Saturday, January 02, 2016

လေဆန်ငါး


နှစ်ဟောင်းတစ်ခု ကုန်ဆုံးလို့ နှစ်သစ်ကို ရောက်ခဲ့ပြန်ပြီ။

မနက်ခင်း သတင်းတွေ လိုက်ဖတ်ကြည့်တော့ ဒူဘိုင်းမှာ ဟိုတယ်ကြီးတစ်ခု မီးလောင်၊ အစ္စရေးမှာ သေနတ်နဲ့ပစ်လို့ နှစ်ယောက်သေ၊ ပီကင်းမှာတော့ အစောဆုံးထွက်တဲ့နေကို စောင့်မျှော်ကြ၊ ဂျပန်မှာတော့ ဘုရားရှိခိုးလို့ နှစ်သစ်အတွက် ဆုမွန်ကောင်းတွေ တောင်းကြနဲ့ ကမ္ဘာတလွှားမှာ နှစ်သစ်ဟာ မင်္ဂလာလည်းရှိ၊ အမင်္ဂလာလည်း ရှိခဲ့ကြတယ်။

တစ်နှစ်တာရဲ့ ကုန်ဆုံးချိန်ဖြစ်လို့ တစ်နှစ်လုံး ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့၊ ဘယ်လိုတွေပဲ မေ့မေ့လျော့လျော့ နေခဲ့နေခဲ့ နောက်တစ်နှစ်စာ အတွက်တော့ ဆုံးဖြတ်ချက်လေးတွေ ချမှတ်တတ်ကြစမြဲပါပဲ။ သည်နှစ်ကိုတော့ ခါတိုင်းနှစ်တွေနဲ့ မတူအောင် ကြိုဆိုမယ်လို့ ဆုံးဖြတ်ပြီး နှစ်သစ်ကူးညမှာ ဘာဆုံးဖြတ်ချက်မှ မချဘဲ၊ ဘာကိုမှ ချမရေးဘဲ စန္ဒရားသံလေးကို နားထောင်လို့ အိပ်ယာဝင်ခဲ့တယ်။

မနက်ခင်း အိပ်ယာနိုးလာတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို ပြောလိုက်မိတာက “အခုလို ကြည်ကြည်လင်လင် အိပ်ယာနိုးထခွင့်ရတဲ့ ရှင်သန်မှုတစ်ခုအတွက် ကိုယ့်ကိုယ်ကို ကျေးဇူးတင်ပါတယ်” ဆိုတာပါပဲ။ ကောင်းတာတစ်ခုခု ဖြစ်ခဲ့ရင် “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲလေ” ဆိုတဲ့ ခရစ်ယာန်လူမျိုးတွေရဲ့ အလေ့အထကောင်းလေးတစ်ခုကို သဘောကျနှစ်သက်မိပြီး မွေးမြူဖြစ်ခဲ့တဲ့ အကောင်းမြင်စိတ်လေးကို ကြုံကြိုက်တိုင်း ကျင့်သုံးနေဖြစ်ခဲ့ပြီ။

တကယ်တော့ ဘဝဆိုတာ နေတတ်ဖို့လည်း လိုသလို စိတ်ထားတတ်ဖို့လည်း လိုတယ်လို့ အကြိမ်ကြိမ်အခါခါ ကျရှုံးခဲ့ဖူးတဲ့ အတွေ့အကြုံတွေက သင်ပေးခဲ့ပြီ။ မျှော်လင့်ထားတဲ့ ကောင်းသတင်းတွေ မဖြစ်လာတတ်ဘဲ မမျှော်လင့်ထားတဲ့ မကောင်းသတင်းတွေ ဖြစ်လာတတ်သလို ထိတ်လန့်နေခဲ့တဲ့ စိုးရွံ့မှုတွေ ဖြစ်မလာဘဲ မထင်မှတ်ထားတဲ့ ကံကောင်းတိုက်ဆိုင်မှုတွေလည်း ဖြစ်လာတတ်တာမို့ ကိုယ့်စိတ်ကို ဖြေလျော့နေထိုင်ရင်း အလိုက်သင့် နေထိုင်တတ်ခဲ့ပြီ။

….

