Tuesday, February 05, 2008

ရင်ဘတ်ထဲရောက်သွားသော ကဗျာတစ်ပုဒ်...


ဘလော့ဂ်တွေ လိုက်ဖတ်ကြည့်ရင်း ကိုယောဟန်အောင် ရဲ့ ဘလော့ဂ်မှာ ကျွန်တော်နှစ်သက်မိတဲ့ ကဗျာလေးတစ်ပုဒ်တွေ့ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်.

အစွဲတွေကို ခေတ္တ မှောင်ရိပ်ထဲမှာ ချော့သိပ်ခဲ့ပြီးမှ ဒီကဗျာလေးကို ဖွင့်ထားတဲ့ နှလုံးသားနဲ့ ဖတ်စေချင်ပါတယ်.

ဇင်တရားတော်နှင့် ဘလော့စီမံရေးသား မွေ့လျော်ခြင်း အနုပညာ

ငါက ဘာသာပြန်တာတွေ မှားလွန်းလို့
ဘာသာမပြန်ဘဲ ဒီအတိုင်းဖတ်တော့တယ်
ပစ္စုပ္ပန်မှာပဲ နေထိုင်တယ်
သီချင်းတွေ နားထောင်တယ်
ဘလော့ဂါ ဖြစ်တာကို ဘ၀င်မြင့်စရာမလို
အွန်လိုင်း ထီပေါက်တာလည်း ဘယ်သူမဆို ဖြစ်နိုင်တာပဲ။

လူပျောက်ကြော်ငြာ မထည့်ပါနဲ့။
ဘလော့ပေါ်မှာ ဘာမဆိုဖြစ်တယ်
ဇာတ်လိုက်တယောက်ဟာ အကြိမ်ကြိမ် အရေခွံလဲနိုင်သလို
လူကြမ်းဟာလည်း အကြိမ်ကြိမ် ထိုးခံရ လဲကျနိုင်တယ်။

မှော်ကျင်းထဲက မျောလာတဲ့ စကားလုံးတွေကို ဆယ်ယူလိုက်
ရင်ထဲ ခဏခံစားလိုက်ပါ
ပြီးတော့ ပြန်မျောချလိုက်တာကောင်းတယ်။
အသေ ဆုပ်မထားတော့ဘူး။

ကိုယ့်ကို နားမလည်ရင်လည်း နားမလည်တဲ့အတိုင်း ထားလိုက်
ကိုယ်က နားမလည်ရင်လည်း နားမလည်တဲ့အတိုင်း ထားလိုက်။

ဒါဟာ ဂုဏ်ယူဖွယ် သမိုင်းရေးနေတာ မဟုတ်သလို
နောင်တရစရာ အတိတ်လည်း မဟုတ်ပေဘူး။

ငါ့ကိုယ်ငါ သစ်တောလို အမြဲစိမ်းထားခဲ့တယ်
ငှက်တကောင် လာနားမှာပေါ့။

ငါ့ကိုယ်ငါ သမုဒ္ဒရာကြီးလို ပြာထားပေးခဲ့တယ်။
လှိုင်းထလောက်အောင် လေလာမှာပေါ့။

ငါ့ကိုယ်ငါ တိမ်တွေလို လွှင့်ထားပေးခဲ့တယ်။
စွန်ကလေးတခု ငြိကောင်းရဲ့။

ငါ့ကိုယ်ငါ ရေတွင်းအိုလေးတခုလို
ချိုအေးထားပေးခဲ့တယ်။
တယောက်ယောက်ကတော့ “နှင်းရေ” လို့ လာအော်လိမ့်မယ်။

ငါဖုန်းကို “အွန်”ထားခဲ့တယ်။
ဂျီ-တော့ခ်ကို စိမ်းထားခဲ့တယ်။
ငါ စိတ်ကို ဖွင့်ထားခဲ့တယ်။
ငါ့ အခန်းကို ရှင်းထားခဲ့တယ်
ဘာလုပ်ဖို့ ကျန်ပါသေးသလဲ။

ငါက ပျော်ရွှင်ဖို့ အသင့်ဖြစ်နေသလို
ငါက ငိုကြွေးလိုက်ဖို့လည်း အသင့်ဖြစ်နေခဲ့တယ်။

ယောဟန်အောင်
၎ ဖေဖေါ်ဝါရီ ၂၀၀၈

သိပ်ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါပဲ ကိုယောရေ...

(ရန်အောင်)

No comments: