Saturday, May 05, 2007

ချစ်သောအိမ်လေးနှင့် နောက်ဆုံးတစ်ညတာ…


ချစ်တဲ့အိမ်လေးရေ…

ငါမင်းကိုခွဲပြီးအဝေးကိုသွားရတော့မယ်နော်.
ငါသွားရင် မင်းငါ့ကို သတိရနေမှာလား.. ငါကတော့မင်းကိုသတိရနေမှာပါကွာ.
ဘာလို့လဲဆိုတော့ မင်းဟာ ငါ့အိပ်မက်တွေကို အသက်ဆက်ပေးခဲ့တဲ့ မိတ်ဆွေကောင်း လေးမို့ပါပဲ..

ငါမှတ်မိသေးတယ်ကွာ.
အရင် Semester ကပေါ့.. ငါ့လက်ထဲမှာ ပိုက်ဆံတော်တော်နည်းနေပြီ. ကျောင်းကိုလည်း အကြွေးတွေပေးဖို့ရှိနေတယ်. ငါဘာလုပ်ရမှန်းကိုမသိဘူး ဖြစ်နေခဲ့တယ်. ကျောင်းပဲထွက်ရမလို့ ဖြစ်ခဲ့ရတယ်...

စိတ်တွေအရမ်းလေ.. စာကျက်မရ. နောက် Semester အတွက်စိတ်တွေပူ.. ဒီကြားထဲ နှလုံးသားရေးရာ ပြဿနာပေါ်… အိုကွာ ငါ့ဘ၀အတွက် မှောင်မိုက် တဲ့စိန်ခေါ်သံတွေပဲပေါ့..

အဲဒီ့မှာတင် မင်းနဲ့ငါ ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်နော်.
မင်းရဲ့နွေးထွေးတဲ့ဆီးကြိုမှုအောက်မှာ ငါ့ရဲ့အိပ်မက်တွေ ပြန်လည်ရှင်သန် လာခဲ့ရတယ်. မမောက်မာတတ်တဲ့. မင်းရဲ့ရင်ခွင်မှာ ငါခိုလှုံနားစက်ခွင့်ရခဲ့တယ်. မင်းကြောင့်ပဲ ငါ ဒီ semester ကို ဆက်တက်နိုင်ခဲ့တယ်ဆိုရင် မမှားပါဘူးကွာ. မင်းကို ငါသိပ်ကျေးဇူးတင်တယ်. တကယ်ပါ..

မင်းကို ပထမဆုံးစတွေ့ကတည်းက ငါနှစ်သက်သွားခဲ့တာပါ. မင်းကရှင်းသန့်တယ်. တည်ငြိမ်တယ်. အေးဆေးတယ်. ဒါကြောင့်ပဲ မင်းကို ငါ့ရဲ့မိတ်ဆွေအဖြစ် ယုံယုံကြည်ကြည် ရွေးချယ်ခဲ့တာပေါ့…

မင်းနဲ့တွေ့ဆုံပြီး မကြာမီမှာပဲ မင်းရဲ့တန်ဖိုးတွေကို ငါသိမြင်လာခဲ့ရတယ်.
ငါတို့ဆီမှာ ထူးထူးခြားခြား နှင်းမုန်တိုင်းကျတယ်ကွာ. နှင်းတွေမှ ၂ ပေလောက်ကို ထူတယ်. လမ်းပေါ်မှာ ပုံလို့…

ငါ Class က ပြန်အလာ. တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေခဲ့တယ်. မင်းငါ့ကို ဆီးကြိုလိုက်တာကိုများ ငါဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ဘူးသိလား…
ရင်ထဲမှာ နွေးသွားတာပဲကွာ. မင်းရင်ခွင်မှာ မှေးစက်ပြီး ကော်ဖီပူပူလေးတစ်ခွက်ကို ငါသောက်နေခဲ့တယ်. ငါ့ရဲ့နွေးထွေးလုံခြုံမှုရှိတဲ့ အခန်းငယ်လေးထဲကနေ လောကကြီးကို အံတုစိန်ခေါ်နိုင်ခဲ့တယ်. အဲဒါမင်းကြောင့်ပဲ…



