Monday, February 18, 2008

လမ်းလျှောက်တတ်သောသစ်ပင်နှင့် အတောင်ပံမရှိသော တေးသီငှက် (၂)





အဲဒီ့နောက်ပိုင်း ငှက်ကလေးဟာ သစ်ပင်ကြီးဆီကို မကြာခဏ ပျံသန်းရောက်ရှိခဲ့သလို သစ်ပင်ဟာလည်း ငှက်ကလေးလာမယ့်နေ့ကိုပဲ မျှော်နေမိခဲ့တယ်လေ.

တစ်နေ့ မနက်ခင်းမှာပေါ့.

ငှက်ကလေး သစ်ပင်ဆီကို ရောက်ရှိလာတဲ့အချိန်မှာ သစ်ပင်ဟာ ခါတိုင်းလို စိမ်းလန်းရွှင်ပျနေခြင်း မရှိခဲ့ပါဘူး.

ငှက်ကလေးက.

“မင်း ဘာဖြစ်နေတာလဲ သစ်ပင်. ငါ့ကို ခါတိုင်းလိုတောင် မဆီးကြိုတော့ပါလား.”

သစ်ပင်က အားယူပြီး ခေါင်းမော့ကြည့်ရင်းက.

“မဟုတ်ပါဘူး ငှက်ကလေးရယ်. ငါ ၀မ်းနည်းနေလို့ပါ”

အဲလိုပြောရင်း ခေါင်းပြန်ငုံ့သွားတဲ့ သစ်ပင်ကို ကြည့်ရင်း ငှက်ကလေးစိတ်ထဲ မရိုးမရွ ဖြစ်သွားခဲ့တယ်.

“ငါ့ကို ပြောပြလေ. မင်း ဘာတွေ ဖြစ်နေတာလဲ ဆိုတာကိုပေါ့”

သစ်ပင်က မချိပြုံး ပြုံးပြရင်းက.

“ငါ ညက မင်းကို သိပ်လွမ်းနေခဲ့တယ် ငှက်ကလေး...”

ငှက်ကလေးက သူ့အတောင်ပံလေးကို တဖျပ်ဖျပ် ခတ်လိုက်ရင်းက.

“သစ်ပင်ကလည်းကွာ. ဒါ စိတ်မကောင်းဖြစ်စရာလား. မင်းငါ့ကို သတိရလို့ လွမ်းတာပဲ. ပြီးတော့ ငါ အခုမင်းဆီကို လာနေတာပဲလေ.”

“ငါက မင်းကို အမြဲ လာနေစေ့ချင်တာ. ပြောရရင် မင်းစိတ်ထဲမှာ ငါဆိုတာ ရှိနေတဲ့ အချိန်တိုင်း ငါ့ဘေးနားမှာ မင်းကို ရှိနေစေချင်တာ”

“ငါကြိုးစားပြီး လာနေတာပဲလေ. တစ်ခါတစ်လေတော့လည်း ငါမလာနိုင်တာ တစ်မျိုးမထင်ပါနဲ့ကွာ. ငါ့မှာလည်း ငှက်တစ်ကောင်ရဲ့ ၀တ္တရားတွေ ရှိသေးတယ်ကွ.”

သစ်ပင်က.

“မဟုတ်ဘူး ငှက်ကလေး. မင်းငါ့ဆီကို လာတာမလာတာထက် မင်းရဲ့ ကိုယ်ပိုင်မဟုတ်တဲ့ အတောင်ပံတွေအတွက်သာ ငါစိတ်မကောင်းဖြစ်နေမိတာပါ.”

ငှက်ကလေးလည်း ခေတ္တငြိမ်သက်သွားခဲ့တယ်.

ပြီးတော့ မျက်နှာလေးကို လွှဲလိုက်ရင်းက..

“ဒီလိုပါပဲ. သစ်ပင်ရယ်. ငါက ကိုယ်ပိုင်အတောင်ပံ မရှိတဲ့ ငှက်တစ်ကောင်ပါ.”

ငှက်ကလေးက သက်ပြင်းတစ်ချက်ကို လေးတွဲ့စွာ ချလိုက်ရင်းက

“အတိအကျ ပြောရရင်တော့ ငါက အတောင်ပံ မရှိတဲ့ တေးသီငှက်တစ်ကောင်ပါ သစ်ပင်ရယ်…”

ဒီလိုနဲ့ သူတို့ကြားထဲမှာ ရေခဲမြစ်တစ်ခု ဖြတ်စီးနေခဲ့တယ်.

