Saturday, October 28, 2017

အမေရိကားမှာ ကျောင်းတက်မယ်ဆိုရင် (၁)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

မြန်မာပြည်က အထက်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကားမှာ တက္ကသိုလ်တက်ရောက်ချင်တယ်ဆိုရင် ဘယ်လိုမျိုးတွေ ပြင်ဆင်ထားသင့်တယ်၊ ဘာအချက်အလက်တွေ သိထားသင့်တယ် ဆိုတာကို အခန်းဆက် ဆောင်းပါးလေးတွေ အနေနဲ့ ဆွေးနွေးတင်ပြပေးချင်ပါတယ်။ အခါအားလျော်စွာ အမေရိကားက ကျောင်းသား၊ ကျောင်းသူများကို အင်တာဗျူးထားတာလေးတွေကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အမေရိကားမှာ ကျောင်းတက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့ ပထမဦးဆုံး စဉ်းစားရမယ့် အချက်က စကောလားရှစ် လိုမလို ဖြစ်ပါတယ်။ ဘာကြောင့် သည်လိုမေးရတာလဲဆိုတော့ အမေရိကားကို ကျောင်းလာတက်မယ်ဆိုရင် မိဘက စိုက်ထုတ်ပေးတဲ့ ကျောင်းစရိတ်နဲ့ လာတက်သူတွေ ရှိသလို၊ ပညာသင်ဆု အကူအညီနဲ့ လာတက်သူတွေလည်း ရှိတာဖြစ်တဲ့အတွက် အုပ်စုတစ်ခုချင်းစီရဲ့ လိုအပ်ချက်အတိုင်း အဆင့်ဆင့် ပြောပြပေးသွားဖို့ လိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။




ကျောင်းလျှောက်တဲ့အခါမှာ ကိုယ့်ဖက်က ပြင်ဆင်ရမယ့် စာရွက်စာတမ်းတွေ၊ ဖြေဆိုရမယ့် စာမေးပွဲတွေ၊ ဗီဇာဖြေဆိုရမှာ တင်ပြရမယ့် အထောက်အထားတွေ စသည်ဖြင့် များပြားလွန်းလှတဲ့အတွက် နိုင်ငံရပ်ခြားမှာ ကျောင်းတက်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် စိတ်ဓာတ်အင်အား ကြံ့ခိုင်ဖို့ အရေးကြီးလှပါတယ်။ ဘယ်လိုကျောင်းတက်ချင်တယ်၊ ဘာမေဂျာယူချင်တယ် စတာတွေအပြင် မိဘအနေနဲ့ ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်တယ်၊ ကျောင်းပြီးရင် ဘာတွေဆက်လုပ်မယ် ရည်ရွယ်ထားတယ် စသည်ဖြင့်ပေါ့။

ယေဘုယျအားဖြင့် အမေရိကားကို တက္ကသိုလ်ပညာရေးအတွက် ကျောင်းလာတက်တော့မယ်ဆို အဓိကအချက် (၅) ချက်လိုပါတယ်။ အဓိကအချက်တွေကို ဆွေးနွေးသွားရင်းနဲ့ တစ်ခြားလိုအပ်မယ့် အကြောင်းအရာလေးတွေကိုလည်း ကြားဖြတ်ပြောပြပေးသွားပါမယ်။

အဓိက လိုအပ်တဲ့ အချက် (၅) ချက်ကတော့

(၁) High School Diploma & Transcripts

တက္ကသိုလ်ဝင်တန်း အောင်မြင်ကြောင်းလက်မှတ် (သို့) ဆယ်တန်းအောင်လက်မှတ်နှင့် ရမှတ်များ
တကယ်လို့ စာဖတ်သူဟာ Private High School ကျောင်းထွက် မဟုတ်ဘူးဆိုရင် စာဖတ်သူရရှိထားတဲ့ ကျောင်းအောင်လက်မှတ်နဲ့ ရမှတ်တွေဟာ အင်္ဂလိပ်လို မဖြစ်ဖို့ များပါတယ်။ မိမိရဲ့ အောင်လက်မှတ်နဲ့ ရမှတ်မူရင်းကို ယူပြီး နိုတြီပြန်လိုက်ရင် ကိစ္စပြီးပါတယ်။

(၂) Standardized Tests (TOEFL, ACT, SAT I, SAT II etc.)

