Tuesday, January 12, 2016

အစွန်းများ၏ အခြားတစ်ဖက်...


သည်ရက်ပိုင်း နယူးယောက် မြို့တော်ကြီးဟာ အပူအအေး တော်တော်လေး မမျှမတ ဖြစ်နေခဲ့သလို ရာသီဥတုကလည်း မှန်းရခပ်ခက်ခက် ဖြစ်နေခဲ့တယ်။ အရင်တစ်ပတ်က အပူချိန် အနုတ်အောက် ၁၈ ဒီဂရီ စင်တီဂရိတ်လောက်ထိ ကျသွားခဲ့သလို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကကျတော့လည်း တိမ်ညိုတွေ တစ်နေကုန် အုံ့မှိုင်းပြီး မိုးတွေ တစွပ်စွပ် ရွာနေခဲ့တယ်။ မနေ့က မြူတွေဆိုင်းနေပြီး သည်နေ့ကျပြန်တော့ လေတွေက ကျွတ်ဆတ်ဆတ်နဲ့ အေးခဲနေပြန်ရော။ ဖုန်းထဲက Weather Apps လေးကို ကြည့်ရုံနဲ့တင် မလုံလောက်ဘဲ ကိုယ်တိုင် အပြင်ထွက်ပြီး လမ်းလေး နည်းနည်းလျှောက်ကြည့်လိုက်မှပဲ အင်္ကျီဘယ်လောက်ထူထူ ဝတ်သင့်တယ်၊ လက်အိတ်ဆောင်သင့်၊ မဆောင်သင့်ကို ဆုံးဖြတ်လို့ရတယ်။


မနေ့က Seminar ကို မြန်မာမိသားစုတွေ သိပ်မလာနိုင်ဖြစ်ခဲ့ကြပေမယ့် သူတို့ကိုယ်စား မေးခွန်းတွေကို ကိုယ်တိုင်လည်း မေးဖြစ်သလို သူများတွေ မေးတာကိုလည်း ကျွန်တော့်မှတ်စုလေးထဲမှာ မှတ်လာခဲ့ဖြစ်တယ်။ တစ်ခါတလေကျတော့လည်း ကိုယ့်ကိုယ်ကို ပြန်ဆုံးမနေရတယ်။ လူဆိုတာ ဘာမဆို ကိုယ်ကချည်းပဲ အရင်ဆုံး ရချင်တတ်တဲ့အပြင် သိထား၊ တတ်ထားတဲ့ အချက်အလက်တွေကို သိပ်မပေးချင်တတ်ကြတဲ့ စိတ်အခံလေးက ရှိတတ်ကြစမြဲ။ အဲဒါနဲ့ ဆန့်ကျင်ဖက် စိတ်တစ်မျိုးကလည်း ရှိတတ်ပြန်တယ်။ ကိုယ်သိထားတတ်ထားတဲ့ အခံနည်းနည်းလေးနဲ့ အရာအားလုံးကို သိပြီးတတ်ပြီးသယောင် ထင်မိလုပ်မိတတ်ပြန်တယ်။ သည်အစွန်းနှစ်ဖက်ကို လွတ်အောင်ရှောင်ပြီး ကိုယ့်စိတ်အနေအထား ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့အတွက် မာန်မာနဆိုတဲ့ သဘောတရားကို နားလည်ဖို့ရယ်၊ အတိုင်းအတာတစ်ခုထိ ရင့်ကျက်ပြည့်ဝတဲ့ စိတ်အခံတစ်ခုရယ် ရှိဖို့လိုအပ်တယ်လို့ ထင်မိတယ်။

“မြန်မာကျောင်း ဖွင့်သတဲ့၊ ငါတို့ ကလေးတွေအတွက် မြန်မာလို တိုင်ပင်ဆွေးနွေးပေးနိုင်မယ့် နေရာတစ်ခု၊ အပြင်က အခုမှ ရောက်လာမယ့် မြန်မာလူငယ်၊လူကြီးတွေအတွက် အင်္ဂလိပ်စကား ရေး၊ဖတ်၊ပြော သင်ပေးနိုင်မယ့် နေရာတစ်ခု၊ ကလေးတွေ ဘယ်လိုစာမေးပွဲတွေ ဖြေသင့်တယ်၊ ဘယ်လိုကျောင်းတွေ လျှောက်သင့်တယ်၊ ကျောင်းလျှောက်တဲ့ အက်ဆေးကို ဘယ်လိုရေးသင့်တယ်ဆိုတာကို လမ်းညွှန်ပေးနိုင်မယ့် နေရာတစ်ခုတော့ ပေါ်လာပြီဟဲ့” ဆိုပြီး ဝမ်းမြောက်ဝမ်းသာနဲ့ လှိုက်လှိုက်လှဲလှဲ ချီးကျုးဂုဏ်ပြူသူတွေ ရှိကြသလို “သူက ဘာမို့လဲ၊ ဒီမှာ Born တာမို့လို့လား၊ E ကရော ဘယ်လောက်ကောင်းလို့လဲ၊ မြန်မာလို သင်နေရင်တော့ ကလေးတွေ ဟိုမရောက်သည်မရောက် ဖြစ်ဦးမယ်၊ သည်ကျောင်းက ဘယ်လောက်များ စနစ်ကျမှာမို့လဲ၊ သည်ဆရာနာမည် ကြားတောင်မကြားဖူးဘူး၊ အမေရိကားမှာ ကျောင်းတွေက အကုန်တာဝန်ယူ သင်ပေးပြီးသား၊ ငါတို့ကလေးတွေက သည်လိုကျောင်းတွေ ထားဖို့ မလိုဘူး၊ အဖြူဆရာတွေ သုံးတော့ရော သူတို့က အတွေ့အကြုံ ဘယ်လောက်ရှိလို့လဲ” စသည်ဖြင့် နောက်ကွယ်ကနေ ထောမနာပြုသူတွေလည်း များလှပါတယ်။

သည်းခံရပါတယ်။ ကျွန်တော့်ကို ချစ်ခင်သူ၊ အားကိုးလိုသူ၊ တိုင်ပင်လိုသူတွေ အတွက် ညီတစ်ယောက်လို၊ တူတစ်ယောက်လို၊ သားတစ်ယောက်လို ဝိုင်းဝန်းကူညီ အဖြေရှာပေးတဲ့အခါမှာ တစ်ခုခု ပြန်ရမှ ဆိုတဲ့ စိတ်မျိုး လုံးဝမမွေးဘဲ ကိုယ်သိထား၊ တတ်ထားတဲ့ အချက်အလက်ပေါ် မူတည်ပြီး သူတို့ စိတ်ထဲမှာ သံသယတွေ၊ ဒွိဟတွေ ကင်းပါစေရော့ဆိုတဲ့ စိတ်စေတနာ သန့်သန့်ထားနိုင်ဖို့ ကိုယ့်ကိုယ်ကို အမြဲသွန်သင်ဆုံးမထားပါတယ်။ သည်လိုပါပဲ။ ကိုယ့်အရည်အချင်းကို မယုံကြည်သူ၊ ကိုယ့်ကို မချစ်ခင် မနှစ်မြို့သူ၊ ကိုယ့်ထက် သူတို့သိတဲ့အရာတွေက သာတယ်၊ ပိုတယ်လို့ မှတ်ယူယုံကြည်ပြီး ခပ်ကင်းကင်း နေလိုသူတွေအတွက်လည်း လှိုင်းဘယ်လောက်ပုတ်ပုတ် ကျောက်ဆောင်ဟာ မတုန်လှုပ်တတ်သလိုမျိုး ကိုယ်ရည်ကိုယ်သွေးကို တည်ငြိမ်ရင့်ကျက်အောင် ကျွန်တော့်ဖက်က လေ့ကျင့်ထားရပြန်ပါတယ်။

သမိုင်းပညာရှင်လည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ Jacques Barzun ပြောထားဖူးတဲ့ စကားလေးတစ်ခွန်းရှိတယ်။

 “You should have education enough so that you won’t have to look up to people; and then more education so that you will be wise enough not to look down on people.

