Monday, February 25, 2008

လမ်းလျှောက်တတ်သောသစ်ပင်နှင့် အတောင်ပံမရှိသော တေးသီငှက် (၅)



မနက်ခင်း အရုဏ်မလင်းခင်မှာ သစ်ပင်လည်း ငှက်ကလေးကို စိတ်ထဲကပဲ နှုတ်ဆက်ခဲ့ရင်း သူလာကြောင်း သိစေဖို့ သူ့ရင်ဘတ်ထဲက သစ်သီးလေးတစ်လုံးကို ငှက်ကလေးရဲ့ ခြံတံခါးဝမှာ ချိတ်ဆွဲထားခဲ့တယ်…

ပြီးတော့ သူနေတဲ့နေရာကို ခပ်မြန်မြန်ပဲ လမ်းလျှောက်ပြန်ခဲ့ပါတော့တယ်.

လမ်းမှာတော့ ငှက်ကလေးအကြောင်းကိုပဲ တစ်လမ်းလုံးစဉ်းစားနေခဲ့တာပေါ့.

လမ်းလျှောက်လိုက်၊ ပင်ပန်းရင် ခဏနားလိုက်နဲ့ သစ်ပင်လည်း သူနေထိုင်တဲ့ နေရာလေးဆီကို မိုးမသောက်ခင်မှာပဲ ရောက်သွားခဲ့ပါတယ်..



ခါတိုင်းလိုပဲ ကြည်လင်ရွှင်ပျစွာနဲ့ ငှက်ကလေး နိုးထလာခဲ့ပါတယ်.

အတောင်ပံတွေကိုဆန့်ထုတ်လို့ နံနက်ခင်းရဲ့ နေရောင်ခြည်ကို ငှက်ကလေး ခံစားနေခဲ့ပါတယ်. မျက်လုံးလေးကိုလည်း မှိတ်ထားခဲ့တာပေါ့. သူ့အာရုံထဲမှာ သစ်ပင် ဒီအချိန်ဆို ဘာလုပ်နေမလဲလို့ တွေးနေမိခဲ့တယ်. တစ်ဆက်တည်းမှာပဲ ငှက်ကလေးဟာ တစ်စုံတစ်ရာကို နားစွင့်နေခဲ့မိတယ်…

ငှက်ကလေးရဲ့ အိမ်လေးဘေးမှာ စမ်းချောင်းလေးတစ်ခုနဲ့ တောလမ်းလေးတစ်ခု ရှိတယ်. အဲဒီ့လမ်းလေးဘေးမှာ ခရေပန်းလေးတွေ၊ တောပန်းဝါ၀ါလေးတွေ ဖူးပွင့်နေတတ်ကြတယ်. ငှက်ကလေးက နှင်းဆီတွေ၊ သဇင်ပန်းတွေထက် အဲသလို တောလမ်းကလေးဘေးက ပန်းကလေးတွေကို ပိုမြတ်နိုးတတ်တယ်လေ.

တောပန်းဝါ၀ါလေးတွေကလည်း ငှက်ကလေး အလာကို နေ့တိုင်း မျှော်နေတတ်ကြတာပဲ. အဆင့်အတန်းမခွဲခြားဘဲ သူတို့အပေါ်ကို ချစ်ခင်မြတ်နိုးခြင်းတွေ ပြသတတ်တဲ့ ငှက်ကလေးကို သူတို့တွေကလည်း ချစ်ကြတယ်. ဒါကြောင့် ငှက်ကလေး နိုးထလာတဲ့ အချိန်တိုင်းမှာ တောပန်းလေးတွေဟာ ဖူးပွင့်ဖို့ အဆင်သင့် ဖြစ်နေတတ်ကြတယ်.



ကြည်လင်အေးမြတဲ့ စမ်းချောင်းလေးထဲမှာ ငှက်ကလေး ကိုယ်လက်သန့်စင်ပြီးတော့ အ၀ါရောင် တောပန်းလေးတစ်ချို့ကို ခူးဆွတ်ပန်ဆင်လာခဲ့တယ်. သူမ ကြားနေကျ အသံလေး ဒီနေ့ ကြားရနိုင်ပါ့မလားလို့လည်း ဘေးဘီဝဲယာကိုကြည့်ရင်း နားထောင်နေခဲ့မိတယ်.

တောင်စွန်းလေးတစ်ခုနား အရောက်မှာ ငှက်ကလေး တုံ့ခနဲ ရပ်လိုက်တယ်. အဲဒီ့အပေါ်ကနေ ရပ်ကြည့်ရင် ရေတံခွန်လေးတစ်ခုစီးနေတာကို မြင်ရသလို၊ သစ်ပင်ပန်းမာန်တွေနဲ့ စိမ်းလန်းဝေဆာနေတဲ့ တောင်ကြားလေးတစ်ခုကိုလည်း တွေ့နိုင်တယ်လေ.

