Monday, November 05, 2007

ထုံသွားတဲ့ နှလုံးသား…


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်အလုပ်များတယ်လို့ ပြောပေါင်းလည်းများနေပြီမို့ ဒီတစ်ခါ ဘယ်လိုခွင့်တိုင်ရမှန်းမသိတော့ဘူး…

ဟုတ်ကဲ့.. အလုပ်နည်းနည်းများနေတယ်ဗျာ.

ဟတ်ဟတ်ဟတ်…

အလုပ်များပေမယ့်လည်း ဘလော့ဂါတွေနဲ့တော့ တစ်ခွက်တစ်ဖလား မော့ချင်ပါသေးရဲ့…

ဟုတ်ပါဘူး. အေးအေးဆေးဆေး Hang out လုပ်ချင်ပါသေးတယ်. ပျော်ပျော်ပါးပါး နောက်နောက်ပြောင်ပြောင် နေချင်ပါသေးရဲ့ဗျာ.

Halloween အမှတ်တရ ဘလော့ဂ်တွေမှာ သရဲတွေ ခြောက်လိုက်ကြကတည်းက ကျွန်တော်လည်း ကြောက်ကြောက်နဲ့ အိမ်ထဲအောင်းနေခဲ့တာဗျ. အခုတော့ ပြန်ထွက်လာပြီ.

ဒီနေ့ တနင်္ဂနွေနေ့ပါ. ဒါပေမယ့် ကျွန်တော်တစ်နေ့လုံး အလုပ်တွေ များနေခဲ့တယ်ဗျာ. လောလောဆယ် ကျွန်တော်နေနေတဲ့ အခန်းလေးက ကျဉ်းတယ်ဗျ. အဲဒါကို ရနိုင်သလောက်နေရာယူနိုင်ဖို့ နှစ်ထပ်ကုတင်တစ်လုံး မနေ့ညက သွားဝယ်ခဲ့တယ်. အပေါ်ထပ်မှာ အိပ်ပြီး အောက်ထပ်မှာ စာကြည့်စားပွဲလေးတစ်လုံး ထည့်ဖို့ပေါ့ဗျာ.

အဲဒီ့ကုတင်ကို ဆင်ရတာလည်း မလွယ်ဘူးဗျ. ကျွန်တော်နေနေတဲ့ မြေအောက်ခန်းလေးက မျက်နှာကျက် နိမ့်တယ်. ကုတင်က နည်းနည်းမြင့်နေတော့ တိုင်တွေကို ဖြတ်ထုတ်ရတယ်. Aluminium တိုင်တွေဆိုတော့ ကိုယ့်ဖာသာကိုယ် လွှနဲ့ တိုက်ဖြတ်လို့လည်း မရ.

ဒီတော့ Professional တွေဆီကို ပြေးရတာပေါ့ဗျာ. တိုင်တွေကိုဖြတ်. ပြီးတော့ပြန်လာ. အိမ်ရှင်က သော့တွေပွားပေးထားတာကို သွားရွေး. အခန်းထဲက မသုံးတော့တဲ့ ပရိဘောဂတွေ အပြင်ကိုထုတ်. ထမင်းကို ရမ်းသရူးစား. ကုတင်ကို ပြန်ဆင်. TV Stand ခုံလေးကို ဆင်နဲ့…..

အားလုံးလည်း ပြီးရော မနက် (၁) နာရီတောင် ထိုးသွားပါရောလားဗျာ.. ဒါတောင် ဒီနေ့ အချိန်တစ်နာရီ ရှေ့တိုးလို့. မဟုတ်ရင် မနက် (၂) နာရီဖြစ်နေလောက်ပြီ.

နက်ဖြန်မနက် အလုပ်ကို (၇) ခွဲအရောက်သွားရမယ်. တစ်နေ့လုံးလည်း အလုပ်တွေလုပ်လိုက်ရတာ မောပြီ. ကျွန်တော်ဘာလုပ်ရမလဲ.

ဘလော့ဂ်ရေးတယ်ဗျာ.