“ခင်ဗျားဟာ တစ်ဖက်သားအပေါ် အထင်တွေ အရမ်းကြီးနေရတဲ့ အနေအထားမျိုး မဖြစ်ရအောင် လုံလောက်တဲ့ ပညာတစ်ခုကို တတ်မြောက်ထားသင့်တယ်။ ပြီးတော့ တစ်ဖက်သားကို အထင်သေးနှိမ့်ချတဲ့ အမြင်မျိုး မဝင်မိအောင် သည့်ထက်ပိုပြီး ပညာတတ်ထားသင့်တယ်” တဲ့။

လူဆိုတာတော့ အမြင်အမျိုးမျိုး၊ ခံစားချက် အမျိုးမျိုးနဲ့ ပြောကြဆိုကြမှာပဲလေ။ သူတို့အားလုံးမှာ သံသယဖြစ်ပိုင်ခွင့် ရှိပါတယ်။ အဓိက အချက်က သူတို့ထားတဲ့ သံသယတွေအောက်မှာ ကိုယ်ဟာ နစ်မွန်းသွားဖို့ မဟုတ်ဘဲ ကိုယ့်အရည်အချင်းကို ပြသနိုင်ဖို့က လိုရင်းလို့ မှတ်ယူပြီး ပုံမှန်ထက် ပိုကြိုးစားဖြစ်အောင် ကိုယ့်ကိုယ်ကို ပြန်တွန်းအားပေးဖြစ်ပါတယ်။

ပထမတစ်ကြိမ် Seminar လုပ်ပြီးကတည်းက ကျောင်းသားမိဘတွေ တော်တော်များများနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့တယ်။ တစ်ချို့က လူကိုယ်တိုင်၊ တစ်ချို့က ဖုန်းကတစ်ဆင့်၊ တစ်ချို့ကတော့ မေးလ်ကတစ်ဆင့်၊ တစ်ချို့ကတော့ ဖေ့စ်ဘွတ်ခ် ချက်ဘောက်စ်က တစ်ဆင့် သိချင်တာလေးတွေ မေးကြပါတယ်။ သူတို့ ကလေးငယ်တွေရဲ့ အတန်းပေါ်မူတည်ပြီး ဘယ်အရာတွေကို စလုပ်သင့်တယ်၊ ဘယ်အရာတွေကိုတော့ တိုက်တွန်းသင့်တယ် စသည်ဖြင့် တတ်နိုင်သလောက် ကျွန်တော်ပြန်ဖြေပေးဖြစ်ပါတယ်။

တကယ်တော့ ကျွန်တော်တို့တွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ ကိုယ်စီကိုယ်ငှ အတွေ့အကြုံတွေ ပိုရလာတတ်တာကြောင့် တစ်ခါတလေမှာ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်ရပ် မဟုတ်ပေမယ့်လည်း အနည်းငယ်သိရုံနဲ့ အလုံးစုံ တတ်ကျွမ်းနားလည်သယောင် လုပ်မိတတ်ကြပါတယ်။ ဒါတွေဟာ လူအများစုရဲ့ သဘော သဘာဝ ဖြစ်ကောင်းဖြစ်ပေမယ့်လည်း သတိရှေ့ထားပြီး ဆင်ခြင်ဆုံးမနိုင်မယ်ဆိုရင်တော့ ဘယ်လိုအချိန်မှာ စကားပြောပြီး၊ ဘယ်လိုအချိန်မှာ နားထောင်သင့်တယ်ဆိုတဲ့ အစွန်းနှစ်ဖက်ကို ကောင်းကောင်းချိန်ဆနိုင်မှာပါပဲ။ သည်အစွန်းနှစ်ဖက်ကြားမှာ အံဝင်ခွင်ကျ မဖြစ်ဘဲ ငါ့စကားနွားရ ပြောမိဆိုမိတဲ့ အခိုက်အတန့်တွေလည်း ကျွန်တော့်မှာ အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးရဲ့။


