Wednesday, December 05, 2007

MMBloggersHelpdesk နှင့် ဘလော့ဂ်များ၏ ရှေ့ရေး…


ကဲ. ဒီတစ်ခါပြောပြချင်တာကတော့ Blogger Helpdesk လေးနဲ့ ကျွန်တော်တို့ Blogger Platform အကြောင်းလေး တစ်ချို့ပါပဲ. ကျွန်တော့်ရဲ့ အတွေ့အကြုံလေးတစ်ချို့နဲ့ ယှဉ်ပြီး ဆွေးနွေးသွားချင်ပါတယ်.

ဘလော့ဂ်လောကထဲကို ကျွန်တော်စတင် ၀င်ရောက်လာတော့ တော်တော်လေးကို အခက်အခဲတွေ့ခဲ့ရပါတယ်. ကျွန်တော်က HTML ဆိုတာကိုတောင် နကန်းတစ်လုံးမှ မသိခဲ့သူပါ. မြန်မာလိုရိုက်ဖို့ဆိုတာလည်း အိပ်မက်တစ်ခုလိုပါပဲ. အဲဒီ့အချိန်တုန်းက ကျွန်တော် အွန်လိုင်းပေါ်မှာ မြန်မာလို ရေးထားသမျှကို အငမ်းမရ လိုက်ဖတ်နေခဲ့တာပေါ့.

များသောအားဖြင့် သတင်းဝက်ဘ်ဆိုက်တွေပဲ ဖတ်ဖြစ်ခဲ့ပါတယ်. မြန်မာဘလော့ဂ်လေးတစ်ချို့ကို အမှတ်မထင် စဖတ်မိတဲ့အခါမှာတော့ အရမ်းကို စိတ်ဝင်စားသွားခဲ့ပြီး ကိုယ်တိုင်လည်း တစ်ခုလောက် ပိုင်ဆိုင်ချင်လာပါတယ်. ကျွန်တော်ဒီလို စာတွေ ရေးနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး. ကဲဗျာ. လိုရင်းပြောရရင်တော့ ကျွန်တော် ဘလော့ဂ်စလုပ်ဖြစ်ခဲ့တယ်.

တော်တော်လေး ခက်ခဲခဲ့ပါတယ်ခင်ဗျာ.

မြန်မာဖောင့်လေး သွင်းတာက အစ ရက်ပေါင်းများစွာ အချိန်ကုန်ပြီး ဘာမှ မဖြစ်မြောက်ခဲ့ပါဘူး. နောက်ဆုံး လက်မှိုင်ချခဲ့ရတဲ့အထိပါပဲ. နှင်းတွေကျလို့ အရမ်းကို အေးခဲနေတဲ့ တစ်ရက်မှာတော့ ကျွန်တော် မြန်မာလို အောင်မြင်စွာ ရေးနိုင်ခဲ့ပြီး ဘလော့ဂါလောကကြီးထဲကို စတင်ဝင်ရောက်လာခဲ့ပါတော့တယ်.

အဲဒီ့ကတည်းက ဘလော့ဂ်ရောဂါ စွဲကပ်သွားခဲ့တာ အခုချိန်ထိပါပဲ. ဘလော့ဂါဖိုရမ်မှာ ပါဝင်ရေးသားဆွေးနွေးနေခဲ့ရင်းနဲ့ တစ်ဖက်မှာလည်း ဘလော့ဂ်နဲ့ ပတ်သက်တဲ့ Hacks တွေ၊ Tricks လေးတွေကို ဖတ်ရှုမှတ်သားနေခဲ့ပါတယ်. HTML ကိုလည်း အွန်လိုင်းမှာပဲ လေ့လာသင်ယူခဲ့ပါတယ်. အဲဒီ့အချိန်တုန်းက ဘလော့ဂ်တွေ အခုလောက် မများသေးပါဘူး. ကျွန်တော်နဲ့ ကိုမင်းမင်းနဲ့ တစ်ရက် ချက်တင်း ထိုင်ရင်း ဘလော့ဂ်နဲ့ ပတ်သက်တဲ့ အခက်အခဲလေးတွေ အကြောင်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်. အဲဒီ့မှာ သူနဲ့ ကျွန်တော်နဲ့ အကြံတစ်ခုရသွားခဲ့ပါတယ်. ဘာလဲဆိုတော့ ဘလော့ဂါလေးတွေအတွက် Helpdesk တစ်ခုလောက် လုပ်ထားရင် သိပ်ကောင်းမယ်ပေါ့. ဒါဟာ အားလုံးအတွက် Learning Source တစ်ခုလို ဖြစ်သွားမယ် ဆိုပြီး လုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်.

ဒါပေမယ့် ကျွန်တော်လည်း စာမေးပွဲတွေ ခံသွားတာရယ်၊ ကိုမင်းမင်းတစ်ယောက်လည်း အင်တာနက်သုံးဖို့ အဆင်မပြေတော့တာရယ်ကြောင့် ဒီဘလော့ဂ်လေး မဖြစ်မြောက်ခဲ့ပါဘူး.

နွေရာသီ ကျောင်းပိတ်ရက်ရတုန်း ကျွန်တော် ဒီဘလော့ဂ်လေးကို လုပ်ဖို့ ပြန်ပြီး စိတ်လည်လာခဲ့ပါတယ်. ကုညီနိုင်မယ်ထင်တဲ့ ဘလော့ဂါတစ်ချို့ကို လိုက်လံစည်းရုံးကြည့်ပါတယ်. သိပ်ပြီး စိတ်ဝင်စားဟန်မပြကြပါဘူး.

ဖတ်ချင်ရင် သူတို့ဖာသာ ရှာဖတ်လိမ့်မပေါ့. ကိုမောင်လှတို့၊ ကိုညီလင်းဆက်တို့ ရေးထားတာတွေ ရှိတာပဲလို့ ပြန်ပြောကြပါတယ်.

ဟုတ်လား.

ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးကြည့်ပါတယ်.

သူတို့ ပြောတာ ဟုတ်သလားပေါ့.

ဘယ်အလုပ်မဆို Organized ဖြစ်ခြင်းဟာ အချိန်ကုန်လည်း သက်သာတယ်. အောင်မြင်မှုနဲ့လည်း ပိုနီးတယ် ဆိုတာ ကျွန်တော့်ရဲ့ ဘ၀ပေးအတွေ့အကြုံက သင်ပေးထားခဲ့တယ်လေ.

ဒါကြောင့် ဘယ်သူ့ကိုမှ အချိန်ကုန်ခံပြီး လိုက်လံ စည်းရုံးမနေတော့ဘဲ ကိုယ့်ဖာသာပဲ ဘလော့ဂ်တွေ လိုက်ဖတ်လို့ ပို့စ်တွေ ရှာပုံတော်ဖွင့်ခဲ့ရပါတော့တယ်. ပို့စ်လေးတွေ ယူသွားတိုင်း ယူသွားပြီ ဆိုတဲ့အကြောင်း ကော်မန့်လေးထဲမှာ အသိပေးခဲ့ပါတယ်. ဒီလိုနဲ့ ကျွန်တော့်ရဲ့ အိပ်မက်လေးဟာ ဩဂုတ်လ ၁၂ ရက်၊ ၂၀၀၇ တနင်္ဂနွေနေ့ ညနေခင်းလေးမှာ စတင်ပြီး ရုပ်လုံးပေါ်လာခဲ့ပါတော့တယ်.

အဲဒီ့ကတည်းက ကျွန်တော်ကိုယ်တိုင်လည်းရေး၊ သူများတွေ ရေးထားတဲ့ ပို့စ်ကောင်းလေးတွေကိုလည်း တင်နဲ့ Learning center လေး တစ်ခုဖြစ်အောင် အချိန်ကုန်ခံပြီး တည်ဆောက်ယူခဲ့ပါတယ်.

ကျွန်တော်အလုပ်များလို့ လှည့်မကြည့်နိုင်တော့တဲ့ အချိန်တွေကလွဲပြီး Helpdesk ဘလော့ဂ်လေးမှာ ပို့စ်တွေ မှန်မှန်တက်နိုင်အောင် ကြိုးစားခဲ့ပါတယ်.

