့ခြင်းဖြင့်၊ တွေ့ခြင်းများစွာ
မလာခြင်းဖြင့်၊ မျှော်လင့်ရင်မော
သောကဟု မဆိုသာ...
ဗျာပါဟု မဆိုချင်...
သံယောဇဉ်တစ်ခုခုဖြင့်...
ဘယ်သူ့ဘယ်သူ၊ ခွန်းကျူချိုသာ
မမှာမကြား၊ ချိန်းမထားပေမင့်
စကားများစွာ ပြောချင်သည်....။ ။

ရတနာ (၃)၊ သောကခြေရာ ရတနာ ကဗျာများ၊ မောင်စိန်ဝင်း (ပုတီးကုန်း)

Photo Credit:
pic-1
pic-2

Monday, March 30, 2009

ဖိနပ်တစ်ရံနှင့် မာယာမနက်ခင်း...



မနက်ခင်းဟာ မာယာအပြုံးတုတစ်ခုနဲ့
ငါ့ကို လာလှုပ်နှိုးတယ်..
အချိန်တန်ပြီတဲ့လေ...

မှန်သားပြင်ထက်မှာ
နေရာယူစပြုနေတဲ့ အရေးအကြောင်းတွေကိုကြည့်ရင်း
ဒီမနက်ခင်းဟာ နောင်တတွေနဲ့ မိုးလင်းခဲ့ရပြန်ပြီ...
ပြန်မစဉ်းစားချင်တော့ခါမှ
နိယာမတစ်ချို့က တရားလာပြနေလေရဲ့..

ညက ဖတ်ခဲ့ဖူးတဲ့ စာကြောင်းတစ်ချို့ကို
ကော်ဖီတစ်ခွက်နဲ့ ပြန်နှူးနှပ်မိတော့
ပြတင်းတံခါး တစ်ချပ် လှစ်အဟမှာ
စွန်တစ်ကောင် လေဆန်ကိုမာန်တုရင်း ထိုးတက်သွားခဲ့တယ်.

တစ်စုံတစ်ရာ ၀င်ရောက်ဖို့အတွက်
တစ်စုံတစ်ရာဟာ ထွက်ခွာပေးရစမြဲပါ..
တစ်စုံတစ်ယောက် ရှင်သန်မွေးဖွားချိန်မှာ
တစ်စုံတစ်ယောက်ဟာလည်း နိယာမအရ သေဆုံးပျောက်ကွယ်တတ်ကြတယ်.
အမြွှာပူးတွေ မွေးဖွားဝင်ရောက်လာတတ်ကြသလို
အစုလိုက်အပြုံလိုက် အသတ်ခံကြရတာမျိုးတွေလည်းရှိတယ်..
ဝင်လာကြတာတွေ ရှိသလို
ထွက်သွားကြတာတွေလည်း ရှိစမြဲ..
ဘာပဲဖြစ်ဖြစ် သချာင်္သဘောတရားနဲ့ကြည့်ရင်
ဒီလောကကြီးဟာ ကိန်းသေတစ်ခုပါပဲ.
ဒါပေမယ့်
ဒီကိန်းသေကြီးကို အသက်သွင်းပြီး ငါတို့ ရင်ခုန်စွာ ကစားနေကြတယ်.

ထိုင်ခုံတစ်ချို့ ပြောင်းအထိုင်မှာ
အတ္တတစ်ချို့ ပူဖောင်းတစ်လုံးလို ပွယောင်းလာတတ်ကြသလို
မှိုင်းကုန်သွားတဲ့ မီးပုံးပျံတစ်လုံးလိုလည်း အိဆင်းသွားတတ်ကြတယ်.
မထိန်းနိုင်လို့ ပေါက်ထွက်တတ်ကြတာမျိုးလည်း ရှိရဲ့
မစိမ်းနိုင်လို့ ယိမ်းထိုးရင်း တွဲထိုင်ကြတာမျိုးလည်း ဖြစ်ရဲ့
ဘာကိုမှ မခနဲ့ချင်ဘူးလို့ ငါကြွေးကြော်နေခြင်းကိုက
တစ်စုံတစ်ရာကို အရွဲ့တိုက်နေတာများ ဖြစ်နေမလား...

