Sunday, August 10, 2008

ဝဋ်




ကလေးရေ…

မင်းနဲ့ကိုကြား မထင်မှတ်ဘဲ ဝေးကွာခဲ့ရတယ်နော်.

ကို့ကို မင်းချစ်သလို မင်းကိုလည်း ကိုချစ်တာ မင်းသိပါတယ်.

ဒါပေမယ့် ကလေးရယ်.
ဘ၀ဆိုတာ အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့ရတာမှ မဟုတ်တာ.
တကယ်တော့လည်း ကိုနဲ့မင်းကြားမှာ ဒါတွေကို အတန်တန်ဆွေးနွေးခဲ့ပြီးပါပြီ.
မင်း ကို့ကို နားမလည်နိုင်တာကိုပဲ ကို စိတ်ပျက်မိတာ.

ချစ်ခဲ့ကြတဲ့ သက်တမ်းလည်း မနည်းတော့ပြီပဲ.
ကို မင်းကို စချစ်ခဲ့ကတည်းက မင်းလိုချင်တာမှန်သမျှ အရာရာလိုက်လျောပေးခဲ့တာပဲ.
ကိုက မင်းထက်လည်း ကြီးတော့ မင်းဆိုးသမျှဒဏ် ကိုခံရလည်း ခွင့်လွှတ်နားလည်စိတ်နဲ့ ချစ်နေခဲ့တာပါ ကလေးရယ်.
တစ်ခါတစ်လေတော့လည်း မင်းရဲ့ မသိတတ်မှုလေးတွေကြောင့် ကိုအရှက်ရတယ်၊ စိတ်ပျက်ရတယ်.

ကြည့်လေ. ဟိုတစ်နေ့ကပဲ ကို့ရဲ့ အမျိုးသမီးမိတ်ဆွေရှေ့မှာ ထေ့သလို ငေါ့သလို စကားတွေပြောသွားတာရယ်၊ စိတ်ကောက်ပြီး ဆူဆောင့်လို့ ထွက်သွားတာရယ်ကြောင့် ကို့မှာ မျက်နှာပူလိုက်ရတာ.

တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ ကိုဘယ်လောက်ပဲ ရှင်းပြ ရှင်းပြ မင်းကို့ကို နားမလည်နိုင်ခဲ့ဘူး..

ချစ်တာတော့ ချစ်တာပေါ့ ကလေးရယ်.

ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကို သိတတ်ရမယ်လေ. လူဆိုတာ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးဆိုတာလည်း ရှိသေးတာကိုး.

အရင်ကဆို ကို့သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လည်လည်ပတ်ပတ် ရှိခဲ့တယ်. လက်ဖက်ရည်ဆိုင် အတူထိုင်လားထိုင်ရဲ့၊ ရုပ်ရှင်သွားကြည့်လား သွားရဲ့၊ ခရီးတွေထွက်ဖြစ်လား ထွက်ရဲ့နဲ့ ပျော်စရာအတိပါပဲ.

ကလေး ကို့ဘ၀ထဲကို ၀င်လာကတည်းက ကိုလည်း ကို့သူငယ်ချင်းတွေနဲ့ သိပ်မတွေ့ဖြစ်တော့ဘူး. အရင်လိုလည်း ရင်းရင်းနှီးနှီး မနေဖြစ်တော့ဘူး.

သူငယ်ချင်းတွေကတောင် ကို့ကို ပြောကုန်ကြပြီ.

“မင်းက ဆော် တစ်. ဘော် နှစ် ဖြစ်သွားပါပြီကွာ” တဲ့..

ဘော်ဒါတွေကို ဘယ်လိုမှ ရှင်းပြလို့မရတော့ဘူး. ကိုရှင်းပြမယ်ကြံတိုင်း သူတို့က ကို့ကို ပြုံးပြီးတော့ပဲ ပြန်ကြည့်နေတော့ ကိုလည်း ဘာမှ ဆက်မပြောချင်တော့ဘူး.

ကိုနဲ့ကလေးနဲ့ အမြဲလိုလိုတွေ့နေရတာပဲကွာ. ဘာလို့ ကို့ကို ကိုယ်ပိုင်အချိန်လေးနည်းနည်းလေးတောင် မပေးချင်ရတာလဲ.

အဲလိုချုပ်ချယ်တာတွေကို အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုပြုံပြီး ထည့်ထားလို့မှ မရနိုင်တာပဲ.

ထိန်းချုပ်ထားခဲ့ရတာတွေ များလာတော့ ကိုလည်း မခံနိုင်တော့ဘူး..

ရေရှည်မှာ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ထားရမယ့်သူကို ကလေးကိုပဲ ဖြစ်စေချင်တာပေါ့.

ဒါပေမယ့် ကလေးရယ်..

နားလည်နိုင်စွမ်းမရှိတဲ့၊ ဇွတ်တရွတ်နိုင်လှတဲ့ မင်းရဲ့ အပြုအမူ၊ စိတ်နေစိတ်ထားတွေကြောင့် ကို မင်းကို ကို့ရဲ့ ဇနီးမယားကောင်းတစ်ယောက်အဖြစ် မရွေးချယ်နိုင်တော့တာ ကို့ကို ခွင့်လွှတ်ပါ.

ကိုလည်း ခံစားရပါတယ်.

ကလေးဖက်က ဘယ်လိုမှကို မပြောင်းလဲတဲ့ အပြင် ပိုပိုဆိုးလာတော့ ရေရှည်ကိုကြည့်ပြီး အခုလို ဆုံးဖြတ်လိုက်ရတာပါ.

ကိုလည်း မကြာခင် ပညာတော်သင်သွားရတော့မယ်. ဘယ်တော့ပြန်လာဖြစ်မယ် ဆိုတာ မသိသေးဘူး. ဒီတော့ ကလေးကို ကြိုးရှည်ရှည်နဲ့ လှန်မထားခဲ့ချင်ဘူး.

ကလေးထက် ပိုချစ်ရမယ့်သူ တွေ့နေလို့တော့ မထင်ပါနဲ့နော်.

ကို့မှာ ကလေးအပြင် ပိုချစ်ရမယ့်သူ မရှိသေးပါဘူး. ကလေးကို ချစ်ပါတယ်. ချစ်လို့လည်း ခုလို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ရတာပါ.

ငိုပါကလေးရယ်. ကို့ကို ထုပစ်၊ ရိုက်ပစ်လိုက်စမ်းပါ.

အချိန်ဆိုတာ သမားတော်ပဲလေ. အချိန်တန်တော့လည်း ကိုတို့တွေ ဝေဒနာတွေ ရင့်ကျက်ပြီး ဘ၀ခရီးလမ်းကို ကိုယ်စီကိုယ်ငှ ဆက်လျှောက်ကြရဦးမှာပဲ.