ဟတ်ဟတ်ဟတ်…

သူငယ်ချင်းတွေကိုလွမ်းတယ်ဗျာ. ဒီနေ့ ပို့စ်လေးတွေ ရေးဖို့ အားခဲထားတာ. ခုတော့ မရေးနိုင်တော့ဘူး. ဒါပေမယ့်ဗျာ. ဘလော့ဂါတစ်ယောက်အတွက် ပို့စ်ရေးဖို့ ကုန်ကြမ်းမရှားပါဘူး. ဟုတ်ဖူးလား. ရေးစရာ အချိန်မရှိတော့ ရေးလို့ရတဲ့ တစ်နေ့တာ ဒိုင်ယာရီလေး ကောက်ရေးလိုက်တယ်. ဓာတ်ပုံရိုက်ဖို့တော့ ကင်မရာပြန်ရှာနေရမှာမို့ ဖုန်းနဲ့ပဲ ရိုက်ထားတယ်. USB Cable ရရင် တင်ပေးမယ်ဗျာ. အခန်းကို ဘယ်လိုလုပ်ထားလဲ သူငယ်ချင်းတွေကို ပြရအောင်လို့ပေါ့.

နောက်ဆုံးတစ်ခုကတော့ ကျွန်တော် ၀န်ခံပါတယ်.

မိတ်ဆွေဟောင်းဘလော့ဂါတစ်ချို့နဲ့ သဘောကွဲလွဲမှုတွေ ရှိခဲ့လို့ စိတ်မကောင်းခြင်းများစွာဖြင့် ဘလော့ဂ်ကို ဆက်မရေးနိုင်ခဲ့တာပါ. တရှောင်ရှောင်ဖြစ်နေခဲ့တာပေါ့ဗျာ.

ဘလော့ဂ်လောကကြီးကို ပစ်ခွာလုနီးပါး စိတ်ဓာတ်တွေ ပျက်ပြားသွားခဲ့ရာကနေ ကျွန်တော့်ရဲ့ တန်ဖိုးတွေကိုပါ မေးခွန်းထုတ်လာခဲ့ရပါတယ်. တကယ်တော့ဗျာ.

လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ်ပါ.

ဟုတ်တယ်မလား.

ကျွန်တော်ခင်ဗျားကို မထိခိုက်ဘူး. ပတ်ဝန်းကျင်ကို မထိခိုက်ဘူး. နိုင်ငံနဲ့လူမျိုးကို မစော်ကားဘူး. ကျွန်တော့်ဘ၀ရပ်တည်နိုင်ရေးအတွက်၊ ကျွန်တော့်မိသားစု ပတ်ဝန်းကျင်မှာ တင့်တယ်နိုင်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တစ်ချို့ကို ကျွန်တော်လုပ်ခဲ့တာ ကျွန်တော်မှားသွားလား…

ကျွန်တော်ဟာ ပြည့်စုံတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက လာခဲ့တဲ့၊ မိဖရဲ့ အရှိန်အာဝါသနဲ့ လိုရာကို ရယူနိုင်ခဲ့တဲ့ သားသမီးတစ်ယောက်မဟုတ်ခဲ့ပါဘူး.

ကျွန်တော့်ဘ၀ ချို့တဲ့ပါတယ်. ဒီ့ထက်ပိုဆိုးတာက ကျွန်တော့်ဘ၀မှာ အနှိမ်ခံခဲ့ရတာတွေ၊ မတူမတန်သလို ဆက်ဆံခဲ့ရတာတွေ ရှိခဲ့ပါတယ်. ဒါ့ကြောင့် ကျွန်တော့်ရဲ့ ပညာရေးကို ကျွန်တော် သူများတွေထက် သာအောင်အမြဲကြိုးစားခဲ့ပါတယ်.

