Saturday, June 02, 2007

မှန်






ဟားဟားဟားဟား
...
..
.
ဟားဟားဟားဟားဟားဟားဟားဟား
...
..
.
ဒါငါမဟုတ်ဘူး
ငါရယ်လိုက်တာဟုတ်တယ်
ဒါပေမယ့် ဒုတိယရယ်သံကတော့ ငါမဟုတ်ဘူး
ဒါပဲ့တင်ထပ်လာတာ.
ငါမဟုတ်ဘူးဆိုရအောင်လည်း
ငါမရယ်ဘဲ ဒီရယ်သံက ထွက်လာစရာ အကြောင်းမရှိ
ဒါဆိုရင်တော့ ငါမဟုတ်တဲ့ ငါကို ဖန်တီးနိုင်လိုက်တဲ့
ငါ့ကိုယ်ငါ သိပ်ရယ်ချင်မိသွားပြီ…

ဘာလဲကွာ…
မင်းဦးနှောက်ထဲက ပွက်နေတဲ့ လှိုင်းတွေကို ခဏတားလိုက်စမ်း…
အတ္တတံခါးပေါက်ကို ခဏပိတ်ပြီး
ရင်ဘတ်ထဲက အသံကို ခဏနားထောင်ကြည့်…
တစ်ခါတစ်ခါ မြန်လိုက်
တစ်ခါတစ်ခါ နှေးလိုက်
တစ်ခါတစ်ခါ တုံ့ခနဲဖြစ်သွားလိုက်နဲ့
မင်းတို့ဘယ်လိုများ ဆက်သွယ်ကြသလဲကွာ….



အတွင်းသားတွေ စုတ်ပြဲနေတဲ့
ငါ့ရဲ့ရှုးဖိနပ်ကို ကောက်စီးလိုက်တယ်.
ကြာနေပြီပဲ.
အရောင်လည်း တော်တော်လွင့်နေပြီ
ဒါပေမယ့် ငါ့ခြေထောက်အကြောင်း ကောင်းကောင်းသိနေတယ်.
မနေ့က ငါဖိနပ်အသစ်တစ်ရံဝယ်တယ်
ဒီဖိနပ်အဟောင်းလေးကို လွှင့်ပစ်ဖို့ မဟုတ်ဘူး
ငါလိုအပ်လို့ပါ.

တကယ်တော့လည်းကွာ
ဒီအသစ်ဆိုတာမလိုအပ်ခဲ့ရင် အဟောင်းတွေပဲ ပုံနေမှာပေါ့နော်.
ရှင်သန်ခြင်းဟာ အဓိပ္ပါယ်ရှိသလို
သေဆုံးခြင်းမှာလည်း ဂုဏ်သိက္ခာတွေ ရှိနေတာပဲ.
ငါဘယ်နေ့ဟောင်းမှာလဲ.
လောလောဆယ်တော့ ငါသစ်ပြီးရင်းသစ်အောင်လုပ်နေတယ်.
မနေ့က အသစ်တွေ ဒီနေ့ ဟောင်းကုန်ပြီ.
ဒီနေ့ အသစ်တွေ မနက်ဖြန်ဟောင်းတော့မယ်.
ဒါတုန်လှုပ်စရာလား
မင်းမှာ ရွေးချယ်ခွင့်မရှိသေးသရွေ့
မင်းရတာကို ကြိုက်နှစ်သက်အောင် ကြိုးစားရမှာပဲလေ.

ငါ့မှာ လောလောဆယ် ဂျင်းဘောင်းဘီ တစ်ထည်ပဲရှိတယ်
ငါသူ့ကို သိပ်မြတ်နိုးတယ်.
တစ်နေ့ ငါသူ့ကို ခွဲခွာသွားရမှာပါ.
ဒါမှမဟုတ် သူငါ့ကို ခွဲခွာသွားမှာပေါ့
ဘယ်သူက အရင်ခွဲခွာပါစေလေ
လောလောဆယ် ငါဝတ်နေသမျှ ကာလပတ်လုံးမှာ
ငါသူ့ရဲ့ ဟောင်းနွမ်းမှုလေးကို ပြက်ရယ်မပြုဘူး



