Showing posts with label Memorials. Show all posts
Showing posts with label Memorials. Show all posts

Saturday, January 03, 2009

အသံတိတ်မျက်ရည်....

ဇန်န၀ါရီ (၂) ရက်ရဲ့ မနက်ခင်းက ထုံးစံအတိုင်း နှင်းတွေ ဝေနေခဲ့တာပါပဲလေ...

တတီတီနဲ့ အဆက်မပြတ်အော်နေတဲ့ နှိုးစက်ကို အသာအယာလှမ်းပိတ်လိုက်ပြီး ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်တင်လို့ မျက်နှာကျက်ဖြူဖြူကို တည်ငြိမ်စွာ စိုက်ကြည့်နေဖြစ်ခဲ့တယ်...

(၁၇) နှစ်တဲ့....

နှုတ်ခမ်းထောင့်စွန်းမှာ ပြုံးတာလား၊ မဲ့တာလား သူကိုယ်တိုင် မသိလိုက်ရတဲ့ မျဉ်းကွေးလေးတစ်ခု ဖြစ်ထွန်းသွားခဲ့တယ်.

မနေ့တစ်နေ့ကလိုပါပဲ... အရာရာဟာ လတ်ဆတ်ပီပြင် ပြတ်သားအသက်ဝင်နေဆဲ....

...........

လင့်ရိုဗာကားအစိမ်းလေးက အ၀ိုင်းကိုကွေ့နေချိန်မှာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ နို့ဆီဗူးထဲက နို့ဆီတွေ သူ့ပေါင်ပေါ်ကို စောင်းကျသွားခဲ့တယ်.

ဘယ်လိုမှ လှမ်းဖမ်းလို့ မမီနိုင်တော့တာကို သိလိုက်ရတာမို့ သူ့ဘောင်းဘီပေါ်ကို စီးဆင်းသွားတဲ့ နို့ဆီတွေကို ခံစားချက်မဲ့စွာ လိုက်ကြည့်နေလိုက်ခဲ့တယ်.

လဲစရာလည်း ဘာမှ ပါမလာတော့တဲ့အပြင် လဲချင်စိတ်လည်း မရှိတော့တာမို့ နို့ဆီတွေ ပေကျံနေတဲ့ ဘောင်းဘီနဲ့ပဲ လှေကားထစ်တွေပေါ်ကို တက်လာခဲ့တယ်.

တစ်ထပ်..

နှစ်ထပ်..

သုံးထပ်...

အနံ့ခပ်စူးစူးက သူ့နှာခေါင်းဝကို ဆီးကြို နှုတ်ဆက်တယ်. အသက်တစ်ချက် ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လူတွေအုံနေတဲ့ အခန်းလေးတစ်ခန်း ရှိရာဖက်ကို လှမ်းလျှောက်လာခဲ့လိုက်တယ်.

"ပိုက်တွေဖြုတ်လိုက်ပါ ဆရာမ"

အဲလိုပြောပြီး လှည့်ထွက်သွားတဲ့ ကုတ်အင်္ကျီအဖြူရောင်ဝတ်ဆင်ထားတဲ့ ဆရာဝန်တစ်ယောက်ရဲ့ ကျောပြင်ဟာ လမ်းတလျှောက်လုံး သူတင်းလာခဲ့ရတဲ့ အားမာန်တွေကို ရိုက်ချိုးပစ်လိုက်ခဲ့တယ်.

နာ့စ်မလေးကတော့ တာဝန်ဝတ္တရားအရ ခံစားချက်ကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ပဲ လူနာရဲ့ နှာခေါင်းမှာ တပ်ထားတဲ့ ပိုက်တွေကို ဆွဲဖြုတ်နေခဲ့တယ်.

သူမကတော့ မျက်ရည်တွေကို မျက်တောင်တွေကြားထဲမှာ ပုတ်ခတ်သိမ်းဆည်းလိုက်ပြီး ဆွဲခြင်းအ၀ါလေးထဲက လက်သုတ်ပုဝါလေးကို ဆွဲထုတ်လို့ သူ့ပါးစပ်နားမှာ ပေကျံနေတဲ့ ချွဲတစ်ချို့ကို အသာသုတ်ပေးလိုက်တယ်.

နောက်ဖက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ရပ်နေတဲ့ သူတို့ နှစ်ယောက်ကို သူမ တွေ့သွားခဲ့တယ်.

မေးခွန်းတွေ ပြည့်နေတဲ့ သူ့မျက်ဝန်းတွေကို နားလည်လွန်းစွာနဲ့ သူမတစ်ချက် လှမ်းကြည့်လိုက်ပြီး မတုန်အောင် ထိန်းထားတဲ့ အသံနဲ့ ပြောရှာတယ်..

"ဆရာဝန်က အိမ်ကို ပြန်သယ်ခိုင်းလိုက်တာ...."

ဒါပါပဲ... ဒီစကားတစ်ခွန်းကို သူကြားပြီးနောက် အခန်းထဲမှာ ချိတ်ထားတဲ့ နာရီတွေ၊ သူ့လက်ပေါ်မှာ ပတ်ထားတဲ့ နာရီတွေ၊ သူ့ဘေးနားမှာ ကြားနေရတဲ့ စကားသံတွေ... အို.. အရာရာအားလုံး ပကတိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်.

အပေါ်နှုတ်ခမ်းကို မနာ့တနာ ကိုက်ထားပြီး ကုတင်ပေါ်က လူနာကို နှမျောတသလွန်းစွာ ငေးကြည့်နေဖြစ်ခဲ့တယ်.

"အားလုံး အဆင်သင့်ပဲလား"

ဝင်လာတဲ့ လူသုံးယောက်ကို လှမ်းကြည့်ရင်း သူမမေးလိုက်တဲ့ မေးခွန်းက သူ့နားထဲမှာ မကြားတစ်ချက် ကြားတစ်ချက်...

အပြင်မှာ နှင်းတွေ မကျနေခဲ့ဘူး. ဒါပေမယ့် မှုန်ရီေ၀၀ါးနေခဲ့တယ်.

ဆောင်းရာသီမှာ လျှပ်စီးတွေ မလက်ခဲ့ဘူး. ဒါပေမယ့် မိုးကြိုးပစ်သံတစ်ချက် သူကြားလိုက်ရတယ်.

မျက်စိကို ပြန်ဖွင့်ကြည့်လိုက်တော့မှ လူနာကုတင်ရဲ့အောက်က သံဘီးလုံးတွေ တမံသလင်းပေါ်မှာ ပြေးလွှားနေတဲ့ အသံဆိုတာကို သဘောပေါက်လိုက်ရတယ်.

အောက်ထပ်ကို ရောက်ပြီး ကားအစိမ်းလေးရဲ့ နောက်ခန်းထဲကို လူနာကို အသာအယာတင်လို့ ဆေးရုံဝင်းထဲက မောင်းထွက်လာချိန်မှာတော့ ဆေးရုံအ၀နားက ဆိုင်းဘုတ်က သူ့ကို ၀မ်းနည်းစွာနဲ့ နှုတ်ဆက်တယ်.

"စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး"

...................

ဝင်းကြီးထဲကို ၀င်တော့ စိုးရိမ်ပူပန်နေတဲ့ မျက်ဝန်းတွေ၊ သိချင်စိတ်ပြင်းပြနေတဲ့ လူတစ်ချို့တွေက ကားနောက်ကို လိုက်လာကြတယ်.

အိမ်ပေါ်ထပ်မှာ ကုတင်နေရာတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီး သယ်လာခဲ့တဲ့ ပစ္စည်းတွေကို ဖြစ်သလိုပဲ အခန်းထောင့်မှာ စုပုံထားလိုက်တယ်.

စေးကပ်ကပ်ဖြစ်နေတဲ့ ဘောင်းဘီကို အခန်းထဲမှာ ၀င်လဲလိုက်ပြီး အပြင်ကို ပြန်ထွက်လာခဲ့တယ်. အပြင်မှာ လူတွေလည်း အတော်စုံနေပါပြီ...

လူနာကို ကုတင်ပေါ် အသာလှဲတင်လိုက်ပြီး ခုံပုလေးတစ်လုံးကို ဆွဲယူလို့ သူမ ၀င်ထိုင်လိုက်တာကို ပြတင်းပေါက်နားလေးကနေ သူရပ်ကြည့်နေခဲ့တယ်.

မာလကာပင်ကိုင်းကြီးက ပြတင်းပေါက်ထဲကို တိုးဝင်လို့ အခြေအနေကို အကဲခတ်စူးစမ်းနေခဲ့တယ်.

"အောင်နိုင်ထွန်း... ကြေးစည်ထုပေးပါ..."

တံခါးဝနားမှာ ရပ်နေတဲ့ လူငယ်တစ်ယောက်ကို အဲလို လှမ်းပြောပြီး သူမ သူ့ဖက်ကို လှမ်းကြည့်တယ်. မျက်တောင်မခတ်ဘဲ သူမ မျက်ဝန်းတွေကို သူ ပြန်စိုက်ကြည့်နေခဲ့မိတယ်.

မျှော်လင့်ချက်မဲ့နေတဲ့ သူမ မျက်ဝန်းတွေ ပြန်လွှဲဖယ်သွားခဲ့တယ်... သူ့ရင်ထဲမှာလည်း ဆစ်ခနဲ တစ်ချက်နာကျင်သွားခဲ့တယ်.

အိမ်ရှေ့ဖက်ကို မျှော်ကြည့်လိုက်တော့ မေယုဈေးကြီးက ထုံးစံအတိုင်း ရောင်းဝယ်ဖောက်ကားနေမြဲ...

ဈေးဆိုင်ပိုင်ရှင်တွေ၊ ဈေးသူဈေးသားအချို့တွေက ဆိုင်ထိုင်ရင်း၊ ဈေးဝယ်ရင်း သူတို့အိမ်ဖက်ကို လှမ်းလှမ်းကြည့်နေတာကို သူသတိထားမိလိုက်တယ်.

တစ်ယောက်ယောက် ဖွင့်လိုက်တဲ့ တရားခွေသံက ကြည်လင်အေးမြစွာ ထွက်ပေါ်လာတယ်.

"နောင်.... ဝေ.... ဝေ.... ဝေ...... ဝေ..." ဆိုတဲ့ ကြေးစည်သံကလည်း ခပ်မှန်မှန်လေး ရိုက်ခတ်မြည်ဟည်းနေတယ်.

ဘာရယ်မဟုတ်ဘူး. ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့တယ်. ဒါပေမယ့် မတတ်နိုင်ခဲ့ပါဘူး. မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာခဲ့တယ်.

ပြတင်းပေါက်ဖက်ကို ဆတ်ခနဲလှည့်ပြီး စက်မှုလက်မှု ကျောင်းဝင်းကြီးထဲကို လှမ်းကြည့်လိုက်တော့ ကျောင်းသူကျောင်းသားအချို့က သူ့ကို စာနာတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေခဲ့ကြတယ်.

နောက်ပြန်လှည့်ပြီး ကုတင်ပေါ်က လူနာရဲ့ နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အစုံကို စိုက်ကြည့်နေခဲ့လိုက်ပြန်တယ်.

လူနာရင်ဘတ်ပေါ်က တီရှပ် အင်္ကျီအဖြူပေါ်မှာ UNDP ဆိုတဲ့ စာသားကြီးက အပြည့်နေရာယူထားခဲ့တယ်. အဲဒါကို မြင်မှ သူ့မျက်ရည်တစ်ချို့ ကြမ်းပြင်ပေါ်ကို လွင့်စင်ကျကုန်တယ်လို့ သူခံစားမိလိုက်တယ်.

နောက် နောင်... ကျွန်တော်နဲ့အတူ ဆုပေးပွဲတွေကို တက်ရောက်ခွင့် မရှိနိုင်တော့ဘူးပေါ့နော်...

ဟုတ်လား... အဖေ................

ဟုတ်လား..............

ဟုတ်လား... အဖေရယ်.................


......................


...................

"မောင်... ကလေးတွေလည်း ရှင်ပြုပြီးပြီ... ရွာမှာလည်း အလှူဒါနတွေ လုပ်ပြီးပြီ.... သားသမီးတွေအတွက်လည်း မပူနဲ့... အားလုံး အဆင်ပြေတယ်. သွားလိုရာကို ဖြောင့်ဖြောင့်သွားပါနော်..."

"ဘာမှစိတ်မပူနဲ့.. အမာ့ကိုလည်း စိတ်ချပါ. မောင်သွားလိုရာကို ဖြောင့်ဖြောင့်သွားပါနော်. ဘာမှ နောက်ဆံမတင်းနဲ့... အလှူအတန်းတွေလည်း လုပ်ပြီးပြီ......"

ဒီလိုစကားတွေကို ဒီလိုနေရာမှာ ဒီလိုမတုန်ယင်တဲ့ လေသံနဲ့ ဒီလိုပြောနိုင်စွမ်းရှိတဲ့ သူမလို မိန်းမမျိုး၊ သူမလို ဇနီးမယားမျိုး၊ သူမလို အမေမျိုး.... ဘယ်မှာ ရှိမလဲ...........

သူ့မာနတွေ တင်းခနဲ တစ်ချက်ပြန်ဖြစ်သွားခဲ့တယ်. ပါးပြင်ပေါ်က မျက်ရည်တွေကို ညာဖက်လက်နဲ့ ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း သုတ်ပစ်လိုက်တယ်.

ဟုတ်တယ်... အမေတောင် ဒီလိုနေနိုင်မှတော့ သူလည်း အတတ်နိုင်ဆုံး တည်ငြိမ်အောင်နေတတ်ရမယ်...

မနေ့က ဖုန်းပြောဖြစ်ခဲ့တာကို ပြန်စဉ်းစားနေမိခဲ့တယ်.

"မောင်လေး..... အဖေ ဘယ်လိုနေလဲဟင်..."

စိုးရိမ်တကြီးနဲ့ လှမ်းမေးနေတဲ့ အစ်မကြီးရဲ့ အမေးကို အားတင်းပြီး သူပြန်ဖြေလိုက်တယ်.

"အဖေ သက်သာပါတယ်... ဘာမှစိတ်မပူနဲ့... အေးအေးဆေးဆေးလာ..."

မုသားဖြူဆိုတာ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး အသုံးချတတ်ရတယ်ဆိုတာ သူ နုနယ်ငယ်ရွယ်စဉ်ကတည်းက နားလည်အောင် ဘ၀ဆိုတာကြီးက သင်ပေးခဲ့တယ်.

ဘေးမှာ ရပ်နေတဲ့ အစ်ကိုဖြစ်သူကို လှမ်းအကဲခတ်ကြည့်လိုက်တော့ သူ့မျက်နှာကြီးကလည်း ရဲတွတ်နေတာကို တွေ့လိုက်ရတယ်.

အတွေးတွေက အဝေးကို ပြေးသွားလိုက်၊ အနီးကို ပြန်ဝင်လာလိုက်နဲ့ ဘာကိုမှ သူအာရုံစူးစိုက်လို့ မရဘူး ဖြစ်နေခဲ့တယ်...

ခပ်မှန်မှန်လေး ရှူရှိုက်နေတဲ့ အသက်ရှူသံတစ်ချက် ဖြည်းဖြည်းချင်း အားလျော့တိုးညှင်းသွားချိန်မှာ ကောင်းကင်ကြီးက ရုတ်ချည်းညိုမည်းပြိုဆင်းလာသလို သူ့ရင်ထဲမှာ ခံစားလာရတယ်.

အဖေ့နားနားမှာ ကပ်ပြီး ပြောနေတဲ့ အမေ့ရဲ့ စကားသံတွေေ၀၀ါးလုံးထွေးနေသလို သူထင်နေမိတယ်. အမေ့ရဲ့ လက်တစ်ဖက်က အဖေ့ရဲ့ နှာခေါင်းဝနားမှာ အသာလေး သွားစမ်းတယ်.

ရင်ဘတ်ကို အကြာကြီး စိုက်ကြည့်နေတယ်. နောက်တစ်ဖန် သေချာအောင် အဖေ့နှာခေါင်းဝနားမှာ အမေ့လက်ညှိုးလေး သွားစမ်းတယ်.

အားလုံးက ပင့်သက်ဖိုစွာနဲ့ အမေ့ရဲ့ လက်ညှိုးလေးကို ၀ိုင်းပြီး စိုက်ကြည့်နေကြတယ်.

နေလောင်နေတဲ့ အမေ့ရဲ့ လက်ညှိုးလေး လေထဲမှာ တဆတ်ဆတ် တုန်ယင်လာတယ်. ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့သလို အဖေ့ရင်ဘတ်ပေါ်ကို ပြုတ်ကျသွားတယ်.

အမေတစ်ချိန်လုံး တင်းလာတဲ့ သူ့အင်အားတွေကို လျှော့ချလိုက်တာကို သူတွေ့လိုက်ရတယ်.

ကြေးစည်သံလည်း ရပ်တန့်သွားခဲ့ပြီ. တရားသံကတော့ ဆက်လက်ထွက်ပေါ်နေမြဲ..

စကားတတွတ်တွတ်ပြောနေတဲ့ အမေ ငြိမ်ကျသွားတယ်.

ပြီးတော့ အမေ့ခန္ဒာကိုယ်လေး တသိမ့်သိမ့်တုန်လာတယ်.

ပြီးတော့ .... အပေါ်ကို တစ်ချက်မော့ပြီး အမေအသက်အ၀ကြီး ရှူသွင်းလိုက်ခဲ့တယ်.

ပြီးတော့ မှောက်ချလိုက်တယ်.

အဖေ့ရဲ့ ရင်ခွင်ထဲကို...

တင်းနေအောင် ဖက်ထားတယ်...

အဖေ့ရဲ့ အသက်မဲ့နေတဲ့ ကိုယ်ခန္ဒာကို...

အမေဘယ်လိုငိုမလဲ...

အမေဘယ်လိုတိုင်တည်ပြီး ငိုမလဲ..

ဒီနေ့ဒီချိန်ထိ သူ့နားထဲမှာ လတ်ဆတ်စွာ ကြားယောင်နေဆဲ၊ သူ့မျက်ဝန်းတွေထဲမှာ ပြတ်သားစွာ ထင်ကျန်နေဆဲ...

မျက်ရည်ဆိုတာ ထိန်းချုပ်လို့ မရနိုင်တဲ့ အရာတစ်ခုဆိုတာ အဲဒီ့နေ့က သူ ကောင်းကောင်းကြီး သိလိုက်ရတယ်.

သူ့ပါးစပ်က အဖေလို့ တစ်ချက်အော်ပြီး မငိုခဲ့ဘူး.. ဒါပေမယ့် ရင်ဘတ်တွေ တဆတ်ဆတ်တုန်ခါနေပြီး မျက်ဝန်းတွေေ၀၀ါးမှုန်ရီနေခဲ့တာကိုတော့ သူသိနေခဲ့တယ်.

အဖေ့နားမှာ ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ အမေ့ရဲ့ ပုခုံးပေါ်မှာ သူ့လက်ကို တင်ထားခဲ့တယ်.

နာရီကိုလှမ်းကြည့်လိုက်တော့ ၁၀ နာရီ ၅၅ မိနစ်...

အဲဒီ့နေ့က သူငိုခဲ့တယ်....

အားရပါးရငိုခဲ့တယ်.

မျက်ဝန်းတွေနဲ့တင်မကဘူး... ရင်ဘတ်နဲ့... နှလုံးသားနဲ့... ဘ၀မာနနဲ့...

တစ်ရက်ထဲတင် ငိုခဲ့တာမဟုတ်ဘူး.. နှစ်ပေါင်းများစွာ တည်ငြိမ်စွာနဲ့ အသံတိတ်ငိုကြွေးခဲ့တာ...

....

မျက်နှာကျက်ကို စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေ ရုတ်ခြည်းဆိုသလို စိုစွတ်လာခဲ့ကြတယ်...

ရင်ဘတ်ပေါ်မှာတင်ထားတဲ့ လက်တွေက တစ်ဖက်နဲ့တစ်ဖက် တင်းကြပ်နေအောင် ဆုပ်ကိုင်ထားကြတယ်.

မျက်ဝန်းတွေကို အသာပြန်မှိတ်လိုက်ရင်း ၀င်သက်ထွက်သက်ကို မှန်အောင် ပြန်ရှူရှိုက်နေလိုက်ခဲ့တယ်.

တည်ငြိမ်အေးချမ်းတဲ့ ၀င်သက်ထွက်သက်ကို ရတဲ့တခဏမှာ ကုတင်အောက်ကိုဆင်းလို့ သွားပွတ်တံ၊ သွားတိုက်ဆေး၊ တဘက်ကို ဆွဲရင်း ရေချိုးခန်းဖက် လှမ်းထွက်ခဲ့တယ်.

ရေချိုးခန်းထဲကမှန်မှာ ပေါ်နေတဲ့ လူငယ်တစ်ဦးရဲ့ အားမာန်တောက်ပနေတဲ့ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ရင်း အာရုံတွေကို စုစည်းနေခဲ့လိုက်တယ်.

မနက်စာကို ရှိတာလေးနဲ့ အေးချမ်းစွာ စားသောက်၊ အဖေ့အတွက် မေတ္တာပို့ ဘုရားရှိခိုးပြီး အပြင်ကိုထွက်လို့ ဘူတာရုံရှိရာဆီ လှမ်းလျှောက်နေတဲ့ သူ့ကို ဇန်န၀ါရီ (၂) ရက်ရဲ့ ကောင်းကင်က ယုံကြည်ကိုးစားစွာ နှုတ်ခွန်းဆက်သခဲ့တယ်.

လမ်းလျှောက်နေရာက ခေတ္တရပ်၊ ကောင်းကင်ကို မော့ကြည့်ရင်း မျက်ဝန်းတွေကို အသာမှေးမှိတ်၊ အသက်ကို ၀အောင်ရှိုက်သွင်းလိုက်ပြီး အဖေ့ရဲ့ ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်တယ်..

