ပင်လယ်က ပြောတယ်
ကျောက်ဆောင်ကြီးရေ...
ငါမင်းကို နေ့တိုင်းဖြိုဖျက်ဖို့ ကြိုးစားနေတယ်
မင်းရဲ့ထုထည်က ကြီးမားပါတယ်ကွာ
ဒါပေမယ့် ငါဘယ်တော့မှ အလျှော့မပေးဘူး
ငါ့ရဲ့ မဆုတ်နစ်တဲ့ လှိုင်းလုံးတွေကို အချိန်မပြတ်ရိုက်ခတ်ပြီး
မင်းကို ငါဝါးမျိုပစ်နိုင်အောင် ကြိုးစားမယ်…
ကျောက်ဆောင်ကပြောတယ်
ပင်လယ်ကြီးရေ…
မင်းငါ့ကိုနေ့တိုင်းရိုက်ခတ်ဖြိုလှဲဖို့ ကြိုးစားနေတယ်
မင်းရဲ့ လှိုင်းလုံးကြီးတွေကြောင့် ငါ့မှာ ဒဏ်ရာတွေများနေပါပြီ.
ဒါပေမယ့် ငါဘယ်တော့မှ ဦးမညွှတ်ဘူး
ငါ့ရဲ့ ခိုင်မာတည်ကြည်တဲ့ မာန်မာနနဲ့ မင်းရဲ့စမ်းသပ်မှုတွေကို
ကြံ့ကြံ့ခံရပ်တည်သွားနိုင်အောင် ကြိုးစားမယ်
ပင်လယ်ကြီးရေ…
မင်းရဲ့မလျှော့တဲ့ ဇွဲလုံ့လကို ငါသိပ်အားကျတယ်.
ကျောက်ဆောင်ကြီးရေ…
မင်းရဲ့ ရဲရင့်ပြတ်သားတဲ့ ဘ၀မာန်ကို ငါလေးစားတယ်.
ငါ့ရဲ့ဘ၀လမ်းခရီးတစ်လျှောက်မှာ
ပင်လယ်နဲ့တူတဲ့ ဇွဲ
ကျောက်ဆောင်နဲ့တူတဲ့ ခိုင်မာမှုတွေကို
အသွေးထဲအသားထဲမှာ စီးဝင်နစ်မျောစေရင်း
နေ့တိုင်းပဲ ရိုက်ခတ်နေမယ်
ရိုက်ခတ်လာတာတွေကိုလည်း
ရင်ကော့ခေါင်းမော့လျက် ခံယူနေမယ်…
4 comments:
ညလည်းရောက်ရော လရောင်အောက်မှာ ပင်လယ်က ဖြေးဖြေးလေးရိုက်လို့ ကျောက်ဆောင်က ခိုးခိုးခွီိခွီ ကျီစယ်ရင်းနဲ့ ပင်လယ်ကော ကျောက်ဆောင်ပါ ငြိမ်းငြိမ်းချမ်းချမ်း ဆော့ကစားကြသတဲ့.. လရောင်ရေ မင့်ကို အားကျတယ်... ဟီး.. ကဗျာကောင်းလေးပါ တိုရန်..
နင်ဟာ ဘ၀သမုဒ္ဒရာပြင်ကျယ်မှာ
ပင်လယ်နဲ့တူတဲ့ ဇွဲ
ကျောက်ဆောင်နဲ့တူတဲ့ ခိုင်မာမှုတွေကို
အသွေးထဲအသားထဲမှာ စီးဝင်နစ်မျောစေရင်း
လှော်ခတ်နေတဲ့ လှေတစ်စင်းသာဖြစ်မယ်ဆိုရင်
နင့် ဦးတည်ရာ မပျောက်အောင်
လမ်းပြပေးမဲ့ မီးပြတိုက်လေးဖြစ်ပါရစေ။
(အဟဲဟဲ ၀င်ခံစားကြည့်တာပါ :D)
ပင်လယ်ရောကျောက်ဆောင်ရောက ပြောတယ်...
လမင်းကြီးရေ...
မင်းရဲ့ မေတ္တာရောင်ခြည်သွယ်တွေအောက်မှာ
ငါတို့နှစ်ယောက်ချစ်တင်းနှောခဲ့ကြတယ်
တကယ်ဆိုငါတို့တွေဟာ တစ်ယောက်ကိုတစ်ယောက်ချစ်ရက်နဲ့
နေရောင်ရဲ့ ပူလောင်မှုအောက်မှာ ရန်သူတွေဖြစ်ခဲ့ကြရတယ်
ခုလိုအေးချမ်းငြိမ်သက်တဲ့ ညချမ်းလေးမှာမှ
တစ်ယောက်အပေါ်ထားတဲ့ သံယောဇဉ်ကို တစ်ယောက်ကသိလာတယ်
လရောင်ရေ...
မင်းကို ငါတို့ သိပ်ကျေးဇူးတင်နေမှာပါကွာ...
တကယ့် ဆရာကြီးတွေပါလားနော်
ကိုတက်စလာ နဲ့ ကိုရန်နဲ့ ပေါင်းစပ်ထားတဲ့ ကဗျာ တစ်ပုဒ်အနေနဲ့
မမီ ဘလော့ ဂ်ထဲမှာ သွားထားဖို့ မသွားလိုက်တယ်နော်
Post a Comment