ကျွန်တော်ဒီနိုင်ငံကို အလွယ်တကု ရောက်ခဲ့တာမဟုတ်ပါဘူး. သုံးနှစ်သုံးမိုး စာအုပ်နဲ့မျက်နှာ မခွာဘဲ တကုပ်ကုပ်ကြိုးစားခဲ့ရတာပါ. TOEFL နဲ့ SAT ဖြေဖို့ Guide အချိန်တွေကို တိုးသင်ပြီး ပိုက်ဆံစုခဲ့ရတာပါ. စာမေးပွဲအတွက် Test Preparation Course တွေ မတက်နိုင်လို့ စာအုပ်တွေကို Copy ဆွဲပြီး Self-Study လုပ်ခဲ့ရတာပါ.

ကျွန်တော့်ဘ၀ကို ကျွန်တော်သိပ်မြတ်နိုးတယ်. ကျွန်တော့်ရဲ့ အောင်မြင်မှုတွေအတွက် ကျွန်တော်ဂုဏ်ယူတယ်. ကျွန်တော့်ရဲ့ တန်ဖိုးတွေကို ကျွန်တော် အမြဲမြှင့်တင်နိုင်အောင် ကြိုးစားနေခဲ့တယ်.

ကျွန်တော်စာသင်တော့ ပိုက်ဆံလိုအပ်နေခဲ့ပေမယ့်လည်း FOC Class တွေကို ဖွင့်ပြီးတော့ကို ပိုက်ဆံမတတ်နိုင်တဲ့ ဆယ်တန်းကျောင်းသားတွေ၊ FCE (First Certificate in English, Cambridge University) ဖြေဖို့ လိုအပ်နေတဲ့ ၀န်ထမ်းအစ်ကိုကြီးတွေ အစ်မကြီးတွေ တစ်ချို့ကိုပါ Free သင်ပေးခဲ့တာပါ.

ဒါတွေကျွန်တော်သိပ်မပြောချင်ဘူး. ကျွန်တော့်အကြောင်းကို ဖြစ်နိုင်ရင် မပြောဘဲ ကျွန်တော်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားချင်တယ်.

ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်တဲ့ စကားတွေကို ကြားသိလာရတော့ ကျွန်တော်ခံပြင်းတယ်.

တစ်ခြားလူတွေပြောနေရင် ကျွန်တော် အဲလောက်ထိ အချိန်ပေးပြီး ခံစားမနေဘူး.

ခုတော့. ကျွန်တော်သိပ်ကို ယုံကြည်ရင်းနှီးရတဲ့ မိတ်ဆွေတွေ၊ အတူတူလက်တွဲလာခဲ့တဲ့ ရောင်းရင်းတွေကိုယ်တိုင်က ပြောလာကြတယ်.

ကျွန်တော်ဟာ အခွင့်အရေးသမားတဲ့..

ပွဲလန့်တုန်းဖျာခင်းတတ်သူတဲ့..

စိတ်မကောင်းဘူးဗျာ.

ဒီစကားတွေကို ဆက်တိုက်ကြားသိလာခဲ့ရတယ်. ပြောတဲ့သူတွေကလည်း ကျွန်တော်လုံးဝမထင်ထားခဲ့တဲ့ သူငယ်ချင်းတွေ…

ကျွန်တော်စာဆက်မရေးချင်တော့ဘူးဗျာ.

အဲဒါနဲ့ပဲ ကိုယ့်စိတ်ကို တတ်နိုင်သလောက် ပြန်ကုစားနေခဲ့တယ်. စာဖတ်လိုက်၊ TV ကြည့်လိုက်၊ သီချင်းလေးတွေ နားထောင်လိုက်နဲ့ပဲပေါ့.

ကိုယ့်ဘလော့ဂ်ကိုတော့ လာလာကြည့်ဖြစ်ပါတယ်. ဆီဗုံးမှာလည်း စာပြန်ဖြစ်တဲ့အခါရှိသလို မပြန်တော့ဘဲ ဒီတိုင်း ထိုင်ကြည့်ပြီး ပြန်သွားတာတွေလည်း ရှိခဲ့ပါတယ်.

ကျွန်တော်စိတ်ဓာတ်ကျသွားခဲ့တာပါ..

တော်တော်လည်း တုန်လှုပ်သွားခဲ့တယ်.

