Tuesday, October 30, 2007

သေရွာပြန်နှလုံးသား


အေးစက်နေတဲ့ နှလုံးသားတစ်ခုနဲ့
မဲ့နေတဲ့ မင်းအပြုံးတုတွေကို
ဟိုတောင်စွယ်နေမကွယ်ခင်မှာ ခွာချထားခဲ့ပါ
မာယာတွေနဲ့ မပြုစားပါနဲ့တော့
ရွာသူတစ်ယောက်ရဲ့ ကဝေအတတ်နဲ့
မှတ်လောက်စရာ သင်ခန်းစာတွေ ထားရစ်ခဲ့သူ
နင်ဟာ
ငါ့ရဲ့ စုန်းမ…..

သွားစမ်းပါ
သွေ့ခြောက်နေတဲ့ မင်းနှုတ်ခမ်းပါးပါးလေးတွေပေါ်က
ချွေးစေးပြန်စေတဲ့ တစ္ဆေအနမ်းတွေ ငါမလိုချင်တော့ဘူး
ငါဟာ နှင်းဆီတစ်ပွင့်ကို ရူးသွပ်ခဲ့ဖူးတယ်
ဒါပေမယ့် Calypso ရဲ့ ထောင်ချောက်ထဲမှာတော့ မကျနိုင်ခဲ့သေးပါဘူး
Odysseus ရဲ့ ခိုင်မာမှုတွေထက် မလျော့တဲ့ တည်ကြည်မှုတွေ
ငါ့ရင်ဘတ်ထဲမှာ ရှိတယ်.
သိချင်ရင် Chain Saw တစ်လက်ယူခဲ့
ခုခွဲပြမယ်.

တစ်ခုတော့ရှိတယ်
ငါ့အသည်းနှလုံးမှာ Medusa ရဲ့ ၀ိညာဉ်ကိန်းအောင်းနေတယ်.
ငါ့ရဲ့ နှလုံးသွေးတွေ စီးကျလာတာ မင်းမြင်တဲ့ တခဏ
မင်းဘ၀တစ်ခုလုံး ထာဝရ ကျောက်သားပြင်ဖြစ်သွားမယ်
မင်းသတ္တိရှိရဲ့လား…

မင်းရဲ့ သေမင်းတမန် Reaper ဓားကြီးနဲ့ ငါ့ဘ၀ကို ဖျက်ဆီးနိုင်မယ်ထင်နေလား
ဟားဟားဟား
မင်းသိပ်မှားသွားပြီ..
အားသုံးတတ်တိုင်း တစ်ဖက်သားကို မနိုင်ဘူးဆိုတာ
Aikido သင်ဖူးသူတိုင်း သိတယ်.
တွေဝေခဲ့ဖူးတဲ့ ချစ်အိပ်မက်တွေ ငါ့မှာ မရှိတော့ဘူး
ပိရိသေသပ်စွာ မြေမြှပ်သဂြိုဟ်ပြီးပြီ
လုပ်ဇာတ်တွေကို ရွံရှာလို့
အုတ်ဂူတောင် မထားဘူး

သွေးပျက်ခဲ့တဲ့ ညများကို အားနာလိုက်တာ
ရင်ဝကို အမုန်းဓားတစ်လက်နဲ့ ထိုးစိုက်ခဲ့ပေမယ့်
ငါ့နှလုံးသားအစစ်ကို နင်ရှာမတွေ့ခဲ့တော့
ငါဆိုတဲ့ ဒရက်ကူလာ ဆက်လက်ရှင်သန်နေမယ်.
မှင်စာလောက် မင်းအစွမ်းတွေနဲ့ ငါ့ကိုလာအံမတုနဲ့
မင်းရဲ့ ငယ်ထိပ်က မာနသွေးတွေကို ဖောက်ထုတ်ဖို့
Tarantula တစ်ကောင် ငါသိမ်းထားတယ်.
ဂုဏ်ဒြပ်တွေနဲ့ မိန်းမောနေတဲ့ ဘ၀တစ်ခုအတွက်
နေ့ခုနစ်ရက် ရောက်ခဲ့ပြီးပြီ
ညခုနစ်ရက်အတွက် မင်းပြင်ဆင်ပေတော့…

ငါ့ဘ၀ကို ချိုးနှိမ်ဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း
ဘယ်တော့မှ မသေတဲ့ Resident Evil ဟာ ငါပဲ…
T-Virus အတွက် ဆေးရှာလိုက်ပါဦးလေ
မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ
Total Extinctions တစ်ခု ကျရောက်တော့မယ်.

Nostradamus မဟောကြားခဲ့တဲ့
The Lost Book ရဲ့ နောက်ဆုံး Chapter မှာ
မင်းဘာတွေ့ရမယ်ထင်လဲ..
ရေတွင်းပျက်ထဲက မိန်းကလေးတစ်ယောက် လက်စွပ်တစ်ကွင်းနဲ့
မင်းကို စောင့်နေလိမ့်မယ်….
လိုလိုမယ်မယ် မာယာစို့တစ်ခုတော့ယူသွားခဲ့ပေါ့
ငါ့ကိုများ ကြုံကြိုက်လို့ တွေ့ခဲ့၇င် ထပ်သတ်နိုင်အောင်လေ…
ငါမသေခဲ့ဘူးဆိုရင်တော့
ငါမသေနိုင်ခဲ့ဘူး ဆိုရင်တော့
ဆိုရင်တော့…..

ဆိုရင်တော့….

မီးလျှံငှက်

ကြည့်ခဲ့ဖူးတဲ့ သရဲကားတွေလည်း ကုန်ပြီ. ဘာကျန်သေးလဲ. ဟတ်ဟတ်ဟတ်

ကီးမားပလာတာတစ်ချပ်ရဲ့ ကောက်ကြောင်း....


အိမ်ရှေ့တံခါးကို ဆွဲဖွင့်ရင်း အထဲကို လှမ်းဝင်လိုက်သည်နှင့် တွေ့လိုက်ရသော မြင်ကွင်းက Guide သင်ပြီး ပြန်လာသော ကျွန်တော့်ကို အမောဆို့သွားစေခဲ့သည်…

အိမ်အပြင်မှ ပြန်လာတိုင်း အမေနှင့် အစ်မများ၊ တူမလေးများ TV ထိုင်ကြည့်နေသည်ကို မြင်နေကြမို့ ယခုကဲ့သို့ တိတ်ဆိတ်နေခြင်းကို ကျွန်တော်မနှစ်မြို့နိုင်ခဲ့ပါ။ တစ်ခုခုတော့ဖြစ်နေသည်မှာ သေချာနေလေသည်။

“အစ်မ… ဘာတွေဖြစ်နေကြတာလဲ. အမေရော…”

အစ်မငယ်က နှုတ်ခမ်းကို စူပုတ်လျက် အမေအိပ်နေသော အခန်းတွင်းသို့ ခေါင်းဆတ်ပြကာ..

“ဟိုမှာလေ… ငါ အလုပ်ထွက်လိုက်လို့ အမေက စိတ်ဆိုးပြီး စကားလည်းမပြော၊ ထမင်းလည်း မစားဘဲ အခန်းထဲ ၀င်အိပ်နေတာ…”

“ဟုတ်လား.. ဘယ်ကတည်းကလဲ..”

“၈ နာရီလောက်ကတည်းကပဲ…”

“အစ်မကလည်းဗျာ… ပြေပြေလည်လည်ပြောမှပေါ့. ဘာဖြစ်လို့ အမေ့ကို စိတ်ဆင်းရဲအောင် လုပ်ချင်ရတာလဲ…”

“ဟဲ့.. ငါက မလုပ်ဘူး. ငါအလုပ်ထွက်မယ်. ဒီ့ထက်ပိုကောင်းတဲ့ အလုပ်ရှာမယ်ဆိုတာ အားလုံးကို ပြောပြထားပြီးသားပဲ.”

“အဲဒါနဲ့ပဲ အမေက စိတ်ဆိုးရောလား”

“မဟုတ်ဘူးဟ. ငါက အလုပ်တစ်ခုထပ်ရှာမယ် ဆိုပြီး အမေ့ကို ပြောတာပဲ. အမေက သူပြောတာ ငါနားမထောင်ဘူးဆိုပြီး စိတ်ဆိုးတာ. သူ့ကို ဘာမှ မတိုင်ပင်ဘဲ လုပ်လို့တဲ့.”

“ဘာဆက်ဖြစ်ရောလဲ”

“အဲဒါနဲ့ အမေက စိတ်ဆိုးပြီး နင်တို့လုပ်စာလည်း မမျှော်ကိုးဘူး. နင်တို့ကျွေးတာလည်း ငါမစားဘူးဆိုပြီး ၀င်အိပ်နေတာ”

ပင့်သက်တစ်ချက်ရှိုက်လျက် ဘာမှဆက်ပြောမနေတော့ဘဲ အမေအိပ်နေသော အခန်းတွင်းသို့ ၀င်ခဲ့လိုက်သည်။

……

အသံကို အသာနှိမ့်လျက်..

“မားသားကြီး… ဘာဖြစ်နေတာလဲ… ထမင်းရောစားပြီးပြီလား”

ကျွန်တော့်အသံကို ကြားတော့ အမေက ဟိုဖက်လှည့်ပြီး မျက်ရည်များသုတ်သည်။ ကျွန်တော် စိတ်မကောင်းပါ။ အမေ့မျက်ရည်မြင်လျှင် ကျွန်တော့်ရင်ထဲ အရမ်းကို ၀မ်းနည်းမိသည်။

“အမေကလည်းဗျာ… ဘာမှမဟုတ်တာလေးနဲ့ စိတ်ထဲ ထားမနေပါနဲ့. သူလည်း နောက်အလုပ်တစ်ခု အေးဆေး ရှာလိမ့်မပေါ့.. ထထ. ဘာမှ မစားရသေးဘူးမလား..”

ကျွန်တော် ထိုသို့ပြောခါမှ အမေရှိုက်ကာ ငိုသည်... စကားတစ်ခွန်းမျှ မပြောပါ။

ကျွန်တော်ကအိမ်မှာ အငယ်ဆုံးဖြစ်ပေမယ့် မောင်နှမတွေ ကတောက်ကဆ ဖြစ်တိုင်း၊ အမေစိတ်ညစ်တိုင်း ကျွန်တော်ကသာ ၀င်ရှင်းပေးခဲ့ရသည်။ ထို့ကြောင့် မောင်နှမများက ကျွန်တော့်ကို နာမည်တစ်ခုပေးထားသည်။

“သံအမတ်လေး” တဲ့…

အခုလည်း အမေနဲ့ အစ်မကြားက ပြဿနာ ရှင်းပေးရဦးမည်… အလုပ်ရှာသည့် ကိစ္စက အချိန်တိုအတွင်းပြီးပြတ်မည့် ကိစ္စမဟုတ်… လောလောဆယ် အရေးကြီးသည်က အမေတစ်ခုခုစားဖို့ပင် ဖြစ်သည်။ အမေက အသက်လည်း ကြီးပြီလေ… အားပြတ်ပြီး လဲသွားရင် ဒုက္ခ.

