Wednesday, October 07, 2009

မိမိတို့ ချွေးနှဲစာဖြင့် ကထိန် ပဒေသာပင်သီးနိုင်ပါပြီ...

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.

ဒီတစ်ခါတော့ မောင်နှမတွေအားလုံး အတူတကွ ကုသိုလ်ပြု ပါဝင်နိုင်စေဖို့ အစီအစဉ်တစ်ခုအကြောင်း ၀မ်းသာအားရ မျှဝေချင်ပါတယ်.

အဲဒါကတော့ ကျွန်တော်တို့ ကမ္ဘာအရပ်ရပ်မှာ နေထိုင်နေကြတဲ့ ဘလော့ဂါတွေ၊ အွန်လိုင်း စာဖတ်သူတွေ၊ အဝေးမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြပေမယ့် ကိုယ့်တိုင်းပြည် ကိုယ့်ဌာနေရဲ့ လိုအပ်ချက်လေးတွေကို တတ်နိုင်သလောက် ဖြည့်စွမ်းပေးချင်တဲ့ စေတနာရှင် မြန်မာပြည်သူတွေအားလုံး ပါဝင်လှူဒါန်းနိုင်မယ့် ဘုံကထိန်အလှူတစ်ခု ပြုလုပ်လှူဒါန်းမယ့် အစီအစဉ်ပါပဲ.




တကယ်တော့ ဒီကထိန်သင်္ကန်းကပ်လှူဖို့ အစီအစဉ်ဟာ မရည်ရွယ်ဘဲနဲ့ ဖြစ်ပေါ်ခဲ့တာပါ. တစ်ရက်မှာ ကျွန်တော်နဲ့ စစ်ကိုင်းတောင်ရိုးမှာ အခမဲ့ ပညာဒါန သင်တန်းတွေ သင်ကြားပေးနေတဲ့ ဆရာတော် ဦးကောဝိဒတို့ ဆွမ်းလောင်းအလှူကိစ္စနဲ့ တစ်ခြားကိစ္စတွေ ဆွေးနွေးနေရင်းနဲ့ ကထိန်အလှူအကြောင်း စကားစပ်မိသွားခဲ့ပါတယ်.

အဲဒါနဲ့ပဲ ဦးဇင်းတို့ ကျောင်းတိုက်မှာ ကထိန်သင်္ကန်းအလှူရှင် ရှိနေပြီလားလို့ ကျွန်တော်မေးလျှောက်လိုက်ပါတယ်. ဦးဇင်းက မရှိသေးပါဘူးလို့ မိန့်တော့ ကျွန်တော်လည်း ၀မ်းသာအားရနဲ့ပဲ တပည့်တော်တို့ ဦးဇင်းကျောင်းတိုက်မှာ ဘုံကထိန်ခင်းပါရစေလို့ လျှောက်တင်လိုက်ပါတယ်.

ဦးဇင်းက ပြန်မိန့်ပါတယ်. သေချာရဲ့လားပေါ့. ဘာလို့လည်းဆိုတော့ ကထိန်ဆိုတာ ကျောင်းတိုက်တစ်ခုမှာ တစ်ကြိမ်ပဲ လက်ခံကျင်းပခွင့် ရှိတာမို့လို့ပါတဲ့. အလှူရှင်တစ်ဦးတစ်ယောက်ဆီက ကထိန်သင်္ကန်းကပ်လှူမယ်ဆိုတဲ့ ကတိက၀တ် ရထားပြီးရင် နောက်ထပ် ဘယ်သူ့ဆီကမှ ထပ်မံပြီး အလှူမခံနိုင်တော့ပါဘူးတဲ့…

အဲဒီ့ အခိုက်အတန့်မှာ ကျွန်တော့်ရင်ထဲ ထိတ်ခနဲတော့ စိုးရိမ်စိတ်ဝင်သွားမိပါသေးတယ်. “ငါကတော့ လျှောက်တင်လိုက်ပြီ. တော်ကြာမှ အစီအစဉ်မဖြစ်မြောက်ရင် မကောင်းချေဘူး” လို့လည်း ပူပန်မိလိုက်ပါသေးတယ်.

ဒါပေမယ့် ချက်ချင်းပဲ အားတင်းပြီး ပြန်လျှောက်လိုက်ပါတယ်.