ဘူတာရုံကအထွက် ကောင်းကင်ထက်ကို မော့ကြည့်မိတော့
မြင်တွေ့နေကြ တိုက်မြင့်ကြီး တစ်ပိုင်း မြူမှုန်လှိုင်းတွေအောက်
လူးလွန့်မှေးစက်ရင်း ပျောက်ကွယ်နေခဲ့တယ်.
ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိပါတယ်.
အပေါ်မှာ အထပ်မြင့်တွေ အများကြီး ကျန်သေးတယ်လို့.
'မင်း... ဘယ်လိုသိတာလဲ'တဲ့.
အလန့်တကြား ဘေးဘီငေးကြည့်မိတော့
အသံပိုင်ရှင်ရဲ့ ရယ်သံက ရင်ဘတ်ထဲက
ခပ်အုပ်အုပ် ထွက်ပေါ်လာခဲ့တယ်.

'ဒီတိုက်မြင့်ကြီးကို ငါမြင်တွေ့နေကြမို့ပါ'
ရိုးရှင်းစွာပဲ ပြန်ဖြေမိရင်း
ကိုယ့်အဖြေမှာ ပျော့ကွက်တစ်ချို့ တွေ့လိုက်မိတယ်.
သတိမထားမိပါစေနဲ့လို့ ဆုတောင်းနေဆဲမှာပဲ
ကိုယ့်ရင်ဘတ်ထဲက ကိုယ်မဟုတ်တဲ့ ကိုယ်က ပြန်မေးတယ်.
'တကယ်လို့ မင်းမမြင်တွေ့ဖူးတဲ့ တစ်စုံတစ်ရာကို ခုလိုမျိုး
မမြင်နိုင်အောင် မြူတွေ ဖုံးကွယ်ထားခဲ့ရင် မင်း ဘယ်လိုများပြောမလဲ' တဲ့...
ငိုင်သွားတယ်..

ဟုတ်တယ်..
တော်တော်ကို ငိုင်ကျသွားခဲ့တယ်...



ဒီလိုပါပဲ.
ကိုယ့်ရှေ့မှာ ရှင်သန်နေထိုင်ခဲ့ဖူးကြတဲ့
ပုံစံခွက်ပေါင်းများစွာကို ရွေးချယ် စိစစ်ရင်း
ကိုယ့်အချိန်တွေ ကုန်နေခဲ့တာ တွေ့လိုက်ရတယ်.
'ကျွတ်... စိတ်ပျက်ဖို့ ကောင်းလိုက်တာ...'

လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ခေတ္တရပ်ရင်း
'မင်းစီးထားတာ ဘယ်သူ့ဖိနပ်လဲ' လို့ ခပ်ကြမ်းကြမ်း ပြန်မေးမိတယ်.

အပေါ်ကို မ၀ံ့မရဲလှမ်းကြည့်ရင်း ခပ်တိုးတိုး ပြန်ဖြေသံကြားမိတယ်.
'ခင်ဗျားရဲ့ ဖိနပ်ပျောက်နေခဲ့တာ နှစ်နှစ်တောင် ရှိခဲ့ပြီလေ' တဲ့...

မျက်နှာချင်းဆိုင်က မြင်နေရတဲ့ ငြမ်းစင်ကြီးကို မော့ကြည့်မိရင်း
လေဟာနယ်ထဲ ကိုယ်ထွက်ပြေးပစ်လိုက်ချင်တယ်.
'ငြမ်းတစ်ခုကို တည်ဆောက်ရင်း ဒီငြမ်းပေါ်မှာ ငါနေထိုင်ခဲ့မိတယ်'
ဟိုးအောက်ကို ငုံ့ကြည့်မိခါမှ
ခြေဖျားအောက်က တက်မလာသေးတဲ့
ကိုယ့်အိပ်မက်တွေငိုကြွေးနေလေရဲ့

