Saturday, May 28, 2016

ရေမရသော တောင်စဉ်များ...


နာရီသံ တချက်ချက်ကြားမှာ ဘဝတွေဟာ မိန်းမောနေကြတယ်။ ယောင်ယမ်းပြီးတော့များ ကိုယ့်ကိုယ်ကို သတိမရလိုက်နဲ့။ ပိုင်ဆိုင်မှုတွေ အကြောင်းပြောကြမယ်။ အနာဂတ်တွေအကြောင်း ချရေးကြမယ်။ လတ်တလောထွက်ထားတဲ့ ဒရာမာကားထဲက မင်းသမီး သိပ်ချောတယ်။ မြန်မာပြည်ကို ရုရှသင်္ဘောတွေ ရောက်လာတာ သိပ်အရသာရှိတယ်။ တစ်နေ့နဲ့ တစ်နေ့ မတူအောင်ဝတ်၊ မထပ်အောင်စားနေကြပေမယ့် အတွေးအခေါ်တွေ ဆန်းသစ်လာမှာ၊ အနေအထားတွေ ပြောင်းလဲသွားမှာ ဒါတွေကိုတော့ သိပ်ကြောက်တယ်။ အေးအေးဆေးဆေးပေါ့။ တစ်နေ့ သေရမယ့် သူတွေချည်းပဲလေ

ပြောင်းလဲသွားတဲ့ ဘဝနေထိုင်မှု တစ်ခုအကြောင်းကို ဆန်းစစ်ရင်း စိတ်ကျန်းမာရေးကို ဂရုစိုက်ခဲ့ရပြန်တယ်။ ဘာလို့များ လူတစ်ချို့ဟာ သိမ်ငယ်စိတ်ကို အားပြုပြီး ငြင်းခုန်ချင်ကြရတာလဲ။ ငြင်းခုန်သူကို စွမ်းဆောင်ရည်မြင့်မားသူလို့ မြင်ယောင်တတ်ကြပြီး ငြင်းခုန်ရမှာ စက်ဆုပ်သူကိုတော့ မြုံစေ့စေ့၊ အုံ့ပုန်း၊ ကုပ်ကမြင်း စသည်ဖြင့် ရစရာ မရှိအောင် ပြောတတ်ကြပြန်တယ်။ သည်လိုနဲ့ပဲ ကျီးအာသီးတစ်ချို့ ပန်းချီကားချပ်တွေထဲမှာ စံနမူနာဖြစ်ခဲ့ရပြန်ပေါ့။

အသက်လေးဆယ်နား နီးလာလေလေ ဘဝကြီးကို မြင်တဲ့အမြင်တွေကို နည်းနည်းလန့်လာလေလေပဲ။ နိုက်ကလပ်ထဲ ဝင်ကြည့်မိတယ်။ ဒီဂျေရဲ့ မြူးကြွတဲ့ သံစဉ်တွေအောက်မှာ နှလုံးသားတွေတော့ တဆတ်ဆတ် ခုန်လာပါရဲ့။ ခြေတွေလက်တွေက လိုက်လာဖို့ တွန့်ဆုတ်နေခဲ့ကြတယ်။ ဆယ်မိနစ်လောက်နေတော့ အခန်းထဲက ထွက်ပြေးလာခဲ့ဖြစ်တယ်။ လရောင်အောက်မှာ ဆေးလိပ်ပဲ ထိုင်ဖွာနေမလား။ မြစ်ကမ်းနံဘေး ကားထိုးရပ်လို့ ရေလှိုင်းသံလေးတွေကြားမှာ စိတ်ကူးယဉ်ပြီး နစ်မျောနေမလား။ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့။ မတူတာကို တွန်းပြီးတုလုပ်ရင်းက ကိုယ်ရည်ကိုယ်သွေး ပျောက်ဆုံးသွားမှာကိုတော့ မလိုလားဘူး။

