Monday, February 18, 2008

လမ်းလျှောက်တတ်သောသစ်ပင်နှင့် အတောင်ပံမရှိသော တေးသီငှက် (၃)


သစ်ပင်နဲ့ ငှက်ကလေးတို့ကြားမှာ သံယောဇဉ်ကြိုး အထပ်ထပ် ချည်နှောင်မိခဲ့ကြတယ်.

ငှက်ကလေး အထီးကျန်နေခဲ့ရင် သစ်ပင်က ကဗျာလေးတွေစပ်လို့၊ ရယ်စရာမောစရာလေးတွေ ပြောလို့ ပျော်ရွှင်မြူးတူးစေခဲ့သလို သစ်ပင်ဝမ်းနည်းစိတ်ပျက်နေခဲ့ရင်လည်း ငှက်ကလေးက အားပေးစကားလေးတွေ ပြောလို့ ပြန်လည် တည့်မတ်စေခဲ့တယ်လေ.

တစ်ည ငှက်ကလေး သစ်ပင်နဲ့ စကားတွေ ကောင်းနေခဲ့ရင်းက သစ်ပင်က ငှက်ကလေးကို အရမ်းယုံကြည်သွားခဲ့တယ်လို့ သူ့ပါးစပ်က ထုတ်ပြောခဲ့တယ်.

ငှက်ကလေးက.

“မင်းငါ့ကို ယုံကြည်တယ်လှို့ ပြောတာ ကျေးဇူးတင်ပါတယ်. ငါလည်း မင်းကို အားကိုးတယ်. လေးစားတယ်. ခင်မင်မိတယ်ကွာ.”

သစ်ပင်လည်း သူ့သစ်ကိုင်းလေးတစ်ဖက်ကို အသာလေး မြှောက်လိုက်ရင်းက.

“ဟိုးမှာ မြင်နေရတဲ့ ကောင်းကင်ပြင်ကြီးကို တိုင်တည်ပြီး ငါပြောချင်ပါတယ်. ငါမင်းကို သိပ်ချစ်တယ် ငှက်ကလေးရယ်…”

ငှက်ကလေးလည်း ပြုံးနေရာက မျက်နှာတစ်ချက် ပျက်သွားခဲ့တယ်.

“မဟုတ်ဘူး သစ်ပင်… မဟုတ်ဘူး..”

“ဘာလဲ. ငါမင်းကို ချစ်လို့မရဘူးလား. ငါက သစ်ပင်ဖြစ်နေပြီးတော့ မင်းက ငှက်ကလေး တစ်ကောင် ဖြစ်နေလို့လား”

“မဟုတ်ဘူး သစ်ပင်. မင်းငါ့ကို ခင်လို့ရတယ်. ချစ်လို့မရဘူး”

“ငါနားမလည်ဘူး. ငှက်ကလေးရယ်. ကျေးဇူးပြုပြီးတော့ ငါနားလည်အောင် ပြောပြပေးပါ.”

“မင်းတစ်နေ့ သိလာမှာပါကွာ.”

“မဟုတ်ဘူး. ငါသိချင်တယ်. ငါခံနိုင်ရည်ရှိပါတယ်.”

ငှက်ကလေးလည်း တော်တော်လေး အကြံအိုက်သွားခဲ့တယ်. သစ်ပင်ကို ပြောလည်း ပြောပြချင်တယ်. သစ်ပင်ခံစားသွားရမှာကိုလည်း သူမလိုလားဘူးလေ.

ဒါပေမယ့် မပြောပြပြန်ရင်လည်း အခြေအနေတွေ ပိုဆိုးလာနိုင်တာကြောင့် ငှက်ကလေး ဆုံးဖြတ်လိုက်တယ်.

“ငါပြောမယ် သစ်ပင်.”

“အင်း. ပြောပါ. ငါနားထောင်နေပါတယ်.”

သစ်ပင်လည်း သူ့ရဲ့ သစ်ကိုင်းတစ်ဖက်ကို လိုလိုမယ်မယ် မြေကြီးပေါ်မှာ ထောက်ထားရင်းက သူ့ကိုယ်သူ တည့်မတ်အောင် ထိန်းထားခဲ့တယ်.

“ငါဟာ အချိန်တန်ရင် အိမ်ပြန်အိပ်ရမယ့် ငှက်တစ်ကောင်ပါ.”

“ဟတ်. ဒါများဘာဆန်းလို့လဲ. အချိန်တန်ရင် အိမ်ပြန်ရမယ်ဆိုတာ ငှက်တိုင်းပဲကို…”

“မဟုတ်ဘူး သစ်ပင်… သေချာနားထောင်ပါ.”

“အိုကေကွာ. ငါနားထောင်မယ်. ငါစိတ်လောနေလို့ပါ..”

“ငါပြန်ပြောပြမယ် သစ်ပင်. ငါဟာ အချိန်တန်ရင် အိမ်ပြန်အိပ်ရမယ် ဆိုတာ တစ်ခြားငှက်တွေလို သူတို့ နှစ်သက်ရာ သစ်တစ်ပင်ပေါ်မှာ အိပ်စက်အနားယူဖို့ ခွင့်မရှိဘူး.”

ငှက်ကလေးက အဲလိုပြောရင်း သစ်ပင်ကို လှမ်းကြည့်နေသတဲ့…

သစ်ပင်လည်း သူ့သစ်ကိုင်းကို တစ်ချက် လှုပ်ပြရင်းက ဆက်ပြောဖို့ အချက်ပေးလိုက်တော့.