ခဏနေတော့ သစ်ပင်လည်း တစ်စုံတစ်ခုကို ချက်ချင်း သတိရသွားရင်းက…

“ဆောရီးကွာ. ငါလည်း ခံစားနေလိုက်တာ နည်းနည်း သတိမေ့သွားတယ်. ရော့ မင်းအတွက်…”

ငှက်ကလေးလည်း သစ်ပင်ဖက်ကို ပြန်လှည့်ကြည့်လိုက်တော့ နှစ်ခြိုက်စွာ ပြုံးမိသွားတယ်.

ကြည့်ပါဦးလေ.

သစ်ပင်ရဲ့ ရင်ခွင်ထဲမှာတော့ သူမ သိပ်ကြိုက်တဲ့ အသည်းပုံ သစ်သီးလေးတစ်လုံး….



လွမ်းလွန်းလို့
အသည်းကျွမ်းလု ဖြစ်နေခဲ့ရင်တောင်
မျက်ရည်လွှမ်းနေတဲ့ ငါ့မျက်ဝန်းတွေနဲ့
ရွှန်းလဲ့စွာ ပြုံးပြနေချင်သေးတယ် ချစ်သူ….

........





တစ်နေ့ ငှက်ကလေး သစ်ပင်ဆီကို အလာမှာ သစ်ပင်ပေါ်မှာ တစ်ခြားငှက်ကလေးတွေ ပျော်ရွှင်မြူးတူးနေကြတာကို တွေ့လိုက်ရတယ်.

အဲဒါနဲ့ငှက်ကလေးလည်း သစ်ပင်ဆီကို မလာတော့ဘဲ ခပ်လှမ်းလှမ်းကနေသာ ရပ်ကြည့်ပြီး အကဲခတ်နေခဲ့တာပေါ့.

သစ်ပင်လည်း သူ့ကို စိုက်ကြည့်နေတဲ့ ငှက်ကလေးကို သတိမထားမိခဲ့ဘူး.

တစ်ခြားငှက်ကလေးတွေ လိုအပ်တဲ့ အရိပ်အာဝါသနဲ့ သစ်သီးလေးတွေကို သီးပေးနေခဲ့တာနဲ့ တော်တော် အလုပ်ရှုပ်နေခဲ့တယ်.

တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရတာနဲ့ သစ်ပင်လည်း သူ့နောက်ကို ဖျတ်ခနဲ လှည့်ကြည့်မိလိုက်တော့…

အို….

“ငှက်ကလေးရယ်… မင်းဘယ်တုန်းက ရောက်နေခဲ့တာလဲ. ဘာလို့ မနှုတ်ဆက်တာလဲဟင်”

“ငါ မင်းကို တွေ့ပါတယ်. တစ်ခြားငှက်တွေနဲ့ ပျော်နေလိုက်တာ. ဟွန်း. ငါရောက်နေတာတောင် မသိဘူးမလား.”

“မဟုတ်ဘူး ငှက်ကလေးရယ်. သူတို့လိုတာလေးတွေကို ငါပေးနေခဲ့တာကလွဲလို့ တစ်ခြား အပိုခံစားချက်တွေ မပါပါဘူးကွာ.”

“မယုံပါဘူး. ကြည့်နေတာ ကြာလှပြီ. သွားကြီးကို ဖြီးလို့. (အဲ.) သစ်ကိုင်းကြီးကို အကြီးကြီးလုပ်ပြထားပြီး ငှက်တွေ အများကြီးနားလို့ရအောင် လုပ်ထားလို့. မသိရင်ခက်မယ်. သစ်ပင်. ဒါကြောင့်လည်း သစ်ပင်ခြေရင်းမှာ သစ်စေ့တွေ တောင်လိုပုံနေတာပေါ့.”

“အာ. ခက်ချေပြီ. ငါ အဲလိုမဟုတ်ဘူး ငှက်ကလေး… သူတို့လေးတွေ အဆင်ပြေသွားစေချင်တာ၊ ခရီးတစ်ထောက်မှာ အမောပြေသွားစေချင်တာကလွဲလို့ ငါ့မှာ အပိုရည်ရွယ်ချက်မရှိဘူး. ယုံပါကွာ.”