ကျောင်းဖွင့်ဖို့ ကိစ္စကြောင့် အလုပ်နည်းနည်းများနေခဲ့တာနဲ့ မဝင်ဖြစ်လိုက်တဲ့ စာသင်ချိန်လေးတွေကို အစားပြန်ပေးဖို့ ခပ်စောစောပဲ ထွက်လာခဲ့ဖြစ်လိုက်တယ်။ အပြင်လောကကြီးတစ်ခုလုံးက ငှက်ကလေးတွေရဲ့ စိုးစီစိုးစီ အော်မြည်သံလေး တစ်ချို့ကလွဲလို့ ပကတိ တိတ်ဆိတ်ငြိမ်သက်လို့။ လူတွေအားလုံး နှစ်သစ်ကူးညမှာ ခုန်ပေါက်မြူးတူးပြီး နှစ်သစ်ရဲ့ မနက်ခင်းမှာ မောပန်းနွမ်းနယ်နေကြပြီ ထင်ပါရဲ့လေ။

အချိန်နည်းနည်းလေး စောနေသေးတာနဲ့ ကော်ဖီဆိုင်လေးထဲ ဝင်ပြီး ပေါက်စီတစ်လုံးနဲ့ ကော်ဖီတစ်ခွက် မှာသောက်လို့ မနက်ခင်း နေခြည်လေးက ရပ်ကွက်လေးရဲ့ လမ်းလေးတွေထဲကို ချဉ်းနင်းတိုးဝင်လာပုံလေးကို ညင်ညင်သာသာလေး စောင့်ကြည့်နေဖြစ်လိုက်တယ်။ နေရောင်ခြည်က မပြောင်းလဲပါဘူး၊ နေရောင်ခြည်ကို မြင်တွေ့နေတဲ့ လူတွေကသာ တဖြည်းဖြည်း ပြောင်းလဲနေကြတာ။

ကော်ဖီဆိုင်လေးထဲမှာ လူနည်းနည်းများလာချိန် ခပ်လှမ်းလှမ်းမှာ အမျိုးသမီးတစ်ယောက် လာထိုင်လို့ အမှတ်မထင် လှမ်းကြည့်ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာ ဘဲကင်ဝယ်ခဲ့ဖူးတာကို ပြန်သတိရမိတယ်။ ဖောက်သည်ကို ကောင်းကောင်းမဆက်ဆံဘဲ ကြိုက်ရင်ယူ၊ မကြိုက်ရင် မယူနဲ့ဆိုတဲ့ မျက်နှာပေးနဲ့ အလုပ်လုပ်နေတဲ့ အမျိုးသမီးဟာ ကော်ဖီသောက်နေချိန်မှာလည်း မျက်နှာကြော ခပ်တင်းတင်းနဲ့ပါပဲ။ ပတ်ဝန်းကျင်က လူတွေကို ဂရုမစိုက်ဘဲ နားကြပ်တပ်လို့ ဖုန်းပြောလိုက်၊ မျက်မှန်ကို ဟန်ပါပါနဲ့ ပင့်တင်လိုက်နဲ့ သူ့ရဲ့စိတ်တွေ တဖျတ်ဖျတ်လှုပ်ခတ်နေတာကို အတိုင်းသားကြားနေခဲ့ရတယ်။ အမှတ်မထင် မျက်လုံးချင်း ဆုံမိခဲ့တယ်။ မြင်တာတွေက မပြောင်းလဲပါဘူး၊ မြင်တာရဲ့နောက်က သိစိတ်၊ ထိစိတ်တွေကသာ တဖြည်းဖြည်း ပြောင်းလဲနေကြတာ။

ကော်ဖီကို ဖြည်းဖြည်းချင်း မှုတ်သောက်ရင်း လမ်းမပေါ်မှာ အရောင်အသွေးတွေ စီးဆင်းနေတာကို အလိုက်သင့် ကြည့်နေမိတယ်။ ရာသီဥတု အေးလာတာနဲ့ အမျှ လူတွေက အနွေးထည်ထူထူတွေ ဝတ်ပြီး ပိုကြီးထွားလာသလိုလို။ ကုန်းတံတားပေါ်မှာ ရထားတစ်စင်းက အရှိန်နဲ့ ခုတ်မောင်းသွားခဲ့တယ်။ လေအရှိန်နဲ့ လှုပ်ခတ်သွားတဲ့ အရိုးပြိုင်းပြိုင်း သစ်ကိုင်းလေးတွေကို ငေးကြည့်ရင်း နှင်းမှုန်လေးတွေ ကျလာခဲ့ရင် ဘယ်လိုပုံလေးတွေ ဖြစ်နေမလဲလို့ စိတ်ကူးနဲ့ ပုံဖော်နေကြည့်ခဲ့တယ်။

သည်နှစ်ကျမှ နှင်းက လာခဲပါဘိတောင်း။

….

