Tuesday, October 21, 2008

မ-၃ (သို့မဟုတ်) လွမ်းလို့ရေးတဲ့စာ



မ…

သတိရလိုက်တာ “မ” ရယ်.

ကျွန်တော် အရမ်းလွမ်းလို့ မနေနိုင်တာနဲ့ ဒီစာလေးကို ကောက်ရေးဖြစ်လိုက်တာ.
မတွေ့ရတာလည်း ကြာပြီ. အသံလေးလည်း မကြားရတာ အတော်ကြာပြီနော်.

အင်းဗျာ. တစ်ခါတစ်လေတော့လည်း ကျွန်တော်လေ ဒီစည်းမျဉ်းဘောင်ကနားတွေနောက်မှာ ပိတ်မိနေတဲ့ ကျွန်တော့်ရဲ့ အချစ်တွေကို သနားမိတယ်.

ကိုယ့်ကိုယ်ကို သနားနေတာလားလို့ ပြန်မလှောင်ပါနဲ့နော်.

တကယ်ချစ်မိသွားရင် ပျော်နေရတဲ့ အချိန်တွေထက် အလိုလိုနေရင်း ၀မ်းနည်းနေရတဲ့ အချိန်တွေ ပိုများတတ်တာကို “မ” တစ်နေ့တော့ သိလာပါလိမ့်မယ်.

သိပြီးသားလည်း ဖြစ်မှာပေါ့လေ. မပြောလိုက်ချင်ဘူး. ဟုတ်တယ်.

ကိုယ့်ချစ်သူက ကိုယ့်ကို အမြဲ ဂရုစိုက်ကြင်နာနေစေချင်တာပေါ့.

ကတောက်ကဆဖြစ်ရပြီ ဆိုရင် ရန်ဖြစ်နေတုန်းသာ အနိုင်ယူချင်စိတ်နဲ့ ငြင်းခုန်နေမိပေမယ့် မတွေ့ရတော့တဲ့ အချိန်ကျမှ “ဩော်. ငါမှားလေခြင်း. သူ့ကို အနိုင်ယူမိလေခြင်း. သူများ နာကြင်သွားလေမလား. ခံစားသွားရလေမလား” ဆိုတဲ့ နောင်တတွေ၊ ပူပင်ခြင်းတွေကို ရင်မှာ ပိုက်ထွေးရင်း “မ” နဲ့ ပြန်ဆုံတွေ့နိုင်မယ့် အချိန်လေးကို ပြန်လည်တမ်းတမိနေတာ ကျွန်တော် “မ” ကို ပြောပြချင်ပါရဲ့…

ဘာလိုလိုနဲ့ ကျွန်တော် “မ” နဲ့ ရင်းနှီးခဲ့တာ … နှစ်တောင် ရှိခဲ့ပြီနော်.

ကြာပြီလို့ ပြောလို့ရသလို မနေ့တစ်နေ့ကမှ သိခဲ့ကြသလိုပဲလို့လည်း ပြောလို့ရပါတယ်.

ကြာပြီဆိုတာက “မ” နဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားက သံယောဇဉ် နက်ရှိုင်းလွန်းနေခဲ့တာကို ကိုယ်စားပြုတာပါ.

မနေ့တစ်နေ့ ဆိုတာကတော့ ဒီလောက်ကြာကြာ သိခဲ့ပေမယ့်လည်း အခုချိန်ထိ လန်းဆန်းသစ်လွင်နေတဲ့ အချစ်တွေ စက္ကန့်မခြား ပေါက်ဖွားနေဆဲဖြစ်နေတာကို ပြောချင်တာပါ.

ဟော..

“မ” ပြုံးနေတာ ကျွန်တော် တွေ့နေရတယ်...

တကယ်ပြောနေတာပါဗျာ.

စကားတတ်တိုင်း၊ လျှာမှာ အရိုးမရှိတိုင်း လျှောက်ပြောနေတာ မဟုတ်ရပါဘူး.

ရင်ထဲမှာ အချစ်ဆိုတာ ဖြစ်လာရင် စစ်ဘုရင်တွေတောင် ကဗျာတွေ စာတွေ စပ်ဆိုကြရတဲ့ အထိ ဖြစ်ခဲ့ရတာ နတ်သျှင်နောင်တို့၊ ပြည်န၀ဒေးတို့ သက်သေပါပဲ “မ” ရယ်.

