Saturday, May 19, 2007

အခွံ





မျက်နှာသစ်ဖို့အထ ညက ငါသောက်ထားတဲ့ ရေဘူးအခွံကို ခလုတ်တိုက်မိတယ်…
တစ်လိမ့်လိမ့်နဲ့ အဝေးကို လွင့်ထွက်သွားတာကို မြင်လိုက်ရတယ်..
စဉ်းစားမိတယ်…
ငါဒီလောက်လည်း အားမထည့်ပါဘူးလို့ပေါ့
ဩော်...
ရေဘူးက အခွံကိုး…

အတွေးစကို ပြန်ရုပ်သိမ်းပြီး ဖိနပ်ကိုစီးလို့ ပြန်လှည့်အထွက်
အခန်းထဲမှာ ထားထားတဲ့ ရေပုံးကို ခလုတ်တိုက်မိပြန်တယ်…
အား…
နာလိုက်တာ..

ခုနက ရေဘူးကို တိုက်မိတဲ့ အားနဲ့ပဲ ဒီရေပုံးကို တိုက်မိတယ်…
ရေပုံးက ဘာမှ မဖြစ်ဘဲ တိုက်မိတဲ့ ခြေထောက်သာ နာသွားခဲ့ရတယ်..
ဩော်…
ရေပုံးက ရေတွေ အပြည့်နဲ့ကိုး….

ဒီလိုပါပဲလေ…
လူဆိုတာက ကိုယ့်ရဲ့စိတ်ထဲမှာ အင်အားမပြည့်ဘဲ
လောကဓံရဲ့ဒဏ်အောက်မှာ လဲပြိုသွားတော့
လောကကြီးကို အပြစ်ဖို့တယ်…
ကိုယ့်ကို စာနာသနားဖို့ အကူအညီမျှော်လင့်တယ်…



လောကကြီးကတော့ လူသားအားလုံးကို ဒီဒဏ်ရာတွေ
တသမတ်တည်းပေးနေခဲ့တာပဲ
ခုလည်းပေးနေတယ်.. .နောင်လည်း ပေးနေဦးမှာပဲ…
ကိုယ်က အခွံဆိုရင်တော့ လွင့်ပေဦးတော့ပေါ့.
ကိုယ်က စိတ်ဓာတ်အင်အားပြည့်ဝ မာကျောတဲ့သူဆိုရင်တော့
လာတိုက်တဲ့ စိန်ခေါ်မှုတွေက ကိုယ့်အောင်မြင်မှုအတွက်
လှေကားထစ်တွေပဲပေါ့လေ….

ဟား…..
အတွေးစကိုမြင်မိတဲ့တစ်ချက်
ဖျတ်ခနဲ ကဗျာကို ကောက်ရေးပြီး
မျက်နှာသစ်ဖို့ လှေကားထစ်တွေကို အပြေးလေး နင်းတက်ခဲ့တယ်
ငါ့ခြေသံတွေ ပြင်းနေပါလား……



1 comment:

Anonymous said...

မောင်ရန်.. မင်း ခုလို ပို့်စ်တွေ ပြန်တင်တာ အမ အရမ်းဝမ်းသာတယ် ။ တခြားသူတွေလည်း အမ လိုပဲ ခံစားမိကြမှာပါ ။

နောက်ဆုံးစာကြောင်းလေးကို ကြိုက်တယ်

လှေကားထစ်တွေကို နင်းတက်ခဲ့တယ်
ငါ့ခြေသံတွေ ပြင်းနေပါလား……

ဘ၀ရဲ့ လှေကားတွေကို ခြေသံပြင်း၂တွေနဲ့ နင်းလိုက်ကြစို့လား..း)