Atlanta ကို ဒေသစံတော်ချိန် ၄ နာရီ ၁၀ မိနစ်မှာ ရောက်ပါတယ်. လေယာဉ်ကအထွက် နောက်တစ်ဂိတ်ကို ကူးရပါတယ်. ဒီတစ်ခါတော့ ဂိတ်က C 25 မှာပါ. လမ်းနည်းနည်းလောက် လျှောက်လိုက်ရပါတယ်. လေယာဉ်ချိန်တွေ နည်းနည်းကြပ်နေလို့လား မသိဘူး. လူတွေကတော့ တော်တော်ကြီးကို များနေတာတွေ့ရတယ်.
Atlanta ကို ကျွန်တော်ခဏခဏ ရောက်ဖြစ်ပါတယ်. မြန်မာပြည်က ထွက်လာကာစကလည်း ဒီ Atlanta မှာပဲ လေယာဉ်ပြောင်းစီးခဲ့ရတာပါ. နောက်ပိုင်း Domestic Flight တွေ စီးတော့လည်း Atlanta ကို ခဏခဏ ရောက်ဖြစ်ပါတယ်. ဒါကြောင့် လေယာဉ်ကွင်းကြီးက အကြီးကြီးပေမယ့် Familiar ဖြစ်ပါတယ်. လေယာဉ်ကွင်းက ဘယ်လောက်တောင်ကြီးလဲဆိုရင် တစ်ဂိတ်နဲ့တစ်ဂိတ်ကို ရထားနဲ့ဆက်သွားရပါတယ်. ကျွန်တော်ကတော့ နီးနေလို့ လမ်းပဲလျှောက်လိုက်တာပါ.
လေယာဉ်ကွင်းရဲ့ System က သိပ်ကိုကောင်းမွန်ပါတယ်. အစားအသောက် စားမလား၊ Game ပဲဆော့မလား၊ ဆေးလိပ်ပဲသောက်မလား (Smoking Area လုပ်ပေးထားပါတယ်) Shopping လုပ်မလား၊ စာအုပ်ဆိုင်မှာ ၀င်မွှေမလား၊ ဆံပင်ညှပ်မလား၊ ကော်ဖီဆိုင်ထိုင်မလား၊ ဘီယာဘားသွားမလား၊ ဒီတိုင်းလေးပဲ Computer ကို Charging လုပ်ထားမလား၊ Email စစ်မလား (ကဒ်ပြားလေးတော့ဝယ်ရပါတယ်.) အစုံရှိပါတယ်. Cellular Phone ဌားတဲ့ Service တောင်ရှိသေးတယ်ဗျ.
နယူးယောက်ကိုသွားမယ့်လေယာဉ်က ၄:၄၅ မှာထွက်မှာပါ. အဲဒါနဲ့ အနီးနားလေးမှာ ထိုင်ပြီး အိတ်ထဲက Energy Bar လေးတစ်ချို့ ထုတ်စားနေလိုက်တယ်. TV ကိုကြည့်လိုက်တော့ Texas မှာ Tornado ၀င်မွှေနေတာတွေ့ရတယ်.
သိပ်ကြာကြာတော့ မစောင့်လိုက်ရပါဘူး. လေယာဉ်ခုံနံပါတ်တွေ ခေါ်ပါတယ်. Indy ကနေ Atlanta ကိုလာတုန်းက အလယ်ခုံမှာ ရောက်နေခဲ့တာကြောင့် ဓာတ်ပုံတွေ စိတ်တိုင်းကျ မရိုက်နိုင်ခဲ့ဘူး. ဒီတစ်ခါကျတော့ သုံးခုံလုံးမှာမှ ကျွန်တော် တစ်ယောက်တည်းရယ်.
ဘာရမလဲ. အပြည့်အ၀ကို အသုံးချလိုက်တာပေါ့ဗျာ. ခုံလက်တန်းတွေကို ဆွဲတင်ပြီး နှစ်ယောက်ခုံပုံစံ လုပ်ပစ်လိုက်တယ်. ကင်မရာကို Standby လုပ်ထားလိုက်တယ်. ပြီးတော့ မုန့်ဆက်စားရင်း စာအုပ်ထိုင်ဖတ်နေလိုက်တယ်. (Footbinding အကြောင်းပါပဲ. အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်. ကျွန်တော်အချိန်ယူပြီး ဖတ်ထားသမျှကို ပို့စ်တစ်ခုရေးပေးဦးမယ်လို့ စဉ်းစား ထားပါတယ်.)