ဂျက်ကက်အင်္ကျီဇစ်ကို ဆွဲပိတ်၊ သိုးမွှေးဦးထုပ်ကိုဆောင်း၊ အင်္ကျီအိတ်ထဲလက်ထည့်လို့ နှင်းတောထဲ တိုးဝင်သွားတဲ့ ဒီခြေလှမ်းတွေ ဘယ်လိုအခက်အခဲကိုမှ မမှု၊ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ မကြောက်ရွံ့၊ ဘယ်လိုကဲ့ရဲ့ပြစ်တင်မှုမျိုးကိုမှ မတုန်လှုပ်ဘဲ ရဲဝံ့ယုံကြည်နေဆဲပဲ အဖေ...

အဖေ ကောင်းရာသုဂတိလားပါစေ.....



Credit: The above picture is used from here.

Monday, October 20, 2008

ပျံလေတော့ ရွှေဟသာင်္....

မနေ့က အလုပ်အပြီးမှာ လူတစ်ယောက်အတွက် အမှတ်တရ ရည်ရွယ်ပြုလုပ်တဲ့ ရှိုးပွဲလေးတစ်ခုကို ရောက်ဖြစ်ခဲ့ပါတယ်.

တရုတ်တန်းနားမှာ ပထမတော့ ယောင်လည်လည်နဲ့ လိပ်စာကို ရုတ်တရက် ရှာမရ ဖြစ်နေခဲ့သေးတယ်. နောက်ကျတော့မှ ပေးထားတဲ့ လမ်းညွှန်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ပြီး တက်စီသမားတစ်ယောက် အနားလာတာနဲ့ လမ်းမေးလိုက်ပါတယ်.

ဩော်. ပေးထားတဲ့ လမ်းညွှန်နဲ့ ကျွန်တော်သွားနေတဲ့ လမ်းက တစ်ခြားစီဖြစ်နေတာကိုး..

ဖီလော်တစ်ခုတောင် ခေါင်းထဲ လက်ခနဲ ထွက်သွားလိုက်သေးတယ်.

လမ်းက မှန်နေပေမယ့် လိုက်တဲ့သူက လွဲနေရင် လမ်းပြသူက အပြစ်မဟုတ်. ကိုယ့်အပြစ်ပါပဲလားလို့ရယ်လေ…


တစ်ဖက်က ပြန်လှည့်တွေးလိုက်တော့လည်း လမ်းပြသူက ရှင်းအောင်မှ မပြတာကိုး. အခုကျတော့ လမ်းသိတဲ့ တက်စီသမားကလည်း ပြရော တစ်ချက်တည်းနဲ့ တွေ့သွားတယ်.

နောက်ဆုံးကျတော့လည်း ကွန်ကလူးရှင်းကို မျှမျှတတလေးပဲ ဆွဲလိုက်ပါတယ်.

လမ်းလည်းပြတတ်ဦးမှ. လိုက်လည်းလိုက်တတ်ဦးမှလို့ရယ်လေ..

ဟတ်ဟတ်. လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး. ဆောရီး..

ရှိုးပွဲလုပ်တဲ့နေရာက ဟိုက်စကူးကျောင်းတစ်ကျောင်းမှာပါ. ဘေးနားမှာ Williamsburg တံတားကြီးလည်း ရှိတယ်. ၀ါသနာပါရင် တံတားပေါ်ကနေ ဟက်ဒ်ဆင်မြစ်ရှုခင်းတွေကို ငေးမောတွေးတောလို့ ရသေးတယ်. ကျွန်တော်ကတော့ အချိန်နည်းနည်းနောက်ကျနေတာနဲ့ ကျောင်းဖက်ကိုပဲ အရင်ရောက်အောင် လာခဲ့လိုက်တယ်.

ကျောင်းအပေါက်ဝနားရောက်တော့ ကျွန်တော်နဲ့ သိပ်ရင်းနှီးနေတဲ့ မျက်နှာပေါက်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်.

တော်တော်ကိုရင်းနှီးနေတာပါ. အဖြူရောင် Dress လေးပေါ်မှာ အနက်ရောင် အကျီင်္လေးနဲ့ တော်တော်လေးကို ချစ်စရာကောင်းပါတယ်.

အနားနားရောက်တော့ သူက ကျွန်တော့်ဖက်ကို တစ်ချက်လှည့်ကြည့်ပါတယ်.

ကျွန်တော်ကပဲ အရင်ပြုံးပြလိုက်ပါတယ်.

“နေကောင်းလား အစ်မ” ဆိုပြီး ခေါင်းတစ်ချက်ဆတ်ရင်း နှုတ်ဆက်လိုက်ပါတယ်.

သူမကလည်း ပြန်ပြီး ပြုံးပြပါတယ်. သူမဘေးနားက ပါလာတဲ့ အမျိုးသမီးနှစ်ယောက်ကလည်း ဖော်ရွေရင်းနှီးစွာနဲ့ ပြန်ပြုံးပြပါတယ်..

ဩော်. ဘယ်သူလဲ ဟုတ်လား…

မီမီဝင်းဖေပါ..

ဟတ်ဟတ်ဟတ်..

ကျောင်းအပေါက်ဝနားရောက်တော့ ဒီပွဲကိုလာဖို့ ခေါ်ထားတဲ့ ကျွန်တော့်မိတ်ဆွေ ဇနီးမောင်နှံကို လှမ်းဖုန်းဆက်ဖြစ်ပါတယ်. သူတို့က ထွက်လာနေပြီတဲ့. ကားတွေကြပ်နေလို့ ဆိုတာနဲ့ ကျွန်တော်လည်း တံခါးဝနား ခဏရပ်ရင်း လေညှင်းခံနေလိုက်ပါတယ်.

ပြိုးပြိုးပျက်ပျက် လင်းလက်တဲ့ အရောင်တွေနဲ့ အစိမ်းရောင် Dress လေးဝတ်လို့ ဆံပင်ရှည်လေးတစ်ယောက် ၀င်လာပါတယ်.

ဒီတစ်ခါတော့ ပြုံးပြီး ခေါင်းတစ်ချက်ဆတ်လို့ နှုတ်ဆက်လိုက်ပါတယ်. သူမကလည်း ပြန်ပြုံးပြရင်း အခန်းထဲကို ၀ံ့ကြွားလှပစွာနဲ့ ဆံရှည်လေးတရမ်းရမ်းလုပ်ကာ ၀င်သွားပါတယ်.

ရတနာဦးပါ...

အထဲကို ၀င်သွားလိုက်တော့ လက်မှတ်ကောင်တာနားမှာ ကျွန်တော့်အသိတွေ အများကြီး တွေ့လိုက်ရပါတယ်.

“ကိုရန်အောင် တစ်ယောက်တည်းလား” ဆိုတော့..

“ဟီးးးးးး” လို့တော့ ရယ်မပြလိုက်ပါဘူး..

ခပ်တည်တည်ပဲ နေရတာပေါ့ဗျာ…

ပြောရင်းနဲ့တောင် ငိုချင်လာပြီ. ..

“ဟုတ်. တစ်ယောက်တည်းပါပဲ. အလုပ်ကအပြန် လှည့်ဝင်လာတာမို့ပါ.”

ဒီလိုပဲ ပြောရတာပဲလေ. အလုပ်က မလာဘဲ အိမ်ကနေ ထွက်လာရရင်လည်း တစ်ယောက်တည်းက တစ်ယောက်တည်းပါပဲဗျာ.

“၀ါးးးးးးးးးးး”

ငိုတာမဟုတ်ပါဘူးးးးး

လူတစ်ယောက်ပုံလေးကို အမှတ်တရ ရေးထိုးထားတဲ့ တီရှပ်အကျီင်္နက်လေးနဲ့ အရမ်းလှနေတဲ့ အစ်မကြီးတစ်ယောက် အထဲကို ၀င်လာလို့ပါ..

“ဟာ. အစ်မ. လှပနေပါလား” ဆိုတော့..

“သိုင်းကျူး မောင်လေး” ဆိုပြီး တက်ကြွလန်းဆန်းစွာနဲ့ အထဲကို ၀င်လာသူကတော့ …

မေဆွိပါ…

…..

အဆိုတော်တွေ အထဲကို ၀င်သွားတော့ ကျွန်တော်လည်း ကျွန်တော့်မိတ်ဆွေတွေကို စောင့်ရင်း လက်မှတ်ကောင်တာနားမှာ စားပွဲလေးခင်းပြီး ရောင်းနေတဲ့ စီဒီခွေလေးတွေကို လိုက်ကြည့်နေမိပါတယ်.

ဘေးနားမှာ ချထားတဲ့ လက်ကမ်းစာစောင်လေးကို အမှတ်တရအနေနဲ့ တစ်စောင်ယူလိုက်ပါတယ်.

မျက်နှာဖုံးမှာ ရေးထားတာကတော့..

A Benefit For Burma
Musical Evening 2008
“ရင်ထဲက စိုင်းထီးဆိုင်”



ဩော်. လွမ်းစရာပါပဲလား ဦးထီးရယ်..




မျက်နှာဖုံးနောက်ကျောမှာ ရေးထားတဲ့ သတင်းလေးကို ဖတ်ကြည့်မိတော့ ပိုပြီး လွမ်းစရာလေးတွေ ဖြစ်သွားခဲ့တယ်.

ဒီဗွီဘီ၊ ၁၀ မတ် ၂၀၀၈

နာမည်ကျော် တေးသံရှင် စိုင်းထီးဆိုင် (အသက် ၅၈ နှစ်) ဒီမနက်ကွယ်လွန်ပါတယ်..


.

“အရမ်းဝမ်းနည်းတာပေါ့ဗျာ။ မြန်မာ့အနုပညာ ရေစီးကြောင်းမှာ တအားလျော့သွားတဲ့ သဘော ရှိသွားပါတယ်။ ဗိုလ်ထီးတို့ဆိုတာ ခိုင်မာစွာ ရပ်တည်လာတဲ့ အဆိုတော်တွေပါ။ သူ့သီချင်းတွေက အမြဲတမ်း ရိုးမသွားမယ့် သီချင်းမျိုးတွေပါလေ။ ခိုင်တဲ့သီချင်းတွေပေါ့။ အဲဒါကြောင့် သူ့သီချင်းတွေအပေါ်မှာ ကျွန်တော် အမြဲတမ်း သတိရနေမှာပါ..”

ကိုခင်မောင်တိုးရဲ့ ၀မ်းနည်းစကားကို ဖတ်ကြည့်မိပြီး ကျွန်တော့်ရင်ထဲမှာလည်း ပဲ့တင်ထပ်နေခဲ့တယ်.

“ဟုတ်တယ်. ဦးထီး… ကျွန်တော်တို့ ခင်ဗျားကို အမြဲတမ်း သတိရလွမ်းဆွတ်နေမှာပါ…”

…..

အရောင်ဆိုးတတ်တဲ့ ပတ်ဝန်းကျင်မှာ မတတ်သာလို့ အရောင်တွေ ခြယ်ခဲ့ရတဲ့ ဦးထီးရဲ့ ဘ၀နှောင်းပိုင်းတွေမှာ အရင်ကလောက် ပရိသတ်ရဲ့ တခဲနက် ကြည်ညိုအားပေးမှုကို မရတော့ပေမယ့် ဦးထီးကို ကျွန်တော် အနုပညာသမားတစ်ယောက်အနေနဲ့ပဲ အကဲဖြတ်လေးစားမိပါတယ်.

ကျွန်တော်ငယ်စဉ်ကတည်းက ဦးထီးရဲ့ သီချင်းတွေနဲ့ ရင်းနှီးကြီးပြင်းလာခဲ့တာပါ.
လေညာအရပ်ကအချစ်၊ မေမြို့မိုး၊ အချစ်ထောင်၊ မောင့်လပြည့်ဝန်း၊ အချစ်ကိုဦးစားပေးခဲ့သူ၊ မန္တလေးရောက် ရှမ်းတစ်ယောက်၊ ခွဲစိတ်ခန်းက ဆရာမလေးသို့၊ ခြင်္သေ့လည်ပြန်၊ ဘီးနံပါတ် OK 0122 L၊ သဘာဝရဲ့ ရင်သွေးငယ်တွေ……

အများကြီးမှ အများကြီးပါ..

ဒီလိုမျိုး သီချင်းအများကြီးဆိုနိုင်သလို ဆိုတဲ့ သီချင်းတော်တော်များများကလည်း နာမည်ကြီးပေါက်မြောက်ခဲ့တဲ့ အဆိုတော်မျိုး ရှားပါတယ်.

အခုနေ ဂစ်တာကို ကောက်ကိုင်လို့…

“မင်းပြောတဲ့ စကားများ. နားကြားများ လွဲသလား.
လေသံက တစိမ်းဆန်နေပြီ..
ကြင်နာတာ နာကြင်တာ နေရာလဲခဲ့…”

ဆိုညည်းကြည့်..

သံစဉ်တွေ လန်းဆန်းနေမြဲ. စကားလုံးတွေ အားကောင်းခိုင်မာနေမြဲပါ..

ဒါ ကိုယ်ပိုင်သံစဉ်ရဲ့ အနှစ်သာရ. အစမ်းသပ်ခံနိုင်တဲ့ သဘာဝ. အချိန်ကာလရွေ့လျောပေမယ့် မပြောင်းလဲတဲ့ ရင်ခုန်သံတွေပါပဲ..

ကျွန်တော် ဦးထီးရဲ့ သီချင်းတွေ၊ ဆရာ စိုင်းခမ်းလိတ်ရဲ့ စကားလုံးတွေကို အရမ်းလေးစားမိတယ်. ဘ၀အတွေးအခေါ်တွေ အများကြီးပါသလို သံစဉ်လေးတွေကလည်း လှပငြိမ့်ညောင်းလွန်းပါတယ်…

အိမ်ကို တကူးတကလှမ်းမှာထားတဲ့ စိုင်းထီးဆိုင် တေးပေါင်းချုပ် စာအုပ်လေးကို ကျွန်တော် ခဏခဏ ဖွင့်ဖတ်ဖြစ်ပါတယ်. ဂစ်တာတီးတိုင်း ဖွင့်ကြည့်မိသလို ဂစ်တာမတီးပေမယ့်လည်း သီချင်းတွေကို ကဗျာတစ်ပုဒ်အနေနဲ့ ခံစားဖတ်ရှုတဲ့အခါတွေလည်း ရှိပါတယ်.

“နင်ဟာ အတောင်ပါတဲ့ ငှက်ပါ.
ငါက လွင့်ပါးတဲ့ ရော်ရွက်ဝါ.
အဆင်ပြေ လေလာတုန်းအခိုက်မှာ
ကြည်နူးမြူးခဲ့ရတယ် တရံတခါ..”

“ပျံသန်းတဲ့ ငှက်ကို သူတို့မို့ ဖမ်းချင်တာ.
ရွှေလှောင်အိမ်မှာ ပျော်လို့ မရပါ.
ချစ်တဲ့ ကောင်းကင်ရဲ့ လွတ်လပ်မှုကိုရှာ..”

“ဘာသာမတူ လူမျိုးမခွဲဘဲချစ်တာ
ကိုယ်တို့နှစ်ယောက်ရဲ့ အပြစ်လား.
ဘယ်သူတွေ ဘာပြောပြော ကိုယ်ကတော့ ဂရုမစိုက်နိုင်ပါ.
ချစ်ပြီးမှတော့ကွာ..”

“ဆုံနိုင်မဆုံနိုင်မှန်း မသိဘဲ ချစ်တာ
ကိုယ်တို့နှစ်ယောက်ရဲ့ အပြစ်လား.
ဘယ်သူတွေတားတား ကိုယ်ကတော့ နောက်မဆုတ်နိုင်ပါ.
ဆက်ပြီးတော့ ချစ်မှာ…”

ဆိုတဲ့ အချစ်ကဗျာလှလှလေးတွေကို ကျွန်တော်ခံစားနားထောင်မိခဲ့သလို..

“လမ်းပေါ်မှာ အရက်သမားတစ်ယောက် မူးလဲနေတယ်.
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စ ညည်းညူနေတယ်.
လောကကြီးရဲ့ မတရားပုံလား လောကသားရဲ့ မှားပုံလား
နှစ်ခုစလုံးများလား မပြောတတ်တယ်.
ငါမမူးသေးဘူး ငါမမူးသေးဘူး
မန္တလေးကျုံးရေ မခမ်းသမျှတော့…”

“ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင်အမျိုးမျိုး စွန်းထင်းနေပြီ
ဆန္ဒလွန်ကဲ စိတ်အလိုလိုက်လွဲ
အသုံးမ၀င်တဲ့ နောင်တတွေ လှုံ့ဆော်ကာ ကြေကွဲနေ
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရချင်သေးတယ်…”

“လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ
လိုချင်လို့တော့ မရဘူးရယ်.
ဒွန်တွဲတဲ့ ဆိုးကွက်လည်းပါမယ်.
အံဝင်ဂွင်ကျ ဆုတောင်းသမျှ ပြည့်စုံအောင်
ဘယ်ဘုရားကမှ မစွမ်းနိုင်ဘူး
နီးစပ်တာနဲ့ ရောင့်ရဲကြရတာလည်း
မင်းအသိပါပဲ…”

ဆိုတဲ့ ဘ၀အတွေးအခေါ်လေးတွေပါတဲ့ သီချင်းကဗျာလေးတွေကိုလည်း ကျွန်တော်ခံစားမိတတ်ခဲ့တယ်.

ဦးထီးရဲ့ သီချင်းတွေ အမှတ်တရ စုစည်းထားတဲ့ Mp3 စီဒီခွေလေးတစ်ချပ် ကျွန်တော် ၀ယ်ဖြစ်ခဲ့တယ်. စီဒီခွေလေးကို လက်ထဲပိုက်ထားတဲ့ ကျွန်တော့်နားထဲမှာ လေညာအရပ်ကအချစ်တွေ စီးဆင်းလာသလို မောင့်လပြည့်ဝန်းဟာလည်း ထက်ကောင်းကင်မှာ သာမြဲသာနေခဲ့တယ်…

ကျွန်တော့်မိတ်ဆွေ ဇနီးမောင်နှံနဲ့ အတူတူ ခန်းမထဲကို ၀င်လာခဲ့လိုက်တော့ မျှော်လင့်ထားသလို ပရိသတ် အများကြီး မတွေ့ရပါဘူး.




အင်း. မျိုးဆက်တွေလည်း ပြတ်ခဲ့ပြီပဲလေ. ကျွန်တော်ကတော့ ကြားမျိုးဆက်လို့ ပြောရမလား မသိ. ဒါမှမဟုတ်. ကျွန်တော်ကိုယ်တိုင်ကပဲ အရင်ခေတ်က သီချင်းတွေကို တန်ဖိုးထားနားထောင်တတ်လို့ ရယ်ပဲလားမသိ. ကျွန်တော့်မှာ သီချင်းကြီးတွေ စုထားတာ ရှိသလို ခေတ်ပေါ်သီချင်းတွေလည်း ရှိပါတယ်. ဦးထီးရဲ့ သီချင်းတွေကို လူငယ်တွေ နားထောင်စေချင်၊ ခံစားစေချင်ပေမယ့်လည်း ခေတ်က ပြောင်းခဲ့ပြီကိုး..

ပရိသတ်ရဲ့ အရွယ်တွေကလည်း လူလတ်ပိုင်းတွေနဲ့ လူကြီးပိုင်းတွေ များပါတယ်.

အဆင်ပြေတဲ့ တစ်နေရာမှာ ၀င်ထိုင်လိုက်ရင်း စင်မြင့်ပေါ်ကို ကြည့်လိုက်တော့ မီမီဝင်းဖေက အဖွင့်သီချင်းဆိုနေပါပြီ..

ဦးထီးရဲ့ The Wild One အဖွဲ့ထဲက လိဒ်ဂစ်တာတီးသူ ကိုဗုံဗုံကိုလည်း စင်မြင့်ပေါ်မှာ တွေ့ရပါတယ်. ပြီးတော့ ဆရာဦးစောဘွဲ့မှူးရဲ့သား Blade တီးဝိုင်းက လိဒ်တီးတဲ့ ကိုဘွဲ့ကိုလည်း တွေ့ရပါတယ်. ဒရမ်မာကတော့ ကိုညီပု၊ ဘေ့စ် ကိုအောင်အောင်၊ ကီးဘုတ်ဒ် ကိုချစ်ခိုင်နဲ့ ပါကပ်ရှင်း ကိုတင်ကိုလတ်တို့ လက်စွမ်းပြတီးခတ်နေကြပါတယ်.

မီမီဝင်းဖေရဲ့ အေးဆေးငြိမ့်ညောင်းတဲ့ အသံလေးတွေကြားမှာ ဆရာစိုင်းခမ်းလိတ်ရဲ့ စကားလုံးတွေ လှပစွာ ကခုန်နေကြသလို ဦးထီးရဲ့ ဆိုဟန်အငွေ့အသက်တွေလည်း လွှမ်းမိုးစီးမျောနေကြတယ်.

အဲဒီ့အချိန်မှာ ကျွန်တော် အရမ်းတမ်းတနေတဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုလိုက်ရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော်ဆန္ဒပြုနေမိခဲ့တယ်.

မီမီဝင်းဖေက ဒီသီချင်းလေးကို ဆိုပါရစေလို့လည်း ခွင့်တောင်းကြေညာလိုက်ရော. ကျွန်တော့်ပါးစပ်က “၀ို့” ခနဲတောင် လွှတ်ခနဲ ထွက်သွားမိပါတယ်.

“ရာသီပြောင်းချိန်မှာ အဖော်ကွာလို့
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင်..
ရယ်သံတိတ်ဆိတ်လို့ သက်မဲ့တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် စိတ်ဖြေသာပြီ..”

အဲဒီ့သီချင်းလေးကို VCD အနေနဲ့ ကြည့်ဖူးခဲ့တာပါ. ခုလိုမျိုး အဆိုတော်ကိုယ်တိုင်က ဆိုပြနေတာတွေ့ရတော့ ကျွန်တော့်ရင်ထဲ ပီတိတွေ ဖြစ်နေမိခဲ့တယ်..

သီချင်းစာသားလေးတွေကို ကျွန်တော့်ပါးစပ်ကလည်း ခပ်တိုးတိုးလေး လိုက်ညည်းနေခဲ့မိတာပေါ့ဗျာ...

