Wednesday, May 23, 2007

အဆုံးအဖြတ်…



ချစ်သူ…
အသည်းကွဲဖူးတဲ့ လူတစ်ယောက်မှာ
အသည်းထပ်ကွဲမှာကြောက်သူနဲ့
အသည်းထပ်ကွဲမှာ မကြောက်သူ ၂ မျိုးရှိတယ်…

သူတို့ ၂ ယောက်မှာ ဘာတွေကွာနေလဲ ပြောပြမယ်နော်.
ပထမတစ်မျိုးက သူသိပ်ကြောက်သွားတယ်.
သူတစ်စုံတစ်ရာကို မျှော်လင့်နေခဲ့တယ်.
မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခဲ့တယ်
ဒါကြောင့် သူထပ်ပြီး မမျှော်လင့်ရဲတော့ဘူး.
သူဟာ ရှုံးမှာကို ကြောက်လို့ စစ်မတိုက်ရဲတော့တဲ့ သူလိုပဲ.
သူက ၁၀၀ % သေချာမှပဲ စွန့်စားမယ်ဆိုတဲ့ သူမျိုးပေါ့လေ
သေချာမှုရှိနေတဲ့အရာကို ကြိုးစားတာဟာ စွန့်စားတာမျိုးမှ မဟုတ်တော့တာ
ဒါကြောင့်လည်း သူ့ရဲ့အောင်မြင်မှုတွေက ပြောစမှတ်မတွင်လောက်ပါဘူး…
ဒါကြောင့်လည်း သူ့ရဲ့ ချစ်ခြင်းတွေမှာ ကတုတ်ကျင်းတွေ အများကြီးတူးထားတယ်
သူဟာ ချစ်သူအတွက်ထက် ကိုယ့်အတွက်ကိုယ် ပိုကြည့်တဲ့ အတ္တကြီးသူတစ်ယောက်ဖြစ်တယ်.
သူဟာ ရင်ကော့ချစ်ဝံ့သူတစ်ယောက်မဟုတ်ဘူး.
သေချာမှ စွန့်စားမယ့် သူရဲဘောကြောင်တဲ့ ချစ်သူတစ်ယောက်ဖြစ်တယ်…


ဒုတိယတစ်မျိုးကရော..
သူလည်း တစ်စုံတစ်ရာကို မျှော်လင့်ခဲ့တာပဲလေ.
ဖြစ်မလာခဲ့ဘူး..
ဒီတော့ သူဘာလုပ်လဲ
နောက်ထပ်တိုက်ပွဲတစ်ခုအတွက် ထပ်မံစစ်ပြင်ဆင်တယ်..
သူကတော့ တိုက်ပွဲတွေမှာ ရှုံးနိမ့်တာ၊ အောင်မြင်တာကို မမှုဘူး
စစ်ပွဲမှာ အောင်နိုင်ဖို့ပဲ အလေးထားတယ်.
ဘာကြောင့်လဲဆိုတော့ ဘ၀စစ်ပွဲမှာ တိုက်ပွဲတွေ အများကြီးလေ.
တိုက်ပွဲတစ်ပွဲရှုံးတာ စစ်ပွဲရှုံးတာမဟုတ်ဘူး
ဒါပေမယ့် နည်းဗျူဟာကျတဲ့ တိုက်ပွဲမှာတော့ သူမရှုံးအောင် ကြိုးစားတယ်
သူကတော့ မသေချာလည်း စွန့်စားဝံ့တယ်.
ဒါကို ငါမလုပ်လိုက်ရလေခြင်းလို့ နောင်တရ စုတ်တသပ်သပ်ဖြစ်နေမယ့်အစား
ဒါကို ငါလုပ်ကြည့်ခဲ့ဖူးတယ်လို့
ရှုံးရင်လည်း သင်ခန်းစာယူမယ့်သူ
နိုင်ရင်လည်း အင်အားထပ်မံဖြည့်တင်းမယ့်သူ
ခေါင်းမော့ ချစ်ဝံ့သူ
ကိုးစားယုံကြည်နိုင်သူတစ်ယောက်ဖြစ်တယ်..