ဒီကြားထဲမှာလည်း မင်းငါ့ကို အများကြီး ကူညီပေးခဲ့ပါတယ်. ချမ်းအေးနေ တဲ့အချိန်မှာ ရေပူလေးတွေ ဖန်တီးပေးခဲ့သလို ခုချိန်ထိလည်း မင်းရဲ့အလင်းပွင့်လေးတွေ တောက်ပထွန်းလင်းနေဆဲပဲနော်. မှတ်မှတ်ရရ ရေဘုံဘိုင်လေးတစ်ခုပဲ ငါပြင်လိုက်ရသေးတယ်. မင်းက သိပ်ကို သစ္စာရှိပြီး ယုံကြည်အားထားရတဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ…

ဟိုမှာကြည့်စမ်း..
ညနေခင်း Class ကပြန်လာရင် ဘောလုံးကစားတတ်တဲ့ငါ့အတွက် မြက်ခင်းပြင်လေးကိုတွေ့လား… ဟိုဘက်မှာကတော့ ရှဉ့်လေးတွေနေတဲ့ မေပယ်လ်ပင်လေးပေါ့ကွာ.



ခုနွေရောက်တော့မယ်. မေပယ်လ်ပင်လေးတွေ သိပ်ကိုလှပတော့မယ့်အချိန် ရောက်ပြီ. ရှဉ့်လေးတွေက ခေါင်မိုးပေါ်မှာ၊ ဟောဟိုသစ်ပင်ပေါ်မှာ ပြေးလွှားလို့၊ ငှက်ကလေးတွေက ဟိုကစိုးစီ၊ ဒီကစိုးစီ ပျံသန်းလို့. ဟောဟိုက ထင်းရှူးပင်ညီနောင်လေးက လေအတိမ်းမှာ ဘယ်ညာယိမ်းနွဲ့လို့….



ဒီလို အေးချမ်းဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်လေးကို ငါလွမ်းနေမှာသေချာတယ်ကွာ…

ငါဒီနေ့ပဲ စာမေးပွဲပြီးတယ်. ခုငါ ပစ္စည်းတွေသိမ်းနေတယ်. မနက်ဖြန်မနက်မှာ လေယာဉ်ကွင်းကို ဆင်းပြီး မင်းနဲ့ဝေးရာမှာ အကြာကြီးသွားနေရတော့မယ်ကွာ… ငါစိတ်ထဲမကောင်းပါဘူး..

ခုလိုသွားရတာ ငါ့ရဲ့အနာဂတ်ကြောင့်ဆိုတာ မင်းသိမှာပါကွာ. ငါမင်းကို သစ္စာမဲ့ပြီး ထားခဲ့တာမဟုတ်ပါဘူး.. ငါ့မှာ အိပ်မက်တွေပြင်းထန်တယ်ဆိုတာ မင်းသိပါတယ်. ဒါကြောင့် ငါဟာ တစ်နေရာတည်းမှာ အကြာကြီး ရပ်တည်ခိုနားနေလို့ မရတာခွင့်လွှတ်ပါကွာ.