သည်ညနေ စာသင်ဖို့အတွက် စာရွက်တွေ အိမ်မှာ မိတ္တူဆွဲနေတုန်း မက်ဆေ့ခ်ျတစ်ခု ဝင်လာတာနဲ့ ဖွင့်ကြည့်မိလိုက်တယ်။ ကျွန်တော်စာသင်ပေးနေတဲ့ ကျောင်းသူတစ်ယောက်ရဲ့ အဖေဆီက မက်ဆေ့ခ်ျပါ။ ကျွန်တော်နေတဲ့ ရပ်ကွက်နားမှာ သူ့အိမ်တစ်လုံး ရှိတယ်။ အဲသည့်အိမ်ကို လာစစ်ရင်း အပြန် သူ့သမီးကို စာသင်ဖို့အတွက် ကျွန်တော်တစ်ခါတည်း လိုက်မလားလို့ လှမ်းမေးတာပါ။ နောက်နာရီဝက်လောက်နေတော့ Supermaket တစ်ခုနားမှာ ကျွန်တော်တို့ ဆုံဖြစ်ကြတယ်။ သူ့အိမ်ကို မောင်းရင်း ကားထဲမှာ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့ကြတယ်။ ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် စကားပြောတာ တော်တော်လေး ယဉ်ကျေးပြီး ပညာတတ်ပီသပါတယ်။ ကိုယ့်ကိုယ်ကိုလည်း နာမ်စား “ကျွန်တော်” လို့ သုံးတတ်ပြီး သူ့ထက် အသက်အများကြီးငယ်တဲ့ ကျွန်တော့်ကိုလည်း “ကိုရန်အောင်” လို့ တလေးတစား ခေါ်ဝေါ်ပြောဆိုတတ်တဲ့အတွက် သူ့ကို ကျွန်တော့်ဖက်က ပိုလို့တောင် ပြန်လေးစားမိပါတယ်။

ဟိုဟိုသည်သည် စကားစပ်မိရင်းက ဒေါက်တာစောဝေလှ အကြောင်းကို ရောက်သွားခဲ့တယ်။ သူ့ဘဝဖြတ်သန်းမှု အကြောင်း ဆွေးနွေးရင်းကနေ မြန်မာပြည်သူပြည်သားတွေဟာ အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် တကယ်ကို ထူးထူးချွန်ချွန် ကြိုးစားသင်ယူနိုင်သူတွေ ဖြစ်တဲ့အကြောင်း ဆက်ပြောဖြစ်ခဲ့ကြတယ်။ သူကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ ရုန်းကန်မှုတွေအကြောင်း ဖောက်သည်ချပြောဆိုခဲ့သလို ကျွန်တော့်ကိုလည်း အားမလျှော့ဘဲ အောင်မြင်တဲ့ စာသင်ကျောင်းတစ်ခု ဖြစ်အောင် ကြိုးစားဖို့ အားပေးပါတယ်။

အဲသည့်နောက် သူသိထားတဲ့ ထူးချွန်တဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေအကြောင်း၊ သာမန်မိဘတွေ ဖြစ်ပေမယ့်လည်း အားပေးပုံ မှန်ကန်တဲ့အတွက် သူတို့ရဲ့ ကလေးငယ်တွေ ဘယ်လိုဘယ်ပုံ အောင်မြင်ထူးချွန်သွားကြတဲ့ အကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း ကျွန်တော်သိထားတဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲကမှ Harvard တို့၊ Princeton University တို့၊ Standford တို့ကို ရောက်သွားသူတွေအကြောင်း၊ Columbia University မှာ ပရော်ဖက်ဆာ ဖြစ်နေတဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်အကြောင်း၊ ဩစတြေးလျမှာ ပညာသင်ပြီး မြန်မာပြည်မှာ Management Institute ဖွင့်ထားတဲ့ ကျွန်တော်လေးစားမိတဲ့ ဆရာတစ်ယောက်အကြောင်း၊ မြန်မာပြည်မှာပဲနေပြီး နိုင်ငံတကာကျောင်းတစ်ခုကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့တဲ့ တိုင်းရင်းသားကျောင်းဆရာ တစ်ယောက်အကြောင်း စသည်ဖြင့် ပြောဖြစ်ခဲ့ကြတယ်။