အား….
ကြားလိုက်တယ်.
ကွန်ဆာဗေးတစ်တဲ့
အင်း.
ဟုတ်လား
လစ်ဘရယ်ပဲဖြစ်ဖြစ် ကွန်ဆာဗေးတစ်ပဲဖြစ်ဖြစ်
မင်းလုပ်နေတာကို မင်းယုံကြည်နေရင်
မင်းလုပ်နေတာက ဘယ်သူ့ကိုမှ မထိခိုက်ရင်
မင်းဟာ လောကကြီးရဲ့ ဟာမိုနီကို လေးစားဦးညွှတ်နေသူပဲလေ…

ဘာသာတရားကိုင်းရှိုင်းတာ ကွန်ဆာဗေးတစ်မဟုတ်သလို
ခေတ်နဲ့အညီနေထိုင်ပြီး အတွေးအခေါ်က ရေပုပ်အိုင်ဖြစ်နေပြန်ရင်လည်း
မင်းကိုယ်မင်း လစ်ဘရယ်လို့ ပြောဦးမှာလား
ဟားဟားဟားဟား
ဒီတစ်ခါပဲ့တင်မထပ်ဘူး
ဘာလို့လဲသိလား

လေဟာပြင်ထဲမှာ ငါအော်ရယ်လိုက်လို့လေ
တကယ်တော့လည်း
ဖြစ်ပေါ်လာတဲ့တစ်စုံတစ်ရာကို တားဆီးတုံ့ပြန်တဲ့ တစ်စုံတစ်ခု
မရှိသေးသရွေ့
ပဲ့တင်ဆိုတာ မထပ်ပါဘူး

ပုညကြိယာဆိုတာ မင်းကြားဖူးလား
လုပ်ပဲလုပ်လိုက်တာ. ဘာမှ အကျိုးဆက်ကို မမျှော်လင့်ဘူး
သူ့မှာ ပဲ့တင်မထပ်ဘူး.
ဘာမှ မခုခံထားဘူး
ပြုကာမတ္တပဲ.



သွားစမ်းပါ
မင်းရဲ့မှန်ချပ်ကြီးကို ခဏချထားလိုက်
မှန်ချပ်နောက်မှာ မင်းကွယ်နေသရွေ့
မင်းရင်ထဲက အမှန်တရားကို မင်းဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး
မှန်ချပ်ကို မင်းဘက်လှည့်ထားပြန်ရင်လည်း
မင်းဟာ မင်းအတ္တနဲ့ပဲ တစ်ချိန်လုံး လုံးပမ်းနေသူ ဖြစ်သွားလိမ့်မယ်.

လူတွေက မှန်ချပ်တွေရဲ့ နောက်မှာ ကိုယ်စီရှိနေကြတယ်လေ.
ဒါကြောင့် သူတို့တွေ မျက်စိတွေကျိန်းနေကြတာပေါ့
ကိုယ်ကိုယ်တိုင်ရဲ့ မှန်ချပ်ကို ဘေးမချဘဲ သူများရဲ့ မှန်ချပ်တွေကို အပြစ်တင်နေကြတယ်.
သူ့ဘက်က မပြောင်းလဲချင်နေပါ
မင်းဘက်ကတော့ စပြီး ပြောင်းလဲပေးလိုက်လေ.
သူမပြောင်းလဲတော့လေ ဘာအရေးလဲ
အဓိကက မင်းရဲ့လုပ်ရပ်ကို မင်းယုံကြည်နေဖို့ပဲ

ခွမ်း…
ခေါင်းကိုမော့ပြီး ငါ့ရင်ဘတ်ထဲက နှလုံးသားကို ကိုင်မြှောက်လိုက်တယ်.
ဟားဟားဟားဟား….



3 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

ပြင်းထန်တဲ့ ပေါက်ကွဲသံပဲ..
ဂွတ်တယ် ကိုရန်..

pandora said...

ဒီလိုပုံစံမျိုးကို ပိုသဘောကျတယ်။။ ဂွတ်ထ..။

Kreator said...

ကောင်းတယ်ဗျ ကိုရန်အောင်