ကလေးနဲ့ကိုနဲ့ လက်တွဲဖို့ မဖြစ်နိုင်တော့ပေမယ့် ကိုဟာ ကလေးရဲ့ မိတ်ဆွေကောင်းအဖြစ် အမြဲရှိနေမှာပါ.

ပျော်ရွှင်ချမ်းမြေ့ပါစေနော် ကလေး…

လေယာဉ်ပေါ်ကနေ မြင်နေရတဲ့ တိမ်စိုင်ထုကြီးတွေကို ကြည့်ရင်း ကို သစ္စာဆိုခဲ့ပါတယ်.

ကို မင်းကို သိပ်ချစ်ခဲ့ဖူးပါတယ် ကလေးရယ်…

မင်းကို ကို့ထက် ပိုပြီး လိုက်လျော အနစ်နာခံတတ်၊ ဘ၀ရည်မှန်းချက်ထက် မိသားစုဘ၀ကို ပိုပြီး အလေးထားတတ်တဲ့ ယောင်္ကျားကောင်း ယောင်္ကျားမြတ်နဲ့ ပေါင်းဖက်ခွင့် ရပါစေလို့ ကို အမြဲဆုတောင်းပေးနေမယ်နော်.

ပျော်ရွှင်ချမ်းမြေ့ပါစေ ကလေးရယ်..

ကို မင်းကို သိပ်ချစ်ခဲ့ဖူးပါတယ်…






ဗျာ..

မ…

တကယ်ပြောနေတာလားဟင်

နောက်နေတာလို့ ပြောလိုက်စမ်းပါ မ ရယ်.

နော်. ကျေးဇူးပြုပြီး နောက်နေတာပါလို့ ပြောပါ မရယ်..

ဘာလဲဗျာ…

ဘယ်လိုလုပ်လိုက်တာလဲ..

ကျွန်တော် မ ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မသိဘူးလား.
သိလျက်နဲ့ တမင် ချိုးတာလား မ ရယ်.
ရက်စက်လိုက်တာ.

မင်းနဲ့ငါ ရေရှည်မှာ မဖြစ်နိုင်ပါဘူးကွာတဲ့
ဒီစကားတစ်ခွန်းတည်းနဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းတရားတွေအကုန်လုံး ရေစုန်မျှောပစ်လိုက်လို့ရလားဟင် မ.
ဖြေပါဦး မရယ်..

ကျွန်တော် မ အပေါ်ကို ဘာတွေ မကောင်းတာ ရှိခဲ့ဖူးလို့လဲ.
မ နဲ့ ကျွန်တော်ကြားမှာ အားလုံး အဆင်ပြေပါတယ်. ယောင်္ကျားလေးကိစ္စ မပတ်သက်လာသရွေ့ပေါ့.

ဟုတ်တယ်ဗျာ. မ ကို ကျွန်တော် စိတ်မချဘူး.
မ ကို လိုက်နေတဲ့ လူတွေ အများကြီးထဲကမှ ကျွန်တော် မ ရဲ့ အချစ်ကို ရှားရှားပါးပါး ပိုင်ဆိုင်ခွင့်ရထားရတာ.

ကျွန်တော် မ ကို သိပ်ချစ်တယ်. တန်ဖိုးထားတယ်. မြတ်နိုးတယ်.
မ ဖြစ်ချင်တာမှန်သမျှ လိုက်လျောဖို့ အသင့်ပဲ.
ဒါပေမယ့် ယောင်္ကျားလေးတွေနဲ့ ပတ်သက်လာရင်တော့ မရဘူး. ကျွန်တော် မ ကို စိတ်မချဘူး
ဟိုတစ်နေ့ကဆိုရင်ပဲ ကြည့်လေ.
မ ရဲ့ ရုံးက အထက်လူကြီးဆိုတဲ့ အဲဒီ့လူကို နည်းနည်းမှ ကြည့်မရဘူး.
မ ကိုကြည့်တဲ့ မျက်လုံးတွေကို ကျွန်တော်သိတယ်.

ယောင်္ကျားလေးတွေအကြောင်း ယောင်္ကျားလေးတွေပဲ အသိဆုံးပါဗျာ.
သူဘယ်လောက်ပဲ ရိုးသားပါတယ်. လူကြီးလူကောင်းဆန်ပါတယ်လို့ ပြောပြော မ ဘေးနားမှာ ကျွန်တော်တစ်ယောက်လုံး ရှိနေတာကိုတောင် အရေးမလုပ်ဘဲ မကို စိုက်ကြည့်ပြီး တဟဲဟဲနဲ့ သွားဖြဲနေတာ တစ်စက်ကလေးမှ ကြည့်လို့ကိုမရဘူး.

မ ကို အတန်တန် သတိပေးခဲ့ဖူးပါတယ်. ကျွန်တော် အဲဒီ့လူကြီးကို မကြိုက်ဘူးလို့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ဖူးတယ်.
မ ကလည်း မမိုက်ပါဘူးဗျာ. ကျွန်တော့်ကိုကျတော့ လူမှုရေးနားမလည်ဘူးလေး ဘာလေး ညာလေးနဲ့. သူ့လူကြီးကိုပဲ အကောင်းပြောတယ်.

မိတ်ဆွေဆိုလည်း မိတ်ဆွေလိုနေပေါ့. ဘာလဲဗျာ.
ခုတော့ ပြောတဲ့ ကျွန်တော်ပဲ အလွန်ဖြစ်ရတယ်.
ကြာကြာနေရင် သူ့ကို ဆွဲထိုးမိမှာစိုးလို့ ကျွန်တော် ထထွက်သွားတာ.
ရိုင်းချင်လည်းရိုင်းသွားမှာပေါ့. မသိဘူးဗျာ…

နောက်တစ်နေ့ မ နဲ့ ကျွန်တော်ပြန်တွေ့တော့ မ ကျွန်တော့်ကို အရမ်းဆူတယ်နော်.
ဘယ်လောက်ထိ မျက်နှာပျက်ရတဲ့ အကြောင်း၊ ကျွန်တော်အလိုက်ကန်းဆိုး မသိတတ်တဲ့အကြောင်း တဗျစ်တောက်တောက်ပြောရင်း ဆူတယ်.

ဝမ်းနည်းလိုက်တာ မရယ်.

ကျွန်တော့်ကို ဆူနေတဲ့ မ ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ ငိုနေခဲ့ရတယ်ဆိုတာ မ ဘယ်တုန်းကမှ မသိခဲ့ပါဘူး. သိဖို့လည်း ကြိုးစားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိနေပါတယ်.

ကျွန်တော့် သိက္ခာတွေ၊ ယဉ်ကျေးသိမ်မွေ့မှုတွေကို သ၀န်တိုစိတ်က အနိုင်ယူသွားလို့ပါ မ ရယ်လို့ ပြောလိုက်ချင်ပေမယ့်လည်း ပြောမထွက်တော့ပါဘူး.