လေယာဉ်ထွက်တော့ မြင်ကွင်းတွေက သိပ်စိတ်ဝင်စားစရာ မကောင်းလှပါဘူး. သစ်ပင်တွေ၊ အိမ်ခြေတွေပဲ တွေ့နေရတယ်လေ. နေကလည်း ကျွန်တော်ထိုင်တဲ့ဘက်ကို ခပ်စူးစူးလေး ထိုးနေတယ်. တိုက်ရိုက်ကြီးတော့ မဟုတ်ဘူးပေါ့. အဲဒါနဲ့ လေယာဉ်ပြတင်းပေါက်လေးကို ဆွဲပိတ်ပြီး Nap ယူလိုက်ပါတယ်.
၄၅ မိနစ်လောက်ထိ အိပ်ပျော်သွားခဲ့ပါတယ်. ပြန်နိုးလာတာကလည်း ဘေးနားကို လူတစ်ယောက်ဝင်လာထိုင်တာ သိလိုက်လို့ပါ. ဟိုနောက်မှာ ထိုင်ရတာ ကြပ်လို့ထင်ပါတယ်. ကျွန်တော့်ဘေးနားက တစ်ခုံကျော်မှာ လာထိုင်ပြီး Computer နဲ့ ရုပ်ရှင်ထိုင်ကြည့်နေပါတယ်. အေးအေးဆေးဆေးသမားပုံစံမို့ မျက်စိကို ပြန်မှိန်းနေလိုက်ပါတယ်. ပြန်အိပ်လို့တော့ မရတော့ပါဘူး.
လေယာဉ်မယ်က ဘာသောက်မလဲလို့ လာမေးပါတယ်. ဘေးကလူက ကျွန်တော့်ကို အရိုအသေပေးပြီးတော့ ကျွန်တော့်အတွက် Snack တစ်ခုလှမ်းယူပေးတာနဲ့ ကျေးဇူးတင်တဲ့ အကြည့်လေးနဲ့ ပြုံးပြလိုက်ရပါသေးတယ်. လေယာဉ်ပေါ်မှာ ကျွန်တော်သောက်လေ့ရှိတာကတော့ Gingere ပါပဲ. သောက်လိုက်ရင် စိတ်ထဲမှာ လန်းဆန်းသွားသလို ခံစားရပါတယ်. ရှိန်းတိန်းတိန်းလေးကို ဖြစ်လို့ပေါ့ဗျာ. Pretzel တစ်ထုပ်ကို ဖောက်စားလိုက်၊ သီချင်းနားထောင်လိုက်၊ အပြင်ရှုခင်းတွေကို ကြည့်ရင်း ကောင်းတာလေး တွေတွေ့ရင် တဖျပ်ဖျပ်နဲ့ ဓာတ်ပုံရိုက်လိုက်နဲ့ ဆက်လိုက်လာခဲ့လိုက်တယ်. စာတော့ ဆက်မဖတ်ဖြစ်တော့ပါဘူး.
စိတ်ကူးထဲမှာတော့ စာတွေရေးနေခဲ့တယ်ဗျ. ဒါကြောင့်လည်း ခုလိုနယူးယောက်ကို ရောက်ရောက်ချင်း ပို့စ်တင်နိုင်တာပေါ့. သူငယ်ချင်းသုံးယောက်အတွက်လည်း ကဗျာလေးတစ်ပုဒ်ကို စိတ်ကူးထဲမှာ စပ်နေခဲ့တယ်. (ဒီပို့စ်ပြီးရင်တင်ပေးမယ်နော်. မဂျစ်၊ မလေးနဲ့ ဘာညာတို့ရေ…)
ပျံသန်းချိန် ၂ နာရီနဲ့ ၄၅ မိနစ်လောက်နေတော့ နယူးယောက်ပြည်နယ်ထဲကို စ၀င်လာခဲ့ပါပြီ. ရှုခင်းတွေက ပြောင်းလာတယ်. အရင်တုန်းက မြင်ဖူးနေခဲ့ပေမယ့် ခုလောက်စိတ်မလှုပ်ရှားခဲ့ဖူးဘူး ဆိုတာကို ၀န်ခံပါရစေ. ဘာလို့လဲဆိုတော့ ကျွန်တော်က ခုဆိုရင် ဘလော့ဂါတစ်ယောက်ဖြစ်နေပြီလေ. ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ဂရုတစိုက်လာဖတ်တဲ့ စာဖတ်ပရိသတ်အတွက် ကောင်းနိုးရာရာ ဓာတ်ပုံလေးတွေ ရိုက်ဖို့အတွက် ကျွန်တော်အရမ်းကို တက်ကြွလန်းဆန်း နေခဲ့တယ်ဗျာ…
ဒီရှုခင်းတွေကို တစ်နှစ်မှတစ်ခါပဲမြင်ခွင့်ရတဲ့ ကျွန်တော့်အတွက် နယူးယောက်မြိ့ကြီးရဲ့ ဝေဟင်ယံမြင်ကွင်းက ခါတိုင်းလိုပဲ ဆွဲဆောင် နေနိုင်စွမ်းရှိပါတယ်. နယူးယောက်မြို့ကြီးကို Borough ၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်. Manhattan, Queens, Bronx, Brooklyn နဲ့ Staten Island စတာတို့ပဲဖြစ်ပါတယ်.