ကျွန်တော်လည်းလေ “မ” ကိုချစ်မိသွားတဲ့ အချိန်ကစပြီး ကဗျာတွေ စာတွေ ရေးတတ်လာခဲ့တယ်.

တကယ်တော့ “မ”ဟာ ကျွန်တော့်ရဲ့ အနုပညာဈာန်ကို ကြွဝင်စေတဲ့ နတ်ဘုရားမ တစ်ပါး (သို့မဟုတ်) ကျွန်တော့်ရဲ့ Muse လေးတစ်ယောက်ပါပဲ “မ” ရယ်..

“မ” နဲ့ပတ်သက်လာရင်လေ ကျွန်တော် ဘယ်သူ့ဘယ်ဝါစကားကိုမှ ပုံတူကူးချခဲ့ခြင်း မရှိပါဘူး. ကျွန်တော် “မ” ကို ချစ်မိတဲ့ အကြောင်းတွေကို ဟောင်းနွမ်းနေတဲ့ စကားလုံးတွေ၊ လူတကာယူသုံးထားတဲ့ ကဗျာစာပိုဒ်တွေနဲ့ ဖော်ပြရတာထက် ကျွန်တော့်ရင်ထဲက အလိုလို စီးကျလာတဲ့ ခံစားချက်တွေကို ကဗျာလေးတွေ အဖြစ်နဲ့ ကိုယ်တတ်သလောက် မှတ်သလောက် ရေးချ ပြောပြတတ်တာကို ပိုအားရတယ်.

ဟုတ်တယ်. “မ”

ကျွန်တော့်ကဗျာတွေကို ပြန်ဖတ်ကြည့်…

“မ” ကို ကျွန်တော် ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်. စွဲလမ်းတယ်. ရင်ခုန်တိမ်းမူးတယ်. ဆိုတာကို တွေ့ရပါလိမ့်မယ်.

ကျွန်တော် ပရော်ဖက်ရှင်နယ် စာရေးဆရာတစ်ယောက် မဟုတ်ခဲ့ရပါဘူး.

ကလေးငယ်တစ်ယောက်ကို ချော့သိပ်နေတဲ့ မိခင်တစ်ယောက်ဟာ သီချင်းဂီတကို ဘယ်လိုဆိုညည်းရမယ် ဆိုတာကို အထူးတလည် သင်ယူနေစရာ မလိုဘဲ မိဘမေတ္တာဖြင့် သင်ကြား တတ်မြောက်လာတတ်တယ်.

ဒီလိုပါပဲလေ. ချစ်တဲ့ “မ”ကို ဘယ်လောက်ထိ မြတ်နိုးရပါကြောင်း ဖွင့်ဟပြောပြချင်နေတဲ့ ကျွန်တော့်ရင်ထဲက ခံစားချက်တွေအတွက် ချစ်ခြင်းဖွဲ့စာကဗျာတွေကို ကျွန်တော် အလိုအလျောက် ရေးတတ်ဖွဲ့နွဲ့တတ်လာခဲ့တယ် “မ” ရယ်…

ကျွန်တော် “မ” နဲ့တစ်နေ့တော့ ဆုံစည်းခွင့် ရနိုင်မှာပါနော်.

ရင်နာတယ် “မ” ရယ်.

ပြန်ဆုံရင်တောင် ကံက ကုန်နေပြီးသားဖြစ်နေတော့
ခေါင်းမော့နိုင်စွမ်း မရှိတဲ့ ဒီ ရင်ဘတ်ထဲက အချစ်တွေကို
ဟော ဟိုမှာ မြင်နေရတဲ့ ဟဒ်ဆန်မြစ်ထဲ နှစ်ခဲ့ရပေါင်းလည်း များပါပြီ.

ပြောရင်းနဲ့ကို ကဗျာသံစဉ်တွေ ကခုန်လာကြပြီ “မ” ရေ..

ရင်နာတယ်ဗျာ.

တကယ်ကို ရင်နာတယ်.

ဘာလို့ “မ” နဲ့ ကျွန်တော် အစောကြီးကတည်းက ဆုံတွေ့ခွင့် မရခဲ့ကြတာလဲ..

ဘာလို့….

ဘာလို့.

ဘာလို့..

တော်ပြီ. “မ” ရယ်.

ကျွန်တော် ငိုရလွန်းလို့ မျက်ရည်တောင် မကျန်တော့ဘူး.