ရင်ထဲမှာ အလုံးကြီးတစ်နေသလို ခံစားရတယ်.
တစ်ချိန်က ကျွန်တော့်ကို အမြဲ အလိုလိုက်တတ်တဲ့ မ အခုတလော ကျွန်တော့်ကို ဆူတယ်၊ ငေါက်တယ်၊ စိတ်ပျက်တဲ့ အမူအရာတွေပြတယ်နော်.

နောက်ဆိုရင် မ ဘာပဲ လုပ်လုပ် ကျွန်တော်မတားတော့ပါဘူး.
မ ရဲ့ သူငယ်ချင်းတွေနဲ့ ဒီတစ်ပတ် ရုပ်ရှင်ကြည့်မယ်၊ ယုဇနပလာဇာသွားမယ်ဆိုတော့ ကျွန်တော့်ကို လိုက်ခဲ့ပါလားလို့ မေးဖော်မရတဲ့ မ ကို ကျွန်တော်ငေးကြည့်ရင်း ငိုချင်သလိုလို ဖြစ်လာလို့ ကြိုးစားထိန်းချုပ်ရင်း ချောင်းတွေတောင် သီးလာခဲ့ရတယ်.

မ သူငယ်ချင်းတွေက မ ကို ဘာတွေ ပြောလဲတော့ ကျွန်တော်မသိဘူး. ဒါပေမယ့် ကျွန်တော်နဲ့တွေ့ရင် မ စိတ်ပျက်တဲ့စကားတွေ ပြောတယ်နော်.

မ ရယ်. ကျွန်တော်နဲ့ မနဲ့ တွေ့ရတဲ့ အချိန်တွေ နည်းလွန်းလို့ပါ. မကြာခင်ဆို မ ပညာတော်သင် သွားရတော့မှာ. ကျွန်တော်နဲ့ မ နဲ့ အကြာကြီး ခွဲနေရတော့မှာ.

တွေ့ခွင့်ရတဲ့ အချိန်လေးတွေမှာ မ နားမှာ ကျွန်တော် အမြဲရှိနေချင်တာ ကျွန်တော့်အပြစ်လား မရယ်…

ခုတော့ မသွားခင်လေး ကျွန်တော့်ကို အသည်းခွဲသွားခဲ့တယ်.

“ချစ်သူအနေနဲ့ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်. ဘ၀လက်တွဲဖော်အနေနဲ့တော့ မဆုံးဖြတ်ရဲဘူး” တဲ့.

ဘယ်လိုခံစားချက်တွေနဲ့ ဘယ်လိုပြောလိုက်တာလဲ မ ရယ်.

နောက်နေတာလားလို့ ပြန်ကြည့်မိတော့ မ ပုံစံက တကယ့်ကို လေးနက် တည်ငြိမ်နေခဲ့တယ်.

ကျွန်တော်တောင်းပန်တဲ့ စကားတွေ မ ရဲ့ ခေါင်းတစ်ချက် အယမ်းမှာ လေထဲ လွင့်ဝဲလို့ ကွယ်ပျောက်သွားခဲ့ရပြီနော်.

မ ရယ်…

ကျွန်တော် သိပ်ချစ်ပါတယ်.

ကျွန်တော် မ ကို သိပ်ချစ်ပါတယ်.

လေယာဉ်ကွင်းထဲအ၀င် ကျွန်တော့်လက်ထဲ ထိုးထည့်ပေးလိုက်တဲ့ စာလေးတစ်စောင်ရယ်၊ “ပျော်ရွှင်အောင်မြင်ပါစေနော်” လို့ ခပ်တိုးတိုး ဆုတောင်းပေးသွားတဲ့ အသံလေးရယ်နဲ့
ကျွန်တော်တစ်ယောက် လောကကြီးနဲ့ အဆက်အသွယ်ပြတ်ခဲ့ရတယ်.

လေယာဉ်ကွင်းထဲကနေ ကောင်းကင်ယံထဲ ထိုးတက်သွားတဲ့ မိုးခြိမ်းသံကြားမှာ ကျွန်တော် ယိုင်လဲသွားခဲ့ရတယ်.

ဘေးက သူငယ်ချင်းက ပုခုံးစွန်းကို ထိန်းကိုင်လို့ “သွားကြရအောင် သူငယ်ချင်း” လို့ ပြောလိုက်ခါမှ ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်ထားတဲ့ ၀ရန်တာလက်တန်းကို လက်လွှတ်လို့ ကြောင်တောင်တောင်နဲ့ ပြန်လာခဲ့ရတယ်.

လေယာဉ်ကွင်းထဲကအထွက် ကားပေါ်ကနေ နောက်ပြန်လှည့်ကြည့်ရင်း မ လိုက်ပါသွားတဲ့ လေယာဉ်ပျံကြီးကို မြင်လိုမြင်ငြားေ၀၀ါးနေတဲ့ မျက်ဝန်းအစုံက လိုက်ရှာနေမိသေးတယ်.

သိပ်ချစ်တယ် မ ရယ်.

သိပ်ချစ်တယ်.

ကျွန်တော့်ထက်မပိုရင်တောင်မှ ကျွန်တော့်အောက် မလျော့တဲ့ ချစ်ခြင်းမေတ္တာတရားတွေ ပေးစွမ်းနိုင်တဲ့ ဘ၀လက်တွဲဖော်ကို မ ရှာတွေ့နိုင်ပါစေလို့ ကျွန်တော် ရင်နာနာနဲ့ပဲ ဆုတောင်းပေးလိုက်တယ်နော် မ.

တစ်သက်လုံးလွမ်းနေမှာပါ မ ရယ်…

<သျှင်နေမင်း>

နေရီရီအလွမ်းများ...



လွမ်းတော့ လွမ်းတာပေါ့
ဒါပေမယ့် မလွမ်းဘူးလို့ အားတင်းခဲ့ရတဲ့
မိုးလင်းညတွေ များပါပြီ ချစ်သူ..

အချစ်ဆိုတဲ့ အရာ
စွန့်လွှတ်တာပဲဖြစ်ဖြစ်
ပေးဆပ်တာပဲဖြစ်ဖြစ်
ရယူသည်ပဲဖြစ်ဖြစ်
ပိုင်ဆိုင်သည်ပဲဖြစ်ဖြစ်
ချစ်မိမှတော့
လွမ်းတတ်ပြီပေါ့လေ…

ဘယ်လောက်လွမ်းလဲ
ဘယ်သူကပိုလွမ်းတတ်လဲ
အလွမ်းပြိုင်ပွဲ နွှဲနေတာတော့မဟုတ်
လုပ်ဇာတ်ခင်းလို့ လွမ်းပြနေရင်တောင်
ကိုယ့်မျက်ရည်မှာ ပရုတ်ဆီနံ့သင်းမနေဘူး..