သူတို့တွေအကြားမှာ တံတားကြီးတွေနဲ့ကူးသန်းယှက်နွယ်ထားပါတယ်. အဲဒီ့ တံတားတွေထဲက ကမ္ဘာကျော်တံတားကြီးတစ်ခုကတော့ ဘရွတ်ကလင်း တံတားကြီးပါပဲ. တံတားကြီးရဲ့အောက်ဘက်မှာ ကားတွေသွားပြီး တော့ အပေါ်မှာလူသွားလမ်းထားပါတယ်. လူသွားလမ်းမှာတောင် ညာဘက်ကိုကပ်သွား ရပါတယ်. ဘယ်ဘက်က စက်ဘီးလမ်းပါ. စက်ဘီးစီးသမားတွေက သူတို့လမ်းပေါ်ကို လမ်းလျှောက်မိတဲ့သူတွေကို ဘုကြည့်ကြည့်တတ်ပါသေးတယ်. ကျွန်တော်တစ်ခါခံခဲ့ရဖူးလို့ သိလိုက်တာပါ. အရိုးစွဲအောင်မှတ်ထားလိုက်ရ တာပေါ့ဗျာ.
ဘရွတ်ကလင်းတံတားကြီးမှာ ညနေခင်းဆို လမ်းလျှောက်အပန်းဖြေသူတွေ၊ စုံတွဲတွေ၊ စာလာဖတ်တဲ့ ကျောင်းသားတစ်ချို့တွေ၊ ဓာတ်ပုံဆရာတွေ၊ တရုတ်အဘိုးကြီးအဘွားကြီးတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ၊ လေ့ကျင့်ခန်းလုပ်နေသူ တွေနဲ့ လူစုံပါတယ်.
တံတားကြီးကလည်းတကယ့်ကို ခန့်ညားပါတယ်. အဲဒီ့တံတားကြီးပေါ်ကနေ နေ၀င်ချိန်ကြည့်ရင် နောက်ခံကောင်းကင်မှာ နယူးယောက်မြို့ကြီးရဲ့ Skyline ကို ကောင်းကောင်းမြင်ရပါတယ်. သူငယ်ချင်းတစ်ယောက်ကပြောပါတယ်. World Trade Center ရှိတုန်းကဆို ပိုတောင်ကြည့်လို့ကောင်းသေးတယ်တဲ့. ခုတော့လည်း သူ့နေရာမှာ သူ့လောက်မမြင့်တဲ့ တိုက်တွေက နယူးယောက်မြို့ကြီးရဲ့ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားဆဲပါ…
ခုလေယာဉ်ပေါ်ကနေမြင်ရတာကတော့ မန်ဟက်တန် ဧရိယာပါ. အစည်ဆုံး အချက်အချာအကျဆုံးနေရာပါပဲ. ကမ္ဘာ့စီးပွားရေးအပြောင်းအလဲတွေကို ဖန်တီးပေးနေတဲ့ Wall Street ရှိတယ်. World Stock Exchange ရှိတယ်. ကမ္ဘာ့အလှဆုံးပန်းခြံတွေထဲက တစ်ခုဖြစ်တဲ့ Central Park ရှိတယ်. စုံပါတယ်. ထူးခြားတာတစ်ခုကတော့ မန်ဟက်တန်ဟာ နယူးယောက်မြို့ရဲ့ ဈေးအကြီးဆုံး နေရာဖြစ်ပြီးတော့ တရုတ်တန်းဆိုတာကလည်း မန်ဟက်တန်ရဲ့ အချက်အချာနေရာမှာ ယူထားတာကို တွေ့ရပါတယ်. (ရန်ကုန်ရဲ့ မြို့လယ်ခေါင် လသာသံဈေးဝန်းကျင်ကို တရုတ်လူမျိုးတွေ ကြီးစိုးထားသလိုပါပဲ.)