“ကဲပါ အမေရာ… ဘာစားပြီးပြီလဲ.. ထမင်းစားမလား. သားထည့်ပေးမယ်လေ…”

အမေက ခေါင်းကို တွင်တွင်ခါယမ်းသည်။ အစ်မနဲ့ အစ်ကိုက အိမ်ရှေ့မှာ TV ကြည့်ရင်း ကျွန်တော်တို့ကို လှမ်းလှမ်းကြည့်နေသည်။

နာရီကိုကြည့်တော့ ၁၁ နာရီပင် ထိုးတော့မည်။ ၁၀ တန်းစာမေးပွဲနီး၍ ကျွန်တော့်တပည့်များကို စာသင်ချိန်တိုးသင်နေခြင်းကြောင့် ကျွန်တော်အိမ်ပြန်နောက်ကျလေ့ ရှိသည်။ ၈ နာရီကတည်းက အမေဘာမှ မစားရသေးပုံထောက်လျှင် ဗိုက်တော်တော်ဆာနေမှာ သေချာပါသည်။ သို့သော် အမေက မာနကြီးသည်။ မစားဘူးဆိုလျှင် ဘယ်သူကျွေးကျွေး စားလေ့မရှိပါ…

သို့သော် “ဘယ်သူ” ဆိုတာထဲတွင် ကျွန်တော်တော့ မပါတတ်ပါ. ကျွန်တော်က အမေ့အကြောင်းကို ကောင်းကောင်းသိသည်။ အမေက အချော့ကြိုက်သည်။ မျက်ရည်ကုန်အောင် ငိုပြီးလျှင် စိတ်ပြန်ပျော့သွားတတ်သည်။

ယခု ကျွန်တော့်ကို မြင်ပြီးနောက် အမေစိတ်ကို လျှော့ချလိုက်ပုံရသည်။ မျက်နှာ ရဲတွတ်နေအောင် ငိုပြီး မောနေလေသည်။

……

ရေတစ်ခွက်ခပ်ပေးရင်း အမေ့ကို ကျွန်တော်မေးလိုက်ပါသည်…

“နွားနို့နဲ့ ပေါင်မုန့်ကြက်ဥကြော် စားမလား. သားသွားဝယ်ပေးမယ်လေ…”

အမေက ခေါင်းကိုသာ ခါနေခဲ့သည်။

ကျွန်တော်တစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည်။ အမေ့ကို မေးနေလျှင် မိုးသာလင်းသွားမည်။ အမေကတော့ မစားဘူးချည်းသာ တွင်တွင်ပြောနေမှာ သေချာပါသည်…

“ကဲ. အမေ.. ရေသောက်လိုက်… အမေ့အတွက် ကီးမားပလာတာ ၀ယ်ပေးမယ်. ဟုတ်ပြီလား.. ဒီနားနီးနီးလေးရယ်. မြေနီကုန်း “လောကနတ်” လက်ဖက်ရည်ဆိုင်မှာ ရှိတယ်. ခဏနေရင် သားပြန်လာခဲ့မယ်နော်.”

တုန်နေသော အသံကို ထိန်းလျက် အမေက…

“မိုးအရမ်းချုပ်နေပြီ. သွားမနေနဲ့.. ငါဘာမှ မစားချင်ဘူး. ခဏနေ အိပ်တော့မှာ..”

“ဟာဗျာ. ဗိုက်ဟောင်းလောင်းကြီးနဲ့ အိပ်လို့ ဘယ်ဖြစ်မှာလဲ. တစ်ခုခုတော့ စားမှဖြစ်မှာပေါ့. စိတ်ပူမနေနဲ့. ဒီနေရာတွေ သားသွားနေကြပါ. ခဏနေပြန်လာခဲ့မယ်. ခဏပြန်လှဲနေလိုက်. ဟုတ်ပြီလား”

ပြောသာပြောရသည်။ မိုးတော်တော်ချုပ်နေပြီဆိုတာ ကျွန်တော်သိပါသည်။ ပိုဆိုးချင်တော့ မီးကလည်း ပျက်ရက်ဖြစ်နေသည်။

ကျွန်တော်နေသော …. လမ်းမှ လောကနတ်လက်ဖက်ရည်ဆိုင် ရှိရာသို့ သွားရန် အတိုဆုံးလမ်းကို စဉ်းစားလိုက်သည်။

………..

မြေနီကုန်းဈေးလမ်းဘေးနားမှ အမှိုက်ပုံကို ပတ်သွားပြီး ဒဂုံစင်တာနောက်ရှိ ဘုန်းကြီးကျောင်းနားမှ သွားလျှင် မြေနီကုန်းလမ်းဆုံသို့ ရောက်သည်။ ထိုလမ်းမှာ အတိုဆုံးလမ်းပင်ဖြစ်သည်။ ရံဖန်ရံခါ မြေနီကုန်းတွင် ဆင်းပြီး ကျွန်တော်နေသော Blazon Supermarket နားသို့ လမ်းလျှောက်လျှင်လည်း ထိုလမ်းကိုသာ ရွေးပြီး သွားနေကြဖြစ်သည်။

လျှောက်နေကြလမ်းဖြစ်၍ ဘာမှ မထူးခြားပါ။ မီးပျက်သည်။ မှောင်သည်။ မီးစက်နှိုးသံများ ကြိုကြားကြိုကြား ကြားနေရသည်။ လမ်းက လင်းတစ်ဝက် မှောင်တစ်ချို့ဖြစ်သည်။ ခွေးလေခွေးလွင့်များ အမှိုက်ပုံနားတွင် ကျက်စားနေသည်။ သစ်ရိပ်များ လမ်းသွယ်လေးထဲသို့ ထိုးကျနေသည်။ လူပြတ်သည်။

ပိုက်ဆံအိတ်ကို ခါးကြားထဲသို့ ပိုတင်းကြပ်သွားအောင် ဖိထိုးချလိုက်ရင်း ပုံမှန်အတိုင်းပင် လမ်လျှောက်လာခဲ့သည်။ ခွေးတစ်ချို့က ကျွန်တော့်ကို ထိုးဟောင်သည်။ အကြောင်းမဲ့ အူသည်….

ကိစ္စမရှိပါ.. ကျွန်တော် ဒီလမ်းတွေ သွားနေကြဖြစ်၍ ဒီမြင်ကွင်းတွေ၊ ဒီအသံတွေနဲ့ ယဉ်ပါးနေခဲ့ပါသည်။

……

“လောကနတ်” လက်ဖက်ရည်ဆိုင်တွင် ကီးမားပလာတာ တစ်ချပ်မှာပြီး ထိုင်စောင့်နေခဲ့သည်။ “ရွှေ” လက်ဖက်ရည်ဆိုင်တွင် ညဖက်မောင်းသည့် Taxi Driver များ အော်ကြီးဟစ်ကျယ် စကားပြောနေကြသည်။ လူငယ်တစ်ချို့ ဆေးလိပ်မီးခိုးများကြားတွင် အကြိတ်အနယ် ဆွေးနွေးနေကြသည်။

ကျသင့်ငွေကို ရှင်းပေးပြီး မြေနီကုန်းလမ်းဆုံကို ဖြတ်ကူးခဲ့သည်။
ခုနက လာခဲ့သည့် လမ်းလေးထဲသို့ ချိုးဝင်လိုက်သည်။ လက်ထဲတွင်တော့ ကျွတ်ကျွတ်အိတ်နှင့်ထုပ်ထားသော ကီးမားပလာတာအနံ့က မွှေးပျံ့နေပါသည်။

နာရီကို ကြည့်မိတော့ ၁၁ နာရီ ၄၅ မိနစ်…

…..

ဘာရယ်ကြောင့်မှန်းမသိ… ကျွန်တော့်စိတ်တွေ နည်းနည်း ဆောက်တည်ရာမရဖြစ်နေသည်ဟု ခံစားမိသည်။

ဆံပင်ကို သပ်တင်လျှက် ရောက်တတ်ရာရာအတွေးများကို မောင်းထုတ်ပစ်လိုက်သည်…

ဘာမှမဖြစ်ဘူး… ဒါ ငါသွားနေကြလမ်းပဲ… အေးဆေးပါ…

ကိုယ့်ကိုယ်ကို ပြန်အားပေးရင်း လမ်းဆက်လျှောက်လာခဲ့သည်။ ဘုန်းကြီးကျောင်းနားသို့ရောက်လျှင် လမ်းကလေးက အပေါ်ကို ချိုးပြီး ထောင်တက်သွားပါသည်။

ထိုလမ်းကွေ့လေးသို့ အရောက်….

ကျွန်တော့်ညာဖက်လက် ဆတ်ခနဲ တုန်သွားသလို ခံစားလိုက်ရသည်….

ခွေးဝင်ဆွဲသည်အထင်နှင့် ဘေးသို့ ယို့လိုက်ရင်း ပလာတာ ကိုင်ထားသော လက်ကို အသာမြှောက်လိုက်သည်။

ဘာမှ ရှိမနေခဲ့ပါ…

ကြက်သီးများ ဖြန်းခနဲထသွားသည်…

ခေါင်းမွှေးများ ထောင်လာသလို ခံစားလာရသည်။

သေချာပါသည်… ကျွန်တော့်တစ်ကိုယ်လုံး မွှေးညှင်းများ ထောင်နေသည်ကို ခံစားနေရသည်။

သို့သော် ကျွန်တော်မကြောက်တတ်ပါ. အမှတ်တမဲ့မို့ လန့်သွားခဲ့ခြင်းသာ ဖြစ်ပါသည်..

ဘာသာရေးစာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်နေခဲ့သော ကျွန်တော့်အတွက် ဤကဲ့သို့ ကိစ္စများကို နားလည်နေခဲ့ပါသည်။

တစ်ခုပဲ ပြတ်ပြတ်သားသား ကိုယ့်ကိုယ်ကို သတိပေးနေခဲ့မိသည်…

“မင်း.. လုံးဝ မပြေးရဘူး… ခပ်မှန်မှန်လေးသာ သတိနဲ့ လမ်းလျှောက်သွား”

…..

ပလာတာ ကိုင်ထားသော လက်ကို ရှေ့ဖက်သို့ ချလျက် ပုံမှန်ထက် နည်းနည်းမြန်အောင် လမ်းလျှောက်လိုက်သည်။

ခါးကိုမတ်ထားသည်။ ရင်ကို ကော့ထားသည်။ လက်များကို အကြောများ ဖြေလျှော့လျက် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ မျက်လုံးများကို အသာကစားလျက် ရှေ့ကို တည့်တည့် စိုက်ကြည့်နိုင်အောင်၊ ဘေးဖက်မှ အမှောင်ရိပ်ထဲသို့ စိုက်မကြည့်မိအောင် ကြိုးစားထိန်းလျက် လမ်းဆက်လျှောက်လာခဲ့သည်…

စိတ်ထဲတွင်တော့ သမ္ဗုဒ္ဓေ ဂါထာတော်ကို ရွတ်နေခဲ့မိသည်….

ဝူ့… အုူ……………………………………..