အခုဆိုရင် အရင်ကထက်ပိုပြီး ဘလော့ဂါလေးတွေ ပိုများလာသလို ပိုပြီးတတ်ကျွမ်းတဲ့ IT Knowledge ကောင်းတဲ့ ဘလော့ဂါလေးတွေလည်း ပေါများလာပါပြီ. သူတို့လေးတွေကိုလည်း ကျွန်တော်ကိုယ်တိုင်ပဲ မိတ်ဖွဲ့ပြီး ဒီ helpdesk ဘလော့ဂ်လေးမှာ ပါဝင်ကူညီရေးသားပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်.

ဒီကနေ့ Helpdesk လေးကို ကြည့်လိုက်ပါ.

လူငယ်ပညာရှင်လေးတွေရဲ့ ဗဟုသုတလေးတွေ မျှဝေထားကြတဲ့ Bloggers’ atmosphere လေး တစ်ခုလို ဖြစ်နေပြီ ဆိုတာကို ၀မ်းမြောက်ဖွယ် တွေ့ရှိရပါလိမ့်မယ် ခင်ဗျာ.

ဒီလောက်နဲ့တော်ပြီလား

Never!

ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို ဘယ်တော့မှ ရပ်တန့်ပစ်မှာ မဟုတ်ပါဘူး. ဒီ့ထက်ပိုပြီး ကောင်းမွန်အောင်၊ ပြည့်စုံအောင်၊ မြန်မာလူငယ်တွေ နည်းပညာမှာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကျွန်တော်တို့ လူငယ်ပညာရှင်တွေ အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်ပါတယ်.

မြန်မာလူငယ်တွေ ဘယ်တုန်းကမှ မညံ့ခဲ့ပါဘူး.

စနစ်ဆိုးရဲ့ ဒဏ်ရာအောက်မှာ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ခံထားရလို့ အစွမ်းအစတွေ မီးခဲပြာဖုံး ဖြစ်နေတာပါ. ဒါတွေကို ကျွန်တော်တို့လူငယ် မျိုးဆက်သစ်တွေက လက်ဆင့်ကမ်း ကူညီသွားကြရမှာပါ. စနစ်ညံ့တာကိုလည်း ဝေဖန်အပြစ်တင်တာက တစ်ပိုင်းပေါ့ဗျာ.

တစ်ဖက်ကလည်း ကြိုးစားတည်ဆောက်ရမယ်ဗျ.

သစ်ပင်တွေ ပြုန်းတီးကုန်ပြီဆိုပြီး ခုတ်လှဲတဲ့သူတွေကို အပြစ်တင်နေရုံနဲ့ ဒီသစ်တောကြီး ပြန်လည် မစိမ်းလန်းလာနိုင်ပါဘူး

ကိုယ်တိုင် တစ်ပင်စ နှစ်ပင်စ ပြန်လည် စိုက်ပျိုးသွားရမှာ မြန်မာပြည်ကို တကယ်ချစ်တဲ့ မြန်မာပြည်သူ ပြည်သားတိုင်းရဲ့ တာဝန်ပါ.

အခု ကျွန်တော်တို့ ၀ိုင်းဝန်းလုပ်ဆောင်ထားတဲ့ Helpdesk လေးဟာ တိုင်းပြည်တည်ဆောက်ရေးမှာ အုတ်တစ်ချပ်ထက်လည်း မကပါဘူး၊ သဲတစ်ပွင့်ထက်လည်း မနည်းပါဘူး. ဒါဟာ Knowledgebase ပါ. အသိပညာတစ်ခုဟာ ဘ၀ပေါင်းများစွာကို အကျိုးဖြစ်ထွန်းစေပါတယ်. ဒီလိုပါပဲ. ကျွန်တော်တို့ရဲ့ helpdesk လေးကနေ လူငယ်ပညာရှင်ပေါင်းများစွာကို အကျိုးပြုသွားမှာ သေချာပါတယ်.