ကောင်းတာတွေ ပြောပြီးတော့ မကောင်းတာတွေဖက်ကို ရောက်သွားခဲ့ပြန်တယ်။ မြန်မာပြည်မှာ နှစ်ကာလ ကြာမြင့်စွာ စနစ်တကျ ဖျက်ဆီးခံထားရတာမို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စည်းလုံးမှု၊ တာဝန်သိတတ်မှုတွေ လျော့ရဲတဲ့ အကြောင်း၊ အလုပ်နဲ့ တာဝန် ဝတ္တရားကို ကိုယ်ရေးကိုယ်တာနဲ့ မခွဲခြားနိုင်ဘဲ တာဝန်မဲ့စွာ ပြုမူလုပ်ကိုင်တတ်ကြတဲ့ အကြောင်း၊ ကိုယ်သိထားတတ်ထားတာကို တစ်ဖက်လူကို မဝေမျှနိုင်ဘဲ ကြိတ်ပုန်းလေးတွေ လုပ်ပြီး ခွင်တွေနဲ့ လှုပ်ရှားလုပ်စားနေတတ်ကြတဲ့ အကြောင်း၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေအတွက် ပညာတော်သင်ဆုတွေ၊ နိုင်ငံခြားမှာ သင်ယူဖို့ အခွင့်အလမ်းတွေ ချပေးတာကိုတောင် အစိုးရက အားမပေးဘဲ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးတဲ့ အကြောင်းတွေကို ပြောဖြစ်ခဲ့ကြပြန်တယ်။

မြန်မာပြည်မှာ နှစ်နှစ်နီးပါးလောက် အလုပ်ပြန်လုပ်ခဲ့လိုက်တဲ့အတွက် ကျွန်တော့်ရင်ထဲမှာလည်း ပြောစရာစကားတွေက ပြည့်နှက်နေရဲ့။ လေးနှစ်တိတိ ချွေးနှဲစာနဲ့ လုပ်ကိုင်စုဆောင်းလို့ အိမ်အပြန်မှာ မိသားစုလုပ်ငန်းအတွက် စာအုပ်ချုပ်စက်နဲ့ ပုံနှိပ်စက်တွေကို ကွန်တိန်နာနဲ့ သွင်းခဲ့ပါတယ်။ စက်တွေကို ဆိပ်ကမ်းမှာ သွားထုတ်တော့ ကာစတန်ဗိုလ်မှူးဆိုသူက ကွန်တိန်နာတစ်လုံးကို ၇၅ သိန်း ပေးမှ ထုတ်ခွင့်ပေးမယ်ဆိုလို့ အသားလွတ် ပေးခဲ့ရပုံတွေ၊ တရားမျှတတဲ့ စနစ်တစ်ခု မရှိတဲ့အတွက် အာဏာလက်ဝယ်ရှိသူတွေက အာဏာမဲ့ ပြည်သူတွေအပေါ် ဘယ်လိုဘယ်ပုံ အခွင့်အရေးယူ နှိပ်စက်ကလူ လုပ်ဆောင်နေပုံတွေ၊ နေပြည်တော်မှာ ခေါ်တဲ့ ကျောင်းသုံးစာအုပ် ရိုက်နှိပ်ရေးတင်ဒါမှာ ညွှန်မှူးဆိုသူတွေ၊ ဒုဝန်ကြီးသားဆိုသူတွေနဲ့ ဆိုင်ရာတွေက ဘယ်လိုဘယ်ပုံ ကြားကနေ မွှေနှောက်ဖြတ်စားသွားပုံတွေ စတဲ့အကြောင်းတွေကိုတော့ ကျွန်တော် မပြောဖြစ်ခဲ့လိုက်ဘူး။

စကားခဏနားချိန်မှာ ဘာရယ်မဟုတ်ဘဲ ကျွန်တော် မေးဖြစ်လိုက်ခဲ့တယ်။

“ဦးရော Retire ယူရင် မြန်မာပြည် ပြန်နေဖို့ အစီအစဉ် ရှိလား”