နောက်တော့ ဘေးကလူတွေကို အားနာလာတာနဲ့ ထိုင်ရာကထပြီး ဟိုးနောက်ဆုံးတန်းကို ကျွန်တော် ပြောင်းထိုင်လိုက်ပါတယ်. ဘေးနား ခပ်လှမ်းလှမ်းမှာတော့ ကျွန်တော်နဲ့ စိတ်ကူးတူတဲ့ အစ်ကိုကြီးတစ်ချို့လည်း ထိုင်နေကြတာ တွေ့လိုက်ရပါတယ်.




တင်းမာနေတဲ့ ကြွက်သားတွေကိုလျှော့၊ ဘ၀အမောတွေကို ခေတ္တမေ့ဖျောက်ထားလိုက်ပြီး ဦးထီးရဲ့ သီချင်းတွေကို အားရပါးရ လိုက်ဆိုနေချိန်မှာ ကျွန်တော့်မျက်ဝန်းတွေ စိုစွတ်နေခဲ့လေရဲ့…

အဲဒီ့အချိန်မှာပဲ မေဆွိက မောင့်လပြည့်ဝန်း သီချင်းလေးကို စဆိုလိုက်ပါတယ်.

ပရိသတ်က “ဟေး” ခနဲ အြော်ပီး လက်ခုပ်တွေ တဖြောင်းဖြောင်း တီးကြပါတယ်.

ကျွန်တော့်ပါးစပ်ကလည်း “မိုက်တယ်ကွာ.” ဆိုပြီး လွှတ်ခနဲ ထွက်သွားပြန်ပါတယ်.




ဟုတ်တယ်. ကျွန်တော် အရာရာကို မေ့လျော့သွားခဲ့ပြီ.

ကျွန်တော် အဲ့ဒီအချိန်မှာ တစ်ခုပဲ သိတယ်.

ကျွန်တော် ဦးထီးသီချင်းတွေကို ခံစားချက်အပြည့်နဲ့ စိတ်လွတ်ကိုယ်လွတ် ဆိုချင်နေခဲ့တယ်..

“ချစ်၍ စွန့်သွားတဲ့ မင်းကို
ဩော်. စွန့်၍ ချစ်သွားမယ်လေ…”

“မျှော်လင့်ခြင်းတွေ ရင်မှာ ပြန်ရှင်သန်လာ
မာန်မာနတွေ ရင်မှာ ပြန်ခိုင်မာလာ
ဒီဘ၀ကို အရှုံးမပေးတော့ဘူးလို့…”

“မျက်လုံးကလေး မှိတ်ပြီးရင် ခေါင်းလေးမော့ထားပါ
နောက်ဆုံးအနမ်းလေးတစ်ချက်တော့ ယူသွားပါရစေ..”

ကျွန်တော် အနုပညာကို ဒီလောက်တောင် စွဲစွဲလမ်းလမ်း ခံစားနှစ်သက်မိနေတတ်မှန်း ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့မိဘူး.

ဟုတ်တယ်. ကျွန်တော်သိတာက ကျွန်တော်ဟာ စက်ပစ္စည်းတွေ၊ နည်းပညာတွေကို စိတ်ဝင်စားတဲ့ လူတစ်ယောက်၊ လက်တွေ့သမားတစ်ယောက်လို့ ထင်ထားခဲ့တာ.

တကယ်တော့ ကျွန်တော့်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားတစ်နေရာမှာ အနုပညာကို ချစ်မြတ်နိုးစိတ်တွေ၊ ကိုယ်တိုင်ဖန်တီးခံစားချင်စိတ်တွေ အများကြီး ရှိနေခဲ့တာပဲ..

နောက်ဆုံးခုံတန်းမှာ ထိုင်ရင်း သီချင်းတွေကို စင်မြင့်ပေါ်က အဆိုတော်တွေနဲ့အတူတူ လိုက်ဆိုနေခဲ့တဲ့ ကျွန်တော် မနေ့ညက သိပ်ကို ပျော်ပါးလွတ်လပ်နေခဲ့တယ်…




တီးဝိုင်းသိမ်းချိန် အပြင်ဖက်ထွက်လာတော့ ကျွန်တော့်ခေါင်းထဲမှာရော ရင်ထဲမှာရော ရှင်းနေသလိုပဲ.

မွန်းကြပ်နေတဲ့ ခံစားချက်တွေကို စိတ်လွတ်လက်လွတ် ဖောက်ခွဲသီဆိုလိုက်ရလို့လားတော့ မသိ…

တံတားကြီးပေါ်ကနေ ကားလေး တရိပ်ရိပ်ပြေးနေတဲ့အချိန်မှာ ညာဖက်ကို ခေါင်းငဲ့ကြည့်မိတော့ လမင်းကြီးက ရွှန်းရွှန်းပပ သာနေခဲ့တယ်.

“ဒီတစ်ညမှာ
မြင်ရခဲတဲ့..
မောင့်လပြည့်ဝန်း…”

ဦးထီး ကောင်းရာသုဂတိလားပါစေ….


အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Friday, October 10, 2008

လွမ်းမိပါသေးတော့သည်...



“တစ်ရောင်တည်းမခြယ်
အရောင်ဝဲလည်
တောနှင့်တောင်စွယ် လယ်ယာတလင်း
ရှုခင်းတွေက စုံလင်ပေတယ်
ရှေးမူမပျက်တယ် ဆေးကူချက်ကယ်
စိမ်းမြမြ ယိမ်းကသလိုနှယ်
ပင်ပျိုပင်အိုတို့အလယ်
ရှုလေ ချစ်သော ခရီးသည်...”


ကျွန်တော် ရှစ်တန်းနှစ်မှာ မိတ္ထီလာကို ကျွန်တော်ရယ်၊ အမေရယ်၊ အစ်မရယ် ပြောင်းလာခဲ့ကြတယ်.

ကျွန်တော်ကျောင်းတက်တော့ ခြင်္သေ့ကြီးနှစ်ကောင်ကျောင်းမှာပေါ့ဗျာ.

ဟတ်ဟတ်. နာမည်ကြားတာနဲ့တင် တစ်မျိုးကြီးပဲလို့ တွေးနေမိပြီထင်တယ်.

ဘာလို့ အဲလိုခေါ်တာလဲဆိုတော့ ကျွန်တော်တက်တဲ့ အ.လ.က (၁) ကျောင်းရှေ့မှာ ဘုရားတစ်ဆူရှိတယ်. ဘုရားရှေ့မှာ ခြင်္သေ့ကြီးနှစ်ကောင်က မားမားမတ်မတ်ကြီး ထိုင်နေလို့ပေါ့. အဲဒီ့ခြင်္သေ့ကြီးနှစ်ကောင်ကို အစွဲပြုပြီး ဘုရားကိုလည်း ခြင်္သေ့ကြီးနှစ်ကောင် ဘုရားလို့ ခေါ်ကြတယ်.

အဲ… ဘုရားနဲ့ ကပ်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ စာသင်ကျောင်းလေးကိုလည်း ခြင်္သေ့ကြီးနှစ်ကောင်ကျောင်းလို့ ခေါ်တာ ဒီလောက်ဆို နားလည်ပြီ ထင်ပါရဲ့ဗျာ.

ဟုတ်တယ်ဗျ. ကျွန်တော်တို့ကျောင်းက ဘုန်းကြီးကျောင်းပိုင် မြေကွက်ပေါ်မှာ ဆောက်ထားတာ. ဒါကြောင့် ကျောင်းထဲဝင်ရင် ကျောင်းသားတွေရော၊ ဆရာဆရာမတွေရော ဖိနပ်ချွတ်ရပါတယ်.

စာသင်ခန်းထဲရောက်မှ ပြန်စီးပေါ့.

ဒါကြောင့်လည်း ကျွန်တော်တို့ ကျောင်းသားတွေကို တစ်ခြားကျောင်းက ကျောင်းသားတွေက မခံချင်အောင်နောက်ပါတယ်.

“ဘုန်းကြီးကျောင်းသားတွေ…” တဲ့လေ…

:D

……..

ကျွန်တော် ဘုန်းကြီးကျောင်းသားအဖြစ် တစ်နှစ်နေခဲ့ရတဲ့ ရှစ်တန်းကျောင်းသား ဘ၀လေးဟာ ကျွန်တော့်ရဲ့ ဘ၀မှတ်တမ်းဒိုင်ယာရီထဲမှာ စာမျက်နှာပေါင်းများစွာ နေရာယူထားခဲ့ကြတယ်. အဲဒီ့စာမျက်နှာလေးတွေထဲကမှ ကျွန်တော် ဒီည ထူးထူးခြားခြား သတိရနေမိတာကတော့ အဖိတ်ဥပုသ်နေ့နဲ့ ဆွမ်းလောင်းပွဲလေး အကြောင်းပါပဲ.

ကျွန်တော်တို့ ကျောင်းဝတ်စုံလေးတွေဝတ်ပြီး စီတန်းလို့ ကထိန်လှည့်ခဲ့ဖူးတယ်. သိတယ်မဟုတ်လား. ကထိန်သင်္ကန်းတွေ၊ ရေခွက်၊ ပိုက်ဆံချပ်တွေ အစီအရီ ချိတ်ဆွဲထားတဲ့ စင်ကြီးကို မလို့ ဟိုဖက်ယိမ်းထိုး၊ ဒီဖက်ယိမ်းထိုးနဲ့ ပျော်ပျော်ပါးပါး ကခုန်ကြတာ၊ တစ်တန်းနဲ့တစ်တန်း၊ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် ပြင်ဆင်ကြတာ တကယ့်ကို ပျော်စရာ၊ ကြည်နူးစရာပါ.

ကထိန်သင်္ကန်းစင်အတွက် သစ်သားစင်တွေကို ကျောင်းအုပ်ဆရာမကြီး ရုံးခန်းထဲမှာ သိမ်းထားပါတယ်. အဲဒါကို တစ်တန်းကို တစ်စင်ခွဲပေးပါတယ်. ကျွန်တော်က ရှစ်တန်းနှစ်မှာ ဘယ်သူမှ မခန့်ထားတဲ့ မော်နီတာပေါ့ဗျာ. ဟတ်ဟတ်..

ဟုတ်တယ်. ဘယ်သူမှ မခန့်ဘူး. အခန်းထဲမှာ လုပ်စရာတစ်ခုခုရှိတိုင်း ကျွန်တော်က ၀င်ဝင်ပါတတ်တော့ နောက်ပိုင်း ကျွန်တော်က မော်နီတာလိုလို ဘာလိုလို ညာလိုလို ဖြစ်သွားတာပေါ့. (အဲလိုပဲ. ကျွန်တော်က ငယ်ငယ်ကတည်းက ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ပါတတ်တာ ကြီးမှပဲ အပြောခံရတော့တယ်ဗျာ.. ဟတ်ဟတ်. စကားချပ်ပါဗျာ.)

အဲဒါနဲ့ပဲ ကျွန်တော်တို့ ရှစ်တန်းနှစ်အတွက် သင်္ကန်းစင်တွေ ရှာတာ၊ စာအိတ်လေးတွေထဲ အလှူပိုက်ဆံတွေထည့်တာ၊ သင်္ကန်းတွေ ချိတ်ဆွဲတာကို တစ်ခြားကျောင်းသား ကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ အတူတူ ကူလုပ်ပေးရပါတယ်. ပြန်တွေးလိုက်တိုင်း တော်တော့်ကို ကြည်နူးဝမ်းမြောက်မိပါတယ်.

ဝါတွင်းရောက်ရင် ကျွန်တော်တို့ ကျောင်းပိတ်ရက်က စနေတနင်္ဂနွေ မဟုတ်တော့ပါဘူး. အဖိတ်ဥပုသ်ကို ကျောင်းပိတ်ပါတယ်. စိတ်ဝင်စားဖို့ကောင်းပါတယ်. ဈေးဆိုရင်လည်း အဖိတ်ဥပုသ်ပိတ်ပါတယ်. ချစ်စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှုလေးတစ်ခုပါ.

ဘုရားတွေမှာဆိုရင် အလှူတွေလုပ်တာ၊ မုန့်တွေကျွေးတာ ခဏခဏပါပဲ. ကျွန်တော်ဆို စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာ. အသွားအများဆုံးကတော့ ရွှေအုန်းပင် စားသောက်ဆိုင်နားမှာ ရှိတဲ့ ဆုတောင်းပြည့်ဘုရားပေါ့.

အဲဒီ့ဘုရားနားမှာ ကျွန်တော်တက်တဲ့ အင်္ဂလိပ်စာ ကျူရှင်ရှိတယ်. သင်တန်းချိန် နည်းနည်းစောနေရင် ဘုရားထဲမှာ လျှောက်သွားပြီး နံရံတွေပေါ် ကပ်ထားတဲ့ ဇာတ်တော်တွေကို လိုက်ဖတ်ကြည့်နေတတ်တယ်. (ပြောရင်းနဲ့ ငယ်ဘ၀ကို လွမ်းသွားပြီဗျာ.)

အသံမစဲ ပဋ္ဌာန်းရွတ်နေတာနဲ့ ကြုံရင်လည်း ရွတ်ဆိုနေတဲ့ ဘုန်းကြီးနားမှာ သွားထိုင်ပြီး ကြည့်နေတတ်တယ်.

ဖြတ်ပြောလိုက်ဦးမယ်ဗျ.

အသံမစဲ ပဋ္ဌာန်းက တကယ်ကို အသံမစဲအောင် ရွတ်ရတာနော်. ဘုန်းကြီးတစ်ပါးနဲ့တစ်ပါး အကူးအပြောင်းမှာ. “ကဲ. ကိုယ်တော်. တပည့်တော် အလှည့်ပြီးပြီ. ကိုယ်တော့်အလှည့်” ဆိုပြီး ထသွားလို့ မရဘူး.

နောက်ထပ် တာဝန်ယူရွတ်ဆိုမယ့် ဘုန်းကြီးက အရင်ရွတ်နေတဲ့ ဘုန်းကြီးနားမှာ ကပ်ထိုင်ပြီး ရောက်နေတဲ့ စာပိုဒ် (သို့) သုတ္တန်တစ်ခုခုကို အတူတူလိုက်ရွတ်ရတယ်. အဲလို လိုက်ရွတ်နေရင်းနဲ့မှ အရင်ရွတ်နေတဲ့ ဘုန်းကြီးက ဘုရားကို ၀တ်ပြုလို့ နောက်ကို အသာအယာယို့ပြီး လက်အုပ်ချီရင်း ထွက်သွားရတာ… ဒါကြောင့် အသံမစဲပဋ္ဌာန်းလို့ခေါ်တာ.

မိုးတွေရွာနေချိန်၊ ဖားတွေ အုံးအွမ်အုံးအွမ်နဲ့ အော်နေချိန်မှာ ကြားတစ်ချက် မကြားတစ်ချက် လေထဲလွင့်လာတဲ့ အသံမစဲ ပဋ္ဌာန်းတရားတော်အသံဟာ တကယ့်ကို အေးချမ်းလွန်းလှပါတယ်.

လွမ်းလိုက်တာ အညာမြေရယ်….

…..

“စေတီပုထိုး ဂူအမျိုးမျိုး
တို့ဘိုးဘွားတည်ထားပါတယ် ရှေးအခါကကွယ်
ရွှေဘုံရွှေမင်း ရွှေကိုယ်လင်း ရွှေသူဋ္ဌေးတို့ လှူခဲ့ပါတယ်
ဝင့်ပါလို့ထည်..
ဘယ်ဧည့်သည်ငေးမဆုံး တွေးမဆုံးဖွယ်
ကုန်းကမူကလေးထက်မယ်
ထုံးအဖြူလေး မပြယ့်တပြယ်..”

အဲ. နောက်ထပ် ကြုံရတာကတော့ ဆွမ်းလောင်းပွဲပါ.

မိတ္ထီလာမှာ အဖိတ်နေ့ဆိုရင် ဆွမ်းလောင်းပွဲ လုပ်ပါတယ်. သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့က ဦးဆောင်ပြီး ဘုန်းကြီးတွေ စီတန်းလို့ မြို့ထဲကို လှည့်လည်ပြီး ဆွမ်းဆန်စိမ်း အလှူခံတာပါ.

ကုန်းဆင်းကုန်းတက်၊ လျှိုမြောင်ချိုင့်ဝှမ်း၊ အနိမ့်အမြင့်လေးတွေ ပြည့်နှက်နေတဲ့ မိတ္ထီလာမြို့လေးထဲမှာ စီတန်းလှည့်လည်လာတဲ့ ဆွမ်းလောင်းပွဲ မြင်ကွင်းလေးဟာ တွေ့ကြုံမိသူတိုင်းကို ရင်ထဲ ပီတိဖြစ်စေနိုင်ပါတယ်. တစိမ့်စိမ့် ကြည်နူးဝမ်းမြောက်စေနိုင်ပါတယ်.

ဆွမ်းလောင်းပွဲဆိုတာ မနက်ခင်းတွေမှာ ကြွတတ်တဲ့ ဆွမ်းခံပွဲနဲ့ မတူဘူးနော်. ဆွမ်းလောင်းပွဲဆိုတာ ဆွမ်းဆန်စိမ်းအလှူခံတာပါ. အိမ်တွေက ဆွမ်းဆန်စိမ်းတွေ ထွက်ထွက်ပြီး လှူကြတာပါ. ဖြတ်သွားဖြတ်လာ ခရီးသွားများကလည်း မိမိတို့ တတ်နိုင်သမျှ ငွေကြေးဝတ္ထုလေးတွေ ကပ်လှူတတ်ကြပါသေးတယ်.

ဆွမ်းလောင်းပွဲတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရင် များသောအားဖြင့် ဒီလိုပုံစံလေးတွေ တွေ့ရလိမ့်မယ်ဗျ. ရှေ့ဆုံးမှာ စာတမ်း အလံကိုင်ထားတဲ့ လူငယ်တွေ ရှိတယ်. ဘယ်ကျောင်းတိုက်၊ ဘယ်ဘုရားကပေါ့ဗျာ. ပြီးတော့ ဘုန်းကြီးတွေ စီတန်းလို့ ကြွတယ်. အဲဒီ့နောက်မှာ အသံချဲ့စက်တင်ထားတဲ့ ဆိုက်ကားရှိတယ်. အဲဒီ့နောက်မှာမှ မိုက်ကိုကိုင်လို့ ဂေါပကအဖွဲ့ဝင်လူကြီးတစ်ယောက်ယောက်က နိဗ္ဗာန်ဆော်လုပ်တာပါ. အဲဒီ့နောက်မှာ တစ်ခါ တီးဝိုင်းတွေ၊ အဆိုတော်တွေ၊ ဒိုးပတ်အိုးစည်အဖွဲ့တွေ ပါတတ်သေးတယ်. ဆိုက်ကားပေါ်မှာ အော်ဂင်၊ ဗုံ၊ မောင်းတွေ တင်ထားပြီး ဆိုက်ကားကို တစ်ယောက်ကတွန်းနေချိန်မှာ တူရိယာပညာရှင်တွေက ဘေးကနေ တီး၊ အဆိုတော်က ဆိုနဲ့ အားပါးပါး… တကယ့်ကို မြန်မာဆန်လှတဲ့ မြန်မာ့ ယဉ်ကျေးမှုတစ်ခုပါပဲဗျာ… တကယ့်ကို မြန်မာသံစဉ်တွေ ဆိုတာနော်. နားထောင်လို့လည်း တော်တော်ကောင်းတယ်.

ကျွန်တော်စိတ်အ၀င်စားဆုံး တူရိယာက ဗုံကို တီးတဲ့ အတံလေးနှစ်ချောင်းနဲ့ “တောက်..တောက်..တောက်..တောက်..” ဆိုပြီး အနောက်ကနေ လမ်းလျှောက်ရင်း လိုက်တီးရတဲ့ တူရိယာလေးပါ.

ကျွန်တော် မိတ္ထီလာမှာ နေခဲ့စဉ်တုန်းက အဲဒီ့ဆွမ်းလောင်းပွဲတွေနဲ့ ခဏခဏကြုံရပါတယ်. တွေ့တိုင်းလည်း ၅ ခါမှာ ၂ ခါလောက်ကတော့ ကျွန်တော့်မုန့်ဖိုးလေးထဲကနေ ထည့်လှူတတ်ပါတယ်.

ကျွန်တော်တို့ စာသင်ကျောင်းလေးတိုးချဲ့ဖို့အတွက် ရန်ပုံငွေလိုတော့ ဖောင်တော်ထိပ်ဘုရားနားမှာ အလှူခံမဏ္ဍပ်ထိုးပြီး အလှူခံကြပါသေးတယ်.

အဲဒီ့တုန်းက ကျောင်းစိမ်းဝတ်စုံလေးနဲ့ အလှူခံထွက်ခဲ့တဲ့ ကျွန်တော်တစ်ယောက် အလှူခံဖလားကို စားပွဲပေါ် တင်လို့ ခဏခဏ ပုဆိုးပြင်ဝတ်ခဲ့ရတာ ဆရာမတွေက လှမ်းနောက်တဲ့ အထိပါပဲ…

ဟုတ်တယ်လေဗျာ. စဉ်းစားကြည့်… ဒီဖက်ကနေ စက်ဘီးဆိုင်ကယ်တွေ ၀ီးခနဲ ဖြတ်သွားတယ်. ဖလားကို မြှောက်ခါမြှောက်ခါနဲ့ အလှူလှမ်းခံရတယ်. စက်ဘီးသမားတွေကတော့ အေးအေးဆေးဆေးလေးပဲ ဖလားထဲကို လှမ်းထည့်သွားတတ်ကြပေမယ့် ဆိုင်ကယ်သမားတွေကျတော့ တစ်ချို့တွေက အရှိန်သိပ်မလျှော့ပေးဘူး. ရှောင်ရတယ်. ရှားရတယ်. သူတို့က ခပ်လှမ်းလှမ်းရောက်မှ ပိုက်ဆံကို ချခဲ့ရင် သွားပြေးကောက်ရတယ်. ဒီကြားထဲ ချခဲ့တဲ့ ပိုက်ဆံပေါ်ကို ကားက ဖြတ်မောင်းသွားရင် လေနဲ့အတူ အဝေးကို လွင့်သွားပြန်ရော… အဲဒါလိုက်ကောက်ရတယ်. ပြီးတော့ ကိုယ့်နေရာကို ပြန်ပြေးလာပြီး နောက်ထပ်ဖြတ်လာမယ့် လူတွေကို လှမ်းမျှော်ရတယ်.

