Friday, December 28, 2007

ကျွန်တော့်ရဲ့ တစ်နေ့တာ


ဘလော့ဂါညီမငယ်လေး မနှင်းသဇင် က ကျွန်တော့်ရဲ့ တစ်နေ့တာ အကြောင်းရေးပေးဖို့ Tag ထားတာကို စပြီး ရေးပေးပါမယ်.

ကျွန်တော့်ရဲ့ တစ်နေ့တာလား…

အင်း… ဘယ်ကစပြောရမလဲဆိုတော့. ထတာကပဲ စပြောရမယ်.

ဩော်. ပြီးတော့ Weekdays နဲ့ Weekend ကိုလည်း ခွဲပြောရဦးမယ်..

ကျွန်တော့်အလုပ်က ၇ နာရီခွဲအရောက်သွားရပါတယ်. (မနက်ဆိုတာတော့ ထည့်ပြောဖို့ လိုမယ်မထင်တော့ပါဘူး.)

ဒါကြောင့် မနက် ၆ နာရီမှာ အိပ်ယာထပါတယ်.

အမှန်အတိုင်းပြောရရင်တော့ ၆ နာရီ ၁၀ မိနစ်လောက်နေမှ အိပ်ယာထပါတယ်. ၁၀ မိနစ် ပြန်နှပ်ခြင်းပါ. ဟတ်ဟတ်

ထတာနဲ့ လှေကားပေါ်က ဆင်းပါတယ်.

တကယ်ပြောတာ မနောက်ဘူး. ကျွန်တော်က နှစ်ထပ်ကုတင်နဲ့ အိပ်တာဆိုတော့ အောက်ကိုဆင်းဖို့ လှေကားကို သုံးရတယ်.

အိပ်ချင်မူးတူးနဲ့ ပြုတ်မကျအောင် သတိထားပြီးတော့ သေချာကိုင်ပြီးတော့ ဆင်းရပါတယ်. ဆောင်းတွင်းဆို ပိုဆိုးတယ်. ခြေအိတ်ဝတ်ထားတော့ ချော်ပြီး သွားပြုတ်ရင် ဒုက္ခ. ဒီမှာက သွားစိုက်တာလောက် ဈေးကြီးတာ သွားစိုက်တာပဲ ရှိတယ်.

ကဲ. ပြီးတော့ သွားတိုက်မျက်နှာသစ်ပေါ့ဗျာ.

ရေလည်း ချိုးပါတယ်. ရေနွေးစပ်ချိုးတာပေါ့. ကျွန်တော်က ရေချိုးရင် ချက်ချင်း ရေပန်းအောက်မ၀င်သေးဘူး.

အရင်တုန်းကတော့ ၀င်ခဲ့ဖူးတယ်. ရေပန်းလည်းဖွင့်လိုက်ရော အေးစက်ချင်အေးစက်၊ ဒါမှမဟုတ် အရင်လူကဖွင့်ထားခဲ့လို့ ပူနေရင်ပူနဲ့ တော်တော်လေး ခံစားလိုက်ရတယ်.

နောက်ပိုင်းအတွေ့အကြုံက စကားပြောလာတာပေါ့ဗျာ. ရေပန်းကို အရင်ဖွင့်ပြီးတော့ မ၀င်သေးဘဲ ခပ်လှမ်းလှမ်းကနေ လက်ထည့်ကြည့်တယ်. အပူအအေးကို အရင်စိတ်ကြိုက်စပ်တယ်.

ပြီးတော့မှ ဟဲဟဲ… ချိုးတော်မူခန်းကြီး စတင်သပေါ့ဗျာ…

ဘယ်လိုချိုးလဲ ဆိုတာထိတော့ မရေးပါရစေနဲ့နော်. (ရေးတော့ရေးချင်သားလား. ဟားဟား)

Next, အ၀တ်အစားလဲ၊ ခေါင်းကို ဆီလူး၊ ခေါင်းဖီးပြီးတော့ နောက်မှီပါတဲ့ ထိုင်ခုံကြီးပေါ်မှာ ခဏ အကြောဆန့်ပါတယ်. ၅ မိနစ်လောက်ပေါ့. တစ်နေ့တာအတွက် အင်အားတွေကို ပြန်လည်စုစည်းပြီးနောက် ၆ နာရီ ၄၀ လောက်မှ အခန်းကို သော့ခတ်ပြီး အလုပ်ကို ထွက်လာခဲ့ပါတော့တယ် ခင်ဗျား…

အလုပ်ကို ၇ ခွဲရောက်တာနဲ့ တစ်နေ့တာ အလုပ်တွေကို တရစပ်လုပ်ရတော့တာပါပဲ.

အလုပ်မှာတော့ ဖုန်းကိုပါ ပိတ်ထားတယ်. အပြင်ကို ထွက်ဖြစ်မှပဲ ဟိုခေါ်သည်ခေါ်လေး လုပ်ရတာပေါ့.

….

ညနေ ၇ နာရီမှာ အလုပ်ပြီးပါတယ်. ရထားဂိတ်ကို အရောက် သုတ်ခြေတင်ပြီးတော့ ရထားပေါ်မှာ ငိုက်ပြီးတော့ ပါလာခဲ့ပါတော့တယ်.

အိမ်ကို ၈ နာရီမထိုးခင် ၁၀ မိနစ်လောက်မှာ ရောက်ပါတယ်. ရောက်တာနဲ့ ဖိနပ်တောင်မချွတ်သေးဘဲ ထမင်းအိုးအရင်တည်ပါတယ်.

ပြီးတော့ Laundry လုပ်စရာရှိရင်လည်း စက်ထဲကို ပစ်ထည့်၊ မရှိရင်လည်း ရေချိုးပါတယ်. ၀ိတ်လည်း တစ်ပါတည်း လျှော့ပါတယ်. (အကုန်ပါတယ်နော်. အဲလိုကိုရေးတာ. ဟွန်းဟွန်း..)

တနလာင်္နဲ့ ကြာသပတေးညတွေမှာ ဆိုရင်တော့ အိမ်မှာရှိတဲ့ အမှိုက်တွေကို လမ်းမဖက်ကို ထုတ်ပါတယ်..

ရေချိုးပြီးတော့ အင်တာနက်နဲ့ စတင်တွေ့ဆုံပါတော့တယ်. စိတ်ပါရင် TV ဇာတ်လမ်းတွဲတွေကို ထမင်းစားရင်း ကြည့်တတ်ပေမယ့် စိတ်မပါရင်တော့ အွန်လိုင်းပေါ်မှာ သီချင်းတွေနားထောင်လိုက်၊ စာတိုပေစလေးတွေကို ဟိုဖတ်သည်ဖတ် ဖတ်လိုက်၊ ဘလော့ဂ်ကို ၀င်ကြည့်လိုက်၊ Gtalk မှာ ၀င်ချက်လိုက်နဲ့ပါပဲ.

စိတ်ပျက်နေတဲ့ အချိန်မျိုးတွေ ရှိခဲ့ရင်တော့ ဘာမှကို မလုပ်ဘဲ အခန်းထောင့်လေးမှာ ထိုင်ပြီးတော့ ရှေ့က ကြမ်းပြင်ကို ငုံ့ကြည့်နေတတ်ပါတယ်.

အဲလိုအချိန်မျိုးမှာ ကျွန်တော့်ရဲ့ ကဗျာဝိညာဉ်တွေ နိုးထနေတတ်ပါတယ်.

ဩော်. ကျန်ပါသေးတယ်.

ကျွန်တော့်မှာ လျှပ်စစ်ဂစ်တာ တစ်လုံးလည်း ရှိပါတယ်. ကျွန်တော့်ရဲ့ အောင်မြင်မှုတစ်ခု အတွက် ကျွန်တော်ကိုယ်တိုင် မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကို ဂုဏ်ပြုထားတာပါ. Amplifier ရော ဂစ်တာပါ အပါအ၀င်ကို ပိုက်ဆံ တော်တော်များများ ပစ်ပေးပြီး တစ်သက်စာ အမှတ်တရ ၀ယ်ထားတာပါ.

အဲဒီ့ဂစ်တာလေးကို ကျွန်တော်ကောင်းကောင်း ကမြင်းတတ်ပါသေးတယ်.

ညဖက်ဆိုရင် ၁၂ နာရီလောက်ထိ နေတတ်ပါတယ်. သိပ်ပင်ပန်းတဲ့ ညတွေမှာဆိုရင်တော့ ၁၁ နာရီလောက်ထိပဲ နေပါတယ်.

မအိပ်ခင်မှာ သွားတိုက်၊ မျက်နှာသစ်၊ ဘုရားဝတ်ပြု၊ အမျှဝေလို့ အိပ်ယာထက်ကို လှေကားနဲ့ ထောင်တက်ပါတော့တယ် ခင်ဗျား…

အဲဒါက Weekdays တွေရဲ့ Schedule ပါ.

Weekend မှာတော့ ဈေးဝယ်ထွက်တတ်ပါတယ်. တစ်ပတ်စာ ဟင်းတွေ ချက်ပါတယ်. အ၀တ်တွေလျှော်၊ အိမ်ရှင်းနဲ့ ကျွန်တော့်ရဲ့ Weekend တွေဟာ အလုပ်ရှုပ်တဲ့ Weekend တွေချည်း ဖြစ်နေတတ်ပါတယ်.

ဒီကြားထဲ ကျွန်တော် ဘလော့ဂ်တွေ အများကြီးလည်း ဒိုင်ခံရေးတတ်ပါသေးတယ်. ဟိုတလောတုန်းကတော့ သိပ်ပြီး စိတ်မပါလို့ ဘာမှ မရေးဘဲ ပစ်ထားခဲ့ပါတယ်. ပုံမှန်ဆိုရင်တော့ ဘလော့ဂ်တွေကို လိုက်ပြီး maintain လုပ်နေတာ၊ စာရေးတာတွေနဲ့ ကျွန်တော်ပျော်မွေ့နေတတ်ပါတယ်.

ကျွန်တော်ပြောလို့ရသလောက် ကျွန်တော့်အကြောင်းတွေပါပဲဗျာ.

မရတာတွေလည်း ရှိတာပေါ့. အဲဒါလေးတွေကိုတော့ ခွင့်လွှတ်နားလည်ပေးကြပါနော်.

ကဲ. ကျွန်တော့်ရဲ့ တစ်နေ့တာ ကျင်လည်မှု ဘ၀ဖြစ်စဉ်ကတော့ ဒါပါပဲ ခင်ဗျာ…


အားလုံးကို ခင်မင်လေးစားလျက်

ရန်အောင်

7 comments:

Chaos said...

အဆုံးထိဖတ်ပြီးတော့
စိတ်အ၀င်စားဆုံးတစ်ကြောင်းကတော့
ကဗျာ ၀ိဥာည်လေး နိုးထလာတဲ့အချိန်ပါပဲ

ထွန်း said...

ဘယ်လိုရေချိုးတယ်ဆိုတာ မပြောဘဲ ကွက်ကျော်ရိုက် တော့ ရေပန်းအောက်ထဲဝင်ပြီး ချက်ချင်း ပြန်ထွက် လာတာဖြစ်ရမယ် အော် သွပ်ခ.. သွပ်ခ.

မေဓာဝီ said...

ကိုရန်လေးတို့များ တနေ့တာကို ခေါင်းဖြီး ဆီလူး အကြောဆန့်တာက အစ အသေးစိတ် ရေးတတ်ပါပေတယ်။
ဒါနဲ့ ဟင်းချက်တာလေးတွေ တင်ပါဦး။ အဝေးကနေ သွားရည် လှမ်းကျရအောင်လို့။ :P

နှင်းပွင့်ဖြူ said...

ကုတင်ပေါ်ကရော ပြုတ်မကျဘူးလား..း)

Anonymous said...

စိတ်ပျက်နေတဲ့ အချိန်မျိုးတွေ ရှိခဲ့ရင်တော့ ဘာမှကို မလုပ်ဘဲ အခန်းထောင့်လေးမှာ ထိုင်ပြီးတော့ ရှေ့က ကြမ်းပြင်ကို ငုံ့ကြည့်နေတတ်ပါတယ်.........

အဲဒါမိန်းကလေး စတိုင်လ်ကြီး..။ ဘာပဲပြောပြော ဂစ်တာသံနဲ့ လေးမတို့ကို စိတ်ဆင်းရဲအောင် နှိပ်စက်ပါဦး လို့တောင်းဆိုပါတယ်ရှင့်...။

TZA said...

ယူကျုမှာတင်ပြီး ဂစ်တာလက်စွမ်းပြပါအုံးဗျ...

ဘိုင်သဝေး.. ဟက်ပီးနယူးယား!!

Hla Win May Oo said...

Wow! We share the traits of being in the mood for composing poems at such times and rewarding oneself. I stare at my book, not the floor though.