ဒီနေ့မဟုတ်ရင် မနက်ဖြန်ပေါ့ဗျာ. မဟုတ်ဘူးလား. အဓိကက ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ယုံကြည်ချက် အပြည့်အ၀ထားနိုင်ဖို့ပါပဲ.

လက်ရှိ Helpdesk လေးမှာ ဆိုရင် Blogger Platoform သာမက Wordpress Platform နဲ့ ဘလော့ဂ် ဘယ်လိုရေးမလဲ၊ ဘယ်နေရာတွေမှာ Free Hosting ယူနိုင်မလဲ စတာတွေထိပါ ဆွေးနွေးတင်ပြထားတာ တွေ့ရပါတယ်.

နည်းပညာနဲ့ ရင်ဘောင်တန်းနေတဲ့ ကျွန်တော်တို့ ဘလော့ဂါတွေဟာ ကမ္ဘာနဲ့ယှဉ်ရင်တောင် နောက်မကျကျန်ခဲ့ပါဘူး. ဒါကို မကြာခင်ကမှ ဖြစ်ပွားသွားခဲ့တဲ့ မီဒီယာတိုက်ပွဲတွေက သက်သေခံနေပါတယ်. မြန်မာ ဘလော့ဂါတွေရဲ့ စွမ်းဆောင်မှုကို ကမ္ဘာကတောင် အသိအမှတ်ပြုယူခဲ့ရပါတယ်.

ဒီလိုလုပ်ဆောင်ခဲ့ရာမှာ ပြည်တွင်းဘလော့ဂါတွေရော၊ ပြည်ပဘလော့ဂါတွေရော တက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြတာပါ. ဘယ်သူတစ်ဦးတစ်ယောက်မှ အကျိုးအမြတ်သဘောနဲ့ မလုပ်ဆောင်ခဲ့ကြတာ မြဲမြဲမြံမြံ သိမှတ်ထားစေချင်ပါတယ်.

ဘယ်သူမှလည်း နိုင်ငံရေးအကြောင်း ဘလော့ဂ်ရေးပြီး အိမ်မ၀ယ်ထားပါဘူး၊ ကားမ၀ယ်စီးပါဘူး၊ ဒေါ်လာတွေလည်း ပွေ့ပိုက်မသွားပါဘူး၊ ဒီလိုမျိုး ပြောဆိုထင်မှတ်နေခဲ့တာကိုက သိပ်ကို ၀မ်းနည်းစရာကောင်းတဲ့ အထင်လွဲမှုမျိုးပါ.

ရှိကောင်းရှိလိမ့်မယ်. ဒါပေမယ့် ယုံကြည်ထားပါ..

ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ.

သူတို့လို အခွင့်အရေးသမားတွေ ရေရှည်မတည်တံ့ပါဘူး မကြာခင်မှာပဲ အကြည်ညိုပျက်လို့ ကျဆုံးသွားရမှာပါပဲ.

ဒါကြောင့် လိုတိုရှင်းပဲ ပြောရရင်..

ကျွန်တော်တို့ရဲ့ ဘလော့ဂ်တွေ နိုင်ငံရေးအကြောင်းရေးလို့ ပိတ်တာဟာ ရေးတဲ့သူရဲ့ အပြစ်မဟုတ်ဘူး၊ ပိတ်တဲ့သူရဲ့ စိတ်လိပ်ပြာ မသန့်ရှင်းမှုကြောင့်ပဲ ဖြစ်တယ်.

လူဆိုတာ ကိုယ်ယုံကြည်တာကိုမှ ကိုယ်မတင်ပြနိုင်ရင် လူဖြစ်ရှုံးတာပဲ. တိုင်းပြည်ထဲမှာ ဘယ်သူမှ ရှေ့ဆောင်လမ်းပြ မလုပ်နိုင်အောင်၊ ဦးမဆောင်နိုင်အောင် ဖိနှိပ်ချုပ်ချယ်ထားလို့ မြန်မာပြည်ထဲက လူမဆန်ဆဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ အကြောင်း ကမ္ဘာကသိအောင် ဘလော့ဂ်ရေးပြီး တင်ပြတာ သိပ်ကို ချီးကျူးစရာကောင်းတဲ့ လုပ်ရပ်ပါ.

ဒီလိုရေးလိုက်လို့ ဘလော့ဂ်တွေ အပိတ်ခံရတယ် ဆိုပြီး အပြစ်တင်နေတာကတော့ ကိုယ့်ရဲ့ အခွင့်အရေး ဆုံးရှုံးသွားတာကို မကျေနပ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အယူအဆတစ်မျိုးပါ.

တက်ကျိုးရင် လက်ထိုးလှော်မယ်.

Blogger ပိတ်ရင် Wordpress နဲ့ရေးမယ်.

Wordpress ပိတ်ရင် Free Hosting တွေယူပြီး တိုက်ပွဲဝင်မယ်.

နအဖပိတ်နိုင်မလား…

ဟားဟား…

ဝေးသေး…

အပြင်မှာ လွတ်လွတ်လပ်လပ် မဆွေးနွေးနိုင်လို့ အွန်လိုင်းပေါ်မှာ ဆွေးနွေးကြတာ၊ နှီးနှော ဖလှယ်ကြတာကို အပြစ်မြင်နေတဲ့ သူတွေ ရှိနေသမျှ ဒီတိုင်းပြည် တိုးတက်ဖို့ ဝေးသေးတယ်

ဒီမိုကရေစီဆိုတာ စကားလုံးတွေနဲ့ မရှိဘူး.

ခင်ဗျားရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လုပ်ရပ်နဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်တဲ့ စိတ်ထားပေါ်မှာ မူတည်တယ်..

ဒီလောက်ပဲ ကျွန်တော်ပြောချင်တယ်..

ကဲ. Conclusion ဆွဲမယ်ဗျာ.

ကျွန်တော်တို့ ဘလော့ဂ်တွေ ပိတ်ခံရတယ်လား..

ဒါဟာ စိတ်ပျက်အားငယ်စရာ မဟုတ်ဘူး…

ဒါဟာ ကျွန်တော်တို့ မြန်မာဘလော့ဂါတွေရဲ့ လက်စွမ်းထက်မှုကို ပြသနေတာ. ဒါဟာ ဂုဏ်ယူရမှာ..

သားသမီး နိုင်ငံရေးလုပ်လို့ အဖမ်းခံရတာကို မိဘလုပ်တဲ့သူက ရှက်နေရင် ဒါဟာ တိုင်းပြည်ချစ်စိတ်မရှိတဲ့ မိဘတစ်ယောက်ရဲ့ လုပ်ရပ်နဲ့စိတ်ထားပဲ.

ဒီလိုပဲ.

ဘလော့ဂ်တွေ အပိတ်ခံရတာကိုက ကျွန်တော်တို့ ဘလော့ဂါတွေရဲ့ မီဒီယာတိုက်ပွဲ အောင်မြင်တယ်ဆိုတာကို ပြသနေတာပဲ ဖြစ်တယ်.

ဒါကြောင့် ကျွန်တော်တို့ဟာ other blogging platform တွေ သုံးပြီး တိုက်ပွဲကို ဆက်လက် အရှိန်မြှင့်ယူသွားမှာ ဖြစ်ပါတယ်.


မေးပါလိမ့်မယ်. မင်းတို့က အွန်လိုင်းကနေ လုပ်နေတာ. လာစမ်းပါ. လက်တွေ့လုပ်ပြစမ်းပါ..

အဖြေရှိပါတယ်.

ကလောင်သွားဟာ ဓားသွားထက် အဆပေါင်းများစွာ ထက်ပါတယ်.

လက်တွေ့မဆန်ဘူးဆိုရင်လည်း ဘာလို့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ ကြွေးကြော်နေရသေးတာလဲ. မီဒီယာကို စက်သေနတ်နဲ့ ပစ်ပါတော့လား..



နောက်ဆုံးပြောချင်တာကတော့ Helpdesk ဘလော့ဂ်လေးမှာ ပါဝင်ရေးသားချင်သူများ ရှိရင် Email address လေးတွေ ပေးထားခဲ့လို့ရပါတယ်.

ဘလော့ဂ်အကြောင်းသာမက IT Knowledge လေးတွေကိုပါ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်. တစ်ယောက်တည်း လုပ်နေရင် မပြည့်စုံမလုံလောက်နိုင်ပါဘူး. ဒါကြောင့်လည်း ပရဟိတ စိတ်ထားရှိတဲ့ ဘလော့ဂါလူငယ်လေးများကို တကူးတက ဖိတ်မန္တကပြုနေရခြင်းပဲ ဖြစ်ပါတယ်.

ကဲဗျာ. ကျွန်တော်တို့ အလုပ်တွေ ဆက်လုပ်လိုက်ကြရအောင်နော်….

အားလုံးကို ခင်မင်လေးစားလျက်

ရန်အောင်

13 comments:

MgThaJan said...

ပိုင်အိုးနီးယားကြီး တစ်ယောက်က ဒီလိုမျိုးပြောထွက်မယ် မထင်ခဲ့ဘူး။ ပြည်တွင်းမှာမို့ အပြောအဆို ဆင်ချင်ရတယ်ဆိုလဲ ဘာမှမပြောနဲ့ပေါ့ဗျာ။ ကျနော်သူဘလော့ဂ်လုပ်တာကို အားကျလို့ လိုက်လုပ်ခဲ့တာ။ အထင်ကြီးခဲ့တာ အလကားဘဲ။ စိတ်ပျက်တယ်။

Winkabar said...

မိုက်တယ်ကွာရေးထားတာ။ အားမာန်အပြည့်ပဲ။ ကိုရန်အောင်ရေ ဒီ့ထက်ပိုအောင်မြင်ပါစေ။

ရန်ကင်း said...

ကိုရန်အောင်ခင်ဗျာ....ကိုရန်အောင်ရဲ့ စိတ်ထား၊သဘောထားနဲ့ လုပ်ဆောင်ချက်တွေကို
ကျွန်တော်လေးစားပါတယ်။ကျွန်တော်လည်း helpdesk မှာပါဝင်ရေးသားချင်ပါတယ်။ဒါပေမယ့်ကျွန်တော့်ရဲ့ အဆင့်ကကိုရန်အောင်ဘလော့လောကကိုစ၀င်တုန်းကပုံစံမျိုး
ပဲရှိနေသေးလို့ အကိုအရင်တစ်ခေါက်လာဖိတ်တာကိုဘာမှအကြောင်းမပြန်ဖြစ်တာပါ။
ပြီးတော့တစ်ခြားလုပ်စရာတွေကလည်းရှိနေသေးတော့နည်းပညာတွေ
ကိုထင်သလောက်မလုပ်နိုင်သေးပါဘူး။ဒါပေမယ့်ကျွန်တော်ကြိုးစားသွားမှာပါ။အဲဒါတစ်သက်လုံးအတွက်ပါ။သေတဲ့အထိနည်းပညာနောက်
ကိုကျွန်တော်လိုက်သွားပြီးဝင်ပါလို့ ရလောက်တဲ့ပို့ စ်တွေရေးသားဖြစ်ရင်တော့မေးလ်ကနေတဆင့်ပို့ ပေးပါရစေခင်ဗျာ။ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
ကိုတေ

မေဓာဝီ said...

ကိုရန်လေးရေ
မမေလည်း အချိန်မရလို့ ဘလော့တွေကို သိပ်မဖတ်ဖြစ်တာနဲ့ ဘလော့လောကကြီး ဘာတွေ ဖြစ်နေတယ်ဆိုတာ သိပ်မသိဘူး။ ကိုယ့်ဘလော့ကိုယ် စာရေးဖို့တောင် အနိုင်နိုင် ဖြစ်နေတာလေ။ မမေတော့ ကိုရန်လေးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကိုရန်လေး ပြောတဲ့ နေရာမှာ သွားရိုက်တာ စက်ထဲမှာ ဖောင့်မရှိလည်း စာရိုက်လို့ ရသွားပြီ။
တခုပဲ … တချို့ဘလော့တွေ ဖတ်လို့ မရသေးဘူး။ ကွန်မန့်တွေမှာလည်း အကွက်တွေ မြင်နေရတုန်းပဲ။

ကိုရန်လေး ပြောတာမှန်ပါတယ်။
မမေလည်း ‘မြန်မာဘလော့ခ်များ၏ အနာဂတ်နှင့် လွတ်လပ်စွာ ရေးသားခွင့်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၀၆ နိုဝင်ဘာတုန်းက ရေးခဲ့ဖူးတယ်။
ကလောင်သွားဟာ ဓားသွားထက် ထက်တာမို့ ဟိုပိတ် ဒီပိတ် လိုက်လုပ်နေရတယ် ဆိုတာ ရှင်းနေတာပဲ။ မြန်မာဘလော့ဂါတွေရဲ့ မီဒီယာတိုက်ပွဲ ဆက်လက် အဓွန့်ရှည်ပြီး အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အောင်သူ said...

ကိုရန် မင်္ဂလာပါ။ နေကောင်းလား။ Helpdeskက ကျွန်တော်တို့လို blogger ပေါက်စတွေအတွက် အရမ်းကို အကျိုးပြုတယ်ဗျ။ မီဒီယာတိုက်ပွဲကြီး က အောင်မြင်ပါစေ...

Dodi said...

ကလောင်အစွမ်းနဲ့
လူငယ်တွေရဲ့ လမ်းကို
ဖောက်လုပ်ခွင့်ရတဲ့အတွက်
အဲ့လမ်းလေးကို တန်ဖိုးထား
ထိန်သိမ်းမယ်လို့
အမြဲဆုံးဖြတ်ထားတယ်

Chaos said...

ကလောင်အစွမ်းနဲ့
လူငယ်တွေရဲ့ လမ်းကို
ဖောက်လုပ်ခွင့်ရတဲ့အတွက်
အဲ့လမ်းလေးကို တန်ဖိုးထား
ထိန်သိမ်းမယ်လို့
အမြဲဆုံးဖြတ်ထားတယ်

2:21 AM

Anonymous said...

ကျနော် ပို့စ်ထပ်ရေးလိုက်တယ်

NLS ကိစ္စပဲ။
မောင်ဒိုင်း
http://maungdine.talk4fun.net/

tayzar said...

ကိုရန်ရေ စာမွဲအရင်လကရှိနေတော့ help desk မှာ ဘာမှမတင်နိုင်သေဘူး အခုတော့ အားပါပြီ အကျိုးရှိမယ့်ပို့တွေ တွေ့ရင်တင်ပါ့မယ်

Kaung Kin Ko said...

ကျွန်တော်တော့ ကျောင်းမှာ Internet and Ecomerce ယူထားပေမယ့် HTML နဲ့ CSS မှာ ကကြီးခကွေး ကနေမတက်သေးလို့  Help desk မှာ ပါဝင်ဆင်နွှဲဖို့ အရည်အချင်းမမီသေးဘူးဗျို့ ။ တဖြည်းဖြည်းလေ့လာရင်းနဲ့ ပါဝင်ပါ့မယ်ဗျာ။

MELODYMAUNG said...

ဘယ်အလုပ်မဆို Organized ဖြစ်ခြင်းဟာ အချိန်ကုန်လည်း သက်သာတယ်. အောင်မြင်မှုနဲ့လည်း ပိုနီးတယ် ဆိုတာ
I agree it absolutely.
ဂွတ်နေတာပဲ ဒူးသာဒူးလေ ရန်ရန်ရေ

Anonymous said...

အော် ဘလော့ဂါ အကွဲအပြဲထဲ ကိုရန်အောင် ခုန်ဆင်းလာပြီကိုး

Anonymous said...

ကိုရန်အောင်ပြောထားတာတွေက အကျိုးအကြောင်း ပြေပြစ်ဆီလျော်ကောင်းမွန်ပါတယ် ။ ဒီပို့စ်အတွက် ကွန်ဂရက်ကျူလေးရှင်းပါပဲ ။ ကျေးဇူး :)