ပုဆိုးမကျွတ်ဘဲနေမလားလို့…

ဆရာမတွေကလည်း ကြင်နာပါတယ်.

“ဟဲ့. ရန်အောင်. နင် ဟိုဖက်သွားတာ. ဒီဖက်က လူနှစ်ယောက် လွတ်သွားပြီ…” တဲ့လေ..

ဟတ်ဟတ်ဟတ်…

အားးးးး

ကျွန်တော် အရမ်းလွမ်းသွားတယ်ဗျာ… ပြောရရင် ပြောစရာတွေက ထွက်ပြီးရင်းထွက်လာတော့တာပဲ… ဒီပို့စ်လေးကို အဆုံးသတ်နိုင်မှာကို မဟုတ်တော့ဘူး.

မြို့လေးက သိပ်မကြီးလှပေမယ့် သူ့ဟာနဲ့သူ ပြည့်စုံကြွယ်ဝနေတဲ့ အေးချမ်းတဲ့ မြို့လေးတစ်မြို့ပါ. စာရေးဆရာမ ဂျူးရဲ့ “ကျွန်မချစ်သော မြို့တစ်မြို့” ဆိုတာလေးကို သွားသတိရမိတယ်.

ကုန်းဆင်းကုန်းတက် လမ်းသွယ်လေးတွေ၊ မြင်းလှည်းလေးတွေ၊ စက်ဘီးဆိုင်ကယ်လေးတွေနဲ့ အတူတူ ညနေခင်း ဆည်းဆာ တိမ်တောက်ချိန်မှာ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှတဲ့ မိတ္ထီလာကန်တော်ကြီးရဲ့ မြင်ကွင်းလေးတွေ…..

နဂါးရုံဘုရားနားမရောက်ခင် ကန်စပ်နားမှာ ရှိတဲ့ ဗူးသီးကြော်ဆိုင်လေးတွေ..

အဲဒါတွေကို ကျွန်တော်အခု ထူးထူးခြားခြား လွမ်းဆွတ် သတိရနေမိတယ်ဗျာ….

….



နဂါးရုံဘုရား၊ မိတ္ထီလာကန်တော်နှင့် ရေလယ်ဘုရား



“တန်ဆောင်းပြသာဒ် ကျောင်းဇရပ်တွေနဲ့
ကောင်းမြတ်မနသီ ရွှင်ကြည်မနောဝယ်
ရေကြည်လျှမ်းမြ ကန်စ၀ယ်
ညနေယူ...
နှမမေပျို ရေချိုခပ်တယ်
အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်ညောင်းလို့ရယ်..”


ဘယ်အရာမှတော့ အပြစ်ကင်းစင်တယ်ဆိုတာ မရှိပါဘူးလေ…

ကျွန်တော်ချစ်တဲ့ မြို့လေးမှာလည်း ကောင်းတဲ့လူတွေ ရှိသလို ဆိုးတဲ့လူတွေလည်း ရှိတာပဲပေါ့. ဒါပေမယ့် အားလုံးခြုံကြည့်လိုက်ရရင် ကျွန်တော် ထီလာမြေကို ချစ်တယ်. အေးချမ်းတယ်. စီးပွားရေး ဖွံ့ဖြိုးတယ်. ဘာသာရေးကိုင်းရှိုင်းကြတယ်. ပညာရေးကောင်းမွန်တယ်. ကြိုးစားအားထုတ်မှုနဲ့လည်း ပြည့်စုံတယ်.

အဲ…. လူမိုက်လည်း ပေါတယ်…း)

မန္တလေးသင်္ကြန်မှာ တစ်ခါ လည်တုန်းက ကျုံးဘေးနားမှာ ရန်ပွဲတစ်ပွဲနဲ့ သွားကြုံတယ်. ဟိုဖက်က တုတ်ကြီးကိုင်ပြီး လိုက်ရိုက်တဲ့ကောင်က ဘာပြောတယ်မှတ်လဲ…

“မိတ္ထီလာသားကွ…” တဲ့လေ…

….

အခုဆိုရင် ၀ါတွင်းပေါ့…

အရင်လို ဆွမ်းလောင်းပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပစည်ကားနေမြဲ ရှိနေမလား…

တော်သလင်းလမှာ ကျင်းပမြဲဖြစ်တဲ့ လှေပြိုင်ပွဲအတွက် မိတ္ထီလာကန်တော်ထဲမှာ လှေလှော်ကျင့်နေကြမှာလား..

ဒီနှစ် ဖောင်တော်ဦးဘုရားပွဲကရော အရင်လို စည်ကားသိုက်မြိုက်နေဆဲပဲလား..

နောက်ပေါက်လူငယ်တွေ လူကြီးနေရာတွေကို ၀င်ယူလို့ ချစ်စရာကောင်းလှတဲ့ မြန်မာ့ယဉ်ကျေးမှုလေးတွေကို လက်ဆင့်ကမ်း သယ်ယူသွားကြလေမလား…

ကျွန်တော်ချစ်တဲ့ မြို့လေးကရော အရင်လိုပဲ အေးချမ်းတည်ငြိမ်နေမလား…

အဲဒီ့အတွေးလေးတွေနဲ့အတူ ကျွန်တော်တစ်ယောက် ချစ်စရာကောင်းလှတဲ့ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းလေးတွေအကြောင်းကို အမိမြန်မာပြည်နဲ့ အလှမ်းကွာခြားလှတဲ့ ဟိုးအဝေးကြီးတစ်နေရာကနေ လွမ်းဆွတ်တမ်းတနေမိခဲ့တယ်ဗျာ….


“ဘယ်သူတွေဖျက် မပျက်ခဲ့ပါ ကမ္ဘေကမ္ဘာ၀ယ်
အလှူရေစက် လက်နဲ့မကွာ စေတနာကြွယ်
မြန်မာတို့ရင်ထဲ သဒ္ဒါမချို့လေတယ်.
ပသာဒတွေ မယွင်းမစောင်း…
သဘာဝအခြေ အတင်းမပြောင်း….
အသင်းအပေါင်း ကြည့်လေကွယ် ကြည့်လေကွယ်. သိစေမယ်.
ဟန်မတင်း…
မာန်မပြင်း…
ဖန်ဆင်းသည့် ပရိယာယ်မရှိတယ်..
လာလော့ဧည့်သည် ရှုလော့ဧည့်သည်…
ကမ္ဘာတူတွင်း…
ဗမာပျူရင်း
မြန်မာရှုခင်း
မြန်မာစိတ်ရင်း အစင်းသိရမယ်…”


(နောက်တစ်ခေါက်ကျရင် မန္တလေးအကြောင်းရေးမယ်ဗျာ. :) )

The pictures are the courtesy of National Geographic Magazine and Travel.webshots.com.

Monday, May 05, 2008

ထေရုပ္ပတ္တိအကျဉ်း (၈)လုံးဖွဲ့ကဗျာ...



၂၀၀၈ ခု၊ ဧပြီလ (၂၉) ရက်နေ့တွင် ဘ၀နတ်နန်း စံမြန်းတော်မူသော
သက်တော် (၈၂) သိက္ခာတော် (၆၂) ၀ါရှိ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ မဟာနာယက
အမေရိကန်နိုင်ငံ မစိုးရိမ်သာသန ဇောတိကကျောင်း ပဓာန နာယက
ဆရာတော်ကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသ၏
အန္တိမ အဂ္ဂိဈာပန ပူဇာသဘင်၌ ရွတ်ဆို ပူဇော်အပ်သော
ထေရုပ္ပတ္တိ အကျဉ်း (၈) လုံးဘွဲ့ ကဗျာ


၁။
ဗုဒ္ဓဓမ္မ - သံဃဂုဏ်ဝါ
မာတာပိတ - မိဘဆရာ
လက်အုပ်ချီမိုး - ရှိခိုးခါခါ
ဦးနှိမ်ပျော့ - ကန်တော့ဝန္ဒနာ။

၂။
လောင်းတော်ထေရ်ရ - တေဇစုံဖြာ
၁၂၈၉ - မြတ်နိုးနှစ်မှာ
ကဆုန်လပြည့် - ကျော်၍ကြည်သာ
(၈) ရက်နေ့ - ချမ်းမြေ့ဂုဏ်ညီညာ။

၃။
တနင်္လာသား - စိတ်ထားခိုင်တည်
ဧရာဝတီတိုင်း - သမိုင်းခေတ်မှီ
ပုသိမ်ရွှေမြို့ - ဆွေတို့ မြန်ပြည်
အသည်ကြီး - ရပ်မှီးစံဌာနီ။

၎။
ဦးမောင်စီက - ပိတဂုဏ်ဖော်
ဒေါ်သိန်းတင်ဟု - ဂုဏ်စုမယ်တော်
သန့်စင်မီးရှူး - စိတ်ကူးလွန်ပျော်
သားကိုတွေ့ - ချမ်းမြေ့တူစံနှော်။

၅။
ဆယ့်လေးနှစ်သား - စိတ်ထားစင်ကြယ်
မြို့ငါးသိုင်းချောင်း - ရွှေကျောင်းတိုက်ဝယ်
ဦးညေယျဓမ္မ - ဥပဇ္ဈယ်ယူတယ်
ကောဝိဒ - ရှင်လှသာမဏေငယ်။

၆။
ရှင်ကောဝိဒ - ပညာ့လွန်ထယ်
ခြေခံပိဋကတ် - သင်မှတ်ကျက်တယ်
ငါးပိဆိပ်အောက်ကျောင်း - ထေရ်ကောင်းထံဝယ်
ဖြစ်ရဟန်း တင့်ဆန်း နှစ်ဆယ်ရွယ်။

၇။
မင်္ဂလာရာမ - ပြောင်းကြွဝါဆို
ဓနုဖြူမြို့ - ဂုဏ်တို့မြင့်မိုရ်
စံဝတီကျောင်း - ကိန်းအောင်းမှီခို
စာပေကျမ်း အောင်ခန်းသူကြည်ညို။

၈။
အဂ္ဂါဘိဓဇ - ဆဋ္ဌဂုဏ်ကျော်
ဥက္ကဋ္ဌနာယက - သူရိယထံတော်
ပရိယတ်အထက်ကျမ်း - သင်တန်းယူပျော်
မြို့ရွှေမန်း ကြွမြန်း ထေရ်မဟော်။

၉။
မစိုးရိမ်တိုက် - စာလိုက်ပျော်ရွှင်
စာပေအထက်တန်း - အောင်ခန်းသို့ဝင်
သ.စ.သ.အ - ဘိဝံသဂုဏ်ထင်
ဘွဲ့စုံရ ထေရ်ရ ဇာနည်ရှင်။

၁၀။
တစ်သုံးဆယ့်နှစ် - ငါးနှစ်လွန်မှာ
မစိုးရိမ်နာယက - ထေရ်ရဖြစ်လာ
ပိဋကကျောင်း - ကိန်းအောင်းမှီကာ
စာသင်ပြ ထေရ်ရ ထိုဆရာ။

၁၁။
စာသင်စာချ - ထေရ်ရ ဂုဏ်ပို
ဓမ္မာစရိယ - ကျမ်းလှထိုထို
ဋ္ဌ, ဋီကာမှီး - ကြည့်နည်း ပိုင်ဆို
ကျမ်းတွေရေး မြှင့်ပေး သာသနာကို။

၁၂။
သုံးပုံတိပိ - ပါဠိမြန်မာ
အဘိဓာန်ကျမ်း - ပြုခန်းဆင့်ကာ
ရပ်ကွက်မြို့တော - စိတ်ဇောသန်စွာ
ပဋ္ဌာန်းမြတ် ရွတ်ဖတ် သင်စေတာ။

၁၃။
ငါးဆယ်ကျော်နှောင်း - နှစ်ပေါင်းပိုမို
ရန်ကုန်မန္တလေး - ပျံ့မွှေးလို့ကြို
စာသင်သောတု - ပေါင်းစုမှီခို
ဘုန်းကြီးကော - မနောလွန်ကြည်ညို။

၁၄။
ထို့ပင်မက ကျောင်းလှတည်ထောင်
တက္ကသီလ - ပုသိမ်က ကျောင်းဆောင်
ငါးသိုင်းချောင်း ဒေါင့်ကြီးတိုက်မှီး အခေါင်
ယဉ်ပုံကျောင်း တိုက်ကောင်း သာသနာဘောင်။

၁၅။
နိုင်ငံရပ်ခြား - ပြန့်ပွားစေရန်
စင်ကာပူ မလေးရှား - ကြွငြားဂျပန်
အမေရိက လှမ်းကြွ အင်္ဂလန်
ကမ္ဘာသိ ဂုဏ်ရှိ မြတ်ထေရံ။

၁၆။
၂၀၀၂ ခု - ပေါင်းစုဧပြီ
အမေရိကန် နယူးယောက် ပင့်လျှောက်ခဲ့သည်
ဓမ္မမိတ်သင်း - ကောင်းခြင်း ဂုဏ်ညီ
ကျောင်းလှူဒါန်း မြတ်နန်း နိဗ္ဗူညီ။

၁၇။
နှစ်ထောင့်သုံးခု - တွေးရှုဂုဏ်ဝါ
စက်တင်ဘာလ - ကျောင်းစဖွင့်ကာ
အမေရိကန်ရောက် - ဘုန်းတောက်မြန်ာ
သာသနာရေး မြှင့်ပေး ထေရ်ဆရာ။

၁၈။
သာသနာသွေး - နောင်ရေးမျှော်ကာ
နောင်လာနောက်သား - သနားငဲ့ညှာ
ကံကြီးတွေထိုက် - လူမိုက်ရှောင်ခွာ
သိနိုင်ရေး ညွှန်ပေး ထေရ်ဆရာ။

၁၉။
ရတနာသုံးပါး - စော်ကားသူဟာ
ကံကြီးတွေထိုက် - လူမိုက်ဖြစ်မှာ
ထောက်ခံအားပေး - ပြုရေးရှောင်ခွာ
မမိုက်နဲ့ နေကွဲ့လိမ်လိမ်မာ။

၂၀။
ဥသျှောင်နာယက - ထေရ်ရဆရာ
ကမ္ဘာတွင်ပြန့် - အနှံ့မြန်မာ
ငါ့ကိုယ်တုလိုက် - ပြုထိုက်သူငါ
သာသနာရေး - သက်ပေးကာကွယ်မှာ။

၂၁။
ခန္ဓာဘ၀ - ရောက်ရသူငါ
အိုခြင်းနာခြင်း - သေခြင်းဖြစ်မှာ
ကျော်စောသတင်း - ကောင်းခြင်းယူပါ
ကျန်သူများ - မိန့်သွားပုံပမာ။

၂၂။
ကိုယ်၊ နှုတ်၊ စိတ်ထား - ပြစ်များပါလျှင်
တပည့်တော်များ - သနားပဲ့ပြင်
အပြစ်ကျေအေး - ခွင့်ပေးထာဝစဉ်
ပူဇော်ထုံး - နောက်ဆုံးဤချိန်တွင်။

၂၃။
အနိစ္စဒုက္ခ - အနတ္တဆင်ခြင်
ဒို့သူငါလည်း - လိုက်မြဲလမ်းစဉ်
ဘုရားသော်လည်း - ရှောင်လွှဲမမြင်
ဆင်ခြင်ကြ - မာနကိလေစင်။

၂၄။
ကောင်းမှုပေါင်းစု- သောင်းထုဒေ၀ါ
အမျှဝေငှ - ရကြလို့သာ
သာဓု သာဓု - ခေါ်မှုညီညာ
ဘုန်းကြီးကော - တည်သော ဘုံဌာနာ။

သာဓု သာဓု သာဓု….

ရေးစပ်ပူဇော်သူ - တပည့် သိလိဋ္ဌ (မစိုးရိမ်)၊ လန်ဒန်၊ ယူကေ.

မစိုးရိမ်ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျဉ်း



သာသနာ့ဥသျှောင် ပဓာနစေရ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသ၏ ထေရုပ္ပတ္တိ အကျဉ်း


မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသကို ဧရာဝတီတိုင်း ပုသိမ်မြို့ အသည်ကြီးရပ်နေ ခမည်းတော် ဦးမောင်စီ၊ မယ်တော် ဒေါ်သိန်းတင်တို့မှ ၁၂၈၉ ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်.

ဆရာတော်ဘုရားကြီးဟာ ၁၃၀၈ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာ မြင့်မြတ်တဲ့ ရဟန်းအဖြစ် ရောက်ရှိခဲ့ပါတယ်.

ဗုဒ္ဓရဲ့ ကျမ်းဂန်စာပေများကို ဧရာဝတီတိုင်း ဓနုဖြူမြို့ ခင်မကန်ကျောင်းတိုက်နဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်များမှာ သင်ကြားခဲ့ပါတယ်.

ဆရာတော်ဘုရားကြီးဟာ သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယနဲ့ ပရိယတ္တိ သာသနဟိတ (သကျသီဟ) ဓမ္မာစရိယ စာမေးပွဲများကို အောင်မြင်တော်မူခဲ့ပါတယ်.

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ ၁၃၁၇ ခုနှစ်မှ ၁၃၆၆ ခုနှစ်အထိ နှစ်ပေါင်း ၅၀ တိုင်အောင် ရဟန်းသံဃာတော်များကို ဗုဒ္ဓစာပေကျမ်းဂန်များ သင်ကြားပို့ချခဲ့ပါတယ်. ဒါ့အပြင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့တယ် ငွေကြာယံကျောင်းတိုက်မှာလည်း နွေရာသီ အထူးသင်တန်းအဖြစ် နှစ်ပေါင်းများစွာ စာပေပို့ချခဲ့ပါတယ်. ဆရာတော်ကြီးဟာ အထူးသဖြင့် ဓမ္မာစရိယတန်းဆိုင်ရာ ၀ိနည်းကျမ်းအဖွင့်ဖြစ်တဲ့ ပါရာဇိကဏ် အဋ္ဌကထာကျမ်း ပို့ချရာမှာ အထူးအောင်မြင် ကျော်ကြားပါတယ်.

ဆရာတော် ဦးကောဝိဒါဘိဝံသဟာ သူ့ခေတ် သူ့အခါက အအောင်မြင်ဆုံး ပါရာဇိကဏ်ကျမ်းဆိုင်ရာ စာချအကျော် ဆရာတော်တစ်ပါးဖြစ်ခဲ့သလို တိပိဋကပါဠိ မြန်မာ အဘိဓာန် ကျမ်းပြု အဖွဲ့ဝင် ဆရာတော်တစ်ပါး အဖြစ်လည်း ဆောင်ရွက်တော်မူခဲ့ပါတယ်. ဆရာတော် စာဝါပို့ချရာမှာ စာလိုက်သံဃာ အလွန်များပြားလွန်းတဲ့အတွက် စာချရာကျောင်းတိုက်ရှေ့ သစ်ပင်များအောက် ရောက်တဲ့အထိ စာသင်သံဃာတော်များက စာဝါလိုက်ကြရပါတယ်.

ဆရာတော်ကြီး ပြုစုခဲ့တဲ့ ကျမ်းစာများမှာ မစိုးရိမ် ပါရာဇိကဏ် အဖြေ (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ)၊ မစိုးရိမ် သီလက္ခန်အဖြေနှင့် မစိုးရိမ် တိပိဋက ပါဠိ မြန်မာ အဘိဓာန်ကျမ်းတို့ ဖြစ်ပါတယ်.

အမျိုးဘာသာ သာသနာနဲ့ စပ်ဆိုင်လာရင် ဆရာတော်ကြီးဟာ တက်တက်ကြွကြွ ပါဝင်ပြောဆို လုပ်ကိုင်လေ့ရှိတဲ့အတွက် ၁၉၉၀ ခုနှစ်က ဆရာတော် သံဃာတော်များ ဗုဒ္ဓ၀ိနည်းတော်နှင့်အညီ ဓမ္မနည်းလမ်းကျ ပတ္တနိက္ကုဇ္ဖနကံဆောင်ရာမှာ ဦးဆောင်ဆရာတော်တစ်ပါး အဖြစ်ပါဝင်ခဲ့ကြောင်း မြန်မာစစ်အစိုးရက မတရားစွပ်စွဲပြီး ထောင်သုံးနှစ် အကျဉ်းချခဲ့ပါတယ်.

ပြည်တွင်းပြည် သာသနာပြုလုပ်ငန်းများကိုလည်း အားတက်သရော ပြုလုပ်ခဲ့ပြီး ခန္ဓာဝန်ချ ဘ၀နတ်ထံ ပျံလွန်တော်မမူခင်အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မစိုးရိမ် သာသနာ့ဇောတိက ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူခဲ့ပါတယ်.

အမေရိကန်ပြည်ထောင်စု ကယ်လီးဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့၌ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ ထူထောင်ခဲ့တဲ့ သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌဆရာတော် ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသ၊ အတွင်းရေးမှူးဆရာတော် ဦးဥတ္တရတို့နှင့်အတူ ပဓာနစေရ ဆရာတော်အဖြစ် ဘ၀နတ်ထံ ပျံလွန်တော်မူတဲ့အထိ အမျိုးဘာသာ၊ သာသနာ အကျိုးများကို ဆောင်ရွက်တော်မူခဲ့ပါတယ်.

(သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ ပြုစုရေးသားဖြန့်ဝေသော လက်ကမ်းစာစောင်ကို ပြန်လည် တင်ပြထားခြင်းဖြစ်ပါသည်။)

Monday, February 11, 2008

အမြုတေ..