ဒီပုံထဲမှာတွေ့ရတဲ့ Central Park ပန်းခြံရဲ့အရှေ့ဘက်က အမည်းရောင် အဆောက်အအုံကတော့ ကမ္ဘာ့သတင်းတွေကို ထုတ်လွှင့်ပေးနေတဲ့ CNN News အဆောက်အအုံပါ
ကင်းကောင်ရုပ်ရှင်ထဲမှာ ကင်းကောင်ခဏခဏတက်တဲ့ Empire State Building ကြီးကို ပုံထဲမှာတွေ့ရပါမယ်. ပုံကိုညာဘက်ကစကြည့်ပါ ပထမဆုံးတွေ့ရတာ ကတော့ ဗိသုကာပိုင်းမှာ နာမည်ကျော်တဲ့ Crysler Building ကြီးပါ. Sex and The City TV Series ထဲမှာ ပထမဆုံးတွေ့ရတဲ့ အချွန်အတက်တွေနဲ့ အဆောက်အအုံပေါ့ဗျာ. ဒုတိယကတော့ ကျွန်တော်ပြောတဲ့ Empire State Building ပါ.
သူတို့ကကြိုးစားတာကိုး… ဒီလိုဖြစ်မှာပေါ့. နယူးယောက်က တရုတ်လူမျိုးတွေမှာ ဘော်ကြော့သိပ်မတွေ့ရဘူး. ရှိချင်ရှိမှာပေါ့. ရှိမှာပါ. ဒါပေမယ့် တော်တော်များများ ငယ်ငယ်ကြီးကြီး အလုပ်ကြိုးစားကြတာကို တွေ့ရတယ်ဗျ. အလုပ်လုပ် ရင်းစာဖတ်နေတဲ့ တရုတ်ကျောင်းသူလေး ၂ ယောက်ကို ဟောဟိုက Tourist Center Booth လေးထဲမှာ တွေ့နိုင်ပါတယ်. မျက်နှာမှာဘာမှ မခြယ်သထားဘူး. ဖတ်နေတဲ့စာအုပ်တွေကတော့ ခပ်မြင့်မြင့်တွေချည်းပဲ. ကျွန်တော်သူ့ကို လမ်းမေးဖူးတုန်းက သူဖတ်နေတဲ့ စာအုပ်တွေကို လှမ်းရှိုးလိုက်လို့ သိတာပါ.
ပြောလက်စနဲ့ နယူးယောက်အကြောင်းနည်းနည်း ဆက်ပြောလိုက်ဦးမယ်ဗျာ. ကျွန်တော်သိသလောက်ပေါ့.
နယူးယောက်မှာ တရုတ်တန်းကို မျက်စိမလည်အောင်သွားတတ်ရင် မဆိုးဘူးလို့ ပြောရမယ်. လမ်းကြိုလမ်းကြားတော်တော်များတယ်ဗျ. Soho (ဆိုဟို)လို့ခေါ်တဲ့ မန်ဟက်တန်ထဲက လူအရမ်းစည်တဲ့ နေရာမှာဆိုရင်တော့ စားသောက်ဆိုင် ကောင်းကောင်းတွေနဲ့ ဆူရှီဆိုင်တွေ မှိုလိုပေါက်နေပါတယ်.
တရုတ်တန်းမှာတော့ ရန်ကုန်အတိုင်းပဲဗျ သိလား. တရုတ်မတွေက လွယ်အိတ်လေးတွေ လွယ်ပြီးတော့ DVD လေး ၄-၅ ချပ်လောက် လက်ထဲကိုင်ထားတယ်. ဖြတ်လျှောက်သွားတဲ့လူတွေကို ကြည့်ပြီး “DVD..DVD…DVD…DVD…” လို့ အော်ရောင်းနေတာပါ. အများကြီးမှ အများကြီး. တစ်ချပ်ကို $ 5. ပါ. ကျွန်တော့်သူငယ်ချင်းဆို အဲဒီ့ကပဲ ၀ယ်တယ်. Copyright ဆိုတာတော့ သူတို့က သနားသေးတယ်. တကယ်ကို စီးပွားဖြစ်လုပ်နေကြတာဗျ. အဖြူကောင်တွေလည်း လာဝယ်တာပဲ. ဈေးပေါတာကိုး…
