Wednesday, May 30, 2007

ဒိန်ခဲလေးများ




ဒီအကွေ့မှာ ပုံမှန်အရ ဘာမှရှိမနေဘူး
ဒါကြောင့် ကျွန်တော်အမှုမဲ့အမှတ်မဲ့နဲ့ပဲ ကိုယ်ကိုယိမ်းပြီး တစ်ဆစ်ချိုးချလိုက်တယ်.
အတားအဆီးတစ်ခုကို မမျှော်လင့်ဘဲတွေ့လိုက်ရတယ်.
ကျွန်တော်ဟန်ချက်ပျက်သွားတာပေါ့
ဒါကြောင့် ကျွန်တော်အမြင်တစ်ခု ရလိုက်တယ်.
တစ်ဖက်မှာ ဘာရှိမလဲလို့ မမြင်ရတဲ့ အချိုးအကွေ့တွေမှာ
ကိုယ်မထင်ထားတာတွေ ရှိနေတတ်တယ်လို့ ကြိုတွေးသတိရှိနေသင့်တယ်.
ဒါဆိုရင် ဟန်မပျက် ကိုယ်လိုရာ ဆက်သွားနိုင်ပြီပေါ့ဗျာ…



ကလေးလေးက ကြိုးစားပြီး လမ်းလျှောက်တယ်.
သူ့မေမေက ရှေ့ကနေ လက်နှစ်ဖက်ဆန့်တန်းရင်း သူ့ကို ပြုံးပြနေတယ်
ကလေးငယ်လေးက သူ့ကိုယ်လေးကို မေမေ့ဆီတိမ်းရင်း လမ်းလျှောက်တယ်.
ယိုင်တိယိုင်ထိုးလေးနဲ့ပေါ့.
သူ့ကိုယ်သူ သတိမထားမိလိုက်တဲ့ အခိုက်အတန့်လေးမှာ
ကလေးလေးဟာ ခြေလှမ်းတွေတော်တော်များများကို
အောင်မြင်စွာလျှောက်လှမ်းလိုက်နိုင်တယ်.
သူလဲကျတယ်. ဒါပေမယ့် ပြန်ထတယ်.
သူ့မေမေသာ ရှေ့မှာကြိုဆိုလက်ယပ်မခေါ်ဘဲနေရင်
သူအဲလိုပြေးလျှောက်နိုင်မယ် မထင်ဘူး
ဒါကြောင့် ကျွန်တော်အမြင်တစ်ခု ရလိုက်တယ်.
ရည်မှန်းချက်ကို မေ၀၀ါးအောင်၊ အမြဲသိသာမြင်သာနေအောင်၊ ပြတ်သားနေအောင်
ကိုယ့်ကိုယ်ကို သိရှိ သတိပေးနေရမယ်.
ဒါဆိုရင် အခက်အခဲတွေကို ကျော်လွှားသွားရတာ စိန်ခေါ်မှုတစ်ရပ်လို ပျော်ရွှင်စရာ ကောင်းလာလိမ့်မယ်ပေါ့ဗျာ…



တစ်ယောက်တည်းမလို့ မဖြစ်နိုင်တဲ့ ပစ္စည်းတွေ အများကြီးကို တစ်ယောက်တည်း အေးဆေးသက်သာစွာနဲ့ သယ်သွားတယ်
ဘီးတပ်ထားတဲ့ တွန်းလှည်းလေးပေါ်မှာ ပစ္စည်းတွေကို တင်ပြီးတော့ပေါ့
သိပ်အံ့ဩစရာကောင်းတယ်ဗျာ.
ဒါကြောင့် ကျွန်တော်အမြင်တစ်ခု ရလိုက်တယ်.
မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ အင်အားအများကြီး စိုက်ထုတ်ဖို့ထက် နည်းလမ်းကောင်းပဲ လိုတယ်.
ဒါဆိုရင် အင်အားနည်းပါးပေမယ့်လည်း ဘယ်သူမှ မကြံဆောင်နိုင်တာတွေကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ပြီပေါ့…



ငှက်လေးတစ်ကောင် အသံပြုနေတယ်.
ချစ်သူကိုများ လွမ်းဆွတ်နေရှာရော့လားကွယ်.
မကြာမတင်မှာဘဲ နောက်တစ်နေရာကနေ ငှက်မလေးရဲ့ ထူးသံကို ကြားရတယ်.
အသံကြားရာဆီကို ငှက်ကလေးခမြာ ၀မ်းသာအားရ တစ်ရှိန်ထိုး ပျံသန်းသွားတယ်.
ဒါကြောင့် ကျွန်တော်အမြင်တစ်ခု ရလိုက်တယ်.
ကိုယ်လိုချင်တာ ဘာဆိုတာသိရင် တောင်းယူတတ်ဖို့ သတ္တိလိုတယ်.
လူတော်တော်များများမှာ အဲဒီ့သတ္တိ ကင်းမဲ့နေလို့ အောင်မြင်သင့်သလောက် မအောင်မြင်ကြဘူး ဖြစ်နေတယ်.
ဒါဆိုရင် ကျွန်တော်လိုချင်တဲ့ တစ်စုံတစ်ရာ အတွက်လည်း ယုံကြည်မှုမြဲမြံစွာနဲ့ မရမချင်း တောင်းယူသင့်တယ်ပေါ့…


Focus:

သတိကို ရှေ့ထားပြီး မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို မျှော်လင့်ပြီး ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားသင့်တယ်. ဒါမှသာ ငြီးငြူခြင်းက ကင်းဝေးပြီး ခိုင်မာတည်ကြည်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ရရှိလာနိုင်မယ်….

ရည်မှန်းချက်ကို မပျက်မြင်အောင် ကြည့်နေသင့်တယ်. ဒါမှသာ ရှုံးနိမ့်မှုကနေ အကြိမ်ကြိမ်ပြန်ထလာနိုင်မယ.် ရည်မှန်းချက်ကို ရရှိအောင်မြင်ဖို့ထက် အဲဒီ့ရည်မှန်းချက်ရှိရာလမ်းကို သွားနေရတာက ပိုပြီး စိတ်ဝင်စားပျော်ရွှင်စရာ ကောင်းတယ်လို့ ခံစားမိလာမယ်….

ကိုယ့်မှာ မရှိသေးတာ၊ မပိုင်ဆိုင်နိုင်သေးတာတွေကို တွေးပြီး စိုးရိမ်နေရင်း လက်ရှိအချိန်တွေကို ဖြုန်းတီးနေတာထက် ရှိတာလေးတွေကို ကောင်းအောင် ပြုပြင်ပြီး ပိုကောင်းတဲ့ နေ့သစ်တွေကို ဖန်တီးသင့်တယ်. အင်အားထက် နည်းလမ်းက ပိုပြီးအရေးကြီးတယ်…

ရင်ဘတ်ကွဲလို့ သေချင်သေသွားစမ်းပါစေ. ဘာသံမှ မပြုလို့ ဘာမှမရတာထက်စာရင်တော့ အသံပြုရက်သားနဲ့ တုံ့ပြန်မှုမရသေးတဲ့ အဖြစ်က ပိုပြီးမြင့်မြတ်ပါတယ်…





1 comment:

Anonymous said...

ဒါလေးကောင်းတယ် မောင်ရန် ။