Thursday, October 09, 2008

မ - ၂



“မ”…

လွမ်းတယ်ဆိုတာ လုပ်ယူလို့ မရစကောင်းပေမယ့်
ချစ်သူကို အူတိုအောင်တော့ “မ” က လုပ်တတ်နေတယ်နော်.

ရယ်လိုက်စမ်းပါ
ထုံးစံအတိုင်း ဟတ်ဟတ်ပက်ပက်နဲ့ပေါ့
ပြောလိုက်စမ်းပါ
ကျွန်တော် ဘယ်လိုနေမလဲ ကလိချင်လို့ ဆိုပြီးတော့ပေါ့
ခနဲ့လိုက်စမ်းပါ
ဒီလိုစကားမျိုး ဘယ်နှစ်ယောက်ကို ပြောပြီးပြီလဲလို့…

ရင်ထဲက ဖြစ်တည်လာတဲ့ အချစ်
နေ့စဉ်နေ့တိုင်း “မ” အတွက် ဆန်းသစ်နေမြဲပါ.
ဆီမထည့်ထားတဲ့ လှည်းဝင်ရိုးလို တအီအီအသံထွက်ပြီး
တီတီတာ စကားတွေနဲ့
အရှက်မရှိ မချွဲနွဲ့တတ်ဘူး.
ဆယ်မိနစ်တစ်ခါ ချစ်လှပါချည်ရဲ့ ဆိုပြီး
အော့ဖ်လိုင်း မက်ဆေ့ခ်ျတွေ ထားတတ်တဲ့ ပလေယာ
ကျွန်တော် မဟုတ်ခဲ့ပါဘူး..
တစ်ပွဲတစ်လမ်း အကဲစမ်းလို့
ပေါက်တော့လည်း စံ မပေါက်တော့လည်း ကံဆိုပြီး
ရွှေထီးဆောင်းရကောင်းနိုး မျှော်ကိုးရင်း
“မ” အနား ချဉ်းကပ်ခဲ့တာလည်း မဟုတ်ဘူး…

တစ်နေ့လုံး ခွဲခွာ အလုပ်မှာ စိတ်ကိုနှစ်လို့
လစ်ဟာချိန်တောင် မရှိတဲ့ ကျွန်တော့်အတွက်
တစ်ရက်တာရဲ့ အဆုံး နေလုံးကြီး ကွယ်ပျောက်ခါမှ
“မ” ကို တင်းပြည့်ကြပ်ပြည့် လွမ်းမောခွင့် ရတာပါ.

ဒါတွေကို မသိလို့ပဲလား
မသိချင်ခဲ့တာလား
ကျွန်တော့် ရင်ထဲ ဘယ်လိုနေမယ် သူ မစာနာ
တစ်ခြားယောင်္ကျားသားတွေ အကြောင်း ပြောပြရင်း ခဏခဏ ကလိတတ်တဲ့
“မ” ကိုလေ….
ကျွန်တော်က…
တစ်ခါတစ်လေ လက်သီးနဲ့ ပိတ်ထိုးလိုက်ချင်သလို
တစ်ခါတစ်လေမှာတော့ ရင်ခွင်ထဲ ထွေးဖက်ပြီး
ဆံနွယ်လေးတွေကို မြတ်နိုးစွာနဲ့ ပွတ်သပ်ပေးနေချင်တယ်…
အဲဒီ့ တစ်ခါတစ်လေ နှစ်ယောက်
ကမောက်ကမ ခဏခဏဖြစ်ရတာလည်း မရေတွက်နိုင်အောင်ပါပဲလေ.

ဘာပဲဖြစ်ဖြစ်ပါ…
သူများတကာလို အချိန်ပြည့် ချစ်သူနား မရှိနေနိုင်ခဲ့ပေမယ့်
နေခြည်ဖြိုးဖြောက် မိုးသောက်ချိန်မှာတော့
“မ” ရဲ့ မေးလ်ဘောက်စ်လေးက
မောနင်းနုတ်စ်လေးတစ်ခုကို သိမ်းပေးထားနေမှာပါ.

“မောနင်း “မ”
ညက အိပ်ပျော်ရဲ့လား..
စောင့်နေသေးတယ်.
ကားကောင်းကောင်းမောင်းနော်.
အလုပ်မှာ အဆင်ပြေပါစေ…
သတိရနေပေးပါ
လွမ်းနေမယ်နော်…

..
.”

လွမ်းမောစရာ ညနေခင်းတွေမှာတော့
“မ” ရဲ့ ဖုန်းလေးက မက်ဆေ့ခ်ျတစ်ခုကို ရနေမှာပါ.