စားပွဲခင်းပေါ် ဖိတ်ကျသွားတဲ့ ကော်ဖီစက်တစ်ချို့က
ကိုယ့်သတင်းစာကို လှမ်းဆွဲရင်း မေးတယ်.
'ခင်ဗျား ကျွန်တော့်ကို ဒီလို မဆက်ဆံသင့်ဘူး' တဲ့လေ...
လက်သုတ်ပုဝါတစ်ခုနဲ့ ယုယငြင်သာစွာ သုတ်ပေးရင်း
ကော်ဖီစက်လေးတစ်ချို့ကို တောင်းပန်စကားဆိုမိတယ်.
'ငါ... စိတ်လွတ်သွားလို့ပါကွာ..'

ပြတင်းတံခါးအပြင်ဖက်ကို ငေးကြည့်မိတော့
ဟင်းလင်းပြင်ကြီးထဲမှာ ဖိနပ်တွေ လွင့်မျောနေကြတယ်.
ဒီဖိနပ်တွေနောက် တကောက်ကောက်နဲ့ လိုက်ပါနေကြတဲ့
လူအုပ်ကြီးကလည်း ဒုနဲ့ဒေးပါပဲလေ...
အသင့်တော်ဆုံး ဖိနပ်တစ်ရံနောက်ကို ကိုယ်ပြေးလိုက်ဆွဲဖမ်းရင်း
ငြမ်းစင်အောက်ကို ပြန်ဆင်းခဲ့တယ်.
ကိုယ့်အိပ်မက်တွေကို ပြန်ဆွဲတင်ဖို့ပေါ့.
ငြင်သာနူးညံ့ခြင်းမှာ အနှိုင်းမဲ့အင်အားတွေ ကိန်းအောင်းနေတယ်ဆိုတာ
စားပွဲပေါ် အသံမထွက်ဘဲ နေရာယူလိုက်တဲ့ ကော်ဖီတစ်ခွက်က
အကောင်းဆုံး သက်သေပြနေခဲ့တယ်.

မနက်ခင်းဟာ မာယာအပြုံးတုတစ်ခုနဲ့
ငါ့ကို လာလှုပ်နိုးတယ်.
'အချိန်တန်ပြီ' တဲ့လေ....

အသံမထွက်အောင် အံတစ်ချက်ကြိတ်ရင်း
ခြေလှမ်းတစ်ခု ငါအစပြုခဲ့တယ်.
အနှောင့်ပါးနေတဲ့ ငါ့ဖိနပ်တစ်ရံကတော့
ဒီလေဟာနယ်ကြီးထဲမှာ အင်အားအပြည့်နဲ့ ခုတ်မောင်းနေဆဲပဲ...

~ရေခဲငှက်~

Photo Credits:
Shoe

The Mist

Tuesday, March 03, 2009

မယူလိုက်က မိုက်လို့ထင်... ယူလိုက်ပြန်က ကြိုက်လို့ထင်..

ကြားဖူးကြမလားမသိဘူး. စာဆိုတော်မယ်ခွေဆိုတာလေ. သူ့ကဗျာလေးတစ်ပုဒ် ကျွန်တော် ပြန်ရေးပြမယ်နော်. သိသူတွေလည်း သိပြီးရောပေါ့..

ဆေးတံညို တညိုလောက်... ရော့သောက်တော့ပေး...
မယူလိုက်က မိုက်လို့ထင်... ယူလိုက်က ကြိုက်လို့ထင်...
သောက်စေချင်.. ကုတင်တွင်ထောင်ခဲ့ကွယ့်
ညိုနွဲ့ရဲ့လေး........

လှလိုက်တဲ့ ကဗျာလေးဗျာ. နော်.

ရှေးခေတ်က လူပျိုကာလသားတွေ လူပျိုလှည့်တော့ အပျိုလေးတွေအိမ်ကိုသွားကြတာပေါ့ဗျာ. အဲဒီ့မှာ ဇာတ်လိုက်မလေးရဲ့ ဆီးခရစ်အက်ဒမိုင်းယား ကာလသားချော နေထက်လင်း ((အဲလေ.) ယောင်လို့. ရွာတွေမှာ သူ့ကိုကြိုက်ကြတယ်ဗျ. ဤကားစကားချပ်။)

ပြန်ဆက်မယ်ဗျာ. အဲဒါနဲ့ ကာလသားချော ကိုလူပျိုက ဆေးတံကို အထာနဲ့လှမ်းပေးသတဲ့..