ငါအစက ပြန်လာဖြစ်မယ်လို့ထင်ခဲ့တယ်. ခုတော့ သိပ်မသေချာတော့ဘူးကွာ. ဒီတစ်ခါသွားတာ မင်းနဲ့ငါ အပြီးအပိုင် လမ်းခွဲခြင်းမျိုး ဖြစ်နိုင်တယ်. ငါ့ရင်ထဲမကောင်း ဘူးကွာ. မင်းသိရဲ့လား

မင်းဟာ သက်မဲ့အိမ်လေးတစ်ခုပါ.
ဒါပေမယ့်ကွာ. မင်းက ငါ့ကို သက်ရှိမိတ်ဆွေတုတွေထက် ပိုပြီး ဂရုစိုက်ခဲ့တယ်. ငါပြိုလဲလုလုဖြစ်နေချိန်မှာ မင်းငါ့ကို ဖေးမပေးခဲ့တယ်. ငါ့ကိုပစ်ခွာသွားတဲ့ ချစ်သူရဲ့ ပုံရိပ်ဟောင်းတွေကို မင်းက ကူညီဖျောက်ဖျက်ပေးခဲ့တယ်. ငါ့ဘ၀ရဲ့ ရည်မှန်းချက်အသစ်တွေကို လောင်စာထည့်ပေးဖို့ မင်းကကူညီအားဖြည့်ပေး ခဲ့တယ်.

မင်းကို ငါဘယ်လိုလုပ်မေ့လို့ရတော့မှာလဲကွာ…



ခုငါသွားရတော့မယ်...

ဒါမင်းကို ထားခဲ့တာမဟုတ်ပါဘူး..
မင်းကို ငါသိပ်ကို တွယ်တာရပါတယ်…
ငါ့ရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ မင်းကိုငါနှုတ်ဆက်ခဲ့ရ တာပါ..

ငါ့ကို နားလည်ပါအိမ်လေးရယ်နော်…
ဒီညငါဒီတံခါးဝကနေ မထွက်ခွာခင်မှာ မင်းရဲ့အတောက်ပဆုံးအပြုံးလေးတွေနဲ့ တစ်ညတာစကားလက်ဆုံကျပါရစေ အိမ်လေးရယ်နော်…
မင်းကိုငါသိပ်ချစ်ပါတယ် အိမ်လေးရယ်…..
ငါမင်းကို တစ်သက်လုံးသတိရနေမှာပါ……



ဒီညမင်းနဲ့ငါ စကားတွေအ၀ကြီးပြောကြမယ်နော်. မင်းရဲ့ပုံရိပ်လေးတွေကို ငါယူသွားပါရစေ. မနက်ဖြန်မနက်ခင်း ငါဒီကထွက်ခွာတဲ့ အချိန်မှာ မင်းကိုငါနှုတ်ဆက်ခဲ့မှာပါ.

မင်းကိုနောက်ဆုံးတစ်ချက်ကြည့်အပြီး နောက်ထပ်မကြည့်ဖြစ်တော့ရင် ငါ့ကို စိတ်မဆိုးပါနဲ့နော်...

ပျော်ရွှင်စွာပဲ နှုတ်ဆက်လက်ပြကြတာပေါ့ ချစ်တဲ့အိမ်လေးရယ်....

7 comments:

Anonymous said...

ပိုင်ရှင်ရေ...

မနက်ဖြန် ဆိုပိုင်ရှင်နဲ့ ခွဲရတော့မှာပေါ့နော်။ ငါရိပ်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုရင်ပိုင်ရှင်ရဲ့ သူငယ်ချင်းတွေကိုပြောနေသံတွေ။ ပြီးတော့ ပစ္စည်းတွေသိမ်းနေတာတွေကို ငါတွေ့နေတာပဲ။ ဒါပေမဲ့ပိုင်ရှင်ကတော့ သွားခါနီးမှငါ့ကိုပြောတယ်နော်။ ငါစိတ်မကောင်းဖြစ်မှာစိုးလို့ဖြစ်မှာပါဘဲ။

ငါမှတ်မိသေးတယ်။ ပိုင်ရှင်ငါ့ဆီကိုရောက်လာတုန်းက ဒဏ်ရာတွေ ဗရပွနဲ့ပေါ့။ အဲ့အတွက်ငါ အလိုက်တသိနေပေးခဲ့ပါတယ်။ ငါ့ကိုယ်ကအစိတ်အပိုင်းတွေကိုကျန်းမာအောင်ပိုင်ရှင်အတွက်အပန်းမကြီးအောင် တိတ်တိတ်လေးနေပေးခဲ့ပါတယ်။