တစ်နေ့တာ ကုန်ဆုံးလုပြီဖြစ်သည်။

ညနေခင်း၏ အေးချမ်းသော ရင်ခွင်တွင် သစ်ပင်ငယ်တို့ ယိမ်းထိုးနေကြ၏။ လေပြည် အသုတ်တွင် သစ်ရွက်ဝါတို့ လွင့်မျော ကခုန်နေကြ၏။ အိပ်တန်းတက်ရန် ပြင်ဆင်နေကြသော ငှက်ငယ်လေးတို့၏ စိုးစီစိုးစီ အသံလေးများ ဟိုမှဒီမှ ကြားနေရ၏။ နှင်းမကျသော်လည်း ခပ်မှန်မှန်တိုက်ခတ်နေသော ဆောင်းလေပြည်ကြောင့် ပတ်ဝန်းကျင်သည် အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေ၏။

ငြီးစီစီဖြစ်နေသော စိတ်ကူးတို့ကို ချွေးသိပ်အပန်းပြေစေရန် မြစ်ကမ်းဘေးဖက်သို့ လမ်းလျှောက်ထွက်လာခဲ့မိသည်။

တည်ငြိမ်အေးချမ်းစွာ စီးဆင်းနေသော Hudson မြစ်ကြီးသည် သူ၏ ကုန်ဆုံးသွားခဲ့သော ခွန်အားများကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိသူ ဖြစ်သည်။

သူ့ဘ၀တွင် အခက်အခဲများစွာ ရှိခဲ့ဖူးသည်။ တတ်နိုင်သလောက် သူ ကြိုးစားဖြေရှင်းခဲ့သည်ချည်းသာ။ ရံဖန်ရံခါတွင်တော့ လောကကြီးထဲက ထွက်ပြေးချင်စိတ်များပင် ပေါ်ပေါက်လာခဲ့ဖူးသည်။

ထိုအချိန်များတွင် သူလုပ်တတ်သည့် အလေ့အကျင့်တစ်ခုမှာ ရေရှိသည့် နေရာတစ်နေရာတွင် ထိုင်လျက် စိတ်ကူးများကို လွတ်လပ်စွာ ပျံသန်းခွင့် ပေးခြင်းပင် ဖြစ်သည်။

တည်ငြိမ်သောရေပြင်ကျယ်သည် သူ့စိတ်ထဲတွင် ဘောင်ဘင်ခတ်နေသော အတွေးများကို ငြိမ်သက်စေနိုင်စွမ်း ရှိသူဖြစ်သည်။ ရိုက်ခတ်နေသော လှိုင်းလုံးများသည် သူ့နှလုံးသားထဲတွင် လျော့နည်းသွားသော ဘ၀မာန်မာနများကို ပြန်လည်ရှင်သန်စေနိုင်စွမ်း ရှိသူဖြစ်သည်။

ယခု Hudson မြစ်ကမ်းဘေးနားတွင် သူ ငြိမ်သက်စွာ ထိုင်နေမိခဲ့ပြန်ချေပြီ….

…..

စိတ်ကူးတို့ အတိတ်တစ်ချိန်သို့ ပျံ့လွင့်သွားခဲ့၏….

ဆယ်တန်းစာမေးပွဲ မဖြေမီ တစ်ရက်အလို….

မိထ္ထီလာမြို့လေး တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေသကဲ့သို့ ခံစားရ၏။ နောက်တစ်နေ့တွင် ဖြေဆိုရမည့် စာမေးပွဲအတွက် ရင်ခုန်နေကြသည်ထင့်. မြို့ထဲတွင်လည်း လူသူသိပ်မတွေ့ရချေ။ ထိုနေ့က သူ စက်ဘီးတစ်စီးဖြင့် နဂါးရုံဘုရားသို့ ထွက်ခဲ့သည်။ ဘုရားတွင် ပုတီးစိပ်၊ တရားထိုင်၊ မေတ္တာပို့ပြီးနောက် ရွှေမြင်တင် ဘုရားဖက်သို့ စက်ဘီး ပြန်စီးလာခဲ့သည်။

ရွှေမြင်တင်ဘုရားဖက်သို့ မရောက်ခင် တံတားပေါ်တွင် သူ့စက်ဘီးကို ထိုးရပ်လိုက်ခဲ့သည်။ ပလက်ဖောင်းပေါ်သို့ စက်ဘီးကို ဆွဲတင်လျက် ကျောက်ထိုင်ခုံလေးဘေးနားတွင် သူထိုင်လိုက်ခဲ့သည်။

နေလုံးနီနီသည် မိတ္တီလာ ကန်တော်ကြီးအပေါ်သို့ ဖြာကျနေသည်။

“ကြိုးကြာမသောက် ရေမနောက် မပေါက်ရွှေကြာ မထိလာ” ဟူသည့် စကားပုံအတိုင်း မိတ္ထီလာကန်တော်ကြီးတွင် ထူးခြားချက် သုံးခုရှိသည်။

၈၈ အရေးတော်ပုံဖြစ်စဉ်က မိတ္ထီလာကန်တော်ကြီးတွင် ကြာပင်များပေါက်နေခဲ့သည်ဟု တစ်ဆင့်စကားပြန်ကြားခဲ့ရဖူးသည်။ ယခုသူ့ရှေ့တွင် မြင်နေရသော ကန်တော်ကြီးသည်ကား ငြိမ်းချမ်းစွာ၊ ခန့်ညားစွာ၊ တည်ငြိမ်စွာဖြင့် လောကကြီး၏ ဖြစ်တည်မှုတစ်ခုကို ဂုဏ်ယူစွာ ရယူထားခဲ့လေသည်။

ကန်ရေပြင်ကို စိုက်ကြည့်နေခဲ့ရင်းက သူ့စိတ်အစဉ်သည် အတားအဆီးမဲ့စွာ လွင့်မျောသွားခဲ့လေသည်…

တစ်ချိန်က ဒီနေရာ ဒီဒေသမှာ သူသိပ်ချစ်ခဲ့ရသော ဖခင်ကြီး ကျင်လည်ဖြတ်သန်းခဲ့ရဖူးသည်…

ဒီနေရာတွင် သူ့ဖခင် ထိုင်ခဲ့ချင်မှ ထိုင်ခဲ့ပေမည်။ သို့သော် ဒီဒေသတွင် ရှိခဲ့ဖူးသည်မှာတော့ သေချာသည်။

မျက်စိအစုံကိုမှိတ်လျက် ဖခင်ကြီး၏ ၀ိညာဉ်ကို တိုးညှင်းစွာ ဖိတ်ခေါ်နေခဲ့မိသည်။

“မနက်ဖြန်ဆိုရင် ကျွန်တော့်ဘ၀အတွက် အဆုံးအဖြတ်ပေးမယ့် ဆယ်တန်းစာမေးပွဲကြီးကို ဖြေရတော့မယ်.

အဖေသာ ဒီလောကကြီးထဲမှာ ရှိနေခဲ့ရင် ကျွန်တော့်အတွက် စိုးရိမ်နေမလား.

ဒါမှမဟုတ် ကျွန်တော့်ကိုခေါ်ပြီး သားအဖနှစ်ယောက် ပျော်ရွှင်စွာ စားသောက်ကြ၊ စကားပြောနေကြမလား.

အခု ကျွန်တော်အဖေ့ကို အရမ်းသတိရနေတယ်.

လွမ်းနေတယ်.

ကျေးဇူးပြုပြီး ကျွန်တော့်ဘေးနားမှာ ခဏလောက်ပဲဖြစ်ဖြစ် လာထိုင်ပေးနေပါ အဖေ.

ကျွန်တော်မနက်ဖြန်အတွက် ခွန်အားတွေကို အဖေ့ဆီက နည်းနည်းပဲဖြစ်ဖြစ် ရယူခွင့်ပြုပါ….”

မှိတ်ထားသော မျက်စိအစုံထဲမှ မျက်ရည်တို့ အတားအဆီးမဲ့စွာ စီးဆင်းကျလာခဲ့သည်။ ခြေထောက်ကို ခုံပေါ်တင်လျက် လက်နှစ်ဖက်ကို ဒူးတုပ်ထိုင်ကာ သူ့မေးစေ့ကို လက်ပေါ်သို့ တင်ထားခဲ့ရင်းက ကျလာသောမျက်ရည်တို့ကို အင်္ကျီလက်ရှည်ဖြင့် မသိမသာ သုတ်လိုက်ခဲ့သည်။

ကျွန်တော့်ကို All D အမြဲထွက်စေချင်ခဲ့သူ၊ လူပေါ်ကလူတစ်ယောက်ဖြစ်စေချင်ခဲ့သူ၊ ပညာဆီမီး ထိန်ထိန်ငြီးစေချင်ခဲ့သူ၊ မိသားစုအတွက် ဂုဏ်ယူစေချင်ခဲ့သူ၊ မိမိကိုယ်ကို ယုံကြည်စိတ် ဖြစ်ပေါ်စေရန် အဓိကကျသောနေရာမှ ပါဝင်ပံ့ပိုးပေးခဲ့သူ…

ကျွန်တော့်ဖေဖေ ဘယ်ရောက်နေခဲ့တာလဲ…..

ကျွန်တော်အောင်မြင်အောင် ကြိုးစားမှာပါ. ဒါပေမယ့် အဖေမရှိတဲ့ အခိုက်မှာ ကျွန်တော့်ရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို အဖေသိအောင် ဘယ်လိုပြောပြရမှာလဲ.

ကျွန်တော်ဒီလိုဖြစ်နေတာကို ကျွန်တော်ကလွဲပြီး ဘယ်သူမှ မသိခဲ့ပါဘူး. အမေကလည်း ကျွန်တော် ဆရာမဆီ စာသွားမေးတယ်လို့ပဲ ထင်နေခဲ့တာလေ. တကယ်တော့ ကျွန်တော် အဖေ့ကို သတိရလွန်းလို့ စိတ်ပြေလက်ပျောက် ထွက်လာခဲ့တာပါ အဖေရယ်…

…..

စစ်တွေမှာ နေတုန်းက ကျွန်တော်တစ်ယောက် ရွယ်တူရခိုင်လူငယ်လေးတွေနဲ့ ရန်ဖြစ်ခဲ့ဖူးတယ်. ထိုးကြကြိတ်ကြ၊ အဖူးဖူးအရောင်ရောင် ဖြစ်လာတဲ့ ကျွန်တော့်ကို ကြည့်ရင်း အမေက ရန်မဖြစ်ဖို့ ပြောတယ်. အစ်မက “ငါ့မောင်ကို ဒီလိုလုပ်ရကောင်းလား” ဆိုပြီး စိတ်တိုတယ်. အစ်ကိုကတော့ ကျွန်တော်နဲ့ အတူတူရန်ဖြစ်ခဲ့တဲ့သူလေ. အဖေက ဘယ်လိုတုံ့ပြန်ခဲ့သလဲ…

ကိုယ့်ကို အနိုင်လာကျင့်လို့ကတော့ ချသာချ ငါ့သား. မခံနဲ့. တစ်ချက်ရရ နှစ်ချက်ရရ ပြန်သာထိုး” တဲ့.

နောက်တစ်နေ့မှာ ကျွန်တော် ကရာတေးသင်တန်း တက်ဖို့ အဖေကိုယ်တိုင် စီစဉ်ပေးခဲ့တယ်နော်…

ကျောင်းမှာလည်း ကျွန်တော်တစ်ယောက် ရန်ဖြစ်လို့ ရုံးခန်းကို ခဏခဏရောက်တယ်. အဖေကျွန်တော့်ဖက်က အမြဲရပ်တည်ပေးခဲ့တယ်. အဖေ့ထက် ရာထူးကြီးတဲ့ အရာရှိတစ်ယောက်ရဲ့ သားနဲ့ ကျွန်တော်ရန်ဖြစ်တော့လည်း အဖေ ဘာကိုမှ ဂရုမစိုက်ဘဲ ကျွန်တော့်အတွက် ကျောင်းမှာ လိုက်ဖြေရှင်းပေးခဲ့တယ်.

ကျွန်တော့်စိတ်ထဲမှာ အားငယ်စိတ် တစိုးတစဉ်းမျှ မဖြစ်ပေါ်ရအောင် အဖေ ကျွန်တော့်စိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်. တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကို ပညာပြည့်ဝအောင် သွန်သင်ဆုံးမခဲ့တယ်.

အဖေပြောနေကြ စကားတစ်ခွန်းရှိပါတယ်..

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိမှ လောကကြီးမှာ အောင်မြင်မယ်”… တဲ့



၆ တန်းနှစ်မှာ ကျွန်တော် စာတွေ တော်တော်လေး ဖတ်မိနေခဲ့ပြီ. ငွေဥဒေါင်းရဲ့ ဗုဒ္ဓစာပန်းချီကို ဖတ်မိရင်း ကျွန်တော်တစ်ယောက် ကဗျာတိုလေးတစ်ပုဒ်ကို အမှတ်မထင် စပ်ခဲ့မိတယ်.

အမေဈေးတွက်တဲ့ စာရွက်လေးရဲ့ နောက်မှာပေါ့.

ညဖက် ထမင်းစားနေရင်း အဲဒီ့စာရွက်လေးကို အမေတွေ့သွားခဲ့ပြီး အဖေ့ကို ပြတော့ အဖေရယ်လေ….

မျက်နှာကြီးကို ပြုံးဖြီးဖြီးဖြစ်လို့…

“ငါ့သားကတော့ကွာ. ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကဗျာတွေတောင် စပ်တတ်နေပြီပဲ. ကြီးလာရင်တော့ ဘာမှကို ပြောစရာ မလိုတော့ဘူး” တဲ့…

ကျွန်တော်လေ အဖေ့ရဲ့ အဲဒီ့စကားတစ်ခွန်းတည်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုပြည့်ဝသွားခဲ့တယ်…

အဖေ့မှာ ထမင်းစား ကြွေပန်းကန်ပြားကြီးတစ်ချပ်ရှိတယ်နော်. အဲဒီ့ပန်းကန်ကြီးကို အဖေအရမ်းကြိုက်လွန်းလို့ သေသေချာချာ ထိန်းသိမ်းထားခဲ့တယ်. အမေက နို့ဆီဗူးကို ပုရွက်ဆိတ်မတက်အောင်ဆိုပြီး ပန်းကန်အလယ်မှာ ထားလို့ ပန်းကန်ကြီးကို ရေဖြည့်ထားခဲ့တယ်.

ကျွန်တော်က နို့ဆီသိပ်ကြိုက်တာလေ… ကျောင်းကပြန်ရောက်တော့ နို့ဆီဗူးကို ဘယ်သူမှ မသိအောင် ခိုးစားခဲ့တယ်. နို့ဆီဗူးကို မြှောက်လိုက်တဲ့ တခဏမှာပဲ ဗူးအဖုံးက ချောင်နေတော့ ကျွန်တော့်လက်ထဲကနေ နို့ဆီဗူး လွတ်ကျသွားခဲ့တယ်.

ခွမ်းခနဲပဲ…

ကျွန်တော်လေ ဘာလုပ်ရမှန်းကို မသိတော့ဘူး…

ကွဲသွားတဲ့ ပန်းကန်ပြားကြီးကို ကြည့်ရင်း ကျွန်တော်မျက်ရည်တွေ ကျလာခဲ့မိတယ်.

ကျွန်တော်အဖေ့ကိုချစ်သလို ကြောက်လည်းကြောက်တယ် အဖေ. အဖေက သိပ်အရိုက်ကြမ်းတာကိုး…

အမေလည်း ဘာလုပ်ရမှန်းမသိတော့ဘူး. ကျွန်တော့်ကိုလည်း ဆူတာတော့ဆူတာပေါ့. ဒါပေမယ့် ဘာဆက်လုပ်ရမှန်းမသိတော့ဘူး…

ရုံးကအပြန် အိမ်ပေါ်ကို လှမ်းတက်လာတဲ့ အဖေ့ခြေသံတစ်ချက်တိုင်းမှာ ကျွန်တော်ကျဆုံးနေခဲ့ရတယ်.

ကွဲနေတဲ့ပန်းကန်ကို တစ်ချက်ကြည့်လိုက်၊ အမေ့မျက်နှာကို ခပ်တင်းတင်း တစ်ချက်ကြည့်လိုက်၊ အခန်းထောင့်မှာ ကုပ်ကုပ်လေးရပ်နေတဲ့ ကျွန်တော့်မျက်နှာကို ကြည့်လိုက်ရင်းက အဖေက ပြောတယ်.

“ပန်းကန်ကွဲတွေ လွှင့်ပစ်လိုက်လေ. ကလေးတွေ စူးကုန်ဦးမယ်” တဲ့…

ကျွန်တော့်ကို လှမ်းကြည့်ရင်း အဖေက တစ်ခွန်းပဲ ပြောတယ်.

“စားချင်ရင် လူကြီးတွေကို ပြောစား. ခိုးစားတာ အဖေမကြိုက်ဘူး” တဲ့…

ချောင်ပိတ်မိနေတဲ့ လူတစ်ယောက်ကို အနိုင်မယူတတ်တဲ့ အဖေ့ရဲ့ မေတ္တာနဲ့ ခွင့်လွှတ်နိုင်စွမ်းကို ကျွန်တော်လေးစားပါတယ် အဖေ…

အဲဒီ့အရည်အချင်းတွေကို အဖေ့ဆီက ကျွန်တော်အမွေဆက်ခံနိုင်အောင်လည်း ကျွန်တော်ကြိုးစားနေဆဲပါ…

….

ကျွန်တော့်စိတ်ထဲမှာ အပြိုင်အဆိုင် ကြိုးစားချင်စိတ်ပေါ်လာအောင် အမြဲပြုစုပျိုးထောင်ပေးခဲ့သူဟာလည်း အဖေပါပဲ.

ဒုတိယတန်းမှာ ကျွန်တော့်ကို မက်လုံးတစ်ခုပေးခဲ့တယ်. ကျောင်းမှာ အဆင့် (၁) ကနေ (၃)အတွင်းဝင်ရင် မင်းလိုချင်တာ ၀ယ်ပေးမယ်တဲ့.

ကျွန်တော် တတိယ ရခဲ့တယ် အဖေ.

ဆုယူပြီး နောက်တစ်နေ့မှာ ကျွန်တော်အိပ်ယာက နိုးလာခဲ့တော့ အဖေ့ကို မတွေ့ရဘူး. ရုံးပိတ်ရက်ဆိုပေမယ့် အဖေက တစ်ခြားတာဝန်တွေလည်း ရှိတတ်သေးတာမို့ သိပ်သတိမထားမိခဲ့ပါဘူးလေ.

မနက်စာ စားပြီး ခဏနေတော့ အစ်မက အိမ်ရှေ့ကနေ လှမ်းခေါ်ပါတယ်.

“ဟေ့. ဟိုမှာ အဖေပြန်လာပြီ. လက်ထဲမှာ ဘာကြီးလဲမသိဘူး ကိုင်လာတယ်. လာကြည့်လှည့်” တဲ့.

ကျွန်တော်လည်း အူယားဖားယား ပြေးပြီး သွားကြည့်ခဲ့တယ်. ငါးထပ်တိုက် ၀ရန်တာပေါ်ကနေ “အဖေ့” လို့ အသံကုန်ခြစ်ပြီး အော်လိုက်တော့ အဖေတစ်ယောက် ကျွန်တော့်ကို ပြုံးပြီး မော့ကြည့်တယ်. လက်ထဲက ဗူးကြီးကိုလည်း မြှောက်ပြတယ်.

“အိုးးးးးးးးးးး… ဓာတ်ခဲနဲ့မောင်းတဲ့ ရထားတွဲလေးပဲ”

ကျွန်တော်ရယ်လေ… အိမ်ပေါ်ထပ်ကနေ အောက်ကို ဘယ်လိုဘယ်လို ရောက်သွားမှန်းကို မသိခဲ့တော့ပါဘူး.

အဖေ့လက်ကို ဆွဲလို့ အိမ်ပေါ်ကို ပြန်တက်လာတော့ အစ်မရော၊ အမေရောက တံခါးဝမှာ ဆီးကြိုနေကြတယ်.

အစ်ကိုကတော့ ကျွန်တော့်လက်ထဲက ဗူးကြီးကို ကြည့်ရင်း ရယ်ပြနေခဲ့တယ်လေ… အစ်ကိုက အဖေနဲ့ လိုက်သွားခဲ့တာဆိုတော့ သိနေတာပေါ့…

အထွေအထူး ပြောနေစရာ မလိုပါဘူးလေ… အဖေ၀ယ်ပေးခဲ့တဲ့ ဓာတ်ခဲရထားလေးကို ကျွန်တော်အရမ်းမြတ်နိုးတာပဲ. ဓာတ်ခဲကုန်လွန်းလို့ အချိန်နဲ့ ကစားဖို့ ပြောရတဲ့အထိ ကျွန်တော် နှစ်သက်ခဲ့တာပါ အဖေ.

…..

စတုတ္ထတန်းမှာ ကျွန်တော် မြို့နယ် တတိယဆု ထပ်ရတယ်. အဲဒီ့အချိန်မှာ ကျွန်တော်တစ်ယောက် စစ်တွေမှာ ရောက်နေခဲ့ပြီလေ. ရန်ကုန်ကို အစည်းအဝေးသွားတက်ပြီး ပြန်လာတော့ အဖေက ကျွန်တော့်ကို ပြောတယ်.

“ငါ့သားအတွက် ဆုယူလာခဲ့တယ်” တဲ့…

လေယာဉ်ကွင်းကနေ အိမ်ကို ပြန်ရောက်ရောက်ချင်း အဖေ့အိတ်ကို ဖွင့်ကြည့်လို့ မွှေနှောက်ရှာခဲ့မိတယ်.

တစ်ခုက ကျောင်းကနေ ပေးလိုက်တဲ့ ထမင်းဗူးလေး..

နောက်တစ်ခုကတော့ အဖေ၀ယ်ပေးတဲ့ သံလိုက်ကွန်ပါဗူးလေး….

ဖွင့်ကြည့်လိုက်တော့ အထဲမှာ ချွန်စက်လေးနဲ့ ခဲတံလေး သုံးချောင်းက အဆင်သင့်.

အဖေကလည်း ချက်ကောင်းကို စောင့်နေခဲ့တယ်နဲ့ တူပါတယ်.

ကျွန်တော့်ပုခုံးကို တစ်ချက် ခပ်တင်းတင်း ဆုပ်ကိုင်ရင်းက

“ငါ့သား ကြိုးစားလို့ကတော့ အဖေက ငါ့သားလိုချင်တာတွေ ၀ယ်ပေးနေမှာပဲ” တဲ့…

ဟုတ်တယ်. ကျွန်တော် သံလိုက်ကွန်ပါဗူးလေး တစ်ဗူးရဖို့ ပူဆာနေခဲ့တာ ကြာပြီလေ. ကျွန်တော်တောင် မေ့တေ့တေ့ ဖြစ်နေခဲ့ပြီ. အဖေက ကျွန်တော့်ကို တကယ် ဂရုစိုက်တာပဲနော်…



ကျောင်းမှာ ဘာပြိုင်ပွဲပဲ လုပ်လုပ် ၀င်ပြိုင်အောင် အဖေက အမြဲပြောတယ်. ကျွန်တော်ကလည်း ၀င်တာပဲ.