ကျောင်းလျှောက်ရင် ဖြေဆိုရမယ့် အရည်အချင်းစစ် စာမေးပွဲရမှတ်များ

အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်မှာ အနည်းဆုံး ၂ နှစ်အထက်နေထိုင် ကျောင်းတက်ခဲ့တာ မဟုတ်တဲ့ နိုင်ငံတကာ ကျောင်းသားတိုင်းဟာ TOEFL (Test of English as a Foreign Language) ကို ဖြေဆိုဖို့ လိုအပ်ပါတယ်။ အခုဆိုရင် TOEFL ဟာ paper-based တင် မဟုတ်တော့ဘဲ computer-based နဲ့ပါ ဖြေဆိုလို့ ရနေပြီ ဖြစ်ပါတယ်။

ACT (American College Testing) ကို အမေရိကားက ကျောင်းတိုင်းနီးပါး လက်ခံပါတယ်။ အမှတ်က 1 ~ 36 အတွင်းမှာ ဖြစ်ပြီး ပါဝင်တဲ့ ဘာသာရပ်တွေကတော့ English, Math, Reading, Science, and Writing (Optional) တို့ပဲ ဖြစ်ပါတယ်။ တစ်ချို့ကျောင်းတွေကျတော့ ACT with Writing လို့ကို အတိအလင်းပြောဆိုပြီး တောင်းခံတာမျိုး ရှိတဲ့အတွက် ဖြေမယ်ဆိုရင်တော့ Writing ကိုပါ တစ်ပါတည်း ဖြေဆိုထားတာ ပိုကောင်းပါတယ်။
  • SAT (Scholastic Aptitude Test) ကို စကောလားရှစ်လျှောက်မယ့် ကျောင်းသားတိုင်း ဖြေဆိုကြပါတယ်။ SAT I နဲ့ SAT II ဆိုပြီး ထပ်ကွဲပါသေးတယ်။ SAT I မှာ Verbal & Math ဆိုပြီး Section ၂ ခု ရှိပါတယ်။ တစ်မျိုးကို ပေးမှတ် ၈၀၀ နဲ့ စုစုပေါင်း အမှတ် ၁၆၀၀ ဖြစ်ပါတယ်။ SAT II ကိုတော့ Subject Tests လို့ ခေါ်ပါသေးတယ်။ ဖြေဆိုနိုင်တဲ့ ဘာသာရပ်တွေကတော့
  • English Literature,
  • History (U.S. or World),
  • Language (Chinese, French, Hebrew, German, Italian, Japanese, Korean, Latin, Spanish or German),
  • Math (Level 1 or Level 2),
  • and Science (Biology-Ecological, Biology-Molecular, Chemistry or Physics)
စတာတွေပဲ ဖြစ်ပါတယ်။ တစ်ဘာသာကို ၂၀၀ နဲ့ ၈၀၀ ကြားမှာ အမှတ်ပေးပါတယ်။ Perfect Score ကတော့ ၈၀၀ ဖြစ်ပါတယ်။

Scholarship လျှောက်မယ်ဆိုရင်တော့ SAT I အမှတ်ကို ၁၃၀၀ အထက်မှာ ရှိစေချင်ပါတယ်။ SAT II အမှတ်ကတော့ ၇၃၀ အထက်မှာ ရှိနေရင် ကောင်းပါတယ်။ SAT I ကို သုံးကြိမ်အထိ ဖြေဆိုနိုင်ပါတယ်။ ၃ ကြိမ်အထက် ဖြေဆိုလည်း ရပါတယ်။ ဒါပေမယ့် ကျောင်းတွေဖက်က သိပ်မကြိုက်ပါဘူး။ အမှတ်ယူတဲ့အခါမှာ ဖြေဆိုတဲ့ အကြိမ်တွေထဲက အများဆုံး အမှတ်တွေကိုပဲ ယူပြီး ပေါင်းသွားတာ ဖြစ်ပါတယ်။ Superscoring လုပ်တယ်လို့ ခေါ်ပါတယ်။

Superscoring is the process by which colleges consider your highest section scores across all the dates you took the SAT. Rather than confining your scores to one particular date, these schools will take your highest section scores, forming the highest possible composite score.