နောက်ဆုံးတော့လည်း ဘာမှ မလုပ်နိုင်မယ့် အတူတူ တစ်ခုပဲ ပြောတော့မယ်.

ကျွန်တော် “မ” ကို သိပ်ချစ်တယ်.

သိပ်ကိုချစ်ရပါတယ် “မ” ရယ်..

အိပ်ပြီဗျာ. စိတ်ဓာတ်ကျတယ်.

p.s

နက်ဖြန် အပြင်သွားဖြစ်ရင် ကားကောင်းကောင်းမောင်းနော်.
အနွေးထည်လေးဘာလေးလည်း ဆောင်သွားဦး. ရာသီဥတုက ချက်ချင်းပြောင်းနေတာ.
အိမ်မှာနေရင်လည်း အင်္ကျီထူထူထဲထဲလေး ၀တ်ထား. ရှိုးပြမနေနဲ့. ဖြစ်တော့ ကိုယ်ပဲ ခံရမှာ.

ဦးထီးသီချင်းထဲကလိုပေါ့.

“နာနေဖျားနေရင် ဘယ်သူက လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ “မ” ရယ်”

ရယ်မနေနဲ့. မပြောလိုက်ချင်ဘူး.
ကလေးလည်း မဟုတ်. ကုလားလည်း မဟုတ်. တရုတ်လည်း မဟုတ်.
ကျွန်တော့်စကားဆို ဘယ်တော့မှ အလေးအနက်မထားဘူး.

မှာနေတာနဲ့ပဲ p.s က စာတစ်စောင် ဖြစ်ရော့မယ်.

ကျွန်တော့်ဆီမှာ သိပ်ကို ညဉ့်နက်နေပြီဗျ.

“မ” ကို ညတိုင်းစောင့်ရလွန်းလို့ မျက်တွင်းထဲမှာတောင် ဟာဘယ်လ်စပေ့စ်မှန်ပြောင်း ထည့်ထားလို့ ရနေပြီ.

သိဘူးဗျာ.

စိတ်ညစ်တယ်.

“မ” ကိုချစ်ရတာ စိတ်ညစ်တယ်.

သီတင်းလည်းကျွတ်ပြီ.

မသိဘူးးးးးးးးးးးးးးးးးးးး “မ” ရယ်.

အိပ်ပြီ..

မွ……………..

အော်.. မေ့လို့.

မနက်ဖြန် မေးလ်ဘောက်စ်ထဲကို မောနင်းနုတ်စ်လေး ခါတိုင်းလိုပဲ ပို့ပေးထားမယ်နော်.

ဟော. ကြည့်. သူရယ်သွားပြီ.

ပျော်ရွှင်ပါစေ “မ” ရယ်.. ဖုန်းဆက်လို့ရရင် သိပ်ကောင်းမှာပဲနော်. အသံလေးအလွမ်းပြေ ကြားချင်လို့ပါ.

“မ” ကို သိပ်ချစ်တဲ့.

YKN

7 comments:

ကိုရင်နော်ခင်လေးငယ် said...

“မ..” အသံလေးတွေက အရင်ကလို ချစ်ချာနွဲ့နွဲ့လေးဘဲလား..!!

“မ..” အပြုံးချိုလေးတွေပေါ်မှာရော ပျားလေးတွေ “ဝဲ” နေတုန်းလား..!!

အနော် YKN အတွက်တော့ နတ်ဘုရားမလေးပါဆို... ဟွန်းး
“မ” ရီရဖူးနော်..!!

“ကံမကုန်” သေးရင် “ပြန်ဆုံ” ချင်တဲ့ အနော့်ရင်မှာ ကဗျာတွေ “ခုန်ခုန်” လာပြန်ပေါ့..!!

တစ်ကယ်ပြောတာပါ.. ရင်နဲ့ရေးတဲ့ ဒီစာတွေသာ ကိုရန်အောင့် “မ” ဖတ်ရရင် ဘယ်လိုနေနိုင်မှာလည်းနော်..!!
ဟော.......
ပြောရင်းဆိုရင်း ph လာနေပြီလားမသိ..!!
ကိုင်လိုက်ဦးလေ.... (:P :P :P)

ခင်လို့စလိုက်မိပြန်ပြီ..

ps. အော် “မ” ကိုလည်း..
(ကိုရင်၊ ခင်လေး၊ ကလေးလေး)က
သတိရခင်မင်ကြောင်းပြောပေးပါနော်..
ဟီးးးး..

ကိုရင်၊ ခင်လေး၊ ကလေးလေး

WWKM said...

ဟဟဟား.. အော်.."မ" ...." မ " ..." မ"
ကိုရန်အောင်ရဲ့ မ ရေ... အဟတ်ဟတ်
လှောင်တာဟုတ်ဖူးနော်...း)
မ တော့ မတိဘူး.. ဘေးလူတွေတောင် စိတ်ညစ်..အဲလေ... စိတ်မကောင်းဖြစ်နေကြပါပြီ။
အဟဲ.. ကိုရန်အောင်..ကိုရန်အောင်...
ပို့စ်လေးစဖတ်တော့ သနားရမလိုလို နဲ့ အောက်ပိုင်းရောက်တော့ အော်ရယ်ချင်သွားပြန်ရော.း)
ငိုလည်းငိုရတယ်.. ရယ်လည်းရယ်ရတယ်...း)
အဆင်ပြေပါစေ.. ကိုရန်အောင်ရေ..

မနဲ့ အမြန်ဆုံးပြန်ဆုံနိုင်ပါစေ။
မ ၄ ကိုစောင့်မျှော်လျှက်

လေးစားခင်မင်လျှက်
မ၀ါး)

Chaos said...

ကိုရန်အောင်ရဲ့ ရင်ထဲက ကဗျာတွေအဖြစ်ပြောင်းလဲပစ်နိုင်တဲ့ နတ်ဘုရားမလေး "မ" တစ်ယောက် ကိုရန်အောင်ကို အလွမ်းတွေ အဆွေးတွေ ပူဆွေးမှုတွေအစား အချစ်စစ်နဲ့ နေ့သစ်တွေတိုင်းမှာ စောင့်ကြိုလို့ ငါတို့ အစ်ကိုကြီး ပြုံးပျော်နေနိုင်ပါစေရှင်။
p.s
်အဟဲ အတုခိုးတာ ဟုတ်ဝူးနော်။ တကယ်ကျန်ခဲ့လို့။
ကဗျာ သံစဉ်လှလှလေးတွေကို ညည်းတွားနေနိုင်ပါစေလို့..... ဆုတောင်းပေးပါတယ် အစ်ကိုရေ့

flowerworld said...

ဦးရန်ရေ...ရယ်လဲရယ်ချင်တယ်....ဟိဟိ..အကျယ်ကြီးလဲမရယ်ရဲဘူး.. ငိုလဲငိုချင်တယ်..မျက်ရည်တွေကမထွက်တော့ဘူး..
စစဖတ်တော့...ဟာ..ဦးရန်တို့လွမ်းပြန်ပြီးလို့........
ဖတ်ရင်းဖတ်ရင်းနဲ့..ဟင်းဟင်းဟင်း...မပြောလိုက်ချင်ဘူး....
ဖုန်းဆက်ချင်တာများဘာများခက်လို့...၁၉၁..ကိုနှိပ်လိုက်ပေါ့..ဟဟ
ကလေးတွေလွမ်းတော့...သနားတယ်....လူကြီးလွမ်းတော့...အင်းးးး.....
ကိုယ့်ဦးဦးကိုမပြောတော့ပါဘူးလေ....ဟဲဟဲ
အဆင်ပြေပါစေဗျာ...
ခင်မင်လျှက်ပါ

RePublic said...

ကိုရန်ကြီး .... "မ" နဲ့ ပျော်ရွှင်အဆင်ပြေပါစေဗျာ ၊၊

ခင်မင်လျက်

လင်းလက်ကြယ်စင် said...

အလွမ်းတွေ ရင်ထဲဖြစ်လာတိုင်းသာ လက်ချောင်းတွေကနေ တစ်ဆင့် ဖွင့်ဟရေးသားရမယ်ဆိုရင် စာမျက်နှာတွေ ကုန်ဆုံးနိုင်မယ် မထင်ဘူးနော် ကိုရန်အောင်။ ချစ်သူနှင့်ပျော်ရွှင်ချမ်းမြေ့ပါစေရှင် :)

Layma said...

ဒီလူကြီး ခုတလော သိပ်ကဲနေပါလား...
ရည်းစား ပူပူနွေးနွေးရထားတာလား... သိဘူး...။ :P