ခွေးဝဲစားတစ်ကောင်က အသံရှည်ဖြင့် ဆွဲအူလိုက်ခဲ့သည်။

“အိုးမိုင်ဂေါ့ဒ်… ဘာတွေလဲ.. ဘာတွေလဲကွာ…”

ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးများ အဆက်မပြတ်ထနေခဲ့သည်။ ဒူးခေါင်းများ ပျော့ခွေချင်သလို ဖြစ်လာသည်။ ချွေးစေးများ ပြန်လာခဲ့သည်။

သို့သော်စိတ်ကို ပြန်တင်းသည်…

“ဘာမှမဟုတ်ဘူး ဟေ့ကောင်.. .မင်းလန့်မနေနဲ့… အေးဆေးသွား.. မင်းရဲ့ ပလာတာထုပ်ကို အရှေ့ဖက်ချထား. မှန်မှန်လေးလျှောက်. ထွက်ပြေးလို့ လဲကျသွားရင် မင်းနာပြီသာမှတ်… အေးဆေးသွား.. အေးဆေးသွား…”

အကြိမ်ကြိမ်ပြန်အားပေးရင်း… လက်ဖျံတွင်းသို့ အားများထည့်ထားရင်း၊ ခေါင်းကို တမင်မော့ထားရင်း လမ်းဆက်လျှောက်သည်။

“ရှပ်.. ရှပ်… ရှပ်… ရှပ်…”

“အားးးးးးးးးးးးးးးးးးးးးးးး…” (ကျွန်တော့်စိတ်ထဲတွင် အော်နေခဲ့မိခြင်းဖြစ်ပါသည်….)

ကျွန်တော့်ခန္ဓာကိုယ် ရှေ့သို့အနည်းငယ်ကိုင်းနေသည်ဟု ခံစားရသည်။ အပြေးတစ်ပိုင်း ကျွန်တော်လမ်းလျှောက်နေခဲ့မိသည်.. အရှေ့တွင် အိမ်တစ်အိမ်မှ ထွန်းထားသော အင်ဗာတာ မီးချောင်းအရောင် တွေ့နေရသည်… ကျွန်တော့်စိတ်ထဲတွင်တော့ ထိုနေရာသို့ အမြန်ဆုံး ရောက်ချင်နေမိသည်။

ကျွန်တော် တော်တော်ကို မခံချင် ဖြစ်သွားခဲ့ပါသည်။

ဘာလဲကွာ…

လှမ်းလျှောက်နေသော ခြေလှမ်းများကို တုံ့ခနဲ ရပ်ပစ်လိုက်သည်။ နောက်ဖက်သို့ ချာခနဲ လှည့်ပစ်လိုက်ရင်း ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်သည်။

ဘုန်းကြီးကျောင်းဝင်းတွင်းရှိ သစ်ပင်မှောင်ရိပ်များ ရှိရာဆီသို့လည်း ခေတ္တစိုက်ကြည့်နေရင်း တစ်စုံတစ်ရာကို တွေ့လိုတွေ့ငြား ရှာနေခဲ့မိသည်။

သေချာပါသည်။ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးများ တဖြန်းဖြန်းထလျက် အသက်ရှူမမှန်ဖြစ်နေပါသည်။

ပါးစပ်မှ တစ်စုံတစ်ရာကို အော်ဟစ်စိန်ခေါ်ပစ်လိုက်ချင်သော်လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ပါသည်။

နောက်ဖက်၊ ဘေးဖက်တို့သို့ သေချာအောင် စိုက်ကြည့်ပြီးနောက် သားရည်ဖိနပ်ကို ခြေဖ၀ါးနှင့်ကပ်နေအောင် စီးပြီး ခြေသံမကြားအောင် လမ်းဆက်လျှောက်ခဲ့ပါသည်။

တစ်လှမ်း…
နှစ်လှမ်း..
သုံးလှမ်း..

လေး….

“ရှပ်.. ရှပ်… ရှပ်… ရှပ်…”

“C’mon! What the hell is happening to me? %^&%(&)(*”

စိတ်ထဲတွင် အသာကျိန်ဆဲလျက် နောက်ကိုလှည့်မကြည့်တော့ဘဲ မီးရောင်ရှိရာဆီသို့ အမြန်ဆုံး ရောက်အောင်သာ ခပ်မြန်မြန်လမ်းလျှောက်ခဲ့သည်…

မြေနီကုန်းဈေးလမ်းဖက်သို့ အကွေ့တွင်ခပ်လှမ်းလှမ်းမှ လူတစ်သိုက်ကိုတွေ့လိုက်ရသည်။

အားတော်တော်တက်သွားခဲ့သည်။

မီးရောင်တစ်ချို့ကိုလည်း လှမ်းမြင်နေရပါသည်။

ကြက်သီးများလည်း မထတော့ပါ.

ပလာတာထုတ်ကို အသာကိုင်မြှောက်ကြည့်ရင်း သက်ပြင်းမောတစ်ချက်ကို မှုတ်ထုတ်လိုက်ခဲ့မိသည်….

….

အိမ်ရောက်တော့ ကုတင်ပေါ်တွင် အမေလှဲနေဆဲပင်ဖြစ်သည်။

ပလာတာထုတ်ကို ထမင်းစားစားပွဲဆီသို့ ယူခဲ့ရင်း ပန်းကန်စင်ပေါ်မှ ပန်းကန်တစ်ချပ်ထဲသို့ ပြောင်းထည့်လိုက်သည်။

ထို့နောက် ပန်းကန်ကို လက်နှစ်ဖက်ဖြင့် အသာထိလျက်..

“ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ…” ဟု ခပ်တိုးတိုး သုံးကြိမ်ရွတ်ဆိုလိုက်သည်။

သောက်ရေတစ်ခွက်ငှဲ့ထည့်ရင်း အိမ်ရှေ့သို့ယူလာခဲ့သည်…

အမေ့ကို အိပ်ယာပေါ်မှ တွဲခေါ်ရင်း အိမ်ရှေ့သို့ ခေါ်လာခဲ့သည်။

ပလာတာကို နှစ်ခြိုက်စွာ စားနေသော အမေ့ကို ကြည့်ရင်း ကျွန်တော့်ရင်ထဲ ၀မ်းနည်းဝမ်းသာစိတ်များ ဖြစ်နေခဲ့ရသည်…

….

ပလာတာ တစ်ချပ်လုံးမစားနိုင်၍လား၊ ကျွန်တော့်ကိုပါ စားစေချင်၍လားမသိ အမေက သူစားနေသော ပလာတာကို တစ်ဝက်ခွဲပေးသည်…

အမေစိတ်ချမ်းသာအောင် ကျွန်တော်လည်း ၀င်ထိုင်စားလိုက်သည်။

တော်တော်စားလို့ကောင်းပါသည်….

…..

ကျွန်တော့်စိတ်ထဲတွင် မျိုသိပ်မထားနိုင်တော့ပါ။ ပလာတာလည်း ကုန်ချေပြီ. အမေ့မျက်နှာလည်း ပြန်လည် ပြုံးရွှင်လာလေပြီ။ အစ်မနဲ့ အစ်ကိုလည်း မအိပ်သေးဘဲ စကားစမြည် လာပြောကြသည်။

ည ၁၂ နာရီခွဲနေပါပြီ.

အားလုံး၏ မျက်နှာကို တစ်ချက်စိုက်ကြည့်လျက် ဖြစ်ခဲ့သမျှ အကြောင်းစုံကို ကျွန်တော်ပြန်ပြောပြလိုက်ခဲ့သည်…

အစ်မက ကျွန်တော့်ကို မယုံတစ်ဝက် ယုံတစ်ဝက် မျက်နှာဖြင့် စိုက်ကြည့်ကာ…

“တော်သေးတယ်. နင်ထွက်မပြေးလို့.. ငါသာဆိုရင် ပြေးပြီ. ဟားဟားဟား”

ပြောလည်းပြော ရယ်လည်းရယ်ရင်း စကားဝိုင်းလေးက စိုပြည်သွားခဲ့သည်။

အစ်ကိုကလည်း

“ဒီကောင်မို့လို့ပေါ့. ကျွန်တော်သာဆိုရင် ပုဆိုးခါးတောင်းကျိုက်ပြီး ပလာတာထုတ်ကို ပစ်ချပြီး ပြေးမှာ.”

အစ်ကို့စကားကိုကြားတော့ တစ်အိမ်လုံး ပွဲကျသွားကြသည်.

အမေလည်း ရယ်ရယ်မောမောဖြင့် မိသားစုအားလုံး ပြန်လည်ညီညွတ်သွားကြပါသည်..

အစ်မကြီးက ၀င်ပြီး အရွှန်းဖောက်ပါသေးသည်…

“ဒါဆို ခုနက အဲဒီ့ပလာတာကို အမေ့ကို ကျွေးလိုက်တာပေါ့လေ..”

မျက်လုံးပြူးမျက်ဆံပြုးဖြင့် ကျွန်တော့်ကို လာမေးသော အစ်မကြီးကို မချိုမချဉ်မျက်နှာပေးဖြင့် ပြန်ကြည့်ကာ..

“အင်း.. ဟုတ်တယ်. အဲဒါကြောင့် အရမ်း အရသာရှိနေတာလေ… ဟတ်ဟတ်ဟတ်”

အမေကလည်း အားရပါးရရယ်ပါသည်။ ရယ်လည်းရယ်၊ လက်တစ်ဖက်ဖြင့်လည်း နှပ်များကို ဂွီးခနဲ ညှစ်ရင်း ထုံးစံအတိုင်း ပြောလိုက်သည်မှာ

“မင်း ကွာ….”

….

ထိုညက ကျွန်တော်အိပ်တော့ တစ်ခုသတိထားမိလိုက်ပါသည်.

ကျွန်တော့်ခြင်ထောင်ကို အသာမလျက် အမေစောင်လာခြုံပေးသွားပါသည်…

……….

(ဖြစ်ရပ်မှန်ဖြစ်ပါသည်. နောက်ထပ် အတွေ့အကြုံများ လာပါဦးမည်….)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Monday, October 29, 2007

တစ္ဆေခြောက်တဲ့ည… (၀ါ) သရဲခြောက်ခံရသည့် အတွေ့အကြုံများ…




အားလုံးပဲ အမှတ်တရရေးကြမယ်ဗျာ. ဘယ်သူဘယ်ဝါလို့ မပြောပါဘူး. ဒီပို့စ်ကို ခင်ဗျားဖတ်နေပြီဆိုရင် ခင်ဗျားကို ကျွန်တော် Tag လိုက်ပြီလို့သာ အောက်မေ့လိုက်တော့ဗျာ.

ကျွန်တော်တို့နဲ့အတူတူ ဘလော့ဂ်လောကကြီးကို စိုပြည်သွားအောင် ဖန်တီးလိုက်ကြတာပေါ့.

October 31 က Halloween Night လေ…

အမှတ်တရအနေနဲ့ ရေးတဲ့သူတိုင်းကို ကျွန်တော့်လင့်ခ်မှာ ချိတ်ပေးမယ်… ချိတ်ပြီးသားသူက ရေးတယ်ဆိုရင်တော့ ပိုပြီးတော့ အမှတ်တရဖြစ်သွားအောင် သရဲတစ်ကောင်ပို့ပေးမယ်…



ရေးကြမယ်ဗျာ… နော်….

အားလုံးကိုချစ်တဲ့

ရန်အောင်…

Friday, October 19, 2007

Peekaboo Comments လေးများ လုပ်ကြမယ်...