ကျွန်တော်တရုတ်တန်းမှာ မျက်စိခဏခဏလည်ပါတယ်. မြေအောက်ရထားပေါ်က ဆင်းပြီး အပေါ်တက်လိုက်တာနဲ့ ဘယ်ဘက်သွားရမှန်းမသိတော့ဘူး. အဲဒါနဲ့ Billboard အကြီးကြီးတစ်ခုကို ပုံသေမှတ်ထားလိုက်တယ်. အဲဒါနဲ့ ဆန့်ကျင်ဘက်ကို သွားရင် ကျွန်တော်သွားချင်တဲ့ နေရာကိုရောက်ပါတယ်. Billboard ကြီးဖြုတ်သွားတဲ့တစ်နေ့ကျရင်တော့ မပြောတတ်ဘူးဗျ. ဟတ်ဟတ်ဟတ်…
လေယာဉ်ကွင်းကတော့ ၂ ခုပဲရှိပါတယ်. LGA (Laguardia Airport) နဲ့ JFK (John F. Kennedy Airport) ပါ. ကျွန်တော်ကတော့ LGA ကိုရောက်တဲ့ လေယာဉ်ပဲစီးပါတယ်. မြို့ထဲနဲ့နီးလို့ပါ. ဘတ်စ်ကားလည်းပိုပေါတယ်လေ. JFK ကတော့ ပိုကြီးတယ်. JFK ကိုသွားရင် မိုးပျံရထားစီးသွားရတာကိုတော့ သဘောကျတယ်ဗျာ. ရေရေလည်လည်မိုက်တယ်. $ 5 ပေးရတယ်. Public Transportation နဲ့သွားရင် မိုးပျံရထားကို စီးမှပဲရောက်ပါတယ်. ဘတ်စ်ကားတွေ၊ Subway (မြေအောက်ရထား) တွေကလည်း မိုးပျံရထားဂိတ်မှာပဲ ချပေးပါတယ်. Fund တော့ တော်တော်ကိုရပါတယ်.
ကျွန်တော်တို့ မြန်မာအများစုနေတာကတော့ Queens မှာပါ. Brooklyn မှာနေသူတွေလည်း ရှိပါတယ်. Brooklyn မှာက အမည်းလူမျိုးတွေ နေတာများတော့ ကြောက်ကြတယ်ဗျ. ပြဿနာလည်း ခဏခဏတက်တယ်. Rapper တွေလည်း Brooklyn ကနေထွက်ပါတယ်ခင်ဗျ. နောက်ထပ်အမည်း များတဲ့နေရာကတော့ Bronyx ပါ. Queens မှာတော့ မြန်မာ၊ India၊ Mexican၊ Chinese စတဲ့ Immigrants တွေ အများဆုံးနေကြပါတယ်. ဈေးလည်းသက်သာပါတယ်. မန်ဟက်တန်မှာ $ 1000 လောက်ပေးရတဲ့ တိုက်ခန်းတစ်ခုက Queens မှာ $ 450 လောက်နဲ့ ရပါတယ်.
နယူးယောက်မြို့ရဲ့ Public Transportation ကတော့ Subway လို့ခေါ်တဲ့ မြေအောက်ရထားပါပဲ. One Ride ($ 2)၊ တစ်နေ့စာ Unlimited Ride လက်မှတ် ($ 7)၊ ၆ ခေါက်စီးလက်မှတ် ($ 10)၊ ၁ လစာ Unlimited Ride ($ 76) ဆိုပြီး အသီးသီးရှိပါတယ်. မနက်မနက်ဆိုရင် ရုံးသွားရင် ရထားက ရန်ကုန်က ကားအတိုင်းပဲ ကြပ်ပါတယ်. Queens ကနေ Manhattan ကို ပျမ်းမျှ ၄၀ မိနစ် စီးရပါတယ်. ရထားတွေကတော့ အများကြီးပါပဲ. Queens ဘက်ကိုသွားတဲ့ ရထားကို Seven Train (7 Train) လို့ ခေါ်ပါတယ်. ကျန်တာတွေကတော့ R, N, G, E etc…. ပေါ့ဗျာ. ရထားက နှစ်မျိုးဆွဲတယ်. 7 မှာ အ၀ိုင်းလေးနဲ့ဆိုရင် ရိုးရိုးပဲ. ဘူတာစဉ်ရပ်တယ်. 7 မှာ ဒိုင်းမွန်းလေးခတ်ထားရင် Express လို့ခေါ်တယ်. သူက ၄ ဘူတာတစ်ခါပဲရပ်တယ်. မြန်တယ်. စောင့်လည်းစောင့်ရတယ်. အဆင်ပြေသလို စီးကြတာပါပဲ.