ဆိုလိုတာက မောင်ကျော်ကျော်ဟာ SAT I ကို အောက်ပါအတိုင်း ၃ ကြိမ် ဖြေဆိုပါတယ်။

(က) First Try: Test No. 1
            Verbal ရမှတ် 550၊ Math ရမှတ် 690
(ခ) Second Try: Test No. 2
            Verbal ရမှတ် 650၊ Math ရမှတ် 720
(ဂ) Third Try: Test No.3
            Verbal ရမှတ် 620၊ Math ရမှတ် 750

Superscore လုပ်ပါမယ်။ မောင်ကျော်ကျော် ဖြေဆိုသမျှထဲမှာ Verbal ရမှတ် အမြင့်ဆုံးက 650 ဖြစ်ပြီး Math ရမှတ် အမြင့်ဆုံးက 750 ဖြစ်တဲ့အတွက် SAT Composite Score ဟာ 1400 ဖြစ်ပါတယ်လို့ အဖြေထွက်ပါတယ်။

SAT II ကိုတော့နာမည်ကျော် ကျောင်းကြီးတွေက ပိုတောင်းလေ့ ရှိပါတယ်။ ဖြေဆိုတဲ့အခါမှာ ဘာသာရပ်တွေကို ရမ်းသမ်းမဖြေဆိုသင့်ပါဘူး။ Math (or) Writing ကို တစ်ဘာသာ အနေနဲ့ ဖြေသင့်ပါတယ်။ ကျန်တဲ့ တစ်ဘာသာကိုတော့ Science ထဲက ဖြေဆိုတာ ပိုကောင်းပါတယ်။ ကိုယ်လျှောက်မယ့် ကျောင်းရဲ့ လိုအပ်ချက်ကိုလည်း မပြတ်ကြည့်ရှုပြီးမှ ဆုံးဖြတ်တာ ပိုကောင်းပါတယ်။ ဥပမာ. စာဖတ်သူဟာ Liberal Arts College တစ်ခုခုကို သွားမယ်ဆိုပါတော့။

Math IC (or) Math IIC နဲ့ U.S History/Global History ဖြေလို့ရပါတယ်။ Engineering ကျောင်းတစ်ခုခုကို လျှောက်မယ်ဆိုပါတော့။ Math IIC နဲ့ Phy/Chem/Bio တစ်ခုခုကို ရွေးဖြေနိုင်ပါတယ်။ SAT II Subject ကို ၃ ခုထိဖြေထားလည်း အကောင်းဆုံး ရမှတ်ရှိတဲ့ ၂ ခုကိုပဲ ကျောင်းဖက်က ကြည့်ပါတယ်။ မိမိစိတ်ဝင်စားတဲ့ ကျောင်းရဲ့ Testing Requirement ကို ကြည့်ပြီးမှ ဖြေဆိုဖို့ ဘာသာရပ်ကို ရွေးချယ်တာ စိတ်အချရဆုံးပါပဲ။

လောလောဆယ်မှာ ဘယ်ကျောင်းကိုလျှောက်ရမယ်ဆိုတာလည်း မသိ။ နာမည်ကြီးကျောင်းတွေကို စကောလားရှစ်နဲ့ လျှောက်ချင်တယ်လို့လည်း ဆိုတဲ့ ရည်မှန်းချက်ကြီးသူ ကျောင်းသား၊ ကျောင်းသူများကိုတော့ အခုလိုမျိုး Rule of Thumb အနေနဲ့ ယေဘုယျ အကြံပေးချင်ပါတယ်။

  • ·        TOEFL ကို ၂ ကြိမ်ထိဖြေဆိုပါ။ Paper-Based မှာ ၆၀၀ နဲ့ ၆၅၀ ကြားလောက်ရအောင်လုပ်ပါ။ Computer-Based မှာ ဆိုရင်တော့ ၉၀ နဲ့ ၁၁၀ ကြားရအောင်လုပ်ပါ။  
  • ·         SAT I ကို ၂ ကြိမ် (သို့) ၃ ကြိမ်ထိ ဖြေဆိုပါ။ ၁၄၅၀ နဲ့ ၁၆၀၀ ကြားရအောင် လုပ်ပါ။
  • ·         SAT II ကို Math IIC, Physics, Chemistry, Literature, History, Language စတာတွေထဲက ၂ ခု (သို့) ၃ ခုထိ ဖြေဆိုပါ။ ၇၅၀ နဲ့ ၈၀၀ ကြား ရအောင်လုပ်ပါ။
  • ·         ACT ကိုလည်း ဖြေပါ။ ၃၁ နဲ့ ၃၄ ကြား ရအောင်လုပ်ပါ။ ၃၆ ရဖို့ကတော့ တော်တော်ခဲယဉ်းပါတယ်။ မရလည်း ဖြစ်ပါတယ်။
သည့်ထက်အသေးစိတ်ကိုတော့ နောက်ဆက်တွဲ ဆောင်းပါးများမှာ ဆက်လက် ရှင်းပြပေးသွားပါမယ်။