ကြာကူလီဖြစ်လားဖြစ်ရဲ့. သစ္စာဖောက်ဖြစ်လားဖြစ်ရဲ့. အခွင့်အရေးသမားဖြစ်လားဖြစ်ရဲ့နဲ့..

ကျွန်တော်ဘလော့ဂါတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အချိန်နဲ့ အရင်းအနှီးတွေအတွက် ပြန်ရတာ ဒါတွေလားဗျာ..

မနေ့ညက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်. ဒါတွေကို ရင်ဖွင့်မိတော့ သူက ပြောတယ်.

မင်းဟာ တန်ဖိုးရှိတဲ့လူတစ်ယောက်ပါတဲ့… Group တစ်ခုတည်းကို သွားပြီး Focus လုပ်နေမိတာ. သူတို့ဆီက တစ်စုံတစ်ရာကို မျှော်လင့်နေမိတာ. ဒါတွေကြောင့် မင်းရဲ့ စိတ်ထဲမှာ ၀မ်းနည်းခံပြင်းစိတ်တွေ ဖြစ်နေရတာတဲ့..

မင်းကိုလိုအပ်နေတဲ့ သူတွေ၊ မင်းကို တကယ်ချစ်ခင်လေးစားတဲ့သူတွေ ရှိနေပါသေးတယ်တဲ့.
မင်း ဘလော့ဂ်ဆက်ရေးသင့်တယ်တဲ့..

ဒါတွေကို လိုက်ဖြေရှင်းမနေနဲ့တဲ့. မင်းကို သူတို့ ဘယ်လိုပဲမြင်မြင် မင်းလုပ်စရာရှိတာကို တစိုက်မတ်မတ် ယုံကြည်စွာနဲ့ ဆက်လုပ်သွားသင့်တယ်တဲ့..

ဟုတ်တယ်ဗျာ.

အဲဒီ့သူငယ်ချင်းကို ကျွန်တော်သိပ်ကျေးဇူးတင်သွားခဲ့တယ်.

ဒီပို့စ်လေးနဲ့အတူ အဲဒီ့သူငယ်ချင်းကို ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်ဗျာ.

ကျွန်တော့်ရဲ့ စကားတွေအတွက် တစ်ချက်လောက် သည်းခံပေးပါ.

သက်ဆိုင်သူတွေအတွက်ပဲ ရည်ညွှန်းပါတယ်ဗျာ.

ကျွန်တော် စာပြန်ရေးမှာပါ. ကျွန်တော့်အပေါ် စေတနာမမှန်တဲ့ လူနည်းစုတစ်စုအတွက်နဲ့ ကျွန်တော့်ကို အမှန်တကယ်လိုအပ်နေတဲ့ ဘလော့ဂါအသစ်လေးများကို စွန့်ခွာသွားဖို့ မတန်ပါဘူး…

ကိုရန်ကြီးရေ… ကိုရန်ကြီးပြောသလို လုပ်လိုက်တာ အဆင်ပြေသွားပြီလို့…. ဘလော့ဂါအသစ်လေးတွေက ပြောလိုက်တိုင်း… ကြားသိလိုက်ရတိုင်း…

ကျွန်တော်လေ…

သိပ်ကို ကြည်နူးဝမ်းမြောက်မိပါတယ်..

ကျွန်တော်အကြိမ်ကြိမ် ပြိုလဲခဲ့ဖူးပါတယ်.

အခါခါ ပြန်ထနိုင်ခဲ့ပါတယ်.

အခုလည်း ယိုင်လဲခဲ့တယ်.

ဒါပေမယ့် ပြန်လည် ထူမတ်နိုင်ခဲ့ပါတယ်.

ကျွန်တော်ဘုရားမဟုတ်ပါဘူး. အရာရာကို လိုက်ပြီး လုပ်မနေနိုင်ပါဘူး

ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့ အရာတွေအတွက် ကျွန်တော့်မှာ ယုံကြည်ချက်ရှိတယ်.
ဘာလဲသိလား..

ကျွန်တော်ဟာ ဘ၀ကို အကောင်းဆုံးဖြစ်အောင် နေထိုင်နေတယ်… ဆိုတာပဲ…

လူအထင်ကြီးဖို့ မကြီးဖို့၊ အကောင်းပြောတာ ခံရမခံရဖို့ထက် ကိုယ်လုပ်သင့်တယ်ထင်တာကို လုပ်မိဖို့၊ ကိုယ်လုပ်ချင်တာတွေကိုပါ တွဲပြီး လုပ်သွားနိုင်ဖို့ကို အာရုံစိုက်ပါတယ်.

ကဲ..

ကျွန်တော့်ကို မေတ္တာမဲ့သွားတဲ့ မိတ်ဆွေဟောင်းတို့ရေ…

ဒီပို့စ်လေးနဲ့အတူ ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်. တစ်နေ့ ခင်ဗျားတို့ ကျွန်တော့်ကို ပိုမိုမုန်းတီးသွားနိုင်သလို ကိုယ်ချင်းလည်းစာလာနိုင်မယ်လို့ နှစ်ဖက်မျှပြီး တွေးမိပါတယ်. လူတွေမှာ ကိုယ်ရောက်နေတဲ့ နေရာဒေသပေါ်မူတည်ပြီး Norm တွေ ကွာတတ်ပါတယ်.

ဒီလောက်ပါပဲ.

အားလုံးကို ခင်မင်လေးစားနေမြဲပါ..

ရန်အောင်


17 comments:

MELODYMAUNG said...

နာနဲ့ တူတူရော တစ်ခွက်တစ်ဖလား မော့ချင်ဘူးလား ပြီးတော့ နာပြောနေကြစကားလေးမေ့သွားပီလား သစ်ပင်မြင့်ရင် လေတိုက်ခံရမှာပါပဲဆို ။ ခုတော့ ပြန်လည် ထူမတ်နိုင်ခဲ့ပါတယ် ဆိုလို့ ချီးယားစ် ဆက်ရေးထားကွ နာနဲ့ ရန်ဖြစ်
လိုက်.. ပြန်..လိုက် လုပ်ဦးစို့ အဟဲဟဲ :P
Never never give up your blogging.
I still need your help together with new bloggers coz you are kind heart. Keep it up, bro Yan Yan.

s_potato said...

မောင်ရန်အောင်ရေ ဒီလိုသေးသေးလေးတွေကို ထည့်စဉ်းစားနေရင် အသင် အဟတ် အဟတ် လို့တောင် အသံထွက် ရယ်နိုင်မှာ မဟုတ်ပါဘူး ကွယ်
ကဲ ဒီတော့ ကိုယ့်သမိုင်း ကိုယ်ရေး အဲ ကိုယ့်ဘလော့ ကိုယ်ရေး ပြီးရင် အိပ်သာ နေပေတော့

အား ဆေး တွေကိုပဲ ရွေးပြီး သုံးဆောင်ပါကွယ်

ထွန်း said...

မော့ဖို့ထိဘဲစဉ်းစားသလား အဓိပတိကြီးရဲ့ ... အခုချိန် မှောက်နိုင် လောက်တဲ့ အချိန်လေ ဘယ်နယ် ဒီမှာ အားလုံးက အဓိပတိကြီး ကို မျှော်နေကြတာ။

ကိုရန် အသေချာ ဖတ်ပြီး စဉ်းစားပါ
- ခက်ခဲ ပင်ပန်းစွာ ရထားတဲ့ အတွက် ပညာ အရာ ဟာ တန်ဖိုးမဖြတ်နိုင်ဘူး
- ကူညီသူ အားလုံးကို စေတနာ အမှန်နဲ့ ကူညီတာ လူတိုင်း အသိဘဲ သက်သေပြရရင် ဘဘော့ကာတွေရဲ့ ဘယ်ဆီပုံးကိုကြည့်ကြည့် ကိုရန်ကိုသိတဲ့ ဘလော့တိုင်းမှာ ကိုရန့် ကို တက်ထား၊ ညွှန်ထားတာ ချည့်ဘဲ
- ယုံကြည်အားကိုးခဲ့တဲ့ သူငယ်ချင်းပြောတာ ဘာ့ကြောင့်လဲ နာလိုစိတ်ကြောင့်လား မနာလိုစိတ်ကြောင့်လား ၊ သူတို့ ထိခိုက်ခဲ့ လို့  လား၊ သူတို့ အခွင့်အရေး မရလိုက်လို့  ရလိုက်တဲ့သူကို တတ်နိုင်တဲ့ နည်းနဲ့ ဘဲ တိုက်တာလား
- အခွင့်အရေးဆိုတာ တခါဘဲ ပေါ်တတ်တာ ၂ခါ မပေါ်ဘူး ယူသင့်ရင် ယူရမှာဘဲ သမာသမတ်ကျတဲ့ နည်းနဲ့ ပေါ့
- ကိုယ့်ကို မျက်နှာချင်းဆိုင် ပြောသလား ကြားလူက ပြောတာလား ။ ကြားလူက တဆင့် ကြားရတယ် ဆိုရင် မျက်နှာချင်း ဆိုင်ပြီး မေးကြည့်
- လူသားဘဲဆိုတော့ ခေတတော့ ခံစားရမှာပေါ့
- ကြာကူလီဆိုရအောင် ဥသျှစ်တတင်း နှမ်းနစ်တင်း ဖြစ်နေတဲ့ ဒီကာလမှာ အရည်ချင်းရှိတဲ့ သူတယောက်အတွက် လက်ကမ်းမဲ့သူ တပုံကြီး လို့ ပြန်ပြောလိုက်ပါ
- သစ္စာဖောက် ဖြစ်မဖြစ် ကိုရန် မှန်သော သစ္စာဆိုပြလိုက်ပါ
- ခုထိ အခက်ခဲများ ကျေးဇူးတရား နားလည်သူ တွေ ရှိပါသေးတယ်။ အဆင်မပြေတိုင်း စိတ်ဆင်းရဲ ပြီး စိတ်လေနေရင်၊ ကျန်တဲ့ သူတွေကို ပစ်ထားပြီး လစ်လျှူရှု့ နေရင် ကိုရန့် နဲ့ အဆင်မပြေသူတွေ ပိုပြောကောင်းဖို့  အတွက် ဖြစ်သွားမှာပေါ့။
- သူတို့ အကြောင်း ခေါင်းထဲထည့်ထားတာ သတ်မှတ်ချိန်နဲ့ ဘဲထားသင့်တယ် တန်ဖိုးကြီးတဲ့ ကိုရန်ရဲ့ အချိန်၊ စိတ်ချမ်းသာမှု့ ၊ ကူညီချင်မှု့  နဲ့ ကိုရန်အကူညီ မျှော်နေကြတဲ့ ဘလော့ကာတွေ အတွက် နစ်နာတာပေါ့

ဒီအသက်အရွယ်ရောက်နေတဲ့ ကိုရန် နားလည်မယ် ထင်ပါတယ်

ကလူသစ် said...

အဘိဓမ္မာတွေနဲ့တော့ မပြောတတ်ဘူး။ ကြားဘူးတာကတော့ ကိုယ်ကောင်းရင် ခေါင်း ခွေးစား အဲ့ ဘယ်မှမရွေ့ဘူးဆိုလားပဲ။ သန်းရွှေလို ကျင့်ကြံပါကွယ်။ မကောင်းတာပြောရင် နားမပါသလိုပေါ့။ အဟွတ် အဟွတ်

Anonymous said...

ကိုရန်ကြီး မင်္ဂလာပါ။ Blog လောကကနေတော့ နားဖို့ မတွေးပါနဲ့ ဗျာ။ ကျွန်တော် တောင် ကိုရန်ရေးတဲ့ Blogger ကောင်းတစ်ယောက် လိုက်နာသင့်တာတွေ ဖတ်ပြီးတော့ Blog ကိုသေခြာလေး ရေးဖြစ်နေတာဗျ ။ စိတ်ပန်းနေရင် ခဏနားပေါ့။ စိတ်ထောင်း ကိုယ်ကျေတယ်တဲ့။ ကိုရန် ရွှင်လန်းပါစေ ဗျာ။ Post ကောင်းတွေလည်း ရေးနိုင်ပါစေ။ :)

နေသွေးညို

နှင်းပွင့်ဖြူ said...

ကျွန်မဘလော့မှာ ကွန့်မန့် ပွတ်သွားတာတောင် မကြာသေးဘူး..
ကိုရန်အောင်ပြောတာတွေ ကျွန်မ မမေ့ဘူး...
ကိုရန်အောင် ကျွန်မကို ပြောတဲ့အတိုင်းပါပဲ ခံစားချက်တွေ သိုသိပ်ပီး ရှေ.ဆက်ချီတက်ကြရအောင်

အစ်မမယ်လိုဒီပြောသလိုပဲ keep it up

အစ်မကန်စွန်းဥပြောသလိုပဲ ကိုယ့်သမိုင်းကိုရေး ကိုယ့်ဘလော့ကိုရေး...

စိတ်မညစ်ပါနဲ့ ကိုရန်အောင်ကြီး Aja Aja Fighting
သူ့ကိုမှ ဂရုမစိုက်နဲ့ကွ
သူရဲပုံတွေကြည့်ချင်တယ် ကိုရန်အောင် :D

Anonymous said...

ကျွန်တော်ဘလော့ဂါတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အချိန်နဲ့ အရင်းအနှီးတွေအတွက် ပြန်ရတာ ဒါတွေလားဗျာ..

Stay Above!!
ဥပေက္ခာ = ခွင့်လွှတ်ခြင်း၊ လစ်လျုရှုခြင်း

မအားတဲ့ကြားက လာရေးပေးသွားတယ် မစ္စတာရောင်အန်ရှင့်..
အဆင်ပြေပါစေ

မျှားပြာ said...

ပြောတော့ဘူး သောက်ပဲသောက်တော့မယ် ...
ရော့ ကိုရန်တစ်ခွက် ကျွန်တော်တစ်ခွက် ..
အကုန်လုံးကို ခဏမေ့လိုက်ကြစို့  ... ဟတ် ဟတ် ဟတ်

thamudayanwe said...

လူတိုင်းကိုယ့်သမိုင်းကိုယ်ရေးကြတာ..ကိုရန်အောင်..
ကိုယ်မှန်တယ်ထင်တာသူများမှားချင်မှားမယ်
အဲဒါကိုလိုက်ပြီးခံစား..ကိုက်ပြီးကြေကွဲနေရင်ကိုယ်ညံ့လို့ပဲ
ကိုရန်အောင်..
ဘ၀မှာ..ခက်ခက်ခဲခဲရုန်းကန်ကြိုးစားရသူအတော်များများဟာ
သမိုင်းကကောင်းပါတယ်..အမှားလဲနဲတယ်
ဒါကိုလေတိုက်တိုင်းယိမ်းလို့ဘယ်ဖြစ်မလဲ
ကိုရန်အောင်ခဏဏေဖြစ်တာတော့ဘယ်ကောင်းမလဲ
ကိုယ့်အလုပ်ဒီလောက်ရှုပ်နေတာ

Winkabar said...

အားမလျှော့ပါနဲ့ကိုရန်အောင်ရေ။ အားလုံးကအားပေးနေကြတာ။ ကိုရန်အောင့်ဘက်မှာလူတွေအများကြီးရှိပါတယ်။
အားမလျှော့လိုက်ပါနဲ့နော်။ ပျော်ပျော်နေပါ။

Anonymous said...

အားပေးလျက်ပါ ကိုရန်။ ပထမဆုံး c-box မှာ ရေးပေးတဲ့ ကိုရန်က အေးချမ်းသူရဲ့အမြင်မှာ အားကျစရာ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ အသက်ဘယ်လောက်လေးပဲကြီးကြီး လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကိုကြည့်ပြီး ဆုံးဖြတ်လို့ရတယ်လေ။ ဘယ်သူ့ကြောင့် ဘာအတွက်နဲ့မှ ကိုယ့်ရဲ့ ဖြူစင်တဲ့စိတ်နဲ့ လုပ်နေတဲ့အလုပ်တွေကို လက်မလျှော့ပါနဲ့လို့...

စိုးထက် - Soe Htet ! said...

အဟဲ နောက်ကျ သွားသဗျ .... နားလည် ပြီးသားပါဗျာ ... ရှေ့ဆက်ပြီး အလုပ်နဲ့ သက်သေ ပြလိုက်ပါ ... ဘာမှ တွေဝေမနေပါနဲ့ ... ထပ်တွေ့ ဆုံ ပြောဆို ကြသေးတာပေါ့ ... :)

ခွန်မြလှိုင် said...

အဟား ကိုရန်အောင် စိတ်ညစ် နေခဲ့ တယ်လား။ ဟုတ်တယ်ဗျာ.. ဘာတွေမှန်းကို မသိဘူး။ မသိတဲ့ အတူတူ ခေါက်ထား လိုက်ကြ စို့နော.. နေရောင် အလင်းထဲမှာ ကိုယ်က ရပ်နေရင် အလင်းရောင်ရယ် အရိပ်ရယ် ၂ခု ထွက်မှာပဲ.. အရိပ်ကို ကြည့်နေရင် နေရောင်ကို ဘယ်မြင်ရတော့မလဲ… အမှောင်ထဲမှာ နေရင်တော့ ၂မျိုး ကွဲနေစရာ မလိုတော့ ဘူးပေါ့နော… နေရောင်ကိုပဲ ကြည့်ကြ ပါစို့ ဗျာနော်… ကိုယ့်ကိုယ်ကိုလဲ အဲလိုပဲ အားပေး နေရ တယ်ဗျို့.. အွန်လိုင်း စောင့်နေ တယ်ဗျ.. လာလည်ဦးလေနော http://khunmyahlaing.myanmarbloggers.org/2007/11/blog-post_04.html

Anonymous said...

နောက်ကျသွားလည်းတင်မှာဘဲ။
ဘာမှသိပ်ပြီးမရေးတက်ပေမယ့်။
ကိုရန်အောင်ဟာ ဒီလောကမှာ
အရေးပါတဲ့သူတစ်ယောက်ဖြစ်တာ
သေချာပါတယ်။
ဒီလောကကိုတော့ စွန့်မသွားပါနဲ့နော်။
နှင်းဆီနီနီ။။

Ulmuka said...

ကိုရန်အောင်ရေ ကျွန်တော် ဘလော့ဂ်စရေးတာ တစ်လမပြည့်သေးပါဘူး။ မြန်မာလို အဆင်ပြေပြေရေး လို့ရအောင် ကိုရန်အောင်ဘလော့ဂ် ကို ဖတ်ပြီးလုပ်ခဲ့တာပါ။ ပြောတဲ့လူတွေ ပါးစပ်ညောင်းရင် ပိတ်သွားပါလိမ့်မယ်။ ချီးမွှမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ပါဗျာ။ အရေးကြီးတာ ကိုယ်လိပ်ပြာ ကိုယ်သန့်ဖို့ပဲလေ။
"Keep the conscious clear then never fear" တဲ့ ။ ကိုရန်အောင်ရဲ့ စေတနာတွေကို အမြဲလေးစားလျက်ပါဗျာ။

Anonymous said...

Happy Birthday to you, "Ko Yan" =)
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ.. အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

ဒီမို

Eduking said...

ဘလော့ဂါကြီးက ပြန်ရေးတော့မယ်ဆိုတော့.. ကျွန်တော်တို့အတွက် အတိုင်းထက်အလွန်... ၀မ်းမြောက်စရာပေါ့ဗျာ..
အားပေးနေဆဲပါ.. ကိုရန်ရေ.. လူချင်းမဟုတ်ပေမယ်လို့ comment တွေနဲ့ အားပေးနေမယ်နော်..