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါလက်ဆင့်ကမ်းပြောပြချင်တာကတော့ Peekaboo Comments လေးတွေ အကြောင်းပါ. ဒီအကြောင်းကို ရေးမယ်လို့ အားခဲထားခဲ့တာ ကြာပါပြီ. အခုမှပဲ ရေးဖြစ်တော့တယ်ဗျာ.

Peekaboo Comments ဆိုတာ ဘာလဲလို့ သိချင်နေသူများ ကျွန်တော့်ဘလော့ဂ်ပို့စ်တွေထဲက ကော်မန့်ရှိတဲ့ပို့စ်တစ်ခုခုကို သွားကြည့်ပြီး ကော်မန့်ကို Click ခေါက်ကြည့်လိုက်ပါ. (Friendly Neighbors လို့ ကျွန်တော်က နာမည်တစ်မျိုးပေးထားတယ်ဗျ).

ကဲ. ဘာသတိထားမိလဲ.

တွေ့ပြီနော်.

ပုံမှန်အရဆိုရင် Comments ဆိုတာကို Click ခေါက်လိုက်ရင် နောက်ထပ် စာမျက်နှာ အသစ်တစ်ခု ပွင့်လာပါတယ်. အဲဒီ့မှာပဲ ကျွန်တော်တို့က Comments ရေးတာတို့၊ ဖတ်တာတို့ကို လုပ်ရပါတယ်.

Peekaboo Comments ကျတော့ သူ့ကို click ခေါက်လိုက်တာနဲ့ ရေးထားတဲ့ comments လေးတွေကို same page မှာပဲ ဖတ်လို့ရနိုင်သလို ရေးလို့လည်း ရပါတယ်. အချိန်ကုန်သက်သာသလို ကော်နက်ရှင်လည်း မြန်ဆန်သွက်လက်လာစေပါတယ်.

ကဲ. ဒါကို ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါခင်ဗျာ.

အဆင့် (၈) ဆင့်နဲ့ ခွဲပြီး ပြောပြသွားပါမယ်. တစ်ဆင့်ချင်းကို သေချာဖတ်ပြီး လုပ်ရင် ၁၅ မိနစ်နဲ့ ဒီကိစ္စ အောင်မြင်ပြီးစီးပါလိမ့်မယ်. စိတ်လောပြီး ဟိုကျော်ဒီကျော်ဖတ်ရင်တော့ Error ကြီးနဲ့ တိုးသွားမှာ ဖြစ်ပါကြောင်း….

(၁) မိမိဘလော့ဂ်ထဲကနေ Settings> Edit HTML ကိုသွားပါမယ်. Template ကို Backup လုပ်ရပါမယ်. ဒါမှ မတော်လို့ မှားသွားရင် အရင် Template ကို restore ပြန်လုပ်လို့ရမှာ ဖြစ်ပါတယ်. ဒီတိုင်း Backup လုပ်ချင်ရင်လုပ်. မဟုတ်ရင်တော့ Template တစ်ခုလုံးကို ကူးပြီး Ms Word ထဲမှာ Save လုပ်ထားလိုက်ပါ. အဓိကက Template ကို မပြင်ခင် ကိုယ့်မှာ Hard Copy ရှိနေဖို့ပါပဲ.

(၂) Expand Widgets Box သေးသေးလေးကို Tick လုပ်ပေးခဲ့ရပါမယ်. ဒါဟာလည်း သိပ်အရေးကြီးပါတယ်. Template ပြင်တဲ့အခါမှာ တစ်ချို့ Code လေးတွေ ရှာမတွေ့ဘူးလို့ ခဏခဏ ပြောတတ်ကြပါတယ်. အဲဒါဟာ Expand Widgets ဆိုတဲ့ Box လေးကို Tick မလုပ်ခဲ့တဲ့ ပြဿနာကြောင့်ပါပဲ.

(၃) </head> ဆိုတဲ့ Tag လေးမဆုံးခင်မှာ ဒီ Coding လေးတွေကို ထည့်ပေးလိုက်ပါ

<script type='text/javascript'>
//<![CDATA[
var comment_form_template = '<div class="commentelem" style="clear:both">\n'
+ '<div style="float:left;margin-right:5px;clear:both;" id="commentphoto[[CID]]"></div>'
+ '<div class="comment-poster">[[AUTHOR]]</div>\n'
+ '<div class="comment-body"><div class="innerCmntBody">[[BODY]]</div></div>\n'
+ '<div class="comment-timestamp"><a href="[[PERMALINK]]" title="comment permalink">[[DATE]]</a></div></div>\n';
//]]>
</script>
<script src='http://jscripts.ning.com/get.php?xn_auth=no&amp;id=2941927' type='text/javascript'/>

(၄) ဒီ စာကြောင်းလေးတွေကို လိုက်ရှာပါ

<b:includable id='comments' var='post'>
<div class='comments' id='comments'>

တွေ့ရင် ဒုတိယလိုင်းကို ဒီလိုလေး အစားသွင်းပေးလိုက်ပါ.

<div class='comments' expr:id='"comments" + data:post.id'>
<b:if cond='data:blog.pageType != "item"'>
<script type='text/javascript'>
document.getElementById('comments<data:post.id/>').style.display = 'none';
</script>
</b:if>

(၅) ခုနက စာကြောင်းလေးတွေရဲ့ အောက်ဖက်နားလေးမှာပဲ <dl id='comments-block'> ဆိုတာလေး ရှိပါတယ်. အဲဒါလေးကို တွေ့အောင်ရှာပြီးရင် အဲဒီ့စာကြောင်းလေး မတိုင်ခင်မှာ ဒါလေးကို ထည့်ပေးလိုက်ပါ.

<div expr:id='"commentsul" + data:post.id'> </div>

(၆) ဒီထိရပါသေးတယ်နော်. ပြီးခါနီးပါပြီ. ဒီတစ်ခါတော့ ဒီစာကြောင်းလေးတွေကို ရှာပါခင်ဗျာ.

<b:includable id='main' var='top'>
<!-- posts -->

တွေ့ရင် ဆက်ဖတ်ကြည့်ပါ. ဒီလိုမျိုး Coding လေးတွေ ရေးထားတာ တွေ့ရပါလိမ့်မယ်.

<b:if cond='data:blog.pageType == "item"'>
<b:if cond='data:post.allowComments'>
<b:include data='post' name='comments'/>
</b:if>
</b:if>

အဲဒါကို တွေ့အောင်ရှာပြီးရင် ဒီလိုပြန်အစားသွင်းပေးလိုက်ပါ.


<b:if cond='data:post.allowComments'>
<b:include data='post' name='comments'/>
</b:if>

(၇) နောက်ဆုံးအဆင့်ပါ.

ဒီ စာကြောင်းလေးကို ရှာပါခင်ဗျာ.

<b:includable id='post' var='post'>

ပြီးရင် သူ့အောက်နားလေးကို ဆက်ဖတ်ပါ. ဒါလေးတွေကိုတွေ့တဲ့ အထိပေါ့

<b:if cond='data:post.allowComments'>
<a class='comment-link' expr:href='data:post.addCommentUrl' expr:onclick='data:post.addCommentOnclick'><b:if cond='data:post.numComments == 1'>1 <data:top.commentLabel/><b:else/><data:post.numComments/> <data:top.commentLabelPlural/></b:if></a>
</b:if>

တွေ့ပြီနော်.

အိုကေ.

အဲဒီ့တစ်ပိုဒ်လုံးကို ဒီလို ပြန်အစားသွင်းပေးရပါမယ်.

<b:if cond='data:blog.pageType != "item"'>
<b:if cond='data:post.allowComments'>
<b:loop values='data:post.feedLinks' var='f'>
<a class="comments" rel="comments" expr:href='data:post.url + "#comments"' expr:onclick='"peekaboo_comments_display(&quot;" + data:f.url + "&quot;,&quot;commentsul" + data:post.id + "&quot;,&quot;&quot;,&quot;" + data:post.url + "#comments&quot;,&quot;max comments&quot;);toggleitem(&quot;comments" + data:post.id + "&quot;);return false;"'><b:if cond='data:post.numComments == 1'>1 <data:top.commentLabel/><b:else/><data:post.numComments/> <data:top.commentLabelPlural/></b:if></a>
</b:loop>
</b:if>
<b:else/>
<b:if cond='data:post.allowComments'>
<a class='comment-link' expr:href='data:post.url + "#comments"' expr:onclick='"toggleitem(&quot;comments" + data:post.id + "&quot;);return false;"'><b:if cond='data:post.numComments == 1'>1 <data:top.commentLabel/><b:else/><data:post.numComments/> <data:top.commentLabelPlural/></b:if></a>
</b:if>
</b:if>

Max comments ဆိုပြီး အနီရောင်လေးနဲ့ ရေးထားတဲ့ နေရာမှာ ကိုယ်ကြိုက်သလို Edit လုပ်လို့ရပါတယ်. ဥပမာ. ကော်မန့်တွေကို အများဆုံး (၅) ခုပဲ ပေါ်စေချင်ရင် 5 လို့ရိုက်ထည့်ပေးရမှာပါ. အဲလိုမဟုတ်ဘဲ ရှိသမျှ၊ ရေးပေးထားသမျှ ကော်မန့်တွေ ပေါ်စေချင်ရင်တော့ max comments နေရာမှာ false လို့ ရိုက်ပေးပါခင်ဗျာ.

(၈) Template ကို Save လုပ်လို့ရပါပြီ.

Enjoy!!!!


Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ရေးသားပါတယ်…

Peekaboo နှင့်ပတ်သက်ပြီး ရေးခဲ့သမျှပို့စ်များ

(၁) Peekaboo ပို့စ်ခေါက်ခြင်း
(၂) Peekaboo Sidebar လုပ်ခြင်း
(၃) Peekaboo Navigation Bar လုပ်ခြင်း

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Tuesday, October 16, 2007

ပျော်ရွှင်စရာမွေးနေ့မင်္ဂလာပါ သမီးငယ်လေးရေ....




လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော် Gtalk မှာ ခဏ၀င်ပြီး သူငယ်ချင်းတွေနဲ့ Chating လုပ်နေတုန်းမှာပဲ Gtalk ကနေ တစ်ယောက်က ခေါ်လာပါတယ်. ကျွန်တော်လည်း call ကို answer လုပ်ပြီး သူမှန်းမသိဘဲ တစ်ခြားတစ်ယောက်နာမည်နဲ့ ဆက်ပြောနေခဲ့ပါတယ်.

နောက်ကျမှ သူက ပြောပါတယ်

ကိုရန်အောင် လူမှားနေပြီတဲ့.. ကျွန်တော် စိုးထက်ပါ. တဲ့..

ဟိုက်.

ကျွန်တော်လည်း အားနာလိုက်တာဗျာ. သူကလည်း သူပဲလေ. ဟဲလိုလို့တောင် မပြောဘူး မိတ်မဆက်ဘဲနဲ့ တစ်ခါတည်း စကားတွေ ဆက်ပြောသွားတော့ ကျွန်တော်လည်း တစ်ခြားမိတ်ဆွေတစ်ယောက်နဲ့ လွဲမိတာပေါ့.