သူမရဲ့ မျက်လုံးလေးတွေကို မှေးမှိတ်လို့ အတောင်ပံလေးနှစ်ခုကို ယှက်ကာ ကောင်းကင်ပြင်ကို မော့ကြည့်ရင်း တစ်စုံတစ်ရာကို တိုးတိုးလေးရေရွတ်လိုက်ခဲ့တယ်.

ပြီးတော့ တောင်ကြားလေးထဲကို မမှိတ်မသုန် စိုက်ကြည့်နားစွင့်နေခဲ့တယ်.

၁ မိနစ်…
၂ မိနစ်….
၃ မိနစ်…






“ချွင်….. ချလွင်… ချလွင်…”

ကြည်လင်အေးမြတဲ့ ခေါင်းလောင်းသံလေးတစ်ခု တောင်ကြားလေးထဲက လွင့်တက်လာခဲ့တယ်.

ငှက်ကလေး ကျေနပ်အားရစွာ ရယ်မောလိုက်ခဲ့တယ်. ရယ်မောနေတဲ့ ငှက်ကလေးရဲ့ မျက်ဝန်းလေးတွေထဲမှာတော့ အဆွေးရိပ်တွေက မဖုံးနိုင်မကွယ်နိုင် ဖြစ်နေခဲ့တယ်လေ.

ငှက်ကလေးက တိုးတိုးလေး ပြောလိုက်ခဲ့ပါတယ်.

“လွမ်းတယ်. ခေါင်းလောင်းလေးရယ်…”



...

ခြံတံခါးဝအရောက်မှာ ငှက်ကလေး အရမ်းကို ပျော်သွားခဲ့တယ်..

အသည်းပုံ သစ်သီးလေးက သူမကို စောင့်ကြိုနေခဲ့လို့လေ…

လွမ်းလိုက်တာ သစ်ပင်ရယ်…

ဘာလို့ ငါ့အပေါ် ဒီလောက်ကောင်းနေရတာလဲဟင်…

အဲဒီ့နေ့က စားလိုက်တဲ့ သစ်သီးလေးဟာ သူမစားခဲ့သမျှ သစ်သီးလေးတွေထဲမှာ အချိုမြိန်ဆုံး ဖြစ်နေခဲ့မယ် ဆိုတာကိုတော့ ပြောပြနေစရာမလိုတော့ဘူးထင်ပါတယ်လေ…

ငှက်ကလေးလည်း အိမ်ထဲကို ပြန်ဝင်လို့ မိုးမ၀င်ခင် သူမ နေတဲ့ အိမ်ကလေးကို ပြုပြင်မွန်းမံဖို့ ပြင်ဆင်ပါတော့တယ်.

သစ်ပင်ကို သတိရမိပေမယ့် သူမမှာ အချိန်တွေ အရမ်းနည်းနေတာကြောင့် လွမ်းတဲ့စိတ်ကို ကြိုးစားမေ့ဖျောက်ထားခဲ့လိုက်ပါတယ်..

…..

သစ်ပင်မှာတော့ ငှက်ကလေး မလာနိုင်ဘူးဆိုတာ သိပေမယ့် မျှော်လင့်နေမိဆဲပါ.

လုပ်စရာရှိတာတွေလုပ်လိုက်၊ ဟိုးအဝေးက မိုးကုပ်စက်ဝိုင်းဆီကို လှမ်းမျှော်ကြည့်လိုက်နဲ့ သစ်ပင်ဟာ ဘာကိုမှ အာရုံစူးစိုက်လို့ မရဘူး ဖြစ်နေခဲ့ပါတယ်.

ငှက်ကလေးကိုပေးချင်တဲ့ အသည်းပုံသစ်သီးလေးတွေလည်း သစ်ပင်ရဲ့ အခန်းထောင့်မှာ နေရာယူလို့ သူု့ကို ပြောင်လှောင်နေကြတယ်လေ…

ဘယ်တော့များမှ ငှက်ကလေးရဲ့ လက်ထဲကို ထည့်ပေးခွင့် ကြုံမှာလဲ ဆိုတာကိုတော့ သူုကိုယ်တိုင် မဖြေကြားနိုင်ခဲ့ပါဘူး..

အိုး…

ထူးထူးခြားခြား. သူ့သစ်ကိုင်းမှာ လိပ်ပြာငယ်လေးတစ်ကောင် လာနားနေပါလား...