“I miss you sooooo much, Ma….
Can’t help missing you…
Wish u were here…
Can’t wait to talk to u soon…
...
..
.”

ဟုတ်တယ် “မ” ရယ်…

ချစ်တယ်ဆိုတာ သူ့အလိုလို ဖြစ်လာတတ်ပေမယ့်
ချစ်သူကို ချစ်စိတ်တွေ တဖွားဖွား
အင်နဲ့အားနဲ့ ဆက်လက်ဖြစ်ပေါ်နေအောင်တော့
“မ” ဆိုတဲ့…
ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူက
ပြုစားတတ်နေစွမ်းခဲ့တယ်…

တစ်ခါတစ်လေတော့လည်း စိတ်မကောင်းဘူး
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကို လွမ်းရတာတောင်
ဟန်ဆောင်ပန်ဆောင် ထိန်းသိမ်းနေရတယ်.
ဇီးကွက်တစ်ကောင် အော်လိုက်တိုင်း
“ကြည့်ကွက်! ကြည့်ကွက်!” လို့ ကြားမိနေသလို
“မ” ကို ကျွန်တော် လွမ်းနေတာ
ဘယ်သူကများ ရိပ်မိသွားပြီလဲ
မလုံမလဲနဲ့ ကွက်ကြည့်ကွက်ကြည့် လှည့်ပတ်ကြည့်နေရတာပါ.
ဒါကိုမှ “မ” က အလိုက်မသိ
ချဉ်းကပ် ပတ်သက်လာတဲ့ ပျားပိတုန်းတွေအကြောင်း
မြိန်ရည်ယှက်ရည် ဖောက်သည်ချတော့
နှလုံးသားဟောင်းလောင်းပေါက်နဲ့ နားထောင်နေရတဲ့ ကျွန်တော်ရယ်လေ…
ကိုယ့်ပါးကိုတောင် ယောင်ပြီး ရိုက်မိလိုက်သလိုပဲ.

ဟော..
ရယ်ပြန်ပြီ…
ရယ်ပါ ချစ်သူရယ်
ရယ်လိုက်စမ်းပါ…


လွမ်းတယ်ဆိုတာ လုပ်ယူလို့ မရစကောင်းပေမယ့်
ချစ်သူကို အူတိုတတ်အောင်တော့ “မ” က လုပ်တတ်နေစွမ်းတယ်…
လွမ်းလိုက်ရတာ “မ” ရယ်……

(ရေခဲငှက်)

6 comments:

Chaos said...

အခုတော့လဲ တို့အစ်ကိုကြီးရဲ့ အလွမ်းသံတွေကို ၀မ်းသာစွာ ပြန်ကြားရပြီပေါ့။ ၀မ်းသာတယ်ဆိုတာ ကဗျာပြန်ရေးတာကိုပြောတာပါ။ အစ်ကိုလွမ်းနေတာကို ပြောတာ မဟုတ်ပါဘူး။ ကဗျာလေးက အရှည်ကြီး သို့သော် ကြိုက်၏

WWKM said...

Oh!!! I got it . :P

ကဗျာအသစ်လေးတင်ထားတာတွေ့လို့လာဖတ်တာပါ
ကိုရန်အောင် ရေ..
လက်သီးနဲ့တော့ ပိတ်မထိုးပါနဲ့ ရှင်.. မညှာမတာ..
ဟဟား..
ကဗျာလေးကအရှည်ကြီးနဲ့ ဖတ်လို့ကောင်းလွန်း
လှပါသည်။


ခင်မင်စွာနဲ့
မ၀ါ

flowerworld said...

ဦးဦးရန်က..ကဗျာတွေပြန်ရေးနေပြီဆိုတော့ဝမ်းသာတယ် ဒီကဗျာလေးလဲကြိုက်တယ် ဆက်လက်အားပေးနေဆဲပါနော် ခင်မင်လျှက်ပါ မီးလေး

Winkabar said...

ဖတ်တဲ့လူတောင် သူ့နေရာကနေ ခံစားမိပြီးအူယားလာတယ်။ ရေးတတ်လိုက်တာ။

ကိုရင်နော်ခင်လေးငယ် said...

အယ်... ရုပ်ကြီးက.. ရုပ်ကြီးက ကိုယ့်ပါးကိုကိုယ်(ယောင်ပြီး) ဖွဖွလေး ရိုက်မဲ့ ရုပ်ကြီးပါနော်... သြော်.. “မ”.. “မ” ...
ဟီးးး တော်တော်ရေးတတ်
(ကိုရင်)

ဟယ်... ကြည့်စမ်း ကိုရန်ကြီး အူတွေတိုနေတာ ကဗျာဖတ်မှ သိရတော့တယ်.. ကျန်းမာရေး ဂရုစိုက်နော် ဆရာဝန်နဲ့ မှန်မှန်ပြဦး... ဆေးသောက်ပျင်းရဖူးလေ.. ဟက်..ဟက်..!!
နောက်တာများသွားတယ်.. တကယ် ဖတ်လို့အရမ်းကောင်းတာဘဲရှင်..
သြော်.. “မ”.. “မ”.. “မ”
(ခင်လေး)

ဦးဦးရန်..
ဆီမထည့်ထားတဲ့ လှည်းဝင်ရိုးတံ နဲ့ ဂျီးကွက်ကြီးက “ကြည့်ကွက်၊ ကြည့်ကွက်” လို့ အော်တံ ကလေးလေးတိဖူးး post အတစ်တင်ရင်ထည့်ပေး နားထောင်ချင်ယယ်..
(ကလေးလေး)

Yan said...

>Chaos....
လွမ်းနေပါတယ်ဆိုမှ ၀မ်းသာတယ်ဆိုတာနဲ့ လာတွေ့နေသေးတယ်. စိတ်ညစ်တာမှ တအားးးးးးး

>မ၀ါဝါခိုင်မင်း...
လက်သီးနဲ့ထိုးမယ်ဆိုတာ လှန့်တာပါ. ဘာတဲ့. မယားနေစ ကြောင်သေမှဆိုလားလေ. ရည်းစားနေစ မောင်လေပွ ဆိုတာရော ကြားဖူးလား. အာလူးကြော်တွေ စွတ်စားလို့ပေါ့. ဟတ်ဟတ်...

>မီးလေး...
ဟုတ်တယ်. ပြန်ရေးနေပြီ. ၀မ်းတော့မသာနဲ့ဦး. ပြောထားတဲ့ မြွေသားတောက်တောက်စင်းကြော်နဲ့ တောက်တဲ့ကင် လုပ်တတ်အောင်သာ လေ့ကျင့်ထား...

>၀င်္ကပါ... အူမယားနဲ့ဗျာ. တကယ်လွမ်းနေတာကို... တော်ကြာ လူမှားကုန်ဦးမယ်. ဟတ်ဟတ်.

>ကိုရင်နော်... ဖွဖွလေးရိုက်မယ်တဲ့လားဗျာ. သွားစမ်းပါ. ဒီမှာ အူတိုလွန်းလို့ တစ်လုံးပြူးသေနတ်နဲ့တောင် ပစ်ချင်သေးတာ. နှစ်လုံးပြူး၊ ခြောက်လုံးပြူးသေနတ်တွေက လေးလို့. တစ်လုံးပြုးပဲကိုင်တယ်.

မခင်လေးနော်.... ဆရာဝန်နဲ့ပြပေမယ့် ဆရာဝန်က ဘာပြန်ပြောလဲသိလား..

“အချစ်ရောဂါ ၀မ်းတွင်းနာက ကုရာနတ္ထိ ဆေးမရှိ” တဲ့လေ...

ဒီတော့လည်း ဆက်ပြီး “မ” လိုက်ဦးမယ်ဗျာ.း)

ကလေးလေး...
ဆီမထည့်ထားတဲ့ လှည်းဝင်ရိုးသံဆိုတာလေ. “အီ........ အီိ........ အီ....... ” နဲ့ လှည်းအကြီး ခွေးနင်းသလို... အဲ. ဟုတ်ပါဘူး. ခွေးအကြီး လှည်းနင်းသလို အသံကြီးပေါ့.

ဂျီးကွက်ကြီးက ကြည့်ကွက်ကြည့်ကွက်လို့ အော်တာက ဂျီးကွက်ပေါက်စမို့ ဂျကားမပီသေးလို့ပါ ကလေးလေးရယ်. post အတစ်တော့ မတင်ဘူး. အတစ်တင်ရင် တစ်နေမှာ စိုးလို့ အသစ်ပဲတင်တယ်နော် ကလေးလေး... အာဘွားးးးး
း)


>မ...

မရယ်...
ကျွန်တော်ကတော့ အူတွေ တိုပြလိုက်ရတာ.
ကော်မန့်ထဲမှာလေ
ကျွန်တော့်ကို လာပြောင်နေကြတယ် သိလား
မရယ်ပါနဲ့ “မ” ရယ်...
အချစ်ဆိုတာ ချိုနဲ့လားလို့ မေးနေရတဲ့ ကျွန်တော့်ဘ၀မှာ
“မ” တစ်ယောက်တည်းကိုသာ
ပိုပိုသာသာ ချစ်ခဲ့ရတာပါ.
လွမ်းနေတုန်းပဲ “မ” ရယ်....