စာစီစာကုံးပြိုင်ပွဲတွေဆိုရင် ကျွန်တော်အမြဲဝင်ပြိုင်ဖြစ်ခဲ့တယ်. ရယ်တော့ရယ်ရတယ်လေ. ကျွန်တော်ပြိုင်ပွဲစ၀င်တုန်းက ဘာလုပ်ရမှန်းမသိလို့ ကြိုတင် ရေးထားပြီးသား စာစီစာကုံးကို အလွတ်ကျက်ပြီး သွားပြိုင်ခဲ့ဖူးတယ်. လေးတန်းနှစ်ကပေါ့.

ပြိုင်ပွဲခန်းမထဲ ရောက်တော့ ကျက်ထားတာကို နည်းနည်း ပြုပြင်ပြီး ရေးလိုက်တယ်. ခေါင်းစဉ်က “လွတ်လပ်ရေးနေ့ တို့မမေ့” တဲ့…

ကျွန်တော် နှစ်သိမ့်ဆု ရခဲ့တယ် အဖေ. အဖေတစ်ယောက် ဂုဏ်ယူနေခဲ့တာ ကျွန်တော်သိတာပေါ့. ကျောင်းတွေအများကြီး ၀င်ပြိုင်တဲ့ပွဲမှာ ဆုရအောင် ပြိုင်နိုင်လို့တဲ့..

ခုနစ်တန်းနှစ်မှာ ကုလသမဂ္ဂနေ့ စာစီစာကုံးပြိုင်ပွဲ လုပ်တယ်. အဲဒီ့နေ့က စက်ဘီးပျက်နေလို့ ကျောင်းကို အချိန်မီ မသွားနိုင်ခဲ့ဘူး. ပြိုင်ပွဲကျင်းပချိန်ထက် နာရီဝက်လောက် နောက်ကျပြီး ရောက်သွားခဲ့တယ်. ရောက်ရောက်ချင်းပဲ ပုဆိုးကို မလို့ ပြိုင်ပွဲလုပ်နေတဲ့ အခန်းထဲကို ပြေးသွားခဲ့တယ်.

မောနေတဲ့ ကျွန်တော့်ကို ဆရာမက တစ်ချက်မျက်စောင်းထိုးပြီး ခုံတစ်နေရာ လုပ်ပေးခဲ့တယ်. ခေါင်းစဉ်ကို ကြည့်လို့ ကျွန်တော်ပြင်ဆင်ထားခဲ့တဲ့ စာစီစာကုံးထဲက အချက်အလက်တွေကို နေရာတကျ ပြန်စီရင်း ခွင့်ပြုချိန် နှစ်နာရီအတွင်းမှာ ပြီးအောင်ရေးခဲ့တယ်. နာရီဝက်နောက်ကျသွားခဲ့တာ ကျွန်တော့်အတွက် ပူပင်စရာတွေ ဖြစ်သွားခဲ့ရတယ်လေ.

အဲဒီ့ပြိုင်ပွဲအတွက် ကျွန်တော့်စိတ်ကူးထဲမှာ ဘာမှ မမျှော်လင့်ထားခဲ့ဘူး.

နောက် နှစ်ပတ်လောက်အကြာမှာ ဆရာမတစ်ယောက် ကျွန်တော်တို့ရဲ့ စာသင်ခန်းမှာ လာအော်တယ်.

“ရန်အောင်. ဆရာကြီးရုံးခန်းကို လာခဲ့ပါ” တဲ့…

ကျွန်တော့်ကို တစ်ခန်းလုံးက ၀ိုင်းကြည့်ကြတယ်. ကျွန်တော်လည်း ကြောင်နေတယ်လေ. ရန်မဖြစ်တာတောင် ကြာပြီ. ဘာလို့ခေါ်ပါလဲလို့ပေါ့.

ဆရာမကတော့ ကျွန်တော့်ကို ပြုံးကြည့်နေလေရဲ့…

ဆရာကြီး အခန်းထဲကိုရောက်တော့ ကျွန်တော်မသိတဲ့ အတန်းကြီးသမားတွေကိုလည်း တွေ့ရတယ်. အားလုံးလက်ပိုက်ပြီး တန်းစီရပ်နေကြတယ်. ကျွန်တော်ကတော့ အငယ်ဆုံးလို ဖြစ်နေလေရဲ့. နောက်ဆုံးမှလည်း ရောက်လာသူမို့ လက်ပိုက်ပြီး ရပ်နေလိုက်တယ်.

ဆရာကြီးထွက်လာပြီး ပြောပါတယ်.

“မင်းတို့တွေ စာစီစာကုံးပြိုင်ပွဲမှာ ဆုရတယ်. ဒီတစ်ပတ် စနေနေ့မှာ ဆုပေးပွဲလုပ်မယ်. မိဘတွေကို ပြောပြီး ဆုပေးပွဲလာခဲ့ကြပါ” တဲ့…

ပြီးတော့ ကျွန်တော်တို့ လက်ထဲကို ဖိတ်စာတစ်စောင်စီ ထည့်ပေးပါတယ်.

အိမ်ပြန်ရောက်တော့ အဖေ့လက်ထဲကို အဲဒီ့ဖိတ်စာလေး ထည့်ပေးလိုက်တယ်. အဖေကတော့ ကျွန်တော့်ကို ပြုံးကြည့်နေခဲ့ရင်းက အမေ့ကို လှည့်ပြောပါတယ်.

“တိုက်ပုံအင်္ကျီ မီးပူတိုက်ပြီးပြီလား” တဲ့…



ဆုပေးပွဲနေ့မှာ ကျွန်တော် ဘာဆုရမှန်းကို မသိခဲ့သေးပါဘူး… ပထမလား. ဒုတိယလား. တတိယလား ပေါ့….

ဆုတွေစပေးပါတယ်.

ကျွန်တော် ပထမမရခဲ့ပါဘူး.

ဒုတိယဆု ကြေငြာတော့လည်း ကျွန်တော့်နာမည် မဟုတ်ခဲ့ပါဘူး

တတိယဆုကိုလည်း ကျွန်တော်လွဲချော်ခဲ့ပါတယ်.

နှစ်သိမ့်ဆု ငါးဆု ကြေငြာတော့မှ ကျွန်တော်ဆုတက်ယူခွင့် ရခဲ့တယ်.

ကျွန်တော် ရှက်လိုက်တာ… ဒီလိုမျိုး နှစ်သိမ့်ဆုလောက်သာ ရခဲ့မယ်ဆိုရင် အဖေ့ကို မခေါ်လာခဲ့ပါဘူး.

အဖေကတော့ ကျွန်တော့် မျက်နှာညှိုးသွားတာကို မြင်လို့လားမသိ. ကျွန်တော့်လက်မောင်းကို အသာညှစ်လို့ အားပေးပါတယ်.

“ငါ့သားက နှစ်သိမ့်ဆု ငါးဆုထဲမှာတောင် ပထမဆုံး နာမည် အခေါ်ခံရတာပဲ. အဲဒါ နာရီဝက်လောက် နောက်ကျသွားလို့. မဟုတ်ရင် ပထမရမှာ သေချာတယ်.” တဲ့.

ကျွန်တော်နဲ့ အဖေနဲ့ အဲဒီ့နေ့က အခမ်းအနား စာတမ်းကြီးကို နောက်ခံထားလို့ ဓာတ်ပုံရိုက်ခဲ့ကြတယ်. တိုက်ပုံအင်္ကျီနဲ့ ရခိုင်လုံချည်နဲ့ ခြေထောက်ကို တင်ပျဉ်ခွေချိတ်လို့ ခပ်ပြုံးပြုံးနဲ့ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ အဖေ့ကို ကျွန်တော် ဒီနေ့အထိမှတ်မိနေခဲ့သေးတယ်.

ကျွန်တော့်ကို အမြဲအားပေးနေခဲ့တာ ကျေးဇူးပါ အဖေ…



အိမ်ပြန်ရောက်တော့ ရလာတဲ့ ဆုကို ရင်ခုန်စွာနဲ့ ဖွင့်ကြည့်ခဲ့မိတယ်.

UNDP စာတမ်းပါတဲ့ အဖြူရောင် တီရှပ်အင်္ကျီ အကြီးကြီးပဲ… အဖေ၀တ်ကြည့်တယ်. အဖေနဲ့တောင် ကြီးနေတာ တွေ့ရတယ်.

ဒါပေမယ့် အဖေက ခပ်နောက်နောက်ပြောပါတယ်.

ချောင်ချောင်ချိချိ ၀တ်ရတာပေါ့တဲ့… ငါ့သားဆုရတဲ့ အင်္ကျီဝတ်ရတာ ၀တ်နေရင်းနဲ့တောင် ဂုဏ်ယူတယ်တဲ့…

ကျွန်တော် အဲဒီ့တုန်းက အဖေ့ကို ကြည့်နေရင်း တစ်ချက်တွေးလိုက်မိတယ်. နောက်တစ်ခါဆိုရင် ငါ ပထမနေရာရအောင် ကြိုးစားမယ်လို့…



ကျွန်တော် ခုနစ်တန်းနှစ်မှာ အဖေ ဆုံးသွားခဲ့တယ်. ကလေးမကျ လူကြီးမကျ အခြေအနေမှာ ကျွန်တော့်ဘ၀အတွက် လမ်းညွှန်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတာ ကျွန်တော့်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့တယ် အဖေ.

နောက်တစ်ခု ကျွန်တော်မှတ်မိနေတာက အဖေဆုံးသွားတော့ ၀တ်ထားတဲ့ အင်္ကျီလေးက ကျွန်တော် ဆုရခဲ့တဲ့ တီရှပ်အင်္ကျီပွပွကြီးလေ…

ကျွန်တော်ကျေနပ်ပါတယ် အဖေ…

အဖေ ဘ၀ကူးသွားခဲ့တာတောင် ကျွန်တော့်ကို ချစ်မြတ်နိုးမှုတွေ ပြသခဲ့လို့ ကျေးဇူးတင်ပါတယ်…



နေရာအနှံ့ကျင်လည် ဖြတ်သန်းနေခဲ့ရင်းက အဖေ့ရဲ ဆွေမျိုးတွေနေထိုင်တဲ့ ဒီမြို့လေးကို ပြောင်းလာခဲ့မိတယ်.

အမေထင်ခဲ့သလို အမျိုးတွေက ကျွန်တော်တို့ မိသားစုကို ဖေးမကူညီတာ မရှိခဲ့ပါဘူး အဖေရယ်. အကူအညီလာတောင်းတယ်လို့ ထင်သလို၊ ခပ်ရိုင်းရိုင်းပြောရရင်တော့ လက်ဝါးလာဖြန့်တယ်လို့ ထင်တဲ့ အကြည့်တွေနဲ့ ဆက်ဆံခဲ့တယ်.

အမေဒီကို ပြောင်းလာခဲ့တဲ့အတွက် အရမ်းမှန်သွားခဲ့တယ်.

ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ မခံချင်စိတ်တွေ မိုးကုပ်စက်ဝိုင်းထိ မြောက်တက်သွားခဲ့လို့ပဲ.

အခု ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့ မိတ္ထီလာ ကန်တော်ကြီးကို စိုက်ကြည့်နေရင်းက ကျွန်တော်တိုးတိုးလေး ပြောလိုက်ခဲ့မိပါတယ်.

“ကျွန်တော် All D ရအောင် ကြိုးစားမယ် အဖေ… အဖေ ကျွန်တော့်ကို ဘာဝယ်ပေးမှာလဲ ဟင်”

...
..
.
တစ်စုံတစ်ရာကို ကြားလိုက်ရသည်ဟု ကျွန်တော်ထင်လိုက်မိခဲ့သည်...

“ကျေးဇူးပါ အဖေရယ်....”

……….

မြန်မာစာ မဖြေခင်ညက ကျွန်တော် မြန်မာစာကို လုံးဝမကျက်ခဲ့ဘူး အဖေ.

အဲဒီ့အစား ကျွန်တော် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ မင်္ဂလာမောင်မယ် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ ပိုက်ဆံ ၃၀၀ ကျပ်ထဲက ဖဲ့ပြီး ၀ယ်ထားတဲ့ စကားပုံစာအုပ်လေးတစ်အုပ်ကို အလွတ်ကျက်နေခဲ့တယ်.

ဆရာတွေက ပြောခဲ့တယ်လေ.

မြန်မာစာမှာ ဂုဏ်ထူးထွက်ဖို့က စာစီစာကုံးကောင်းဖို့ သိပ်အရေးကြီးတယ်တဲ့…

အမေက စာမကျက်ဘူးလား မေးတယ်.

ကျွန်တော်ကလည်း ရင်ကော့လို့ ပြန်ဖြေခဲ့တယ်.

အကုန်ရပြီးသားလို့…

အဲဒီ့ညက မှတ်မှတ်ရရ တီဗွီကလာတဲ့ စက်ရုပ်ကားတစ်ကားကိုတောင် ပြီးတဲ့ အထိကြည့်လိုက်ခဲ့သေးတယ်.

နောက်တစ်နေ့ စာမေးပွဲခန်းထဲမှာ ကျွန်တော် ကိုယ်တိုင် ခန့်မှန်းထားတဲ့ စာစီစာကုံးခေါင်းစဉ်နဲ့တိုးတယ်.

ကျက်မှတ်ထားတဲ့ စကားပုံလေးတွေကို နေရာတကျ ထည့်သုံးရင်းက ကျွန်တော်သိနေခဲ့တယ်.

ငါ မြန်မာစာ ဂုဏ်ထူးထွက်ပြီလို့….

….

စာမေးပွဲ ပြီးတော့ ကျွန်တော်တို့ မိသားစု မန္တလေးကို ပြောင်းသွားခဲ့တယ်. မန္တလေးမှာ ရှိနေတုန်း ကျွန်တော့်ဘ၀ရဲ့ အပြောင်းအလဲတွေကို စတင်ဖန်တီးနိုင်ခဲ့တယ် အဖေ. အရမ်းရှက်တတ်၊ လူကြောက်တတ်တဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို ကောင်းစွာ ပြုပြင်ထိန်းသိမ်းရင်းက ထက်မြက်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုကို မွေးမြူပျိုးထောင်နိုင်ခဲ့တယ်.

အရင်းအနှီးတွေတော့ များတာပေါ့…

စာမေးပွဲ အောင်စာရင်းထွက်တော့ ကျွန်တော့်သူငယ်ချင်းဆီကနေ တစ်ဆင့် သတင်းကြားရပါတယ်.

ကျွန်တော် လေးဘာသာ ဂုဏ်ထူးထွက်တယ်တဲ့…

ကျွန်တော် ၀မ်းသာသလို ၀မ်းနည်းသွားခဲ့တယ်.

တကယ်ဆို ငါးဘာသာလုံး ဂုဏ်ထူးထွက်ခဲ့သင့်တာလေ…

အဖေ့ရဲ့ ဆန္ဒကို မလိုက်လျောနိုင်ခဲ့လို့ စိတ်မကောင်းဘူး. အမေနဲ့ အစ်မတွေကတော့ ပျော်နေကြတာပေါ့. ကျူရှင်မယူခဲ့တဲ့ ဘာသာတွေကိုပါ ဂုဏ်ထူးထွက်အောင် လုပ်နိုင်ခဲ့လို့ ဘာသာစုံ ကျူရှင်ယူတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကတောင် ချီးကျူးကြပါတယ်. နောက်ပိုင်းမှာ ကျွန်တော်သိလိုက်ရတာက ကျွန်တော် အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာပါပဲ…

ကျွန်တော်အဖေ့ဆီက ဘာမှမရခဲ့ဘူးနော်.

အဲဒီ့ညက အဖေ့ကို ကျွန်တော်အိပ်မက်မက်ခဲ့တယ်.

အဖေက ကျွန်တော့်ကို ပြိုင်ဘီးလေးတစ်ဘီး လက်ဆောင်ဝယ်ပေးခဲ့တယ် လို့ ကျွန်တော်အိပ်မက်မက်ခဲ့တယ် အဖေ…

….

ရန်ကုန်လေဆိပ်ကနေ ထွက်ခွာတော့ ကျွန်တော်ဟာ အရမ်းကို ပျော်နေခဲ့တဲ့ ကလေးလေးတစ်ယောက်လိုပဲတဲ့…. လေဆိပ်မှာ လေယာဉ်ပေါ်မတက်ခင်ထိ ကိုင်ထားတဲ့ ဖိုင်တွဲအနီလေးကို မြှောက်ရင်းမြှောက်ရင်း လက်လှမ်းပြနေတဲ့ ကျွန်တော့်ကို ကြည့်နေကြတဲ့ နှုတ်ဆက်သူတွေက ပြောတယ်တဲ့…

ဟိုကောင်လေးပဲ ကောင်းတယ်. တော်တော်ပျော်နေပုံပဲတဲ့. လက်ကလည်း ပြနေတာ မညောင်းနိုင်ဘူး တဲ့…

သူတို့ဘေးနားမှာ ရပ်နေတဲ့ အမေ ငိုနေရင်းက ချောင်းတဟွတ်ဟွတ် ဆိုးမိတယ် လို့ အစ်မက ပြန်ပြောပြတယ်.

အစ်မက ပြောပါသေးတယ်.

လေယာဉ်ကြီး ကောင်းကင်ထဲကို ထိုးတက်သွားတော့ အမေ မိုက်ခနဲ တစ်ချက်ဖြစ်သွားတယ်တဲ့…

သူတို့လည်း ဘယ်လိုခံစားလိုက်ရမှန်း မသိဘူးတဲ့…

ကျွန်တော်ကရော…



ခါးပတ်တွေ ဖြုတ်လို့ရတော့ ကျွန်တော် အိမ်သာထဲကို သွားခဲ့ပါတယ်. အိမ်သာထဲမှာ ကျွန်တော်တစ်ယောက် လေယာဉ်ပျံကြီးရဲ့ စက်သံကို အခွင့်ကောင်းယူလို့ ငိုရှိုက်နေခဲ့မိတယ်.

ကျွန်တော် အိမ်နဲ့ခွဲခွာပြီး ရပ်ဝေးကို တစ်ခါမှ မသွားခဲ့ဖူးတာ အဖေ သိပါတယ်လေ…

ရန်ကုန်နယ်နိမိတ်ကို ကျော်သွားတော့ လေယာဉ်ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းတွေက အဖေနဲ့ ကျွန်တော်တို့ မိသားစု ရန်ကုန်ကနေ စစ်တွေကို ပြောင်းသွားတော့ လေယာဉ်စီးတဲ့ အဖြစ်အပျက်ကို သွားသတိရစေခဲ့တယ်.

လေယာဉ်ပေါ်ကနေ မြင်ရတဲ့ ဦးထိပ်ချွန်ချွန် အရာလေးတစ်ခုကို ကြည့်ရင်းက ကျွန်တော် လွှတ်ခနဲ အော်လိုက်ခဲ့တာ အဖေမှတ်မိသေးလား…

“ဟိုးမှာ မြင်းမိုရ်တောင်ကြီး မြင်းမိုရ်တောင်ကြီး… ” တဲ့…

အဖေက ကျွန်တော်ပြတဲ့နေရာကို ကြည့်ရင်း တဟားဟား အော်ရယ်ပါတယ်. လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကလည်း ကျွန်တော်ပြတဲ့နေရာကို ကြည့်ကြရင်း ကျွန်တော့်ကို ချစ်မြတ်နိုးစွာ ရယ်ပြကြပါတယ်.

ဘာသာရေးစာပေတွေ ဖတ်နေခဲ့တဲ့ ကျွန်တော်တစ်ယောက် သိထားခဲ့တာက လေယာဉ်ပျံကြီးနဲ့ သွားရင်တော့ မြင်းမိုရ်တောင်ကို မြင်ကောင်းမြင်ရနိုင်တယ်လို့လေ…

အဖေက ကျွန်တော့်ဆံပင်တွေကို ထိုးဖွရင်း ပြောခဲ့ပါသေးတယ်.

“မြင်းမိုရ်တောင်က လေယာဉ်ပျံထက် ပိုမြင့်တယ်. အဲဒါ သဘောင်္ပါ” တဲ့…

သေသေချာချာ ပြန်ကြည့်တော့မှ ရွက်သင်္ဘောတစ်စီးကို အပေါ်ကနေ မြင်နေရတာ ဖြစ်နေတယ်လေ.

ခု ကျွန်တော် လေယာဉ်ပေါ်က မြင်နေရတဲ့ တိမ်စိုင်တွေရဲ့ အပေါ်ခပ်လှမ်းလှမ်းကို လှမ်းမျှော်ကြည့်ခဲ့မိတယ်.

ယုံချင်ယုံ မယုံချင်နေပါ အဖေ…

ကျွန်တော် မြင်းမိုရ်တောင်ကြီးကို တွေ့လိုက်ရတယ်….

အဖေ့မျက်နှာပါတဲ့ မြင်းမိုရ်တောင်ကြီးပေါ့….



ဖြတ်သန်းခဲ့ရတဲ့ ဘ၀တလျှောက်မှာ ကျွန်တော်အကြိမ်ကြိမ် ကျရှုံးခဲ့ရဖူးသလို ကျရှုံးခဲ့တိုင်း အဖေ့ရဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော်ကိုယ့်ဘ၀ကို ပြန်လည်မြှင့်တင်နိုင်ခဲ့တယ်.

ကိုယ့်ကိုယ်ကို ယုံကြည်နေဆဲပါ အဖေ…

ဟိုတစ်လောက အမေတို့နဲ့ စကားပြောဖြစ်ခဲ့တယ်. အစ်မက မဂ္ဂဇင်းတစ်ခုမှာ ပါတဲ့ ကျွန်တော့်ရဲ့ ဆောင်းပါးကို အိမ်ကိုလာတဲ့ လူတိုင်းကို လိုက်ပြရတာ အမောပဲတဲ့. အမေကလည်း ဖတ်တာတော့ ဖတ်တယ်. နားမလည်ပေမယ့် ကောင်းတာတွေ ရေးထားမှန်းတော့ သိတယ်တဲ့.