ထားပါလေ. အဲဒါနဲ့ပဲ ကိုစိုးထက်ကြီးနဲ့ စကားတွေ ဆက်ပြောဖြစ်ခဲ့ကြတယ်. ပထမဦးဆုံး အကြိမ်ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့က ဘလော့ဂ်တွေပေါ်မှာ ရင်းနှီးခဲ့ကြတာ ကြာပြီလေ.

တကယ့်ကို မိတ်ဆွေရင်းတွေလိုပါပဲ. ရင်းရင်းနှီးနှီး ခင်ခင်မင်မင် စကားတွေ ပြောဖြစ်ခဲ့ကြတယ်.

ကျွန်တော့်ကို ကိုစိုးထက်ကြီးက အားမငယ်ဖို့၊ လူတွေတစ်မျိုးထင်ပေမယ့်လည်း ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားနိုင်ဖို့ သွန်သင်လမ်းပြပေးခဲ့ပါတယ်. ရွယ်တူသူငယ်ချင်းတွေ အချင်းချင်း ပြောသလိုမျိုး ပြောသွားခဲ့တာပါ. သူ့ဘ၀အကြောင်းလည်း အနည်းငယ် တီးခေါက်မိခဲ့ပါတယ်.

တစ်ခြားအကြောင်းတွေတော့ သိပ်မပြောလိုပါဘူးဗျာ. ကျွန်တော်သူ့ကို အထင်ကြီးလေးစားသွားခဲ့ရတဲ့ အကြောင်းတွေထဲမှာ သူဟာ ပညာတော်သင်တစ်ယောက်ဖြစ်ကြောင်း၊ လက်ရှိမှာ ဘုန်းကြီးကျောင်းမှာ နေရင်း ကျောင်းတက်နေကြောင်း ဆိုတာ ပါလာပါတယ်.

ကျွန်တော်သာ သူ့နေရာမှာဆိုရင် အဲလိုနေနိုင်ပါ့မလားလို့တောင် မေးခွန်းထုတ်နေခဲ့မိတယ်. ပြီးတော့ ကိုစိုးထက်ကြီးက အိမ်ထောင်ရှင်တစ်ယောက်လည်း ဖြစ်တယ်လေ. ဇနီးနဲ့ သမီးလေးကို ခွဲခွာပြီး အဝေးတစ်နေရာမှာ ဘ၀တက်လမ်းအတွက် ကြိုးစားနေရတဲ့ သူ့ဘ၀ကို ကိုယ်ချင်းစာမိပါတယ်.
သူက ကျွန်တော်တို့ထက် အသက်ကြီးပေမယ့်လည်း လူငယ်တွေနဲ့ အတူတူ ဘလော့ဂါဘ၀ကို ခုံမင်မြတ်နိုးစွာ ရွေးချယ်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်. သူ့ရဲ့ ပညာတော်သင် အတွေ့အကြုံတစ်ချို့ကိုလည်း ဘလော့ဂ်မှာ ရေးသားဖော်ပြနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်.

ကဲဗျာ. လိုရင်း ဆွဲရရင်တော့ ဒီနေ့ သူ့သမီးလေး သံသာထက်ရဲ့ ၃ နှစ်မြောက်မွေးနေ့မင်္ဂလာပါ.

အဝေးတစ်နေရာမှာ ရောက်နေတဲ့ ဖခင်တစ်ယောက်ကို ကျွန်တော် အားမပေးတတ်ပေမယ့် တတ်နိုင်သလောက်လေး သူတို့မိသားစုအတွက် ပျော်ရွှင်စရာလေးတစ်ခု ဖန်တီးပေးချင်ပါတယ်. ဒါကြောင့်လည်း ဒီပို့စ်လေးကို ရေးသားရင်း သမီးလေးသံသာထက်အတွက် မွေးနေ့ဆုတောင်းလေး ခြွေလိုက်ပါတယ်.

ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ. သမီးလေး သံသာထက်ရေ…..

ဦးဦးတို့ အားလုံး သမီးလေးအတွက် ဆုတောင်းပေးနေမယ်နော်…









ဒါကတော့ သမီးလေးအတွက် (၃) နှစ်မြောက်မွေးနေ့မင်္ဂလာသီချင်းလေးပေါ့...



Monday, October 15, 2007

အားလုံးအတွက်ထိုးတဲ့ ခေါင်းလောင်းသံ...




ကြယ်ပွင့်တစ်ချို့လည်း ကြွေလွင့်ကုန်ပြီ
မှုန်ရီနေတဲ့ အနာဂတ်တစ်ခုအတွက်
ရက်လပေါင်းများစွာ ဆွေးမြေ့ခဲ့ရပေါ့
အတွေးဆိုတာ ၀င်္ကပါတစ်ခုမှ မဖြစ်သင့်ခဲ့တာ
အခါခါတက်ဖို့ ကြိုးစားခဲ့တဲ့
ချောက်ကမ်းပါးရဲ့ အောက်ခြေမှာ
ကြွက်ဖြူကြွက်မည်းတို့ကိုက်ဖြတ်ထားတဲ့
ကြိုးတစ်ချို့ပုံလဲနေလေရဲ့…



မိုးကောင်းကင်ကိုမျှော်ကြည့်နေလည်း
ငါ့မြင်ကွင်းတွေက အကန့်သတ်ခံထားရတယ်
အမြင့်ကိုတက်ရင်း ငါပြုတ်ကျနေတာလား
ငါဟာအမြင့်ကို ပျံတက်နေတာလား
ေ၀၀ါးနေတဲ့ ငါ့အသိတွေမှာ နှိုင်းရတစ်ခုလိုနေတယ်..



မှိုင်းမိနေတဲ့ ဖြားယောင်းမှုတွေမလိုချင်ဘူး
အစားအသောက်တွေ ပေကျံနေတဲ့ မင်းနှုတ်ခမ်းအောက်က
မှောက်မှားနေတဲ့ သီအိုရီတွေနဲ့ ငါ့ကို သွေးမဆောင်ပါနဲ့
ဖောက်ပြားမှုအောက်မှာ ခရုသင်းသံ မသာယာနိုင်ဘူးလေ…



ခွင့်လွှတ်ပါ.
ငါလည်း မိသားစုတစ်ခုအတွက် ထီးတစ်လက်ဖြစ်ချင်တာပေါ့
ဒါပေမယ့်
ငါ့ထီးရဲ့ ပြင်ပမှာ မီးတွေတော့ မတောက်လောင်စေချင်ဘူး
အဆောင်အယောင်တွေ ရဖို့အတွက်
ရက်စက်မှုတွေကို မိတ်ဆွေမဖွဲ့ပါရစေနဲ့လေ…



ငါဟာ အိမ်ငှားတစ်ယောက်ပါ
ဒီအိမ်ကြီးကို တောက်ပထင်ရှားစေချင်လို့
ဘေးအိမ်တွေကို မီးနဲ့ရှို့ဖို့မခိုင်းစေပါနဲ့
ငါ့တန်ဖိုးတွေ မမဲ့ချင်ဘူး
မသေခင် ဒီအတ္တဘောကြီးကို လုပ်ကျွေးခဲ့ပြီး
သေရင်တောင် ငါ့ဝိညာဉ် လိပ်ပြာမသန့်ခဲ့ရင်
သံသရာတစ်ခွင်မှာ ငါဘယ်လိုကျင်လည်ရတော့မှာလဲ…



ငါ့ရင်ထဲမှာ ခေါင်းလောင်းသံတစ်ခုမြည်ဟည်းနေတယ်
အဲဒါဘယ်သူ့အတွက်လဲ..

ငါ့အတွက်လား…

မင်းအတွက်လား…

သူတို့အတွက်လား…

ငါ့ရင်ထဲကထွက်လို့ ငါ့အတွက်လား…

ဒါတွေ ငါမဖြေအားဘူး
သေချာတာတစ်ခုကတော့
မမေ့လျော့တဲ့ သတိတစ်ခုကိုစွဲကိုင်လို့
မယိုင်လဲတဲ့ သတ္တိတစ်စုံနဲ့
ငါတို့တိုင်းပြည်အတွက်
ဒီခေါင်းလောင်းသံ ဆက်လက်မြည်ဟည်းနေမယ်….





(ရေခဲငှက်)


Tuesday, October 09, 2007

ကဗျာလက်ရည်စမ်းခြင်းများ (၁)


ရေးသားသူ .... အိမ့်ချမ်းမြေ့

ဒီနေရာမှာ အစစ်အမှန်တွေ ရှိမနေဘူးလို့ ဆိုနိုင်ပါတယ်။
………….

ဒီနေရာမှာ
သာနေတဲ့ “လ”၊ ပြာနေတဲ့ “ရေ”
စိုပြေတဲ့ “လေ”၊ သကာရည်လောင်းတဲ့ “ဆောင်း” နဲ့
အညောင်းမိနေတဲ့ “မေ”
…….

ဒီနေရာမှာ
ဝေဖန်မှုတွေ၊ သုံးသပ်မှုတွေ၊
အပြစ်တင်မှုတွေ၊ မြှောက်ပင့်မှုတွေ၊
မလိုမုန်းထားမှုတွေ၊ အားကျမှုတွေ၊
စိတ်ပျက်မှုတွေ၊ စိတ်ခွန်အားတွေ
အတိတ်တွေ၊ အနာဂတ်တွေ၊
ပစ္စုပန်တွေ၊ တေလေတွေ၊
အသိနက်နက်တွေ၊ နဝေတိမ်တောင်တွေ
စာအုပ်ကြီးသမားတွေ၊ individualist တွေ
Naturalist တွေ၊ Existentialist တွေ
centrist တွေ…
ဘယ်သူမှ မရှိ…
ရှိနေတာက…
“လ” “ရေ” “လေ” “ဆောင်း”
အကြောင်းတွေမသိလို့ အေးချမ်းချငိတဲ့ “မေ”
ကိုယ်တစ်ယောက်ထဲ နေပါရစေ။

လာတယ်ဆိုလဲ
ကန်သာဘေးရပ် စကားမဟနဲ့နော်…
ဝန်းကျင်ကာလ ညသဘာဝထဲ
ဖြစ်ပျက်နေမှု၊ တစ်ခုခုမြင်လိုက်ပါလား
ဦးနှောက်ကို ခွဲထုတ်၊ မြက်ခင်းပေါ်ကန်ထုတ်
ခံစားချက်တွေကို နုပ်နုပ်စင်း
အပျင်းပြေ ခဏလောက်ပဲဖြစ်ဖြစ်ပါ
အခန်းလေးခန်းပါတဲ့ ကြွက်သားတစ်စုံနဲ့
ရင်ခုန်ကြည့်လိုက်ပါ။

ထွက်သွားမယ်ဆိုလဲ
နှုတ်မဆက်နဲ့တော့
အရင်ထဲက ကိုယ့်ဟာကိုယ်နေချင်သူမို့
အတုတွေထဲ တ၀ဲလည်ချင်လည်ပါစေတော့
လ သာ ည ကို မငိုစေချင်လို့လေ…….

တစ်ကယ်ပါ…
………..