ကလီကမာ တီတီတာတာနဲ့
သနားပါ၊ ပြန်ချစ်ပါ၊
မချစ်ရင် အရက်တွေသောက်လို့
လမ်းလယ်ခေါင်မှာ မှောက်နေပစ်လိုက်မယ်.
ရောက်တတ်ရာရာသွား
တစ်နေကုန်ထိုင်စိတ်ညစ်လို့
ဖြစ်ချင်ရာဖြစ်
သတ်သေပစ်လိုက်မယ်.
ဘလာ ဘလာ ဘလာ တွေနဲ့လည်း
မင်းရဲ့ အချစ်ကို မရယူလိုပါ…
ချောင်ပိတ်အနိုင်ယူပြီးတော့လည်း
ကိုယ်လိုရာကို ရအောင်မတောင်းယူတတ်ပါ..
ဒါ မင်း အသိ…



အဟုတ်ကြီးချစ်တာပါ
တကယ်ကြီးချစ်တာပါ
ယုံအောင်ဘယ်လိုပြရမလဲ
ဟော..ကျိန်ပြ
ရောလိမ်ချတဲ့စကားတွေနဲ့
နောက်ဆုံးမှာတော့
အိမ်ဝက ကန်ချခံခဲ့ရတဲ့
မေတ္တာတု မေတ္တာယောင်တွေကို
မင်းလည်းမုန်း
ငါလည်းမုန်းတယ်.
ဒါလည်း မင်းအသိ…

ကိုယ့်မေတ္တာ
ကိုယ့်သစ္စာ
ကိုယ့်အချစ်ကမ္ဘာမှာ
မာယာနတ္ထိ ပကတိ ချစ်ခြင်းတရားတွေနဲ့သာ
ထုံမွှမ်းထားခဲ့တာပါ
ယုံတမ်းစကားပြောနေတယ်တော့ မထင်နဲ့နော်.
မင်းနဲ့ကိုယ်ကြား
ချစ်ခြင်းကလွဲလို့
ဘာမှ မျှော်လင့်ပိုင်ခွင့်မရှိ
ဒါလည်း မင်းအသိ…

မင်း. သူ့ကို
မလွမ်းရဘူး
မချစ်ရဘူး
မလွမ်းသင့်ဘူး
မချစ်သင့်ဘူး
မဖြစ်သင့်ဘူး
မဖြစ်ရဘူး…


.

ဆင်ခြင်တုံတရားတွေ အားလျှော့စိတ်ပျက်လို့
ဆုံးမစာတွေလည်း ချောင်တစ်ချောင်မှာ အိပ်စက်ကုန်ကြပြီကွယ်
မှုန်ရီနေတဲ့ ဒီညနေခင်းတွေရောက်ရင်
ငါမင်းကို လွမ်းနေတတ်ဆဲပဲ..
လသာညမှာ တက်လာတဲ့ ဒီရေအလား
မင်းကိုချစ်မြတ်နိုးတဲ့စိတ်တွေ
ဟော့ဒီ့ရင်ဘတ်ကြီးထဲကနေ
တဖွားဖွားထွက်ပေါ်နေဆဲပါပဲ…
တစ်ခါတစ်လေတော့လည်း
ဟောဒီ့ စည်းမျဉ်းတွေ၊ ဂျန်းတဲလ်မန်းန်ရူးလ်တွေကို
လမ်းမပေါ်ပစ်ဖောက်
စိတ်ပေါက်ပေါက်နဲ့ မင်းနောက်လိုက်လာခဲ့ချင်တယ်.

မှောက်ထားတဲ့ ဖန်ခွက်တစ်ခွက်ထဲ
အားခဲလို့ ရေလောင်းထည့်သလို
ကိုယ့်အချစ်တွေ
ပစ်ပယ်ခံရလို့ အချည်းနှီးဖြစ်ခဲ့လည်း
စီးဆင်းနေဆဲ မေတ္တာရေစက်
ဘယ်တော့မှ မပြတ်စေရပါဘူး…

ဘယ်သူတွေက ဘာပြောပြော
မင်းအနားမှာ ကိုယ်ရှိမယ်
မင်းနဲ့အတူ ခံယူချက်တွေ မျှဝေမယ်
မင်းကိုချစ်တဲ့သူတွေ စွန့်ခွာလို့ အဝေး
ထွက်ပြေးသွားခဲ့ရင်တောင်
မင်းဘ၀လေး မမှောင်သွားစေဖို့
အလင်းရောင်တစ်ခု ငါဖြစ်နေခဲ့ချင်တယ်.
အို..
ငါ မင်းကို သိပ်ချစ်တယ်…

နေခြည် အလင်းတန်းတွေရုပ်သိမ်းလို့
နေတစ်ဝက်လတစ်ဝက်
ရောင်ခြည်သွယ်တွေ ဖြာယှက်နေတဲ့
ဒီိဆည်းဆာညနေမှာ
မင်းကိုရှိစေချင်လိုက်တာ…
ရိုးရိုးလေးပဲ ပြောတော့မယ်ချစ်သူ..
ဒီလိုညနေခင်းတွေဆို
ငါ မင်းကို သိပ်လွမ်းတယ်…



(ရေခဲငှက်)

ရည်းစားငုတ်တုတ်နဲ့ အဘိုးကြီးအိုအို... :)






Wednesday, August 06, 2008

ချစ်သူသိပါစေ...

“ကားရပ်ပေးပါနော် မ. ကျွန်တော်ပေးစရာလေး တစ်ခုရှိလို့.”

သူ အတတ်နိုင်ဆုံး တိုးလျှိုးတောင်းပန်ရင်း ပြောခဲ့ပါသည်။ သို့သော် “မ” က သူ့ဆိုလျှင် ခါးသည်းလွန်းလှသည်။ ဘယ်တော့မှ အကောင်းမမြင်တတ်.

“ဘာတွေလာပြောနေတာလဲကွာ. နောက်မှပြောတော့. အခုအချိန်မရှိတော့ဘူး”

“ခဏလေးပါ မရယ်နော်. ခဏလေးပါ. ပေးပြီး ပြန်သွားမှာပါ.”

ကားအရှိန်ကို ထိန်းပြီး လိုက်မောင်းနေရင်း သူမဆီ ဖုန်းဆက်ပြောနေရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသလို အန္တရယ်လည်း များလွန်းလှသည်။ မတော်တဆ လမ်းပြပုလိပ်တွေ့လျှင် အဖမ်းခံချင်ခံရ၊ ဒဏ်ငွေရိုက်ခံချင်လည်း ခံသွားရနိုင်သည်။ သို့မဟုတ် အာရုံများလွန်း၍ ခြေချော်လက်ချော်ဖြစ်ပြီး ယာဉ်တိုက်မှုပင် ဖြစ်သွားနိုင်လောက်သည်။

ဒါကို သူမ မသိ. ကိုယ်ချင်းလည်းမစာ.