မနှစ်က Subway ရထားမောင်းသူတွေ လစာတိုးတောင်းတာမရလို့ သပိတ်မှောက်တဲ့အနေနဲ့ အလုပ်ကိုမလာကြဘုး နယူးယောက်တစ်မြို့လုံး ရပ်တန့်သွားခဲ့ရတာပေါ့. မြို့တော်ဝန်ကိုယ်တိုင် စက်ဘီးစီးပြီး ရုံးတက်ပြတယ်. မြို့သူမြို့သားတွေကတော့ စက်ဘီး၊ စကိတ်လေးတွေနဲ့ ရုံးကိုလာကြတာပေါ့. အဲဒီ့တုန်းက စကိတ်လေးနဲ့ ရုံးလာတက်တဲ့ Staff တစ်ယောက်ကို ဘရွတ်ကလင်းတံတားကြီးရဲ့ ဒီဘက်ခြမ်းကနေ NGO အဖွဲ့တစ်ချို့က ကြိုဆိုနေတဲ့ ဓာတ်ပုံလေးတောင် သတင်းစာထဲမှာ တွေ့လိုက်ရသေးတယ်.
ကျွန်တော့်သူငယ်ချင်းအပါအ၀င် အများစုကတော့ Taxi Cab တွေကို အုပ်စုလိုက် ငှားလိုက်ကြတယ်ဗျ. Taxi သမားတွေ ငွေစတော်တော်ရွှင်သွားတဲ့ Golden Moment လေးပေါ့ဗျာ.
Subway ၀န်ထမ်းတွေအကုန်လုံးကို ဒဏ်ငွေရိုက်ပါတယ်. တစ်ရက်သပိတ် မှောက်ရင် 2 Million ဒဏ်ငွေရိုက်ပါတယ်. အဲဒီ့နောက် သူတို့ကိုနည်းနည်းကြပ်ပေးလိုက်ပုံပေါက်တယ်. ခုဆိုရင် ဘာသံမှကိုမထွက်တော့ ဘူး ဥပဒေတစ်ခုတောင် ပြဋ္ဌန်းလိုက်သေးတယ်. ဒီလိုမျိုးထပ်လုပ်ရင်တော့ အသိပဲဆိုပြီး အစိုးရဘက်က အချက်ပြလိုက်တာပေါ့…
ပြောရင်တော့ အများကြီးရှိသေးတယ်. ကျွန်တော့်အလုပ်က ပြောထားပြီးပါပြီ. New York ရဲ့ Upstate က မြို့တစ်မြို့မှာ သွားလုပ်ရမှာပါ. ကျွန်တော့်အပေါ်ကို အရမ်းသဘောကောင်းတဲ့ မိသားစုပါပဲ. သူတို့သားသမီးတွေကလည်း ကျောင်းသားကျောင်းသူတွေပဲ ဆိုတော့ ကျွန်တော့်ကို နားလည်မှုရှိကြပါတယ်. ခဏလေးလာလုပ်တာကိုလည်း စိတ်မဆိုးဘူး. လခလည်း ပြည့်ပြည့်၀၀ ပေးပါတယ်. အစားအသောက်ကလည်း ကောင်းမှကောင်းပဲဗျ. စားသောက်ဆိုင်ဆိုတော့ ကြိုက်တာယူစားရုံပဲ. အလုပ်အကြောင်းနောက်ကျရင် ဆက်ရေးပေးပါဦးမယ်ဗျာ.
အလုပ်ကနေ တစ်ပတ်တစ်ခါခွင့်ရပါတယ်. နှစ်ပတ်တစ်ခါလောက်တော့ နယူးယောက်ကို တက်လည်ဖို့ စဉ်းစားထားပါတယ်. Shopping လည်းသွားရင်း၊ စာအုပ်အသစ်လေးတွေလည်း သွားဝယ်ရင်းပေါ့. အဲဒီ့အခါကျရင် နေရာတွေကို မတူအောင် သွားပြီးဓာတ်ပုံအသစ်တွေနဲ့ ကျွန်တော်သိသလောက်၊ လေ့လာမိ သလောက် ပြန်ပြီးတင်ပြပါမယ်ခင်ဗျာ…
၇:၁၅ မှာ နယူးယောက်လေဆိပ်ကို ရောက်ပါတယ်. လေယာဉ်ကွင်းထဲကနေ အိတ်တွေထားတဲ့နေရာကို ခပ်သွက်သွက်ပဲ လျှောက်သွားခဲ့လိုက်ပါတယ်. သန့်စင်ခန်းခဏ၀င်ပြီးတော့ ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပါသေးတယ်.