ဒီနေရာမှာ အစစ်အမှန်တွေ ရှိမနေဘူးလို့ ဆိုနိုင်ပါတယ်။

ငါ့ လမင်းရေ ခပ်တိုးတိုးသာနေပါနော်…


ရေးသားသူ ... ရေခဲငှက်


ဒီနေရာမှာ စစ်မှန်ခြင်းရဲ့ အရိပ်သဏ္ဍာန်တွေ စိုးမိုးနေဆဲပါပဲ…

ဒီနေရာမှာ
ချိုသာတေးဖွဲ့၊ သွဲ့ပြောင်းလေပြည်
အကြင်နာဝေဖြာ၊ စာပေလွှာတွေရေးစပ်ခဲ့ဖူးပါတယ်…

….

ဒီနေရာမှာ
ရိုင်းပင်းမှုတွေ၊ ရင်းနှီးမှုတွေ၊
စည်းလုံးမှုတွေ၊ ရုန်းကန်လှုပ်ရှားမှုတွေ၊
နည်းပေးလမ်းပြမှုတွေ၊ လက်တွဲခေါ်မှုတွေ၊
ဖြေလျော့မှုတွေ၊ လိုက်လျောမှုတွေ၊
စိတ်တက်မှုတွေ၊ အတွေးနက်မှုတွေ၊
Freewill thinker တွေ၊ Out-of-the-box သမားတွေ၊
Communist တွေ၊ Democratic တွေ၊
Liberal ၀ါဒီတွေ၊ Extremist တွေ၊

….

အကုန်လုံး ယှဉ်တွဲတူညီရှိ
မရှိတာက
သံလွင်ခက်လိုက်ရှာနေတဲ့
ချိုးငှက်တစ်ကောင်ပဲလေ…



လလည်းသာခဲ့
ရေလည်းပြာနွဲ့
လေလည်းတိုးခတ်
ဆောင်းလည်းပျိုးအက်

အဖက်ဖက်က စိန်ခေါ်နေလည်း
မတွေမဝေ၊ မစွေမစောင်း
ကိုယ့်လမ်းကြောင်းပေါ်
ရှေ့ရှုမျှော်လျက်၊ အားတင်းဆက်ရင်
အကြောင်းတွေသိချင်ချင် မသိချင်ချင်
မေ့ရင်မှာ ထာဝစဉ်ငြိမ်းအေးနေမှာအမှန်ပါ…

တကယ်ပါ…

ဒီနေရာမှာ စစ်မှန်ခြင်းရဲ့ ၀တ်ရုံလွှာတွေ ကခုန်ခဲ့ဖူးပါတယ်…
ဒီနေရာမှာ စစ်မှန်ခြင်းရဲ့ မကိုဋ်တော်တွေ ဦးမော့နေဆဲပါပဲ…

ငါ့လမင်းရေ... ပြည့်ဝစွာသာတော်မူပါ.
ခပ်တိုးတိုးနေရင် တွယ်တာသံယောဇဉ်တွေ မှောင်အတိကျကုန်မှာမို့လို့ပါ....

သမ္မာစရိယ လင်္ကာတော် (၂)


ပညာကြိုးကုတ်၊ မာန်မထုတ်ဘဲ
မစွဲအတ္တ၊ စောင့်သီလနှင့်
ဝေမျှဥစ္စာ၊ ရပ်ရွာအကျိုး
သယ်ပိုးဆင်ခြင်၊ အကြင်သူကား
သေငြားဘယ်ခါ၊ ပယ်လားအံ့နည်း…
နတ်ရွာဘုံမှန်၊ သွားဧကန်တည့်…

ပညာမဲ့ကင်း၊ သိမ်ဖျင်းဝါစာ
စွဲမိစ္ဆာနှင့်၊ ထူလွှင့်မာန
ငါကောပြလျက်၊ ရင့်ခက်ဣနြေ္ဒ္ဒ
ရှေ့ဆောင်လေက၊ ခွေးကျဝက်ကျ
ကျိုးနည်းရသည်၊ ထိုမှတဖန်
စုတေပြန်က၊ ၀ီစိကျရှာ
အပယ်ရွာလား၊ မလွတ်ငြားတည့်…

ပညာဥစ္စာ၊ ကျိုးနှစ်ဖြာ၌
ကောင်းစွာစောင့်ရှောက်၊ မမှောက်ကုသိုလ်
ပြုထိုထိုနှင့်၊ ရန်မပြိုဘဲ
မုခကြည်ပျ၊ နှလုံးလှ..
သုတတည်စွ၊ ဥာဏ်ပြည့်ဝ..
အတိဇာတ၊ ပီပေစွ..


~ မင်းရန်အောင် ~


ခက်ဆစ်

သိမ်ဖျင်းဝါစာ = ယုတ်ညံ့သော စကား
မုခ = မျက်နှာ
အတိဇာတ = မိဖထက် ပညာဥာဏ်၊ ဥစ္စာ၊ ဂုဏ်သိက္ခာမြင့်မြတ်သော သား

သမ္မာစရိယ လင်္ကာတော် (၁) ကို ဒီမှာဖတ်ပါ.

နှုတ်ခွန်းဆက်သခြင်း...


အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.

ကျွန်တော်လည်း စာမရေးဖြစ်တာ အတော်ကြာသွားပါပြီ. အရင်ကဆို ကိုယ့်ရဲ့ personal blog လေးကနေပြီးတော့ စာဖတ်သူကို တိုင်တည်ပြီး ပို့စ်လေးတွေရေးလိုက်၊ ကဗျာလေးတွေ စပ်လိုက်၊ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေကို သွားလည်လိုက်၊ ပြောင်လိုက်နောက်လိုက်နဲ့ ပျော်ရွှင်စွာပဲ ဘလော့ဂါတစ်ယောက်ရဲ့ ဘ၀ကို ဖြတ်သန်းနေခဲ့ပါတယ်.

ခုတော့ မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ သံဃာတော်တွေနဲ့ အပြစ်မဲ့ပြည်သူလူထုတွေကို နှိပ်စက်သတ်ဖြတ်တဲ့သတင်းတွေကို ကြားသိရပြီးကတည်းက ကိုယ့်ရဲ့ ခံစားချက်တွေကို သတိမရနိုင်အားတော့ပါဘူး. နိုင်ငံတော်အတွက် ကိုယ်တတ်နိုင်သလောက် ပါဝင်ပြီး Media တိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်.

တစ်ခြားသော မြန်မာဘလော့ဂါလူငယ်များကလည်း တာဝန်သိစိတ်ကိုယ်စီနဲ့ တက်ကြွစွာ လှုံ့ဆော်ရေးသားခဲ့ကြတာတွေကို အားရဖွယ်တွေ့မြင်ခဲ့ရပါတယ်. တစ်ဆက်တည်းမှာပဲ တစ်ချို့သော မြန်မာဘလော့ဂါတွေကို အာဏာပိုင်တွေက ဖမ်းယူထိန်းသိမ်းတာ၊ Harassment လုပ်တာတွေကိုပါ ကြားသိလာရတော့ စိတ်ထဲမှာ ခံပြင်းစိတ်တွေ၊ နာကျည်းစိတ်တွေ၊ စိုးရိမ်စိတ်တွေ တလိပ်လိပ်တက်လာခဲ့ရပြန်ပါတယ်.

ဒီကြားထဲမှာပဲ ကျွန်တော့်ရဲ့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေဘလော့ဂါတစ်ချို့နဲ့ စိတ်ဝမ်းကွဲဖွယ်ရာ ဖြစ်ရပ်လေးတွေ ကြုံလာခဲ့ရပြန်ပါသေးတယ်. ကျွန်တော်က မိတ်ဆွေဟောင်း ဘလော့ဂါတွေကိုသာမက မိတ်ဆွေသစ်ဘလော့ဂါတွေကိုလည်း နောက်နောက်ပြောင်ပြောင် ရယ်ရယ်မောမောနဲ့ ဟာသလေးတွေ နှောပြီး နှုတ်ဆက်မိတ်ဖွဲ့တတ်တာ အားလုံးသိခဲ့ဖူးကြမှာပါ. စိတ်ထဲမှာ ဘာမှမရှိပါဘူး.

ကျွန်တော်က ကဗျာရေးတာဝါသနာပါတယ်ဗျ. တစ်ခါတစ်လေ မိတ်ဆွေဘလော့ဂါတစ်ချို့က ကဗျာလေးတွေ ရေးထားရင်၊ အဲဒီ့အချိန်မှာ ကျွန်တော်ကလည်း သူတို့ဘလော့ဂ်ကို သွားလည်ဖြစ်ခဲ့ရင်၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကဗျာရေးချင်စိတ်ထက်သန်နေခဲ့ရင်… သူတို့ရေးထားတဲ့ကဗျာလေးတွေကို အခြေခံပြီး ကဗျာအတိုအစတစ်ချို့ကို သူတို့ပို့စ်လေးတွေရဲ့ ကော်မန့်အောက်မှာ ၀င်ရေးပေးလေ့ရှိပါတယ်.

ဒါကို ဘလာဂေါက်တို့၊ မမေဓာဝီတို့၊ မဂျစ်တူးတို့၊ မအိမ့်ချမ်းမြေ့တို့၊ မပန်ဒိုရာတို့၊ မညလေးတို့ အသိပဲဖြစ်မှာပါ.

သို့သော်..

သို့သော်ပေါ့လေ.

မကြာသေးခင်က သိပ်ရင်းနှီးခဲ့ရတဲ့ ဘလော့ဂါမိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို ကြာကူလီလုပ်တယ်ဆိုတဲ့ ပုံစံ စွပ်စွဲလာခဲ့ပြီး သတိပေးစာတွေဘာတွေ ပို့လာခဲ့ပါတယ်.

စိတ်မကောင်းပါဘူးဗျာ.

ဒီကိစ္စကို မပြောတော့ဘူးလို့ စဉ်းစားထားခဲ့တာပဲလေ. ဒါပေမယ့် ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာအတွက် သူတို့လင်မယားသာမက အခြားသော ဘလော့ဂါတွေကိုပါ သိစေချင်လို့ ဒါကို ထုတ်ပြောလိုက်တာပါ.

ဒီ့နောက်ပိုင်းမှာ ကျွန်တော်လည်း ဘယ်ဘလော့ဂ်ကိုမှ သိပ်မသွားဖြစ်တော့ပါဘူး. သူငယ်ချင်းတွေနဲ့လည်း စိမ်းကားသလိုဖြစ်ခဲ့ရပါတယ်. Gtalk ကိုလည်း အရင်လို ပုံမှန်မ၀င်တော့ဘဲ Email စစ်၊ စာပြန်ပြီးတာနဲ့ ပြန်ထွက်သွားတော့တာပါပဲ.

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေထူးရင် ကျွန်တော့်ဘလော့ဂ်မှာတင်တယ်. ကျွန်တော့်ကို အကူအညီလာတောင်းတဲ့ ဘလော့ဂါလေးတွေကို တတ်နိုင်သလောက်ပြန်ကူညီတယ်. တက်သစ်စဘလော့ဂါတစ်ချို့ရဲ့ ဘလော့ဂ်တွေကို သွားလည်ဖြစ်အောင်လည်ပြီး အားပေးတယ်. ဒါတွေလုပ်စရာမရှိရင် ကျွန်တော်တစ်ယောက်တည်း TV ကြည့်တယ်. စာဖတ်တယ်. Language လေ့လာတယ်. ဒါပဲ. ကုန်ကုန်ပြောရရင် ဘလော့ဂ်လောကကြီးကို စိတ်ပျက်သွားခဲ့တယ်.