“မရပ်နိုင်ဘူးဟေ့. လမ်းလယ်ခေါင်ကြီးမှာ. မရပ်ဘူး. သိပြီလား”

သူ့စိတ်ထဲထောင်းခနဲ ဖြစ်သွားခဲ့သည်။ သည်းခံနိုင်စွမ်းက ဟိုဖက်ကိုလွန်သွားခဲ့လေပြီ. သူမကို ချစ်လွန်း၍သာ ဂျန်းတဲလ်မင်းပီသစွာ၊ ပညာတတ်ပီသစွာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေခဲ့ခြင်းဖြစ်သည်။

ယခုလည်းကြည့်လေ. သူကြိုးစားသီဆိုထားခဲ့သည့် သီချင်းခွေလေးတစ်ခု၊ အထူးသဖြင့် သူမအတွက် ရည်ရွယ်ပြီး သီဆိုထားသည့် သီချင်းလေးတစ်ပုဒ်ကို သူမမွေးနေ့အတွက် လက်ဆောင်အဖြစ်ပေးရန် ကြိုးစားခြင်းကို ကိုယ်ချင်းမစာဘဲ ခါးခါးသည်းသည်း ငြင်းသည်။

စတီယာရင်ပေါ်ကိုင်ထားသော လက်ချောင်းတို့ ချွေးစေးများဖြင့် ရုတ်ချည်းအေးစက်သွားခဲ့ကြသည်။ လီဗာပေါ်တင်ထားသော ခြေထောက်တို့ ကြမ်းပြင်နှင့်ပိုနီးစပ်သွားသလို ခံစားလိုက်ရသည်။

“၀ရော… ၀ရူး… ကျွီ”

ကဲ. ဖြစ်ချင်ရာဖြစ်. သူမကားကို ကျော်တက်ပြီး ပိတ်ရပ်လိုက်သည်။

ကားတံခါးကို ဆောင့်ဖွင့်ပြီး သူမရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်လာခဲ့လိုက်သည်။

သူ့ကို စိုက်ကြည့်နေသော သူမမျက်ဝန်းများကို ဒီတစ်ခါတော့ လွှဲဖယ်ပစ်ရန် မကြိုးစားတော့ဘဲ ပြန်စိုက်ကြည့်ပစ်လိုက်သည်။

သူမကားပြတင်းပေါက်ပေါ် လက်တင်၍ စီဒီခွေကို သူမထံသို့ လှမ်းပေးလိုက်သည်။ သူမကိုကြည့်နေသော သူ့အကြည့်တို့ အနည်းငယ် ရိုင်းစိုင်းလွန်းသွားသည်လားတော့မသိ။ သူမ မျက်လွှာချသွားခဲ့သည်။ သူပေးသော စီဒီခွေကို လှမ်းယူလိုက်သည်။

စိတ်ထဲတွင် ကျိတ်၍၀မ်းသာသွားသော်လည်း မေးကြောများထောင်အောင် တမင် အံကြိတ်လျက် ကားရှိရာဖက်ဆီ လမ်းပြန်လျှောက်လာခဲ့သည်။

ကားတံခါးကို ဂျိုင်းခနဲမြည်အောင်ပိတ်၊ ဂီယာထိုးပြီး လီဗာကိုဆောင့်နင်းလျက် သူမရှေ့မှ ထွက်ခွာလာခဲ့ချိန်မှာတော့ သူတစ်ခုပဲ သတိထားမိခဲ့သည်။

သူ ရင်တွေ တဆတ်ဆတ် ခုန်နေခဲ့ပါသည်။

(ကျန်တာ ဘာဆက်ဖြစ်မလဲ ဆက်သာကြည့်ကြပေတော့ဗျာ... ဟတ်ဟတ်ဟတ်.)



ရေထဲနစ်သူမှာ ဆက်ပြီး အသက်ရှင်စရာ
လေကိုသာ ရှိုက်သွင်းဖို့
ဆာလောင်လိုအပ်သလိုမျိုး
ငါ့ဘ၀အသိစိတ်တစ်ခုလုံး
မင်းအချစ်ငတ်မွတ်နေလို့
ခုထက်ထိငါ…

စားဖို့မရှိတော့လို့ ခိုးဝှက်ရသူလို
မင်းကိုလေငါချစ်ခဲ့
ထိန်းချုပ်မရဘူးကွယ်
မျက်စိကန်းတဲ့လူတစ်ယောက်
ကမ္ဘာတစ်ပတ်လမ်းလျှောက်ခိုင်းသလို
ဒုက္ခတွေရောက်….

မင်းမှမင်းပဲ….
မင်းမှမင်းပဲ…
မင်း.. တစ်ယောက်တည်း…
မင်းမှမင်းပဲ…
မင်းမှမင်းပဲ..
မင်း တစ်ယောက်တည်း မင်းပဲ…

မင်းစိတ်နဲ့ခန္ဓာ အရူးမီးဝိုင်းသလိုငါ
လိုချင်တယ်တောင်းဆု ဆန္ဒတွေပြု
မင်းကလွဲပြီးရင်အခု
ဘာမှလည်းမရချင်ဘူး မရချင်ဘူး…


ရော်ရွက်ဝါနှင့် ဖူးငုံသစ်



ရွက်ဝါရေ…
နေပါဦးလား…
မင်းရှိနေခဲ့တဲ့ အခိုက်အတန့်တဒင်္ဂမှာ
မင်းကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ သစ်ပင်ကို
အလှဆင်ခဲ့တယ်နော်.
မင်းလို သစ်ရွက်ငယ်လေးတွေ စုပေါင်းလို့လည်း
အရိပ်အာဝါသကောင်းတစ်ခုကို
ညီတူညီမျှ တည်ဆောက်ခဲ့ကြဖူးတယ်.
နေပါဦးလား ရွက်ဝါရယ်.
ကမ္ဘာမြေကို အလှဆင်ပါဦး
ဟော. ဟိုးခပ်လှမ်းလှမ်းမှာ ပျံသန်းလာနေကြတဲ့
ကျေးငှက်သာရကာလေးတို့နဲ့အတူ
လေအဝှေ့မှာ မင့်ခန္ဒာကိုယ်လေးကို လှုပ်ခတ်လို့
ဂီတသံစဉ်ချိုချိုလေးတွေကို ဖန်တီးပါဦး
မင်းရှိနေခဲ့ဖူးတဲ့ တန်ဖိုးကို
မင်းမရှိတော့မှပဲ သိရအောင် မရက်စက်ပါနဲ့နော်.
ရွက်ဝါရေ..
နေပါဦးလား…
နေပါဦးလား ရွက်ဝါရယ်…