ပိုင်ရှင်မရှိတော့တဲ့အခါမှာ ပိုင်ရှင်ဘောလုံးကစား ဘူးတဲ့ကွက်လပ်လေး ကိုငေးကြည့်ရင်း ရှည့်လေးတွေနဲ့ အလွမ်းပြေ ပိုင်ရှင်အကြောင်းကို ပြောနေရတော့မှာပါပဲ။

ငါမှတ်မိသေးတယ်..
နှင်းမုန်တိုင်းတွေတိုက်နေတုန်းကဆိုရင်။ ပိုင်ရှင်အတွက်စိတ်ပူလွန်းလို့မျှော်မျှော်နေရတာ။ ပြန်လာမှပဲ သက်ပြင်းချနိုင်တော့တယ်။ အဲ့တုန်းက ငါ့ရဲ့နွေးထွေးတဲ့အငွေ့အသက်ကို ပိုင်ရှင်ခံစားမိတယ်ဆိုလို့ဝမ်းသာရပါတယ်။

ပိုင်ရှင်ရေ..ငါနားလည်ပါတယ်။ တစ်နေ့နေ့ပိုင်ရှင်နဲ့ခွဲရမယ်ဆိုတာကို။ နုပ်စုတ်တဲ့ငါနဲ့အမြဲနေပါလို့လည်းငါမပြောချင်ပါဘူး။ ပိုင်ရှင်သတိရတဲ့တစ်နေ့ ကျရင်တော့ လာလည်ပေါ့။ အိမ်းလေးရယ်၊ မေပယ်ပင်လေးရယ် ရှည့်လေးတွေရယ်နဲ့စောင့်နေမှာပါ။


ပုံ/
အိမ်လေး

Anonymous said...

ဒီပို့စ်လေးကိုဖတ်မိတာ စိတ်မကောင်းဖြစ်မိပါတယ်. ဒီအိမ်လေးလိုပဲ နွေးထွေးမှု.အေးချမ်းမှု.ပျော်ရွင်မှုပေးနိုင် တဲ့အိမ်သစ်ကိုအမြန်တွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..

Anonymous said...

ဂွတ်တယ်ဗျိုးးးးး စာသားလေးတွေ လှတယ်။

တခေါက်လောက်တော့ ပြန်လာကြည့်လှည်ံပါသခင်
ပုံ/
အိမ်လေး :P

Anonymous said...

ရသမြောက်တဲ့ ပို့စ်လေး.. ။ ဓါတ်ပုံလေးတွေ ကြိုက်တယ်

Anonymous said...

အရေးအသားကတော်တော်ကောင်းတယ်.. so touching..

Anonymous said...

ကိုရန်အောင့် အရေးအသားက ပြေပြစ်၊ ကျစ်လစ်၊ အလွန်ကောင်းမွန်ပါတယ်။
ဓာတ်ပုံလေးတွေနှင့်ပါ တွဲပြီးပြထားတဲ့အတွက် စာဖတ်သူတွေအတွက် ပိုမိုမြင်သာစေပါတယ်။ ကိုရန်အောင်နဲ့ အိမ်လေးတို့ ဘ၀တစ်ကွေ့ဝယ် ပြန်လည်ဆုံတွေ့နိုင်ပါစေ။
ကျွန်မ အလုပ်က ဒီပို့စ်လေးတွေ့ပါတယ်။ မြန်မာလိုရိုက်ချင်လို့ အိမ်ရောက်တဲ့ အထိစောင့်နေလို့ နည်းနည်းနောက်ကြသွားတာပါ။

အိမ့်ချမ်းမြေ့

Anonymous said...

ရင်ထဲ ထိတယ် …။