ကျွန်တော်ဘလော့ဂါဖြစ်လာတာ တစ်နှစ်တောင်မပြည့်သေးပါဘူး. ဖေဖော်ဝါရီလထဲကမှ ပို့စ်တွေကို စရေးဖြစ်တာပါ. အရင်တုန်းကတော့ English လိုပဲ ရေးခဲ့ပါတယ်. မြန်မာလိုရေးလို့ရတာလည်းသိရော မြန်မာဘလော့ဂင်းဖက်ကို အချိန်တော်တော်များများပေးပြီး လေ့လာလိုက်စားခဲ့ပါတယ်. တစ်ချိန်တည်းမှာပဲ မြန်မာဘလော့ဂါဖိုရမ်ရဲ့ မော်ဒရေတာအဖြစ်နဲ့ ဘလော့ဂါတွေကြားမှာ အဆင်ပြေတဲ့ ဆက်သွယ်မှုပုံစံတစ်ခုဖြစ်လာအောင်၊ ဘလော့ဂ်လောကကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဘလော့ဂါဖိုရမ်ရဲ့ Admin ကြီးနဲ့အတူတူ အချိန်ပေးပြီး တည်ဆောက်မွန်းမံခဲ့ကြပါတယ်. တစ်ခါတစ်လေ မနက် ၃ နာရီ ၄ နာရီလောက်မှာ သူနဲ့ ကျွန်တော် PM တွေ ပို့ပြီး စကားတွေ ပြောခဲ့ကြပါသေးတယ်. နှစ်ယောက်လုံး ခါးတွေကို ချည့်လို့ပေါ့ဗျာ.

မြန်မာဘလော့ဂ်စာအုပ် ထုတ်ဝေရေးကိစ္စမှာလည်း ကျွန်တော့်အချိန်တွေကို ဖဲ့ပြီး စာအုပ်ထုတ်ဝေရေး ရုပ်လုံးပေါ်သည်အထိ စည်းရုံးကူညီပေးခဲ့ပါတယ်.ကျွန်တော်ဒါတွေပြောနေရတာက ကိုယ်ရည်သွေးနေတာမဟုတ်ပါဘူး. ဘလော့ဂ်လောကကြီးအတွက် ကျွန်တော်ဘယ်လောက်ထိ မြှုပ်နှံပေးခဲ့သလဲဆိုတာကို တစိတ်တဒေသ ပြောပြနေတာပါပဲ. တကယ်တော့ မြန်မာဘလော့ဂါတွေအားလုံးရဲ့ နည်းပေးလမ်းပြ ဆရာနှစ်ဆူကတော့ ကိုညီလင်းဆက်နဲ့ ကိုမောင်လှတို့ပဲဆိုတာ အားလုံးပဲ အသိဖြစ်မှာပါ. ကျွန်တော်တို့က သူတို့ဆီကနေ ပညာတွေယူပြီး မိမိဖာသာ ဆက်လက်လေ့လာမှုတွေနဲ့ အားဖြည့်သွားတာပါ.

တကယ်ဆိုရင်ဗျာ. ကျွန်တော်တို့အားလုံးမှာ မိမိကိုယ်တိုင်အတွက်၊ မိသားစုအတွက်၊ ဆွေမျိုးအတွက်၊ ရပ်ရွာအတွက်၊ တိုင်းပြည်အတွက် … စသည်ဖြင့် လုပ်စရာတွေ အများကြီးရှိပါသေးတယ်.

တစ်ယောက်နဲ့တစ်ယောက် ရန်တွေဖြစ်ပြီး ချိုးဖဲ့ပြောဆိုနေရလောက်အောင် စိတ်ဓာတ်တွေ မသိမ်ငယ်သင့်ဘူး.

ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်ဗျာ.

ရှိနေပါသေးတယ်.

စိတ်ခံစားချက်တစ်ခုကို ရှေ့တန်းတင်ပြီး ကိုယ့်အရှုပ်ထုပ်ကို ဖြေချလိုက်တာ တစ်ဖက်သားအပေါ်မှာ သွားပိတတ်တယ်ဆိုတာကို စဉ်းစားသင့်တယ်လို့တော့ ကျွန်တော်ထင်တယ်လေ.

ကဲပါ. ထားပါတော့

ဒါတွေက ဖြစ်တတ်တဲ့ သဘောသဘာဝတွေပါပဲလေ. ကျွန်တော်လည်း ကျွန်တော်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားနေမှာပဲ. သူတစ်ယောက်တည်းအတွက်နဲ့တော့ ကျွန်တော်ချစ်တဲ့ မြန်မာဘလော့ဂ်လောကကြီးနဲ့ ချစ်စရာကောင်းတဲ့ ဘလော့ဂါမိတ်ဟောင်း မိတ်သစ်တွေကို မစွန့်ခွာသွားနိုင်ပါဘူး. မတန်ပါဘူးဗျာ.

သို့သော်. ရှေ့လျှောက် ကျွန်တော် လူတွေကို သတိပိုထားပြီး ပေါင်းရလိမ့်မယ်. အပြောအဆို မလော်လီတတ်ဖို့၊ အစအနောက်မသန်ဖို့၊ သိပ်ပြီး ဖက်လှဲတကင်း မနေမိဖို့ သတိထားရလိမ့်မယ်လို့တော့ ကိုယ့်ကိုယ်ကို ပြတ်သားစွာ သတိပေးနေခဲ့မိတယ်….

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Friday, October 05, 2007

အောက်တိုဘာ (၅)ရက်နေ့မှာ ထွန်းညှိမယ့် အမှန်တရားရဲ့ ဆီမီး…


အမှန်တရားမြတ်နိုးသူတိုင်း မိမိတို့ရဲ့ ရင်ထဲက အမှန်တရားဆီမီးတိုင်ကို နိုင်ငံအနှံ့ အလင်းလက်ဆုံးဖြစ်အောင် ထွန်းညှိသွားကြဖို့ကို (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဌေးကြွယ်က အခုလို ရဲရဲတောက်မိန့်ခွန်းခြွေခဲ့ပါတယ်…

တန်ခိုးကြီးဘုရားများ၊ ဗလီများ၊ ဘုရားကျောင်းများ အားလုံးမှာ ၀တ်ပြုဆုတောင်းမှုတွေကို ကျွန်တော်တို့ ပြုလုပ်ကြပါမယ်. ဖယောင်းတိုင်တွေကို ထွန်းညှိပြီးတော့ ဆုတောင်းကြမှာ ဖြစ်ပါတယ်.

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယူနီဖောင်းဝတ်ပြီးတော့ ဘယ်လိုရာဇ၀တ်မှုမျိုးကိုမဆို ကျူးလွန်လို့ရတယ်ဆိုတဲ့ စနစ်၊ မုဒိန်းမှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ လုယက်မှုတွေ ကြိုက်တဲ့ရာဇ၀တ်မှု မှန်သမျှကို ကျူးလွန်လို့ရတယ်ဆိုတဲ့ စနစ်ကို ကျွန်တော်တို့ လက်မခံတော့ဘူး။

နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြည်သူတွေ ခံစားခဲ့ရတဲ့ဒုက္ခတွေ၊ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက်မှာ ပြည်သူတွေရဲ့ မျက်ရည်တွေ၊ ငိုရှိုက်သံတွေနဲ့ နာကြည်းတောက်ခေါက်သံတွေ၊ သံဃာတွေရဲ့သွေးတွေ အားလုံးအတွက်ကို ကျွန်တော်တို့ တုံ့ပြန်ကြရပါတော့မယ်။

အဲဒီ့ကြေကွဲမှုကို ကျွန်တော်တို့ ယုံကြည်မှုနဲ့ တုံ့ပြန်ပါမယ်။

မြန်မာနိုင်ငံရဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ ယုံကြည်မှုနဲ့ တုံ့ပြန်ပါမယ်.

(ကိုဌေးကြွယ်)

Source: DVB

မြန်မာ့အရေးကို အခွင့်ကောင်းယူပြီး ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့နေသည်……


တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အကြောင်းကြားချက်နဲ့ Email စာတစ်စောင်တစ်စောင် ၀င်လာရင် Email မှာပါလာတဲ့ Attached File ကို လုံးဝ (လုံးဝ) မဖွင့်မိဖို့ Sophos အမည်ရှိ ကွန်ပြူတာလုံခြုံရေး နည်းပညာကုမ္ပဏီတစ်ခုက သတိပေးထားပါတယ်.

အဲဒီ့ Email မှာ မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် ဖမ်းဆီးနှိပ်ကွပ်မှုတွေကို ခံနေရတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူလူထုကို ထောက်ပံ့ကူညီဖို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက မေတ္တာရပ်ခံထားပြီး ဒလိုင်းလားမားရဲ့ မူရင်းစားကို Attached File မှာ ဖွင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်.

အဲဒီ့ ဖိုင်ကိုဖွင့်လိုက်ရင် ထရိုဂျန်အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုးဟာ ကိုယ့်ရဲ့ ကွန်ပြူတာအတွင်း ၀င်ရောက်လာပြီး ကိုယ့်ရဲ့ စကားဝှက်တွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ ဘဏ်စာရင်းနံပါတ်တွေကို ယူသွားလိမ့်မယ်လို့ သတိပေးထားပါတယ်

ဗိုင်းရပ်စ်ပါဝင်တဲ့ Attached File ရဲ့ အမည်ကတော့ ddhl burma_001.dot ဖြစ်ပါတယ်.

Source: DVB

သုံးသပ်ချက်၊

ဒီဗိုင်းရပ်စ်ကို နအဖက ငှားရမ်းထားတဲ့ ရုရှက ကွန်ပြူတာ ဟက်ကာများက ဖြန့်ဝေတယ်လို့ ယူဆပါတယ်. မကြာသေးခင်ကပဲ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ သူတို့ရဲ့ Email ကို ၀င်ကြည့်ခံရတယ်လို့ သတိပေးပါတယ်. ဒါဟာ မြန်မာဘလော့ဂါတွေကို အစီအစဉ်ကျကျနဲ့ ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ သိသာထင်ရှားပါတယ်. ဒီသတင်းကို နီးစပ်ရာ ဘလော့ဂါတွေနဲ့ မျိုးချစ်မြန်မာလူငယ်များကို လက်ဆင့်ကမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Wednesday, October 03, 2007

ရှင်လျက်ပုပ်နေသူများ...




ငါ့မျက်လုံးထဲက မျက်ရည်ပူတွေစီးလို့ကျ
ညပေါင်းများစွာ အိပ်မရခဲ့တာကြာပြီလေ
တစ်ရေးနိုးလို့အထိတ်တလန့်နဲ့ မျက်နှာကြက်ကိုမော့ကြည့်ရင်တောင်
သွေးစွန်းနေတဲ့သင်္ကန်းတော်တွေက ငါ့ကိုမိုးကြည့်နေတယ်.
စိုးရွံ့နေတဲ့ ပြည်သူတွေရဲ့ ငိုကြွေးသံတွေက
ပေတစ်ရာလမ်းမကြီးပေါ်က သွေးစက်တွေကို တရှိုက်မက်မက်ပွေ့ဖက်နေကြလေရဲ့.

