အားလုံးပဲ မင်္ဂလာပါခင်ဗျာ.
ကျွန်တော်ခုတလော သိပ်မအားလို့ ဘလော့ဂ်အတွက် ပို့စ်မရေးဖြစ်သလို ဘယ်မှလည်း မသွားဖြစ်ဘူးဖြစ်နေတာ နားလည်ပေးကြပါလို့ အရင်ဦးဆုံး မေတ္တာရပ်ခံပါတယ်.
ကျွန်တော်တို့ရဲ့ သံစဉ်လှိုင်းဘလော့ဂ်လေးက အရှိန်တော်တော်လေး ရနေပါပြီ. သီချင်းသစ်လေးတွေကို သံစဉ်လှိုင်းအဖွဲ့သားများက မရိုးစေရအောင် တင်ဆက်ပေးနေကြပါတယ်. ဒီ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ.

English4Successဘလော့ဂ်လေးမှာလည်း ထိုနည်း၎င်းပါပဲ. Contributor တွေအနေနဲ့ မအားလပ်တဲ့ ကြားထဲကကို ကြိုးစားပြီး ပို့စ်လေးတွေ တင်ပေးနေတာ အားရဖို့ ကောင်းပါတယ်. တစ်ခုပဲ ၀မ်းနည်းဖို့ကောင်းတာက တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြမယ့်သူတွေ သိပ်မရှိသလို ဖြစ်နေတယ်ဗျ.

ဒီလိုမျိုး စိတ်ဝင်စားမှု သိပ်မရပေမယ့်လည်း ကျွန်တော်တို့ရဲ့ ပရဟိတ အဖွဲ့လေးက ယိမ်းယိုင်ပြိုပျက်သွားမှာ မဟုတ်ပါဘူး. တစ်ချိန်ချိန်မှာ အဲဒီ့ဘလော့ဂ်လေးရဲ့ တန်ဖိုးကို သိလာကြမယ်၊ အသုံးချတတ်လာကြမယ် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပဲ ကိုယ်လုပ်စရာရှိတာလေးတွေကို ဆက်လုပ်သွားနေကြမှာပါပဲ.
ကျွန်တော်လည်း အလုပ်များလို့ စာမရေးနိုင်တာထက် ခုတလောမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့ ရှုပ်ထွေးနေလို့ စာရေးချင်စိတ် ခမ်းခြောက်နေတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်. ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်နဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျွန်တော် တန်ဖိုးထားပါတယ်. ဒါကြောင့် ကျွန်တော် မညာချင်ပါဘူး. ကျွန်တော် စာရေးဖို့ Mood မ၀င်ဘူး ဖြစ်နေတယ်.
ခုတလော ကျွန်တော် ဘလော့ဂ်ရေးမယ့် အချိန်တွေမှာ ဂစ်တာပဲ ထိုင်တီးဖြစ်နေခဲ့တယ်ဗျာ. တစ်နေ့ ကျွန်တော့်သီချင်းလေးတွေ တင်ပေးပါဦးမယ်. (ဟတ်ဟတ်.)
ကဲပါဗျာ. စကားပြန်ဆက်ရဦးမယ်.
ဆိုတော့ကာ… ကျွန်တော်တို့ရဲ့ သံစဉ်လှိုင်းဘလော့ဂ်လေးနဲ့ အင်္ဂလိပ်စာ သင်ကြားမျှဝေရေး ဘလော့ဂ်လေး နှစ်ခုလုံးက သူ့ဟာနဲ့သူ ဟုတ်နေပါတယ်. ကျွန်တော်လည်း နောက်ထပ် ကဏ္ဍသစ်တွေ ထပ်မံဖြည့်တင်း တိုးချဲ့သွားဖို့၊ အဖွဲ့ဝင်အင်အားကိုလည်း ထပ်မံစုဆောင်းသွားဖို့ စဉ်းစားထားပါတယ်. ကူညီပံ့ပိုးချင်သူ မည်သူကိုမဆိုလည်း နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.
ဘလော့ဂါတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ တည်ဆောက်ထားတဲ့ BloggersHelpdeskလေးကလည်း ပါဝင်ကူညီကြတဲ့ ပရဟိတ ဘလော့ဂါလေးတွေရဲ့ လှပတဲ့ စိတ်ထားလေးများကြောင့် အရမ်းကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေပါတယ်.