(၃) Recommendation Letters

မိမိအကြောင်းကို ကောင်းကောင်းသိတဲ့ ဆရာ၊ ဆရာမများဆီမှ ထောက်ခံစာ (၂) စောင် (သို့) ၃ စောင်ထိ လိုအပ်ပါတယ်။ 

ထောက်ခံစာတစ်စောင်ဟာ သချာင်္ဆရာ၊ ဆရာမဆီက ဖြစ်ဖို့ လိုပြီး နောက်တစ်စောင်ကတော့ Social Science (ပထဝီ၊ သမိုင်း၊ ဘောဂ) (သို့မဟုတ်) Science (ရူပ၊ ဓာတု၊ ဇီဝ) စတဲ့ ဆရာ၊ ဆရာမများဆီက ဖြစ်ဖို့လိုပါတယ်။ ထောက်ခံစာ (၂) စောင် အနည်းဆုံးလိုပါတယ်။ ကျောင်းတံဆိပ် (Letterhead) အောက်မှာ အင်္ဂလိပ်လို ရေးသားထားပြီး ဆရာ၊ ဆရာမရဲ့ လက်မှတ်ပါရှိရပါမယ်။  မိမိလျှောက်မယ့် ကျောင်းတွေဆီကို တိုက်ရိုက်ပို့ပေးနိုင်သလို ကျောင်းလျှောက်တဲ့ စာအိတ်ကြီးထဲမှာ အတူတကွ စာအိတ်နောက်တစ်လုံးနဲ့ တွဲထည့်ပြီးတော့လည်း ပို့ပေးလို့ ရပါတယ်။

(၄) Extracurricular Activities

ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုများလို့ နားလည်ထားလို့ ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူငယ်တစ်ချို့အတွက်တော့ အမြင်စိမ်းကောင်း စိမ်းနေနိုင်ပါတယ်။ အမေရိကားမှာ ရှိတဲ့ အထက်တန်းကျောင်းသားတိုင်းဟာ ကျောင်းတက်နေစဉ်ကာလမှာ ကျောင်းတွင်း ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့််ရရုံသာမကဘဲ Volunteer Hours (or) Community Service Hours လို့ခေါ်တဲ့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ နယ်၊ မြို့၊ ကျောင်း၊ ဆေးခန်း၊ စာကြည့်တိုက် စသည်ဖြင့် ဆိုင်ရာဆိုင်ရာတွေမှာ အခမဲ့ကူညီလုပ်ဆောင်ပေးရပါသေးတယ်။ အထက်တန်းကျောင်းသား တစ်ယောက်အတွက် ပျမ်းမျှ Community Service Hour Requirement ဟာ နာရီ ၄၀ ဖြစ်ပါတယ်။

ဘယ်လိုနေရာတွေမှာ သွားပြီး Volunteer လုပ်မလဲ ဆိုတာကလည်း အရေးကြီးပါသေးတယ်။ တက္ကသိုလ်တက်ရင် ဆေးပညာဘာသာရပ်ဖက်ကို လေ့လာမယ်လို့ ရည်ရွယ်ထားတဲ့ ကျောင်းသားတစ်ယောက်ဟာ ဆေးရုံတွေမှာ Volunteer လုပ်တာ ပိုသင့်တော်သလို အင်ဂျင်နီယာဘာသာရပ်ကို လိုက်စားချင်သူ လူငယ်တစ်ယောက်အတွက် ဆားကစ်စက်ရုံတွေ၊  လေယာဉ်ကွင်းလို နေရာမျိုးတွေမှာ Volunteer လုပ်တာ ပိုလျော်ကန်ပါတယ်။ ဒါမှ တက္ကသိုလ်တွေကို လျှောက်တဲ့အခါမှာ အက်ဆေးရေးတာမျိုးပဲ ဖြစ်ဖြစ်၊ လူတွေ့အင်တာဗျူးမေးတာမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ်ဟာ ဘာကြောင့် သည်ကျောင်းအတွက် သင့်တော်တဲ့ကျောင်းသား တစ်ယောက်ဖြစ်ကြောင်း ဒိုးဒိုးဒေါက်ဒေါက် ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသားစိစစ်ရွေးချယ်ရေးအဖွဲ့ကလည်း ပိုသဘောကျမှာ ဖြစ်ပါတယ်။