ယူလိုက်ပြန်ရင်လည်း သူ့ကို ကြိုက်နေတယ်လို့ ထင်ရော့မယ်. မယူလိုက်ပြန်ရင်လည်း သူ့ကိုမကြိုက်ပါဘူးဆိုပြီး လက်လျှော့နောက်ဆုတ်လို့ နောက်တစ်ယောက်ဆီ ချဉ်းကပ်ရင် ကိုယ့်အမှားဖြစ်ရော့မယ်.

ကဲ. မောင်ကြီးရယ်... သောက်စေချင်တယ်ဟုတ်... ကုတင်နားမှာ ထောင်ခဲ့ပါလားရှင်ရယ်လို့... အပျိုမလေးက ပြန်ပြောတဲ့ အခန်းလေးကို ကဗျာလေးစပ်ထားတာပါ.

ငယ်ငယ်တုန်းက လှစ်ခနဲ အမှတ်တမဲ့ဖတ်လိုက်ရတယ်. ကြိုက်ခဲ့ပါတယ်. ကြီးလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ရာက ဒီည ဖတ်ဖြစ်တဲ့ စာပိုဒ်လေးထဲမှာ အဲဒီ့ကဗျာလေးလည်းပါလာရော... ဘလော့ဂါ အင်စတင့် (Blogger Instinct) က ဟုန်းခနဲ ထတောက်ပါလေရောလားဗျာ...

..........

ကြည့်ပါလား.. ရေးထားတာလေးကိုက အထာလေးနဲ့. မသိရင် ဘလော့ဂါကာလသားတွေအားလုံးကိုပဲ ဆိုလိုသလိုလိုနဲ့. ရင်ခုန်သံ စက်သေနတ်ပစ်တယ်ဆိုတာ အဲလိုမျိုးပေါ့. ဘယ်သူထိထိ ထိချင်တဲ့သူထိဆိုပြီး အထာလေးနဲ့ ရေးထားတာ.

ကော်မန့်သွားရေးပြန်ရင်လည်း သူ့ကိုကြိုက်လို့ ထင်တော့မယ်. မရေးပြန်ရင်လည်း သူ့ကို ဂရုမစိုက်ပါဘူးဆိုပြီး အပြစ်တင်ရော့မယ်. အဲဒီ့ဘလော့ဂါဇာတ်လမ်းလေးတစ်ပုဒ်ကို ကျွန်တော် ကိုရေခဲငှက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုလေး စပ်ပြတယ်ဗျ..

ပို့စ်တင်ခါ အသာတို့ ... ဖတ်ဖို့သူပေး...
ကော်မန့်ရေးက ခိုက်လို့ထင်.. မရေးပြန်က မိုက်လို့ထင်...
ရေးစေချင်...ကုတင်မှာထောင်ခဲ့ကွယ့်.
(အဲလေ..မွှားသွားလို့)
ရေးစေချင်...ပြင်ဆင်ပါ မော်ဒရိတ်
တိုးတိတ်တိတ်လေး....

အဟေးးဟေးး... (အဲဒါကတော့ ကိုရင်ညိမ်းကြီးရဲ့ လက်သုံးရယ်သွမ်းသွေးသံပေါ့. ဘရိတ်အုပ်လိုက်တာပါ..)

ကောင်းသောညပါ မိတ်ဆွေတို့...

ဂွတ်နိုက်နော် မ... (လွမ်းနေမယ်. အိပ်မက်ထဲထိ.)

(လောလောဆယ် ကျွန်တော်အတည်ပေါက်တွေ ရေးလို့ မရသေးလို့ပါ. ခွင့်လွှတ်နော် မ.)

အာဘွားးးး

း)

Y.