ရွက်နုရေ…
ဝေပါတော့လား
ကမ္ဘာမြေဟာ မွဲခြောက်တဲ့အရောင်တွေနဲ့ ချောင်းဆိုးနေခဲ့ပြီ
မင်းအလာကို စောင့်မျှော်နေတာလည်း ကြာပေါ့
ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေပြီတဲ့
စိတ်သစ်လူသစ်မွေးမည်တဲ့
ကြုံးဝါးသံတစ်ချို့ ငါကြားနေရတယ်.
မင်းအလာကို ကြိုလင့်နေကြရင်းနဲ့လေ.
ဆုံးဖြတ်ချက်တွေ၊ မျှော်မှန်းချက်တွေ ဘယ်လောက်ခိုင်မယ် ငါမသိ
ငါသိတာကတော့ မင်းဟာ
ရှင်သန်ထမြောက်ခြင်းရဲ့ တမန်တော်ဖြစ်တယ်.
ငါ့ရင်ထဲကဝေဒနာတွေ ကြွေပါစေတော့
ဆုံးရှုံးနိမ့်ကျခဲ့ခြင်းတွေကို မီးသဂြိုဟ်ပစ်လို့
ဘ၀ဆိုတဲ့ စစ်ပွဲကို နောက်တဖန်ငါပြန်တိုက်ဦးမယ်
မျှော်လင့်ချက်တွေ အကြိုထောက်နေတဲ့ဒီမနက်ခင်းမှာ
သာယာတဲ့ နေခြည်နုထွေးကို အဖော်ပြုလို့
မင်းအလာကို ငါစောင့်နေတယ်.
ရွက်နုရေ..
ဝေပါတော့လား…
ဝေပါတော့လား ရွက်နုရယ်…

(ရေခဲငှက်)

Printer Friendly ဘလော့ဂ်ပို့စ်လေးများ ဖန်တီးခြင်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကျွန်တော်လေးစားချစ်ခင်ရပါသော ဘလော့ဂ်မိတ်ဆွေ အပေါင်းအသင်းများနဲ့ စာဖတ်သူမိတ်ဆွေများအတွက် အင်မတန်မှ အသုံးဝင်မယ့် နည်းပညာလေးတစ်ခု မျှဝေချင်ပါတယ်.

ကျွန်တော်တို့ ဘလော့ဂ်ပို့စ်လေးတွေ ရေးကြတယ်၊ ဖတ်ကြတယ်၊ တစ်ချို့ပို့စ်လေးတွေကို ကြိုက်နှစ်သက်လို့ bookmark လုပ်ပြီး သိမ်းထားကြတယ်. ဟုတ်တယ်ဟုတ်.

တစ်ချို့ပို့စ်လေးတွေကိုကျတော့ သွားရင်းလာရင်း ဖတ်ဖို့ပဲ ဖြစ်ဖြစ်၊ တမင်သက်သက် အမှတ်တရ သိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် Print out လေး လုပ်ပြီး သိမ်းထားချင်မှာပေါ့.

ဟာ. ဒါများကွာ. File Menu>Print နှိပ် (or) Ctrl+P နှိပ်ပြီး Print ထည့်လိုက်. ပြီးတော့ သိမ်းထားလိုက်ပေါ့လို့ ပြောလိမ့်မယ်.

ရကောင်းရပါလိမ့်မယ်. မတူပါဘူး.

ဟုတ်မဟုတ်. အခုပဲ ကျွန်တော်ရေးနေတဲ့ ဒီပို့စ်လေးကို စမ်းပြီး ခင်ဗျားအခု သုံးနေတဲ့ Web Browser (IE or Firefox or Safari or Whatever) ကနေ Print Preview ကြည့်ကြည့်လိုက်ပါ. ခင်ဗျားအနေနဲ့ ဘာတွေ တွေ့လာရမယ်ထင်သလဲ.

ခင်ဗျား Print လုပ်ချင်တဲ့ ပို့စ်လေးတင်မကဘူး. တစ်ခြားသော မသက်ဆိုင်တဲ့ အရာတွေ (ဥပမာ- ဘလော့ဂ် Header တွေ၊ Sidebar တွေ၊ တစ်ခြားတစ်ခြားသော ပို့စ်နဲ့မသက်ဆိုင်တဲ့ element တွေကိုပါ) Print လုပ်မိပြီးသား ဖြစ်နေပါလိမ့်မယ်.

ဒီတော့ ဘာဖြစ်လဲ.

ပို့စ်သက်သက်လေး ဖတ်ချင်တာကို မလိုတာတွေအတွက်ပါ Print လုပ်နေရတာကြောင့် စာရွက်တွေ၊ မင်တွေကို ဖြုန်းတီးရာလည်းရောက်ပါတယ်. ပိုဆိုးတာက ကိုယ်ဖတ်ချင်သလို ပို့စ်လေးကလည်း သပ်သပ်ရပ်ရပ်လေး ထွက်မလာတော့ဘူးပေါ့ဗျာ.

ကဲ. ကျွန်တော်လည်း ရှင်းပြနေတာနဲ့ လေကြောတော်တော်ရှည်သွားပြီ. အရင်ဆုံး ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို Overview Idea ရစေချင်လို့ပါ.

ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်သလဲ.

မလိုတာတွေကို ဘေးဖယ်ပြီး ပို့စ်သက်သက်လေးပဲ Print လုပ်နိုင်အောင် လုပ်ရတော့မှာပေါ့. ဟုတ်တယ်ဟုတ်?

ကျွန်တော်တို့ ခုရေးနေတာက ဘလော့ဂ်ပို့စ်တွေပါ. ၀က်ဘ်ဆိုက်တွေလို Print Function ကို အလွယ်တကူ ထည့်သုံးလို့ မရပါဘူး. ဘလော့ဂ်မှာက သူ့ဥပဒေသနဲ့သူရှိပါတယ်. ဒါကိုပဲ ကျွန်တော်တို့က manipulate လုပ်ပြီး ကိုယ့်စိတ်ကြိုက် ပြုပြင်သုံးစွဲယူရမှာပါ.

ဒီ့အတွက် ကျွန်တော် သုံးနည်းလောက်တွေ့မိပါတယ်. အဲဒီ့ထဲကမှ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ အကောင်းမွန်ဆုံးနည်းလေးတစ်ခုကို ဝေမျှချင်ပါတယ်. ကျွန်တော်ဖတ်မိသမျှ Plugin လေးတွေထဲမှာ ဒီနည်းလမ်းလေးက သက်ဆိုင်ရာ ပို့စ်လေးတွေကိုသာ မကဘူး. ကော်မန့်လေးတွေကိုပါ Print လုပ်ပေးလို့ ဒါလေးကို ရွေးချယ်ပြီး ဆွေးနွေးဖြစ်တာပါ.

ကုဒ်ဒင်းထည့်ပေးရမယ့် အဆင့်နှစ်ဆင့်ပဲ လိုပါတယ်.

(၁) တန်းပလိတ်ထဲ ၀င်ပြင်မယ်. </head> Tag မတိုင်ခင်လေးမှာ ကုဒ်ဒင်းတစ်ချို့ ထည့်ပေးရမယ်.