ကျောင်းသားအိမ်မှာ စာသင်ပြီး ပြန်ထွက်လာတော့ အသိအန်တီ တစ်ယောက်က ဖုန်းဆက်တယ်။
“ကိုရန်အောင် ပေးလိုက်တဲ့ ပန်းအိုးလေးက ပန်းလေးတွေ ပွင့်နေပြီ၊ သည်ဖက်ရောက်ရင် ဝင်ခဲ့ပါဦး၊ လက်ဆောင်ပေးစရာလည်း ရှိလို့” တဲ့။

ကျောင်းဖွင့်ပွဲနေ့က အသိညီမလေး တစ်ယောက် လက်ဆောင်ပေးတဲ့ Lily ပန်းအိုးလေးကို လိုချင်တယ်ဆိုပြီး ယူသွားခဲ့တာကို အမှတ်ရမိတယ်။ နှစ်သစ်မှာ ပန်းပင်လေး ပွင့်တယ်ဆိုတော့ ကောင်းတာပေါ့။

“ကျွန်တော် ကျောင်းသားနောက်တစ်ယောက်ဆီကို ဆက်သွားနေလို့ အဲသည့်ဖက် မရောက်ဖြစ်လောက်တော့ဘူး အန်တီ၊ ဟက်ပီးနယူးရီးယားပါ၊ အောင်မြင်ပျော်ရွှင်ပြီး ရာထူးတွေ တက်ပါစေ အန်တီ..” ဆိုတော့ တဟားဟားနဲ့ ရယ်နေလေရဲ့။ သွေးမတော် သားမစပ်ပေမယ့် အကျိုးလိုလားသူ အချင်းချင်း ရင်းနှီးခင်မင်ကြတာ ဓမ္မတာပါပဲလေ။ ကျောင်းဖွင့်ပွဲနေ့က ဧည့်သည်တွေ ပြန်သွားတော့ တံမြက်စည်း တစ်ချောင်းယူပြီး ခန်းမတစ်ခုလုံးကို လှည်းကျင်းပေးနေတဲ့ အန်တီကို မြင်လိုက်ရတော့ တော်တော်လေး အားနာသွားခဲ့ရတယ်။

“ရတယ် ကိုရန်အောင်၊ တော်ကြာ ပြောစရာ ဖြစ်သွားမှာစိုးလို့၊ ကိုယ်လုပ်စရာရှိတာ လုပ်ပါ” တဲ့။

တကယ်တော့ ကျောင်းဖွင့်ဖို့အတွက် အခန်းရှာနေချိန်မှာ ကူညီခဲ့တာလည်း အဲသည့်အန်တီပါပဲ။ အိမ်ပွဲစား နှစ်ယောက် ပြောင်းရှာတာတောင် စာသင်ခန်းအတွက် နေရာအဆင်မပြေ ဖြစ်နေခဲ့ရာကနေ သူက တရုတ်သတင်းစာ တစ်စောင်ယူလာခဲ့လို့ ကြော်ငြာတွေကို အကုန်ဖတ်ပြပေးတယ်။ သတင်းစာထဲက ကြော်ငြာတွေကို ဖုန်းခေါ်ပြီး တရုတ်လိုပြော၊ ကျွန်တော့်ကို မြန်မာလို ပြန်ပြော၊ ကျွန်တော်သိချင်တာကို ဟိုဖက်ပြန်ပြောနဲ့ နောက်ဆုံးမှာ လိုချင်တဲ့ အခန်းကို လိုချင်တဲ့ နေရာမှာ ရလိုက်တယ်။

သူ့သမီးအငယ် ကောလိပ်အက်ဆေးရေးဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ကျွန်တော့်ကို ဖုန်းဆက်ခေါ်လို့ တစ်ပတ်လောက် ခေါင်းချင်းဆိုင်ပြီး ကူညီရေးပေးခဲ့တော့ သူကလည်း ကျေးဇူးတွေပြန်တင်ပြီး ခေါက်ဆွဲတွေ ကိုယ်တိုင်ကြော်ကျွေးလေရဲ့။

ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို အမှတ်ရမိပြန်တယ်။

တစ်ခါက ခရီးသွားတစ်ယောက် သူတစ်ခါမှ မရောက်ဖူးတဲ့ မြို့တစ်မြို့ကို ရောက်လာခဲ့တယ်။ မြို့အဝင်တံခါးဝဘေးမှာ ပန်းတောင်းကြီးချလို့ ဈေးရောင်းနေတဲ့ အမျိုးသမီးကြီးက ပျူငှာစွာနဲ့ နှုတ်ခွန်းဆက်ပါတယ်။

“ကြိုဆိုပါတယ် မောင်ရင်”

ခရီးသွားက အမျိုးသမီးကြီးကို တစ်လှည့်၊ ပန်းတောင်းကြီးကို တစ်လှည့်ကြည့်ပြီး မေးလိုက်တယ်။

“အဒေါ်ကြီးရေ. သည်မြို့ကလူတွေက ဘယ်လိုပုံစံတွေ ရှိလဲခင်ဗျ.”

အမျိုးသမီးကြီးက တစ်ချက်ပြုံးလိုက်ပြီး ခရီးသွားကို ပြန်မေးလိုက်တယ်။

“မောင်ရင် လာခဲ့တဲ့ မြို့လေးက လူတွေကရော ဘယ်လိုပုံစံတွေရှိလဲ”

ခရီးသွားက စုတ်တစ်ချက်သပ်လို့ ညည်းညူလိုက်ပါတယ်။

“သိပ်ဆိုးတယ် အဒေါ်ရေ. သူတို့တွေက ကောက်ကျစ်စဉ်းလဲတယ်၊ လိမ်ညာလှည့်ဖြားတတ်တယ်၊ ယုံလည်း မယုံရဘူး၊ ဘနဖူး သိုက်တူးမယ့် သူတွေချည်းပဲဗျ.”

“သည်မြို့ကလူတွေလည်း အဲလိုပါပဲ၊ သိပ်မခြားနားပါဘူး မောင်ရင်.” လို့ပြောပြီး အမျိုးသမီးကြီးဟာ ပန်းတွေကို ဆက်စည်းနေခဲ့တယ်။

ခဏကြာတော့ နောက်ထပ် ခရီးသွားတစ်ယောက် ရောက်လာခဲ့ပြန်တယ်။ အမျိုးသမီးကြီးက ထုံးစံအတိုင်း ပြုံးလို့ နှုတ်ဆက်ခဲ့တယ်။

“ကြိုဆိုပါတယ် မောင်ရင်”

ခရီးသွားက အမျိုးသမီးကြီးကို ပြုံးပြလို့ မေးပြန်တယ်။

“အဒေါ်ရေ. သည်မြို့ကလူတွေက ဘယ်လိုပုံစံတွေ ရှိပါသလဲ ခင်ဗျာ.”

အမျိုးသမီးကြီးက ပြုံးပြီး ခရီးသွားကို ပြန်မေးပြန်တယ်။

“မောင်ရင် လာခဲ့တဲ့ မြို့လေးက လူတွေကရော ဘယ်လိုပုံစံတွေရှိလဲ”

ခရီးသွားက အားရပါးရပြုံးလိုက်ပြီး ဝမ်းသာအယ်လဲ ပြန်ပြောပါတယ်။

“အရမ်းချစ်ဖို့ကောင်းတဲ့ လူတွေပေါ့ဗျာ။ ကူညီတတ်တယ်၊ အလုပ်လည်းကြိုးစားကြတယ်၊ ခင်မင်ဖို့လည်း သိပ်ကောင်းကြတယ်.”

အမျိုးသမီးကြီးက ပြုံးပြီး ခရီးသွားကို ပြန်ပြောလိုက်တယ်။

“သည်မြို့မှာလည်း အဲလိုလူတွေကို မောင်ရင်တွေ့ရပါလိမ့်မယ်ကွယ်” တဲ့…

တကယ်တော့ ကျွန်တော်တို့ရဲ့ အမြင်တွေက ကျွန်တော်တို့ရဲ့ အတွင်းစိတ်ကို ဖန်တီးသလို အတွင်းစိတ်တွေရဲ့ တုံ့ပြန်မှုကလည်း အမြင်အာရုံရဲ့ အရောင်တွေကို ဖြစ်ပေါ်စေတာကို သတိချပ်မိမယ်ဆိုရင် အပြန်အလှန် ကူညီရင်းက ချစ်စရာကောင်းတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို ပိုင်ဆိုင်လာမှာ လောကရဲ့ နိယာမတစ်ခုပေပဲပေါ့။