“ငါ အချိန်တန်ရင် အိမ်ပြန်အိပ်ဖို့ ငါ့မှာ သတ်မှတ်ရွေးချယ်ထားတဲ့ အိမ်တစ်လုံး ရှိနှင့်ပြီ သစ်ပင်ရယ်…”

ထူးခြားလွန်းစွာ နှုတ်ဆိတ်နေတဲ့ သစ်ပင်ကို လှမ်းကြည့်ရင်းက.

“မင်းတစ်ခုခု ပြန်မပြောတော့ဘူးလား သစ်ပင်…”

သစ်ပင်လည်း အိပ်မွေ့ချခံထားရာက နိုးလာသူတစ်ယောက်လို အထိတ်တလန့် ဖြစ်သွားခဲ့ရင်းက…

“ဟင်… ငါ ဘာပြန်ပြောရမှာလဲ…”

“တစ်ခုခုပေါ့ သစ်ပင်ရယ်. ဘာပဲဖြစ်ဖြစ်ပါ. မင်းရင်ထဲက ထွက်ကျလာမယ့် တစ်ခုခုပေါ့.”

သစ်ပင်လည်း သူ့သစ်ကိုင်းတွေအောက်က မြေကြီးကို အကြောင်းမဲ့ စိုက်ကြည့်နေခဲ့ရင်းက သူ့သစ်ကိုင်းလေးတွေကို လှုပ်လိုက်ခဲ့ပြန်တယ်.

ပြီးတော့ ငှက်ကလေးရဲ့ ချစ်စရာ မျက်နှာလေးကို နွမ်းနယ်အားလျော့တဲ့ အကြည့်လေးတွေနဲ့ ကြည့်ရင်းက ကဗျာသံစဉ်ချိုလေးတစ်ပုဒ် ထွက်ကျသွားခဲ့ပြန်တယ်လေ…

ချစ်သူကို ပွင့်လင်းစွာချစ်ခွင့်ရချင်ပါတယ်.
ချစ်သူစိုးရွံ့မှာကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်.
ချစ်သူနဲ့ ကိုယ်ကြားမှာ မကျော်နိုင်တဲ့ အဆီးအတားတစ်ခုရှိနေတယ်
ချစ်သူမလိုလားတဲ့ ဖြစ်ရပ်မျိုးကိုလည်း ကိုယ်မဖန်တီးချင်ပါဘူးကွယ်…

ချစ်သူမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေကို ကိုယ်သိအောင် ကြိုးစားမိခဲ့တယ်.
ဒါဟာလည်း ချစ်သူရင်ထဲက ပြောမပြဖြစ်တဲ့ နာကျင်မှုတွေကို ကုစားပေးချင်လို့ပါ.
ကိုယ်ဒီလိုကြိုးစားမိလို့ ချစ်သူ့ရင်ကို ပိုနာကျင်မိသွားစေလားဟင်
ဒါဆိုရင်တော့ ကိုယ့်ရဲ့ရင်ဘတ်ကို ကျောပြင်အဖြစ်ပြောင်းလိုက်ပါမယ်ချစ်သူရယ်..



ကိုယ့်ရင်ထဲက အချစ်တွေကို ချစ်သူ မသိချင်နေပါ.
ကိုယ့်ဆင်ခြင်တုံတရားရဲ့ ကျဆုံးမှုကိုလည်း ချစ်သူ မမြင်ချင်နေပါ.
ကိုယ့်ရဲ့သံယောဇဉ်နဲ့တွယ်တာမှုကိုတော့ ပြက်ရယ်မပြုပါနဲ့နော်…

ခံစားပါချစ်သူ
ချစ်သူရဲ့မျက်ဝန်းလေးပေါ်မှာ ဖြာဆင်းနေတဲ့ နေခြည်နုထွေးလေးတွေမှာ
ချစ်သူအပေါ်ထားတဲ့ ကိုယ့်မေတ္တာရဲ့ နွေးထွေးမှုလေးတွေ ပျော်ဝင်နေတယ်.

ငိုလိုက်ပါချစ်သူ
မေတ္တာလိုအပ်နေတဲ့ အားနည်းသူလေးတွေအတွက်
ချစ်သူရဲ့ နှလုံးသားထဲက ကိုယ်ချင်းစာတရားလေးကို ဖော်ကျူးပေးနိုင်ဖို့ပေါ့

ပြုံးလိုက်ပါချစ်သူ
မှောင်မိုက်နေတဲ့ ဒဏ်ရာနေ့ဟောင်းလေးတွေ
အားအင်သစ်နဲ့အတူ ပြန်လည်နိုးထလာနိုင်ဖို့ပေါ့.

ရယ်လိုက်ပါချစ်သူ

ကမ္ဘာလောကကြီးရဲ့ ပူဆွေးသောကတစ်ချို့ကို
ချစ်သူရဲ့ ရယ်သံချိုချိုလွင်လွင်လေးနဲ့ ကုစားပေးဖို့ပေါ့

မျက်လုံးလေးမှိတ်ထားပေးပါချစ်သူ.
ချစ်သူ့ရဲ့အာရုံထဲမှာ သက်ရောက်မှုတွေ ကင်းကွာနေတဲ့
ဒီလိုရှားပါးတဲ့ အခိုက်အတန့်လေးတစ်ခုမှာ
ချစ်သူရဲ့ နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေးနမ်းပြီး
တိုးတိုးလေးပြောခဲ့ချင်ပါတယ်…
...
...
မြတ်နိုးရပါတယ် ချစ်သူရယ်…
...
...


ဆက်ရန်...

<သျှင်နေမင်း>

2 comments:

Anonymous said...

ဇာတ်လမ်းလေး တအားမိုက်တယ် ကိုရန်အောင်ရေ။ အားပေးနေတယ်နော်။

မေပျို said...

အရှိန် မြင့်ပြီဆို ထားခဲ့ပြန်ပြီ။ မျှော်နေမယ်နော်။