Saturday, February 23, 2008

တိမ်ပြိုတဲ့ည...



တစ်ခါတစ်ရံမှာပေါ့
ပြတင်းတံခါးဝမှာ မေးထောက်လို့
ကြယ်စင်တွေထွန်းလင်းနေတဲ့ ညကောင်းကင်ကို
ဆို့နင့် လွမ်းမောစွာ ငေးကြည့်ခဲ့ဖူးတယ်
အဝေးက ချစ်သူကို သတိရရင်း
ချဉ်းနင်း ၀င်ရောက်လာမယ့် အရုဏ်ဦးကို
မှုန်ရီနေတဲ့ အလွမ်းတွေနဲ့ ကြိုဆိုခဲ့ရတယ် ချစ်သူရယ်..

တစ်ခါတစ်ရံမှာပေါ့
မမြင်သာတဲ့ အလွမ်းတွေကို
အလန့်တကြား သိမ်းထုပ်ရင်း
ချစ်သူကို တိတ်တခိုးကြည့်ခဲ့ရဖူးတယ်.
မြတ်နိုးမိတဲ့ နှလုံးသားကို အပြစ်မတင်နိုင်စွမ်းတော့လည်း
လွမ်းတယ်ဆိုတာ အချစ်စစ်ပွဲအတွက် လောင်စာတစ်ခုလို ဖြစ်လာခဲ့တယ်
လက်မလျှော့ဘဲ အနိုင်ဝင်တိုက်ချင်တာလည်း
အကြိမ်ကြိမ်ပါပဲ ချစ်သူရယ်…

တစ်ခါတစ်ရံမှာပေါ့
လွမ်းမောဖွယ် ညလေးတွေ အကြောင်း
ပြန်ပြောင်းတွေးမိရင်း
ငါသိပ်ချစ်တဲ့ မင်းကိုထာဝရ ထွေးပွေ့ထားချင်တယ်
အဆွေးတွေနဲ့ပဲ ရင်းနှီးနေရတော့
နီးစပ်ခြင်းဆိုတာ
အိပ်မက်တစ်ခုပါပဲ ချစ်သူရယ်..

တစ်ခါတစ်ရံမှာပေါ့
မတွယ်တာသင့်တဲ့ ငါ့သံယောဇဉ်တွေကို
ချောင်ထဲမှာ ဖိသိပ်လို့
မီးခလုတ်ကို မှိတ်လိုက်ပြီး
ကြေကွဲစွာ ငိုညည်းနေခဲ့ရဖူးတယ်
ဝေဒနာဆိုတာ လုပ်ယူနေစရာ မလိုပါဘူး
တိုတောင်းတဲ့ ဘ၀တာလေးတစ်ခုထဲမှာ
မကြင်နာဝံ့သူကိုမှ သံယောဇဉ်တွယ်မိလေတော့
ဆယ်ကမ္ဘာတိုင်အောင် ပူဆွေးရပြီပေါ့…

ဘာပဲဖြစ်ဖြစ်လေ
မသေချာတဲ့ အနာဂတ်မှာ
မရေရာတဲ့ အဖြစ်အပျက်တွေ စောင့်ကြိုနေကြဆဲမို့
တမ်းတမိတဲ့ အလွမ်းတွေကို
ပိရိစွာနဲ့ပဲ ကျွမ်းလောင်ပစ်လိုက်တော့မယ်
မင်းကိုချစ်တယ်ဆိုတာ ကိုယ့်အတွက်
မျက်တွင်းတွေ နက်စေတဲ့ အရာတစ်ခုပါပဲ
ခုနစ်စင်ကြယ်ကို အဖော်ပြုလို့
ဒီညလည်း လသာဆဲပါ ချစ်သူ…


(ရေခဲငှက်)

3 comments:

mabaydar said...

ဒီကဗျာ heart ထိတယ်.. ကြိုက်တယ်ကွာ...

Chaos said...

အင်း
တိမ်တွေတောင်ပြိုပြီဆိုတော့
ဝေဒနာတွေ ပလူပျံနေပြီထင်တယ်

Yan said...

>Summer Snow... Heart ထိမှာပေါ့ဗျာ. Heart နဲ့ ရေးတာပဲကို...

>Chaos... ဟုတ်တယ်. ဝေဒနာတွေ ပလူပျံတဲ့ည. တိမ်ပြိုတဲ့ည. ငါငိုတဲ့ည ပေါ့... (ပြောရင်းဆိုရင်း နောက်ကဗျာတစ်ပုဒ် ထွက်ကျလာဦးမယ်. ကောက်သိမ်းထားမှ.)
း)