
မျက်နှာများစွာ၊ ရှေ့မှာနောက်မှာ
ကာဆီးဟန့်တား၊ ထိန်းထားကိုင်ချုပ်
မလှုပ်မရဲ၊ အားအင်နည်းချည့်
သတ္တိတရား၊ ဖဲ့ခြွေသွားရင်း
လုံးပါးချွတ်ခြုံ၊ လှေကြုံစီးလိုက်
ဒိုက်သရောလို
အကြိုက်ပြောဆို…
ယုံကြည်မှုတရား၊ ရှားပါးလွင့်စဉ်
အမြင်အရှိ၊ သိလျက်မသိ
ဘာသာလှည့်စား၊ မိုးခါးရေသောက်
နောက်လိုက်ကောင်းယောင်
ထောင်သောင်းကုဋေ
အရောင်ပြောင်းနေ…

မျက်နှာပြုံးရွှင်၊ ရင်ထဲကောက်ကျစ်
ညစ်ပတ်တွန်းလှိမ့်၊ နိမ့်လျှင်ဖိနင်း
ခြင်္သေ့မင်းယောင်၊ မြေခွေးဟောင်သံ
ဟန်နှင့်မလိုက်
မာန်နှင့်စရိုက်တွေ…

အမှန်တရား၊ မှန်ပြဒါးပျက်
ခံစားချက်ဗလာ
သစ္စာအတု၊ အနှစ်မပါစုသော
လောကပင်လယ်၊ ရေပြင်ကျယ်၌
လှေငယ်ရေးရေး၊ ပြေးမျောလွင့်ခိုက်
လှိုင်းလုံးရိုက်ဖုံး၊ စုံးစုံးနစ်မလား

စိတ်ခြောက်ချားစဉ်၊ မားမတ်တံ့တည်
ပင်လယ်ဆီသို့၊ ဝေ့လည်သွန်းလောင်း
မီးမောင်းဖြာကျ၊ မီးပြတစ်တိုက်
မငိုက်မစောင်း၊ ဦးခေါင်းမော့ထောင်
ကျောက်ဆောင်တစ်ခု၊ သတိပြုမြင်
ရင်မှာအားပြည့်၊ နေပျော်၏ထင်
အသိဝင်ကာ၊ ပင်လယ်ခရီး ဆက်ရဲ၏။
မောင်စိန်ဝင်း (ပုတီးကုန်း)
No comments:
Post a Comment