ဘယ်လိုပြောရမလဲဗျာ.
ပို့စ်အသစ်လေးတွေ တက်လာတာ မြင်တိုင်း ကျွန်တော့်ရင်ထဲမှာ ပြောမပြတတ်အောင် ကြည်နူးဝမ်းမြောက်မိပါတယ်. ဒီပို့စ်လေးတွေကို ဖတ်ပြီး ဘယ်နှစ်ယောက်လောက်များ အကျိုးရှိသွားလိုက်လေမလဲလို့ တွေးပြီးတော့လည်း ပီတိဖြစ်မိပါတယ်.
ကျွန်တော့်ရဲ့ နောက်ထပ် Objective တစ်ခုကတော့ သမိုင်းထဲကရက်စွဲများ ဘလော့ဂ်လေးကို ပြန်ပြီး အသက်သွင်းဖို့ပါပဲ.
အဲဒီ့ဘလော့ဂ်လေးဟာ မြန်မာဘလော့ဂါတွေရဲ့ တော်လှန်ရေး ရောင်ခြည်ဦးသဖွယ် ဖြစ်အောင် ကျွန်တော်ကြိုးစားချင်တယ်. နိုင်ငံရေး ဘလော့ဂါများကိုလည်း တတ်နိုင်သလောက် ကျွန်တော် စည်းရုံးထားပြီးပါပြီ. ထပ်မံလည်း စည်းရုံးနေဆဲပါပဲ. နောက်ဆုံး သူတို့ကိုယ်တိုင် မတင်နိုင်ရင်တောင် ကျွန်တော်တို့က သူတို့ရေးထားတဲ့ ပို့စ်ကောင်းလေးတွေကို ပြန်လည် ဖော်ပြသွားဖို့ထိ စဉ်းစားထားပါတယ်. Politics Digest သဘောမျိုးလေးလည်း ဖြစ်သွားအောင်ပေါ့ဗျာ.
ကျွန်တော်တို့ လူငယ်တွေ ကိုယ်လုပ်နိုင်သလောက်လေးနဲ့ အများအကျိုးကို သယ်ပိုးနေကြတာ သိပ်ကို ချီးကျူးဂုဏ်ယူဖို့ကောင်းပါတယ်. တစ်ချို့က individually လုပ်ကြပါတယ်. တစ်ချို့ကတော့ Team အနေနဲ့ လုပ်ကြပါတယ်. ဘယ်လိုပဲ လုပ်လုပ်ပါ. ရည်ရွယ်ချက်ကတော့ သိပ်ပြီး မကွဲပြားလှပါဘူး. မြန်မာနိုင်ငံတော်ကြီး ကောင်းစားဖို့ချည်းပါပဲ…
ကိုယ်မလုပ်နိုင်တာကို တွေးပြီး စိတ်ဓာတ်မကျဘူး. ကိုယ်လုပ်နိုင်သလောက်လေးနဲ့ ဖြစ်အောင်လုပ်သွားတယ်. အမှန်တကယ်လည်း အများအတွက် အကျိုးရှိစေတယ် ဆိုရင် ခင်ဗျားလောက် လူဖြစ်ကျိုးနပ်မယ့်သူ ရှိပါဦးမလားဗျာ…
ကျွန်တော်တို့ မြန်မာတွေ ဘယ်လောက်ထက်သလဲ ဆိုတာ ကမ္ဘာက သိစေရမယ်လို့ အခန်းတံခါးပိတ်ပြီး ကြွေးကြော်နေလို့ မရဘူး. လက်တွေ့လုပ်ပြရမယ်.
နောက်ဆုံးအနေနဲ့ John F. Kennedy ပြောခဲ့တဲ့ စကားလေးနဲ့ အဆုံးသတ်ချင်ပါတယ်.
Ask not what your country can do for you. Ask what you can do for your country.
ဒီတိုင်းပြည်ကြီးက ငါ့အတွက် ဘာတွေများလုပ်ပေးနိုင်မှာလဲလို့ မမေးပါနဲ့…
ဒီတိုင်းပြည်အတွက် ငါဘာတွေများ လုပ်ပေးနိုင်မလဲလို့သာ မေးပါ တဲ့..
ကဲ. ဘလော့ဂါတို့ကရော ဘယ်လိုလဲ….
အားလုံးကို ခင်မင်လေးစားလျက်
ရန်အောင်