Sunday, August 10, 2008

နေရီရီအလွမ်းများ...



လွမ်းတော့ လွမ်းတာပေါ့
ဒါပေမယ့် မလွမ်းဘူးလို့ အားတင်းခဲ့ရတဲ့
မိုးလင်းညတွေ များပါပြီ ချစ်သူ..

အချစ်ဆိုတဲ့ အရာ
စွန့်လွှတ်တာပဲဖြစ်ဖြစ်
ပေးဆပ်တာပဲဖြစ်ဖြစ်
ရယူသည်ပဲဖြစ်ဖြစ်
ပိုင်ဆိုင်သည်ပဲဖြစ်ဖြစ်
ချစ်မိမှတော့
လွမ်းတတ်ပြီပေါ့လေ…

ဘယ်လောက်လွမ်းလဲ
ဘယ်သူကပိုလွမ်းတတ်လဲ
အလွမ်းပြိုင်ပွဲ နွှဲနေတာတော့မဟုတ်
လုပ်ဇာတ်ခင်းလို့ လွမ်းပြနေရင်တောင်
ကိုယ့်မျက်ရည်မှာ ပရုတ်ဆီနံ့သင်းမနေဘူး..

ကလီကမာ တီတီတာတာနဲ့
သနားပါ၊ ပြန်ချစ်ပါ၊
မချစ်ရင် အရက်တွေသောက်လို့
လမ်းလယ်ခေါင်မှာ မှောက်နေပစ်လိုက်မယ်.
ရောက်တတ်ရာရာသွား
တစ်နေကုန်ထိုင်စိတ်ညစ်လို့
ဖြစ်ချင်ရာဖြစ်
သတ်သေပစ်လိုက်မယ်.
ဘလာ ဘလာ ဘလာ တွေနဲ့လည်း
မင်းရဲ့ အချစ်ကို မရယူလိုပါ…
ချောင်ပိတ်အနိုင်ယူပြီးတော့လည်း
ကိုယ်လိုရာကို ရအောင်မတောင်းယူတတ်ပါ..
ဒါ မင်း အသိ…



အဟုတ်ကြီးချစ်တာပါ
တကယ်ကြီးချစ်တာပါ
ယုံအောင်ဘယ်လိုပြရမလဲ
ဟော..ကျိန်ပြ
ရောလိမ်ချတဲ့စကားတွေနဲ့
နောက်ဆုံးမှာတော့
အိမ်ဝက ကန်ချခံခဲ့ရတဲ့
မေတ္တာတု မေတ္တာယောင်တွေကို
မင်းလည်းမုန်း
ငါလည်းမုန်းတယ်.
ဒါလည်း မင်းအသိ…

ကိုယ့်မေတ္တာ
ကိုယ့်သစ္စာ
ကိုယ့်အချစ်ကမ္ဘာမှာ
မာယာနတ္ထိ ပကတိ ချစ်ခြင်းတရားတွေနဲ့သာ
ထုံမွှမ်းထားခဲ့တာပါ
ယုံတမ်းစကားပြောနေတယ်တော့ မထင်နဲ့နော်.
မင်းနဲ့ကိုယ်ကြား
ချစ်ခြင်းကလွဲလို့
ဘာမှ မျှော်လင့်ပိုင်ခွင့်မရှိ
ဒါလည်း မင်းအသိ…

မင်း. သူ့ကို
မလွမ်းရဘူး
မချစ်ရဘူး
မလွမ်းသင့်ဘူး
မချစ်သင့်ဘူး
မဖြစ်သင့်ဘူး
မဖြစ်ရဘူး…


.

ဆင်ခြင်တုံတရားတွေ အားလျှော့စိတ်ပျက်လို့
ဆုံးမစာတွေလည်း ချောင်တစ်ချောင်မှာ အိပ်စက်ကုန်ကြပြီကွယ်
မှုန်ရီနေတဲ့ ဒီညနေခင်းတွေရောက်ရင်
ငါမင်းကို လွမ်းနေတတ်ဆဲပဲ..
လသာညမှာ တက်လာတဲ့ ဒီရေအလား
မင်းကိုချစ်မြတ်နိုးတဲ့စိတ်တွေ
ဟော့ဒီ့ရင်ဘတ်ကြီးထဲကနေ
တဖွားဖွားထွက်ပေါ်နေဆဲပါပဲ…
တစ်ခါတစ်လေတော့လည်း
ဟောဒီ့ စည်းမျဉ်းတွေ၊ ဂျန်းတဲလ်မန်းန်ရူးလ်တွေကို
လမ်းမပေါ်ပစ်ဖောက်
စိတ်ပေါက်ပေါက်နဲ့ မင်းနောက်လိုက်လာခဲ့ချင်တယ်.

မှောက်ထားတဲ့ ဖန်ခွက်တစ်ခွက်ထဲ
အားခဲလို့ ရေလောင်းထည့်သလို
ကိုယ့်အချစ်တွေ
ပစ်ပယ်ခံရလို့ အချည်းနှီးဖြစ်ခဲ့လည်း
စီးဆင်းနေဆဲ မေတ္တာရေစက်
ဘယ်တော့မှ မပြတ်စေရပါဘူး…

ဘယ်သူတွေက ဘာပြောပြော
မင်းအနားမှာ ကိုယ်ရှိမယ်
မင်းနဲ့အတူ ခံယူချက်တွေ မျှဝေမယ်
မင်းကိုချစ်တဲ့သူတွေ စွန့်ခွာလို့ အဝေး
ထွက်ပြေးသွားခဲ့ရင်တောင်
မင်းဘ၀လေး မမှောင်သွားစေဖို့
အလင်းရောင်တစ်ခု ငါဖြစ်နေခဲ့ချင်တယ်.
အို..
ငါ မင်းကို သိပ်ချစ်တယ်…

နေခြည် အလင်းတန်းတွေရုပ်သိမ်းလို့
နေတစ်ဝက်လတစ်ဝက်
ရောင်ခြည်သွယ်တွေ ဖြာယှက်နေတဲ့
ဒီိဆည်းဆာညနေမှာ
မင်းကိုရှိစေချင်လိုက်တာ…
ရိုးရိုးလေးပဲ ပြောတော့မယ်ချစ်သူ..
ဒီလိုညနေခင်းတွေဆို
ငါ မင်းကို သိပ်လွမ်းတယ်…



(ရေခဲငှက်)

4 comments:

အောင်သူ said...

ဆရာရန် မင်္ဂလာပါ။ ကဗျာလေးကတော့ ထိတယ်ဗျ။
ဒီကဗျာလေးအတွက် ကျေးဇူးအထူးပါ။ အားလုံး အဆင်ပြေပါစေ.....။

Yan said...

>ကျေးဇူးပါ ကိုအောင်သူရေ.
ခဏခဏလာလည်တဲ့အတွက်ရော. ဒီကဗျာလေးကို တန်ဖိုးထားဖတ်သွားပြီး ကော်မန့်ပေးသွားတဲ့အတွက်ရောပါ.

ကိုအောင်သူလည်း အဆင်ပြေအောင်မြင်ပါစေ...

layma said...

ဒီရေတက်လာပြီဗျို့ ..။

Chaos said...

အားပါး
အလွမ်းမင်းသားလို့ပြောတော့လဲမကြိုက်ဘူး
လွမ်းဋီကာ ဖွဲ့ထားတာ ဖတ်ရတာတောင်လွမ်းတယ်