ငှက်ကလေးက သူ့နှုတ်ခမ်းထော်ထော်လေးကို နှစ်တောင်လောက် စူထားရင်းက.

“နိုး!”

သစ်ပင်လည်း ငှက်ကလေး စိတ်ပြေအောင် ဘယ်လိုချော့ရမှန်းမသိ ဖြစ်သွားခဲ့တယ်.

နောက်တော့ အကြံတစ်ခု ရသွားခဲ့တာနဲ့…

“မင်းငါ့ကို စိတ်မဆိုးနဲ့တော့ကွာ. ငါမင်းကိုလွမ်းလွန်းလို့ ညက ကဗျာတစ်ပုဒ်တောင် စပ်ထားသေးတယ်. နားထောင်မလား. ငါဖတ်ပြမယ်လေ”

ငှက်ကလေးက

“သွားပါ. ခုမှ လာချော့မနေနဲ့. မင်းက သစ်ပင်ပဲကို. တေးဆိုတတ်တဲ့ ငှက်တစ်ကောင်မှ မဟုတ်တာ. မင်းကဗျာစပ်တတ်မယ်လို့ ငါမထင်ဘူး”

သစ်ပင်က စပ်ဖြဲဖြဲ ရယ်ရင်းက

“Try me!”

လှပတဲ့ မျက်စောင်းလေးတစ်ခု ထိုးလိုက်ရင်း ငှက်ကလေးက.

“လုပ်ပါဦး. နားထောင်ရသေးတာပေါ့”

သစ်ပင်က ချောင်းတစ်ချက် ဟန့်လိုက်ရင်းက ဟန်တွေပန်တွေ များနေခဲ့တာပေါ့. ကဗျာဆိုပြရတော့မယ်လေ….

ငှက်ကလေးလည်း စိတ်မရှည်နိုင်တော့တာကြောင့်…

“သိပ်ပဲများတယ်နော်. ကဗျာလေးတစ်ပုဒ် ဆိုပြဖို့အရေး ဆံပင်သပ်တင်ရတာနဲ့ သစ်ကိုင်းတွေ နေရာကျအောင် ပြင်ဆင်နေရတာနဲ့ ဟွန်း. အမြင်ကို ကပ်တယ်…”

“ဟတ်ဟတ်ဟတ်…. ဒါက စတိုင်လ်ပါ… စတိုင်လ်ရှိမှ စတားဖြစ်မယ်လေ. စိတ်လျှော့. ကိုယ် တကယ် ဆိုပြမှာပါ.”

အဲလိုပြောလိုက်တော့ ငှက်ကလေးရဲ့ နှုတ်ခမ်းနှစ်တောင်လည်း တစ်တောင်လောက်ပဲ ဖြစ်သွားခဲ့တော့တယ်.

ကျန်တစ်တောင်ကတော့ ကဗျာလေးကို ကြားရတဲ့အထိ ငှက်ကလေးရဲ့ နှုတ်ခမ်းထော်ထော်လေး အပေါ်မှာ နေရာယူထားဦးမှာပဲတဲ့လေ…

သစ်ပင်ရဲ့ မျက်ဝန်းတွေအောက်မှာ အလွမ်းတွေ ချက်ချင်း နေရာယူသွားခဲ့တယ်.

အဲဒီ့နောက်မှာတော့ ခံစားချက်အပြည့်ပါတဲ့ ကဗျာတစ်ပုဒ် သစ်ကိုင်းတွေကြားထဲက လိမ့်ကျလာခဲ့တယ်လေ…

သိက္ခာနဲ့ယုတ္ထိတွေကို ခ၀ါချလို့
ဒီတစ်ညမှာ ငါရင်ဖွင့်ပြီး ငိုပါရစေနော်
ငါမင်းကို သိပ်လွမ်းနေတယ်…