သူ့ဖက်က ချက်ချင်း အဖြေမထွက်လာသေးဘဲ ရှေ့ကို ငေးကြည့်နေရင်း ခပ်ဆဆလေး ပြန်ဖြေခဲ့ပါတယ်။

“ကလေးတွေ တက္ကသိုလ် ရောက်ပြီးရင်တော့ မပြောတတ်ဘူးဗျ။ လောလောဆယ်တော့ ကျွန်တော့်မိန်းမကလည်း မပြန်ချင်ဘူး။ သည်မှာနေတာလည်း အသားကျသလောက်ဖြစ်နေပြီဆိုတော့ မြန်မာပြည် ပြန်တယ်ဆိုလည်း အလည်အပတ်လောက်ပဲ ဖြစ်တော့မှာပါလေ”

ဆိုတဲ့ စကားကြားမှာ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို မေးခွန်းတွေ ထုတ်နေမိခဲ့တယ်။

----------

အဝေးပြေးလမ်းမကြီးပေါ်မှာ ဦးတည်ရာ မတူတဲ့ ကားတွေ ရှိသလို ဦးတည်ရာ တူညီတဲ့ ကားတွေလည်း ရှိနေခဲ့တယ်။ ကားတိုင်းကတော့ ကိုယ်မှန်မယ်ထင်တဲ့ လမ်းကို အရှိန်အဟုန်နဲ့ မောင်းနှင်နေကြဆဲ။

ခပ်လှမ်းလှမ်းကို ငေးကြည့်လိုက်တော့ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ခြောက်ပင် တစ်ပင်မှာ ငှက်တစ်ကောင်နားလို့ သူ့နှုတ်သီးကို သစ်ကိုင်းနဲ့ ပွတ်တိုက်ရင်း သွေးနေခဲ့တယ်။ ဆောင်းခိုနေတဲ့ သစ်ခြောက်ပင်ပေါ်မှာ နောက်ဆုံးသစ်ရွက်လေးများ တစ်ရွက်တလေ ကျန်မလားရယ်လို့ အားစိုက်ကြည့်မိလိုက်ချိန်မှာ ကျွန်တော်စီးလာတဲ့ ကားလေးက လှစ်ခနဲ အဝေးကို ရောက်သွားခဲ့ပြီ။

တစ်ချို့အရာတွေဟာ တကယ်မရှိလို့ မမြင်နိုင်တာ ဖြစ်နိုင်မှာပါ။

တစ်ချို့အရာတွေကတော့ တကယ်ရှိပေမယ့်လည်း အလှမ်းဝေးသွားလို့ မမြင်နိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပြန်တယ်။

ကျွန်တော် သိပ်အလှမ်းဝေးနေခဲ့ပြီလား။

လောလောဆယ်တော့ ရင်ဘတ်ထဲက နရီမဲ့အော်သံတွေကို ကြိုးညှိရင်း သည်ညနေတေးသွားကို နားဝင်ချိုအောင် တီးခတ်ရဦးမယ်...




~ ရေခဲငှက် ~

ဇန်နဝါရီ ၁၂၊ ၂၀၁၆ ခုနှစ်

5 comments:

မေဓာဝီ said...

လေးစား ချီးကျူး အားကျမိပါတယ် ကိုရန်
အမနာပ စကားတွေကို လစ်လျူရှုပြီး ဆက်လျှောက်ပါ
ကိုရန်ရဲ့ ကျောင်းလေးဟာ လိုအပ်ချက် ကွက်လပ်တခုကို ဖြည့်ပေးတဲ့ နေရာလေးလို့ မြင်ပါတယ်။

Yan said...

ကျေးဇူး မမေ. ဆက်လျှောက်နေပါတယ်. :)

သက်ဝေ said...

အစစ အရာရာ အောင်မြင်ပါစေ Mr. Yan.

Yan said...

မဂျီးသက်ဝေ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ မဂျီး သက်ဝေ... ;)

عبده العمراوى said...



شركة ترولى لمكافحة الحشرات بالقطيف