(၅) College Application Essays & Personal Interview

ကျောင်းတွေကိုလျှောက်တဲ့အခါမှာ ကျောင်းသားတွေ အဆင်ပြေအောင် ကျောင်းတွေဖက်ကလည်း Common Application ဆိုတဲ့  ကျောင်းလျှောက်လွှာလေးကို ပြုလုပ်ထားပါတယ်။ ဆိုလိုတာက Application ကို တစ်ကြိမ်ဖြည့်ပြီးရုံနဲ့ ကိုယ်လျှောက်ချင်တဲ့ ကျောင်းတွေကို ဆက်တိုက်လှမ်းပို့ရုံပါပဲ။ အဲသည့်လျှောက်လွှာလေးကို အခုဆိုရင် အွန်လိုင်းမှာ ဖြည့်ပြီး ကျောင်းတွေကိုလည်း အွန်လိုင်းကနေ တိုက်ရိုက်လျှောက်နိုင်နေပြီ ဖြစ်ပါတယ်။ www.collegeboard.org မှာ မိမိကိုယ်ပိုင် အကောင့်လုပ်ထားနိုင်ပါတယ်။ နိုင်ငံတကာကျောင်းသားတွေအတွက်ကတော့ www.international.collegeboard.org/ မှာ သွားပြီး အကောင့်တစ်ခု လုပ်ယူနိုင်ပါတယ်။ သည်စာကို ဖတ်ပြီးသွားရင် အကောင့်တစ်ခု သွားယူထားဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ဆက်ရေးမယ့် ဆောင်းပါးတွေမှာ အဲသည့် Collegeboard Account ကနေ ကျောင်းတွေကို ဘယ်လိုရှာတယ်၊ မိမိနဲ့ ကိုက်မကိုက် ဘယ်လိုမျိုး ဆန်းစစ်သုံးသပ်တယ်၊ မေဂျာတွေကို ဘယ်လိုရွေးချယ်တယ်၊ ကျောင်းစရိတ်တွေကို ဘယ်လိုတွက်ချက်တယ် စတာတွေကို Screen Shot များ၊ Video Files များနဲ့ ရှင်းပြသွားမှာ ဖြစ်လို့ပါ။


Common Application အကြောင်းကို ပြန်ဆက်ရရင် ရည်ရွယ်ချက်ကတော့ ကျောင်းတွေလည်း Application Form တွေအတွက် ကုန်ကျစရိတ်သက်သာ၊ ကျောင်းသားတွေအတွက်လည်း ဖောင်တွေ ခဏခဏဖြည့်နေရတဲ့ အချိန်သက်သာတဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးများစေပါတယ်။ ဒါကတော့ သူ့ရဲ့ ဝက်ဘ်ဆိုက်ပါ။ 

ဖောင်ထဲမှာ ဘယ်လိုဖြည့်ရမယ်ဆိုတာကိုလည်း နောက်ပိုင်းဆောင်းပါးများမှာ အသေးစိတ်ရှင်းလင်းပြသွားပါမယ်။ အခုဆက်ပြောပြချင်တာကတော့ College Essay ပါ။ ကျောင်းလျှောက်တဲ့သူတိုင်း ရေးရပါတယ်။ ၂၀၁၇ ~ ၂၀၁၈ အတွက် Common Apps က သတ်မှတ်ပေးထားတဲ့ အက်ဆေးခေါင်းစဉ်လေးတွေကို တစ်ချက်ကြည့်ကြည့်ပါ ခင်ဗျာ။

2017-2018 Common Application Essay Prompts

1. Some students have a background, identity, interest, or talent that is so meaningful they believe their application would be incomplete without it. If this sounds like you, then please share your story.

2. The lessons we take from obstacles we encounter can be fundamental to later success. Recount a time when you faced a challenge, setback, or failure. How did it affect you, and what did you learn from the experience?

3. Reflect on a time when you questioned or challenged a belief or idea. What prompted your thinking? What was the outcome?