မကောင်းသူတွေ ရှိပေမယ့် ကိုယ့်ဖက်က စိတ်ထားပြန်ယုတ်မာစရာ မလိုဘဲ ကူညီချင်လို့ ကူညီပေးလိုက်တာ ဆိုတဲ့ စိတ်မျိုးထားနိုင်သရွေ့ “လူတိုင်းဟာ စေတနာနဲ့ မတန်ဘူး” ဆိုတဲ့ စကားကို ပြောမိကြမှာ မဟုတ်တော့ပါဘူး။

သည်နှစ်အတွက် နှစ်သစ်ဒိုင်ယာရီ စာမျက်နှာမှာ ဂန္ဒီကြီးရဲ့ ဆုံးမစကားတစ်ခုကို ထည့်ရေးဖို့ တေးထားမိလိုက်တယ်။

“Be the change you want to see in the world.”

….

ဒုတိယကျောင်းသားအိမ်မှာ စာသင်ပြီး အိမ်ချင်းနီးနေတာမို့ ကျောင်းသူတစ်ယောက်အိမ်ကို မက်ဆေ့ခ်ျပို့လို့ လှမ်းမေးဖြစ်ခဲ့တယ်။

“တနလာင်္နေ့အတွက် ပေးရမယ့် Global History Paper ရေးတာ ဘယ်လိုနေလဲ သမီး၊ ဆရာလာပြီး စစ်ပေးဖို့ လိုသေးလား”

"”အဆင်ပြေပါတယ် ဆရာ” ဆိုတာနဲ့ ဆေးဆိုင်ဖက် လျှောက်သွားပြီး ခဲရောင် ဒိုင်ယာရီ စာအုပ်လေးတစ်အုပ် ဝယ်နေချိန်မှာပဲ မက်ဆေ့ခ်ျတစ်ခု ဝင်လာခဲ့တယ်။

“သမီး ဘာဆက်ရေးရမှန်း မသိတော့ဘူး ဆရာ”

သည်ကလေးမလေးဟာလေ ဆိုပြီး တစ်ချက်ပြုံးလိုက်မိတယ်။

“သမီးအိမ်နဲ့ ဆရာနဲ့ ဝေးသွားပြီ၊ ကွန်ပျူတာနဲ့ စာအုပ်သယ်ပြီး ကော်ဖီဆိုင်ဖက်ကိုပဲ လာခဲ့လိုက်တော့” လို့ ပြန်ပို့လိုက်ရတယ်။

ကော်ဖီဆိုင်ထဲမှာ ကော်ဖီမှာနေချိန်မှာပဲ ဖုန်းထပ်ဝင်လာခဲ့တယ်။

“ဆရာ ကိုရန်အောင်လား မသိဘူး”

“ဟုတ်ကဲ့. ပြောနေပါတယ် ခင်ဗျာ.”

"”ကျောင်းဖွင့်တယ်ဆိုလို့ စုံစမ်းချင်လို့ပါ"”

"အစ်ကို့ သမီးက ဘယ်နှစ်တန်းလဲ မသိဘူး”

“၂ တန်းပါ၊ အင်္ဂလိပ်စာနဲ့ သင်္ချာပိုင်းလေး နည်းနည်း အားနည်းနေလို့ အဲဒါ လာသင်ပေးလို့ ရမလား မသိဘူး”

အတတ်နိုင်ဆုံး ချိုသာစွာနဲ့ ငြင်းဆန်လိုက်ရပါတယ်။

“အိမ်တွေကို လိုက်သင်တာ သည်နေ့ နောက်ဆုံးပါပဲ အစ်ကို. ကျွန်တော် နောက်ရက်တွေ ကျောင်းမှာပဲ ရှိပါလိမ့်မယ်”

ကျောင်းချိန်တွေ၊ သင်တန်းကြေးတွေ ဆက်မေးတာကို ပြန်ဖြေပြီးချိန်မှာတော့ သူ့ဖက်က ပြန်ပြောပါတယ်။

“ကျေးဇူးပါပဲ ကိုရန်အောင်၊ ကျွန်တော့်သမီးကို လာပို့လိုက်ပါမယ်” တဲ့.

ဖုန်းချပြီး မော့ကြည့်လိုက်ချိန်မှာ ကောင်တာက ကုလားမလေးက သွားဖွေးဖွေးလေးတွေ ပေါ်အောင် ပြုံးပြီး ပြောပါတယ်။

“Your coffee is ready, sir!”

ကော်ဖီနှစ်ခွက်ကို ခုံပေါ်တင်ပြီး အေးစက်နေတဲ့ လက်တွေကို အချင်းချင်း ပွတ်သပ်ရင်း အနွေးဓာတ်ရအောင် ယူနေခဲ့လိုက်တယ်။ ခဏနေတော့ ကျောင်းသူဝင်လာတာနဲ့ လက်ပြလှမ်းခေါ်ပြီး သူရေးလက်စ အက်ဆေးကို ဝိုင်းဖတ်ပေးဖြစ်ခဲ့တယ်။

သူရေးထားတဲ့ အက်ဆေးလေးကို ဖတ်ပြီး လိုတာလေးတွေကို ပြင်ပေးလိုက်တယ်။ ပြီးတော့ ထပ်ဖြည့်သင့်တာလေးတွေကို အကြံပေးပြီး အင်တာနက်ပေါ်မှာ ရှာဖတ်သင့်တဲ့ ဆောင်းပါးလေးတွေကို နည်းနည်း ရှင်းပြပေးလိုက်တယ်။ ကျောင်းသူလေးရဲ့ ခေါင်းစဉ်က စိတ်ဝင်စားစရာ ကောင်းသလို ရေးဖို့လည်း ခက်ပါတယ်။

“How did the French Revolution and Haitian Revolution affect the respective countries? Discuss your points of view politically, socially and economically.”   တဲ့လေ။

အမေရိကားရဲ့ သင်ကြားရေးစနစ်မှာ စဉ်းစားတွေးခေါ်ပုံကို အဓိကထားပြီး သင်တာကို တော်တော်လေး နှစ်သက်မိတယ်။ ပါးစပ်ထဲကို အဆင်သင့် ခွံ့ကျွေးတာထက် ကျောင်းသား၊ကျောင်းသူကို စဉ်းစားခိုင်းပြီး ကိုယ်ထင်တာကို ရဲရဲဝံ့ဝံ့ သုတေသနလုပ်ပြီး တင်ပြခိုင်းတာ တကယ်တော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စဉ်းစားတွေးခေါ်ပုံကို လေ့ကျင့်ပေးရုံသာမက ကိုယ်မှန်တယ်ထင်ရင် ရှေ့ထွက်ရဲတဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ လေ့ကျင့်ပေးနေတယ်လို့ ခံစားမိတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ပြန်သွားတဲ့ ကျောင်းသူလေးကို နှုတ်ဆက်ပြီး အိမ်ကို ခပ်သွက်သွက် ပြန်လျှောက်လာခဲ့လိုက်တယ်။ နောက်ထပ် ကျောင်းသားလေးတစ်ယောက် စောင့်နေရှာရော့မယ်။

….

အိမ်ရောက်ပြီး ထမင်းအမြန်စားလို့ Singapore Math စာအုပ်လေးကို ကိုင်ပြီး ကျောင်းသားလေးအိမ်ဖက်ကို ထွက်လာခဲ့တယ်။ အိမ်ပေါ်ကို ရောက်တော့ မျက်နှာစိမ်း မိသားစု တစ်စုကိုတွေ့တယ်။ ကျောင်းသားမိဘတွေရဲ့ ဧည့်သည်တွေပဲလေလို့ တွေးလိုက်ချိန်မှာပဲ သူတို့က မတ်တပ်ရပ်လို့ နှုတ်ဆက်တယ်။

“ဆရာ့ကို တွေ့ချင်လို့ စောင့်နေတာ” တဲ့။

အချင်းချင်း မိတ်ဆက်တော့မှ သူတို့မိသားစုလေး အကြောင်းကိုပါ သိခွင့်ရလိုက်တယ်။ မလေးရှားက ပြောင်းလာပြီး တစ်နှစ်လောက်ပဲ ရှိသေးတဲ့ သူတို့သားလေးရဲ့ ပညာရေးအတွက် လာဆွေးနွေးတာပါတဲ့။