သဇင်တွေလှသလို ခရေတွေလည်း လှပါတယ်။ ဘုရားစင်ပေါ်တင်ထားတဲ့ ခရေနဲ့ မိန်းမပျက်တစ်ယောက် ပန်ဆင်ထားတဲ့ သဇင်ဆိုပြီး ခိုင်းနှိုင်းဖို့ ကြိုးစားလာရင်တော့ ဒါဟာ လုပ်ဇာတ်ထွင်ပြီး လိုရာဆွဲပြောခြင်း (ဝါ) ဒရာမာတိုက်ဇေးရှင်း (သို့မဟုတ်) ခေတ်စကားနဲ့ ပြောရရင်တော့ အိုဗာတင်းဖျော်ခြင်း တစ်မျိုးပဲ ဖြစ်သွားလိမ့်မယ်။ တစ်ဖက်သားရဲ့ လွတ်လပ်ခွင့်နဲ့ အကျိုးစီးပွားကို မထိခိုက်တဲ့ ပျော်ပါးမှုမှန်သမျှဟာ အတိုင်းအတာတစ်ခုထိ အပြစ်ကင်းပါတယ်။ အပျော်တမ်း အမဲလိုက်သူတွေ၊ ငါးဖမ်းသူတွေကိုတော့ နောက်ထပ်အုပ်စုတစ်ခုထဲ ထည့်ရလိမ့်မပေါ့။
……
မျှခြေဆိုတဲ့ အရာသာမရှိရင် စီးဆင်းမှုဆိုတာလည်း ဖြစ်ပေါ်လာမယ် မထင်ဘူး။ ရေပုံးနှစ်ခုကြားထဲ ပိုက်နဲ့ဆက်လိုက်ရင် ရေများတဲ့ရေပုံးဖက်က စီးဆင်းမှုဖြစ်ပေါ်လာမှာ ဓမ္မတာပဲ။ ဒါဟာ မျှဝေခြင်းလို့ မြင်သူတွေ ရှိတတ်သလို လျော့ပါးသွားတာလို့ မြင်သူတွေလည်း မရှား။ ကပ်တစ်ခုခုကျရောက်လို့ လူတွေပျက်စီးကုန်ကြရင်၊ လေယာဉ်ပျံတစ်စီးစီး ပျက်ကျလို့ ခရီးသည်တွေ တိမ်းပါးကုန်ကြရင်၊ သံဝေဂသံလေးနှောလို့ ပြောတတ်ကြပြန်ရဲ့။လူတွေကိုတော့ လျှော့နေပြီနော်။ ဘုရားတရားနဲ့ နေကြ…”

မြန်မာပြည်ကို စောင့်ရှောက်နေတဲ့ သာသနာပြု နတ်မင်းကြီးတွေလည်း အယ်နီညိုကြောင့် ဂုဏ်သိက္ခာမှေးမှိန်ကုန်ကြရပြီ။

သစ်ပင်တွေ လျော့နေပြီ။

မဟုတ်ဘူး။ သစ်ပင်တွေ အလျှော့ခံနေရပြီ။

သတိဝီရီယနဲ့ နေကြ
….

စာသင်နေရင်း ကျောင်းသားလေး တစ်ယောက်က ထမေးတယ်။

ဆရာ အကြိုက်ဆုံး အမေရိကန်သမ္မတက ဘယ်သူလဲတဲ့.

ရော်နယ်လ်ရေဂင်ဆိုတော့..

ဘာလို့ ကြိုက်တာလဲတဲ့.

အင်အားကြီးတဲ့ ဆိုဗီယက်ယူနီယံကြီးကို ပြိုကွဲသွားအောင် စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ နိုင်ငံရေးပိုင်းဆိုင်ရာ အမြင်တွေနဲ့ ထိုးစစ်ဆင်နိုင်ခဲ့လို့ပဲ

“But, he lied.”

“Yup. That’s also one of the trades politicians have to master.”

ကလေးတွေကို အပြစ်ကင်းတဲ့ ယုန်သူငယ်လေးတွေဖြစ်အောင် မသင်ပေးချင်ဘူး။ လိမ္မာပါးနပ်ပြီး စွမ်းဆောင်ရည်ထက်မြက်သူ၊ မျက်စိပွင့် နားစွင့်တတ်တဲ့သူတွေပဲ ဖြစ်စေချင်တယ်။ လောကမှာ အပြစ်ကင်းသူတွေဟာ အစားခံရတယ်။ ကိုယ်ကလည်း မစားနဲ့။ ကိုယ်တိုင်လည်း သူများအစာ မဖြစ်စေနဲ့။ မက်ဒဂတ်စတား ကျွန်းလေးပေါ်က တိရစ္ဆာန်တွေမှာ မတူထူးခြားတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ပါဝင်နေတာ ရေမြေသဘာဝရဲ့ လိုအပ်ချက်ကြောင့်ပဲလို့ ချားလ်စ်ဒါဝင် ကိုယ်တိုင်ပြောခဲ့ဖူးသားပဲ။ သည်လောကကြီးမှာ Survival of the fittest… တွေပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်။ လူသားတွေဟာ အပြောင်းအလဲကို ညှိယူနိုင်ဆုံး သတ္တဝါတွေ ဖြစ်သလို အပြောင်းအလဲတွေအပေါ်မှာ အသုံးချနိုင်ဆုံး သတ္တဝါတွေလည်း ဖြစ်တယ်။
အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်က သူ့တပည့်တွေကို သွန်သင်ဆုံးမခဲ့ဖူးတယ်။