(၂) သက်ဆိုင်ရာ ဘလော့ဂ်ပို့စ်လေးတွေမှာ Print Button လေးပေါ်အောင်လို့ နောက်ထပ် ကုဒ်ဒင်းလေးတွေ တန်းပလိတ်ထဲမှာပဲ ထည့်ပေးရမယ်.

ဒါပါပဲ.

အိုကေနော်. သီဝရီပိုင်းအရ ရှင်းသွားပြီ. ဒီလောက်နားလည်ရင် ကျွန်တော်တို့ ရှေ့ဆက်လို့ရပါပြီ. အဓိကက ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကိုယ်တိုင်အရင်နားလည်နေဖို့ပါပဲ.

ကဲ. ထုံးစံအတိုင်းပေါ့ဗျာ. တန်းပလိတ်ကို edit လုပ်ကြရအောင်.

အဆင့် (၁) CSS Style Code ထည့်ခြင်း

တန်းပလိတ်ကိုသွားပါ. ပြီးရင် Edit နှိပ်ပါ. </head> ဆိုတဲ့ tag လေးကို တွေ့အောင်ရှာပါ. တွေ့ပြီဆိုရင် အဲဒီ့အပေါ်ကပ်လျက်နေရာလေးမှာ ဒီကုဒ်ဒင်းလေးတွေကို ကူးထည့်ပေးလိုက်ပါခင်ဗျာ.

<style media='print' type='text/css'>
#header-wrapper, #header, .header, #sidebar-wrapper, .sidebar, #footer-wrapper, #footer, .date-header, .post-meta-data, .comment-link, .comment-footer, #blog-pager, #backlinks-container, #navbar-section, .subscribe_notice, .noprint {display: none;}
#main-wrapper {width: 95%; overflow: visible !important;}
</style>

အဆင့် (၂) Print Button Link ထည့်ခြင်း

ဒီလင့်ခ်လေးကို ထည့်ဖို့ တန်းပလိတ်ကို ပြန်သွားပါ. ပြီးရင် Expand Widget Tempate ဆိုတဲ့ Box လေးကို Check လုပ်ဖြစ်အောင် လုပ်လိုက်ပါ.

တန်းပလိတ်ထဲမှာ ဒါလေးကို တွေ့အောင်ရှာပါ.

<p><data:post.body/></p>

အဲဒီ့လိုင်းလေးရဲ့ နောက်မှာ ကပ်ပြီးတော့ အောက်ပါ စတိုင်လ်ငါးမျိုးထဲက မိမိကြိုက်နှစ်သက်ရာ စတိုင်လ်တစ်ခုခုရဲ့ ကုဒ်ဒင်းလေးတွေကို ကူးထည့်ပေးလိုက်ပါ. စတိုင်လ်သုံးမျိုးပေးထားပါတယ်. ကြိုက်ရာ စတိုင်လ်ကို ယူသုံးပါ. အထဲက စာလေးတွေကိုလည်း မိမိကြိုက်နှစ်သက်ရာ ပြောင်းလဲရေးသားနိုင်ပါတယ်.

ဥပမာ. ပုံနှိပ်ရန်၊ Print ထုတ်ရန်၊ ဘလာဘလာဘလာ ပေါ့.

အဲ. ဘလာဘလာဘလာတော့ တကယ်သွားမရေးနဲ့နော်. ဟတ်ဟတ်ဟတ်.

ကူးထည့်ပေးရမည့် ကုဒ်ဒင်းနှင့် အမှန်တကယ် မြင်ရမည့် ပုံများ

Style (1)

<b:if cond='data:blog.pageType == "item"'>
<a href='javascript:window.print()'>Print this post</a>
</b:if>

မြင်ရမည့်ပုံ


Print this post



Style (2)

<b:if cond='data:blog.pageType == "item"'>
<form> <input type="button" value="Print This Page" onClick="window.print()" /> </form>
</b:if>

မြင်ရမည့်ပုံ






Style (3)

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Print this post</a></span>
</b:if>

မြင်ရမည့်ပုံ


Print this post



Style (4)

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Printer Friendly</a></span>
</b:if>

မြင်ရမည့်ပုံ


Printer Friendly



Style (5)

<b:if cond='data:blog.pageType == "item"'>
<span style='background: left no-repeat; padding-left: 20px;'><a href='javascript:window.print()'><img alt='Print' height='25' src='http://bloggerbuster.com/images/print.gif' width='25'/></a></span>
</b:if>

မြင်ရမည့်ပုံ


Print




ဒါပါပဲခင်ဗျာ.

အားလုံးလုပ်ပြီးသွားလို့ မိမိဖာသာ မိမိ စမ်းသပ်ချင်တယ်ဆိုရင် ကိုယ် ပရင့်ထုတ်ချင်တဲ့ ပို့စ်လေးတစ်ခုခုရဲ့ ခေါင်းစဉ်ကို နှိပ်လိုက်ပါ. ပို့စ်တစ်ခုလုံး ပွင့်ကျလာပါလိမ့်မယ်. ပို့စ်ရဲ့ အောက်ဆုံးနားလေးလောက်ကို scroll down လုပ်သွားလိုက်ပါ. ပရင့်ထုတ်ဖို့ icon လေး (သို့) စာတမ်းလေးကို တွေ့တဲ့အခါကျမှ အဲဒါလေးကို နှိပ်ပြီး ပရင့်ထုတ်ကြည့်ပါ.

သက်ဆိုင်ရာ ပို့စ်လေးတွေမှာ ရှိနေတဲ့ ကော်မန့်လေးတွေကိုပါ ပရင့်ထုတ်ပေးသွားတာကို ၀မ်းသာဖွယ်ရာ တွေ့ရပါလိမ့်မယ်ခင်ဗျာ.

အားနည်းချက်လေးတွေလည်း ရှိပါသေးတယ်.

(၁) ပို့စ်ရဲ့ အပေါ်ဆုံးမှာ Printer Friendly Icon လေး ပေါ်နေအောင် လုပ်ထားရင် ပိုကောင်းနိုင်ပါတယ်.

(၂) ပို့စ်တစ်ခုကို ပရင့်ထုတ်ချင်ရင် အဲဒီ့ပို့စ်တစ်ခုလုံးပေါ်အောင် သူ့ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီးရွေးတာထက် ပရင်တာ သင်္ကေတလေး တွေ့တဲ့နေရာမှာပဲ နှိပ်ပြီး ပရင့်ထုတ်လို့ရရင် ပိုကောင်းသွားနိုင်ပါတယ်.

အဲဒီ့ feature လေးနှစ်ခုလုံး မရသေးပါဘူး. အဲဒါသူ့ရဲ့ အားနည်းချက်လေးတွေပဲ ဖြစ်ပါတယ်. နည်းနည်းပါးပါးလောက် ကလိကြည့်ရင်း အဆင်ပြေတဲ့တစ်နေ့ကျရင် ၀မ်းသာအားရ ဖောက်သည်လာချပါဦးမယ်ဗျာ.

