Saturday, September 15, 2007

ဖောက်ထွက်တွေးခြင်း (၁)



သူခိုးတစ်ယောက် အိမ်တစ်အိမ်ကို ၀င်ခိုးသည်. အိမ်ရှင်နဲ့တိုးသည်. အိမ်ရှင်က မီးခလုတ်ကို ဖျောက်ခနဲ ဖွင့်လိုက်ပြီး သူခိုးဖြစ်သူကို စေ့စေ့စိုက်ကြည့်ကာ ပြုံးပြလိုက်သည်. သူခိုးဟုလည်း မအော်ပါ. ဘာမှလည်း မပြောပါ. သူခိုးဖြစ်သူကို အေးချမ်းတည်ငြိမ်စွာ စိုက်ကြည့်ပြီး “ဘာမှမဖြစ်ခင် မင်းပြန်တော့” ဟု ငြင်သာစွာ ပြောဆိုခဲ့သည်.

သူခိုးဖြစ်သူမှ အံ့အားသင့်ပြီး ခြေသံကိုဖော့နင်းကာ ၀င်လာခဲ့သည့် တံခါးပေါက်မှ ပြန်ထွက်သွားခဲ့သည်.

နောက်တစ်နေ့ လက်ဖက်ရည်ဆိုင်တွင် သူခိုးနှင့်သူ၏ သူငယ်ချင်းများ ထိုအဖြစ်ကို ပြန်ပြောဖြစ်ခဲ့ကြသည်. သူခိုးဖြစ်သူ၏ သူငယ်ချင်းများက တစ်ယောက်တစ်မျိုးစီ ထင်မြင်ချက်များပေးကြသည်..

“အိမ်ရှင်က မေတ္တာတရားနဲ့နေတတ်လို့ မင်းကို ဒုက္ခမပေးဘဲ အေးဆေးပြန်လွှတ်တာ.”

“အိမ်ရှင်က မင်းကိုဗြုန်းခနဲတွေ့ပြီး အော်လိုက်ချင်ပေမယ့် မင်းက သူ့ကို ရန်လုပ်မှာစိုးလို့ အတည်ပေါက်နဲ့ မင်းကို ပြန်အကြောင်ရိုက်လိုက်တာ”

“အိမ်ရှင်က စိတ်အရမ်းဆတ်တတ်တယ်. ဒါပေမယ့် စိတ်ကောင်းတော့ ရှိတယ်. ဒါကြောင့် သူဒေါသအရမ်းမထွက်ခင် မင်းကို ပြန်ခိုင်းတာနေမှာ.”

“အိမ်ရှင်က ရဲဖြစ်လို့နေမှာ. တော်ကြာ ရဲအိမ်သူခိုးကပ်တယ်ဆိုပြီး ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်မှာစိုးလို့ မင်းကို အေးအေးဆေးဆေးပြန်ခိုင်းတာ.





ထိုစကားဝိုင်းကို နားထောင်နေသော တစ်ဖက်မှ လူကြီးလူကောင်းတစ်ဦးက သူတို့ဝိုင်းဖက်သို့ လျှောက်လာပြီး ဤသို့ ပြောလေသည်…

“မဟုတ်ဘူးထင်တယ်. ညီအစ်ကိုတို့ရ. အိမ်ရှင်က အိမ်ရှင်ဆိုရင် အိမ်ရှင်ရဲ့ သဘာဝအတိုင်း သူ့ပစ္စည်းတွေ ခိုးဖို့လာတဲ့ သူခိုးကို ရအောင် ခြောက်လှန့်မှာပဲ. ဒီကိစ္စမှာ တစ်စုံတစ်ရာ ချို့ယွင်းနေတယ်လို့ မထင်ဘူးလား.”

သူခိုးဖြစ်သူနဲ့ သူ၏ သူငယ်ချင်းများ အားလုံးက တညီတညွတ်တည်း ၀ိုင်းမေးလိုက်ကြသည်..

“ဘာမှားနေလို့လဲဗျ နောင်ကြီးရ…”

“မနေ့ညက ခင်ဗျားကို ပြန်တော့လို့ ပြောလိုက်တဲ့သူဟာ နောက်ထပ်သူခိုးတစ်ယောက် ဖြစ်မနေနိုင်ဘူးလား. သူတစ်ယောက်တည်း အေးအေးဆေးဆေး ခိုးနိုင်အောင်လို့ ခင်ဗျားကို အကြောင်ရိုက်လိုက်တာရော မဖြစ်နိုင်ဘူးလား…”

“ခင်ဗျားက ဘာကြောင့် ဒီလောက် အခိုင်အမာ ပြောနေနိုင်ရတာလဲ.”

နောက်မှ ၀င်လာသော သူစိမ်းဖြစ်သူက ရေဘင် နေကာမျက်မှန်ကို ဟန်ပါပါဖြင့် ချွတ်လိုက်ရင်း သူခိုးဖြစ်သူ၏ မျက်နှာကို စေ့စေ့စိုက်ကြည့်ကာ ဤသို့ ပြောလိုက်လေသတည်း…

“မနေ့ညက ခင်ဗျားကို ပြန်တော့လို့ ပြောခဲ့တဲ့သူဟာ အခု ခင်ဗျားရှေ့မှာ ထိုင်နေတဲ့ ကျွန်တော်ဖြစ်နေလို့ပဲ…”

သျှင်နေမင်း

1 comment:

Layma said...

ဟား..ဟား…ပိုင်သကွာ…။