“မင်းက ဘယ်လိုကနေ ဘယ်လို စာတွေ ရေးတတ်လာရတာလဲ” တဲ့.

ထုံးစံအတိုင်းပေါ့ . ကျွန်တော်ကတော့ “ဟတ်ဟတ်ဟတ်” နဲ့ ရယ်နေမိခဲ့တယ်…

အစ်မက ပြောပါသေးတယ်.

“သူငယ်ချင်းတွေနဲ့ တွေ့ရင် မောင်လေးအကြောင်း ပြောဖြစ်တယ်” တဲ့

“ငါ့မောင်လေးက ကျောင်းတက်နေရင်းနဲ့ ပိုက်ဆံတွေ ပို့ပြီး မိသားစုကို ထောက်နေတာ” တဲ့.

“ငါ့မောင်လေးက …. နိုင်ငံမှာ” တဲ့.

“ငါ့မောင်က ဘလော့ဂါ” တဲ့

ကျွန်တော် ၀မ်းသာပါတယ်. ဂုဏ်ယူပါတယ်.

ဝမ်းနည်းတာတစ်ခုကတော့ အဖေ့ကို ကျွန်တော် ရေးသားတဲ့ စာတွေ၊ ကဗျာတွေ ပြသခွင့်မရှိတော့တာ၊ ကျွန်တော့် ချွေးနှဲစာနဲ့ လုပ်ကိုင်လို့ ရလာတဲ့ ငွေကြေးနဲ့ အဖေ့ကို ကျေးဇူးဆပ်ခွင့် မကြုံကြိုက်နိုင်တော့တာ၊ ဘယ်သူမှ မထင်ထားတဲ့ အောင်မြင်မှုတစ်ခုကို ကျွန်တော် အရယူပြနိုင်ခဲ့တော့ အဖေ့ကို ကျွန်တော်လိုချင်တာ ပူဆာခွင့် မရနိုင်ခဲ့တာ…

အဲဒါတွေအတွက် ကျွန်တော်ဝမ်းနည်းမိတယ် အဖေ…

အဖေဖြစ်စေချင်ခဲ့တဲ့ အိပ်မက်တွေကို ကျွန်တော်အကောင်အထည်ဖော်နေဆဲပါ…

လက်ရှိအချိန်မှာ ကျွန်တော့်ဘ၀ရဲ့ နိမ့်ကျချိန်တစ်ခုကို ဖြတ်သန်းနေရတယ်.

ကျွန်တော့်ကို မချစ်မနှစ်သက်သူတွေရဲ့ စကားလုံးတွေအောက်မှာ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာတွေ ပွန်းပဲ့နေရတယ်.

စိတ်ဓာတ်တွေ ယိုင်လဲလုဖြစ်သွားခဲ့ရတာတွေနဲ့လည်း ကျွန်တော်ကြုံတွေ့နေရတယ်.

ဒါပေမယ့် အဖေ…

ကျွန်တော်က အဖေ့ရဲ့သားပါ…

လူသားဆန်စွာ ၀မ်းနည်းမယ်. ငိုကြွေးမယ်.

လူသားဆန်စွာနဲ့ပဲ ထူထောင်မယ်. ဦးမော့မယ်. အဖေ…

အဖေ ဘယ်တော့မှ စိတ်မပျက်စေရပါဘူး….

အဖေက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲရှင်သန်နေတဲ့ အမြုတေတစ်ခုပါ….

…..


ညနေခင်း၏ ရောင်ခြည်လက်တံတို့ ရုပ်သိမ်းသွားခဲ့ကြလေပြီ.

ခပ်လှမ်းလှမ်းတွင် မြင်နေရသော လွတ်မြောက်ရေး ရုပ်တုကြီးကို ကြည့်ရင်းက အံကို တင်းတင်းကြိတ်မိသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်မိသည်။ ဆံပင်ကို ဆတ်ခနဲ တစ်ချက်ခါထုတ်လိုက်တော့ မျက်ဝန်းထောင့်မှ မျက်ရည်စတစ်ချို့ မြစ်ထဲသို့ လွင့်စင်ကျသွားခဲ့သည်။

လှိုင်းလုံးတစ်လုံးက ၀ုန်းခနဲ ကမ်းစပ်သို့ရိုက်ခတ်သည်။ စင်ရော်တစ်ကောင်က အသံကိုမြှင့်လျက် ကြွေးကြော်သည်။ မီးပြတိုက်မှ မီးရောင်တစ်ခု သူ့ဖက်သို့ လက်ခနဲ ဖြာကျသည်။

အင်္ကျီကို ဇစ်ဆွဲစေ့လျက် မတ်တပ်ရပ်လိုက်ခဲ့သည်။ ရေပြင်ကျယ်ကို စိုက်ကြည့်နေခဲ့ရင်း အသက်ကို မှန်အောင် ရှူနေခဲ့သည်။ မျက်စိအစုံကို ခေတ္တမှေးမှိတ်လျက် ခန္ဒာကိုယ်တွင် တင်းမာနေသော အကြောအခြင်များကို ဦးခေါင်းမှ ခြေဖျားအထိ သတိထားပြီး ဖြေလျှော့လိုက်သည်။

မြစ်ထဲတွင် ခုတ်မောင်းသွားသော သင်္ဘောတစ်စင်းဆီမှ ဥဩသံရှည်တစ်ချက်ကို ကြားလိုက်ရသည်..

ကောင်းကင်သို့ တစ်ချက်မော့ကြည့်ရင်းက စကားလုံးများကို ဖြေးညှင်းပြတ်သားစွာ သူရေရွတ်လိုက်ခဲ့သည်…

“ကျွန်တော် ကိုယ့်ကိုယ်ကို ရှင်သန်ယုံကြည်နေဆဲပဲ အဖေ…”

ဂျက်ကတ်အင်္ကျီထဲမှ Mp3 Player လေးကို ထုတ်လိုက်ရင်း နားထောင်သင့်သည့် သီချင်းတစ်ပုဒ် ကို ရွေးချယ်လိုက်သည်။

နားကြပ်ကို တပ်လျက် မြစ်ကမ်းဘေးမှ သူထွက်ခွာလာတော့ ဘေးတစ်ဖက်တစ်ချက်မှ သစ်ပင်တို့က သူ့ကို ဦးညွှတ်လျက် ကောင်းချီးဩဘာပေးနေကြသည်ကို ခံစားလိုက်ရသည်…



ဇန်န၀ါရီ (၂)ရက်နေ့တွင် ဆုံးပါးကွယ်လွန်သွားခဲ့သော ကျေးဇူးရှင် ဖခင်ကြီးအား ဂုဏ်ပြုရေးဖွဲ့ပါသည်...

Thursday, November 08, 2007

ရွက်လွှင့်နေဆဲ ဘ၀တစ်ခု…



ဒီနေ့ ကျွန်တော့်ရဲ့ မွေးနေ့ပါ. ကျွန်တော့်ကို ချစ်ခင်တဲ့ မိတ်ဆွေအပေါင်းအသင်းများရဲ့ Wishes လေးတွေကို စုစည်းပြီး အမှတ်တရပို့စ်လေး တင်လိုက်ပါတယ်. ဒီမှာက အခုမှ ၈ ရက်ထဲဝင်တယ်ဗျ. ၈ ရက်နေ့ည သန်းခေါင်ထိ ဆီဗုံးမှာ တွေ့တဲ့ msg လေးတွေကို update လုပ်ပြီး တင်သွားပါမယ်. အမှတ်တရပို့စ်လေးကိုတော့ အလုပ်ကပြန်လာမှပဲ ရေးပါတော့မယ်...

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

8 Nov 07, 20:25
အောင်သူ: ကောင်းသောနေ့လေးဖြစ်ပါစေ
8 Nov 07, 20:24
အောင်သူ: ဆရာရန် မင်္ဂလာပါ။
8 Nov 07, 14:57
စိုးထက် - Soe Htet !: မင်္ဂလာနံနက်ခင်းပါ ... :) အဆင်ပြေပါစေ ... :)
8 Nov 07, 14:54
ဂျေ: မွေးနေ့ ရှင်ပျောက်နေပါလား မောက်နေပြီထင်တယ် မွေးနေ့ လုပ်ပေးထားတယ်ဗျ
8 Nov 07, 14:35
မေတ္တာ: 8-bornအတွက် the best!!!
8 Nov 07, 13:50
မိုးထက်နေ: ပို့ အသစ်တင်ထားပေါတယ်ခင်ဗျာ http://shwebothar.blogspot.com/
8 Nov 07, 13:07
NTA: Happy Bithday man!
8 Nov 07, 12:59
ခွန်မြလှိုင်: ကိုရန်အောင့်အတွက် မွေးနေ့ ပါတီကို Monde Mariah Carey ကိုဖိတ်ပြီး လုပ်ပေးထားတယ် မွေးနေ့ပါတီ ဘလော့မှာ လာတက်ဦးနော်
8 Nov 07, 11:35
mtj: happy birthday ပါ ကိုရန်အောင်
8 Nov 07, 11:08
လူသစ်: တို့လဲဆုတောင်းပေးမယ်နော်။ သက်တော်ရာကျော်ရှည်စေသော်။ မိန်းမချောချော ရစေသော်။ ရပြီးရင်လဲ ထပ်ရပါစေသော်။ စိတ်သွားတိုင်းကိုယ်ပါ စေသော်။ သော်။ သော်
8 Nov 07, 09:33
kyawkhaing: မွေးနေ.မှာ ပျော်ရွှင်ပါစေဗျာ။ နောင်လာမယ်. နှစ်ပေါင်းများစွာတိုင်အောင်ပေါ.။
8 Nov 07, 09:31
kyawkhaing: မွေးနေ.မှာ ပျော်ရျွှင်ပါစေဗျာ။ မရောက်တာကြာတာဆောရီးဗျို.။
8 Nov 07, 08:23
ရှမ်းကလေး: မွေးနေ့ အတွက်ဘာလက်ဆောင်မှမပေးတော့ဘူးဗျာ။ ကိုရန်အောင်။ ကိုရန်အောင်ရဲ့မွေးနေပွဲလေးမလာဖြစ်ပေမဲ့အိမ်မက်ထဲကလာခဲ့မယ်ကိုရန် ရေ၊
8 Nov 07, 07:59
ဂျစ်တူး: ကောင်းသော မွေးနေ့ ဖြစ်ပါစေ မောင်ရန် ။ ရည်မှန်းချက်တွေနဲ့ ပြည့်စုံတဲ့ ဘ၀တခုမှာ ဖြတ်သန်းနိုင်ပါစေ ။
8 Nov 07, 07:02
စိုးထက် - Soe Htet !: ဒီမွေးနေ့မှ စပြီး အမြဲ အဆင်ပြေပါစေ ... :)
8 Nov 07, 06:54
နှင်းသဇင်: ကိုရန်အောင် နှင်းကိုလင့်ခ်မယ်ဆို မလင့်ခ်သေးဘူးလား လင့်ခ်ချင်တဲ့အချိန် လင့်ခ်လို့ရပါတယ်
8 Nov 07, 06:52
နှင်းသဇင်: မွေးနေ့မှာ ပျှော်ရွှင်ပါစေ HAPPY BIRTHDAYပါ တစ်ရက်လောက်စောမွေးရင် နှင်းနဲ့ မွေးရက်တူနေပြီ
8 Nov 07, 06:14
နှင်းဆီနီနီ: ကိုရန်အောင်ရေ မွေးနေ့ဆုတောင်းနောက်ကျနေပြီလားမသိဘူး။ ပျော်ရွှင်ပါစေမွေးနေ့မှာ
8 Nov 07, 06:12
tu tu: ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...
8 Nov 07, 06:04
မေပျို: ၈ရက်နေ့လား မသိဘူး။ ၇ရက်နေ့ထင်လို့။ ဒါဆိုထပ်ဆုတောင်းလိုက်ပီနော်။ HAPPY BIRTHDAY မွေးနေ့မှာ ပျော်ရွှင်ပါစေ။
8 Nov 07, 05:22
ပန်ဒိုရာ: တိုက်ဆိုင်နေပါလား ဒီနေ့ ကိုယ့်ချစ်သူမွေးနေ့ ဘာညာ့မွေးနေ့ မောင်ရန့်မွေးနေ့.. အောင်မြင်ပါစေ မောင်ရန်
8 Nov 07, 05:05
ulmuka: မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။
8 Nov 07, 05:02
ဟေမာ: စာနာစွာလေငါဆုတောင်း။ ဟူးမနည်းရိုက်ယူရတယ်........။
8 Nov 07, 05:01
ဟေမာ: “ပျော်ရွှင် ဘွယ်ရာမွေးနေ့ ပါ”...ငါအလျှင်စလို့ ဆုမတောင်းလာ။ ၃၆၅ ရက်ထဲ..ဘာကြောင့်တစ်ရက်ထည်းကွက်ပျော်မလဲ။ပူပင်တာတွေတစ်ကန့်သပ်သပ်၊ဖြူစင်စွာလေစက္ကန့် မလပ်၊ဒို့ ဘ၀ခရီးဟာအလွန်တိုတောင်း၊လိုအင်ဆန္တပြည့်စေကြောင်း
8 Nov 07, 03:58
ပီကေ: ဒီပို့စ်လေး ဖတ်ရမှ ကိုရန်အောင်ရဲ့ မွေးနေ့မှန်း သိတယ်။ Birthday မှာ Happy ပါစေဗျာ ။
8 Nov 07, 03:55
သမုဒယ: happy birthday!
8 Nov 07, 03:17
K: Happy Birthday Yan Aung :-)
8 Nov 07, 02:39
ဂျေ: ကိုရန် ခင်များအတွက် မွေးနေ့ လုပ်ပေးထားတယ် ကျုပ်အလုပ်နောက်ကျမှာစိုးလို့ ပြေးပြီဗျို့ 
8 Nov 07, 02:14
မောင်စစ်: ကိုရန်အောင်-ရေ ဟက်ပီး ဟက်ပီး ဘဒ်ဒေး ဗျာ- မွေးနေ့လာတဲ့သူတွေကို တစ်ခုခု ဧည့်ခံပါဦး-
8 Nov 07, 01:13
ဂျေ: ကိုရန် ခဏစောင့်ဗျာ ဒီနေ့ အလုပ်က ပြန်လာမှ ခင်ဗျားအတွက် မွေးနေ့ လုပ်ပေးမယ် ခုတော့ အလုပ်ပြေးရအုန်းမယ်ဗျို့ 
8 Nov 07, 01:03
ဂျေ: Happy Birthday Ko Yanမွေးနေ့ မှာ မိဘအတွက် အမှတ်တရဖြစ်အောင် လုပ်ပါလားကျနော်ဆို မွေးတဲ့ အချိန်မှာ ဘုရားရှစ်ခိုးပြီး မိဘကို အာရုံဏ်ပြုတယ် မွေးနေ့ ဘဲပျော်တာပါ next dayကျ ပျော်စရာမကောင်းဘူးအသက်ကြီးသွားလို့
8 Nov 07, 00:28
ဝင်္ကပါ: မတူဘူး မတူဘူးမှားလို့။ အစ်မဘာညာပြီးမှ ကိုရန်အောင်။
8 Nov 07, 00:15
မင်းယွန်းသစ်: happy birthday ကိုရန်ရေ... အနီးအနားမရှိလို့ ရှိရင် ဘီယာလိုက်တိုင်း ခိုင်းတယ် ဟတ်ဟတ်
8 Nov 07, 00:13
ဝင်္ကပါ: မွေးနေ့လား။ Happy Birthday ပါနော်ကိုရန်အောင်။ ၈ရက်တောင်ရောက်ပြီပဲ။ မှတ်ထားလိုက်ဦးမယ်အစ်မဘာညာနဲ့အတူတူပဲပေါ့
7 Nov 07, 23:16
Yan>: အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ. ခဏနေရင် ပြန်လာခဲ့ပါမယ်. အခုလောလောဆယ် အလုပ်နည်းနည်းများနေသေးလို့ပါ. ဆီဘောက်စ်ထဲက msg လေးတွေကို အမှတ်တရ ကူးယူပြီး ပို့စ်အနေနဲ့ တင်သွားဖို့ စိတ်ကူးထားပါတယ်. See ya!
7 Nov 07, 23:14
Yan>: အားလုံးပဲ မင်္ဂလာပါခင်ဗျာ. နိုဝင်ဘာ (၈) ရက်နေ့က ကျွန်တော့်ရဲ့ မွေးနေ့ဆိုတာ မှန်ပါတယ်. ဆုတောင်းမေတ္တာပို့သပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများ အားလုံးကို ကျေဇူးလှိုက်လှဲစွာ တင်ရှိပါတယ်.
7 Nov 07, 22:30
ဘာညာ: ကိုရန်ကြီးရေ.. ဟပ်ပီဘတ်ဒေးးးးးးးးးးးးးးးးးးးးးး
7 Nov 07, 22:07
မိုးချစ်သူ: Happy Belated Birthday Ko Yan Aung!!!
7 Nov 07, 21:32
chaos: ကိုစိုးထက်ကြီးက ဟက်ပီးဘတ်ဒေးတဲ့ ကိုရန်အောင်မွေးနေ့မှာပျော်ရွှင်ပါစေ
7 Nov 07, 21:24
မေပျို: ၂၉ လား ၃၀လားမသိဘူး...။ ၂၃တော့ လုံးဝမဟုတ်ဘူး သေချာတယ်။ ဟတ်ဟတ်ဟတ်
7 Nov 07, 21:22
ချစ်သူ: ကိုရန်ရေး အချိန်ရရင် ၀င်ကြည့်ပါအုံး ထိုင်းမှာ မြန်မာတွေဘာတွေရင်ဆိုင်နေရလဲဆိုတာ
7 Nov 07, 21:15
demo: အားလုံးပဲ.. ကိုရန့်အသက်ကို မေးကြပါ... ဟတ်ဟတ်..
7 Nov 07, 21:15
demo: ဒီတခါတော့ မွေးနေ့အစစ်ဖြစ်ပြီနော်.. မွေးနေ့အတုဆိုပြီး ဘာညာနဲ့ နောက်ခဲ့တဲ့ ဟိုးအရင်ချိန်တွေ ပြန်သတိရမိပါ၏.. ဘယ်နှစ်နှစ်ပြည့်တာလဲ.. 23 တော့ မဟုတ်ပါဘူးနော်.. ဟတ်ဟတ်ဟတ်...
7 Nov 07, 21:12
မေပျို: စိတ်ဓါတ်မကျဘဲ ပို့စ်တွေအများကြီး ရေးနိုင်ပြီး ဘလော့လောကကြီးကို လှပအောင် စွမ်းဆောင်နိုင်ပါစေ...။ သြော် ဒါနဲ့ သီတင်းကျွတ်နေပြီနော်...။ မေ့နေမှာစိုးလို့...။ ဘယ်တော့စားရမှာလဲ...? ဟတ်ဟတ်ဟတ်:P
7 Nov 07, 21:10
demo: Happy Birthday "Ko Yan" =) ပျော်ရွှင်ပါစေ..
7 Nov 07, 21:05
မေပျို: နောက်ကျသွားလားတော့မသိဘူး။ ဟတ်ပီးဘတ်ဒေးလုပ်လိုက်ဦးမယ်။ ကိုရန်အောင် မွေးနေ့မှာ ပျော်ရွှင်ပါစေ။
7 Nov 07, 20:34
စိုးထက် - Soe Htet !: ဟက်ပီး ဘတ်သ်ဒေး တူး ယူး ....
7 Nov 07, 17:35
မျှားပြာ: ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဗျာ .. အဆင်ပြေပါစေ..။ မလေး တောင်းသွားလို့ တကယ်လားဗျ ကိုရန်
7 Nov 07, 16:59
ဂျေ: လာဗျာ ကိုရန် တပွဲတလမ်း ပြိုင်ရအောင် လိုက်ခဲ့ဗျာ
7 Nov 07, 16:45
AinChannMyay: ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ...

ကျွန်တော့်ရဲ့ လက်ရှိစိတ်အခြေအနေကို အကောင်းဆုံးဖြေလျှော့ပေးနေတဲ့ စန္ဒရား သံစဉ်လေးကိုပါ နားဆင်နိုင်ဖို့ တင်ပေးလိုက်ပါတယ်…






Thursday, August 09, 2007

ခွပ်ဒေါင်း


အချိန်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ…
နာရီက မနက်ခင်း ၃ နာရီကျော် ၄ နာရီလောက်…

ရန်ကုန်မြို့တစ်မြို့လုံး အပ်ကျသလို ငြိမ်သက်တိတ်ဆိတ်နေတယ်… ခုတင်အောက်မှာ အိပ်နေတဲ့ ကျွန်တော့်ကို အစ်ကိုအစ်မတွေက လှုပ်နှိုးလို့ နိုးသွားခဲ့ပါတယ်. ဟုတ်ပါတယ်. ကျွန်တော်တို့အားလုံး ခုတင်အောက်မှာ အိပ်နေတာပါ. ခုတင်အောက်ထဲမှာ အမေက ဂုန်နီအိတ်တွေ ခင်းပေးပြီး ခေါင်းအုံးလေးတွေ ထည့်ပေးထားပါတယ်. ခုတင်ပေါ်မှာ အိပ်ရင် ကျည်ဆန်မှန်မှာ စိုးလို့တဲ့…

အမေချဲ့ပြောတယ်လို့များ မထင်လိုက်နဲ့နော်. ကျွန်တော်တို့ နေတဲ့ တိုက်ရဲ့နောက်ဖက်က ၃၁ လမ်းပါ. အဲဒီ့နောက်ကနေ ဂျင်ကလိ ပစ်သံတွေ တရွှီးရွှီးနဲ့ ညတိုင်း ကြားရပါတယ်. ကျွန်တော်တို့ အိမ်ရှေ့က မြို့တော်ခန်းမကြီးလေ…

အဲဒီ့ဖက်ကနေပြီးတော့လည်း ဒီဖက်ကို သေနတ်တွေနဲ့ ပြန်ပြန်ပစ်ပါတယ်. ဒီလို သေနတ်သံတွေ၊ ဂျင်ကလိသံတွေကြောင့် ခုတင်ပေါ်မှာ မအိပ်ခိုင်းဘဲ ခုတင်အောက်ထဲမှာ ကျွန်တော်တို့ မောင်နှမတွေကို ၀င်အိပ်စေခဲ့တာပါ…

ခုနက စကားကို ပြန်ဆက်ရမယ်ဆိုရင်ပေါ့ဗျာ
အိပ်မောကျနေတဲ့ ကျွန်တော့်ကို အစ်ကိုအစ်မတွေက လှုပ်နိုးလိုက်ပါတယ်. အမေကလည်း ကျွန်တော့်ကို လက်ကလေးဆွဲပြီး အိမ်ရှေ့ကို သွားကြည့်ဖို့ တိုးတိုးလေး ပြောပါတယ်. နားထဲမှာ စက်သံကြီးတွေ ကြားနေရတယ်. မျက်စိတွေကလည်း အိပ်မှုန်စုံဖွား၊ မီးကလည်း မထွန်းရဘူးလေ (နေ၀င်မီးငြိမ်းအမိန့်ထုတ်ထားတယ်) အိမ်ရှေ့ကို ကုန်းကုန်းကွကွလေး ထွက်လာခဲ့ကြတယ်.