Luggage Belt ကြီးစလည်ပါပြီ. ကျွန်တော့်အိတ်ထွက်အလာကို စောင့်နေရင်း ဘတ်စ်ကားစီးဖို့ အကြွေစေ့လေးတွေကို ကျောပိုးအိတ်ထဲက ထုတ်ပြီးဘောင်းဘီအိတ်ထဲ ပြောင်းလိုက်ပါတယ်. ပြီးတော့ ဘောင်းဘီအိတ်ထဲ ဟန်ပါပါလေး လက်နှိုက်ပြီး ထုံးစံအတိုင်းလှည့်နေလိုက်ပါတယ်. (အကြွေစေ့လေးတွေကိုပါ. ဟတ်ဟတ်ဟတ်)
အိတ်ရလာတော့ လူနည်းနည်းရှင်းတဲ့နေရာကို ဆွဲပြီး ကျောပိုးအိတ်ထဲက Laptop နှစ်လုံးလုံးကို ပြောင်းထည့်လိုက်ပါတယ်. ကျောပိုးအိတ်ကို တတ်နိုင်သလောက် ပေါ့အောင်လုပ်ပြီးတော့ အိတ်ကိုပြန်ပိတ်လိုက်ပါတယ်. ပြီးတာနဲ့ အပြင်ကိုမြန်မြန်ပဲ ထွက်လိုက်ပါတယ်. Taxi လားလို့ ဇွတ်မေးနေတဲ့ ကုလားတစ်ယောက်ကို ခေါင်းခါပြရင်း ဘတ်စ်ကားဂိတ်ကို သွက်သွက်လေးအိတ်တွေကို ဆွဲလာခဲ့လိုက်ပါတယ်. အိတ်ကြီးတစ်လုံး၊ Hand Carry တစ်လုံးနဲ့ ကျောပိုးအိတ်တစ်လုံးပါ.
ဘတ်စ်ကားက ခဏစောင့်လိုက်ရပါသေးတယ်. သူငယ်ချင်းကို ဖုန်းလှမ်းဆက်ပြီး ရောက်နေပြီဆိုတာ ခေါင်းလောင်းလှမ်းတီးလိုက်ပါတယ်. ဖြတ်သွားဖြတ်လာနဲ့ ဥဒဟိုသွားလာနေတဲ့ လူတွေကားတွေကို ကြည့်ရင်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နယူးယောက်ကို အူကြောင်ကြောင်လေးနဲ့ ရောက်လာခဲ့တဲ့ ကျွန်တော့်ရဲ့ ပုံရိပ်ကို ပြန်မြင်နေခဲ့ပါတယ်. တစ်ဆက်တည်းမှာပဲ ကျွန်တော့်အပေါ်ကို ခါးခါးသီးသီး ဆက်ဆံခဲ့တဲ့ လူတစ်ချို့ရဲ့ ရုပ်ပုံလွှာတွေပါ တွဲပေါ်လာတာကြောင့် ကျွန်တော့်ရဲ့ အတွေးပြတင်းပေါက်ကို Alt+F4 နှိပ်ြပီး ပြန်ပိတ်လိုက်ပါတယ်.
ဘတ်စ်ကားလာပါပြီ. Q33 ပါ. ကျွန်တော်တစ်ညတာတည်းမယ့်နေရာကို အနီးဆုံးရောက်ပါတယ်. ဘတ်စ်ကားပေါ်တက်ပြီး ဘယ်လောက်လဲမေးတော့ $ 2 ပါတဲ့. ဈေးတောင်တက်သွားပြီကိုး. လွန်ခဲ့တဲ့ ၄ လ ခရစ်စမတ်လာတုန်းက $ 1.25 ပဲ ရှိပါသေးတယ်. တော်သေးတယ်. ကျွန်တော်အကြွေစေ့ခပ်များများ ဆောင်ခဲ့ပေလို့သာပဲ.
ထိုင်ခုံမှာ ပြန်ထိုင်ရင်း သိပ်ပြီးတော့ မပြောင်းလဲတဲ့ မြို့ပြရဲ့တိုက်တာ အဆောက်အအုံတွေကို ခံစားချက်မဲ့စွာ လိုက်ကြည့်နေခဲ့တယ်. ကားပေါ်က ဆင်းပြီး သူငယ်ချင်းအိမ်ကို ဆက်သွားပါတယ်. သူငယ်ချင်းက ဖုန်းဆက်လိုက်တော့ တံခါးလာဖွင့်ပေးပါတယ်.
