Friday, February 08, 2008

အမြဲစိမ်းသစ်တစ်ပင်သို့....



ကိုနေဘုန်းလတ်ရေ…

ခင်ဗျားနဲ့ ကျွန်တော်နဲ့ မတွေ့ဖြစ်တာ၊ စကားမပြောဖြစ်တာ အတော်ကြာသွားခဲ့ပြီနော်.

ဘာရယ်မဟုတ်ဘူးဗျာ. ကျွန်တော် ခင်ဗျားအတွက် ပို့စ်တစ်ခု သီးသန့်ရေးချင်စိတ်ပေါက်လာတာရယ်၊ ခင်ဗျားကို ထူးထူးခြားခြား သတိရနေခဲ့တာရယ်ကြောင့် စာမရေးဘဲနားထားခဲ့တဲ့ ကျွန်တော့်ဘလော့ဂ်လေးကို ပြန်အသက်သွင်းမိတယ်.

ဖေဖော်ဝါရီ (၆) ရက်နေ့က ခင်ဗျားရဲ့ ဘလော့ဂ်လေး တစ်နှစ်ပြည့်သွားခဲ့တယ်နော်. ခင်ဗျားသိလား. ဘလော့ဂ်တော်တော်များများမှာ ခင်ဗျားအတွက် အထူးသီးသန့် ပို့စ်လေးတွေ တင်ပေးကြတယ်. ခင်ဗျားကို အားလုံးက သတိတရ ရှိနေခဲ့ကြတယ်.

ကျွန်တော်ကတော့ မတင်ဖြစ်ခဲ့ဘူး.

ကျွန်တော်ခင်ဗျားအတွက် ခံစားချက်မရှိလို့ မဟုတ်ဘူး ကိုနေ.

ကျွန်တော်ခင်ဗျားအတွက် အပြည့်အ၀ခံစားချက်ရှိပါတယ်. ခင်ဗျားနဲ့ ကျွန်တော်ကြားမှာ ရှိနေခဲ့တဲ့ မိတ်ဆွေ သံယောဇဉ်ကြိုးက ကြီးမားပါတယ်.

ဒါပေမယ့် အကြောင်းတစ်ခု မတိုက်ဆိုင်လို့ ကျွန်တော်မတင်ဖြစ်ခဲ့ဘူး.

တကယ်ဆို ကျွန်တော်နဲ့ခင်ဗျားနဲ့မှာ ပြောစရာတွေ အများကြီးကျန်နေသေးတယ်.

ခင်ဗျားမရှိတုန်း ကျွန်တော်လည်း စာသိပ်မရေးဖြစ်ခဲ့ဘူး. အလုပ်မအားတာထက် ရေးဖို့ မုဒ်မ၀င်တော့ဘူးဗျာ. ဒီကြားထဲ ကျွန်တော် သိပ်ကိုရင်းနှီးချစ်ခင်ခဲ့ရတဲ့ မိတ်ဆွေဘလော့ဂါတစ်ချို့နဲ့ ကတောက်ကဆတွေ ဖြစ်ခဲ့ရတယ်. ကျွန်တော်စာရေးချင်စိတ် သိပ်မရှိတော့ဘူးဗျာ..

အရင်တုန်းက ကျွန်တော့်မှာ အဲလိုခံစားချက်တွေ ၀င်လာခဲ့ရင် ခင်ဗျားကျွန်တော့်ကို အမြဲအားပေးတယ်နော်. အကျိုးသင့်အကြောင်းသင့် ရှင်းပြတယ်. ဟာသလေးတွေနှောပြီး ကျွန်တော့်ရဲ့ အစိုင်အခဲတွေကို ကြိုးစားဖြေဖျောက်ပေးခဲ့တယ်

ခင်ဗျားဟာ ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတစ်ဦးပါပဲ.

ကျွန်တော်ခင်ဗျားကို သတိရလို့ မ၀င်တာ ကြာပြီဖြစ်တဲ့ Gtalk ထဲကို ၀င်ခဲ့မိတယ်.

ဘလော့ဂါတွေ တော်တော်များများရဲ့ ပရိုဖိုင်းလ်ပုံလေးတွေက ‘Free Nay Phone Latt’ တဲ့.





ခင်ဗျားရဲ့ အကောင့်နာမည်လေးကို စိုက်ကြည့်နေရင်း ခင်ဗျားတင်ထားတဲ့ ပရိုဖိုင်းလ်ပုံလေးကို ဘာသာပြန်နေမိခဲ့တယ်. ကလေးလေးတစ်ယောက် လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်လို့၊ မျက်လုံးလေးမှိတ်လို့ ကောင်းကင်ဘုံကို မော့ကြည့်ရင်း တစ်စုံတစ်ရာကို ဆုတောင်းနေတဲ့ ပုံလေး…



ခင်ဗျားရဲ့ ဆုတောင်းသံကို ကျွန်တော်ကြားလိုက်တယ် ကိုနေ…

ပြည့်မှာပါဗျာ…. ပြည့်မှာပါ…

ကျွန်တော့်ကို နားလည်မှုရှိတဲ့ ခင်ဗျားအတွက် ကျွန်တော်ပြန်ဆိုတဲ့ ဘာသာပြန်ဆိုချက်တွေဟာ ခံစားချက်ပါတယ်. အပြစ်ကင်းတယ်ဆိုတာ ခင်ဗျားသိမှာပါ.

နားမလည်နိုင်တဲ့သူတွေအတွက်တော့ ကျွန်တော့်ရဲ့ ခံစားချက်တွေဟာ တော်နေးဒိုးတွေလို ပတ်ဝန်းကျင်ကိုပါ ဂယက်ရိုက်ခတ်နေတယ်လို့ ဆိုကြလေရဲ့ဗျာ…

ကျွန်တော်စာရေးဖို့ ကြိုးစားတယ်. ခင်ဗျားကိုသတိရလို့ ခင်ဗျားအတွက် လုပ်ပေးနိုင်မယ်ထင်တာလေး တစ်ခုကို အရဲစွန့်ပြီး ရှေ့ထွက်လုပ်ပြခဲ့မိတယ်. အုပ်စုထဲက ခွဲထွက်ပျံသလို ဖြစ်သွားခဲ့တဲ့အတွက်လားမသိ. ကျွန်တော် အပစ်ချခံခဲ့ရတယ်.

သင်ခန်းစာတစ်ခုပေါ့ဗျာ. အုပ်စုကို ဂရုမစိုက်ခဲ့မိလို့မှ မဟုတ်ဘဲ. ငြိမ်သက်လွန်းနေတဲ့ ကန်ရေပြင်ကို မချင့်မရဲ ဖြစ်မိလို့ ခဲတစ်လုံးနဲ့ ကောက်ပေါက်ခဲ့မိတာပါ. တကယ်တော့ ကန်ရေပြင်အောက်မှာ မမြင်နိုင်တဲ့ တွန်းကန်အားတစ်ခု ရှိနေခဲ့တယ်ဆိုတာ ကျွန်တော်အသိနောက်ကျခဲ့တယ်. သိလည်း မသိခဲ့ပါဘူး. မသိရကောင်းလားဆိုပြီး အပြစ်တင်လည်း ခံရုံပါပဲလေ.

ဝမ်းနည်းနေတဲ့ မိုးတိမ်တွေ စုဆောင်းမိလို့
ဒဏ်ရာမိုးတွေ အဖြစ်ပြောင်းရွာချလိုက်တော့

နူးညံ့ခဲ့ဖူးတဲ့ ရင်ဘတ်တစ်ခု
ကျောက်သားပကတိ ဖြစ်သွားခဲ့ရတယ်.
ဒါဟာ ကျောက်သားကိုဖြစ်စေတဲ့ မိုးကြောင့်လား.
မိုးကိုဖြစ်စေတဲ့ မိုးတိမ်ကြောင့်လား.
မိုးတိမ်ကို ဖြစ်စေတဲ့ ခံစားချက်ကြောင့်လား.
ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ ခဲတစ်လုံးကြောင့်လား… .. .
ဒွိဟအတွေးတွေကြားမှာ
မလူးသာမလွန့်သာ ဖြစ်နေပေမယ့်
တစ်ခုတော့ ပြောရဲတယ်.

ကျွန်တော်ခင်ဗျားကို အရမ်း သတိရတယ် ကိုနေ….

မှတ်တမ်းတစ်ချို့…
March 08, 2007

3:57 AM nay: ပြန်လဲ မဟိုင်းပါလားဟ
me: ဟိုင်းကြီးဟိုင်းလေး
ဟိုင်းလတ်
ဟိုင်းငယ်
3:58 AM ဟိုင်းထွေး
ဟိုင်းကလေး
3:59 AM nay: ဟိုင်းမယ့်ဟိုင်းတော့လဲ အစုံကိုဟိုင်းတော့တာပဲ
စကားနဲနဲလောက်ပြောချင်လို့ ရမလားဗျ
4:01 AM me: ပြောဗျာ
နည်းနည်းတော့ကြာမယ်နော်
း)
4:02 AM အော်
ခင်ဗျားကြာနေပါပေါ့လား
ဟတ်ဟတ်
nay: ဟား ဟား
4:03 AM ဖိုရမ်မှာ ကျွန်တော် စာပြန်ထားတာဖတ်ပြီးပြိလားဗျ
me: ကျွန်တော်ပြန်ထားတာရောဖတ်ပြီးပြီလား
nay: မဖတ်ရသေးဘူး
4:04 AM အခု သွားနေပြီ
me: အိုကေ
4:05 AM nay: ကိုရန်
me: ပြော
nay: နောက်တစ်ပတ်လောက် အချိန်ထပ်ပေးရင်ရမလား
me: ဘာဖြစ်ချင်လဲ
ရတာပေါ့
ဘာလုပ်ချင်လဲ
မိန်းမယူမလို့လား
ဟတ်ဟတ်
4:07 AM nay: ကျွန်တော်တို့ လိုဂိုနဲ့ ဆောင်ပုဒ်အတွက် တစ်ပတ်ထပ်ပြီးအချိန်ယူမယ်ဗျာ
ကိုရန်အောင်တစ်ခုခု တော့စီစဉ်ပေး
4:11 AM me: လုပ်လေ
ဘာလုပ်ပေးရမလဲ



ကိုနေ့ ဘလော့ဂ်လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာအထိ ခင်ဗျားရဲ့ နှလုံးသွေးနဲ့ ဖန်တီးတဲ့ အနုပညာပန်းပွင့်လေးတွေ ဆက်လက် မွှေးပျံ့ ရှင်သန်နိုင်ပါစေဗျာ….

ရန်အောင်

1 comment:

မေပျို said...

ကိုရန်ရေ..
ကိုရန်အောင်ရေ.. ၆ရက်နေ့က ပို့စ်မတင်ဖြစ်လည်း ကိုကျော့်ကို သတိရနေတယ်ဆိုတဲ့အတွက် ကျေးဇူးပါနော်။ ကိုကျော်လည်း သဲတို့ကို ဘယ်လောက်များ သတိရနေလိမ့်မလဲ။

လေးစားစွာဖြင့်
မေပျို