“တပည့်တော်တို့ကို ဦးဇင်းကျောင်းတိုက်မှာ ကထိန်သင်္ကန်းကပ်လှူခွင့်ပြုပါ” လို့ ကျွန်တော် ထပ်မံပြီး အာမဘန္တေခံလိုက်ပါတယ်.

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စစ်ကိုင်းတောင်ရိုးမှာ ပညာဒါနသင်တန်းတွေကို ကမ္ဘာအရပ်ရပ်က စေတနာရှင် မြန်မာပြည်သူတွေရဲ့ ၀ိုင်းဝန်းပံ့ပိုးပေးမှုနဲ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့ပြီ. ဒါတင်မက အပတ်စဉ် တနလာင်္နေ့တိုင်းမှာလည်း ဆွမ်းလောင်းအသင်းက သံဃာတော်တွေ၊ သီလရှင်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းစသည်ဖြင့် ကပ်လှူနေနိုင်ခဲ့ပြီ.

ဒီ ကထိန်သင်္ကန်းကပ်လှူခွင့်ဆိုတာ တစ်နှစ်မှ တစ်ခါ၊ တစ်ခါမှ တစ်ကျောင်းတည်းကိုသာ ကပ်လှူရတာမို့ အင်မတန်မှကို ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီး ဖြစ်ပါတယ်. ဒါကြောင့် ဒီအခွင့်အရေးကြီးကို မလွတ်တမ်း ရယူချင်ပါတယ်. ကျွန်တော်တို့ချည်းသာမကပါဘူး. ကမ္ဘာအရပ်ရပ်မှာ ရှိနေကြတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံး ပါဝင်ကုသိုလ်ယူနိုင်အောင် စီစဉ်မယ်လို့လည်း ရည်ရွယ်ထားပါတယ်… ဒါကြောင့်လည်း ရဲရဲကြီး အာမခံလို့ ကထိန်အလှူကို လှူဒါန်းခွင့် လျှောက်တင်လိုက်တာပဲ ဖြစ်ပါတယ်ခင်ဗျာ…

ဒီစာလေးကတော့ ဦးဇင်းဦးကောဝိဒကို အကူအညီတောင်းလို့ ပြန်ရှင်းပြထားတဲ့ ကထိန်နဲ့ ပတ်သတ်တဲ့ နောက်ကြောင်းလေးနဲ့ ကထိန်သင်္ကန်းကပ်လှူရခြင်း အကျိုးကျေးဇူးလေးတွေပဲ ဖြစ်ပါတယ်.

ပါဝေယျကတိုင်းနေ ဘဒ္ဒ၀ဂ္ဂီ ရဟန်း(၃၀)တို့ မြတ်စွာဘုရားအားဖူးမြင်ရန် သာဝထ္ထိပြည်ကိုလာပါတယ်။ သာဝထ္ထိကိုဝါဆိုအမှီမရောက်နိုင်တဲ့အတွက် သာကေတမြို့မှာ ၀ါကပ်ကြတယ်။ မြတ်စွာဘုရားနှင့် ခြောက်ယူဇနာပဲဝေးတယ်။ ဒါပေမဲ့မဖူးရဘူး လို့ကြံပြီး ရဟန်းတော်တွေဟာ ရောက်ရှိနေတဲ့ သာကေတမြို့မှာပဲ ၀ါကပ်ကြရပါတယ်။ ၀ါကျွတ်လို့ပ၀ါရဏာပြုပြီးတဲ့အခါမှာ မိုးတွေရွာတယ်။

ပတ်ဝန်းကျင်တစ်ခုလုံးဟာရေတွေပြည့်ပြီးရွံ့ညွှန်တွေဖြစ်နေတယ်။ ဒီလိုမိုးရေတွေ ညွန်တွေကြားကနေဘုရားဖူးသွားကြတော့ ရဟန်းတော်တွေရဲ့သင်္ကန်းဟာရေတွေရွဲစိုပြီး ညွန်တွေပေနေပါတယ်။ ပင်ပင်ပန်းပန်းနဲ့ကို လာခဲ့ရတာပါ။ ဗုဒ္ဓမြတ်စွာ သိမြင်ရတော့ဒီရဟန်းတော်တွေကို အကြောင်းပြုပြီး ကထိန်ခွင့်ပြုတော်မူခဲ့ပါတယ်။
(၀ိ ၊ ၃ ၊ ၃၅၁)

ကထိန်ခေါ်ပုံ

မြဲမြံခိုင်ခံ့ခြင်းရှိလို့ ကထိန်ခေါ်ရပါတယ်။ ဘာကြောင့်မြဲမြံခိုင်ခံ့သလဲဆိုရင် ကထိန်အာနိသင်(၅)ပါးကို မိမိအတွင်းမှာ သိမ်းစည်းထားသောကြောင့်ဖြစ်ပါတယ်။

ကထိနန္တိ ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယ ထိရန္တိအတ္တောတိ လိခိတံ၊

(၀ဇီရဗုဒ္ဓိဋီကာ-နှာ ၄၄၈)

ရဟန်းတို့အတွက်အာနိသင်(၅)ပါး

၁။အနာမန္တစာရော- ထင်ရှားရှိမှန်၊ရဟန်းထံဝယ်၊မပန်ကြားဘဲရွာတွင်းသို့သွားနိုင်ခြင်းလည်းကောင်း။

၂။အသမာဒါနစာရော-ဓိဌာန်တင်အပ်သင်္ကန်းမြတ်ကိုအရပ်တစ်ပါးမယူဘဲသွားနိုင်ခြင်းလည်းကောင်း။

၃။ ဂဏဘောဇနံ-
လေးပါးမှစ ဂိုဏ်းဂဏအား၊ အကပ္ပိယ၀စနဖြင့် လှူကြဖိတ်ကြ၊ ဘောဇဉ်များကို၊ လေးပါးအတူခံယူ နိုင်ခြင်းလည်းကောင်း။

၎။ယာဝဒတ္တစီဝရံဓိဌာန်-
ဝိကပ်၊မပြုလတ်ဘဲ၊ လိုအပ်အများသင်္ကန်းကိုထားနိုင်ခြင်းလည်းကောင်း။

၅။ယောစတတ္ထစီဝရုပ္ပါဒေါ၊ သောနေသံဘ၀ိဿတိ-
ကထိန်ခင်းရာကျောင်းတိုက်၌ ဖြစ်ပေါ်သောသင်္ကန်းသည် ကထိန်ခင်းသော ရဟန်းတို့အတွက်ဖြစ်ခြင်း

(၀ိ ၊၃ ၊၃၅၂)

ကထိန်ဒါယိကာ၌ ရသောအကျိုးငါးပါး

၁။တားဆီးကင်းကွာ ၊လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည်။

၂။တာဝန်ကိစ္စ ၊ မလေးရ၊ ပေါ့လှလေတော့သည်။

၃။စားလိုရာများ၊စားသော်ငြား၊ ဘေးကားမဖြစ်ပြီ

၎။အ၀တ်အထည်များ၊ပေါကြွယ်ပွား၊ သုံးအားမကုန်ပြီ

၅။ကိုယ့်ပစ္စည်းများ၊သူတစ်ပါး၊ယူသွားကင်းပသည်။

(သုတ္တာနုလောမ)

ကထိန်ရက်သတ်မှတ်ခြင်း…

ကထိန်အလှူကို တန်ဆောင်မုန်းလပြည့်ည နောက်ဆုံးထားပြီး ကပ်လှူနိုင်ပါတယ်. ကျွန်တော်တို့ရဲ့ ဒီ ကထိန်အလှူမှာ ရန်ကုန်က စေတနာရှင်တစ်ချို့ကိုယ်တိုင် သွားရောက်ပြီး ကမကထ ကြီးကြပ်စီစဉ်ပေးရမှာမို့ သူတို့ အလုပ်နဲ့ အဆင်ပြေမယ့် ရက်ကို ညှိပါတယ်. ဦးဇင်းကလည်း တနလာင်္နေ့ဆွမ်းလောင်းအသင်းသားတွေကို ပါဝေစေချင်ပါတယ်. ဒါကြောင့် အောက်တိုဘာ ၁၉ ရက် (တနင်္လာ) နဲ့ ၂၀ ရက်(အင်္ဂါနေ့)ကို ကထိန်ခင်းမယ်လို့ သတ်မှတ်လိုက်ပါတယ်.

နှစ်ရက်သတ်မှတ်ရတာကတော့ တစ်ရက်မှာ ကထိန်ပဒေသာပင်တွေကို ဆင်ယင်ပြီး ခင်းကျင်းပြသထားပါမယ်. ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတွေ ရိုက်ယူပြီး အားလုံးကြည်ညိုနိုင်အောင် ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေမှာ တင်ထားပါမယ်. ၂၀ ရက်နေ့မှာ အားလုံးအတူတကွ တရားနာ ရေစက်ချကြပါမယ်. ကမ္ဘာအရပ်ရပ်ကနေ တိုက်ရိုက်ကြည်ညိုနိုင်အောင် Live လွှင့်ပေးနိုင်ဖို့လည်း စီစဉ်ပေးသွားပါမယ်.

မြန်မာပြည်မှာ ရှိနေကြတဲ့ စေတနာရှင်များအနေနဲ့လည်း ငွေအားသာမက လူအားပါ ကူညီပါဝင်ချင်တယ်ဆိုရင်လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ခင်ဗျာ.

ကထိန်အတွက် အဓိကလိုအပ်ချက်

အဓိကလိုအပ်ချက်ကတော့ နှစ်ထပ်သင်္ကန်းကြီးပဲ ဖြစ်ပါတယ်. သူက သင်္ကန်းအနေနဲ့ ရုံလို့လည်းရတယ်. အေးလို့ ခြုံတဲ့အနေနဲ့လည်း အသုံးပြုလို့ရတယ်. အဲဒါပါရင် ကထိန်ဟာ ပြီးမြောက်ပါတယ်လို့ ဆိုပါတယ်. ကျန်တာတွေကတော့ အလှူရှင်တွေရဲ့ စေတနာ သဒ္ဒါတရား ထက်သန်မှုအလျောက် ချဲ့ကားလှူဒါန်းနိုင်ပါတယ်လို့ ဦးဇင်းက မိန့်ပါတယ် ခင်ဗျာ.

ပြီးတော့ ကထိန်အတွက် ပဒေသာပင် သီးရာမှာ “ညှပ်မကြီး” ဆိုတာ ရှိပါတယ်. ဆိုလိုတာကတော့ ပဒေသာပင်တွေထဲမှာ အကြီးဆုံးကို ဆိုလိုတာပါ. အဲဒီ့ပဒေသာပင်တိုင်တွေကိုလည်း ငှားရပါသေးတယ်.

ဦးဇင်းက ဘယ်နှစ်ပင်သီးချင်ပါသလဲမေးတော့ ကျွန်တော်လည်း ညှပ်မကြီးကို ဦးထိပ်ထားပြီး လေးဖက်လေးတန် ကာရံမယ်ဆိုတဲ့အနေနဲ့ ငါးပင်သီးမယ်လို့ အကြောင်းပြန်လိုက်ပါတယ်.

ဒါကြောင့် ကျွန်တော်တို့ရဲ့ ကထိန်အလှူမှာ ညှပ်မကြီး အပါအ၀င် အရံလေးပင်. စုစုပေါင်း ငါးပင်သီးပါမယ် ခင်ဗျာ…

ကထိန်အလှူအတွက် အထွေထွေ ပစ္စည်းများစာရင်း

ဒီစာရင်းလေးကတော့ ရန်ကုန်က ဒေါ်ဥမ္မာဌေးကိုယ်တိုင် လိုက်လံစုံစမ်းပြုစုပေးထားတဲ့ စာရင်းဖြစ်ပါတယ်.



ဒီမှာ နည်းနည်းလေးလောက် ရှင်းပြချင်ပါတယ်.

နှစ်ထပ်သင်္ကန်းကြီးဈေးနှုန်းက တစ်သောင်းကနေ ငါးသောင်းခွဲထိ အစားစားရှိပါတယ်. အဲဒီ့မှာ ငါးသောင်းခွဲတန်ကြီးပဲ လှူမယ်ဆိုပြန်ရင်လည်း တစ်ခြားလှူဖွယ်ပစ္စည်းတွေ အတွက် မလောက်ငှမှာစိုးရသလို တစ်သောင်းတန်ချည်းပဲ လှူမယ်ဆိုပြန်တော့လည်း အမျိုးအစားညံ့မှာ စိုးရိမ်မိပါတယ်. ဒါကြောင့် အလယ်အလတ်အနေနဲ့လည်း ဖြစ်မယ်. အားလုံးလည်း တစ်ပြေးညီ ဖြစ်စေမယ်ဆိုတဲ့ အနေနဲ့ သုံးသောင်းတန်လောက်ကို Standard အနေနဲ့ သတ်မှတ်ချင်ပါတယ်ခင်ဗျာ.

အလားတူပဲ ဒွိစုံသင်္ကန်း၊ ထီး၊ ဖိနပ်၊ ဆပ်ပြာ၊ တံမြက်စည်း စသည်တို့ကိုလည်း ကောက်ခံရရှိလာမယ့် အလှူငွေပမာဏပေါ်မူတည်ပြီး အချိုးချရမှာမို့ ကျန်တာတွေကိုတော့ ဘာတွေပါဝင်လာနိုင်မယ် ဆိုတာ အတိအကျ မပြောပြနိုင်တာ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်. စုံနိုင်သလောက် စုံအောင်တော့ ကြိုးစားဖြည့်စွက်ပေးသွားပါမယ်.

ကျွန်တော်တို့ အလှူငွေကို အဓိကကောက်ခံပါမယ်. ပစ္စည်းပစ္စယတွေကိုတော့ တာဝန်ခံတွေရယ်၊ ကျွန်တော်တို့ကို ကြီးကြပ်ကူညီပေးမယ့် ဝေယျာဝေစ္စအဖွဲ့တွေရယ်နဲ့ တိုင်ပင်ညှိနှိုင်းပြီး ဆရာတော်တွေရဲ့ လိုအပ်ချက်တွေကို ကြည့်လို့ ဖြည့်စွက်ဝယ်ယူလှူဒါန်းသွားမှာ ဖြစ်ပါတယ်.

ဆရာတော်တွေအတွက် ၀တ္ထုငွေကိုတော့ ရေစက်ချအလှူမှာ တစ်ခါတည်း စာအိတ်ထဲထည့်ပိတ်လို့ ကပ်လှူမယ်လို့လည်း ရည်ရွယ်ထားပါတယ်.

ကထိန်ဟာ သီလရှင်ဆရာလေးတွေနဲ့ မပတ်သက်မအပ်စပ်ပါဘူး. ဒါပေမယ့် ဆရာလေးတွေက ကထိန်အလှူအတွက် ချက်ပြုတ်ကျွေးမွေးရာမှာ လာရောက်ကူညီ လုပ်အားဖြည့်ပေးကြမှာ ဖြစ်လို့ သူတို့ကိုလည်း ကျွန်တော်တို့ဖက်က တတ်နိုင်သလောက်လေး စေတနာရှိသလောက် တုံ့ပြန်လှူဒါန်းချင်ပါတယ်.

သူတို့အတွက် တဘက်လေးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်. ကိုယ်ရုံအ၀တ်လေးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်. အလှူရှင်တွေရဲ့ စိတ်ကူးစိတ်သန်းလေးတွေကိုလည်း သိခွင့်ရချင်ပါတယ် ခင်ဗျာ.

ပင့်သံဃာများနှင့် ခန့်မှန်းသော လူပရိသတ်

ဆရာတော်ကြီးတွေက ၁၅ ပါးပင့်ပါမယ်. ဦဇင်းကျောင်းတိုက်မှာ ၃ ပါးသီတင်းသုံးနေပါတယ်. ဒါကြောင့် စုစုပေါင်း သံဃာ ၁၈ ပါး ဖြစ်ပါတယ် ခင်ဗျာ. လူပရိသတ်အနေနဲ့ကတော့ ဆွမ်းလောင်းအသင်း ဝေယျာဝစ္စအသင်းသားတွေနဲ့ လုပ်အားဒါန ကုသိုလ်ရှင်တွေအပါအ၀င် ၂၅ ယောက်ကနေ ၃၅ ယောက်လောက်ထိ ရှိမယ်လို့ ခန့်မှန်းပါတယ်.

ကုန်ကျစရိတ်တွေကို ကျွန်တော်တို့ သေချာတွက်ချက်ပြီး ပြန်လည်ဖော်ပြပေးပါမယ်..

ကထိန်ရက်ကို နီးမှ စီစဉ်လိုက်ရတာမို့ ကျွန်တော်တို့ဖက်က ဟာကွက်တစ်ခုလို့ ဖြစ်သွားရတာကိုလည်း ခွင့်လွှတ်နားလည်ပေးပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ….


ကထိန်အတွက် အလှူငွေ ကောက်ခံခြင်း

ဘုံကထိန်ဆိုတဲ့ ဝေါဟာရကိုက အားလုံး စုပေါင်းစပ်ပေါင်း ပါဝင်လှူဒါန်းကြခြင်းဆိုတဲ့ သဘောတရားပါဝင်နေပါတယ်. ဒါကြောင့် ဘုံအနေနဲ့ပဲ အလှူငွေကို ထည့်ဝင်နိုင်ပါတယ်. နည်းသည်များသည်မဟူ ထည့်ဝင်လှူဒါန်းနိုင်ကြပေမယ့် စေတနာရှင်တွေကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေလိုပါဘူး.

ဒါကြောင့် Standard အနေနဲ့ တစ်ယောက်ကို အနည်းဆုံး ၅ ဒေါ်လာ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်. အဲဒီ့ အထက်ကို ကိုယ်စေတနာ ရှိသလောက် လှူဒါန်းနိုင်ပါတယ်. အောက်တိုဘာ (၁၅) ရက်နေ့ ညနေ နောက်ဆုံးထားပြီး လှူဒါန်းနိုင်ပါတယ်. နေ့စဉ် ကောက်ခံရရှိတဲ့ အလှူရှင်စာရင်းကို ထုတ်ပြန်ဖော်ပြပေးသွားပါမယ်.

အလှူငွေတွေကို အောက်ပါတာဝန်ခံများဆီ လွှဲပေးနိုင်ပါတယ်.

မြန်မာပြည် (ရန်ကုန်)

မဥမ္မာဌေး (dimple.two@gmail.com)

ဂျပန်

မ၀ါဝါခိုင်မင်း (nanwarwarmg@gmail.com)

စင်ကာပူ

ရွာသားလေး YTU (donationformyanmar@gmail.com)

အမေရိကား

ရန်အောင် (aungyan@gmail.com)

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ….

ချစ်ခင်လေးစားလျက်

ရန်အောင်

3 comments:

WWKM said...

မောင်ရန်အောင်ရေးတာ ပြည့်စုံတယ်.
အစ်မက မပြည့်စုံဘူး။း)
မနေ့က နေမကောင်းပဲ အမြန်ရေးတင်လိုက်တာ.

အိုကေ. အဆင်ပြေပါစေ။
သင်္ကန်း ၃ စုံတော့ အလှူငွေ ရထားပါပြီ။

WWKM said...

မောင်ရန်အောင်ရေ..

တစ်ခုက သင်္ကန်းပရိက္ခရာတစ်စုံလုံးအတွက် အလှူငွေ
ဘယ်လို သတ်မှတ်ပေးရင်ကောင်းမလဲ မေးလ်ပို့လာပါ
ဦး။
အစ်မကတော့ စင်္ကာပူက အလှူရှင်တစ်ယောက်က သင်္ကန်းပရိက္ခရာတစ်စုံလုံးလှူချင်လို့ စလုံး ၁၀၀ ထည့်
ပါမယ်ဆိုတာ လက်ခံထားပါတယ်။
မြန်မာငွေ ( ၇၈၀၀၀ ကျပ်ခန့်ပေါ့)
အဲလောက်ဆို အဆင်ပြေနိုင်မယ် ထင်ပါတယ်နော်.
နောက်ပြီး ယူအက်စ်ကအလှူရှင်တစ်ယောက်ကလည်း
ယူအက်စ် ဘယ်လောက်လှူရင်အဆင်ပြေနိုင်မလဲသိလို
ပါတယ်။ မောင်ရန်အောင် တွက်ပေးလာပါဦး။

ဂျပန်ယန်းငွေကတော့ ၆၈၀၀ ယန်းလောက်ခန့်မှန်းထား
တာပဲ။ ယူအက်စ်က မောင်ရန်အောင်တွက်ပြီး ပြောပေး
လာပါဦး။

စာတချို့ကော်ပီယူသွားတယ်နော်. ထပ်ဖြည့်မလို့။း)
ကျေးဇူးစ်စ်

ဝါ၀ါခိုင်မင်း

Waing said...

သတင်းကောင်းလေးတစ်ခုပါပဲ ၀ိုင်းလည်း လှူချင်ပါတယ် ကိုရွာသားလေးနဲ့ဆက်သွယ်ပြီး လှူလိုက်ပါ့မယ် အခုလို အလှူအတွက် တိုက်တွန်းပေးတာ အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း...