ငှက်ကလေး သူ့ကိုသတိရနေလို့လား

ဒါမှမဟုတ် ပရလောကသား တစ်စုံတစ်ယောက်ရဲ့ လျှို့ဝှက်ဆက်သွယ်မှုလေလား…

ဘာလို့လဲဆိုတော့ သစ်ပင်ရဲ့ ဘ၀မှာ အဲသလို လိပ်ပြာငယ်လေးတစ်ကောင် လာနားတတ်တိုင်း ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မှုတွေ ရတတ်တယ်လေ…

လွမ်းတယ် ငှက်ကလေးရယ်

မင်း ဘာမှမဖြစ်ပါစေနဲ့နော်…

သွားလမ်းလာလမ်းဖြောင့်ဖြူးပါစေကွာ…

မင်းလုပ်ချင်တာလေးတွေ၊ ဖြစ်ချင်တာလေးတွေလည်း အဆင်ပြေချောမွေ့ပါစေ…

မင်းလာမယ့်နေ့ရက်လေးတွေကို ငါစိတ်ရှည်ရှည်နဲ့ စောင့်နေပါမယ်.

သစ်ပင်မျက်လုံးလေးမှိတ်လို့ ကောင်းကင်ကို တိုင်တည်ရင်း အဲသလို ဆုတောင်းနေခိုက်မှာပဲ သူ့သစ်ကိုင်းတွေ အကုန်လုံး လေမတိုးဘဲ အသံတွေ တရှဲရှဲ ထမြည်ပါတယ်.

သစ်ပင် သတိထားနေမိခိုက်မှာပဲ ခပ်လှမ်းလှမ်းတောအုပ်လေးထဲကနေ အသံလေးတစ်သံ လွင့်မျောလာတာကို ကြားလိုက်ရပါတော့တယ်.…

“ချွင်…. ချလွင်… ချွင်…. ချွင်… …. …”

ငှက်ကလေးရယ်…

မင်းဘာတွေများ ဖြစ်နေခဲ့တာလဲဟင်…

ငါမင်းကို သိပ်လွမ်းသလို စိတ်လည်းပူမိတယ်.

မင်း အဆင်ပြေပါစေနော်…

မင်းပြန်လာမှ ငါ့ရဲ့ လွမ်းတဲ့စိတ်တွေ အကြောင်း ပြောပြချင်သေးတယ်.

ငါ မင်းကို လွမ်းနေပြီ ငှက်ကလေးရယ်…

မင်းကို ဘယ်လောက်ထိချစ်မိသွားမှန်း ငါကိုယ်တိုင်တောင် မသိမိတော့ပါဘူး..

မင်းကို တွေ့ရဖို့ ငါစိတ်ရှည်ရဦးမှာပေါ့နော်..

ချစ်သူကို ကိုယ်ဘယ်လောက်တောင် ချစ်မိသွားလဲ
ကိုယ့်မှာအတိုင်းအတာတစ်ခု ပြစရာမရှိပါဘူး
ချစ်သူနဲ့စကားပြောနေရတဲ့အချိန်မှာ
ကိုယ့်ရဲ့ရင်ခုန်သံတွေ နွေးတစ်ဝက်အေးတစ်ဝက်နဲ့
တစ်သိမ့်သိမ့်ခုန်နေတယ်ဆိုတာကိုတော့ သိတယ်.
ချစ်သူရဲ့အသံကို ကြားရဖို့ဆိုတာလည်း မလွယ်လှပါဘူး

မော်ဒန်ဆန်ဆန်ပြောရရင်တော့
ဟေလီကြယ်တံခွန်ကို ၇၆ နှစ်ကြာမှ တွေ့ရမယ်ဆိုရင်တောင်
ကိုယ်သေချာစောင့်ရင်တွေ့ရမှာပါ.

ချစ်သူရဲ့အသံကို ကြားရဖို့ဆိုတာတော့
ကိုယ်စောင့်လည်း မဖြစ်နိုင်ဘူးလေ
ချစ်သူဘက်က ကြားစေချင်မှ ကြားနိုင်တာမို့ပါ.
ချစ်သူက ညကျမှကိုယ်ယောင်ထင်ရှားပြတတ်တဲ့
ဒဏ္ဍာရီထဲက နတ်သမီးလေးလိုပါပဲ
ချစ်သူကိုတွေ့ရရင်ပြီးရောကိုယ်စောင့်မယ်ကွာ
မိုးတော့မလင်းလိုက်ပါနဲ့ဦးနော်…




ဆက်ရန်...

<သျှင်နေမင်း>

1 comment:

Layma said...

သစ်ပင် လွမ်းနေ..စိတ်ပူနေတာဖတ်ပြီး..ငှက်ကလေးကို စိတ်ပူလာပြီနော်..။
သျှင်နေမင်းရေ...ဇာတ်မနာစေနဲ့နော်..။