4. Describe a problem you've solved or a problem you'd like to solve. It can be an intellectual challenge, a research query, an ethical dilemma - anything that is of personal importance, no matter the scale. Explain its significance to you and what steps you took or could be taken to identify a solution.

5. Discuss an accomplishment, event, or realization that sparked a period of personal growth and a new understanding of yourself or others. 

6. Describe a topic, idea, or concept you find so engaging that it makes you lose all track of time. Why does it captivate you? What or who do you turn to when you want to learn more? 
7. Share an essay on any topic of your choice. It can be one you've already written, one that responds to a different prompt, or one of your own design. 
သည်ခေါင်းစဉ်လေးတွေက ဘာကိုမီးမောင်းထိုးပြနေလဲဆိုတော့ သက်ဆိုင်ရာ ကျောင်းတွေအနေနဲ့ မိမိတို့ကျောင်းကို လျှောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေအကြောင်းကို Academic (ပညာရေး)၊ Standardized Tests (TOEFL/SAT/ACT etc.) အရည်အချင်းစစ် စာမေးပွဲ စတာတွေနဲ့တင် အလုံးစုံ မသိနိုင်တဲ့အတွက်ကြောင့် သင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကို ဆန်းစစ်ဖို့အတွက် Personal Statement (မိမိကိုယ်ကို ဖွင့်ဟဝန်ခံချက်) သဘောမျိုး ရေးခိုင်းတာ ဖြစ်ပါတယ်။ အက်ဆေးကောင်းရင် ကျောင်းကောင်းကောင်းကို ရနိုင်သလို အက်ဆေးမကောင်းရင် အမှတ်ဘယ်လောက်ကောင်းကောင်း ဝင်ခွင့်ဆုံးရှုံးနိုင်ပါတယ်။ ကျောင်းသားရွေးချယ်ရေးအဖွဲ့က ဘယ်လိုအက်ဆေးမျိုးတွေကို သဘောကျတယ်ဆိုတာကိုလည်း နောက်အခန်းဆက် ဆောင်းပါးတွေမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

နောက်ဆုံးတစ်ဆင့်ကတော့ Personal Interview (လူတွေ့စစ်ဆေးခြင်း) ပဲ ဖြစ်ပါတယ်။ မိမိနဲ့ တစ်ခြားတစ်ယောက် အကြိတ်အနယ် ယှဉ်ပြိုင်နေစဉ်မှာပဲ ဖြစ်ဖြစ်၊ (သို့မဟုတ်) မိမိအကြောင်းကို ပိုပြီးသေချာအောင် သိချင်တာမျိုးမှာပဲ ဖြစ်ဖြစ် မိမိလျှောက်ထားတဲ့ ကျောင်းကနေ လူတွေ့စစ်ဆေးဖို့ စာပို့ပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေအတွက်တော့ မဖြစ်လာနိုင်ဘူးလို့ မထင်ပါနဲ့။ နည်းပညာခေတ်မှာ Skype ကနေလည်း အင်တာဗျူးလို့ ရပါတယ်။ ဒါကြောင့် ရည်မှန်းချက်ကြီးတဲ့ လူငယ်များအနေနဲ့ စကားပြောစွမ်းရည်နဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ မြှင့်တင်ထားဖို့ အရေးကြီးပါတယ်။


နောက်ဆက်မယ့် ဆောင်းပါးမှာ ၂ နှစ်တက်ပြီး ဒီပလိုမာရတဲ့ Community College တွေ အကြောင်းနဲ့ ၄ နှစ်တက်ပြီး ဒီဂရီရတဲ့ 4-Year College တွေအကြောင်းကို အကျယ်တဝင့် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ….

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်ေအာင်

Citations:

1. https://international.collegeboard.org/prepare-to-study-in-the-us
2. https://www.capella.edu/blogs/cublog/5-differences-of-associates-vs-bachelors-degree/
3. http://www.commonapp.org/whats-appening/application-updates/common-application-announces-2017-2018-essay-prompts
4. https://www.quora.com/Whats-a-good-TOEFL-score-Asking-for-a-friend-who-scored-102

1 comment:

မြတ်မွန် said...

သူငယ်ချင်းတယောက် တက်ဖို့လုပ်နေတာ သူ့ကိုပြောပြလိုက်တာ ကို၇န်အောင်ရေ ..ကျေးဇူးတင်ပါတယ်။