Monday, May 14, 2007

မျှော်တလင့်လင့်



အိပ်မက်ထဲမှာပေါ့
ချစ်သူ့အသံကို ကြားလိုက်ရတယ်
ပထမဦးဆုံးအကြိမ်ပေမယ့်ကိုယ်သိနေပါတယ်.
ဒါကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရဲ့ဆည်းလည်းသံလေးတွေပဲ…

အိပ်မက်ထဲမှာပေါ့
ချစ်သူ့မျက်ဝန်းတွေကို မြင်လိုက်ရတယ်
ပထမဦးဆုံးအကြိမ်ပေမယ့် ကိုယ်ခံစားမိပါတယ်
ဒါကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရဲ့ ပြတင်းပေါက်လေးတွေပဲ…

အိပ်မက်ထဲမှာပေါ့
ချစ်သူ့နှုတ်ခမ်းနုရွရွလေးတွေကို နမ်းလိုက်ရတယ်
ပထမဦးဆုံးအကြိမ်ပေမယ့် ကိုယ့်ကိုတိမ်းမူးစေပါတယ်
ဒါကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရဲ့ ပန်းငုံလေးတစ်ပွင့်ပါပဲ…

မဖြစ်နိုင်တာတစ်ချို့ရဲ့ စိန်ခေါ်မှုတွေကြောင့်
အချစ်စစ်နဲ့ အချစ်တုဆိုတာ ပေါ်လာတတ်တာပဲလေ
ဒါကြောင့် အဲဒီ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကိုယ်မကြောက်ဘူးဆိုရင်
ကိုယ်က သွေးဆာနေတဲ့ စစ်သည်တစ်ယောက်များဖြစ်သွားမလား…



ဟုတ်တယ်…
ကိုယ်ကချစ်သူအတွက် ရဲရင့်ချင်တာပါ…
ချစ်သူနဲ့နီးရဖို့ ဘာလုပ်လုပ်ဆိုတာမျိုးလည်း ကိုယ်က မလုပ်ပါဘူး…
ချစ်သူပျော်ရွှင်ပါစေဆိုပြီး အလွယ်တကူနောက်ဆုတ်ပေးတာမျိုးလည်း ကိုယ်မလုပ်ပါရစေနဲ့
အချိန်ရဲ့မှတ်ကျောက်တင်မှုအောက်မှာ ကိုယ့်ရဲ့မေတ္တာအတိမ်အနက်က ပေါ်လွင်လာမှာပါ.

ကိုယ့်ကိုမထားခဲ့ပါနဲ့ချစ်သူရယ်…
အိပ်မက်ထဲမှာရော အပြင်လက်တွေ့ဘ၀ထဲမှာရောပေါ့…
ချစ်သူကို ကိုယ်စောင့်နေမယ်
ချစ်သူလည်းကိုယ့်ကိုစောင့်နေပေးပါနော်…





No comments: