Thursday, October 23, 2008

အိတ်စ်ကွတ်မီနဲ့ ဆမ်းသင်းမ်လောင်း.....

တစ်ခါတုန်းကပေါ့ဗျာ. ကျွန်တော် တရုတ်တန်းက မြန်မာဆရာဝန်တစ်ယောက်ဆီ ဓာတ်မှန်သွားရိုက်ပါတယ်.

ဓာတ်လှေကားထဲကို ၀င်တော့ အထဲမှာ လူတွေလည်း တော်တော်များနေပါပြီ. တံခါးက ပိတ်လုပိတ်ခင်မှာပဲ.

“အိတ်စ်ကွတ်မီ. အိတ်စ်ကွတ်မီ..”

အသံကြားတဲ့ဖက်ကို လှမ်းကြည့်လိုက်တော့ လူလတ်ပိုင်းအရွယ် တရုတ်မတစ်ယောက် စလင်းဘတ်နဲ့ ဒေါက်မြင့်ဖိနပ်နဲ့ စကတ်အတိုလေးနဲ့ ခြေကားယား လက်ကားယား အမောတကော ပြေးလာတာကို တွေ့လိုက်ရပါတယ်.

အဲဒါနဲ့ပဲ တံခါးနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ကျွန်တော်လည်း ဓာတ်လှေကားတံခါးကြားထဲ လက်ကို အသာထည့်လိုက်လို့ တံခါးပြန်ဖွင့်စေလိုက်ပါတယ်.

တရုတ်မလည်း အထဲကို သုတ်သုတ်သုတ်သုတ်နဲ့ ၀င်လာပြီး ကျွန်တော့်ဘေးမှာ လာရပ်ပါတယ်.

လူတွေအများကြီးရှိနေတာက တစ်ကြောင်း၊ မိန်းကလေးမို့ နည်းနည်းအိုက်တင်ခံနေတာက တစ်ကြောင်းကြောင့် သူ မောနေတာကို လူမသိအောင် အသက်မျှင်းမျှင်းလေး ရှူလိုက်ထုတ်လိုက် လုပ်နေပါတယ်. ဓာတ်လှေကားထဲမှာလည်း ဖြစ်ပြန်၊ ကျွန်တော့်နားလည်း ကပ်ပြီး ရပ်နေတာလည်း ဖြစ်ပြန်တာကြောင့် အကုန်လုံး ကြားနေရတာပေါ့ဗျာ.

ဘေးကလူတွေကလည်း မိန်းကလေးဆိုလို့ တစ်ယောက်တည်းပဲ ပါလာတဲ့သူ့ကို မသိမသာရော သိသိသာသာရော ဂေါ်ရှိုးရှိုးနေကြတာပေါ့.

အဲဒီ့အချိန်မှာပဲ ဓာတ်လှေကားက တက်နေရင်း တန်းလန်း တုန့်ခနဲ ရပ်သွားပါလေရော.

ရပ်ရမယ့် အထပ်မှာ ရပ်သွားတာမဟုတ်ဘဲ တက်နေရင်းကနေ မီးပျက်သလို ရပ်သွားတာဆိုတော့ အားလုံးလန့်သွားတာပေါ့.

အဲဒီ့အထဲမှာ ကျွန်တော်ကတော့ နှစ်ခါပြန်လန့်ခဲ့ရတယ်.

ဘာလို့လဲဟုတ်လား.

ခုနက တရုတ်မရယ်ပေါ့.

ဓာတ်လှေကားလည်း အဲလိုရပ်သွားရော ကျွန်တော့်ကို ဆတ်ခနဲလှည့်ကြည့်၊ လက်ထဲမှာ ကိုင်ထားတဲ့ စလင်းဘတ်ကို သူ့ခြေထောက်နှစ်ချောင်းကြားထဲ ဖတ်ခနဲ ထိုးထည့်၊ ခေါင်းလေးကို စောင်းလို့ ဘာပြောလိုက်သလဲဆိုတော့…

“အုပ်စ်… ဆမ်းသင်းမ်လောင်း?” တဲ့…

ဘေးလူတွေကလည်း ကျွန်တော့်ကို လှမ်းကြည့်၊ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိသွားတယ်.

ဩော်. ငါဝတ်ထားတာ ဘာတွေများ မသေမသပ်ဖြစ်နေလဲလို့ပေါ့လေ.

ဟတ်ဟတ်ဟတ်..

တကယ်တော့ တရုတ်မက “Oops! Something’s wrong?” လို့ ပြောချင်တာပါ.
ကျွန်တော့်ကိုကြည့်ပြီး မပီကလာ ပီကလာနဲ့ ပဲလေးများပြီး တရုတ်သံဝဲ၀ဲလေးနဲ့ ပြောလိုက်တော့ ….

ခုတော့..

ခုတော့..

ကျွန်တော် အားကြီးစိတ်ညစ်တယ်.

ဘာရယ်တော့မဟုတ်ဘူး. ကျွန်တော် တရုတ်တန်းဖက်ကို ရောက်ဖြစ်တိုင်း အိတ်စ်ကွတ်မီနဲ့ ဆမ်းသင်းမ်လောင်းလေးကို မျှော်နေမိခဲ့တယ်.

မှတ်ချက်။

ဒီဇာတ်လမ်းလေးကို ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရတာမဟုတ်ပါဘူး. မိတ်ဆွေတစ်ယောက် ပြောပြတာကို ပြန်ပြီး ဖောက်သည်ချထားတာပါ. ဘလော့ဂါဆိုတော့လည်း ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ဖတ်ကောင်းအောင် ခြယ်ရတာပေါ့ဗျာ. တရုတ်မကတော့ တကယ့်ဖြစ်ရပ်မှန်ပါ. ကျွန်တော်သာ ဇာတ်လိုက်နေရမှာ မဟုတ်ခဲ့တာလေ. :D

10 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒီလူကြီးက(.)နော်...
လုပ်ချလိုက်ပြန် B..

““ပေါက်ပေါက်ရယ်ရှာရှာ..
သူမတူ တမူထူးအောင်ရေး..
အပြေးလာဖတ်ကာတွေး..
တဟေး ဟေးး ရယ်လို့ပြေး..””

ဟွန်းးးးး !!

WWKM said...

ဟဟ ကိုရန်အောင်ကြီး လုပ်ချလိုက်ပြန်ပြီ.
ခေါင်းစဉ်ဖတ်ပြီး သဘောတော့ ပေါက်မိခဲ့ပါရဲ့..
ဘာဇာတ်လမ်းလေးများလဲလို့.. အဟတ်..ရယ်ရတယ်

ဟုတ်တယ်နော်.. တရုတ်တွေ ဂျပန်လိုပြောတာလဲ
ကြားဖူးတယ် ရယ်ရတယ်သိလား။မမှတ်မိတော့ဘူး။
ကျမအမျိုးသားက သူတို့ပြောသလိုမျိုးခြေဟန်၊လက်
ဟန် အသံထွက်ပုံနဲ့ ပြောပြရင် တော်တော် ရယ်ရတာပဲ.
အဟဲ. :P

ခင်မင်လေးစားလျှက်
မ၀ါ

chocothazin said...

ဟားဟား
ဆမ်းသင်းလောင်း
:P

လင်းလက်ကြယ်စင် said...

ဖြစ်မှဖြစ်ရလေ :)

နှင်းပွင့်ဖြူ said...

အုပ်စ်… ဆမ်းသင်းမ်လောင်း
ဟတ်ဟတ်း)

Chaos said...

ဟားဟား
ကိုရန်အောင်ကြီး
စိတ်ကို ပေါ့ပါးသွားလယ်။
ရီလိုက်ရလို့လေ။ တီလုပ်မလေးက လှလားဗျ
ဟတ်ဟတ်
ဆမ်းသင်းလောင်း

ရွှန်းမီ said...

:-)

khin oo may said...

“အိတ်စ်ကွတ်မီ. အိတ်စ်ကွတ်မီ..”

ဒူကဘာ said...

အိတ်စ်ကွတ်မီ လေထီး အန် ဂျင်တန်မန်း..... ဆုန်သင်းပါရ် ...အဲလေ ... ဆန်သွန်းလောင်း...စောရီ...ဥ(စ်)… ဆမ်းသင်းမ်လောင်း

JulyDream said...

မခင်ဦးမေ က ဆမ်းသင်းမ်လောင်း ဆိုပြီး လာအော်သွားလို့ နောက်ခံ ဇာတ်လမ်းသိရအောင် အပြေးလာဖတ်ကြည့်တာ။ အဲဒီ တရုတ်မလေးက ချောလား ဟင်... ကိုရန်အောင့် သူငယ်ချင်းကို တဆင့် မေးကြည့်တာပါ။ ဟဟ...