ညကမင်းပြန်လာတယ်လို့ အိပ်မက်တယ်သိလား
ငါရယ်မင်းရယ်ပေါ့လေ
ပန်းတွေဝေဆာနေတဲ့ တောအုပ်လေးတစ်ခုထဲက
သစ်လုံးအိမ်လေးထဲမှာပေါ့
ငှက်ကလေးသုံးကောင်က သစ်ပင်လေးပေါ်ကနေ
ငါတို့ကို ပြုံးပြီး ကြည့်နေကြတယ်…

ငါက မင်းကိုဖက်ထားလို့
မင်းက ငါ့ကိုမော့ပြီးကြည့်နေလို့
နှစ်ဦးသား အကြည့်ချင်းအဆုံမှာ
ရင်တွေခုန်လိုက်ရတာကွာ

မင်းရဲ့မျက်နှာလှလှလေးပေါ်မှာ ငါ့ရဲ့ အနမ်းလေးတွေ ခြွေချုလိုက်တိုင်း
ပန်းပွင့်လှလှလေးတစ်ပွင့်ပွင့်သွားခဲ့တယ်
မင်းသိလား
ညကလေ
မိုးကုပ်စက်ဝိုင်းထိ
ပန်းတွေပွင့်ခဲ့ကြတယ်ကွာ…

“အဲဒါ မင်းကို သိပ်လွမ်းလွန်းလို့ ညက ငါထိုင်စပ်မိတဲ့ ကဗျာတစ်ပုဒ်ပဲ.”

အဲလိုပြောရင်း သစ်ပင်လည်း ငှက်ကလေးရဲ့ မျက်နှာလေးကို မြတ်နိုးခြင်းများစွာဖြင့် စိုက်ကြည့်နေခဲ့တယ်.

ငှက်ကလေးလည်း ကဗျာထဲမှာ မျောနေခဲ့တယ်နဲ့တူပါတယ်. သစ်ပင်က ငှက်ကလေးရဲ့ ခေါင်းလေးကို သူ့သစ်ကိုင်းလေးနဲ့ ပုတ်လိုက်တော့မှ သတိပြန်ဝင်လာခဲ့တယ်.

“Wow! အဲဒါ မင်းစပ်တာလားဟင်”

“အင်းပေါ့. ငါစပ်ထားတာလေ”

“မင်း ငါ့ကိုလွမ်းလို့စပ်တယ်ဆိုတာ တကယ်လားဟင်”

“တကယ်ပေါ့.”

“အရင်တုန်းကရော ဒီလိုမျိုး ကဗျာတွေ စပ်ပြီး တစ်ခြားငှက်ကလေးတွေကို ဆွဲဆောင်ခဲ့ဖူးလား”

“တစ်ခွန်းပဲ ပြောမယ်. နိုး!”

ငှက်ကလေးရဲ့ နှုတ်ခမ်းထော်ထော်လေးလည်း ခုတော့ နေရာမှန်ကို ပြန်ရောက်သွားခဲ့တယ်.

“ငါသိပ်ကြိုက်တယ် သစ်ပင်ရယ်…”

သစ်ပင်က ဘာမှမပြောဘဲ ပြုံးနေခဲ့တယ်.

ငှက်ကလေးက ဆက်ပြောခဲ့တယ်.

“အထူးသဖြင့် ဟိုအပိုဒ်လေးလေ. ဘာတဲ့

မင်းရဲ့မျက်နှာလှလှလေးပေါ်မှာ ငါ့ရဲ့ အနမ်းလေးတွေ ခြွေချုလိုက်တိုင်း
ပန်းပွင့်လှလှလေးတစ်ပွင့်ပွင့်သွားခဲ့တယ်
မင်းသိလား
ညကလေ
မိုးကုပ်စက်ဝိုင်းထိ
ပန်းတွေပွင့်ခဲ့ကြတယ်ကွာ…

“လှလိုက်တာ. မိုးကုပ်စက်ဝိုင်းထိ ပန်းတွေ ပွင့်ခဲ့ကြတယ်ဆိုတာလေးက သိပ်လှတာပဲ.”

“အဲဒါ ဘာဆိုလိုတာလဲ သိလား ငှက်ကလေး”

“မသိဘူး ပြောပြ.”

“အဲဒါ မနေ့ညက မင်းကို တစ်ညလုံး ငါနမ်းနေခဲ့တယ်လို့ ပြောတာပဲ”

“အို….”

ဆက်ရန်...

<သျှင်နေမင်း>

No comments: