Tuesday, November 27, 2007

www.english4success.blogspot.com အကြောင်း တစေ့တစောင်း


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်ခုတလော ပို့စ်တွေ အရေးကြဲသွားတာ တစ်မျိုးမထင်ပါနဲ့လို့ ကြိုတင်ပြီး မေတ္တာရပ်ခံပါရစေ. ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အချိန်တော်တော်များများကို အင်္ဂလိပ်စာသင်ကြားရေး ဘလော့ဂ်လေးအတွက် အချိန်ပေးထားလို့ပါပဲ.

ကျွန်တော်ကိုယ်တိုင်လည်း ကောင်းနိုးရာရာဗဟုသုတလေးတွေ ပြန်စုဆောင်းရင်း၊ ကိုယ့်ရဲ့ အင်္ဂလိပ်စာကိုလည်း ပိုပြီးကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင် စာပြန်ဖတ်နေတာကြောင့်ပါပဲ.

အင်္ဂလိပ်စာသင်ကြားရေး အစီအစဉ်ကို Website အနေနဲ့ စတင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ကျွန်တော့်ဖက်က အဆင်သင့်မဖြစ်သေးပါဘူး. ဒါကြောင့် စာတွေပဲ အရင်ဆုံးတင်ဖြစ်အောင် ကြိုးစားနေတာပါ. Website အဆင်သင့်ဖြစ်ပြီဆိုရင် ခုလုပ်ထားတဲ့ ဘလော့ဂ်လေးက ပို့စ်တွေကို Domain Transfer လုပ်လိုက်တာနဲ့ ပြီးသွားပါပြီ. သိပ်မခဲယဉ်းတော့ပါဘူး. ကျွန်တော်တို့ လက်ထဲမှာ ပို့စ်လေးတွေ အရင်ရှိနေဖို့က ပိုပြီး အရေးကြီးပါတယ်.

ကျွန်တော်တာဝန်ယူသွားမယ့် အပိုင်းတွေကတော့ Grammar, Sentence Structure, Reading, Writing, TOEFL နဲ့ FCE တို့ပဲ ဖြစ်ပါတယ်. SAT က ပုံစံပြောင်းသွားပြီဖြစ်လို့ ကျွန်တော်ပြန်လေ့လာဖို့ လိုပါလိမ့်မယ်. ဒါကြောင့် အဲဒါကို တာဝန်မယူနိုင်သေးပါဘူး. ဒါ့အပြင် Common mistakes in English, Idioms, Slangs, Stories, Laughter… စတဲ့ ကဏ္ဍလေးများကိုလည်း အခါအားလျော်စွာ စီစဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်. Grammar ကို သင်တဲ့ အခါမှာ အခြေခံက စပြီး သင်သလို ဆယ်တန်းကျောင်းသားတွေအတွက်လည်း အထူးအစီအစဉ်အနေနဲ့ ကျောင်းသင်ခန်းစာများကို ပို့ချသွားဖို့ ရှိပါတယ်.

ဒါတွေအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းများ၊ ကျွန်တော်လေ့လာဖတ်မှတ်ထားဖူးခဲ့တဲ့ မှတ်စုများကို ရန်ကုန်က ကျွန်တော့်မိသားစုထံ မှာကြားပြီးပါပြီ. အခုရေးနေတဲ့ ပို့စ်လေးတွေကတော့ “Good English” Grammar စာအုပ်နဲ့ Online Tutorials တစ်ချို့ကို အခြေခံပြီး ဆွေးနွေးတင်ပြထားတာပါ. ကျွန်တော်လိုအပ်တဲ့ စာအုပ်စာတမ်းများ ရလာခဲ့ရင် ဒီ့ထက်ပိုပြီး ပံ့ပိုးပေးသွားနိုင်ပါလိမ့်မယ်ခင်ဗျာ.

ဒီဘလော့ဂ်လေးအတွက် ပါဝင်ကူညီရေးသားလိုသူများ အနေနဲ့ကလည်း မိမိတို့ သန်ရာသန်ရာ ကဏ္ဍလေးတွေကို ဘာသာပြန်နဲ့တကွ ရေးသားပေးပို့နိုင်ပါတယ်. ဒါမှမဟုတ် Email Address လေးများ ပေးပါ. ကျွန်တော်က invite လုပ်လိုက်ပါမယ်. အဲဒါကို accept လုပ်ပြီးရင် ဒီဘလော့ဂ်လေးမှာ မိတ်ဆွေကိုယ်တိုင် ပါဝင်ရေးသားနိုင်ပါပြီ…

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ…

ချစ်ခင်လေးစားလျက်
ရန်အောင်

မှောင်လှချည်လားလို့ မြည်တွန်တောက်တီးနေမယ့် အစား သင့်မီးအိမ်ငယ်လေးကို ထွန်းညှိပေးလိုက်ပါ.

(ကွန်ဖြူးရှပ်)

1 comment:

ပီကေ said...

မင်္ဂလာပါ ကိုရန်အောင်
ကျနော်လည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးချင်ပါတယ်။ Chaos ပြောလို့ ဒီ အစီအစဉ်လေးကို သိရတာပါ။ ကျနော်လည်း ရေးပြီး ပို့ကြည့်ပါမယ်။ ကျနော့ရဲ့ အီးမေးက phyoekyaw@gmail.com ပါ။