ရှေ့လျှောက် မိမိနှစ်သက်ရာ ပို့စ်လေးများကို ကိုယ်တိုင်ကိုယ်ကျ ပရင့်ထုတ်ယူပြီး သိမ်းထားနိုင်ပြီ ဖြစ်သလို ဘလော့ဂါများအနေနဲ့ကလည်း စာဖတ်သူအတွက် အဆင်ပြေအောင် ဟောဒီ့ Printer Friendly Function လေးကို မိမိတို့ရဲ့ ဘလော့ဂ်လေးတွေမှာ ထည့်သွင်းပေးထားမယ်ဆိုရင် သိပ်ကို အဆင်ပြေပါလိမ့်မယ်.

ကျွန်တော် ဆွေးနွေးပေးသွားခဲ့တဲ့ စတိုင်လ် (၅) ခုအပြင် မိမိတို့ ကြိုက်နှစ်သက်ရာ ပုံလေးတွေ၊ စာလေးတွေနဲ့လည်း အစားထိုးပြီး ပြုပြင်ယူနိုင်ပါတယ်. စိတ်ကူးဥာဏ်ကြိုက်သလို ကွန့်မြူးနိုင်အောင် စတိုင်လ်အမျိုးမျိုး လုပ်ပေးထားတာလည်း ဖြစ်ပါတယ်.

ကဲ. ပို့စ်လေးကတော့ ဒီလောက်ပါပဲ. နောက်နောင် ပိုကောင်းတဲ့ ပြင်ဆင်ချက်လေးတွေ တွေ့ရှိခဲ့ရင် ပြန်လာပြီး update လုပ်ပေးပါဦးမယ်.

စာဖတ်သူမိတ်ဟောင်းမိတ်သစ်များ၊ ဘလော့ဂါများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေဗျား…

Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ရေးသားထားတာ ဖြစ်ပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်.

Monday, August 04, 2008

မလျှောက်ဖူးတဲ့လမ်း



အ၀ါရောင်တောအုပ်လေးတစ်ခုထဲမှာ
လမ်းသွယ်လေးနှစ်ခု ယှက်လို့ဖြာသွားခဲ့ကြတယ်
နှစ်လမ်းလုံးကို ငါသွားနိုင်မယ် မဟုတ်ခဲ့လေတော့
ခရီးသွားတစ်ယောက်အနေနဲ့ ဒီနေရာမှာ ခေတ္တရပ်
လမ်းရဲ့ တစ်ဖက် အဆုံးသတ်နေရာကို
ကြိုတင်လို့ မြင်နိုင်သမျှ အစွမ်းကုန်လှမ်းကြည့်မိခဲ့တယ်

လမ်းတစ်သွယ်ကို ငါရွေးချယ်ဖို့ ဆုံးဖြတ်ကြည့်လိုက်တယ်.
ပိုကောင်းတဲ့ မျှော်လင့်ချက်တွေ၊ ရလဒ်တွေ ရှိမယ်အထင်နဲ့ပေါ့.
ကြည့်ဦးလေ…
စိမ်းလန်းလှပတဲ့ မြက်ခင်းပြင်တွေ
လိုချင်မက်မောစရာ အသွင်အပြင်တွေနဲ့
အဲဒီ့လမ်းသွယ်ဟာ ဆွဲဆောင်နေခဲ့တာကိုး
ဒါပေမယ့် အဲဒီ့နေရာတွေကိုရောက်ဖို့ရဖို့
ပင်ပန်းဆင်းရဲမယ်၊ ခက်ခဲကြမ်းတမ်းမယ်ဆိုတာတော့
ငါသိနှင့်ပြီးသားပါ.
ရမယ့်အရာနဲ့ ပေးဆပ်ရမယ့်အရာ တူတူလောက်ပါပဲလေ.

မနက်ခင်းတစ်ခုမှာ ငါနိုးထလာ
လမ်းနှစ်သွယ်မှာ တစ်ခါပြန်ရပ်မိခဲ့တယ်.
ဟော…
ခုတော့ ခြေရာတွေဆိုတာ ဘယ်လမ်းဖက်မှာမှ မရှိတော့
သစ်ရွက်ခြောက်တွေအောက်မှာ ကွယ်ပျောက်လို့နေခဲ့ပေါ့.
အိုး.
မနေ့က လမ်းကိုပဲ ဒီနေ့ ငါရွေးထားတုန်း
ဘယ်ရောက်မယ်ဆိုတာ မသိသေးတဲ့ ဒီလမ်းအဆုံးမှာ
ငါပြန်လာနိုင်ဖို့ အခွင့်အရေး ရှိဦးမလား မသေချာ..

တကယ်ပါ.
ရွေးချယ်ခြင်းဆိုတာ ငါ့အတွက်တော့ စိတ်မသက်မသာစရာ
ဆုံးဖြတ်ရမယ့် နေရာတစ်ချို့မှာ
အချိန်အကြာကြီးတောင် ယူမိမယ်ထင်ပါရဲ့.
လမ်းသွယ်လေးနှစ်ခု တောအုပ်လေးတစ်ခုထဲမှာ
ယှက်လို့ဖြာထွက်သွားခဲ့ကြတယ်.
လူသူသိပ်မသွားတဲ့လမ်းလေးတစ်ခုကို ငါရွေးချယ်ခဲ့ပေါ့ အပြီးတိုင်
ကွဲပြားခြားနားတဲ့ အတွေးအခေါ်သစ်တွေနဲ့အတူ ငါ မယိမ်းမယိုင်…

(ရေခဲငှက်)

Robert Frost ရဲ့ ဒီကဗျာလေးကို ခံစားပြီး ဘာသာပြန်ကြည့်တာပါ.

The Road Not Taken

TWO roads diverged in a yellow wood,
And sorry I could not travel both
And be one traveler, long I stood
And looked down one as far as I could
To where it bent in the undergrowth;

Then took the other, as just as fair,
And having perhaps the better claim,
Because it was grassy and wanted wear;
Though as for that the passing there
Had worn them really about the same,

And both that morning equally lay
In leaves no step had trodden black.
Oh, I kept the first for another day!
Yet knowing how way leads on to way,
I doubted if I should ever come back.

I shall be telling this with a sigh
Somewhere ages and ages hence:
Two roads diverged in a wood, and I—
I took the one less traveled by,
And that has made all the difference.

Saturday, August 02, 2008

မရေရာဘူး.

ဒီတစ်ပတ်တော့ အဓိပ္ပါယ် ရှိလှတဲ့ သီချင်းလေးတစ်ပုဒ်ကို ခံစားကြည့်မိတယ်ဗျာ. သိမ်မွေ့လှပတဲ့ စကားလုံးလေးတွေရဲ့ ဆိုလိုရင်းကို နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်.