ကလေးက ၇ တန်းကျောင်းသားလေးပါပဲ။ International School မှာ တက်လာခဲ့တယ် ဆိုတာနဲ့ နည်းနည်းမေးမြန်းကြည့်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ Report Card လေးကို ကြည့်လိုက်တော့ ကလေးက အိမ်စာတွေမှာ အမှတ်သိပ်မနည်းပေမယ့် ကျောင်းတွင်းစာမေးပွဲတွေ၊ အင်္ဂလိပ်စာ ဖတ်တာနဲ့ ရေးတာတွေမှာ အမှတ်တွေ တော်တော်လေး နည်းနေတာ တွေ့လိုက်ရတယ်။

ကလေးနဲ့ အပြန်အလှန် စကားပြောပြီးချိန်မှာ သိလိုက်ရတာက Immigrant ကလေးတွေရဲ့ ရုန်းကန်ရင်ဆိုင်ရတဲ့ Culture Shock (ယဉ်ကျေးမှု အပြောင်းအလဲ) က အဓိက ဖြစ်နေတာကို တွေ့လိုက်ရတယ်။ မိဘတွေကို စိတ်မပူဖို့နဲ့ အချိန်တစ်ခု ပေးပြီး ကလေးကို ဆွဲခေါ်သွားဖို့ ရှင်းပြပေးပြီး သူတို့မေးတဲ့ S.P.E.C စာသင်ကျောင်းမှာ သင်မယ့် အတန်းတွေအကြောင်း အသေးစိတ် ပြန်ရှင်းပြပေးခဲ့တယ်။

အပြန်အလှန် စကားတွေပြော၊ ကလေးအတွက် သိသင့်တာလေးတွေ ရှင်းပြပြီးချိန်မှာ အဖေလုပ်သူက လက်ဆွဲနှုတ်ဆက်လို့ ဝမ်းသာအားရ ပြောပါတယ်။

“ကျေးဇူး အရမ်းတင်ပါတယ် ဆရာ၊ ခရီးထွက်စရာလေး ရှိနေသေးလို့ ပြန်လာတာနဲ့ ကလေးကိစ္စ အသေးစိတ် ထပ်ပြောချင်ပါတယ်၊ မြန်မာစာနဲ့ အဘိဓမ္မာသင်မယ့် ကိစ္စကိုလည်း အရမ်းစိတ်ဝင်စားပါတယ်၊ ကလေးကိုလည်း လာပို့ချင်ပါတယ်၊ ကျောင်းအချိန်ဇယားလေးကို တစ်ချက် မေးလ်ပို့ပေးလို့ ရမလား” တဲ့.

သူတို့ မိသားစုလေး ပြန်သွားတော့မှ ကျောင်းသားလေးကို စာဆက်သင်ဖြစ်တယ်။

ကျောင်းသားလေး စာထိုင်လုပ်နေချိန်မှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က အဝတ်လျှော်ဆိုင်မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်တွေးမိဖြစ်ခဲ့တယ်။

ငှက်တွေရဲ့ အားဟာ လေ၊ ငါးတွေရဲ့ အားဟာ ရေ တဲ့။
ဒါဆို ပညာဖြန့်ဝေလိုသူရဲ့ အားဟာ စာသင်ကျောင်းပဲပေါ့လို့ တွေးပြီး ပြုံးမိလိုက်ချိန်မှာ ကျောင်းသားလေးက မော့ကြည့်လို့ မေးပါတယ်။


“Is Santa Claus real?” တဲ့…


~ ရေခဲငှက် ~
ဇန်နဝါရီ (၁) ရက်၊ ၂၀၁၆
၁၂း၃၀

3 comments:

မေဓာဝီ said...

ဖေ့စ်ဘုတ်မှာ ဖတ်ပြီးပေမဲ့ ဘလော့မှာလဲ ထပ်ဖတ်ဖြစ်တယ် ကိုရန်ရေ ...
ကိုရန်ဟာ တကယ့်ဆရာ တယောက် ပါပဲ ... လေးစားပါတယ် ဆရာရန်

Yan said...

နှစ်နေရာလုံးမှာ လာဖတ်တဲ့အတွက် ကျေးဇူးပါ မမေရေ.
အရမ်းကြီးလည်း မမြှောက်ပါနဲ့ဗျာ. စာသင်ရတာ အထစ်ထစ် အငေါ့ငေါ့တွေ ဖြစ်ကုန်ပါ့မယ်. ;)

عبده العمراوى said...



شركة الرها لمكافحة الحشرات بالجبيل