ချစ်သူ…
ကိုယ်မင်းကို သိပ်ချစ်တယ်.
အသည်းကွဲဖူးပေမယ့် တစ်ခါမှ မကွဲဖူးတဲ့ လူတစ်ယောက်လိုမင်းကို ချစ်တယ်
မင်းကို ချစ်တာကို မပြောလိုက်ရလေခြင်းလို့ တစ်ချိန်မှာ ကိုယ်နောင်တမရချင်ဘူး.
မင်းကို ချစ်ခဲ့ဖူးတယ်လို့ ကြည်နူးတွေးတောနေချင်တယ်.
မင်းရဲ့အချစ်ကို ရခဲ့ဖူးတယ်လို့ လှိုက်ဖိုရင်ခုန်နေချင်တယ်.. မင်းရဲ့အားကိုးထိုက်သူဖြစ်ခဲ့ဖူးတယ်လို့ ဂုဏ်ယူဝမ်းမြောက်နေချင်တယ်.

ဒီတိုက်ပွဲမှာ ကိုယ်ရှုံးနိမ့်မှာလား..
ဒီတိုက်ပွဲမှာ ကိုယ်အောင်မြင်မှာလား..
.
.
.
ချစ်သူပဲ ဆုံးဖြတ်ပေးပါနော်….



7 comments:

နတ္ထိ said...

အသည်းကွဲသူများအသင်းရဲ့ အခြေခံဥပဒေတွေလား မသိဘူးနော်။

Anonymous said...

"Aung"
Aung myin hmar par.

Anonymous said...

ဟိတ်.. ကောင်မလေးတယောက်က တို့ကိုလာပြောသွားတယ်.. တိုတိုရန် အောင်မြင်မယ်လို့ ပြောပေးပါတဲ့ အဟတ်.. သိတယ်နော်.. ဒူးသင့်တာ ဒူးလိုက်စမ်းပါ မောင်ရန်ရား)

Anonymous said...

"Yan"
Yan Pyit Hmar Par...

Yan said...

တစ်ယောက်က `ရန်´ တဲ့.
တစ်ယောက် `အောင်´ တဲ့
နောက်တစ်ယောက်က အချွန်နဲ့ပင့်
နောက်တစ်ယောက်က အသည်းကွဲ အသင်းထဲဝင်ခိုင်း
အမယ်မင်း... ငါ့ဖြစ်အင်ဆိုးသလားကောင်းသလား
ချစ်သူပဲ ဆုံးဖြတ်ပေးပါနော်...

ဟတ်ဟတ်ဟတ်

MELODYMAUNG said...

ဒီကဗျာလေးအရမ်းကြိုက်တယ် ကိုယ်တိုင်ကတော့ သူရဲဘောကြောင်တဲ့ နံပါတ်(၁) အမျိုးအစားပါ။ ခေါင်းမော့ ချစ်ဝံ့တဲ့သူတွေကို အားကျပါတယ် ။ တိုက်ပွဲမှာ အောင်မြင်ဖို့ ဆုံးဖြတ်ပေးမဲ့ ချစ်သူနဲ့ပဲတွေ့ပါစေ

99 said...

အခုမှ ဖတ်ဖြစ်ပေမယ့်... ဒီကဗျာလေးက တော်တော်ပြည့်ပြည့်စုံစုံ စဉ်းစားပေးထားတာပဲ...။
ကျနော်ကတော့ ဒုတိယလူမျိုးပဲ ဖြစ်ချင်တယ် အကိုရာ...။
ခုချက်ချင်း ဖွင့်ပြောလိုက်ရင် ကောင်းမယ်ထင်တယ်..
အကိုတွေးသလို ဘာမှပြန်မရရင်တောင် ကိုယ်မပြောလိုက်ရဘူးဆိုတဲ့ နောင်တတွေ မရှိအောင်လို့လေ...။
:)