သူငယ်ချင်းနဲ့ ခဏစကားပြော၊ Email စစ်၊ ထမင်းအိုးတည်ရင်းနဲ့ `Indy မှ Atlanta သို့´ ဆိုတဲ့ ပို့စ်ကို တင်ပါတယ်. (အားလုံး ဖတ်ပြီးကြရောပေါ့) စာပြန်စရာရှိတာကိုပြန်၊ သူငယ်ချင်းတွေရဲ့ Cbox မှာ လိုက်ဖွ (ဟုတ်ပါဘူး. လိုက်နှုတ်ဆက်) ပြီးတော့ ထမင်းစားပါတယ်. ညကနည်းနည်းတော့ ညဉ့်နက်နေပါပြီ. သူငယ်ချင်းက စာမေးပွဲအတွက် စာပြန်ကြည့်နေတုန်း ကျွန်တော်လည်း ပစ္စည်းတွေကို အိတ်ပြောင်းပါတယ်. မနက်ဖြန်ဆို နောက်ထပ်ခရီးထွက်ရဦးမယ်လေ. ယူသွားမယ့်ပစ္စည်းတစ်ချို့ကို ပြောင်းထည့် ပါတယ်.
ခဏနေတော့ သူငယ်ချင်းနဲ့အတူတူ ထမင်းစား၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရီကြမောကြနဲ့ပေါ့ဗျာ. စားပြီးတော့ သူငယ်ချင်းက ဘီယာသောက်ရ အောင်လို့ ညှိတာနဲ့ ကျွန်တော်တို့ အနားက Grocery Store မှာ ဘီယာ ၂ ပုလင်းသွားဝယ်ကြပါတယ်. အခန်းထဲပြန်လာပြီး တစ်ပုလင်းကို Fridge ထဲထည့်၊ တစ်ပုလင်းကို အတူတူသောက်ကြပါတယ်. ၁၁ နာရီထိုးမှာ သူငယ်ချင်းဖုန်းထမြည်ပါတယ်. သူ့သူငယ်ချင်းတွေက စနေနေ့ညမို့ ဘောလုံးကန်ဖို့လာခေါ်တာတဲ့လေ. ကျွန်တော့်ကိုပါ လိုက်ခဲ့ဖို့ ခေါ်တာနဲ့ ဖိနပ်လဲပြီး လိုက်သွားပါတယ်. ကျွန်တော့် Cbox မှာတောင် Msg ရိုက်ပေးခဲ့တာ တစ်ချို့ဖတ်မိမလား မသိဘူးဗျ. ဘောလုံးသွားကန်တယ်လို့လေ.
အပြင်ရောက်တော့ သူငယ်ချင်း အသစ်တွေထပ်ရပါတယ် ၂ ယောက်က သိပြီးသားတွေ ဖြစ်နေတယ်. အဲဒါနဲ့တွေ့တော့ `ဟော…ဟော..´ ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးတွေထိုးပြီး အံ့အားသင့်နေကြပါတယ်. အားလုံးပျော်ပျော်ပါးပါးပဲ ဟောင်ကောင်စတိုး (နယူးယောက်က မြန်မာတွေ တော်တော်များများ ဈေးဝယ်ထွက်တဲ့ နာမည်ကြီးဆိုင်တစ်ခုပါပဲ) ရှေ့က အပန်းဖြေကွင်းကို သွားကြပါတယ်.
၁ နာရီလောက် ဘောလုံးကန်ပြီး အအေးဝင်သောက်ကြပါတယ်. ပြီးတော့ လူစုခွဲပြီး အခန်းကို ပြန်လာခဲ့ပါတယ်. လူလည်း တော်တော်မောသွားပါပြီ. သူငယ်ချင်းနဲ့ ၁၅ မိနစ်လောက် စကားဆက်ပြောပြီးတော့ နောက်တစ်ရက်စာအတွက် ဒီပို့စ်ကို ရေးနေခဲ့ပါတယ်.
မနက်ဖြန်မှာတော့ နယူးယောက်မြို့ကြီးကနေ ရထားထပ်စီးပြီး upstate ကို ဆက်သွားပါမယ်. ကျွန်တော်အလုပ်လုပ်မယ်ဆိုတဲ့ နေရာပေါ့ဗျာ….
`နယူးယောက်မှ …. သို့´ ဆိုတဲ့ ပို့စ်လေးကို ဆက်ရေးပေးပါဦးမယ်ခင်ဗျာ…
3 comments:
wow..finally u r there.. nice photos.. =)
ဒီပို့စ်နဲ့ ၉၉လဲ နယူးယောက်ရောက်ဖူးသွားပြီ...
ကျေးဇူးး)... ဂွတ်လဒ်
ကိုရန်ရဲ့ဒီပိုစ့်ကတော့ မနိုင်းနိုင်းပြောသလိုပဲ.. ဘာညတို့လည်း နယူးယောက်ကိုရောက်သွားသလိုပါပဲ..နောက်upstate လည်းရောက်ရအုံးမှောနော့်.. ဟုတ်တယ်ဟုတ်..ကွိကွိ
Post a Comment