By three methods, we may learn wisdom: First, by reflection, which is noblest; Second, by imitation, which is easiest; and third by experience, which is the bitterest.

ကိုယ့်ကိုယ်ကို ပဲ့ပြင်ဆုံးမခြင်း၊ တစ်ပါးသူရဲ့ အမှားကနေ သင်ခန်းစာယူခြင်း၊ ကိုယ်ပိုင်အတွေ့အကြုံကနေ လေ့လာသင်ယူခြင်း ဆိုတာတွေ အကုန်လုံးကို နားလည်နေပေမယ့်လည်း အရွဲ့တိုက်ပြီး ဘာမှကို ဂရုမစိုက်ဘဲ နေချင်မိတယ်။ သံပတ်ပေးထားသလို လည်ပတ်နေတဲ့ ဘဝရထားကြီးကို တစ်ခါတစ်ရံ စက်ဆုပ်နေမိပြန်ရဲ့။

ဘာပဲပြောပြော House of cards တီဗွီ ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေ သိပ်သဘာဝကျတယ်။ အပြုံးမပျက်ဘဲ ကိုယ်ပြောချင်တဲ့ အချက်ကို ထိရောက်အောင် ငြင်းခုန်ပြောဆိုနိုင်စွမ်းဟာ အတွေ့အကြုံအရဘဲ ဆည်းပူးလေ့လာနိုင်မယ် ထင်ပါတယ်လေ ခံနိုင်ရည်မရှိရင်တော့လည်း အခါးသည်းဆုံး ခံစားမှုတွေနဲ့ နှလုံးသားဟာ ပွင့်ထွက်သွားနိုင်လောက်တယ်။
….

များမြောင်လှတဲ့ အလုပ်တွေကြားထဲ နစ်မွန်းနေရင်းက ဘဝဆိုတာကို တွေးဖို့ မေ့လျော့နေတတ်ပြန်ရော။ ဖိအားတွေ၊ မလွန်ဆန်နိုင်မှုတွေ၊ အလိုက်မသိတတ်မှုတွေ၊ စိတ်အလိုမပြည့်နိုင်မှုတွေကို ခပ်တိုးတိုးလေး ထိုင်ကြည့်နေရင်း တရားတွေ ရနေမိပြန်တယ်။ အရင်တစ်ပတ်က မိတ်ဆွေတစ်ယောက်အိမ်မှာ ဆရာတော်တစ်ပါးကို ဆွမ်းကပ်လို့ တရားသွားနာဖြစ်ခဲ့တယ်။ ဆရာတော်က မေတ္တာသုတ်ကို အကျယ်တဝင့် ဟောပြောနေချိန်မှာ ကိုယ့်ကို မေတ္တာရှိသူတွေ၊ ကိုယ်က မေတ္တာရှိသူတွေ၊ ကိုယ့်အပေါ် မေတ္တာခမ်းသူတွေ၊ ကိုယ်က မေတ္တာခမ်းမိသူတွေ အကြောင်းကို ရုပ်ရှင်ဖလင်ကွက်တွေလို တစ်ခုပြီးတစ်ခု မြင်ယောင်ခဲ့မိတယ်။ ကိုယ်တိုင်လည်း ပြုပြင်ယူရမှာတွေ အများကြီးပဲလို့ ပြောမိသလို “အိုး.. လူပဲလေ. သည်လောက်တော့ ရှိမှာပေါ့” လို့လည်း ဖြေတွေးတွေးမိပြန်တယ်။ ကိုယ့်စိတ်နဲ့ကိုယ်မှ ညီညွတ်အောင် မနေတတ်ရင် သည်လောကကြီးထဲနေရတာ သိပ်အဓိပ္ပါယ်ရှိမှာ မဟုတ်တော့ဘူး။

