ဩော်… မျှော်ရည်လွမ်းဖွယ်
အကြင်နာစိတ်နှင့်၊ မှေးမှိတ်မလွယ်
အသွယ်သွယ်တွေးစစ်
တွယ်တာဖူးသစ်၊ ရင်မှာလှစ်
ပစ်မခွာရက်မို့၊ အို.. ချစ်တတ်ပြီ။
အပူရုပ်ကို၊ ဟန်လုပ်နေရစ်မည်
ချစ်ခြင်းမေတ္တာကလည်း ကြီးသနှင့်။
မျက်နှာတော်ဖူးတွေ့နိုး၊ ရက်ဆက်ကြိုးလို့
မြတ်နိုးသဒ္ဒါငယ်တိုးသည်
သံယောဇဉ်ကြိုးကလည်း တင်းသနှင့်။
အလွမ်းသက်ပြင်း၊ ရင်မှာတင်းလည်း
ချစ်သူမသိ
ဝင်မကြည့်နိုင်၊ လူမမိအောင်တိုင်တည်
ကဗျာနရီကလည်း လှသနှင့်။
အဆွေးငယ်ဗျာဆန်၊ စားအိပ်မမှန်ပြီ
ကုရာနတ္ထိ
ဖြေဖျောက်ဖွယ် ဆေးမရှိနိုင်ချိမ့်။
သဖြန်
ကယောက်ကယက်နဲ့ စိတ်လေ။
ညကြီးသန်းခေါင်လွဲ
မအိပ်ပေါင် စောင့်နေဆဲ
အားခဲမြဲလေ။
နှင်းငွေစက်၊ ဆက်မပြတ်ကျနေ
သေအောင်အေးသည်လေး။
အို တစ်ယောက်တည်းပါမို့
ဖြေမဆည်သာ ရင်မှာပူလှတယ်
ချစ်သူကြောင့်ဆွေး။ ။
(ညည်းချင်း) .......................... (ရေခဲငှက်)
5 comments:
မော်ဒန်ညည်းချင်းလေး ဖတ်ရတာ အလွမ်းပြေလိုက်တာ :-) .. . . ဖတ်ပြီး ကောင်းကောင်းနာမလည်ခဲ့တဲ့ ရှေးခေတ်ကဗျာတွေကို . . .
တိမ်သားတွေနဲ့ ရေလှိုင်းတွေနဲ့ ပုံလုပ်ထားတာ မိုက်တယ်
အိုး ကိုရန်က ဒါမျိုးတွေလည်း ပြောင်မြောက်အောင် ရေးတတ်သကိုး မိုက်ပါ့ရှင်
တယ်လဲ လက်စွမ်းထက်လှပါလား ရေခဲငှက်ရေ ...
cheers!!!
မရွှန်းမီ၊ မစမိုင်းလ်မေ၊ ပင့်ဂိုးလ်နဲ့ မမေဓာဝီတို့ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်. ဒီကဗျာလေးက ဦးကြင်ဥ ရေးတဲ့ ဌာနီပြည်ကြီးက ဝေးသနှင့် လွမ်းချင်းလေးကို အတုယူပြီး ရေးထားတာပါ. လက်ရည်သွေးနေဆဲပဲ ရှိပါသေးတယ်ခင်ဗျာ...
Post a Comment