ဝါးရင်းတုတ်တွေ၊ နံပါတ်တုတ်တွေကိုင်ဆောင်ထားကြတဲ့ စစ်မိစ္ဆာကောင်တွေ…
ရတနာသုံးပါးနဲ့ ခင်ပွန်းကြီးဆယ်ပါးကို မပြစ်မှားရကောင်းမှန်းမသိတဲ့ လူ့ဗာလတွေ
ကိုယ့်လုပ်ရပ်မှန်မှားမခွဲခြားနိုင်ဘဲ တစ်ဘ၀တာရပ်တည်မှုအတွက် မောဟတိမ်သလ္လာလွှမ်းခြုံထားသူတွေ…
အို…
မင်းတို့သံသရာမှာ ဘယ်လိုဆက်ကျင်လည်ကြမလဲဆိုတဲ့အရေး
တွေးတောင်မတွေးဝံ့ဘူး.



အမယ်အိုတွေလည်းငိုချင်းချ
တို့ကိုယ်တော်တွေ ပင်ပန်းလှပါပြီတဲ့…
နဖူးပေါ်လက်တင်လို့ ဖူးမြော်ရှိခိုးလက်စုံမိုးထိုက်တဲ့ ဘုရားသားတော်တွေပါ
ကြိုးကွင်းစွပ်လို့ ဓာတ်တိုင်မှာချည်
ပြီတီတီအပြုံးတွေနဲ့ ပါးရိုက်နားရိုက်
မိုက်လုံးကြီးလှတဲ့ ခွေးမိစ္ဆာတွေ
ကင်ပေတိုင်တောင် ပညာပြန်သင်ယူရချေရဲ့.

အမှန်တရားဆိုတာ တစ်ခုထက်ပိုပါတယ်
အေး…
မင်းစိတ်ထဲမှာ မကွယ်ဝှက်ဘဲသိနေတဲ့ အမှန်တရားကိုဖုံးကွယ်ပြီး
သူများမျက်ချေးကို လက်ညှိုးထိုးလှောင်ရယ်နေသရွေ့တော့
မင်းမျက်စိတွေလည်း ဘယ်တော့မှ ပွင့်မှာမဟုတ်ဘူး


ရွှေလားငွေလား
စိန်လား ပတ္တမြားလား
မင်းတပ်မက်တာဒါတွေလား
ဩော်.. မဟုတ်သေးဘူးပေါ့
သားရေးသမီးရေး ဇနီးအသက်သွေးအတွက်လား
ငတ်ပြတ်ပြီးသေမယ့်အရေးတွေးမိလို့လား
ဂုဏ်သိက္ခာအတွက်လား
ထားပါ.
မင်းလိုချင်တာကို ရယူနိုင်ဖို့
မင်းမျှော်ကိုးတာတွေ ပြည့်စုံနိုင်ဖို့
မင်းရပ်တည်ချက်တွေ ခိုင်မာနိုင်ဖို့အတွက်တော့
သာသနာတော်ကို မညစ်နွမ်းပါစေနဲ့…

ကြုံဖူးပေါင် အဘိုးကိုယ်တော်မှိုင်းရယ်
တိုင်းလုံးပြည်သိ ဘုရားပေါ် ဖိနပ်မစီးရေး သပိတ်မှောက်ခဲ့စဉ်က
အဲဒါ တို့ဗမာကွလို့ ကြွေးကြော်ခဲ့သဟာတွေ
ဒီမအေရိုးတွေနဲ့ကျမှ
အမျိုးသာသနာညှိုးငယ်ရလေတယ်
ရင်ထဲမှာတွေးမိတိုင်းငို
ရှိုက်တာတောင်လှိုက်ဖိုမထွက်နိုင်တော့ဘူး
ဒင်းတို့ခြေစုံကို ကိုင်ကာသာတောက်တောက်စင်းပစ်ချင်တော့တယ်
ရှင်လျက်နဲ့ပုပ်သူတွေ
သေရင်မြေမမြှုပ်လေနဲ့
ရေမျှောတောင် ရေညစ်နွမ်းရချည့်
မိစ္ဆာအရိုးတွေတောင်လိုပုံ
သရဏဂုံတောင်တင်ပေးသူရှိမှာမဟုတ်
ဒင်းတို့ဘ၀တွေ စုန်းစုန်းမြုပ်ချေပြီတကား…

ထိုင်ဝမ်မှာကျင်းပတဲ့ ဆန္ဒပြပွဲ...


ထိုင်ဝမ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်. စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှာ ရှံကီရှိတ် Memorial Hall ရှေ့မှာ ဆန္ဒပြကြွေးကြော်ပြီး နိုင်ငံခြားရေးရာရုံးရှေ့သို့ ဆက်လက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပါတယ်.

နိုင်ငံခြားရေးရုံးမှာ မြန်မာပြည်အစိုးရကို ကန့်ကွက်ကြောင်းစာပို့ပါတယ်. ငြိမ်းချမ်းစွာဆန္ဒပြနေသော သာသနာရေးခေါင်းဆောင်များနှင့် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်နေမှုများကို ချက်ချင်းရပ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်.

BORNBURMA နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့








Press Release, New York


Burma Point

www.burmapoint.com



October 2, 2007



Press Release



U.N. Actions on Burma Should be Re-examined



People of Burma have constantly been hoping that United Nations would rescue them from the country ruled by the worst regime in the world. Many people have dropped their hopes only because the world body proved that it is unable to do anything concretely to intervene in order to save them from recent and current killings by the brutal regime in Burma.



In the midst of the recent killings, the U.N. sends a special envoy Mr. Ibrahim Gambari to Burma to ease the situation there. However, the top generals are still playing games with the top U.N. official, who once said after his first visit to Burma that the regime was ready to “turn a new page”. While Mr. Gambari is running up and down in the country to reconcile the nation, the generals are continuing to kill more monks, young students and ordinary citizens, according Burmese media.



The question is “Can the U.N. do anything to save those peaceful people?”



On September 29, Burma Point received a report that the U.N. office in Rangoon is useless. We have also receieved similar reports in the past about the office led by Mr. Charles Petrie, the U.N. country coordinator.



The particular report says that people tried calling the hot line numbers provided by the U.N. office on the night of September 28, when they heard that soldiers were approaching monasteries to make arrests. But a male employee at the office replied to one of the callers saying he would put it in record and he would also inform the U.N. When others made calls, an official responded that the office “could not do anything to help”.



It is obvious the fact that monks and people are being killed and dissapearing according to our sources. As a matter of fact, even food donors to protesters and onlookers are now being arrested and perhaps tortured. Some have been sent to infamous Insein jail without any legal charges by the authority. Now, the rest of the many peaceful monks have been forced to take off their robes. Many teachers and their students, who are in their teens, were ordered to kneel down and slapped by soldiers because they were somehow involved in the movement, said a woman. Thus, we strongly condemn the act of the regime that calls themselves State Peace and Development Council (SPDC).



Myint Soe, a former Central Working Committee member of the National League for Democracy party, which is led by Daw Aung San Suu Kyi, said that the United Nations Development Program (UNDP) in Rangoon is corrupted. Much of the planned development programmes are incomplete.



“Projects staffs and participants who are going to attend the workshops or trainings had to take recommendation letter from police station and even Union Solidarity and Development Association (USDA) about whether he or she has not involved in any criminal cases and political activities”, Myint Soe, Secretary of National League for Democracy – Liberated Area, explained.



USDA and police in Burma are, today, the real criminals that have killed hundreds of peaceful monks and people. Should our people continue to get recommendation letters from these departments?



We are very sadden and disappointed the fact that the U.N. continues to stay silent on the corruptions that exist between its officials and the ruling regime.



We, again, request that the U.N., the world leading organization, to protect and stand by its principles stated in its Universal Declaration of Human Rights by raising the loudest voice and taking concrete actions to prevent further killings and tortures by the ruling SPDC.



Contact: Moe Chan – 646-643-8689, 718-396-1464

နယူးယောက်မြို့ရှိ ဦးဥာဏ်ဝင်းတည်းခိုနေထိုင်ရာ ဟိုတယ်ရှေ့မှ ဆန္ဒပြပွဲ

ငါတို့သွေးနဲ့ရေးတဲ့မော်ကွန်းတွေ...

နအဖစစ်အာဏာရှင်အစိုးရရဲ့ ရက်စက်မှုတွေကို ဒီမှာကြည့်ပါ.

Brutal Crackdown!

Tuesday, October 02, 2007

GlobalVoicesOnline ကလည်း မြန်မာဘလော့ဂါတွေရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုလေပြီ...


မြန်မာလူငယ်ဘလော့ဂါတွေ နအဖကို ဘယ်လိုတော်လှန်ခဲ့တယ်ဆိုတာနဲ့ မြန်မာနိုင်ငံက အင်တာနက်ဖြတ်တောက်မှုအကြောင်းကို GlobalVoicesOnline.org မှာ ရေးသားဖော်ပြထားတာကို မိတ်ဆွေတစ်ယောက်က ဖတ်မိပြီး လင့်ခ်ပို့ပေးလိုက်ပါတယ်. အဲဒါကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ.

Media Campaign ကို ကျယ်ပြန့်သည်ထက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ကြပါစို့လို့် တိုက်တွန်းလိုက်ပါတယ်.

အားလုံးကိုချစ်ခင်လေးစားလျက်

ရန်အောင်

Monday, October 01, 2007

မြစ်ထဲမှာ မျောပါနေသည့် သံဃာတော်တို့၏ ရုပ်ကလာပ်များ







နအဖ လက်ကိုင်တုတ်များ ပစ်ခတ်၊ ရိုက်နှက် သတ်ဖြတ် မှုကြောင့် ပျံလွန်တော်မူ ခဲ့ရသည့် သံဃာတော်များ၏ ရုပ်အလောင်းများအား ဖျောက်ဖျက် နေကြောင်း ရန်ကုန်မှ ပေးပို့လာသည့် သတင်းများ အရ သိရှိရပါသည်။

ကားနံပါတ် (စ/၇၂၇၀) ဒိုင်နာ အမျိုးအစား မော်တော်ကားဖြင့် အလောင်းများကို သယ်ယူသွားပြီး ရန်ကုန်မြစ်ထဲမျှောချလိုက်ကြောင်း မျက်မြင်သက်သေများမှ အတည်ပြုပြောကြားလိုက်ပါသည်။ ဆုံဆည်းရာမှ ၂၈ ရက်နေ့က တင်ခဲ့သည့် သတင်းဖြစ်ပါသည်။ အခု ဓါတ်ပုံက ၃၀ ရက်နေ့မှာ ရန်ကုန်မြစ်ထဲက သံဃာတော်အလောင်းများ တွေ့ရှိရတာ ဖြစ်ပါတယ်။ ဗွီဒီယိုကိုတော့ www.abcnews.go.com (ကြည်ရှုလိုပါက နှိပ်ပါ) မှာ သွားရောက် ကြည့်ရှု နိုင်ပါတယ် ခင်ဗျား....

ဆုံဆည်းရာ

အသည်းနာကမ္ဘာမကြေ (မာမာအေး)



Download Audio File: အသည်းနာကမ္ဘာမကြေ(မာမာအေး)