မျောက်တစ်ကောင်ကို အုန်းသီးတစ်လုံးနဲ့ ထောင်ဖမ်းတဲ့ အကြောင်း သတိသွားရမိတယ်။ တောထဲမှာ မျောက်တစ်ကောင်ကို အရှင်ဖမ်းမိဖို့အတွက် အုန်းသီးတစ်လုံး၊ ကြိုးတစ်ချောင်းနဲ့ အချိုမုန့်လေး တစ်ခုပဲ လိုတယ်။ အုန်းသီးကို မျောက်ရဲ့ လက်တစ်ဖက်ဝင်ဆန့်နိုင်ရုံလေး အပေါက်ဖောက်ပြီး အထဲကို အချိုမုန့်လေး တစ်ခုထည့်ထား၊ ပြီးတော့ မျောက်တွေအနေများတဲ့ သစ်ပင်အောက်မှာ အုန်းသီးကို ကြိုးချည်ပြီး တိုင်နဲ့ မြေကြီးမှာ ငုတ်ရိုက်ထားလိုက်ရုံနဲ့တင် မျောက်အုန်းသီး ထောင်ချောက်တစ်ခု ရတယ်။

မုန့်နံ့ရတဲ့မျောက်က စပ်စုပြီး အုန်းသီးပေါက်ထဲ လက်ဝင်လျှိုလို့ မုန့်ကိုနှိုက်တယ်။ မုန့်ကို ကိုင်လျက်သား လက်သီးဆုပ်နဲ့ ပြန်ထုတ်တဲ့အခါ သူ့လက်က အပေါက်ဝမှာ တစ်နေခဲ့တယ်။ ကြောက်အားလန့်အားနဲ့ ရုန်းလေလေ အားကုန်လေပဲပေါ့။ နောက်ဆုံးမှာ မုဆိုးရောက်လာခဲ့ပြီး မျောက်ကို အသာလေး ကြိုးနဲ့ချည်လို့ ဖမ်းသွားခဲ့တော့တယ်။ တကယ်ဆို မျောက်ဟာ သူ့လက်ထဲက မုန့်ကိုလွှတ်ပြီး ရုန်းရင် အုန်းသီးအပေါက်ကနေ လွတ်ထွက်သွားမှာပါ။ ဒါပေမယ့် လက်ထဲရပြီးသား အရာကို မလွှတ်ဘဲ ဆုပ်ကိုင်ထားမိရင်းက နောက်ဆုံးမှာ ပျက်စီးခြင်းကို ရောက်ခဲ့ရတယ်။

အသက်အရွယ်လေး ရလာချိန်မှာ ဘဝပေါ်မြင်တဲ့ အမြင်တွေ၊ လူတွေအပေါ် မြင်တဲ့အမြင်တွေ နည်းနည်းပြောင်းလဲလာခဲ့ပေမယ့် ခံစားချက်တွေကတော့ လှောင်ပိတ်မိနေဆဲဆိုတာ အထိတ်တလန့် တွေ့လိုက်ရချိန် အပြင်မှာ နေမွန်းတည့်ခဲ့ပြီ။ မဖြစ်သေးဘူး။ လွှတ်ချင်သင့်တာ လွှတ်ချပြီးခရီးဆက်မှ။ မဟုတ်ရင်တော့ သည်ထောင်ချောက်မှာ ဘဝပေါင်းများစွာ ပိတ်မိနေနိုင်တယ်။

ဟိုးထား…

သိပ်မပြောနဲ့. သိပ်မတွေးနဲ့…

ဘုရားတောင်မှ အလယ်အလတ်လမ်းစဉ် ကျင့်သုံးဖို့ တိုက်တွန်းခဲ့သေးတာပဲ။

သည်လိုနဲ့ပဲ ကမ္ဘာတစ်ခြမ်းကို အမှောင်ပြန်ချဖြစ်ခဲ့တယ်….


တိုင်ကပ်နာရီကတော့ နောက်တစ်ကြိမ် သံစုံတီးလုံးမြည်ဖို့ အားယူနေဆဲ….

 ~ ရေခဲငှက် ~
မေ (၂၇)၊ ၂၀၁၆ ခုနှစ်။ ။