ဝရန်တာကို ရောက်တော့ အမေက ကျွန်တော့်ကို ပြပါတယ်.

ဟိုမှာတွေ့လားတဲ့…

ကျွန်တော်လှမ်းကြည့်လိုက်မိခဲ့တယ်

အားပါးပါး….

စစ်ကားတွေ၊ စစ်ကားတွေ မနည်းပါလား…
သံချပ်ကာကားကြီးတောင် ပါလိုက်သေး..
တအိအိနဲ့ မြို့တော်ခန်းမဖက်ဆီကို မောင်းနေပါတယ်… မဟာဗန္ဓုလ ပန်းခြံကြီးနဲ့ မြို့တော်ခန်းမကြားထဲမှာတော့ ကျောင်းသားတွေနဲ့ ဆန္ဒပြပြည်သူတွေ သပိတ်စွဲထားကြပါတယ်. သပိတ်စခန်းတပ်ဆွဲနေတာ သုံးရက်မြောက်နေ့ပါ…


အိပ်ချင်မူးတူး ဖြစ်နေတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရပါတယ်. ကျွန်တော့်ဘ၀မှာ ဒီလောက်များတဲ့ စစ်ကားတွေ တစ်ခါမှ မမြင်ဖူးခဲ့ဘူး. စစ်သားတွေရဲ့ လည်ပင်းမှာ အနီရောင်လည်ပတ်တွေ စီးထားပါတယ်. ဘာလဲတော့ ကျွန်တော်အသေအချာ မသိခဲ့ပါ. အနီရောင်လည်ပတ်တွေက အပြာရောင်လည်ပတ်တွေထက် ပိုပြီး မြင့်တယ်လို့တော့ အဖေက ပြောခဲ့ဖူးတာ မှတ်မိနေပါတယ်. ပြီးတော့ သူတို့က ကရင်စစ်တပ်တွေတဲ့. ဗမာစစ်သားဆိုရင် ကျောင်းသားတွေကို မပစ်ရက်မှာစိုးလို့ ကရင်တပ်တွေ၊ ချင်းတပ်တွေကို ရန်ကုန်ကိုခေါ်ထားတာတဲ့.

ဟုတ်လားမဟုတ်လားတော့ ကျွန်တော်အသေအချာ မသိခဲ့ဘူး. သေချာတာကတော့ စစ်သားတွေအားလုံး သတိအပြည့်နဲ့ ရှိနေပါတယ်. သေနတ်တွေမှာလည်း ဘက်နက်တွေ တပ်ထားပြီးသားပါ. ချီတက်နေတဲ့ လမ်းကြောင်းထဲက တစ်နေရာမှာ ဟိုင်းလတ်လို ကားလေးတစ်စီးတွေ့ပါတယ်. အပေါ်မှာ လော်စပီကာတပ်ထားပါတယ်.

စစ်ကားတွေနေရာဖြန့်ပြီး စစ်သားတွေနေရာယူနေတာကို တွေ့နေရပါတယ်. စစ်သားတွေချီတက်သွားပုံက လမ်းတစ်လျှောက်ကို ဖြန့်ပြီးတက်သွားတာပါ. သေနတ်တွေကို ရှေ့ကို ဆန့်ထားပြီးတော့ပေါ့. မြို့တော်ခန်းမရဲ့ ဟိုဖက်ဒီဖက်ကို နေရာဖြန့်ယူကြပါတယ်. ကျွန်တော်တို့ အိမ်ရှေ့မှာ အကော်ဒီယံအုန်းကျော်ရဲ့ အိမ်လည်း ရှိပါတယ်. အဲဒီ့နေရာထောင့်လေးမှာ စစ်သားတွေ မည်းနေတာပဲဗျာ.

ခဏနေတော့ ငြိမ်ကျသွားပါတယ်. သပိတ်တပ်တွေဆီက `တို့အရေး. တို့အရေး´ ဆိုတဲ့ အသံတွေကို ကြားနေရပါတယ်. လော်စပီကာတပ်ထားတဲ့ ကားလေးဆီက အသံတစ်သံထွက်လာပါတယ်.

(အတိအကျတော့မမှတ်မိတော့ပါ. လိုရင်းကိုသာ သိသလောက် ပြန်ရေးပေးပါမည်…)

ကျောင်းသားကျောင်းသူများ ခင်ဗျာ. လူစုခွဲဖို့ သတိပေးပါတယ်. မခွဲရင် ပစ်ပါမယ်.

အဲဒီ့စကားကို အချိန်ခြားပြီး ကြေငြာပါတယ်. ကြေငြာသူကတော့ ဘယ်သူလို့များ ထင်ပါသလဲ..

သာသနာရေးဝန်ကြီးအဖြစ် နောက်ပိုင်းမှာ ခန့်အပ်ခံခဲ့ရသူ ဗိုလ်ချုပ်မျိုးညွှန့်ပါပဲ.

သူ့ကြေငြာချက်ဆုံးသွားတိုင်း ကျောင်းသားထုဆီက ဟေးခနဲ ပြောင်လှောင်ကြပါတယ်.

နောက်ဆုံးအကြိမ်ကြေငြာပါတယ်.

`ဒါနောက်ဆုံးသတိပေးကြေငြာခြင်းပါ… ၃ မိနစ်အတွင်း လူစုခွဲပါ. မခွဲရင် ပစ်ပါမယ်..´

သပိတ်မှောက်ကျောင်းသားတွေနဲ့ ပြည်သူတွေက မမှုပါဘူး. တို့အရေးအသံတွေက ပိုလို့တောင် ဆူညံလာပါသေးတယ်.

၃ မိနစ်က သိပ်ကို မြန်လွန်းနေခဲ့သလိုပဲ.

မိုက်က အသံတစ်သံ ကျယ်လောင်စွာ ထွက်လာပါတယ်.

`အသင့်ပြင်…´

အမေက ကျွန်တော့်လက်ကို ဆုပ်ထားပါတယ်. အစ်မနှစ်ယောက်က ကျွန်တော်တို့နားမှာ အုံပြီးဝရန်တာနားမှာ ၀ပ်ကြည့်နေပါတယ်.

အားလုံးအသက်ရှုဖို့တောင် မေ့နေခဲ့ကြတယ်…

`ပစ်……………..´



ဒိုင်းဒိုင်းဒိုင်း… ဒက်ဒက်ဒက်.. ဒိုင်းဒိုင်းဒိုင်း… ဒက်ဒက်ဒက်…

အားးးးး ပြေးးး ပြေးးးး
ပစ်ပြီဟေ့ ပစ်တယ်ဟ…
အမေရေ…

ကယ်ကြပါဦး..
အားးးး


ဟီးးးးးးးးးး

ငိုသံတွေ၊ ပြေးသံတွေ၊ စက်သေနတ်က အတွဲလိုက်ဆွဲလိုက်တဲ့အသံတွေ၊ အစ်မနှစ်ယောက် ချုံးပွဲချငိုသံတွေ၊ အမေ့လက်မောင်းကို ကျွန်တော်တစ်အားဖက်ထားခဲ့တာတွေ….

…..
….

အမေကျွန်တော်တို့အားလုံးကို အိမ်ခန်းထဲ အပြေးဆွဲခေါ်သွားပါတယ်. ကျွန်တော်တို့ကို အမေက ရေခပ်တိုက်ပါတယ်. အစ်မတွေကတော့ ငိုနေတုန်းပဲ. အမေလည်း ကတုန်ကယင်နဲ့ပေါ့. အဖေကတော့ အမေ့ကို မှာနေတယ်. ကလေးတွေကို အပြင်မထွက်စေနဲ့တဲ့.

အပြင်မှာလား…

အပြင်မှာ

အပြင်မှာ

ကမ္ဘာပျက်နေခဲ့တယ်ဗျာ….

လွတ်လပ်ရေးကို တောင်းဆိုတဲ့ မြန်မာလူမျိုး အာဇာနည်သူရဲကောင်းတွေကို အမှောင်ချထားချင်တဲ့ မိစ္ဆာလူရမ်းကားတွေက ယဇ်ပူဇော်နေကြတယ်.

ယမ်းနံ့တွေ လေထဲမှာ ဝေ့နေတာပဲ….


မနက် ၄ နာရီခွဲလောက်ကျတော့ မီးသတ်ကားတွေ ထွက်ခိုင်းပါတယ်. ဘာလုပ်တာလဲသိလား
ရေဆေးဖို့တဲ့

ဘာကိုဆေးမှာလဲသိလား

ကျောင်းသားတွေရဲ့သွေး

အာဇာနည်တွေရဲ့သွေးတွေကို ဆေးမှာ…

ကျွန်တော်ဘာလို့သိနေတာလဲ. ဟုတ်လား..

ကျွန်တော့်အဖေက မီးသတ်ဦးစီးဌာနက အရာရှိလေ..

အဖေတို့အားလုံးကို standby နေခိုင်းထားခဲ့တာ အခုမှပဲ အဖေတို့လည်း သိရတော့တယ်.

ရှိသမျှမီးသတ်ကားတွေနဲ့ အခေါက်ပေါင်းများစွာ ရေသွားဆေးပေးရတယ်.
အလောင်းတွေကို သယ်တာဘာနဲ့သယ်တယ်ထင်လဲ…
စစ်ကားကြီးတွေပေါ်ကို ဒီတိုင်းပစ်တင်တာပါ…

နောက်ရက်တွေမှာ ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ အပုပ်နံ့တွေကိုလှိုင်လို့

မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံကြားထဲမှာလည်း သွေးကွက်ရာကြီးတွေ ထင်းလို့..

ဖိနပ်တွေ၊ အကျီင်္စုတ်တွေ၊ ထမင်းထုတ်တွေ၊ အလံလို့ယူဆရတဲ့ တိုင်ချောင်းတွေ….

အနိဋ္ဌာရုံမြင်ကွင်းပါပဲဗျာ..

….


ညဖက်ကျတော့လား

ယုံချင်ယုံမယုံချင်နေပါနော်…

ဒီမိုကရေစီ တစ္ဆေခြောက်ပါတယ်….


ညဖက်ဆိုရင်လေ…

တို့အရေး… တို့အရေး ဆိုတဲ့ အသံနက်ကြီးကို ကြားရတတ်ပါတယ်.

ကြားလိုက်ရတိုင်းမှာ ကြက်သီးဖြန်းခနဲ ထမိပါတယ်. (ခု စာပြန်ရေးနေတာတောင် ကြက်သီးထတုန်းပဲ..)

ဘယ်သူမှလည်း အပြင်မသွားဝံ့ပါဘူး..

….

ပန်းခြံကြီးထဲမှာ စစ်သားတွေ ကင်းပုန်းချထားတယ်လို့ အဖေက ပြောပြပါတယ်. စူးစမ်းချင်တတ်တဲ့ ကျွန်တော်တစ်ယောက် ညဖက် ထမင်းစားပြီးတိုင်း ပန်းခြံကြီးဖက်ကို လှမ်းလှမ်းကြည့်နေတတ်ပါတယ်.

တစ်ညကတော့ ကြည့်နေတုန်းမှာပဲ ပန်းခြံထဲက မီးပွင့်လေးတွေ ထွက်လာတယ်.

ဒက်..ဒက်…ဒက်…

မရှေးမနှောင်းမှာပဲ ဆူးလေဘုရားအ၀ိုင်း ပတ်ပတ်လည်မှာ ထွန်းထားတဲ့ မီးလုံးလေးတွေ ခွမ်းခနဲ ကွဲကုန်ပါတယ်.

လက်တည့်စမ်းတာလား
အမှောင်ချတာလား..

ဘာလဲတော့ မသိ. ဘုရားကိုတောင် အရိုအသေ မပြုခဲ့တာတော့ မိစ္ဆာကောင်တွေက လွဲရင် တစ်ခြားရှိပါဦးမလား…

….

ဒါတွေကြာခဲ့ပါပြီ..
ဒါပေမယ့် ကျွန်တော် မေ့မရနိုင်ခဲ့သေးဘူး..

ဒီနေ့ ၈ ရက် ၈ လ နေ့…

၁၉ နှစ်တောင် ကြာခဲ့ပြီပဲ..


ကျွန်တော့်မျက်ဝန်းထောင့်မှာ စိုစွတ်လာတဲ့ မျက်ရည်စက်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး ရှေ့တည့်တည့်က နံရံကို စုးစူးရဲရဲ စိုက်ကြည့်မိလိုက်တယ်…

နံရံပေါ်မှာ အရိပ်တစ်ခုလွင့်နေတယ်

ခွပ်ဒေါင်း!!!





Wednesday, August 08, 2007

တာရာမင်းဝေ ဈာပနသို့ သွားသည့် လိုင်းကားများ တားမြစ်ခံရ

တာရာမင်းဝေတာရာမင်းဝေ

တာရာမင်းဝေတာရာမင်းဝေ

တာရာမင်းဝေ၏ နောက်ဆုံးခရီး ဓာတ်ပုံများ…


လမ်းညွှန်

မိမိကြည့်လိုသော ဓာတ်ပုံကို click ခေါက်လိုက်ပါ. Next, Prev. button လေးများ နှိပ်၍သော်လည်းကောင်း၊ Left/Right Arrow Key လေးများ နှိပ်၍သော်လည်း ကောင်း ဆက်ကြည့်သွားနိုင်ပါသည်. ပြန်ထွက်လိုလျှင် Esc နှိပ်ပါ. (သို့) ဓာတ်ပုံပြင်ပ ဧရိယာတွင် Mouse ကို click ခေါက်လိုက်ပါ.



တာရာမင်းဝေတာရာမင်းဝေတာရာမင်းဝေ

တာရာမင်းဝေတာရာမင်းဝေတာရာမင်းဝေ

တာရာမင်းဝေတာရာမင်းဝေတာရာမင်းဝေ

ဓာတ်ပုံများကို ဒီနေရာမှ ရယူပါသည်...

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ




အကြည့်များ

`ဟိုးအရှေ့မှာ မီးရောင်´
ပထမလူ။ ။ `မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်ရဦးမယ်´
ဒုတိယလူ။ ။ `ပတ်ဝန်းကျင်ကြီးကို အရင်ကြည့်ပစ်လိုက်မယ်ဗျာ´
တတိယလူ။ ။ (အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ) `ကျွန်တော်ကတော့ မီးအိမ်ထွန်းသူကို အရင်ကြည့်မယ်ဗျာ´


အနိမ့်အမြင့်

`ဟာ...ကြည့်စမ်း၊ ကမ်းပါးစွန်းက သစ်ပင်ကြီးဟာ မိုးထိအောင် မြင့်တက်သွားပါလား´
လေသံ တဟူးဟူးကြားမှာပဲ၊ အဖော်ဖြစ်သူ ပြန်လည်ဖြေကြား၏။
`သစ်ပင်က မြင့်တက်သွားတာ မဟုတ်ဘူး၊ ကျုပ်တို့က ချောက်ထဲကျနေတာဗျ´


စာမေးပွဲ

`မဖြေဘူးလား´
`ဟုတ်ကဲ့´
`မရဘူးလား´
`ဟုတ်ကဲ့´
ဆရာမလေး လှည့်ထွက်သွား၏။ ကျွန်တော် မဖြေနိုင်သော စာမေးပွဲဖြစ်ပါသည်။ ရိုးသားကျေနပ်စွာ စွန့်လွှတ်ခဲ့သော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပါသည်။
ရှုံးနိမ့်ခဲ့ရသည့် စာမေးပွဲဖြစ်သည့်တိုင် . . .
ဖြေဆိုသူ ကုလားထိုင်မှာ . . .
ကျွန်တော် ဘုရင်ထိုင် ထိုင်ဖြစ်ခဲ့လေသည်။


ဖိတ်စာ

`သူ့အိတ်ကပ်ထဲမှာ ငွေအများကြီး ပါပါတယ်´
`အဲဒါကို မသိချင်ဘူး။ သူ့ အိတ်ကပ်ရဲ့ နောက်မှာ ရင်ဘတ်တစ်ခုပါလား´
`ပါပါတယ်´
`ရင်ဘတ်ထဲမှာ နှလုံးသား လှလှတစ်ပွင့် ပါလား´
ဖြေသံ ပြန်မကြားရ၊ မေးသူက ဆက်ပြောလိုက်သည်။
`အဲဒါပါရင် ၀င်ခဲ့လို့ရပါတယ်။´


ရိက္ခာ

လပြည့်ည ဖြစ်၏။
လမင်းကြီးက ကောင်းကင်မှာ ရွှန်းရွှန်းဝင့်ဝင့် သာသည်။
`ကြည့်စမ်း၊ လမင်းကြီးက ဗိုက်ကြီး ဖောင်းလို့´
ခွေးပိန်ကလေးကို ပွေ့ဖက်ကာသူတောင်းစားက ဆက်ပြော၏။
`ဘာမှ အားမငယ်နဲ့ သိလား . . .၊ လမင်းကြီးတောင် တစ်လတစ်ခါပဲ ဗိုက်ဝအောင် စားရတယ်´

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ

ဒီနေရာကနေ ရယူပြီး ပြန်လည်ဖော်ပြပါတယ် ခင်ဗျာ.

Friday, July 20, 2007

ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ…




ဗိုလ်ချုပ်အောင်ဆန်းအတွက် ရေးထားတဲ့ ကဗျာတွေပဲဖြစ်ပါတယ်။

ပါဝင်ရေးသားခဲ့သော ကဗျာဆရာများကတော့ သခင်ကိုယ်တော်မှိုင်း၊ ဟံသာဝီ ဦးဘရင်၊ ဇေယျ၊ ရန်အောင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ နုယဉ်၊ ထွဏ်းနေနွယ်၊ မင်းယုဝေ၊ ဘုတလင် ချစ်လေး တို့ပါဝင်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

ဒီစာအုပ်လေးကို ကိုဈာန် ရဲ့ ဘလော့ဂ်ပေါ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ် ခင်ဗျာ.

ဒီနေရာမှာ ရယူပါ.

Thursday, July 19, 2007

အလေး...ပြု






အလေး..ပြု

နှစ်လနာရီ ခါရာသီရွေ့ပေမယ့်
အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ
ယနေ့ခေတ် သတိတရားထားဖို့ အခြေ
(အများပြည်သူတွေ)၂
အာဇာနည်နေ့ကိုလေ
တွေးရှုကာပဲ အလေးပြုပါမယ်လေ…

စနစ်အခြေပြောင်းခဲ့ပေမယ့်
အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ
လွမ်းမျက်ရည် မြေခပြီမို့
ဆွေးတသသ တွေးဆမရွှင်ပေ
ရွှေရင်ဆို့ကဲ
ကြေကွဲဝမ်းနည်းရပုံတွေ

ယနေ့ထက်တိုင်အခြေ. ဩော် မမေ့တဲ့နိုင်ပါပေ..
(အာဇာနည်ခေါင်းဆောင်ကြီးတွေ)၂
ကောင်းရာသုဂတိ ရောက်ရှိကြပြီလေ
တေးကဗျာ အနုစာခွေ
ရေးကာအလေးပြု
တွေးရှုပါတယ်လေ

ဒီသီချင်းလေးကို မေလှမြိုင်က ဆိုထားပါတယ်. ရေးသူနာမည်ကိုတော့ သိပ်မသေချာဘူး ဖြစ်နေတယ်. သိသူများက ဖြေကြားပေးကြပါ ခင်ဗျာ.

ဒီသီချင်းလေးစာသားများ မှန်ကန်စေရန်အတွက် ကူညီတိုက်စစ်ပေးခဲ့တဲ့ အစ်မခင်မင်းဇော်တို့ ဇနီးမောင်နှံနဲ့ အစ်မမေငြိမ်းတို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ် ခင်ဗျာ…

ဓာတ်ပုံကိုတော့ စိုးဇေယျဘလော့ဂ်မှ ရယူပါတယ်.

Wednesday, July 18, 2007

ကမ္ဘာကြေသော်လည်း ဥဒါန်းကားမကြေ...


ဘလော့ဂါတစ်ချို့က အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘာပို့စ်မှ မတင်ဘဲ ငြိမ်နေကြဖို့ တိုက်တွန်းအကြံပြုပါတယ်. ကောင်းပါတယ်ခင်ဗျာ. ဒါပေမယ့် အာဇာနည်ဘလော့ဂ်လေးမှာတော့ လာရေးပေးကြဖို့ တစ်ဆက်တည်း မေတ္တာရပ်ခံလိုက်ပါရစေ. အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူးပြီး လုပ်လိုက်တဲ့ အာဇာနည်ဘလော့ဂ်မှာ မိမိတို့ရဲ့ မျိုးချစ်ဝိညာဉ်များ ရှင်သန်ကိန်းအောင်းနိုင်ပါစေ…

သခင်မျိုးဟေ့….




တို့ဗမာ… တို့ဗမာ.. တို့ဗမာ…

ကမ္ဘာမကြေဘူး




ညီအစ်ကိုတို့…

ပေတစ်ရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး

မတွေဝေနဲ့

ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော

ဩော်.. သူရဲကောင်းတို့လို…

ခိုင်မာပီပြင်တော်လှန်ပစ်မလေ

မျိုးချစ်တဲ့ တို့ဇာနည်တွေ

ကမ္ဘာမကြေဘူး…