Friday, May 04, 2007

အလွမ်းသက်ပြင်း…


ချစ်သူ…
ကိုယ်ခုတလောကဗျာတွေရေးဖြစ်နေတာကို
သူငယ်ချင်းတွေက ပြောင်ကြတယ်သိလား
ချစ်သူရော ရီချင်နေလားဟင်…
ချစ်သူရီမယ်ဆိုရင်တောင် ကိုယ်ဆက်ရေးနေမှာပါ.
ဘာလို့လဲသိလား
အနည်းဆုံးချစ်သူ့ရင်ထဲမှာ ခံစားချက်တစ်ခုထည့်ပေးလိုက်နိုင်လို့ပေါ့



လူတစ်ယောက်ကိုချစ်မိဖို့ အချိန်အတိုင်းအတာတစ်ခုလိုတယ်တဲ့.
ဘယ်လောက်လိုလဲဆိုတာကိုတော့ ဘယ်သူမှမပြောနိုင်ပါဘူး
ချစ်သူရောပြောနိုင်လားဟင်
ကိုယ်တော့ပြောနိုင်တယ်သိလား
ချစ်သူကိုချစ်ဖို့ တစ်စက္ကန့်ပဲလိုပါတယ်.



အပိုတွေမပြောပါဘူးချစ်သူရယ်..
ချစ်သူ့ရဲ့မျက်ဝန်းနက်လေးတွေနဲ့ ဆုံတွေ့စဉ်
တစ်စက္ကန့်မှာပဲ
ကိုယ်ချစ်သူကို စွဲလန်းသွားခဲ့တာပါ.
တစ်စက္ကန့်ထက်ပိုတောင် တိုတောင်းတဲ့
အခိုက်အတန့်လေးလည်းဖြစ်နိုင်ပါတယ်.

အဲဒီ့တစ်စက္ကန့်ကိုပဲ ရွှေရောင်တစ်စက္ကန့်လို့
စာရေးဆရာတစ်ချို့က နာမည်တပ်ခဲ့ဖူးတယ်.
ဘယ်လိုပဲဖြစ်ဖြစ်ပါ.
ချစ်သူကို တစ်စက္ကန့်အတွင်းမှာ ချစ်ခဲ့ပေမယ့်
ချစ်သူနဲ့ကိုယ် ကမ္ဘာပေါင်း အသင်္ချေမှာ အတူရှိခွင့်ရချင်ပါတယ်…


ချစ်သူကို ကိုယ်ဘယ်လောက်တောင် ချစ်မိသွားလဲ
ကိုယ့်မှာအတိုင်းအတာတစ်ခု ပြစရာမရှိပါဘူး
ချစ်သူနဲ့စကားပြောနေရတဲ့အချိန်မှာ
ကိုယ့်ရဲ့ရင်ခုန်သံတွေ နွေးတစ်ဝက်အေးတစ်ဝက်နဲ့
တစ်သိမ့်သိမ့်ခုန်နေတယ်ဆိုတာကိုတော့ သိတယ်.
ချစ်သူရဲ့အသံကို ကြားရဖို့ဆိုတာလည်း မလွယ်လှပါဘူး

မော်ဒန်ဆန်ဆန်ပြောရရင်တော့
ဟေလီကြယ်တံခွန်ကို ၇၆ နှစ်ကြာမှ တွေ့ရမယ်ဆိုရင်တောင်
ကိုယ်သေချာစောင့်ရင်တွေ့ရမှာပါ.


ချစ်သူရဲ့အသံကို ကြားရဖို့ဆိုတာတော့
ကိုယ်စောင့်လည်း မဖြစ်နိုင်ဘူးလေ
ချစ်သူဘက်က ကြားစေချင်မှ ကြားနိုင်တာမို့ပါ.
ချစ်သူက ညကျမှကိုယ်ယောင်ထင်ရှားပြတတ်တဲ့
ဒဏ္ဍာရီထဲက နတ်သမီးလေးလိုပါပဲ
ချစ်သူကိုတွေ့ရရင်ပြီးရောကိုယ်စောင့်မယ်ကွာ
မိုးတော့မလင်းလိုက်ပါနဲ့ဦးနော်…



3 comments:

Anonymous said...

wow..cool poem..i like this poem..

Anonymous said...

ဟေ့ ဦးရန်ကြီး ဘာလို့လဲ သက်ပြင်းတွေတောင် ချနေပြီလား သိအောင်ပြောပေါ့ဗျာ ခက်လိုက်လို့ သိသွားရင် ဘာဖြစ်မှာမို့ ဒီလောက်တောင် လျှို့ဝှက်နေတာတုန်း။ ဟာဟ

NayPhoneLatt said...

မိုက်တယ်ဗျာ ... ဖမ်း ... ဖမ်း။
မိတယ်ဗျာ ... လူဆိုး ... လူဆိုး။
ထိတယ်ဗျာ ... heart ... heart